Friday, October 23, 2015

ပရပ်ရှားကျောင်းဆရာများ၏ အောင်ပွဲနှင့် မွန်သမိုင်းဆရာ့ အိပ်မက် ( ဖက်ဒရယ်ပညာရေး အပိုင်း (၁၆) )

ပရပ်ရှားကျောင်းဆရာများ၏ အောင်ပွဲနှင့် မွန်သမိုင်းဆရာ့ အိပ်မက်

ဖက်ဒရယ်ပညာရေး အပိုင်း (၁၆) 

သံလွင်တိုင်းမ်ဂျာနယ်၊ ၃ အောက်တိုဘာ ၂၀၁၅၊ မော်လမြိုင်မြို့။ 
အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ကျင်းပကြပါတယ်။ နိုင်ငံတိုင်းမှာ ဆရာများရဲ့ ဂုဏ်ကျေးဇူးကို သတိတရ ဆင်ယင်ကျင်းပရင်း လက်ရှိပညာရေးစနစ်များအကြောင်း၊ ပြုပြင်ပြောင်းလဲဖို့ရာ လိုအပ်ချက်များအကြောင်းနဲ့ ကျောင်းဆရာများရဲ့ ဘ၀၊ အလုပ်အကိုင်တန်ဖိုးများနဲ့ ဂုဏ်သိက္ခာတရား မြင့်မားရေးတို့အတွက် ပြန်လှန်သုံးသပ်ရမယ့် အချိန်ကာလလို့ သတ်မှတ်ကြတယ်။ ဒီနှစ်ရဲ့ ကမ္ဘာ့ဆရာများ နေ့ ဆောင်ပုဒ်က “Empowering teachers, building sustainable societies” - ''ဆရာများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရင်း - ရေရှည်တည်တံ့ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း'' ဖြစ်ပါတယ်။ ဆရာများဟာ ပညာရေးရည်မှန်းချက်တွေကို အကောင်အထည် ဖေါ်ဆောင်နေသူတွေမျှသာလျှင် မဟုတ်ဘူး။ အမျိုးသားစွမ်းဆောင်ရည်နဲ့ ရေရှည်တည်တံ့မယ့် လူ့အဖွဲ့အစည်းကိုလည်း ပျိုးထောင်နေကြသူတွေဖြစ်တယ်။ အသိပညာ၊ အမှန်တရား၊ စံတန်ဖိုးများနဲ့ ကျင့်ဝတ်နီတိတွေ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတွေကို ဖန်တီး နေသူတွေလည်းဖြစ်တယ်လို့ ဆောင်ပုဒ်က ရည်ညွှန်းပါတယ်။
၂၀၁၅ ခုနှစ်ရဲ့ ဒီကမ္ဘာ့ဆရာများနေ့ အခါသမယမှာ ကျွန်တော်ဟာ ဘ၀တစ်ကွေ့မှာ အမှတ်မထင် ကြုံဆုံခဲ့ရတဲ့ ကျင့်ဝတ်နီတိအရာမှာ ဆရာပီသလှတဲ့ မွန်သမို်င်းဆရာကြီးတစ်ဦးကို သတိရ လွမ်းဆွတ်နေမိပါတယ်။
လက်တွဲဆောင်ရွက်ခဲ့တဲ့ မွန်သမိုင်းဆရာ
လွန်ခဲ့သော ၁၂ နှစ်ကျော်၊  ၂၀၀၃ ခုနှစ်နှောင်းပိုင်း နိုဝင်ဘာလမှာ ကျနော်ဟာ ထိုင်း-မြန်မာအခြေစိုက်အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မီတီ NHEC မှာ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူအနေနဲ့ တာဝန် ထမ်းဆောင်လျက်ရှိ နေခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဒီမိုကရေစီအင်အားစုများ ပါဝင်တဲ့ အဖွဲ့ ၂၈ ဖွဲ့ကို စုစည်းပြီး နယ်စပ်ဖြတ်ကျော် ပညာရေးအကူအညီတွေကို ပြည်တွင်းတိုင်းရင်းသား ဒေသများဆီ ရောက်ရှိစေဖို့ ကြိုးပမ်းခဲ့တဲ့ အစီအစဉ်တွေပါ။ ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ ပညာရေး သုတေသနသင်တန်း၊ ဆရာအတတ်ပညာ သင်တန်းနဲ့ သင်ရိုးညွှန်းတမ်း လုပ်ငန်းစဉ်အစရှိတဲ့ ပညာရေး စီမံချက်တွေ၊ ပညာရေး စာအုပ်တွေ ပြုစုထုတ်ဝေရေး လုပ်ငန်းတွေနဲ့ အတော်ကလေးကို အလုပ်များ နေခဲ့ပါတယ်။ ရုံးချုပ်က ချင်းမိုင်မြို့မှာပါ။ တိုင်းရင်းသား ပညာရေးဌာန ပေါင်းစုံပါဝင်တဲ့ ပညာရေး အလုပ်ရုံ ဆွေးနွေးပွဲတွေကို ဆက်တိုက်ဆိုသလို လုပ်ဖြစ်ခဲ့တယ်။ နယ်စပ်ဒေသတွေနဲ့ မြန်မာပြည်တွင်း ပညာရေး အတွေ့အကြုံတွေ အများကြီး ရရှိခဲ့တာပါ။ အဲဒီလိုနဲ့ နယ်စပ်ဆောင်းရက်တစ်ရက်မှာ ပြည်တွင်း မွန်ပြည်နယ်က လူကြုံနဲ့ စာပို့လာလို့ ဆိုတဲ့အခါမှာ အထူးအဆန်း ဖြစ်နေခဲ့မိတယ်။
ဆရာအတတ်ပညာသင်တန်းများနဲ့ ပညာရေးအလုပ်ရုံ ဆွေးနွေးပွဲတွေမှာ မွန်ဒေသကနေ လာရောက်ပြီး အတိုင်ပင်ခံ တစ်ဦးအနေနဲ့လည်း အစဉ်အမြဲ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတဲ့ ဆရာကြီး နိုင်စိုက်ထောဆီက ပို့လာတဲ့စာပါ။ ဆရာကြီးဟာ ၁၉၆၀ ပြည့်လွန်နှစ်များမှာ ပညာရေးတက္ကသိုလ်က၊ ပညာရေးဘွဲ့ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ မဆလခေတ် တစ်လျှောက်လုံးမှာ ကျောင်းဆရာဘ၀ကို မြတ်နိုး ခုံမင်စွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အငြိမ်းစားယူတော့ မွန်ပြည်နယ်၊ သံဖြူဇရပ်အထက်တန်း ကျောင်းအုပ်ကြီးတာဝန်ကို ထမ်းဆောင်နေဆဲပါ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလများမှာလည်း မြို့နယ် သပိတ်ကော်မီတီမှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူပါ။ ပြည်တွင်းပညာရေး လုပ်ငန်းများနဲ့ ပြည်တွင်း ပညာရေး ဖြစ်ထွန်းနေမှုတွေကိုဆရာကြီး နိုင်စိုက်ထောနဲ့အခြားသော ဆရာဆရာမကြီးများထံမှ ကျွန်တော်ပြန်လည်လေ့လာခွင့်၊ နာယူခွင့်နဲ့ ဆွေးနွေးခွင့်တွေ ရရှိခဲ့တာပါ။ ဆရာကြီးနိုင်စိုက်ထောနဲ့ ဇနီးဆရာမကြီး ဒေါ်မိအိမ်ရိုင်း၊ ဆရာကြီးနိုင်စိုးသန်း၊ ဆရာဇေ၊ ဆရာကြီးနိုင်ဂျနူမွန် ( အငြိမ်းစားတိုင်းပညာဝန်၊ ညွှန်မှူး - နိုင်ငွေသိန်း - ယခု - ဒုဥက္ကဌ (၂) မွန်အမျိုးသားပါတီ) နဲ့ အခြားသော တိုင်းရင်းသားပညာရေး ပညာရှင်များထံမှ လေ့လာခွင့်တွေ ရရှိခဲ့တယ်။ နှစ်အတော်ကြာကြာ အနောက်တိုင်း နိုင်ငံတွေမှာ ပညာသင်ကြားခဲ့ပြီး နယ်စပ်ဒေသများဆီ ပြန်လည် ရောက်ရှိလာသူ တစ်ဦးအနေနဲ့ ဒီဆရာကြီး၊ ဆရာမကြီးများအပါအ၀င် နယ်စပ်ဒေသ ပညာရေးသမားများနဲ့ အတူတကွ အလုပ်လုပ်ခွင့် ရရှိခဲ့တာဟာ ကျွန်တော့်အတွက်တော့ အင်မတန်မှကို တန်ဖိုးရှိလှပါတယ်။
ဆရာအတတ်ပညာ လုပ်ငန်းခွင်အကြို သင်တန်းတွေမှာလည်း ဆရာကြီးဟာ ကျနော်တို့ လူရွယ်နည်းပြများနဲ့အတူ တက်ကြွစွာနဲ့ ခရီးပြင်းတွေ တနံတလျား ထွက်ပြီး အစွန်အဖျားဒေသတွေက ဆရာငယ်များကို မမောတမ်း၊ မပန်းတမ်း သင်တန်း ပို့ချပြန်ပါတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုဒေသက ပညာရေးသင်တန်းများ၊ ထိုင်း-မြန်မာနယ်စပ် မယ်လာဦးဒုက္ခသည်စခန်း၊ အိန္ဒိယနယ်စပ် လေးခွန်စခန်းနဲ့ ချင်းမိုင်မြို့တွေမှာ ဖွင့်လှစ်ခဲ့တဲ့ သင်တန်းများမှာ ဆရာကြီးတို့ဟာ မပျက်မကွက် လာရောက်ခဲ့ပြီး ဆရာအတတ်ပညာတွေကို ဝေမျှခဲ့ကြတယ်။ မြန်မာ့ပညာရေးမှာ တစ်သက်လုံး လူမှုရေးဘာသာရပ်ကို သင်ကြားခဲ့သူပီပီ၊ အထူးသဖြင့် သမိုင်းသင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီး “အာဃတတရား ကင်းရှင်းတဲ့ သင်ရိုးညွှန်းတမ်း”၊ “ဘက်လိုက်မှု မရှိတဲ့ သမိုင်းသင်ရိုးညွှန်းတမ်း”၊ “လူမှု အနိဌာရုံ ကင်းစင်တဲ့ သင်ရိုးညွှန်းတမ်း”၊ “အနာဂတ်အတွက် မျှော်လင့်ခြင်းအားမန်တွေ ရရှိစေမယ် သင်ရိုး” ဖြစ်ဖို့ လိုအပ်ကြောင်း သင်ခန်းစာများဟာ ဆရာလောင်းများအတွက် အင်မတန်မှကို ပညာလည်းရ၊ ဥာဏ်မျက်စိလည်း ပွင့်စေပါတယ်။ ကမ္ဘာ့သမိုင်းထဲက “ပရပ်ရှား ကျောင်းဆရာများရဲ့ အောင်ပွဲ”၊ “အစိုးရဆိုတာ အစကတော့ရိုးရိုးပါ”၊ “သမိုင်းတိုင်းဟာ အာဏာ ရရှိခဲ့သူတွေအပေါ် ဘက်လိုက် ရေးသားခြင်းမျှသာ”၊ “မြန်မာ့သမိုင်းဖတ်စာအုပ်များထဲက တိုင်းရင်းသားသမိုင်း အမှားများ” စတဲ့ သမိုင်းဖြစ်စဉ်နဲ့ ကျောင်းပညာရေး၊ နိုင်ငံရေးတွေကို ဆက်စပ်ပြီး ဆွေးနွေး ပို့ချချက်များဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ပြောင်းလဲဖို့ လိုအပ်နေတဲ့ ပညာရေးစနစ်ကို ယုံကြည်တဲ့အတိုင်း ဘ၀ရဲ့ နောက်ဆုံးနှစ်များမှာ လူငယ် ကျောင်းဆရာဆရာမလောင်းများကို ပျိုးထောင်ခဲ့သူပါ။ မတူညီတဲ့ ယဉ်ကျေးမှုများ သဟဇာတ ဖြစ်စေရေး၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်း ပေါ်ထွန်းရေးတွေ အတွက်သင်ရိုးညွှန်းတမ်းဟာ အခရာ ဖြစ်ကြောင်း၊ သူတို့ သက်တမ်းတစ်လျှောက်မှာ မလုပ်နိုင်ခဲ့သေးတဲ့ လက်ရှိ ကျောင်းသင်ရိုးညွှန်းတမ်းကို သက်ဆိုင်ရာ ပြည်နယ်အလိုက်  ပြုပြင်ပြောင်းလဲကြဖို့ကိုလည်း အစဉ်သဖြင့် တွန်းတွန်းတိုက်တိုက် ပြောဆိုခဲ့သူလည်းဖြစ်တယ်။ ဖက်ဒရယ်ပညာရေး စနစ်ကို မျှော်လင့်တမ်းတရင်း၊  ဖက်ဒရယ်မျိုးစေ့ကို အသက်ထက်ဆုံး ပျိုးထောင်ပေးခဲ့သူ တိုင်းရင်းသား သမိုင်းဆရာကြီး။
ဆရာကြီးရဲ့စာမှာ အခုအခါ ပြန်ဖတ်ဖြစ်တိုင်း လွမ်းမောဖွယ်ရာ စာတစ်ကြောင်း ပါရှိခဲ့ပါတယ်။ လက်ရှိ စုပေါင်း လုပ်ဆောင်နေကြတဲ့ “ကျောင်းပညာရေး သင်ရိုးညွှန်းတမ်း၊ စံနှုန်းများအညွှန်းဘောင်” ပေါ်ထွန်းရေး လုပ်ငန်းကို အလွန်ပင် စိတ်ဝင်စားမှုရှိကြောင်းနဲ့ သင်ရိုးညွှန်းတမ်းပညာဆိုင်ရာ သိသင့်သိထိုက်တာတွေ အများကြီးကို လေ့လာခွင့်ရရှိကြောင်း။ မိမိအနေနဲ့ လိုအပ်တဲ့ အပိုင်းတွေမှာ အင်တိုက်အားတိုက် ဆက်လက်ကူညီပံ့ပိုးမှုတွေ၊ ပါဝင်ဆောင်ရွက်မှုတွေ ပေးသွားမှာဖြစ်ကြောင်းနဲ့ အလွန် အရေးကြီးလှတဲ့ ပညာရေး လုပ်ငန်းကြီးတစ်ခု ဖြစ်ကြောင်းစတာတွေ ပါရှိပါတယ်။ လွမ်းမောဖွယ်ရာ ဖြစ်စေတဲ့ စာကြောင်းကတော့ “ဒီအလုပ်သာ ပြီးစီးသွားခဲ့ရင်ဖြင့် မိမိအနေနဲ့ သေပျော်ပြီဖြစ်ကြောင်း” ပါ။ အလုပ်ရုံ ဆွေးနွေးပွဲတွေနဲ့ သင်တန်းတွေ ၅ ကြိမ်လောက်အပြီး၊ စာတမ်းပေါင်းများစွာကို စုစည်းခဲ့အပြီးမှာတော့ အချိန်၂ နှစ်ခန့် ယူခဲ့ရပါတယ်။ ဒီလုပ်ငန်းအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ပညာရေး ပညာရှင်တွေ (အထူးသဖြင့် အိန္ဒိယနိုင်ငံ အမျိုးသားပညာရေးကောင်စီ NCERT က ပညာရှင်တွေ) ထံက နည်းပညာပိုင်းနဲ့ အကြံဉာဏ်တွေ ရယူခဲ့ပါတယ်။ ပညာရေးရည်ညွှန်း စာအုပ်တစ်အုပ် အနေနဲ့ရယ်၊ ဆရာအတတ်ပညာ သင်တန်းတွေအတွက် လေ့လာစရာ စာအုပ်တစ်အုပ် အနေနဲ့ရယ် အသုံးတည့်လှတဲ့ “သင်ရိုးညွှန်းတမ်း၊ စံနှုန်းများ အညွှန်းဘောင်” Curriculum: Standard & Framework စာအုပ်ကို ရေးသား ပြုစု နိုင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ လူမှုရေးဘာသာ (ပထ၀ီ၊ သမိုင်း၊ ပြည်သူ့နီတိ၊ ယဉ်ကျေးမှု၊ သိပ္ပံ) ပေါင်းစည်းသင်ရိုးကို မူလတန်းအဆင့် (သူငယ်တန်း-ဆဌမတန်း) အထိ ပြုစုနိုင်ခဲ့ကြပါတယ်။ ကျနော်နဲ့အတူ ပါဝင်ရေးသား ပြုစုခဲ့ကြတဲ့ တိုင်းရင်းသား ပညာရေးဌာနများ၊ ပြည်တွင်းပြည်ပ ပညာရှင်များအတွက် ကျေနပ်စရာ၊ ဂုဏ်ယူဝမ်းမြောက်စရာ မှတ်တိုင်တစ်ခုပါ။
many-thanks
စဉ်ဆက်မပြတ် လေ့လာရင်း မျှဝေပေးခဲ့တဲ့ မွန်သမိုင်းဆရာ
သင်တန်းကာလတွေမှာ ဆရာလောင်းများကို ဆရာကြီး နိုင်စိုက်ထောက ပညာရေးဒဿန အတွေးအမြင်ဘာသာရပ်နဲ့ သမိုင်းသင်ကြားနည်းဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ဘ၀တစ်လျှောက် လေ့လာမှုများနဲ့ မြန်မာ့ပညာရေး အတွေ့အကြုံများထဲ ထုတ်နှုတ်ဆွေးနွေးချက်တွေကို ဆရာလောင်းများနဲ့အတူ ကျွန်တော်တို့ နည်းပြဆရာများကလည်း လေ့လာမှတ်သားခွင့် ရရှိတာပါ။
“တပည့်တို့ - အပြောကျယ်ပြန့်လှတဲ့ ကျောင်းပညာရေးမှာ သင်ရိုးညွှန်းတမ်းဟာ အချက်အချာ ကျလှပါတယ်။ ရေမြေတောတောင်နဲ့ လူနေမှုပုံစံတွေ ပြောင်းလဲတဲ့အလျှောက်၊ ခေတ်စနစ်တွေ ပြောင်းလဲတဲ့ အလျှောက်၊ မျက်မှောက်ခေတ်နဲ့ အနာဂတ် လူ့အဖွဲ့အစည်းက တောင်းဆိုနေတဲ့အလျှောက် ကျောင်းသင်ရိုးဟာ လိုက်ပါ ပြောင်းလဲရတယ်။ ပုံမှန်၎ နှစ်တစ်ကြိမ်တော့ အနည်းဆုံး မွမ်းမံမှုတွေ၊ ပြင်ဆင်ဖြည့်စွက်မှုတွေ၊ ပယ်ဖျက်မှုတွေကို စနစ်တကျ၊ ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ခေတ်မီနေဖို့ရယ်၊ ဘ၀တွေ ရှင်သန်နိုင်ဖို့ရယ် နိုးကြားနေတဲ့ သင်ရိုးညွှန်းတမ်းကို တည်ဆောက်ကြရတယ်။ ၂၀ ရာစု ဂျာမန် လူမှုဗေဒပညာရှင် ယာဂျင်ဟာဘာမာ့စ် Jurgen Habermas က ပြောခဲ့ဖူးပါတယ်။ - လူသားမှာ သင်ယူလေ့လာနေဖို့က လွဲပြီးတော့ အခြားသော ရွေးချယ်စရာ မရှိဘူး”- တဲ့။ ငြင်းဆိုလို့မရတဲ့အချက်ပါ။ ဆက်လက်တွေးတော စဉ်းစားစရာတွေ အများကြီးကို ရှိနေပါတယ်။ ဘာကို သင်ယူလေ့လာရမှာလဲ။ သင်ယူလေ့လာ နေရတာတွေဟာလည်း အမှန်တွေဖြစ်ရဲ့လား။ သင်ကြားနေသမျှကို ဆရာပီပီ တပည့်တို့ အဦးအစ ဆန်းသစ် သုံးသပ်ပြီးမှ  သမိုင်းကို ပြန်သင်ပေးပါ။ ဒါမှ အမှန်တရားနဲ့ နီးစပ်မယ်။ ရေရှည် တည်တံ့ဖွံ့ဖြိုးမယ်။ ဖက်ဒရယ်ကို တည်ဆောက်နိုင်မယ်။”  
“ဒီဆရာအတတ်ပညာသင်တန်းမှာ ကျောင်းအုပ်ကြီးများနဲ့ နည်းပြတွေဖြစ်ကြတဲ့ ဆရာဦးသိန်းနိုင်၊ ဆရာမဒေါ်ခင်ဆွေလှိုင်၊ ဆရာမဒေါ်ဒွဲလင်း၊ ဆရာဇေ၊ ဆရာစောလာဂေးတို့က ကလေးဗဟိုပြုပညာရေးအတွက် တက်ကြွတဲ့ စာသင်ခန်းတွေဖြစ်လာစေဖို့၊ တွေးခေါ်စဉ်းစားနေတဲ့ စာသင်ခန်းတွေ၊ နိုးကြားလှုပ်ရှားနေတဲ့ ကျောင်းသားတွေဖြစ်လာဖို့အတွက် ကလေးဗဟိုပြု သင်ကြားနည်းလမ်းတွေကို အသုံးပြုကြဖို့ တိုက်တွန်းဆွေးနွေးတာတွေကို အလွန်ပဲ အားရကျေနပ်လှတယ်။ သို့ပေတဲ့ အသက်အရွယ် ၇၀ နား ကပ်နေကြပြီဖြစ်တဲ့ ဆရာကြီးနဲ့ ဆရာမကြီးတို့အတွက်တော့ ဒီလိုမျိုး သင်တန်းပေးဖို့ဆိုတာက အတော်ကလေး ခက်ခဲလှတယ်။ ရှက်လည်း ရှက်ပါတယ်။ သမိုင်းဆရာသက်တမ်း အနှစ် ၃၀ ကျော်မှာ ကလေးဗဟို မပြုခဲ့ဖူးဘူးလေ။”  အသက် ၇၀ နားနီး၊ နည်းပြဆရာကြီးတွေဟာ လူရွယ် နည်းပြများထံမှာ သင်ပြနည်းတွေကို မေးမြန်းဆွေးနွေးရင်း သင်ခန်းစာတွေ ပြင်ဆင်သင်ကြားခဲ့တာဟာလည်း ဆရာလောင်းများအတွက် ဘ၀တစ်သက်တာ စဉ်ဆက်မပြတ် လေ့လာခြင်းနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို လက်တွေ့ပြသခဲ့သူတွေ။
ပရပ်ရှား ကျောင်းဆရာထုကို အားကျခဲ့တဲ့ မွန်သမိုင်းဆရာ
သင်တန်းတိုင်းမှာ ဆရာလောင်းများအနေနဲ့ အားကျအတုယူရမယ့် ပရပ်ရှားကျောင်းဆရာများ အကြောင်းဟာလည်း အင်မတန်မှကို စိတ်ဝင်စားစရာပါပဲ။ “ တပည့်တို့ - တချိန်တုန်းက ပရပ်ရှားနိုင်ငံဆိုတာဟာ အခု ဂျာမနီနိုင်ငံပါပဲ။ အဲဒီတုန်းက ပရပ်ရှားနို်င်ငံကို ၁၇၁၃ ခုနှစ်ကနေ ၁၇၄၀ ခုနှစ်ထိ အုပ်စိုးခဲ့တဲ့ Fredrick William ဘုရင်ဟာ သူ့လက်ထက်မှာ စစ်တပ်အင်အား၊ စီးပွားရေး အင်အား တောင့်တင်းခိုင်မာအောင် လုပ်နိုင်ခဲ့ရုံသာမကဘဲ ၁၇၁၇ ခုနှစ်က စပြီးတော့ ပရပ်ရှားနိုင်ငံ ပညာရေးကို အမျိုးသား ပညာရေးအဖြစ် ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာတုန်းကတော့ အားကောင်းတဲ့ ပညာရေး ဖြစ်မလာသေးပါဘူး။”
“ပြင်သစ်ဘုရင် နပိုလီယံလက်ထက် ၁၈၀၆ ခုနှစ်မှာတော့ ပရပ်ရှားနဲ့ ပြင်သစ်တို့ စစ်ဖြစ်ပြီး ယေနားမြို့ (Jena) စစ်ပွဲမှာ ပရပ်ရှားတွေ စစ်ရှုံးပါတယ်။ အဲဒီစစ်ပွဲကို Disaster of Jena – ယေနားကျဆုံးခန်း - လို့ ပရပ်ရှားတွေက ခေါ်ကြပါတယ်။ အဲဒီစစ်ပွဲမှာ သူတို့ ဥာဏ်ပညာနည်းလို့ ရှုံးရတယ်လို့ ပရပ်ရှားတွေက ယူဆကြပါတယ်။ အဲဒီအခါ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာတတ်ဖို့ လိုပြီလို့ ဆုံးဖြတ်ပြီး ပရပ်ရှားတွေဟာ အမျိုးသားပညာရေးကို အားသွန်ခွန်စိုက် တည်ဆောက်တော့တာပါပဲ။ ပညာဥာဏ်သာသူတွေကသာလျှင် တိုင်းနိုင်ငံကို တည်ဆောက်နိုင်မယ်ဆိုပြီး ပရပ်ရှားကျောင်းဆရာတွေကို  စွမ်းဆောင်ရည်နဲ့ လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တယ် ” ကျွန်တော်တို့ နည်းပြဆရာများအပါအ၀င် သင်တန်းသားအားလုံး စိတ်ပါဝင်စားလျက် ဆရာ့ပို့ချချက်အပေါ် လေးနက်ခဲ့ကြတယ်။
“အဲလိုနဲ့ နောက်ထပ် နှစ်ပေါင်း ၆၄ နှစ်အကြာ တတိယနပိုလီယံလက်ထက်မှာ ပြင်သစ်နဲ့ ပရပ်ရှားတို့ စစ်ပွဲ ထပ်ဖြစ်တဲ့အခါမှာတော့ ဆီဒန်းမြို့တိုက်ပွဲမှာ ပရပ်ရှားက အနိုင်ရသွားပါတော့တယ်။ ပြင်သစ်ရဲ့ တတိယမြောက် နပိုလီယံဘုရင်က လက်နက်ချလိုက်ရပါတယ်။ အဲဒီ အောင်ပွဲကို Victory of Prussians school masters လို့ခေါ်တာပါ။ ပရပ်ရှားကျောင်းဆရာထုရဲ့ အောင်ပွဲလို့ သမိုင်းတွင်ခဲ့တဲ့ ဒီ ပညာရေး လှုပ်ရှားမှုထဲက တပည့်တို့ သင်ခန်းစာ ယူနိုင်ကြပါစေ။” 
"နောက်ပိုင်းမှာတော့ ပရပ်ရှားတွေက သူတို့ စစ်နိုင်ရတာ ပညာဥာဏ်ကြောင့်ပဲလို့ ပိုလက်ခံသွားပြီး ပညာရေးပြုပြင်တည်ဆောက်မှုတွေကို စဉ်ဆက်မပြတ် လုပ်တော့တာပါပဲ။ ပညာရေးရဲ့ အရေးပါမှုကို ဂျာမန်လူမျိုးတွေက အဲဒီ ၁၉ ရာစု အစောပိုင်းကာလကတည်းက သိခဲ့ပြီလို့ ဆိုရမှာပါ။ ဒါ့ကြောင့်ပဲ အမျိုးသားပညာရေးစနစ်ကို စခဲ့တာ ဂျာမနီနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ခုဆိုရင်တော့ ဂျာမနီနိုင်ငံဟာ ဥရောပမှာ ထိပ်တန်းရောက်တဲ့ နိုင်ငံအဖြစ် နေရာယူလာနိုင်တာ တွေ့နေရပြီ ဖြစ်ပါတယ်။”
ဆက်လက်ပြီးတော့ ဆရာကြီးဟာ သင်တန်းသားတွေကို အုပ်စုငယ်တွေ ဖွဲ့ပြီး အမျိုးသားပညာရေးစနစ်များနဲ့ လက်ရှိသမိုင်းသင်ခန်းစာတွေအပေါ် ဝေဖန်သုံးသပ်ခိုင်းပါတယ်။ ဖတ်စာအုပ်များထဲမှာ ပါရှိနေတဲ့ အကြောင်းအရာတွေကိုလည်း တိုင်းရင်းသားရှုထောင့်ကနေ အမှား - အမှန် ခွဲခြားဆန်းစစ်စေခဲ့တယ်။
မွန်သမိုင်းဆရာကြီးရဲ့ အိပ်မက်
ဆရာလောင်းများကို အစဉ်အားပေးခဲ့တဲ့ မွန်သမိုင်းဆရာကြီး နိုင်စိုက်ထောဟာ သူ့တပည့်များရဲ့ အနာဂတ်ကျောင်းဆရာဘ၀ကိုလည်း ရင်လေးစိုးရိမ်နေခဲ့သူပါ။
“တပည့်တို့ - အနာဂတ်ဟာ ကျောင်းသားများရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတဲ့အခါမယ် အဲဒီကျောင်းသားများကို ရှေ့ဆောင်လမ်းပြဖြစ်တဲ့ ကျောင်းဆရာလက်ထဲမှာ မီးရှုးတိုင်ရှိရမယ်။ သမိုင်းဆရာများရဲ့ မီးရှုးတိုင်ဟာ ပိုပြီး ရဲရဲနီ ထွန်းလင်းတောက်ပနေရမယ်။ ဒါမှ အမှား-အမှန်ကို ဝေဖန်ပိုင်းခြားနိုင်မယ်။ ဒါဟာ ဆရာ့ရဲ့ အိပ်မက်ပါပဲ။”
“ဒီတော့ကာ ငါ့သားတပည့် ကျောင်းဆရာများဟာ ပညာအရာမှာ ပြီးပြည့်စုံစေဖို့လိုတယ်။ ပညာရှင် ရူးဆိုး မိန့်မှာ မြွက်ကြားခဲ့တာကတော့ ကြံ့ခိုင်သော ကိုယ်ခန္ဓာထဲမှသာလျှင် အသိတရားတွေကို လေ့လာလိုက်စားတဲ့အခါ အင်အားပါရှိမယ်။ အဲဒီတော့ကာ လက်ရှိဖြစ်နေတဲ့ - ဆရာတွေကို မ၀ရေစာကြွေး၊ နေရာမပေး၊ အလေးအမြတ်မပြု၊ ကျောင်းဆရာ သူ့နေရာနှင့်ဝေး၊ မြောင်းဘေးထိုင်စေ၊ ခွေးမောင်း ကျီးခြောက်၊ အာလောက်လောက်အော်၊ ကျီးဆိတ် ခွေးဟောင်ခံနေရသည့် ကျောင်းဆရာ ဘ၀လောက်နဲ့တော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ဖက်ဒရယ် ပညာရေးကို ရေးရေးမျှ မြင်ဖွယ်ရာ မရှိဘူး - ချစ်တပည့်တို့။”
“ငါ့သားတပည့် တိုင်းရင်းသား သမိုင်းဆရာများရဲ့ လက်ထဲမှာ သမိုင်းအမှန်တွေကိုတော့ အပြည့်အ၀ ဆရာ မထည့်နိုင်ခဲ့ဘူး။ သို့ပေတဲ့ သမိုင်းကို စူးစမ်းလေ့လာဖို့နဲ့ ပိုင်းခြားဝေဖန် ထောက်ရှုဖို့ နည်းလမ်းအချို့ကို ပေးအပ်ခဲ့တယ်။ ဒီကိရိယာများကို အသုံးပြုလို့ ဒုတိယမြောက် ကမ္ဘာ့ကျောင်းဆရာထုရဲ့ သမိုင်းအောင်ပွဲကို မြန်မာတိုင်းရင်းသား ကျောင်းဆရာများက ကဗ္ပည်းမော်ကွန်းထိုးနိုင်ကြပါစေဗျား”
(၂၀၁၅ ခုနှစ်၊ ကမ္ဘာ့ကျောင်းဆရာများနေ့နှင့် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့သူ မွန်သမိုင်းနည်းပြဆရာကြီး နိုင်စိုက်ထောသို့ အမှတ်တရ..)
သိန်းနိုင် (မောက္ခပညာရေး)
သံလွင်တိုင်းမ်ဂျာနယ်၊ ၃ အောက်တိုဘာ၊ ၂၀၁၅၊ မော်လမြိုင်မြို့။
>>>ဆက်ဖတ်ရန်>>> >>

ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချခြင်း - Decentralization (ဖက်ဒရယ်ပညာရေး အပိုင်း (၁၄) )

ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချခြင်း - Decentralization

ဖက်ဒရယ်ပညာရေး အပိုင်း (၁၄)
 သံလွင်တိုင်းမ်ဂျာနယ်၊ စက်တင်ဘာလ၊ ၂၀၁၅၊ယခုအပတ်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် မြန်မာ့ ပညာရေးတွင် ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့က တောင်းဆိုထားသည့် ပညာရေးတွင် ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချရေး (Decentralization) နှင့် ပတ်သက်ပြီး နိုင်ငံတကာပညာရေးစနစ်များတွင် ကျင့်သုံးလျက်ရှိသည့် စံများနှင့် လုပ်နည်းများကို တင်ပြ ဆွေးနွေးလိုပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပညာရေးစနစ်အတွက် အခရာကျသည့် ဒီဆန်ထရယ်လိုက်ဇေးရှင်းဖြစ်စဉ်မှာ မြန်မာ့ပညာရေး ဖွံ့ဖြိုး တိုးတက်ရန် လမ်းစဟု ယူဆသည်။
-to-decentralisation-400px
နည်းလမ်း သုံးမျိုး
ပညာရေးစနစ်ကို စီမံခန့်ခွဲအုပ်ချုပ်သည့် အစိုးရယန္တရားစနစ်ကို ဗဟို ချုပ်ကိုင်သောစနစ် Centralised နှင့် ဗဟိုချုပ်ကိုင်မှု လျော့ချသောစနစ် decentralised ဟူ၍ အကဲဖြတ်သုံးသပ်လေ့ရှိသည်။ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းနှင့် ပတ်သက်၍မူ ပုံစံတစ်မျိုးတည်း မရှိပါ။ ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချခြင်း decentralization ကို ဗဟို ဖက်ဒရယ်အစိုးရမှနေ၍ လူထုနှင့် ပိုမို နီးစပ်သော ပြည်နယ်၊ ခရိုင်နှင့် ဒေသန္တရ၊ ကျောင်းအုပ်ချုပ်ရေးသို့ အခွင့်အာဏာနှင့် တာဝန် ဝတ္တရားများကို လွှဲပြောင်းပေးအပ်ခြင်းဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ ဗဟိုချုပ်ကိုင်မှုကို လျော့ချသည့် အဆင့်အရ ဒေသန္တရအဆင့်၊ ခရိုင်အဆင့်အစိုးရ (သို့တည်းမဟုတ်) ကျောင်းအဆင့်အထိ ဖြစ်နိုင်ပါသည်။ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းတွင် အဆင့် သုံးဆင့်ဖြင့် တည်ဆောက်နိုင်သည်။ Delegation တာဝန်များကို ကိုယ်စားလှယ် လွှဲပြောင်းခြင်း၊ Deconcentration အခွင့်အာဏာ အချို့ကို လွှဲပြောင်းပေးခြင်းနှင့် Devolution ပြည်နယ်နှင့် ဒေသန္တရအဆင့်သို့ အာဏာ လွှဲပြောင်းခြင်းတို့ဖြစ်သည်။ 

Delegation တွင် ဗဟိုအစိုးရမှ သတ်မှတ်ပြဌာန်းထားသော အလုပ် တာဝန် ဝတ္တရားများကို ကိုယ်စား လွှဲပြောင်း လုပ်ကိုင်စေခြင်းဖြစ်သည်။ အခွင့် အာဏာ လွှဲပြောင်းခြင်းတော့ မဟုတ်ပါ။ ဗဟိုက ဆုံးဖြတ်ထားသည့်အတိုင်းပင် ဒေသအလိုက် အကောင်အထည်ဖေါ် ဆောင်ရွက်ကြရခြင်းဖြစ်သည်။ သာဓက အနေဖြင့် ပညာရေးဝန်ကြီးဌာနသည် အမျိုးသား စာစစ်ဘုတ်အဖွဲ့သို့ အစိုးရစစ် စာမေးပွဲများအားလုံးကို ပြင်ဆင်စေခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စာစစ်ခြင်း လုပ်ငန်းရပ် များကို လုပ်ကိုင်ရန်အတွက် အခွင့်အာဏာအချို့ ပေးအပ်သည့် ပုံစံမျိုးဖြစ်သည်။

Deconcentration တွင်မူ အောက်ခြေအဆင့်များသို့ အခွင့်အာဏာနှင့် တာဝန်ဝတ္တရားများကို လွှဲပြောင်းပေးခြင်းဖြင့် ပိုမိုပြီး ဒီမိုကရေစီနည်းလမ်း ကျသည်ဟူ၍ ထင်မြင်ဖွယ်ရာဖြစ်သည်။ သို့ရာတွင် ဗဟိုဦးစီးချုပ်ကိုင်သည့် စနစ်ကိုသာလျှင် ပိုမို သိသာ ကျယ်ပြန့်စေပါသည်။ ပြည်နယ်နှင့် ဒေသန္တရအဆင့် အစိုးရများက ဗဟိုဖက်ဒရယ်အစိုးရ၏ ကိုယ်စားသာလျှင် တာဝန်ယူဆောင်ရွက် ကြရသည်။ ဗဟိုက ပြဌာန်း သတ်မှတ်ထားသည့် အမိန့်အာဏာများကို တာဝန်ခံ ဆောင်ရွက်သည်။ ပြည်နယ်နှင့် ဒေသအစိုးရများတွင်မူ ဆုံးဖြတ်ပိုင်ခွင့်နှင့် မူဝါဒ ချမှတ်ပိုင်ခွင့် မရှိပါ။ သာဓကအနေဖြင့် ဗဟိုပညာရေးဌာနက ဒေသဆိုင်ရာ ပညာရေးရုံးများကို ဖန်တီးပြီး ဗဟို၏ လုပ်ငန်းဆောင်တာများကို ကိုယ်စားပြု ဆောင်ရွက်စေခြင်းဖြစ်သည်။ သို့ရာတွင် အခွင့်အာဏာနှင့် မူဝါဒများကိုမူ ဗဟိုအစိုးရက ချယ်လှယ်ချုပ်ကိုင်သည်။

Devolution တွင် အခွင့်အာဏာနှင့် တာဝန်ဝတ္တရားများ အားလုံးကို ဗဟိုမှနေ၍ ပြည်နယ်နှင့် ဒေသန္တရအစိုးရများအား လုံးဝ လွှဲပြောင်းပေးအပ် ခြင်းဖြစ်သည်။ နိုင်ငံတကာအတွေ့အကြုံများအရ devolution အခွင့်အာဏာကို ခွဲဝေ လွှဲပြောင်းပေးခြင်းကို ပြဌာန်းကျင့်သုံးလျက် ရှိသည့် နိုင်ငံများတွင် ပညာရေး ဘတ်ဂျက်နှင့် ဝန်ထမ်း ခန့်အပ်ခြင်းတို့ကဲ့သို့ အရေးကြီးသော ဆုံးဖြတ်ချက်များကို ပြည်နယ်နှင့် ဒေသန္တရအစိုးများ၊ ကျောင်းများသို့ လွှဲအပ်ထားသည်။ ဒေသနှင့် ကျောင်းများအနေဖြင့် ပိုမိုပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက် လုပ်ကိုင်ခွင့်များ ရရှိကြပြီး လုပ်တတ်ကိုင်တတ် ဖြစ်လာကြသည်။ အကျိုးဆက် အနေဖြင့်လည်း ကျောင်းသားများ၏ သင်ယူရေး ရလဒ်ကောင်းများ ရရှိလာကြသည်ကို လေ့လာ တွေ့ရှိရသည်။

ဗဟိုဦးချုပ်ကိုင်မှု လျော့ချနိုင်သည့် နည်းလမ်းများ
အာရှ-ပစိဖိတ်ဒေသတွင်းရှိ ပညာရေးစနစ်များတွင် ဗဟိုချုပ်ကိုင်မှု လျော့ချသည့် အဆင့်များမှာ မတူ ကွဲပြားကြပါသည်။ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျော့ချခြင်းဖြင့် ပညာရေးစနစ်ကို စွမ်းဆောင်ရည် ပြည့်ပြည့်၀၀နှင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ကြောင်း ရှုမြင်သုံးသပ်ကြပါသည်။ လူဦးရေထူထပ်လှသော တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ပညာရေး ဗဟိုဦးစီးချုပ်ကိုင်မှုကို ပိုမို လျော့ချထားရကြောင်း လေ့လာတွေ့ရှိရသည်။ အင်ဒိုနီးရှားက ၂၀၀၁ ခုနှစ် တွင် မဟာပေါက်ကွဲမှု Bigbang နည်းဗျူဟာကို လိုက်နာကျင့်သုံးခဲ့သည်။ အစိုးရ ယန္တရားများကို ထိုနှစ်အတွင်း ဒေသန္တရအဆင့်များသို့ ပေးအပ်လွှဲပြောင်းခြင်းဟု ဆိုနိုင်သည်။ ဗီယက်နမ်နိုင်ငံကမူ ဗဟိုချုပ်ကိုင်မှု လျော့ချမှုကို တဆင့်ခြင်း၊ တဖြည်းဖြည်းခြင်း နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်။ ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံများတွင် အခြားနိုင်ငံများထက် နောက်ကျစွာ ပညာရေး မူဝါဒရေးရာကို ပြောင်းလဲနိုင်ရန် စတင် ဆွေးနွေးနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုကို ပုံစံတစ်မျိုးဖြင့် ကျင့်သုံးရန် ပြင်ဆင်လျက်ရှိသည်။ ဒေသအဆင့် ရုံးခွဲများ တည်ထောင်ခြင်း၊ ကျောင်းအဆင့်နှင့် မြို့နယ်အဆင့်များက ကျောင်း ရန်ပုံငွေနှင့် ကျောင်းသားစတိုင်ပင်များကို ကိုယ်တိုင် စီမံခန့်ခွဲခြင်းတို့ကို စမ်းသပ်လျက်ရှိသည်။ သို့ရာတွင် မြန်မာ ကျောင်းသားသမဂ္ဂများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဗဟိုဦးစီး ချုပ်ကိုင်မှုကို များစွာ လျော့ချပစ်ရေးအတွက် တိုက်ပွဲဝင်တောင်းဆိုနေဆဲပင်။

အခြားတိုင်းနိုင်ငံများ၏ decentralization ဗဟိုဦးစီးချုပ်ကိုင်မှုကို လျော့ချခြင်း နည်းလမ်းအား ကျင့်သုံးနေပုံများတွင် သင်ခန်းစာယူစရာများ ရှိနေပါသည်။ ဝန်ထမ်းများကို ပရော်ဖက်ရှင်နယ်အဖြစ် သတ်မှတ်ခြင်း၊ အခွင့် အာဏာ တည်ဆောက်ပုံနှင့် တာဝန်ဝတ္တရားများ၊ တာဝန် ခံမှုစနစ်၊ စွမ်းဆောင် ရည်ဖွံ့ဖြိုးမှုနည်းလမ်းများကို လေ့လာသ့င်သည်။ ဩစတြေးလျား၊ နယူးဇီလန်နှင့် အင်ဒိုနီးရှားနိုင်ငံများက ကျောင်းအဆင့် (ကျောင်းကော်မီတီကဖြစ်စေ) ဝန်ထမ်း ခန့်အပ်ခြင်းသည် ဆရာ့ အလုပ်အကိုင် စွမ်းဆောင်ရည် ပရော်ဖက်ရှင်နယ်ကို မြင့်မားစေသည်ဟု ထောက်ပြကြသည်။

နယူးဇီလန်နိုင်ငံတွင် ကျောင်းဘုတ်အဖွဲ့များနှင့် ကျောင်းအုပ်ကြီးများအား ကျောင်းလုပ်ငန်းဆောင်တာ အရပ်ရပ် အလုံးစုံကို တာဝန်ယူခြင်း၊ responsibilty & accountability တာဝန်ခံခြင်းကို လုံးဝ ပေးအပ်ထားသည်။ ပညာရေး ဥပဒေနှင့် မူအရ အခွင့်အာဏာ အပ်နှင်းထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင်မူ ဘဏ္ဍာငွေကြေးစီမံခြင်း၊ စီမံကိန်း ရေးဆွဲခြင်းနှင့် တာဝန်ခံမှုတို့တွင် ပညာရေး ဥပဒေအတွင်း ရှင်းရှင်းလင်းလင်း ထည့်သွင်းရေးဆွဲထားခြင်း မရှိသောကြောင့် အင်ဒိုနီးရှား၏ ပညာရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်ကို များစွာ နှောင့်နှေး စေပြီး လမ်းလွဲစေလျက်လည်း ရှိသည်။

ဂုဏ်သိက္ခာအရ မြင့်မားသော လွတ်လပ်သည့် ကျောင်းအရည်အသွေး အာမခံအဖွဲ့အကြီး (နယူးဇီလန်) independent statuory quality assurance body (New Zealand), ကျောင်းနတ်ဝါ့က် ဘုတ်အဖွဲ့များ (မော်လတာ) School Network boards (Malta), ကျောင်းအလိုက် ဘုတ် အဖွဲ့များ (နီကာရာဂွါနှင့် အယ်ဆာဗေးဒိုး) တို့၏ အတွေ့အကြုံများအရ ထိရောက်မှုရှိသော တာဝန်ခံမှုစနစ် effective accountability system မှာ ဗဟိုဦးစီး ချုပ်ကိုင်မှုကို လျော့ချရာတွင် မရှိမဖြစ် လိုအပ်ချက် တစ်ခုဖြစ်ကြောင်း ထောက်ပြထားသည်။ နောက်ဆုံးဥပမာ တစ်ခုအနေဖြင့် အာရပ်စော်ဘွားများနိုင်ငံ၏ မြို့တော် အဘူဒါဘီမြို့တွင် ကျောင်းအခြေပြု စီမံခန့်ခွဲမှုပုံစံကို လက်လွှဲ မလုပ် ဆောင်မီ လုံလောက်သော စွမ်းဆောင်ရည် ရှိ-မရှိကို ကျောင်းများအား စစ်ဆေး အကဲဖြတ်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။

စောင့်ကြည့် အကောင်အထည်ဖေါ်ခြင်းနည်းလမ်း
ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒီစန်ထရယ်လိုက်ဇေးရှင်း (Decentralization of education) - ပညာရေးစနစ်ကို ဗဟိုဦးစီး ချုပ်ကိုင်မှု လျော့ချခြင်းကို တိုင်းပြည်၏ နောက်ခံအခြေအနေများနှင့် လိုက်လျော ညီထွေ ကိုက်ညီစွာ လုပ်ဆောင်ပါက ကျောင်းသားများအတွက် ပိုမို ပြီး အရည်အသွေး ပြည့်မီသောပညာရေး ရလဒ်ကောင်းများ ရရှိစေနိုင်ပါသည်။ နည်းမှန် လမ်းမှန်ဖြင့် အဓိက ဦးတည်ချက်များထားရှိရန် လိုအပ်သည်။ ဒီစန်ထရယ် လိုက်ဇေးရှင်း ပြုလုပ်သင့်သော နယ်ပယ်များမှာ (၁) ပညာရေး တရားမျှတမှု (ensuring equity) ကို အာမခံခြင်း၊ (၂) တာဝန်ခံမှုကို ပျိုးထောင် တည်ဆောက်ခြင်း (buidling accountability)၊ နှင့် (၃) ပညာရေးစနစ်အတွင်းရှိ ဒေသခံအဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း (local capacity) တို့ပင် ဖြစ်သည်။

အစိုးရ၏ အထောက်အကူနှင့် နည်းဥပဒေဆိုင်ရာ အကာအကွယ်၊ အတိုင်းအတာများကို မရရှိဘဲနှင့်တော့ ဒီစန်ထရယ်လိုက်ဇေးရှင်းမှာ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရာတွင် ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေနိုင်ပါ လိမ့်မည်။ ဘဏ္ဍာငွေကြေး အကြောင်းပြချက်နှင့် စွမ်းဆောင်ရည် ကုံလုံ ပြည့်ဝစေခြင်းတို့အတွက်ထက် လူထုပညာရေး တိုးတက်မြင့်မားစေရန်အတွက်ကို အဓိကထားပြီး ဦးတည် လုပ်ဆောင်သင့်ပါသည်။ ဆိုလိုသည်မှာ အစိုးရအနေဖြင့် ဒီဆန်ထရယ်လိုက်ဇေးရှင်းအတွက် လုပ်ငန်းစဉ်ဆိုင်ရာ နည်းဥပဒေထားရှိရမည်။
တိုင်းပြည်၏ နောက်ခံအခြေအနေ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဖြစ်တည်မှုများ အပေါ်တွင် မူတည်ပြီးသာလျှင် သင့်လျော်သော ဒီစန်ထရယ်လိုက်ဇေးရှင်းပုံစံကို တည်ဆောက်သင့်ပါသည်။ Decentralization ဖွဲ့စည်းပုံ ရှင်းလင်းမှုရှိခြင်း၊ ပညာရေး အာဏာပိုင်မှု၊ တာဝန်ဝတ္တရားများနှင့် တာဝန်ခံမှုများ လမ်းကြောင်း၊ ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်နှင့် ဒေသခံအာဏာပိုင်များ၏အခန်းကဏ္ဍ စသည်တို့ကို ပုံစံတကျ တည်ဆောက်ရန် လိုအပ်သည်။ ဗဟိုဦးစီး ချုပ်ကိုင်မှု လျော့ချခြင်းကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖေါ်ရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချခြင်းမူဝါဒ Decentralization policy နှင့် အကောင်အထည်ဖေါ်ဆောင်ခြင်း အစီအစဉ်လမ်းညွှန် implementation plan တို့ကို ဖြစ်နိုင်ချေရှိသော အချိန်ပြ မျဉ်းဇယားနှင့်အတူ ထားရှိရပါလိမ့်မည်။ မူဝါဒနှင့် အကောင်အထည်ဖေါ်ခြင်းလမ်းညွှန်လိုအပ်သည်။

လုပ်ပိုင်ခွင့်ကို အောက်ခြေအဆင့်များအထိ တိတိကျကျ ခွဲဝေပေးခြင်း (Subsidiarity) မှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျော့ချရာတွင် ပဓါနကျလှသည်။ ဆိုလိုသည်မှာ အစီအစဉ်ရေးဆွဲခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း တို့ကို အသင့်တော်ဆုံး အောက်ခြေအဆင့် အစုအဖွဲ့ငယ်များအတွက် နိုင်ငံရေးအရ အာမခံ ချက်နှင့်အတူ လုပ်ပိုင်ခွင့် ပေးအပ်ထားခြင်းဖြစ်သည်။ ဗဟိုအာဏာပိုင်များထက် ဒေသအဆင့်၊ အောက်ခြေအဆင့်တို့ကို နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် အပ်နှင်းထားရှိခြင်းလည်းဖြစ်သည်။ အောက်ခြေအဆင့်များ၊ ဒေသခံအဆင့်များ ဖက်မှလည်း ပိုင်ပိုင်နိုင်နိုင်ဖြင့် လုပ်ဆောင်နိုင်စွမ်း၊ အကောင်အထည်ဖေါ်နိုင်စွမ်းရှိရန်မှာ လိုအပ်ပြန်ပါသည်။ ကျောင်းနှင့် ကျောင်းနတ်ဝါ့က်အဖွဲ့များမှတဆင့် ရပ်ရွာ လူမှု အဖွဲ့အစည်း၏ ကိုယ်စားလှယ်များကလည်း ပါဝင်ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးသင့်ပါသည်။

မြန်မာနိုင်ငံ ပညာရေး ဒီစန်ထရယ်လိုက်ဇေးရှင်းအတွက် စဉ်းစားစရာများ
အတည်ပြုလိုက်ပြီဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီမှုများကို လျစ်လျူရှုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ NNERအဖွဲ့မှ ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။ ကျောင်းသားသမဂ္ဂများမှ ရွေးချယ်ထား ရှိသော ကျောင်းသားကိုယ်စား လှယ်များမှာ ပညာရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိခြင်းကို ဆိုလိုပါသည်။ ဒုတိယအချက်အနေဖြင့် တင်းကျပ်လှသော ဗဟိုဥိးစီးချုပ်ကိုင်မှုစနစ်ကို သူမက ရည်ညွှန်းပြောဆိုခဲ့သည်။ တိုင်းရင်းသားဘာသာစကားများ သင်ကြားရေးကို ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်လည်း မရရှိသေးပါ။ အဆိုးဆုံးမှာ အမျိုးသားပညာရေးမူဝါဒ ကော်မစ်ရှင်ဆိုသော အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းပင်ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။ ယင်း ကော်မစ်ရှင်ကို လုပ်ပိုင်ခွင့် များစွာ အပ်နှင်းထားခြင်းမှာလည်း စိုးရိမ်ဖွယ်ရာဟု သူမက ရှုမြင်သုံးသပ်ပါသည်။ ဤအချက်မှာ ပညာရေးကို ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချရေး Decentralization လမ်းကြောင်းအတွက် အကြီးအကျယ် လွဲချော်သွားခြင်းဟု ယူဆနိုင်သည်။ ပြုပြင်ပြောင်းလဲနေသော မြန်မာ့ပညာရေးကို ဖက်ဒရယ်ပညာရေး ရှုထောင့်မှနေ၍ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။

ပညာရေးဝိရောဓိများ
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရန်အတွက် ကျောင်းသား သပိတ်သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က စတင်ကာ ရန်ကုန်မြို့တွင် စတင် တိုက်ပွဲဝင်ခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသားများလိုလားသည့် ပညာရေးဥပဒေမျိုး မဟုတ် သဖြင့် ကျောင်းသားများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ညှိနှိုင်း ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ မရတော့ နောက်တော့ သပိတ်မှောက်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် ညှိနှိုင်းပါရန် အစိုးရကို ရက်ပေါင်း ၆၀ အချိန်ပေးသည်။ သမ္မတဦးသိန်းစိန်အစိုးရသည် တုတ်တုတ်မှ မလှုပ်ခဲ့သဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နိုင်ငံလုံးချီ ကျောင်းသားသပိတ် စစ်ကြောင်းကို မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်ခြင်းဖြင့် စတင်လိုက်သည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များ ဆွေးနွေးကြပြီး အမျိုးသားပညာရေး ဥပဒေကို အစိုးရ၊ လွှတ်တော်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီတို့ ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။ လေးပွင့်ဆိုင်များ ဆွေးနွေးပွဲတွင် အလျော့အတင်းနှင့် သွားရင်း နောက်ဆုံးတွင် ကျောင်းသားများ၏ တောင်းဆိုလိုလားချက်ကို အစိုးရသည် လိုက်လျောခဲ့သည်။ အစိုးရက တစ်ခုသာ အရေးဆိုသည်။ ကျောင်းသား စစ်ကြောင်းများ ရန်ကုန်ကို မဝင်နှင့်။ ကျောင်းသားများကား အစိုးရကို မယုံကြည်ပုံရသည်။ ထို့ကြောင့် သပိတ်စစ်ကြောင်းများက ထုံ့ပိုင်း ထုံ့ပိုင်းနှင့် ဆက်လက်ချီတက်ပြီးမှ အမျိုးသား ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်း ထွက်ပြီးချိန်တွင် သပိတ်ကို ဖေဖော်ဝါရီလ ၂၈ ရက်အထိ ရပ်ထားမည်ဟု ဆိုခဲ့သည်။

အမှန်တကယ်တမ်းမှာမူ လေးပွင့်ဆိုင်သဘောတူညီမှု၏ အဓိက တစ်ချက်မှာ ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေပြီး လွပ်လပ်စွာ အဖွဲ့အစည်း ဖွဲ့ခွင့်ကို ပိတ်ပင်ထား သည်ဟု ကျောင်းသားများက ယူဆသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ယက် (NNER)၊ နှင့် ကျောင်းသားများ လေးပွင့်ဆိုင်တွေ့ပြီး ညှိနှိုင်း အဖြေရှာရန် တောင်းဆို ထားခဲ့ခြင်းမျှသာ။ သို့သော် ကျောင်းသား သပိတ် စစ်ကြောင်းများမှာ လက်ပံတန်းမြို့တွင် အကြမ်းဖက် ဖြိုခွင်း ခံလိုက်ကြရသည်။
ဒီမိုကရေစီ ပညာရေးကို တည်ဆောက်ရေးတွင် အတားအဆီးဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် တာဝန်ရှိကြောင်း ဗကသ (၇၉) နှစ်ပြည့်နှင့် လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်း ခံရသည့် နှစ်လပြည့် အခမ်းအနား (မေလ ၁၀ ရက်၊ ၂၀၁၅) တွင် ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုက ထပ်မံ ပြောကြားခဲ့သည်။

လေးပွင့်ဆိုင် တွေ့ဆုံမှုဖြင့် အဖြေရှာနေကြသည့် အချိန်တွင် အာဏာပိုင်များက ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီး ကျောင်းသားများအား ဖမ်းဆီးခြင်းသည် လေးပွင့်ဆိုင် သဘောတူညီမှုများကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ပြောင်းလဲမှု မရှိသေးကြောင်းကို ပြသလိုက်ရာလည်း ရောက်သည်ဟု ၈၈ မျိုးဆက်အဖွဲ့မှ ဦးမင်းကိုနိုင်က ဝေဖန်ပြောကြားခဲ့သည်။
အလွန်ပင် တင်းကျပ်လှသော ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို မြန်မာ့ပညာရေးက ဆယ်စုနှစ် ၅ ခုကျော် ကျင့်သုံးခဲ့သဖြင့် ကျဆင်းခဲ့ရပြီဖြစ်သော ပညာရေးအရည်အသွေး၊ ဆရာ့အရည်အသွေးများကို ကွယ်လွန်သူပညာရှင် ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်မှ ဤသို့ သုံးသပ်ခဲ့သည်။ “ဆရာဆိုတာ အကြောင်းအရာ အချက်အလက်တွေ၊ ကိန်းတွေ၊ ဂဏန်းတွေကို စေ့စေ့စုံစုံ ရွတ်အံပြပြီး ကျောင်းသားတွေဆီကို (transmit) ပို့ပေးနေသူ မဟုတ်ပါဘူး။ ဒီလို အခြေအနေ ဒီလိုအဆင့်မှာ ရပ်တန့်သွားနေတာဟာ အခု ပညာရေးစနစ်ရဲ့ မဟာအမှားကြီးပဲ။ ကျောင်းသားလူငယ်တွေကို ဉာဏ်ထိုင်း၊ ဉာဏ်တုံးစေတဲ့ ဘေးဆိုးလို့ ကျွန်မက မြင်ပါတယ်” ဟူ၍ ပြင်းပြင်းထန်ထန် ဝေဘန်ချက်မှာ ပြည်နယ်အဆင့်၊ ဒေသအဆင့်၊ ကျောင်းအဆင့် ပညာရေးသြဇာ၊ အခွင့်အာဏာ ဆုံးရှုံးနေမှု၏ ရလဒ်ပင်ဖြစ်သည်။

NNER ကွန်ယက်အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သူ ဒေါက်တာသိန်းလွင်က သူ၏ပညာရေးစာတမ်းထဲတွင် decentralization နှင့် ပတ်သက်ပြီး ဆရာများ၏ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်နှင့်၊ လွတ်လပ်ခွင့်ပိုမိုရရှိရန် အရေးကြီးကြောင်း တင်ပြဆွေးနွေးထားသည်။ “ဗဟိုချုပ်ကိုင်မှုကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သဖြင့် ဆရာများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် တီထွင်ခွင့်များ ဆုံးရှုံးခဲ့ရသည်။ ပညာရေးပြုပြင်ပြောင်းလဲရာတွင် ဆရာများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဆုံးဖြတ်ခွင့်နှင့် တီထွင်ခွင့်များကို ပေးရပါမည်။ ပညာရေးဌာနမှ ဆရာများ၏ အရည်အသွေးမြင့်မားစေရန် ဆောင်ရွက်ပေးသင့်ကြောင်း” တို့ကို သူကထောက်ပြခဲ့သည်။ ဤသည်မှာ decentralization ကို အမျိုးသားအဆင့်မူဝါဒများမှသည် စာသင်ခန်းများအဆင့်အထိ ကျင့်သုံးရန်တိုက်တွန်းချက်လည်းဖြစ်သည်။

အောက်မြန်မာပြည် တက္ကသိုလ်ဆရာများသမဂ္ဂ အတွင်းရေးမှူး ဆရာ ဦးသန်းထိုက်အောင်က အမှန်အတိုင်းပြောရဲ၊ ရေးရဲဖို့အတွက် ဗဟိုချုပ်ကိုင်မှုပုံစံမျိုး လုံးဝ မရှိသင့်ကြောင်းကို DVB အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “အစိုးရရဲ့ မျက်နှာကို ကြည့်စရာမလိုပဲနဲ့ အစိုးရ မှားရင်မှားတယ်။ အစိုးရ မှန်တယ်ဆိုရင်လည်း မှန်တဲ့အလျောက် မှားလို့ရှိရင်လည်း ဒါက မှားနေပြီဆိုတာ ပညာရှင်ရှုထောင့်ကနေ တွေ့ရှိချက်တွေ၊ သုတေသန ချက်တွေအရ ဒီလမ်းကြောင်းကို ခင်ဗျားတို့ ရွေးချယ်သင့်တယ်။ ဒီလမ်းကြောင်း သွားကာမှ အောင်မြင်လိမ့်မယ်လို့ စီးပွားရေးပညာရှင်ကလည်း စီးပွားရေးပညာရှင်အလျောက်၊ သမိုင်းပညာရှင်ကလည်း သမိုင်းပညာရှင်အလျောက် ထိုနည်းလည်းကောင်း အခြားသော ပညာရှင်တွေကလည်း ၀ိုင်းဝန်းပြီး တည့်မတ်တဲ့ လမ်းကြောင်းတခုကို ရောက်အောင် ပြောဆိုပြီးတော့မှ မှန်ကန်တဲ့ ပေါ်ကို ရောက်အောင် တင်ပေးရမှာဖြစ်တယ်။ အဲဒီလို တင်ပေးရမယ့် လူတွေရဲ့ အထက်မှာတော့ အုပ်ချုပ်သူအစိုးရ မရှိစေချင်ဘူး။ အဲဒီတော့ နိုင်ငံရေးအတွက် လိုအပ်တယ်ဆိုရင် ပြောရဲ ဆိုရဲတဲ့သူ ဖြစ်နိုင်ရမယ်။ ပြောရဲဆိုရဲဖို့ကို သူ့အထက်မှာ ဗဟိုချုပ်ကိုင်မှုဆိုတာ မရှိသင့်ဘူးလို့ ထင်တဲ့အတွက် ကျနော်တို့ကတော့ ဗဟိုချုပ်ကိုင်မှုကို အားမပေးဘူး။” အထူးသဖြင့် ပညာရှင်လွတ်လပ်ခွင့်ကို ရရှိနိုင်ရန်မှာ ဒီဆန်ထရယ်လိုက်ဇေးရှင်း ကို ကျင့်သုံးမှဖြစ်နိုင်ကြောင်းကို UTA အတွင်းရေးမှူးက ဆိုလိုရင်းဖြစ်သည်။

သို့ရာတွင် အသစ်ရေးဆွဲထားသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း တွင် ပါဝင်နေသည့် ဗဟိုချုပ်ကိုင်မှုဆိုသည်ကို လိုအပ်တယ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ်က ပြောကြားခဲ့သည်။ အသွင်ကူးပြောင်းရေး ကာလမှာရှိနေတဲ့ မြန်မာနိုင်ငံ အနေ ဖြင့် ပညာရေးတွင် ဗဟိုချုပ်ကိုင်မှု လိုအပ်နေဆဲ၏ဖြစ်ကြောင်းကို ရှင်းပြခဲ့သည်။ “ဗဟိုထိန်းချုပ်မှုဆိုသည်မှာ အချက် ၃ ချက်နဲ့ ပြည့်စုံရင်တော့ ပြည်သူလူထုက ကျေနပ်သင့်ပါတယ်။ ထိန်းချုပ်မှုကို လွှတ်လိုက်လို့ရှိရင် ကစဥ့်ကလျား ဖြစ်ကုန် မယ်။ အဲဒီအချက် ၃ ချက်က ဘာလဲဆိုတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တရားမျှတမှု ရှိရမယ်၊ ဆုံးဖြတ်ချက်တွေကို ဒေတာအပေါ် အခြေခံရမယ်၊ ဥပမာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စီးပွားရေး အင်အားနည်းနေတဲ့ ပြည်နယ်တွေ ပေါ့လေ။ အဆင်းရဲဆုံး ပြည်နယ်တွေ ဖြစ်နေတဲ့အတွက် သူတို့ကို ဦးစားပေးရမယ်။ ဗဟိုထိန်းချုပ်မှုစနစ်တခုကတော့ စပ်ကူးမပ်ကူး ကာလမှာ ပိုတောင်လိုသေးတယ်”။ ဤဆွေးနွေးမှုတွင် ပါရှိသော အသွင်ကူးပြောင်းရေးကာလတွင် ဗဟိုချုပ်ကိုင်မှုကို ဆက်လက်ကျင့်သုံးရေးအပေါ် ဆရာအသင်းအဖွဲ့များနှင့် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ထားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပညာရေးလွတ်လပ်ခွင့်၏ မူစံနှုန်းများနှင့် သဘောတရားများကို သဘောမပေါက်ဘဲ အစိုးရ၏ ဗဟိုဦးစီးစနစ်ကို အကောင်အထည်ဖော်နေသည်ဟု NNER အဖွဲ့ဝင်များက ဝေဖန် ပြောကြားခဲ့သည်။ ဧပြီ ၇ ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးပြင်ဆင် အတည်ပြုခဲ့ပြီးနောက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့မှ ပြင်ဆင်ထားသည့် ဥပဒေကြမ်းသည် ယခင်ကာလများကဲ့သို့ပင် ဗဟိုမှ ချုပ်ကိုင်သည့်စနစ်ကို အကောင်အထည်ဖော် ထားကြောင်း၊ ကျောင်းသားများ တောင်းဆိုထားသည့် အချက်များနှင့်လည်း ကွဲလွဲမှုများ ရှိနေကြောင်း ယင်း အဖွဲ့များက ဝေဖန် သုံးသပ်လျက်လည်း ရှိနေဆဲဖြစ်သည်။

ခရီးရှည် လမ်းလျှောက်ခြင်းဟာ ဒီဆန်ထရယ်လိုက်ဇေးရှင်းနိဒါန်း - မြန်မာ့ဖက်ဒရယ်ပညာရေးအစ...
လေးပွင့်ဆိုင် တွေ့ဆုံမှုနှင့် တောင်းဆိုချက်များမှာ မြန်မာ့ပညာရေးကို ဒီဆန်ထရယ်လိုက်ဇေးရှင်း ပြုမှုအတွက် အဦးအစပင် ဖြစ်ခဲ့ပါလိမ့်မည်။ သို့သော် အာမခံချက်ပြည့်ပြည့်၀၀ မရရှိခဲ့ခြင်းမှာ ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ပိုမို ဆိုးရွားလှသည်မှာ ပညာရေးလွတ်လပ်ခွင့်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှု လျော့ချရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုလျက်ရှိသည့် ကျောင်းသား သပိတ်စစ်ကြောင်းများကို အကြမ်းဖက် ဖြိုခွဲမှုနှင့်အတူ ကျောင်းသားများကို ဖမ်းဆီး ထောင်ချလိုက်ခြင်း ပင်ဖြစ်သည်။ (လုံးဝ) မလိုလားအပ်သော ပညာရေးသမိုင်း အမည်းစက်နှင့်အတူ ဒီမိုကရေစီပညာရေးနှင့် ဖက်ဒရယ်ပညာရေးစနစ်တို့ တည်ဆောက်မှုမှာ စလုံးရေပင် မစနိုင်ခင်မှာ နောက်ကြောင်း ပြန်လှည့်သွားသလိုမျိုး ဖြစ်ခဲ့ပြီ။ သို့သော် ကျောင်းသားများ၏ ခရီးရှည် ချီတက်မှုနှင့် တိုက်ပွဲဝင်တောင်းဆိုမှုတို့မှာ အချည်းနှီးတော့ မဖြစ်သင့်ပါ။ မျိုးဆက်များအတွက် ရှေးရှုရမည့် ပညာရေးမူ တစ်စုံတစ်ရာကိုတော့လည်း လွှတ်တော်ပြင်ပ လှုပ်ရှားမှုအနေဖြင့် ချမှတ်နိုင်ခြင်းပင်။ မည်သည့်အစိုးရပင် အာဏာရလာသည်ဖြစ်စေ သမိုင်းဝင် ၂၀၁၅ ကျောင်းသား စစ်ကြောင်းများက မိုင်ရာချီ လမ်းလျှောက် တောင်းဆိုခဲ့သည့် ဒီမိုကရေစီပညာရေး ကြွေးကြော်သံမှာ တိုင်းရင်းသားများ လိုလားလျက်ရှိသည့် ဖက်ဒရယ် ပညာရေးစနစ်အတွက် နိဒါန်းပျိုးခြင်းပင်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် ပညာရေးစနစ်အတွက် ဗဟိုဦးစီး ချုပ်ကိုင်မှုများ လျော့ချပစ်ရေးမှာ မရှိမဖြစ် လိုအပ်လှသည်။ ပြည်နယ်အဆင့်ကို အာဏာခွဲဝေခြင်းမှာ ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သည်။ ပညာရေး ဝန်ထမ်း ခန့်အပ်ခြင်း၊ ဘဏ္ဍာငွေကြေး ရန်ပုံငွေကိစ္စရပ်များ၊ သင်ရိုးညွှန်းတမ်းကို စီမံခြင်းနှင့် ပညာရေးမူဝါဒများကို ဖက်ဒရယ်စနစ်နှင့် လိုက်လျောညီစွာ ပြည်နယ်အဆင့်နှင့် အောက်ခြေအဆင့် ကျောင်းအထိ ပိုမို လွတ်လပ်သော လုပ်ပိုင်ခွင့်များ ပေးရပါလိမ့်မည်။ ပြည်နယ်အဆင့်၊ ဒေသအဆင့်များနှင့် အောက်ခြေအဆင့်များအတွက် ဖက်ဒရယ်နိုင်ငံရေးအရ အာမခံချက် ပေးခြင်းနှင့်အတူ လွတ်လပ်စွာ အာဏာခွဲဝေ လုပ်ကိုင်ခွင့်ပြုရေး လုပ်ငန်းစဉ် Decentraliation - Devolution ကို စတင်နိုင်မှသာလျှင် ဖက်ဒရယ်ပညာရေး သရုပ်သကန် ပေါ်လွင်ပြီး မြန်မာ့ပညာရေးလည်း ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ပါကြောင်း ယုံကြည်ပါသည်။

သိန်းနိုင် (မောက္ခပညာရေး)
ဆက်လက်ဆွေးနွေးပါဦးမည်။ သံလွင်တိုင်းမ်ဂျာနယ်၊ စက်တင်ဘာလ၊ ၂၀၁၅၊ မော်လမြိုင်မြို့။
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၃) အသိပညာမျိုးဆက်ကို ပျိုးထောင်၊ အသိပညာစီးပွားရေးကို လက်ဆင့်ကမ်းခြင်း

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၃) အသိပညာမျိုးဆက်ကို ပျိုးထောင်၊ အသိပညာစီးပွားရေးကို လက်ဆင့်ကမ်းခြင်း

ကောင်းမွန်သော လူ့အဖွဲ့အစည်းဆိုသည်မှာအဘယ်နည်း။ ဘာကြောင့် ပညာ သင်ကြားပေးနေ ပါသနည်း။ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ရန်မည်သည့်အရာများကို မည်သို့မည်ပုံ သင်ကြားရ ပါမည်နည်း။ ((-မဲလဘုန်းမြို့(၂၀၁၅ ခုနှစ် ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့ ပထမဆုရ)၊ ကော်ဖီဆိုင်တစ်ဆိုင်တွင်အခမဲ့ ဖြန့်ဝေသော ပို့စကဒ်ပါစာသားများ…)))
ပညာရေးကို လူတိုင်းလိုလိုပင် စိတ်ပါဝင်စားတတ်ကြပါသည်။ ညနေခင်းဝိုင်းဆုံပွဲများတွင်ဖြစ်ေ၊ ဖိုရမ်များနှင့် အစည်းအဝေးများတွင်ဖြစ်စေ မတူသော အမြင်များဖြင့်အကြီးအကျယ် အငြင်း ပွားဖွယ်ရာ ခေါင်းစဉ်တစ်ခုလည်း ဖြစ်၏။ ဤသို့ ဖြစ်ရသည့် အကြောင်းမှာ ရိုးရှင်းလှပါသည်။လူပုဂ္ဂိုလ်၏ ပညာရေး အဆင့်အတန်း၊ သူ၏ အလုပ်အကိုင်နှင့် ၀င်ငွေလစာနှုန်းထားတို့မှာ ဆက်စပ်နေတတ်သည့်အတွက်ပင် ဖြစ်သည်။ ဤမျှသာမကသေးပါ။ ရိုးရာဓလေ့များ၊ လူမှုစံတန်ဖိုးများနှင့် ယဉ်ကျေးမှုအမြင်များကို လက်ဆင့်ကမ်း ပေးသည့် အဓိကနေရာမှာလည်း ပညာရေးနယ်ပယ်ပင် မဟုတ်ပါလား။ curriculumပင်မ သင်ရိုးညွှန်းတမ်းများနှင့် နောက်ခံလွှာ သင်ရိုးညွှန်းတမ်းများ hiddencurriculum များက ဤတာဝန်ကို ယူထားရသည်။ လိုလားအပ်သော လူ့အဖွဲ့အစည်းကို ပျိုးထောင်ပေးနိုင်ခြင်းဖြစ်၏။နိုင်ငံသား အမှတ်အသား သရုပ် indentity ကို အဓိက ပုံဖေါ် တည်ဆောက်ပေးနေသည်မှာလည်း စာသင်ကျောင်းများပင်ဖြစ်ပြန်သည်။ ကလေးငယ်၏ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုအတွက် အဓိက ပင်မဌာနများလည်းဖြစ်သည်။
သြစတြေးလျား ပညာရေးစနစ်မှာ လွန်စွာ ကြီးများ ကျယ်ပြန့်လှသည်။နို့စို့အရွယ်ကပင် တစ်သက်တာ (တရားဝင်) ပညာရေးခရီး စတင်သည်ဖြစ်၏။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်နှင့်အညီ ကလေးငယ်ဦးရေ၏ ၈၆ ရာခိုင်နှုန်းအထိ မူကြိုပညာရေးကို အသက် ၃ နှစ်ခန့်မှ စတင်တက်ရောက်ကြသည်။အများစုမှာ အသက် ၃ နှစ် မတိုင်မီကတည်းကပင် နေ့ကလေးထိန်းဌာနများတွင် နေခဲ့ကြဖူးသူများဖြစ်သည်။မူလတန်းပညာရေးကို စတင်နိုင်ရန် လိုအပ်သော စွမ်းရည်အချို့ကို ပြင်ဆင်လေ့ကျင့်ခြင်းဟုဆိုရမည်။ အသက် ၅ နှစ်ကျော်၊ ၆ နှစ် အရွယ်ခန့်တွင် မူလတန်းပညာရေးစတင်ပါသည်။ (ပြည်နယ်အလိုက်ကွဲပြားသေးသည်။) ဆရာများ၏ လေ့ကျင့်သင်ကြားမှုနှင့် ယဉ်ပါးစေရန်၊ နားထောင်တတ်စေရန်၊စာသင်ခန်းတွင်း ညွှန်ကြားချက်များကို လိုက်နာ လုပ်ဆောင်တတ်စေရန်၊ သင်ယူလေ့လာမှုတွင် စိတ်ပါလက်ပါကိုယ်တိုင်ပါဝင်တတ်စေရန်… အစရှိသည်တို့ကို မူကြိုတွင် လေ့လာကြရခြင်းဖြစ်သည်။
တရားဝင် မသင်မနေရ ပညာရေး Compulsory education မှာ မြောက်ပိုင်းဒေသကြီးNorthern Territory, နယူးဆော့သ်ဝေးလ်းစ် New South Wales ပြည်နယ်နှင့် သြစတြေးလျားမြို့တော်ဒေသကြီး Australian Capital Territory တို့တွင် အသက် ၁၅ နှစ်အထိ ဖြစ်သည်။ ဗစ်တိုးရီးယားပြည်နယ်Victoria, တောင်သြစတြေးလျားပြည်နယ် South Australia, တို့တွင် အသက် ၁၆ နှစ်အထိဖြစ်ပြီးကွင်းစလန်ပြည်နယ် Queensland, တက်စမေးနီးယားပြည်နယ် Tasmania, နှင့် အနောက်ပိုင်း သြစတြေးလျားပြည်နယ်Western Australian တို့တွင် အသက် ၁၇ နှစ် အထိ မသင်မနေရ ပညာရေးအဖြစ် သတ်မှတ်ထားရှိသည်။ (အခြေခံပညာကျောင်းတွင်ဖြစ်စေ၊သက်မွေးသင်တန်းတွင် ဖြစ်စေ (မဖြစ်မနေ) ဥပဒေအရ တက်ရောက်နေရမည့် အသက်သတ်မှတ်ချက်ဖြစ်၏။)ပညာရေးအတန်းများ တက်ရောက်ခဲ့ခြင်းနှင့် လုပ်အားလစာဝင်ငွေ တိုက်ရိုက် အချိုးကျမှု ရှိနေကြောင်းသုတေသနက ထောက်ပြထားပါသည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ယူကေနှင့် သြစတြေးလျားနိုင်ငံတို့တွင်လေ့လာခဲ့ခြင်းဖြစ်သည်။ အထက်တန်းအဆင့်တွင် တစ်နှစ်ခန့် ပို၍ တက်ရောက်ခွင့် ရရှိခဲ့သူတို့မှာနှစ်စဉ် ၀င်ငွေလစာ ၁၀ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ပိုမို ရရှိကြခြင်းဖြစ်သည်။ဘွဲ့ဒီဂရီ ရရှိသူတို့မှာ လစာဝင်ငွေ ပိုမို ခံစားခွင့် ရှိနေခြင်းကိုမူ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်အံအားသင့်ဖွယ်ရာ မရှိပါ။ မျိုးဆက်များနှင့် ဆက်စပ်နေတတ်ပါသည်။ ပညာတတ်ဘွဲ့ရ မိဘများ၏သားသမီးတို့မှာ ဘွဲ့ရပညာတတ်ဖြစ်နိုင်ချေ ပိုမိုရှိနေတတ်သည်။ ၀င်ငွေ ပိုကောင်းတတ်သည်။၂၀၁၀ ခုနှစ်တွင် လေ့လာမှု စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၅၄ နှစ်အရွယ် ရှိသူများတွင် အထက်တန်းအထက်ဆင့် ၁၂ တန်း ပညာရေးအောင်လက်မှတ် မရရှိခဲ့သူများမှာ ဘွဲ့ရများနှင့် နှိုင်းယှဉ်သော်အလုပ်လက်မဲ့ဖြစ်နိုင်ချေနှင့် အလုပ်လက်မဲ့ဖြစ်နေခြင်းမှာ ၂ ဆ ခန့်အထိ မြင့်မားနေတတ်သည်။
knowledge economy
     သြစတြေးလျားနိုင်ငံ၏အနာဂတ်စီးပွားဖွံ့ဖြိုးမှုမှာ စမတ်ကျသောလူဦးရေအပေါ် မှီတည်နေပါသည်။ အခြားသောဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စေရန်ဖြစ်သည်။ ကျောက်ခေတ် စိုက်ပျိုးမွေးမြူရေးအခြေခံစီးပွားရေးစနစ်မျှနှင့်တော့ ၂၁ ရာစုကမ္ဘာတွင် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်တော့ပါ။လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုတွင် သြစတြေးလျားနိုင်ငံသားအများစုကြီးမှာ အဆင့်မြင့်ပညာတက္ကသိုလ်များတွင်ဖြစ်စေ၊ သက်မွေး သိပ္ပံကောလိပ်ကျောင်းများ technical and furthereducation (TAFE) တွင်ဖြစ်စေ တက်ရောက်သင်ကြားသူဦးရေ ပိုမိုတိုးတက်လာခဲ့သည်။ ချမ်းသာသူများအတွက်သာသီးသန့် မဟုတ်တော့ပါ။ ကျောင်းပြင်ပ ပညာရေး၊ လုပ်ငန်းခွင် စွမ်းရည်မြှင့်ပညာရေးသင်တန်းများလည်းတိုးပွားလာခဲ့သည်။ အွန်လိုင်း ဘွဲ့သင်တန်းများလည်း အီလက်ထရောနစ်၊ အင်တာနက်ခေတ် ထိပ်တန်းနိုင်ငံဖြစ်သည်နှင့်အညီတိုးပွားနေဆဲဖြစ်သည်။ နေ့ကျောင်းတက်စရာမလိုဘဲ အလုပ်လုပ်ရင်းပင် တက္ကသိုလ်များ၏ ပုံမှန်ဘွဲ့သင်တန်းအရည်အသွေးအတိုင်း ၁၀၀ ရာခိုင်နှုန်းပြည့်မီသော ပညာကို အွန်လိုင်းစနစ်ဖြင့်မိမိရွာ (သို့မဟုတ်) လုပ်ငန်းခွင်နေရာများမှ တိုက်ရိုက် လေ့လာနိုင်ကြခြင်းဖြစ်သည်။ဆယ်ကျော်သက်များမှသည် အသက် ၅၀ ကျော်၊ ၆၀ တန်းများလည်း အွန်လိုင်းဘွဲ့သင်တန်းများတွင်တက်ရောက်နိုင်ကြသည်မှာ ပညာခေတ်၏ သရုပ်သကန်ဟု ဆိုရမည်။
အသိပညာမျိုးဆက်၊ အသိပညာစီးပွားရေး Knowledgegenerations and Knowledge economy
၂၁ ရာစုတွင် အသိပညာမှာ (လူသုံးကုန်ပစ္စည်း တစ်ခုအနေဖြင့်)ပိုမို အရေးပါလှသော ခေတ်ဆီသို့ ရွေ့လျားလာခဲ့ပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၅၀ ကာလအတွင်းလူတို့ အလုပ်လုပ်ကိုင်ပုံ၊ အလုပ်အကိုင် အမျိုးအစားများနှင့် စီးပွားရေး အခြေခံအဆောက်အအုံတို့မှာများစွာ ပြောင်းလဲလာခဲ့၏။ အသိပညာ အခြေပြုစီးပွားရေးခေတ် knowledge based economy ဟုဆိုကြသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းကြီး(OECD) က ၁၉၉၆ ခုနှစ်တွင် အခြေခံလူသုံးကုန် ပစ္စည်းအသစ် တစ်မျိုးအနေဖြင့် “အသိပညာ” ဆိုသောပစ္စည်းသစ်တစ်မျိုး ရောက်ရှိလာသည့် ခေတ်ကို ရွေ့ လျားလာနေပြီဖြစ်ကြောင်း ထုတ်ဖေါ် ကြေညာခဲ့သည်။
အသိပညာအခြေပြု စီးပွားရေးknowledge based economy ဆိုသော ဝေါဟာရကို ဖွင့်ဆိုရာဝယ် ဗဟုသုတ၊ အသိပညာနှင့် နည်းပညာမှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုအရေးပါလှကြောင်းကို အပြည့်အ၀ အသိအမှတ်ပြုလာရခြင်းဖြစ်သည်။ လူသား၏ ရှင်သန်မှု (လူသားအရင်းအနှီး) ထဲတွင် အခရာကျလှသော ဗဟုသုတ၊ အသိပညာနှင့်နည်းပညာတို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အစဉ်အမြဲပင် အချက်အချာ ကျခဲ့သည်။သို့ရာတွင် လွန်ခဲ့သော နှစ် အနည်းငယ်ကမှ အဓိကကျနေကြောင်းကို ပိုမို သိမြင်လာကြသည်။အသိအမှတ်ပြုလာကြသည်။ အသိပညာအဓိက ၀န်ဆောင်မှုကဏ္ဍများတွင် ပညာရေး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်တို့မှာပိုမို တွင်ကျယ် အရေးပါလာတော့သည်။ OECD နိုင်ငံများ၏ အမျိုးသားစုစုပေါင်း ထွက်ကုန်Gross Domestic Product GDP ၅၀ ရာခိုင်နှုန်းမှာ အသိပညာအဓိက စီးပွားရေးကဏ္ဍဖြစ်ကြောင်းသုံးသပ်ပါသည်။”   (OECDအစီရင်ခံစာ၊ ၁၉၉၆ ခုနှစ်)
အသိပညာကို ဖန်တီး၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကိုအခြေပြုထားသည့် စီးပွားရေးမှာ (ရေနံ၊ အမဲသား၊ အာလူး၊ စပါး စသည်တို့ကဲ့သို့) ထွက်ကုန်ပစ္စည်းကိုအခြေပြုသော စီးပွားရေးများနှင့် ကွာခြားလှသည်တော့ မဟုတ်ပါ။ လူသားအရင်းအနှီးအပေါ် တည်မှီနေကြခြင်းမှာအတူတူပင် မဟုတ်ပါလား။ သတင်းအချက်အလက်ကို ကုန်စည်ကဲ့သို့ ဖလှယ်နေသည့် စီးပွားရေးကဏ္ဍတွင်-
-       သိသူ-လုပ်တတ်သူ။ လုပ်သားတစ်ဦး၏ လူမှုဆက်ဆံရေး၊ အဆက်အသွယ်များနှင့်ပတ်သက်နေသည့် အရည်အသွေးနှင့်အရေအတွက်မှာ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် နတ်ဝါ့က်များကို အမှီသဟဲ ပြုထားရသည့် စီးပွားရေးအတွက်အရေးပါလှပါသည်။
-       အသိပညာ၊ဗဟုသုတ ရှိပြီး နည်းပညာ စွမ်းရည်ပြည့်ဝခြင်း (မိုက်ခရို အီလက်ထရောနစ်နည်းပညာ၊ ကွန်ပျူတာ၊စက်ရုပ်များ၊ တယ်လီကွန်မြူနီကေးရှင်း စွမ်းဆောင်ရည်များ)၊ ပစ္စည်းသစ် ထုတ်လုပ်နိုင်စွမ်း၊ဇီဝနည်းပညာနှင့် သွားလာဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ပုံစံသစ်များ။
-       ပြောင်းလဲလာနေသည့်မိသားစု ပုံစံသစ်များ၊ အိမ် - အလုပ်မျှခြေ၊ နတ်ဝါ့က်နှင့်သာ ချိတ်ဆက်ထားနိုင်ပါက မည်သည့်နေရာ၊မည်သည့်အချိန်တွင်မဆို ၀န်ထမ်းများအနေဖြင့် အလုပ်လုပ်နိုင်ကြခြင်း၊ အချိန်နှင့် နေရာအရလုပ်သားဝန်ထမ်း ပုံစံအသစ်များ ထွက်ပေါ်လာခြင်း၊ အချိန်ပြည့်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်း၊စီမံချက်အရ ကဏ္ဍအလိုက်၊ စပါယ်ရှယ်လစ် ၀န်ထမ်း၊
-       စွမ်းဆောင်ရည်မရှိသော၊ စွမ်းဆောင်ရည် မပြည့်ဝသောသူများအနေဖြင့် အဆင့်မြင့် စွမ်းဆောင်ရည် လိုအပ်သောလုပ်ငန်းခွင် နေရာတွင် ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိပါ။ မိမိအလုပ်ပိုင်းတွင် စဉ်ဆက်မပြတ်စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှာ မဖြစ်မနေ လိုအပ်လာသည်။ ဆက်တိုက် လေ့လာမှုနှင့် သင်တန်းများမှာဝန်ထမ်းအားလုံး (မူဝါဒ၊ စီမံ၊ နည်းပညာ၊ အောက်ခြေဆိုင်ရာအားလုံး) အတွက် လိုအပ်သည်။ မိမိ၏အရည်အသွေးကို အစဉ်သဖြင့် တိုးမြှင့်နေရမည်။ စွမ်းရည်နိမ့်ပါက လစာနိမ့်မည်။
ဤနေရာတွင် `ပညာရေး အရည်အသွေး မြင့်ခြင်း` ကို ဆွေးနွေးလိုပါသည်။အထူးသဖြင့် ကမ္ဘာရွာအမှု ပြုထားပြီဖြစ်သော စီးပွားရေးအသစ်တွင်သြစတြေးလျားနိုင်ငံသားများ အလုပ်လုပ်ရာတွင် လိုအပ်သော စွမ်းရည်သစ်များ new skills များရှိနေသည်။ စဉ်ဆက်မပြတ် အသစ် ပြင်ဆင်တည်ဆောက်နေရသည့် စီးပွားရေးစနစ်၏ လိုအပ်ချက်များကိုလိုက်ပါ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပညာရေးစနစ်ကိုလည်း လိုက်ပါပြောင်းလဲ ပြင်ဆင်ပေးရန်လိုအပ်ချက်ကို သံသယရှိစရာ မလိုပါ။ အရှိန်နှုန်းထားဖြင့် ပြောင်းလဲနေသော လုပ်အားဈေးကွက်၊မကြုံစဖူး တိုးတက်လာနေသည့် နည်းပညာနှင့် အသိပညာပေါက်ကွဲမှုတို့နှင့် အညီ ပညာရေးကို ပြင်ဆင်ရခြင်းဖြစ်သည်။
ပညာခေတ်တွင် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် စာသင်ကြားခြင်း
   ကမ္ဘာမှုပြုထားခြင်းခံရသောစီးပွားရေးစနစ်များကို အလုပ်ရှာဖွေလျက်ရှိသည့် ရွှေ့လျားနေသော လူထုများ၊ လူနေမှု ပုံစံများနှင့်ရပ်ရွာများက ပုံဖေါ်ပေးလျက်ရှိနေသည်။ ပြည်နယ်များအတွင်း၊ အပြင် ရွှေ့လျားနေသော လူထုကြီး၊နိုင်ငံအတွင်းအပြင် ရွှေ့လျားနေသော သူများ။ ရှေးအခါက အစဉ်အလာအရ လုပ်ကိုင်နေခဲ့သော လုပ်ငန်းကိုင်ငန်းများမှာပျောက်ကွယ်လို့ လာနေသည်။ စက်မှုလုပ်ငန်းသစ်များ၊ စီးပွားရေးပုံစံသစ်များ ပေါ်ထွက်လာသည်။ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် ကလေးငယ်များက မိမိတို့ကိုယ်ကိုယ် သရုပ်ပုံဖေါ် တည်ဆောက်နေကြပြီ။ကမ္ဘာ့နေရာအနှံ့အပြားကို အွန်လိုင်းများ၊ မီဒီယာများမှတဆင့် ကလေးငယ်များလည်း ၀င်ရောက်လည်ပတ်တတ်ပြီ။စွမ်းရည်သစ်များ၊ အသိသစ်များကို နေ့စဉ်နှင့် အမျှ ရရှိနေသော ကလေးငယ်များနှင့် မိဘများ၊ကျောင်းဆရာဆရာမများက ရင်ဆိုင်ရလျက်။ ကိုယ်ပိုင်အိုင်ဒန်ဒတီ၊ မိသားစု တည်ဆောက်ပုံ၊ ဆင်းရဲမွဲတေမှုနှင့်လူမှုရေး ဗဟိုချက် ဖရိုဖရဲဖြစ်ခြင်းများဖြင့် ကြုံတွေ့နေကြရပြီ။
နှစ် ၂၀၀ ကျော်က စက်မှုလယ်ယာခေတ် လူ့အဖွဲ့အစည်းအတွက်မျှသာတည်ထွင် အသုံးပြုခဲ့သည့် စာသင်ကျောင်းနှင့် ပညာရေးစနစ်ကို ပြင်ဆင်ရတော့မည်။ လုံးဝ ကွဲပြားခြားနားသောစွမ်းရည်သစ်များနှင့် အလုပ်လုပ်ကိုင်ပုံ နည်းလမ်းအသစ်တို့ဖြင့် ကျောင်းသားများကို လေ့ကျင့်ပျိုးထောင်ပေးရတော့မည်။ အထူးသဖြင့် ဗဟုသုတများ၊ စွမ်းရည်များကို စာတွေ့၊ သရုပ်ပြ၊ ဆွေးနွေးခြင်း၊မာလတီမီဒီယာ ဆက်သွယ်ရေး နည်းလမ်းများဖြင့် ပြင်ဆင်ပေးရတော့မည်။
ပြဿနာ၊ အခက်အခဲများကိုဖေါ်ထုတ်တတ်ခြင်း၊ သိမ်မွေ့ညင်သာစွာ၊ ပရိယာယ်ကြွယ်ဝစွာဖြင့် ဖြေရှင်း တတ်ခြင်း၊ အုပ်စုတွင်းပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ လူမှုဆက်ဆံရေးနှင့် တင်ပြဆွေးနွေးတတ်ခြင်း စွမ်းရည်ပြည့်ဝခြင်း…စသည်တို့မှာ မရှိမဖြစ် စွမ်းရည်များဖြစ်လာသည်။ သတင်းအချက်အလက် ရင်းမြစ်ကို သိနားလည်ရန်လည်းလိုအပ်လာသည်။ (အွန်လိုင်းရင်းမြစ်များ၊ လက်စွဲစာစောင်၊ အကူအညီ တောင်းခံ တတ်ခြင်း၊)။ဤစွမ်းရည်များကို ရရှိလာစေရန် သြစတြေးလျား စာသင်ကျောင်းများက သင်ရိုးညွှန်းတမ်း အသစ်များကိုသင်ကြားပေးရုံ မျှသာမကသေးဘဲ သင်ကြားနည်းလမ်းအသစ်များ၊ မာလတီ မီဒီယာများ ကိုလည်း အသုံးပြုရသည်။ထို့အပြင် လူငယ်များအနေဖြင့် ဤစံနှုန်းသစ်၊ စွမ်းရည်သစ်များကို လေ့လာ ကြရခြင်းနှင့်အတူပိုမိုကျယ်ပြန့်လာနေသည့် လူမှုရေးနှင့် ယဉ်ကျေးမှု အပြောင်းအလဲများတွင်လည်း မိမိကိုယ်ကိုယ်ယုံကြည်ချက်ဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ကြရတော့မည်။ လူမူဆက်ဆံရေး ပုံစံသစ်များ၊ယဉ်ကျေးမှုစံတန်ဖိုးသစ်များ၊ အသိသစ်များ၊ စွမ်းရည်သစ်များ ရရှိစေရန် ကြိုးပမ်းတတ်ခြင်း၊မိမိကိုယ်တိုင် သင်ယူလေ့လာတတ်ခြင်းနှင့် အသုံးမ၀င်တော့သော အယူအဆဟောင်းများကို စွန့်လွှတ်တတ်ခြင်း၊မတူကွဲပြားသော သူများနှင့် ညှိနှိုင်း နေထိုင်တတ်ခြင်းတို့ ပါရှိသည်။
ကျောင်းပညာရေးကို လက်လှမ်းမီခြင်းနှင့် သင်ကြားခွင့်ရရှိခြင်းတို့မှာလူမှုစီးပွားနောက်ခံ အခြေအနေများနှင့် ဆက်စပ်လျက်ရှိသည်။ ဤသည်မှာ အစဉ်အမြဲပင်ဟု ဆိုနိုင်သည်။မိမိတက်ရောက်သောကျောင်းနှင့် မိသားစုနောက်ခံတို့မှာ ကျောင်းသား၏ ပညာရည် တိုးတက်မှုအပေါ်တွင်များစွာ သက်ရောက်နိုင်ပါသည်။ အဆုံးစွန်အားဖြင့် အလုပ်အကိုင်များနှင့် ၀င်ငွေရရှိမှုအထိလည်းဆက်စပ်နေတတ်သည်။ အစဉ်သဖြင့်ပင် မြန်မြန်ဆန်ဆန်နှင့် အကြီးအကျယ်  ပြောင်းလဲလျက်ရှိနေသော စီးပွားရေးစနစ်တွင် အလုပ်အကိုင်များစွာတို့ကိုဆုံးရှုံးရလျက်ရှိသည်။ အတိတ်ကာလတွင် စွမ်းရည် သိပ်များများစားစား မလိုအပ်သည့် လုပ်သားအင်အားများစွာတို့နေရာတွင် ဘက်စုံထောင့်စုံတွင် ထူးချွန်ထက်မြက်သော လူနည်းနည်းသာ လိုအပ်လို့လာနေသည်။အခြေခံလုပ်သားများ၏ အသိပညာနှင့် စွမ်းဆောင်ရည်များလည်း တိုးတက်ရန် လိုအပ်နေခဲ့ပြီ။
လွန်ခဲ့သော နှစ် ၁၀၀ ကာလများတွင်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာရေးသာ အဓိကဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။နောင် နှစ် ၁၀၀ တွင်လည်း ပညာရေးကသာလျှင် စီးပွားရေးကို ဆက်လက် မောင်းနှင်နေပါဦးမည်။
သိန်းနိုင် (မောက္ခပညာရေး)ဆက်လက်ဖေါ်ပြပါမည်။ (သံလွင်တိုင်းမ်ဂျာနယ်၊ ၁၂ စက်တင်ဘာ၊ ၂၀၁၅ မော်လမြိုင်မြို့)

(သံလွင်တိုမ်းဂျာနယ်၊ ၁၂ စက်တင်ဘာ ၂၀၁၅)
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး အပိုင်း (၁၂) အသိပညာလူ့အဖွဲ့အစည်းကို တည်ထောင်ခြင်း

ဖက်ဒရယ်ပညာရေး အပိုင်း (၁၂) အသိပညာလူ့အဖွဲ့အစည်းကို တည်ထောင်ခြင်း

       koala australianကမ္ဘာ့ပညာနိုင်ငံများ စာရင်းဝင် သြစတြေးလျားနိုင်ငံ၏ ပညာရေးစနစ်မှာ အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံတကာ စံချိန်စံနှုန်း ပြည့်မီပြီးအသိပညာလူ့အဖွဲ့အစည်း knowledge society အဖြစ် တည်ဆောက်နိုင်ရန် ပညာရေးစနစ်ကို စဉ်ဆက်မပြတ်ဆန်းသစ်၊ ပြုပြင်လျက်ရှိနေသည်။ ကမ္ဘာပေါ်တွင် အမှတ်စဉ် ၁၂ ခုမြောက် အကြီးဆုံးသော စီးပွားရေးကိုပိုင်ဆိုင်ထားပြီး တစ်ဦးချင်းဝင်ငွေ အများဆုံး နံပါတ် ၅ ခုမြောက် နိုင်ငံဖြစ်သည်။လူသားဖွံ့ဖြိုးမှုအညွန်းကိန်းများအရ ဒုတိယမြောက် နိုင်ငံဖြစ်သည်။ ဘ၀အရည်အသွေး၊ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေးလွတ်လပ်မှု၊ လူမှု လွတ်လပ်ခွင့်များနှင့် နိုင်ငံရေး အခွင့်အရေးများအရကမ္ဘာ့အဆင့်အတန်းတွင် ထိပ်တန်းအဆင့်ရှိ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်။ OECD ဖွံ့ဖြိုးပြီးနိုင်ငံ ၃၀ မှ နိုင်ငံတကာ ကျောင်းသားများအား စစ်ဆေးခြင်း PISA တွင်လည်းထိပ်ဆုံး ၅ နေရာအတွင်း ရရှိတတ်သည်။ ပညာထိပ်တန်းနိုင်ငံဟုလည်း ဆိုနိုင်သည်။ ပညာရေးသမဂ္ဂ အားကောင်းသည့်အတွက် မူဝါဒရေးရာတွင် ဆရာဆရာမများနှင့် မိဘပြည်သူတို့၏ ခံစားချက်များနှင့် အသံတို့ကို အစဉ်ပင် ထည့်သွင်းစဉ်းစားကြသည်။
        အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်အထိ မသင်မနေရ ပညာရေးစနစ်compulsory education ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရပြည်နယ်အလိုက် ပညာရေးဝန်ကြီးဌာနများက အဓိကအားဖြင့် တာဝန်ယူရသည်။ ကမ္ဘာ့ထိပ်သီး အကောင်းဆုံးတက္ကသိုလ် ၁၀၀ စာရင်းတွင် သြစတြေးလျားတက္ကသိုလ် ၇ ခု ပါဝင်ပါသည်။ ဖက်ဒရယ်အစိုးရထံမှ ပြည်နယ်များအနေဖြင့်ဘဏ္ဍာငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ရယူနိုင်ပြီး သင်ရိုးစံနှုန်းများကို ထိန်းညှိရာတွင်ပါဝင်ဆောင်ရွက်ကြသည်။ သို့ရာတွင် ပြည်နယ်တွင်း စာသင်ကျောင်းများကို ပြည်နယ်အစိုးရများနှင့်ကျောင်းများက လွတ်လပ်စွာ စီမံခန့်ခွဲအုပ်ချုပ်ကြသည်။ ဤသည်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ်ပညာရေးကို အပြည့်အ၀ ကျင့်သုံးခြင်းဟု ဆိုရမည်။
ဖက်ဒရယ်စနစ် နိဒါန်း
           လွန်ခဲ့သော နှစ်တစ်ရာကျော်၊ ဇန်န၀ါရီလ ၁ ရက်၊ ၁၉၀၁ ခုနှစ်တွင်သြစတြေးလျားနိုင်ငံကို ဖက်ဒရယ်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် တရားဝင်တည်ထောင်ခဲ့ကြသည်။၁၈ ရာစုနှောင်းပိုင်းကာလ၊ ၁၇၈၈ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ လက်အောက်ခံ ကိုလိုနီနယ်မြေအဖြစ်အလွန်ကြီးမားကျယ်ပြန့်လှသည့် သြစတြေးလျား တစ်တိုက်လုံးကို သိမ်းသွင်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကိုလိုနီနယ် ၆ ခုဖြင့် အုပ်ချုပ်စေခဲ့သည်။ ဗြိတိသျှတို့ မ၀င်ရောက်မီ လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းခန့်ကာလမှ စတင်ကာ ဌာနေ aborigines  အဘော်ရင်းဂျင်းနီး တိုင်းရင်းသား မျိုးနွယ်စုများကနေထိုင်ခဲ့ကြသည်။ ၁၉ ရာစုနှောင်းပိုင်း ၁၈၉၀ ဆယ်စုနှစ်ကာလများအတွင်း ဤကိုလိုနီနယ်မြေများမှအစိုးရများက စုစည်းညီညွတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနဿဟာရနိုင်ငံအဖြစ် ဗြိတိသျှအင်ပါယာအတွင်းတည်ထောင်ရန် ဆန္ဒခံယူပွဲများကို ကျင်းပခဲ့ကြသည်။ ကိုလိုနီနယ် ၆ ခုစလုံးမှ အများစုကြီးကဖက်ဒရယ်စနစ်ကို တညီတညွတ်တည်း ဆန္ဒမဲပေးခဲ့ကြပြီးနောက် သြစတြေးလျား ဖက်ဒရယ်နိုင်ငံFederation of Australia ကို ကနဦး တည်ဆောက်ခဲ့ကြပြီး ၁၉၀၁ ခုနှစ်တွင် သြစတြေးလျားဓနဿဟာရနိုင်ငံCommonwealth of Australia အဖြစ် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ စည်းမျဉ်းခံဘုရင်စနစ်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ သြစတြေးလျား ဖက်ဒရယ်စနစ်ဖွဲ့စည်းပုံမှာအမေရိကန်ပြည်ထောင်စု၏ မူလဖွဲ့စည်းပုံနှင့် ဆင်တူပြီး ဗြိတိသျှတို့၏ ၀က်မင်စတာအုပ်ချုပ်ရေးစနစ်westminister system (ပါလီမန်ဒီမိုကရေစီစနစ်) ကိုလည်း ထည့်သွင်းထားရှိသည်။
                 သြစတြေးလျားနိုင်ငံမှာ ကမ္ဘာပေါ်တွင် ၅ ခုမြောက် ဖက်ဒရယ်စနစ်နိုင်ငံအဖြစ်တည်ထောင်နိုင်ခဲ့ခြင်းဖြစ်၏။ ဖက်ဒရယ်နိုင်ငံများ တည်ထောင်ခဲ့ကြသော သက္ကရာဇ်များမှာ အမေရိကန်ပြည်ထောင်စု(၁၇၈၉)၊ ဆွစ်ဇာလန်နိုင်ငံ (၁၈၄၈)၊ ကနေဒါနိုင်ငံ (၁၈၆၇)၊ ဂျာမဏီအင်ပါယာ (၁၈၇၁) နှင့်သြစတြေးလျားဓနဿဟာရနိုင်ငံ (၁၉၀၁) ခုနှစ်တို့ဖြစ်ကြသည်။ သြစတြေးလျားနိုင်ငံမှာ ဖက်ဒရယ်စနစ်ဖြင့်စတင် ဖွဲ့စည်းစဉ်က အခြေခံမူများအတိုင်း များစွာ အပြောင်းအလဲမရှိ တည်ငြိမ်သည်ဟု ဆိုနိုင်သော်လည်းဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ အကောင်အထည် ဖေါ်ဆောင်မှုများတွင်မှု အကြီးအကျယ် ပြောင်းလဲခဲ့ပြီဟုဆိုရပါမည်။ အဓိကအားဖြင့် အပြောင်းအလဲမှာ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြားလုပ်ပိုင်ခွင့် အာဏာခွဲဝေမှုကဏ္ဍပင်ဖြစ်သည်။
ဖက်ဒရယ်စနစ်ကို ဆန်းသစ်ပြုပြင်ပြောင်းလဲခြင်း
                 ဖက်ဒရယ်ဗဟိုအစိုးရထံမှ ပြည်နယ်အစိုးရများက ဘဏ္ဍာငွေကြေးအရ အလွန်အမင်းအမှီသဟဲပြုနေရခြင်းမှာ ဖက်ဒရယ်စနစ်ကို ဆန်းသစ်မွမ်းမံရန် အဓိကအကျဆုံး အချက်ပင်ဖြစ်၏။၂၀၀၉ ခုနှစ်တွင် ၀န်ကြီးချုပ် ကီဗင်ရုဒ်၏ လေဘာအစိုးရမှ ဖက်ဒရယ်စနစ်ကို မွမ်းမံဆန်းသစ်ခြင်းreform of federation အစီအစဉ်များကို စတင်ပြုလုပ်ခဲ့သည်။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွန်ခဲ့သော နှစ်တစ်ရာကျော်က ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်သည့်အတွက် မူဝါဒရေးရာများတွင်ဖက်ဒရယ်နှင့် ပြည်နယ်အဆင့်ဆိုင်ရာ မေးခွန်းများစွာ ရှိနေလေသည်။ မည်သည့်အဆင့်က မည်သည့်မူဝါဒများကို ချမှတ်ကျင့်သုံးခွင့် ရှိသနည်းဟူသော မေးခွန်းမှာ အဓိကပင်ဖြစ်၏။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပါအ၀င် မူဝါဒများစွာတွင် ပြည်နယ်နှင့် ဖက်ဒရယ်အဆင့်မှာ ရှုပ်ထွေးစွာဖြင့် ဝေေ၀၀ါးဝါး ရှိနေဆဲ။ ပြည်နယ်နှင့် ဒေသန္တရအဆင့်များကို ဘဏ္ဍာငွေကြေးနှင့် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ရန်ပြင်ဆင်မှုများပင်ဖြစ်သည်။
ဂွန်စကီပညာရေးရီပို့
                 ၂၀၁၀ ခုနှစ်တွင် သြစတြေးလျားဖက်ဒရယ်အစိုးရမှ တာဝန်ပေးချက်အရထင်ရှားကျော်ကြားသော စီးပွားရေးသမား ဒေးဗစ်ဂွန်စကီ David Gonski က ကျောင်းများ၏ ဘဏ္ဍာငွေကြေးရန်ပုံငွေကိစ္စကိုကော်မစ်ရှင်ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စာမျက်နှာ ၃၁၉ မျက်နှာရှိသောဂွန်စကီရီပို့ကို ရေးသားပြုစုခဲ့ရာတွင် လူထုထံမှ သတင်းအချက်အလက် ခုနှစ်ထောင်ကျော် ရရှိခဲ့ပြီးကော်မစ်ရှင်က ကျောင်းပေါင်း ၃၉ ကျောင်းကို ကွင်းဆင်းလေ့လာခြင်း၊ ပညာရေးအစုအဖွဲ့ ၇၁ဖွဲ့နှင့် တွေ့ဆုံမေးမြန်း စုံစမ်းခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်နိုဝင်ဘာလတွင် ဖက်ဒရယ်အစိုးရထံ အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်ဝန်ကြီးချုပ် ဂျူလီယာဂီလာဒ် Julia Gillard အစိုးရက တရားဝင် ထုတ်ပြန်ပေးခဲ့သည်။
                 ဂွန်စကီ၏ ပညာရေးရန်ပုံငွေ အစီရင်ခံစာတွင် အဓိက အချက် ၃ ချက်ပါဝင်ပါသည်။ (၁) ကမ္ဘာပေါ်တွင် အရည်အသွေး အမြင့်မားဆုံးသော၊ တရားမျှတမှု အရှိဆုံးသော ပညာရေးစနစ်ဖြစ်စေရန်သြစတြေးလျားအစိုးရအနေဖြင့် မျှော်မှန်းချက် ထားရှိပြီး ဆောင်ရွက်ရန်နှင့် စာတတ်မြောက်မှု အနိမ့်ပါးဆုံးသော ကျောင်းသားများတွက် ပညာရေး အကူအညီကို ဦးစားပေးသွားရန်။ (၂) သြစတြေးလျားနိုင်ငံတွင်းမည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ မိသားစု ၀င်ငွေမည်မျှ ရှိသည်ဖြစ်စေ၊ မည်သည့်ကျောင်းတွင်တက်ရောက်နေသည်ဖြစ်စေ ကလေးငယ်များအနေဖြင့် အကောင်းဆုံးသော ပညာရေးကို လက်လှမ်းမီရရှိဆည်းပူးခွင့်၊ (၃) လုပ်ငန်းခွင်နှင့် အနာဂတ်ဘ၀ ရှင်သန်မှုတွင် တန်ဖိုးရှိသော နိုင်ငံသားများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် အခြေခံစွမ်းရည်များနှင့် တတ်ပွန်မှု ကုံလုံပြည့်ဝစွာဖြင့်ကျောင်းသားတိုင်း ကျောင်းများမှ ထွက်ခွါလာနိုင်ရေး တို့ဖြစ်သည်။ ကျောင်းတိုင်းအနေဖြင့် ဓနဿဟာရအစိုးရနှင့် ပြည်နယ်အစိုးရထံမှ အခြေခံဘဏ္ဍာအထောက်အကူ ရရှိမည်ဖြစ်ပြီး လိုအပ်ငွေကိုကျောင်းအရွယ်အစားနှင့် ကျောင်းသားများ၏ တစ်ဦးချင်း လိုအပ်ချက်အရ ထပ်မံ တောင်းခံနိုင်သည်။ပညာရေး တရားမျှတမှုကို ဖေါ်ဆောင်လိုရင်းဟု ဆိုရပါမည်။ အစီရင်ခံစာက စာသင်ကျောင်းများကိုဘဏ္ဍာငွေကြေး ရန်ပုံငွေ ထောက်ပံ့ပေးခြင်းမှာ ဘဏ္ဍာရေးကိစ္စ သက်သက်သာလျှင် မဟုတ်မူဘဲ နိုင်ငံ၏အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်၊ လုံခြုံ ခိုင်မြဲစေခြင်းလည်း ဖြစ်ကြောင်း တင်ပြထားသည်။ကျောင်းများက ကလေးတိုင်းအတွက် ထောက်ကူပေးသင့်ပြီး ဆရာတိုင်းကလည်း ကလေးတိုင်းထံမှ အကောင်းဆုံးများကိုမျှော်လင့်သင့်ကြောင်း တိုက်တွန်းထားသည်။  ပြည်နယ်အတွင်းရှိ ကျောင်းများတွင် စတင်အကောင်အထည်ဖေါ်နိုင်ရန်ယခင် လေဘာအစိုးရက စီစဉ်ပေးခဲ့သည်။ ထိရောက်မှုများ ရှိကြောင်းလည်း နောက်ဆက်တွဲ အစီရင်ခံစာများကဆိုပါသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် လက်ရှိအာဏာရ ၀န်ကြီးချုပ် တိုနီအက်ဘော့အစိုးရAbbot government ကမူ ဂွန်စကီရီပို့ကို နောက်ထပ် ၄ နှစ်တာ ကာလအထိသာလျှင် ဆက်လက် အကောင်အထည်ဖေါ်မည်ဖြစ်ပြီး၂၀၁၇ ခုနှစ်တွင် အဆုံးသတ်မည်ဟု ကြေညာခဲ့မှုအပေါ် ပြင်းထန်စွာ ငြင်းခုံ ဝေဖန်ခံရ လျက်ရှိနေသည်။
ပညာရေးစနစ် ဖွဲ့စည်းဆောက်ပုံ
            အဆင့် ၃ ဆင့်စနစ်ဖြင့် ပညာရေးကို တည်ဆောက်ထားသည်။ မူလတန်းပညာရေးprimary education၊ အထက်တန်းပညာရေး secondary education နှင့် tertiary education တက္ကသိုလ်အဆင့်မြင့်ပညာရေး(တက္ကသိုလ်များ၊ ကောလိပ်များ၊ သက်မွေးသိပ္ပံများ၊ သင်တန်းများ ပါဝင်ပါသည်။) တို့ဖြစ်သည်။အထက်အတန်း အထက်ဆင့် ၁၂ တန်းအောင်မြင်ပြီးချိန်တွင် ကျောင်းသားအများစုမှာ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်သည်။
            ကျောင်းအလိုက် ထောက်ပံ့သည့် ဘဏ္ဍာငွေကြေးအကူအညီနှင့် အုပ်ချုပ်ပုံစနစ်အပေါ်မူတည်ပြီး ၃ မျိုး ခွဲခြားနိုင်သည်။ (၁) အစိုးရကျောင်းများ Public schools, state schools (၂)ကက်သလစ်ကျောင်းများ catholic schools (၃) ပုဂ္ဂလိကကျောင်းများ independent schools,private schools တို့ဖြစ်သည်။ အစိုးရကျောင်းများ၊ ပြည်နယ်ကျောင်း များမှာ ဘာသာရေးကိုအခြေခံထားခြင်း မရှိပါ။ သို့သော် religious education ဘာသာတရားများ လေ့လာရေး အစီအစဉ်ကိုမူကျောင်းအလိုက် ထည့်သွင်းနိုင်ပါသည်။ ပုဂ္ဂလိကကျောင်းများမှာမူ ဘာသာတရား တစ်ခုခုအပေါ်တွင်အခြေခံလေ့ရှိတတ်သည်။ ၂၀၁၀ စစ်တမ်းများအရ ကလေးသူငယ် လူဦးရေ၏ ၆၆ ရာခိုင်နှုန်းက အစိုးရကျောင်းများတွင်တက်ရောက်လျက်ရှိကြပြီး ၁၄ ရာခိုင်နှုန်းမှာ ပုဂ္ဂလိကကျောင်းနှင့် ၂၀ ရာခိုင်နှုန်းမှာကက်သလစ်ကျောင်းများတွင် တက်ရောက်ကြ၏။ မည်သည့်ကျောင်းတွင် တက်ရောက်သည်ဖြစ်စေ အရည်အသွေးမြင့်ပညာရေးနှင့် သင်ရိုးညွှန်းတမ်း စံနှုန်းများကို လိုက်နာသင်ကြားကြသည်။ ကျောင်းအများစုကြီးမှာကျောင်းဆင်တူဝတ်စုံ ထားရှိသည်။ စာသင်နှစ်မှာ ဖေဖေါ်ဝါရီလမှ နိုဝင်ဘာလအထိဖြစ်သည်။ စာသင်နှစ်အတွင်းကာလအပိုင်း ၄ ပိုင်း four school terms သတ်မှတ်ထားသည်။ ခရစ်စမတ်ပွဲတော် (သြဇီနွေရာသီ) မှာ ရက်အကြာရှည်ဆုံးကျောင်းပိတ်ရက်ဖြစ်သည်။ ၆ ပတ်အထိ ကျောင်းပိတ်ထားလေ့ရှိသည်။ စာသင်နှစ်အတွင်း ၂ ပတ်ကြာကျောင်းပိတ်ခြင်းကို ၃ ကြိမ် (အီစတာပွဲတော်၊ ဆောင်းရာသီ- ဇူလိုင်နှင့် နွေဦးရာသီ-အောက်တိုဘာ) ထားရှိသည်။
အစိုးရကျောင်းများ
            အစိုးရကျောင်းများကို ပြည်နည်အစိုးရ (သို့မဟုတ်) အထူးဒေသအစိုးရတို့က ဖွင့်လှစ်ကြခြင်းဖြစ်သည်။ အခမဲ့ပညာရေး စနစ်ဟု ဆိုနိုင်သော်လည်း ကျောင်းများက၀င်ကြေး၊ ကျောင်းပြင်ပစခန်းသွင်း လည်ပတ်ခြင်း school camp နှင့် သင်ရိုးဝင် လုပ်ငန်းစဉ်များ၊လေ့လာမှုများအတွက် ငွေကြေး တောင်းခံလေ့ရှိသည်။ အစိုးရအထက်တန်းကျောင်းများတွင် ပုံစံ၂ မျိုး ရှိနေသည်။ သတ်မှတ်မြို့နယ်ဒေသအတွင်းရှိ မည်သူမဆို တက်ရောက်ခွင့် ရှိသောopen government schools ကျောင်းများနှင့် မည်သည့်မြို့နယ်မှဖြစ်စေ လာရောက်တက်ရောက်နိုင်သောselective government schools ကျောင်းများဖြစ်သည်။ ဒုတိယအမျိုးအစား ကျောင်းများမှာကျောင်းဂုဏ်သိက္ခာနှင့် အရည်အသွေး ပိုမိုမြင့်မားလေ့ရှိသည်။ မူလတန်း နောက်ဆုံးနှစ်ဖြစ်သည့် ဆဌမတန်းတွင် စစ်ဆေးသောရမှတ်များအရ အတော်ဆုံး ကျောင်းသားများကိုသာ လက်ခံလေ့ရှိသည်။ ဤကျောင်းများတွင် ပညာရေးအရည်အသွေးနှင့် အထောက်အပံ့ကောင်းများ ပိုမို ရရှိတတ်သည်။ အားကစား၊ အနုပညာ၊ ဘာသာစကားတို့တွင်လည်းပိုမို စုံလင်စွာ ပံ့ပိုးပေးထားသည်။ တစ်နှစ်တာ ကျောင်းလခမှာ မူလတန်း ဒေါ်လာ ၁၀၀ မှ ၃၀၀၊အထက်တန်း ဒေါ်လာ ၃၀၀ မှ ဒေါ်လာ တစ်ထောင် အထိဖြစ်ပြီး မိသားစုဝင်ငွေအရ လွတ်ငြိမ်းခွင့်လျှောက်ထားနိုင်သေးသည်။
ကက်သလစ်နှင့် ပုဂ္ဂလိကကျောင်းများ
          ကက်သလစ်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှာလည်း အစိုးရ၏ဘဏ္ဍာငွေကြေး အကူအညီကို ရရှိနိုင်သည်။ ကက်သလစ်ကျောင်းများမှာ ပုဂ္ဂလိကကျောင်းများထက် ကျောင်းလခပိုမို သက်သာတတ်သည်။ ပုဂ္ဂလိကျောင်းများတွင် ကျောင်းလခနှင့် ၀င်ကြေးမှာ အလွန် ဈေးကြီးမြင့်လှသည်။ဂျပန်၊ ယူကေ၊ အမေရိကန်၊ တိုင်ဝမ်၊ စင်္ကာပူနှင့် ဟောင်ကောင်တို့နှင့် အပြိုင်ပညာရေးစနစ်ဟုဆိုရမည်။ ဆစ်ဒနီမြို့ရှိ ပုဂ္ဂလိကကျောင်းများမှာ လန်ဒန်နှင့် တိုကျိုရှိကျောင်းများထက်သုံးပုံတစ်ပုံခန့် ဈေးသက်သာသည်ဟု စစ်တမ်းများအရ သိရှိရသည်။ နယူးယောက်ကျောင်း များထက်လည်း၆၀ ရာခိုင်နှုန်း ဈေးသက်သာသည်။ ကက်သလစ်ကျောင်းများ၏ တစ်နှစ်တာ ကျောင်းလခမှာ မူလတန်းဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀၊ အထက်တန်း ဒေါ်လာ ၃၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်အထိဖြစ်သည်။ ပုဂ္ဂလိကျောင်းများ၏တစ်နှစ်တာ ကျောင်းလခမှာမူ မူလတန်း ဒေါ်လာ ၃၀၀၀ ခန့်နှင့် အထက်တန်း သြစီဒေါ်လာ တစ်သောင်းနှစ်ထောင်မှ နှစ်သောင်းခန့်အထိ ရှိနေတတ်သည်။ ပုဂ္ဂလိကကျောင်းများ၏ ရလဒ်များမှာ ပိုမိုသာလွန်နေလေ့ရှိပြီး ကျောင်းတွင်း လှုပ်ရှားမှုများနှင့် အားကစား၊ အနုပညာကဏ္ဍတို့အတွက်လည်းအမျိုးစုံစွာနှင့် အရည်အသွေးမြင့် ၀န်ဆောင်မှုတို့ကို ထားရှိသည်။
သက်မွေးကောလိပ်များနှင့် တက္ကသိုလ်များ
             အထက်တန်းအထက်ဆင့် senior secondary နောက်ဆုံးနှစ် ၁၂ တန်း(သို့မဟုတ်) TAFE ကောလိပ် ရမှတ်အပေါ် မူတည်ပြီး အဆင့်မြင့်ပညာ တက္ကသိုလ် ဆက်လက်တက်ရောက်ကြသည်။တက္ကသိုလ် ၄၀ ကျော်ခန့်ကို အစိုးရက ဘဏ္ဍာငွေကြေး ရန်ပုံငွေထောက်ပံ့ပေးထားပြီး ပုဂ္ဂလိကတက္ကသိုလ်၂ ခု ပါရှိသည်။ ဖွံ့ဖြိုးပြီး OECD နိုင်ငံများထဲတွင် တက္ကသိုလ်စရိတ် အကြီးမြင့်ဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်။ ၁၈၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဆစ်ဒနီတက္ကသိုလ်မှာ ရှေးအကျဆုံးတက္ကသိုလ်တစ်ခုဖြစ်သည်။ ပြည်နယ်အဆင့် တည်ထောင်ဖွင့်လှစ်ထားသော သက်မွေးသင်တန်းကျောင်းTAFE – technical and further education များတွင် အလုပ်သင်နှင့် သက်မွေးသင်တန်း အမျိုးမျိုးကိုလေ့လာနိုင်ကြသည်။ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း လူဦးရေ၏ ၅၈ ရာခိုင်နှုန်းမှာ တက္ကသိုလ်(သို့မဟုတ်) သက်မွေး TAFE ကောလိပ်ကျောင်းများမှ ဘွဲ့လက်မှတ် ရရှိထားကြသူများဖြစ်သည်။TAFE သက်မွေးကောလိပ်များတွင် တက်ရောက်နိုင်သော သင်တန်းများစွာရှိလေသည်။ သင်တန်းကာလမှာခြောက်လမှ ၂ နှစ်ခန့်အထိဖြစ်သည်။ စီးပွားရေးဘိဇနက်ပညာ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း၊ ဟိုတယ်နှင့် ခရီးသွား ၀န်ဆောင်မှုသင်တန်း၊ ဆောက်လုပ်ရေးပညာ၊ပုံဖေါ်မှုအနုပညာ၊ သတင်းအချက်အလက်နည်းပညာ၊ အင်ဂျင်နီယာဒီပလိုမာ၊မီဒီယာသင်တန်းများ၊ လူမှုရပ်ရွာစီမံခန့်ခွဲရေးပညာ၊ ဆေးဘက်အကူပညာ အစရှိသဖြင့် သက်မွေးအခြေခံသင်တန်းများစွာ ထားရှိသည်။ ဤသင်တန်းများမှ အောင်လက်မှတ် အဆင့် (၁) မှ အဆင့် ၄၊ ဒီပလိုမာဘွဲ့နှင့် ဘွဲ့ကြို associatedegree အဆင့်အထိ ပေးအပ်သည်။ သက်မွေးသင်တန်းအလိုက် ဘွဲ့လက်မှတ်နှင့် ဘွဲ့လွန် လက်မှတ်များလည်းပေးအပ်လာကြသည်။ လုပ်ငန်းခွင်သို့ ၀င်ရောက်နိုင်သော သက်မွေးပညာသင်တန်းများတွင် တက်ရောက်သူများပြားသည်။ အဆင့်မြင့် တက္ကသိုလ်သို့လည်း သက်ဆိုင်ရာ ပညာရပ်အလိုက် ပေါင်းကူးစနစ်ဖြင့်ဆက်လက် တက်ရောက်နိုင်ကြသည်။ ပြည်နယ်အလိုက် ကောလိပ် (သို့မဟုတ်) အင်စတီကျူ့ဟု ခေါ်ဆိုကြသောTAFE သင်တန်းကျောင်းများကို ပြည်နည်အစိုးရများက အဓိကအားဖြင့် တည်ထောင်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။နိုင်ငံတကာ ကျောင်းသားအများဆုံး နိုင်ငံလည်းဖြစ်သည်။
ဖက်ဒရယ်ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်ပညာရေးဌာနတို့၏တာဝန်ဝတ္တရားများ
Federal Department of Education and Tranining
                ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနသည် အောက်ပါတာဝန်ဝတ္တရားများကို ထမ်းဆောင်ရသည်။ဖက်ဒရယ် ပညာရေးမူဝါဒနှင့် အမျိုးသားအဆင့် အစီအစဉ်များ - စာသင်ကျောင်းမူများ၊ သက်မွေးပညာကျောင်းများ၊အဆင့်မြင့်ပညာရေး၊ ဌာနေ တိုင်းရင်းသားပညာရေး စသည်တို့ဖြစ်သည်။ ရွှေ့ပြောင်းနှင့် သက်ကြီးပညာရေးမူဝါဒတို့ကို ရေးဆွဲပေးသည်။ ပညာရေးနှင့် လေ့ကျင့်ရေး အသွင်းပြောင်းမူဝါဒနှင့် အစီအစဉ်များ၊ကျောင်းများတွင် သိပ္ပံပညာ စိတ်ပါဝင်စားရေး အစီအစဉ်များ၊ အလုပ်သင်နှင့် သက်မွေး လေ့ကျင့်ရေးအစီအစဉ်များ၊နိုင်ငံတကာကျောင်းသားများအတွက် ပညာရေးမူဝါဒ၊ ကျောင်းသားများနှင့် အလုပ်သင်များအတွက်ဝင်ငွေရရှိစေမည့် မူဝါဒများဖြစ်သည်။ ပညာရေးသုတေသန ရန်ပုံငွေနှင့် သုတေသီလေ့ကျင့် ပျိုးထောင်ခြင်းအစီအစဉ်များကိုလည်း ပံ့ပိုးပေးသည်။ ၂၀၁၃ ရွေးကောက်ပွဲတွင် ခရစ်စတိုဖါပိုင်းမှာ ဖက်ဒရယ်ပညာရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဓနသဟာယသြစတြေးလျားနိုင်ငံ ဘုရင်ခံချုပ်က ၀န်ကြီးချုပ်၏ထောက်ခံချက်ဖြင့် ဖက်ဒရယ်ဝန်ကြီးများကို ခန့်အပ်သည်။
              သြစတြေးလျားဓနဿဟာရနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးကို ပြည်နယ်နှင့်အထူးဒေသ အစိုးရများက အဓိကအားဖြင့် တာဝန်ယူဆောင်ရွက်ရသည်။ အစိုးရကျောင်းများအတွက် ဘဏ္ဍာငွေကြေးတာဝန်ယူရသည်။ အစိုးရမဟုတ်သော အခြားကျောင်းများအတွက် ဘဏ္ဍာငွေကြေး ပံ့ပိုးကူညီရသည်။ ကျောင်းမူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ပေးရသည်။ သင်ရိုးညွှန်းတမ်းနှင့် စံနှုန်းများကို သက်ဆိုင်ရာပြည်နယ်ကပြုစု ပြဌာန်းသည်။ ပြည်နယ်အစိုးရ၏ ပညာရေးစံနှုန်းများနှင့် သင်ရိုးညွှန်းတမ်း မူများအပေါ်အခြေခံလျက် ဖတ်စာအုပ်များကို ပြင်ပ ကျွမ်းကျင် ပညာရှင်များနှင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများကပြုစုရေးသား ထုတ်ဝေကြသည်။်
သိန်းနိုင် (မောက္ခပညာရေး)
ဆက်လက်ဖေါ်ပြပါမည်။ (သံလွင်တိုင်းမ်ဂျာနယ်၊ စက်တင်ဘာလ၊ ၂၀၁၅)
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး အပိုင်း (၁၁) ယဉ်ကျေးမှုများနှင့် လူမျိုးများ

ဖက်ဒရယ်ပညာရေး အပိုင်း (၁၁) ယဉ်ကျေးမှုများနှင့် လူမျိုးများ

ယဉ်ကျေးမှု Culture
            ဆရာ၊ ဆရာမအနေဖြင့်ဝတ်ထားသည့် အဝတ်အစား၊ နားဆင်သော တေးဂီတ၊ နေ့လည်က သုံးဆောင်ခဲ့သော အစားအစာ၊ သူငယ်ချင်းများနှင့်အတူတကွ လုပ်ဆောင်ချက်များ၊ အားလပ်ချိန်များတွင် အပန်းဖြေ အနားယူမှု ပုံစံနှင့် လူမှုဆက်ဆံရေးပုံစံများကို ပြန်လည်စဉ်းစားကြည့်ပါ။ ဤအရာအားလုံးနှင့် အခြားသော ကိုးကွယ်ယုံကြည်မှုဘာသာတရား၊ မိသားစု ဖွဲ့စည်းပုံနှင့် လူမှုတန်ဖိုးများ၊ စသည့် အရာများသည် ဆရာဆရာမ၏ ယဉ်ကျေးမှုအစိတ်အပိုင်းများ ဖြစ်ကြသည်။
ယဉ်ကျေးမှုကိုအဓိပ္ပါယ်ဖွင့်ဆိုရာဝယ် – လူမှုအုပ်စုတစ်ခု၏ သဘောထား အမြင်များ၊ စံနှုန်းတန်ဖိုးများ၊ဓလေ့ ထုံးတမ်းများနှင့် အပြုအမူပုံစံများကို ရည်ညွှန်းခြင်းဖြစ်သည်။
ယဉ်ကျေးမှု ဆိုသည်မှာ
            မနုဿဗေဒပညာရှင်များနှင့်လူမှုသိပ္ပံပညာရှင်များမှ နည်းအမျိုးစုံ၊ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည့် ယဉ်ကျေးမှုဆိုသည်မှာ ရှုပ်ထွေးနက်နဲသည့် သဘောတရားတစ်ခုဖြစ်သည်။ ၁၉၅၀ ဝန်းကျင်ကာလများ မတိုင်မီက- နေထိုင် ပြုမူမှုပုံစံများနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများ- ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။       
            ၁၈၇၁ ခုနှစ်တွင်ပညာရှင်တေလာ (Taylor) မှ ယဉ်ကျေးမှု culture ကို အဓိပ္ပါယ် ဖွင့်ဆိုရာဝယ် “- ဗဟုသုတ၊ယုံကြည်ကိုးကွယ်မှု၊ အနုပညာ၊ စာရိတ္တ၊ ဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် လူမှုအသိုင်းအဝိုင်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်လူသား၏ အခြားသော စွမ်းဆောင်နိုင်မများ၊ အလေ့အထများ ရောပြွမ်းထားသော အစုအဝေး-” ဟူ၍ဖွင့်ဆိုခဲ့လေသည်။သို့သော် များမကြာသေးမီက ၂၀ ရာစုနှောင်းပိုင်း ပညာရှင်များမှ အဓိပ္ပါယ် ဖွင့်ဆိုကြရာဝယ်အလေ့အထနှင့် အပြုအမူထက် “- ဘုံ တန်ဖိုး၊ စံနှုန်းများ၊ အသိပညာ၊ ကိုးကွယ် ယုံကြည်မှုများ၊သင်္ကေတများနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုများ-“ ကို ဇောင်းပေးထားကြသည်။
      ပညာရှင်ဂီးအာတ် (၁၉၇၃ ခုနှစ်ထုတ် ယဉ်ကျေးမှုများ၏ အဓိပ္ပါယ် ဖွင့်ဆိုခြင်း စာအုပ်) မှ “-နိမိတ်ပုံသင်္ကေတများတွင် ထည့်သွင်း၍ သမိုင်းစဉ် တစ်လျောက် လက်ဆင့်ကမ်းလာသည့် အဓိပ္ပါယ်များ၏ ပုံသဏ္ဌာန်၊ ဘ၀အဓိပ္ပါယ်နှင့် အတွေးအခေါ်ဆိုင်ရာ အသိပညာ၊ဗဟုသုတများ အတွက် လူသားများ၏ အပြန်အလှန် ဆက်ဆံခြင်း၊ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်းနှင့်ဖွံ့ဖြိုး တိုးတက်ခြင်းများ အလို့ငှါ နိမိတ်ပုံများတွင် ထည့်သွင်းဖေါ်ပြထားသည့် မျိုးရိုးစဉ်ဆက်အတွေးအမြင်များ စုစည်းထားရှိမှု-” ဟူ၍ ယဉ်ကျေးမှုကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ စပရက်ဒ်လေနှင့်မက်ကာဒီ (Spreadlay & McCardy) တို့မှ “လူမှုရေး အပြုအမူများ ဖြစ်ထွန်းစေရန်နှင့်အတွေ့အကြုံများကို အဓိပ္ပါယ် ဖွင့်ဆိုရန်အတွက် လူသားအနေဖြင့် လက်ခံရရှိထားသော ဗဟုသုတ”ဟူ၍ ဖွင့်ဆိုခဲ့သည်။ သူတို့မှ ပင်ဆက်ပြီး ဤသို့ဆွေးနွေးခဲ့ပါသည်။ “ယဉ်ကျေးမှုဆိုင်ရာအသိပညာမှာ အပြုအမူနှင့် အနုပညာပစ္စည်းများ ထုတ်လုပ်နိုင်ရန် အခြေခံ လိုအပ်ချက်ပင် ဖြစ်သည်။”ဘာသာဗေဒပညာရှင် ဂွတ်အီနာ့ဖ် (Goodenough) မှ အောက်ပါအတိုင်း ချဲ့ထွင် ရှင်းပြခဲ့ပါသည်။
“လူမှုအသိုင်းအဝိုင်းတစ်ခု၏ ယဉ်ကျေးမှုဆိုသည်မှာ အဖွဲ့ဝင်များမှလက်ခံနိုင်သော အပြုအမူအတိုင်း ပြုမူ လုပ်ဆောင်နိုင်ရန် သိနားလည်၍ ယုံကြည် လက်ခံမှုဖြစ်ပြီးမိမိမှ လက်ခံထားသည့် အခန်းကဏ္ဍအတိုင်း ပြုမူ ဆောင်ရွက်ရန် ဖြစ်သည်။ မျိုးရိုးဇီဝဖွဲ့စည်းမှုနှင့်ဖြစ်တည်နေမှုနှင့် မသက်ဆိုင်ဘဲ မိမိကိုယ်တိုင် လေ့လာဆည်းပူးရသည့် အရာဖြစ်သည့် “ယဉ်ကျေးမှု”၏ ကျိုးကြောင်းဆီလျော်ပြီး ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ လေ့လာသင်ယူမှု၏ နောက်ဆုံးထွက်ကုန်ပင် ဖြစ်ရပါမည်။”- ဤဖွင့်ဆိုချက်အရ =ယဉ်ကျေးမှု= ဆိုသည်မှာ ရုပ်သဘောဆောင်သည့်သဘောတရားတစ်ခု မဟုတ်ကြောင်း သိစေလိုပါသည်။ အရာဝတ္ထုပစ္စည်းများ၊ လူပုဂ္ဂိုလ်များ၊ အပြုအမူများ၊စိတ်ခံစားချက်များ သီးခြားအနေဖြင့် မဟုတ်ပါ။ ဤအရာအားလုံး၏ စုစည်းဖွဲ့စည်းမှုပင် ဖြစ်ပါသည်။လူများ စိတ်ထဲရှိတွင် အရာများ၏ ပုံသဏ္ဌာန်များ၊လက်ခံသိမြင်မှု ပုံစံများနှင့် ဤအရာများကို ဆက်နွယ်၍ သိနားလည်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် လူများ ပြောဆို လုပ်ကိုင်သော အရာများ၊ လူမှုရေးအရ စီစဉ်ထားရှိမှုများနှင့်ဖြစ်ရပ်များမှာ ရှင်သန်နေရသည့် ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံမှုများနှင့် သိမြင်နားလည်မှုများမှလက်တွေ့ အသုံးချသဖြင့် ဖြစ်ပေါ်လာသည့် ယဉ်ကျေးမှု၏ ထွက်ကုန် (သို့မဟုတ်) တွဲဖက် ထွက်ကုန်များပင်ဖြစ်လေသည်။ Multiculture education ” အသွေးအရောင်စုံယဉ်ကျေးမှု ပညာရေး၊ ဗဟုယဉ်ကျေးမှုပညာရေး-ပညာရှင်တစ်ဦးဖြစ်သူ အာဖရိကန်-အမေရိကန်လူမျိုး ဂျိမ်းစ်ဘဏ် James Banks မှ ++လူမှုအသိုင်းအဝိုင်းအတွင်းရှိ အုပ်စုတစ်ခုကို ပုံဖေါ်ထားသော သဘောထားအမြင်များ၊ တန်ဖိုးစံနှုန်းများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အပြအမူပုံစံများ ဖြစ်သည်++ - ဟူ၍ ဆွေးနွေးခဲ့သည်။ အစားအသောက် စားသောက်ခြင်း အလေ့အထကဲ့သို့သောအခြေခံကျသည့် ပြုမူလုပ်ဆောင်ခြင်းတွင်ပင် ယဉ်ကျေးမှု၏ ကြီးမားသော သက်ရောက်မှုများကိုလေ့လာတွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် – ယဉ်ကျေးမှုမှာ မည်သည့် အစားအစာမျိုးကို စားသုံးကြသည်ဟူ၍ဆုံးဖြတ်ချက် ပေးသည်သာ မကဘဲ စားသောက်သည့် အချိန်ကာလ၊ တစ်နေ့ ၁ နပ်၊ ၂ နပ်၊ (သို့မဟုတ်)၃-၄-၅ ကြိမ် စားသောက်ခြင်း၊ မည်သူနှင့် စားသောက်သည် (မိန်းကလေး အချင်းချင်း၊ ယောက်ျားလေးအချင်းချင်း)၊(ကလေးများနှင့်အတူ၊ (သို့မဟုတ်) သီးသန့်၊ (သို့မဟုတ်) ဘိုးဘွားအပါအဝင် ဆွေမျိုးမိသားစုအားလုံး)၊စားသောက်ပုံ (ဇွန်း၊ ခက်ရင်း (သို့မဟုတ်) တူ၊ လက်ဖြင့် – ဘယ်ဖက်၊ ညာဖက်)၊ လူကြီးသူမများကိုဦးချခြင်း၊ စားဦးစားဖျားကို ဆွမ်းတင်ခြင်း၊ မစားမီ ဆုတောင်းခြင်း၊ နတ်တင်ခြင်း၊ တိတ်ဆိတ်စွာစားသောက်ရခြင်း (သို့မဟုတ်) ဆူညံစွာ ဆွေးနွေးစကား ပြောခြင်း၊ စသည်ဖြင့် ကွဲပြား ခြားနားမှုများစွာရှိနေပါသည်။
            မည်သည့်လူမှုအသိုင်းအဝန်းတွင်မဆို ဤကဲ့သို့ မတူညီ ကွဲပြား ခြားနားသော ယဉ်ကျေးမှုတို့ ပါရှိနေပါသည်။မိမိ၏ ယဉ်ကျေးမှုနောက်ခံသမိုင်းနှင့် အမွေအနှစ်များကို အလုံးစုံ သိနားလည်နိုင်ရန်နှင့်ထိတွေ့ဆက်ဆံနိုင်ခွင့်တို့မှာ လူအများအတွက် မလွယ်ကူပါချေ။ အချို့မှာ ယဉ်ကျေးမှုများစွာနှင့်ထိတွေ့ ဆက်ဆံခွင့် ရရှိကြပြီး အသွင်အပြင် အမျိုးအစား စုံလင်စွာ သိမြင် နားလည်မှု၊ လက်ခံယုံကြည်မှု၊ပြုမူလုပ်ဆောင်မှုနှင့် တန်ဖိုးဖြတ်မှု စံနှုန်းများ တိုးတက်သိမြင်ခွင့် ရရှိနိုင်ပါသည်။မွေးဖွား ကြီးပြင်းလာရသည့် နေရာဒေသနှင့် အချိန်ကာလမှာ တစ်ဦးချင်း၏ လက်ခံနားလည်ထားရှိသည့်ယဉ်ကျေးမှု၊ (သို့မဟုတ်) ယဉ်ကျေးမှုများအပေါ် သက်ရောက်မှုများရှိသည်။ မိသားစု၊ ပတ်ဝန်းကျင်၊နယ်မြေဒေသ၊ တိုင်းပြည်နှင့် ခေတ်ကာလများ အားလုံးမှာ ခြားနားမှုရှိပါသည်။ နုငယ်သော ဘ၀၏အစဦးပိုင်း နှစ်ကာလများတွင် လေ့ကျင့် ပြောဆိုရမည့် ဘာသာစကား၊ အယူအဆများနှင့် တစ်ပုံစံတည်းသတ်မှတ် ထားရှိချက်များ၊ ကိုးကွယ် ယုံကြည်မှု ဘာသာတရားများ၊ ကိုယ်နှုတ် အမူအရာနှင့် အပြုအမူများအတွက်မိမိ၏ ရွေးချယ်ပိုင်ခွင့်မှာ များစွာ မရှိပါချေ။ ထို့အပြင် အကယ်၍သာ ယဉ်ကျေးမှု တစ်ခုတည်းဖြင့်သာရင်းနှီးကျင်လည်ရပါမူ မိမိ၏ ယဉ်ကျေးမှုသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ယူဆတတ်ပြီးယဉ်ကျေးမှုဟူ၍ပင် မသိမြင်နိုင်ပါ။ မိမိ၏ ယဉ်ကျေးမှု တစ်ခုတည်းသာ ရှိသည့်အတွက် ကြောင့်ဖြစ်သည်။ယဉ်ကျေးမှုပိုင်းဆိုင်ရာ တိုးတက် သိမြင်ရန်အတွက် အခြားမတူသော ယဉ်ကျေးမှု ပုံစံများမှအခြားသူများ အနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအပေါ် သိမြင်မှု၊ (သို့မဟုတ်) တလွဲ နားလည်မှုတို့ကိုလေ့လာရန် လိုအပ် သည်။
            လူမျိုးတစ်မျိုးနှင့်တစ်မျိုးလက်ခံ ထားရှိသည့် စံနှုန်းများ၊ အပြုအမူများ၊ စရိုက် လက္ခဏာများနှင့် အတွေးအခေါ်၊အယူအဆများမှာ မတူညီကြပါ။ တစ်ဦးချင်းပင်လျှင် အနုစိတ် ကွဲပြားခြားနား တတ်ကြသည်။ ဥပမာအားဖြင့်လက်မထပ်ရသေးမီ အတူ နေထိုင်ကြခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ရွယ်တူသူငယ်ချင်းများ ကဲ့သို့ ဆက်ဆံရေး ထားရှိခြင်း၊ စာသင်ခန်းတွင်း မေးခွန်းများ မေးမြန်းစေခြင်း၊မိဘများမှ သားသမီးများအပေါ် လွတ်လပ်စွာ ဆုံးဖြတ်စေခြင်း၊ လိင်တူဆက်ဆံခြင်း၊ သက်ကြီးရွယ်အိုများကို သီးခြား နေထိုင်စေခြင်း စသည့် အနောက်တိုင်း နိုင်ငံများတွင် အသားကျလက်ခံ ကျင့်သုံးနေသည့် စနစ် (ယဉ်ကျေးမှု) များကို မြန်မာလူမှု အသိုင်းအဝိုင်းတွင် လက်ခံနားလည်ရန် များစွာ အခက်အခဲရှိမည်ဖြစ်သည်။ ဤနည်းနှင်နှင်ပင် ထိုသူများမှလည်း မြန်မာတို့၏ယဉ်ကျေးမှုတို့ကို သိနားလည်ရန်မှာ အခက်အခဲ ရှိမည်သာ။ မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုများအကြားတွင်လည်း ယဉ်ကျေးမှု အစဉ်အလာများ၊ လူနေမှုပုံစံများနှင့် လက်ခံကျင့်သုံးသည့် ရိုးရာဓလေ့များ မတူညီကြပါ။ ဤကွဲပြား ခြားနားမှုများသည် တစ်မျိုးနှင့်တစ်မျိုး ထိတွေ့ဆက်ဆံကြရာဝယ်အပြန်အလှန် လေ့လာ သတိထားသင့်သည့် အရာများပင် ဖြစ်ပါသည်။
         အဘယ်ကြောင့်မိမိတို့ ဤသို့ပြုမူကျင့်ဆောင်ကြသည်၊ အမှန်တရားကို သိမြင်နားလည်ပုံ၊ အစစ်အမှန်ဟု ယုံကြည်လက်ခံသည့် အရာ၊ ဖန်တီး တည်ဆောက်ထားရှိမှုများ၊ ကောင်းမြတ်ပြီး၊ လိုလားအပ်သည့်အရာဟူ၍မိမိတို့မှ ယူဆထားချက်များ၊ အစရှိသည်တို့ကို နှိုင်းယှဉ် လေ့လာနိုင်ရန်အတွက် မိမိ၏ ယဉ်ကျေးမှုများနှင့်အခြားသူများ၏ ယဉ်ကျေးမှုများကို သိရှိ နားလည်ရန်မှာ လွန်စွာ အရေးကြီးလှပါသည်။
            မြန်မာနိုင်ငံကဲ့သို့မတူညီ ကွဲပြားခြားနားသည့် တိုင်းရင်းသား ယဉ်ကျေး မှုများစွာရှိသည့် လူမှုအသိုင်းအဝိုင်းတွင်လူများစု တိုင်းရင်းသားများနှင့် လူနည်းစု တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများ ယှဉ်တွဲလျက်တည်ရှိနေကြပါသည်။ လူမျိုး တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် လေးစားစွာ ဆက်ဆံနိုင်ခြင်းဖြစ်ထွန်းစေရန်နှင့် မလိုမုန်းတီးမှုနှင့် ဘက်လိုက်ဆက်ဆံခြင်းများ၊ ခွဲခြား ဆက်ဆံခြင်းများကိုတွန်းလှန်ရန်မှာ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၏ ယဉ်ကျေးမှုများကို သိရှိနားလည်ထားရန်အရေးကြီးပါသည်။ မိမိ၏ ဘာသာနှင့် လူမျိုး တစ်မျိုးတည်းကိုသာ အလွန်အမင်း ဗဟိုပြု တွေးခေါ်စဉ်းစားခြင်း(Ethnocentrism) ကိုရှောင်ကြဉ်ရန်မှာ မရှိမဖြစ် လိုအပ်ပါသည်။ အထူးသဖြင့် ကျောင်း စာသင်ခန်းများတွင်း၌လူမျိုးရေးအမြင် မှန်ကန် လေးနက်စေရန်အတွက် ပညာရေးနှင့် သင်ရိုးညွှန်းတမ်းများမှ လေ့ကျင့်ပေးသင့်သည်။ကျောင်းသူ၊ ကျောင်းသားများကို မိမိနှင့် အခြားသူများ၏ မတူသော လူမျိုး၊ ဘာသာတရားနှင့်ယဉ်ကျေးမှုများကို နားလည် လေ့လာတတ်စေရန်နှင့် သင်ခန်းစာများ သင်ကြားခြင်း၊ လေးစားနိုင်ရန်မှန်ကန်သော လမ်းညွှန်မှုများ၊ ဘက်လိုက်မှု ကင်းသည့် ရပ်တည်ချက်များကို စံနမူနာပြ ပြုလုပ်ရန်လိုအပ်လေသည်။
Diversity-Shutterstock-998x615
လူမျိုးစု ethnicity
            ယဉ်ကျေးမှု၏ထင်ရှားပြီး အရေးကြီးသော အစိတ်အပိုင်း တစ်ခုမှာ ==လူမျိုးရေး++ နအ့ညငခငအပ နောက်ခံပင်ဖြစ်သည်။လူမျိုးစုကို – ဇာတိမျိုးရိုး၊ မိမိ၏ ဘိုးဘွားမိဘများ ဆင်းသက်လာခဲ့သည့် နယ်မြေဒေသ၊တိုင်းနိုင်ငံနှင့်ယှဉ်၍ မိမိကိုယ်ကို လက်ခံ သတ်မှတ်ထားချက် – ဟူ၍ ဖွင့်ဆိုကြသည်။ လူမျိုးစုတစ်ခုအတွင်းရှိသူများသည် တူညီသော သမိုင်းကြောင်း၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာများနှင့်တန်ဖိုးစံနှုန်းများ ထားရှိကြသည်။ လူမျိုးနွယ်စု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရားနှင့် နယ်မြေဒေသများဖြင့်လည်းခွဲခြားထားလေ့ရှိသည်။ လူမှု အသိုင်းအဝန်းတွင်း၌ အခြားအုပ်စုများနှင့် မတူညီဘဲ သီးသန့်ဖြစ်တည်မှုများ ရှိနေခြင်းပင်ဖြစ်ပါသည်။ သိသာ ထင်ရှားမှုများမှာ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာ၊သို့မဟုတ် ဘာသာစကားနှင့် ယဉ်ကျေးမှု မတူညီခြင်းတို့ ဖြစ်နိုင်ပါသည်။ လူနည်းစုအနေဖြင့်ယေဘုယျ သတ်မှတ်နိုင်သော်လည်း လူအများစု လူမျိုးစုလည်း အပါအဝင် ဖြစ်သည်။ မြန်မာပြည်တွင်လူအများစု လူမျိုးစုကို ဗမာဟု သတ်မှတ်နိုင်ပြီး ပြည်နယ်များတွင် ဥပမာ မွန်ပြည်တွင်လူအများစု လူမျိုးစုကို မွန်လူမျိုးဟု သတ်မှတ်ပုံမျိုးဖြစ်၏။
            မြန်မာနိုင်ငံ၏လူဦးရေ သုံးပုံတစ်ပုံကျော်မှာ လူနည်းစု တိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြသည်။ အဓိကလူမျိုးစုကြီး ၈ စုနှင့် လူမျိုးစုငယ်များ ၇၀ ခန့်ရှိသော နိုင်ငံဖြစ်ပါသည်။ (လူမျိုးစုအရေအတွက်ကိုလွတ်လပ်သော သုတေသနပြုလုပ်ရန် လိုအပ်နေဆဲ)။ ဘာသာစကား ကွဲပြားမှုများစွာ ရှိနေပြီး ရိုးရာအစဉ်အလာများ မတူညီကြပါ။ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ဗမာတိုင်းရင်းသားများ ဖြစ်ခြင်းသည်ဗမာလူမျိုးကို နိုင်ငံ၏ လူအများစု လူမျိုးစု majority အဖြစ်လည်းကောင်း၊ ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးများမှာ လူနည်းစုလူမျိုးစုများ minorities အဖြစ် လည်းကောင်းသတ်မှတ်ထားလေ့ရှိကြသည်။ တောင်ပေါ်၊ တောင်တန်း၊ ကုန်းမြင့်၊ မြေပြန့်၊ မြစ်ဝကျွန်းပေါ်၊အညာ၊ အကြေ၊ ပင်လယ်ကမ်းစပ်၊ မြို့ပြ၊ ကျေးလက်တောရွာ အစရှိသဖြင့် ဒေသ အစုံအလင်တွင် ရှင်သန်နေထိုင်မှု ဘ၀ပုံစံများလည်း မတူညီကြပါ။ လူဦးရေ အချိုးအစားမှာလည်း ကွာဟချက် ကြီးမားပါသည်။နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်မှုနှင့် လူ့အခွင့်အရေးတို့ ဆုံးရှုံးနေခဲ့မှုများကြောင့်လည်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အမွေအနှစ် များမှာ ဆုံးရှုံး ပျောက်ကွယ်လျက် ရှိပါသည်။မိမိ၏ ဘိုးဘွား၊ မိရိုးဖလာ ဘာသာစကားများ၊ ယဉ်ကျေးမှုစံနှုန်းများ၊ လူမျိုးစုဒဿများ၊ ဘ၀တန်ဖိုးများကိုလွတ်လပ်စွာ ထုတ်ဖေါ်ခွင့် မရရှိခဲ့ခြင်းနှင့် လူမျိုးကြီးများအတွင်း အတင်းဝါးမျို သွတ်သွင်းခံရခြင်း များကြောင့်လည်း တိုင်းရင်းသား ဘာသာစာပေနှင့် အဖိုးတန် ရိုးရာဓလေ့များစွာမှာတိမ်ကော ပျောက်ကွယ်လုနီးပါး အခြေအနေဆိုး များနှင့် ရင်ဆိုင်နေရပါသည်။ ဆယ်စုနှစ်များစွာပင်ကျောင်းပညာရေးမှ လူမျိုးစုများ၏ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူနေမှုစနစ်များနှင့် ရိုးရာဓလေ့များကိုအသိအမှတ်ပြု သင်ကြားခြင်းမရှိခဲ့သည့် အကျိုးဆက်အနေဖြင့် မိမိ၏ ကိုယ်ပိုင်နှင့် အခြားသူများ၏သမိုင်းကြောင်းကို မသိ နားမလည်ခြင်း၊ တလွဲနားလည်ခြင်း၊ ယဉ်ကျေးမှုများအပေါ် တန်ဖိုး မထားတတ်ခြင်းများဖြင့်လည်း ရင်ဆိုင်ကြုံ တွေ့နေကြရသည်။
            ထို့အပြင်နိုင်ငံတော်၏ နေရာအနှံ့အပြားတွင် လူမျိုးများ ရောယှက်စွာ နေထိုင်လျက် ရှိနေကြသည်မှာ၂၁ ရာစု အစပိုင်း မြန်မာနိုင်ငံ၏ ထင်ရှားသော လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့်ဇာတိရပ်ရွာတို့ကို စွန့်ခွါ၍ တနယ်တကျေးတွင် အခြေချ နေထိုင်လာမှုများ ပိုမိုများပြားလျက်လည်းရှိသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ဤတွင် နိုင်ငံတော် တစ်ဝှမ်းရှိ ကျောင်း စာသင်ခန်းများတွင်ယဉ်ကျေးမှုနှင့် လူမျိုးရေး နောက်ခံ မတူညီသော ကျောင်းသူ၊ ကျောင်းသားများစွာတို့ ရှိနေလေသည်။စာသင်ခန်းများမှာ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားတတ်စေရန်နှင့် မိမိနှင့် မတူညီဘဲကွဲပြားခြားနား သူများအပေါ် နားလည်မှု ရှိစေရန်၊ သည်းခံတတ်စေရန်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်တတ်စေရန်တို့ကို လေ့လာသင်ယူခွင့် ရရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းနှင့် ကျောင်းတွင်းလှုပ်ရှားမှုများဖြင့်ဖန်တီး တည်ဆောက်ရမည် ဖြစ်သည်။
            နိုင်ငံတကာတွင်ဗဟုပညာရေးစနစ် (သို့မဟုတ်) အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေး (Multicultureeducation) ကို မိတ်ဆက်ခဲ့ကြသူများသည် ဤမတူညီ ကွဲပြား ခြားနားသော လူမျိုးရေး အခြေခံအချက်အပေါ်တွင် ခွဲခြား ဆက်ဆံမှုများ၊ ဖိနှိပ် ချုပ်ချယ်မှုများ၊ လူ့အခွင့်အရေး ဆုံးရှုံးနေရခြင်းများနှင့်လူမျိုးစု အခွင့်အရေးများ မရရှိခြင်းများကို မကျေနပ်မှုများမှ စတင် လှုပ်ရှား ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံအသီးသီးမှ လူမျိုးပေါင်းများစွာ ကမ္ဘာ့စစ်ကြီးများအပြီးတွင် နိုင်ငံပြောင်းရွှေ hနေထိုင်လာခဲ့ကြရာမှ လူ့ယဉ်ကျေးမှု ဗဟုဝါဒ (Culturalpluralism) ကို အကောင်အထည်ဖေါ် ကျင့်သုံးရန်အတွက် လှုံ့ဆော်မှုများမှလည်း အသွေးအရောင်စုံယဉ်ကျေးမှု ပညာရေးကို စတင် ကျင့်သုံးလာ ခဲ့ကြပါသည်။
            မတူညီကွဲပြားခြားနားသော ယဉ်ကျေးမှု နောက်ခံအမျိုးမျိုးတို့ ရှိကြသည့် ကျောင်းသူ၊ ကျောင်းသားများသည်စာသင်ခန်းများတွင်းသို့ သူတို့၏ ယဉ်ကျေးမှုများ၊ တန်ဖိုးစံနှုန်းများနှင့် ရိုးရာဓလေ့များကိုယူလာကြပါသည်။ သို့ဖြစ်ခြင်းကြောင့် သူတို့သည် စာသင်ခန်းများတွင် ယဉ်ကျေးမှုများစွာတို့ဆက်စပ် ယှက်နွယ်မှုများကို ဖြစ်ပေါ်စေသည်။ ဤတွင် စာသင်ယူ လေ့လာခြင်းများ၌ မတူညီသော ယဉ်ကျေးမှုပုံစံများကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာပါသည်။
            မြန်မာနိုင်ငံ၏ပညာရေးသင်ရိုးညွှန်းတမ်းများတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရသည်အချိန်မှ စတင်၍ ခေတ် အဆက်ဆက်အာဏာရ မည်သည့်အစိုးရကမှ လူမျိုးစုများ၏ ဘာသာစာပေ၊ သမိုင်းအစဉ်အလာများ၊ ရိုးရာဓလေ့များ၊ယဉ်ကျေးမှုများကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်းတွေ့ ရှိရသည်။ အထူးသဖြင့် ဗမာလူမျိုးများ၏ဗမာစာပေနှင့် တန်ဖိုးစံနှုန်း တစ်ခုတည်းကိုသာ အလွန်အမင်း ဦးစားပေး သင်ကြားခြင်းနှင့်တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုများမှာ အသိအမှတ်ပြု ထည့်သွင်း စဉ်းစားခြင်းများမပြုလုပ်ခဲ့ကြပါ။ လူမျိုးစု တိုင်းရင်းသားတို့၏ ဒေသများ၌လည်း မိခင်ဘာသာစာပေကို လေ့လာခွင့်မရရှိခြင်းနှင့် ရိုးရာယဉ်ကျေးမှုများကို ဖေါ်ထုတ်ခွင့် မရရှိခြင်းများအပြင် ဖိနှိပ်ချုပ်ချယ်မှုများဖြင့်၂၁ ရာစုအစပိုင်း မြန်မာ တိုင်းရင်းသားများမှာ ရင်ဆိုင် နေကြရဆဲဖြစ်သည်။ ပညာရေးဆိုင်ရာသင်ရိုးညွှန်းတမ်းများနှင့် စာသင်ကြားခြင်းနှင့် သင်ယူ လေ့လာမှု လုပ်ငန်းစဉ်များမှာ လက်ရှိဘ၀များနှင့်ဒေသအသီးသီး၏ စာပေ၊ ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေမှု မရှိခြင်း တို့သည် ပညာရေးဆိုင်ရာဆုတ်ယုတ်မှုနှင့် စံနှုန်းတန်ဖိုးများ ကျဆင်း လာရခြင်း၏ အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်ပါသည်။
ယဉ်ကျေးမှုအရ လိုက်လျောညီထွေရှိသည့် စာသင်ကြားခြင်း နည်းဗျူဟာများ Teaching and learning in a multicultural classroom
            ယဉ်ကျေးမှုအရလိုက်လျောညီထွေရှိသည့် စာသင်ကြားခြင်းသည် စာသင်ခန်းတွင်း၌ မတူ ကွဲပြားခြားနားသော ယဉ်ကျေးမှုများတည်ရှိနေမှုကို အသိအမှတ်ပြုပြီး ဤမတူညီ ကွဲပြားခြားနားမှုများနှင့် လိုက်လျောညီထွေဖြစ်မည့်သင်ကြားနည်း စနစ်များကို ဖန်တီးခြင်းပင်ဖြစ်ပါသည်။ အောက်ပါအချက်များသည် ဆရာ၊ ဆရာမများကိုစာသင်ကြားရာတွင် အထောက်အကူ ဖြစ်စေပါသည်။
•           မိမိ၏အချိန်ပေးပြီး အားလုံး၏ မတူသော ယဉ်ကျေးမှုများအပေါ် စိတ်ဝင်စားမှုရှိကြောင်း လက်တွေ့ ပြသပြီးကရုဏာ တရားဖြင့် မျှတစွာ ဆက်ဆံပါ။
•           ကျောင်းသူ၊ကျောင်းသား အားလုံးအပေါ် တန်းတူညီမျှစွာ ပြုမူဆက်ဆံပြီး သင်ယူ လေ့လာမှုများတွင် အားလုံးပါဝင် ဆောင်ရွက်နိုင်ခွင့် ပေးပါ။ ကလေးများအချင်းချင်း ခွဲခြား ဆက်ဆံ၊ ပြုမူ၊ ပြောဆိုမှုများကိုချက်ခြင်း အရေးယူပါ။
•           မတူညီသောယဉ်ကျေးမှုများအတွက် လူမျိုးစုကလေးဗဟိုပြု သင်ကြားနည်း အမျိုးမျိုးကို အသုံးပြုပါ။
•           စာသင်ကျောင်းနှင့်လူမှုအသိုင်းအဝန်းသို့ မတူသော ယဉ်ကျေးမှု အသီးသီးတို့မှ အားဖြည့်ပေးမှုများကို ဆရာ၊ ဆရာမများမှတန်ဖိုးထားကြောင်း ပြသပါ။
•           ယဉ်ကျေးမှုများနှင့်လူမျိုး အခြေခံ မတူညီသော ကျောင်းသူ၊ ကျောင်းသားများ အတူတကွ ပူးပေါင်း လေ့လာ သင်ယူနိုင်ခွင့်များကိုဖန်တီးပေးပါ။
             ယဉ်ကျေးမှုအရလိုက်လျောညီထွေရှိသည့် စာသင်ကြားခြင်းသည် ခံစားချက်များ၊ သဘောထားအမြင်များနှင့် တန်ဖိုးများနှင့်များစွာ သက်ဆိုင်ပါသည်။ ကျောင်းသူ၊ ကျောင်းသားအားလုံးမှ မိမိတို့ကို တန်ဖိုးထားခြင်းများ၊အသိအမှတ် ပြုခြင်းများ၊ ဂရုစိုက်ခြင်းများ၊ စာသင်ခန်းနှင့် ကျောင်းတွင် နွေးထွေးစွာပြုမူ ဆက်ဆံခြင်းများနှင့် အတန်းထဲတွင် သူများနည်းတူ အခွင့်အရေးများ ရရှိခြင်းတို့ကိုလိုလားကြပါသည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးရေးအရ လူနည်းစုဖြစ်သည့် ကျောင်းသူ၊ကျောင်းသားများမှာ အခါများစွာတွင် အထီးကျန်ဆန်နေတတ်ခြင်းနှင့် အရောတဝင် ဆက်ဆံမှု မခံရခြင်းများကြောင့်သူတို့ အတွက်မှာ ဤအချက်သည် လွန်စွာ အရေးကြီးပါသည်။
စာသင်ခန်းများတွင် တိုင်းရင်းသားယဉ်ကျေးမှုနှင့် လူမှုစီးပွားနောက်ခံ အခြေအနေများကို ထည့်သွင်း စဉ်းစားခြင်း
(၁) ဆရာ၊ ဆရာမတို့သင်ကြားနေသည့် ကျောင်းနှင့် ပတ်ဝန်းကျင်လူမှု အသိုင်းအဝိုင်းရှိ တိုင်းရင်းသား ယဉ်ကျေးမှုများ အကြောင်းကို သိနားလည်ရန် လေ့လာထားပါ။
မူလတန်းအဆင့် – တတိယတန်း ဆရာ၊ ဆရာမများမှ ကျောင်းသူ၊ ကျောင်းသားများ၏လူမျိုးစု ပွဲတော်များအကြောင်းနှင့် အားလပ်ရက် တွင် မိမိတို့လူမျိုးစုများ၏ ပြုလုပ်သည့်အလေ့အထများ အကြောင်းကို ကျောင်းသူ၊ ကျောင်းသားများအား ပူးပေါင်း လေ့လာစေပြီး ရှင်းလင်းဆွေးနွေးသည်။ မတူညီ၊ ကွဲပြားသော လူမျိုးစုများ၏ ယဉ်ကျေးမှုများကို ထင်ဟပ်စေသည့် စာသင်ခန်းတွင်း“လူမျိုးစုပွဲတော်များ” ကို ဖန်တီးပြီး မိဘများနှင့် ရပ်ရွာတွင်း ကျွမ်းကျင်သူများကိုဖိတ်ခေါ်၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ပုံစံပြသင်ကြားခြင်းများကို ပြုလုပ်သည်။
အလယ်တန်းအဆင့် – ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် မိခင် ဘာသာစကား(သို့မဟုတ်) မြန်မာစာသင်ခန်းစာတွင် ကျောင်းသူ၊ ကျောင်းသားများ “ကျွန်ုပ်၏အကြောင်း”ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးသားကြရန်ဖြစ်သည်။ အကြိုက်ဆုံး အစားအစာနှင့် အနှစ်သက်ဆုံးဝါသနာ၊ စိတ်ဝင်စားရာ တေးဂီတ၊ မိဘများ၏ နောက်ခံမျိုးရိုး၊ စသည့် အချက်အလက်များ ပါဝင်ရမည်ဖြစ်သည်။ကျောင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေမှုများ၊ မိမိနှစ်သက်သည့် အရာများ၊ မကြိုက်သည့်အရာများကိုလည်း ထည့်သွင်း ဆွေးနွေးကြသည်။ ဆရာ၊ ဆရာမများ ကိုယ်တိုင်လည်း ဤအကြောင်းအရာများပါဝင်သည့်“မိမိတို့၏ အကြောင်း” ခေါင်းစဉ်ဖြင့်ပင် စာစီစာကုံး တစ်ပုဒ်ရေးသားပြီး ကျောင်းသူ၊ ကျောင်းသားများနှင့်အတူတကွ ဆွေးနွေးသင့်ပါသည်။
အထက်တန်းအဆင့် - ကမ္ဘာ့ ဘာသာတရားကြီးများအကြောင်းကို လူမှုသိပ္ပံဘာသာရပ်၊ ပြည်သူ့နီတိတို့တွင် ထည့်သွင်း ဆွေးနွေးသင့်သည်။ မတူ ကွဲပြား ခြားနားသောဘာသာတရားကြီးများ၏ တူညီသော သွန်သင်ဆုံးမမများ (ဥပမာ – ချစ်ချင်းမေတ္တာတရား၊ ရိုးသားမှု၊သည်းခံတတ်ခြင်း၊ ဖေးမ ကူညီမှု) တို့ကို ထုတ်နှုတ်၍ ဆွေးနွေးကြမည်။ ကမ္ဘာ့ဘာသာ တရားကြီးများ၏နောက်ခံသမိုင်းများနှင့် လက်ရှိ ကိုးကွယ် ယုံကြည်မှုများကို သင်ကြားရာတွင် မည်သည့် ဘာသာတရားကိုမှ မထိခိုက်စေဘဲ အတူတကွ လေ့လာ သုတေသန ပြုလုပ်ကြပြီး ဆွေးနွေးတင်ပြနိုင်သည်။ ရပ်ရွာ၊ဒေသတွင်းရှိ ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး တစ်ခုချင်းစီအလိုက် ဆွေးနွေးစေသည်။ဘာသာတရားများမှ လူ့ ယဉ်ကျေးမှုနှင့် လောကကို အကျိုးပြုပုံများနှင့် အချင်းချင်း အပြန်အလှန်လေးစားစွာ ဆက်ဆံတတ်စေရန်တို့ကို အဓိကအားဖြင့် ထင်ရှားစေပါသည်။
(၂) ဒေသတွင်းရှိ လူမျိုးစုများ၊ လူနည်းစုများ၏ ယဉ်ကျေးမအသီးသီးနှင့်ဆက်နွယ်နေသော လူမှုဆက်ဆံရေး တန်ဖိုး စံနှုန်းများ၊ အနုပညာများ၊ သမိုင်း အစဉ်အလာများကိုလေ့လာထားသင့်သည်။
မူလတန်းအဆင့် – ဒုတိယတန်း ဆရာ၊ ဆရာမများအနေဖြင့် ယဉ်ကျေးမှုအားလုံးရှိ ယဉ်ကျေး သိမ်မွေ့ခြင်း၊ လေးစားစွာဆက်ဆံခြင်း စသည့် စံနှုန်းတန်ဖိုးများကိုထုတ်နှုတ် ဆွေးနွေးသင်ကြားသည်။ မတူသော လူမျိုးများ၏ ဤ စံနှုန်းတန်ဖိုးများနှင့် နေထိုင်မှုပုံစံများကိုမည်သည့် လူမျိုးစုကိုမှ မထိခိုက်စေဘဲ ကျောင်းသူ၊ ကျောင်းသားများ အချင်းချင်း ဆွေးနွေးစေမည်။
အလယ်တန်းအဆင့် – ပန်းချီဘာသာရပ် သင်ကြားသူ ဆရာ၊ ဆရာမ အနေဖြင့်လူမျိုးစုများ၏ ပန်းချီ အနုပညာဆိုင်ရာ ရုပ်ပုံ ကားချပ်များကို စာသင်ခန်းတွင်း ချိတ်ဆွဲထားခြင်း၊ကျောင်းသူ၊ ကျောင်းသားများကို ဖန်တီးစေခြင်းနှင့် ဤအနုပညာ၏ တန်ဖိုး၊ အရည်အသွေးနှင့်မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာမှုကို ပံ့ပိုး ကူညီနေမှုများကို ဆွေးနွေးကြသည်။
အထက်တန်းအဆင့် – ထင်ရှားသော လူမျိုးစု ခေါင်းဆောင်များ၏ ရုပ်ပုံများကိုစာသင်ခန်းတွင်း၌ ချိတ်ဆွဲထားခြင်း၊ လူမျိုးစုများနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွား(စာပေ၊ အနုပညာ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စသည်) ကို မည်သို့ ထွန်းကားစေရန်အကျိုးပြု ဆောင်ရွက်ခဲ့သည်များကို ဆွေးနွေးကြသည်။ ဘ၀ အတ္ထုပ္ပတ္တိများကို သုတေသနပြု လေ့လာစေခြင်း၊စာသင်ခန်းတွင်း တင်ပြ ဆွေးနွေးခြင်းများကို ပြုလုပ်ကြမည်။ လူမျိုးစုများအတွင်းရှိ နယ်ပယ်အလိုက်ထင်ရှားသော အမျိုးသမီးခေါင်းဆောင်များ၏ အကြောင်းကိုလည်း လေ့လာကြသင့်သည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ မြန်မာနှင့် ကမ္ဘာ့လူမှု အသိုင်းအဝန်းများအတွက် အကျိုးပြုခဲ့မှုများမှာကျောင်းပညာရေးတွင် ထည့်သွင်း ဆွေးနွေးခြင်း၊ ထင်ရှားပေါ်လွင်စေခြင်း မရှိသေးပါ။ စံပြုပုဂ္ဂိုလ်များ၊စံပြုလူငယ်များမှာ ဤကျေးရွာအုပ်စုအတွင်းပင် ရှိနေပါသည်။
ပန်းမျိုးစုံတို့ ဖူးပွင့်ဝေဆာလှပ၊ သာယာငြိမ်းချမ်းနေသည့်ဥယျာဉ်ခြံကြီးတစ်ခုနှင့် တူညီသော စာသင်ခန်းကို ဖန်တီး တည်ဆောက်ကြပါစို့။ ဤသည်မှာ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုအတွက် အကောင်းဆုံးသော နိဒါန်းပျိုးခြင်းဟု ယုံကြည်ပါကြောင်း......။
သိန်းနိုင် (မောက္ခပညာရေး)
ဆက်ပါဦးမည်။
သံလွင်တိုမ်းဂျာနယ်၊ အောက်တိုဘာလ၊ ၂၀၁၅၊ မော်လမြိုင်မြို့။
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၀) ဝန်ကြီးချုပ်အတွက် အိမ်စာ

education-not-for-sale
အိန္ဒိယ၏ ပညာရေးစနစ်ကိုပြုပြင်ခြင်း
            အနှစ်သာရကင်းမဲ့ပြီး ဆွဲဆောင်မှု မရှိလှတဲ့ ပညာရေးဥပဒေများကို ပြဌာန်း၊ ဝင်ငွေရဖို့ အဓိက ခပ်ညံ့ညံ့ အင်ဂျင်နီယာကောလိပ်တွေကို မှိုလိုပေါက်အောင် တည်ထောင်ထား၊ သုတေသန၊ အစိုးရ-အရပ်ဖက် ပါတနာဆက်စပ် လုပ်ငန်းများနဲ့ ပြုပြင်ပြောင်းလဲ ဆန်းသစ်ရေးတွေမှာလည်း အရှိန်အဝါနဲ့ အရှိန်အဟုန်ကင်းမဲ့...။ အိန္ဒိယနိုင်ငံအတွက် ပညာရေးစနစ်ကို စိန်ခေါ်ချက်တွေကတော့ဖြင့်ထင်ရှား ပေါ်လွင်လှပါတယ်။ မျှော်လင့်ချက်တွေ တသီတသန်းကြီးနဲ့ မျိုးဆက်သစ် လူငယ်ထုကတော့ပိုမို ကောင်းမွန်တဲ့ ပညာရေးကို အလိုရှိနေကြပြီး ဘယ်လောက်ပဲ ငွေကုန်ကုန် မရမကကို လိုချင်နေကြပြီ။
            ဒီလူထုဆန္ဒဟာဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ သူ့ရဲ့ ညွှန့်ပေါင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်NDA  အစိုးရရဲ့ လုပ်ဆောင်ချက်များ အပေါ်မှာ လုံးလုံးလျားလျားမူတည်နေပါတယ်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများအတွက် လူထုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုလည်းရရှိထားကြတယ်။ ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်၊ တိတိကျကျ စီစဉ်ထားရှိတဲ့ကမ်ပိန်းများနဲ့ ဝန်ကြီးချုပ်မိုဒီဟာ နှစ်ပေါင်းများစွာ တိုင်းပြည်က ငံ့လင့် တမ်းတနေတဲ့မျှော်လင့်ချက်ကို ရှင်သန်နိုးထ စေခဲ့ပြီ။ ပြုပြင်ပြောင်းလဲမှုများကို အာမခံပေးမယ့်မိုဒီရဲ့ မူဝါဒရေးရာကိစ္စများထဲမှာ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ထိပ်ဆုံးမှာ ရှိနေတယ်။ငါးနှစ်သက်တမ်းဟာ ပညာရေးစနစ်ကို ကုစားခြင်းငှါ မစွမ်းသာပေမယ့်လည်း မိုဒီရဲ့ ညွှန်ပေါင်းအစိုးရအဖွဲ့ဟာဖြင့် လမ်းကြောင်းမှန်အတွက် ခြေလှမ်းအနည်းငယ်တော့ လှမ်းနိုင်ပါတယ်။
            ဒီခြေလှမ်းငါးလှမ်းကို ဆွေးနွေးပါရစေ...။
 (၁) ပညာရေးအခွင့်အရေးဥပဒေကို ပြန်လည်မွမ်းမံဆန်းသစ်
            Revamp the Right toEducation (RTE) Act
            ၂၀၀၉ ခုနှစ်၊ ဩဂုတ်လမှာ ပြဌာန်းခဲ့တဲ့ သမိုင်းဝင်ဥပဒေဖြစ်တဲ့ ကလေးငယ်များ၏ အခမဲ့ မသင်မနေရ ပညာရေး အခွင့်အရေး ဥပဒေ Revampthe Right to Education (RTE) Act ဟာတိုင်းပြည်ရဲ့ ပညာရေးစနစ် တိုးတက်ကောင်းမွန် စေဖို့အတွက် ခြေလှမ်းမှန် တစ်လှမ်းဖြစ်တယ်။သို့ပေတဲ့ အဲဒီဥပဒေကို ပြန်လှန် ဆန်းစစ်သစ်လွင်ဖို့ လိုနေပြီ။ ဖွဲ့စည်းထားပုံကိုလည်းပြုပြင်တည်ဆောက်ရမယ်။ အိန္ဒိယနိုင်ငံတွင်းမှာစာသင်ကျောင်း အရေအတွက်ဟာ တိုးမြင့် လာခဲ့ပေမယ့် အင်မတန်မှကို လိုအပ်နေတဲ့ ပညာရေး အရည်အသွေးအပေါ်အထူးပြု ဆောင်ရွက်ချက်ကတော့ လစ်ဟာနေဆဲပါ။
            နှစ်စဉ်ပညာရေး အဆင့်အတန်း အစီရင်ခံစာအရ တတိယတန်းကနေ ပဉ္စမတန်းအရွယ် ကလေးငယ် ၅၀ ရာခိုင်နှုန်းဟာ အခြေခံသင်္ချာကိုတတ်မြောက်မှု မရှိကြဘူး။ တတိယတန်းအရွယ် ကလေးငယ်တွေထဲမှာ ၄၀ ဒသမ ၂ ရာခိုင်နှုန်းမျှသာပထမတန်း ဖတ်စာကို ဖတ်ရှုနိုင်ကြတယ်။ သာမန်ကာလျှံကာမျှဖြစ်တဲ့ ဆရာဖြစ်သင်တန်းတွေဟာ ဒီပြဿနာရဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်။ မျက်မှောက်ခေတ်ပညာရေးစိန်ခေါ်ချက်တွေကို သိမြင် နားလည်စေခြင်းငှါ မစွမ်းသာဘဲ ဟောင်းနွမ်းဆွေးမြေ့နေပြီးညံ့ဖျင်းလှတဲ့ B.Ed ပညာရေးဘွဲ့သင်တန်း ကို ပြုပြင်ပြောင်းလဲခြင်းနဲ့ စတင်လုပ်ဆောင်နိုင်တယ်။ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပညာရေးမညီမျှမှုကို ချုပ်ငြိမ်းစေဖို့နဲ့ RTE ရည်မှန်းချက်တွေကိုအကောင်အထည် ဖေါ် စေနိုင်ဖို့ရာအတွက် တစ်နိုင်ငံလုံး လှုပ်ရှားမှုဖြစ်တဲ့ Teach forIndia လိုမျိုး ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ပိုမို ပူးပေါင်း လုပ်ဆောင်ရပါလိမ့်မယ်။ ဒီလို အဖွဲ့ အစည်းများဟာ RTE ကို အရှိန်အဟုန်ရစေပေမယ့် ပညာတတ် တစ်သီးပုဂ္ဂလများ အနေနဲ့လည်း ဒီ ပြုပြင်ပြောင်းလဲရေး ရထားပေါ်မှာ လိုက်ပါလုပ်ဆောင်နိုင်ခွင့်ဖန်တီး ထားပေးရမယ်။ ဥပမာအားဖြင့် အဆင့်မြင့်ပညာရေး တက္ကသိုလ်များမှာ အလုပ်သင် ကျောင်းသားများအတွက်ဝင်ရောက်ခွင့်ပေးခြင်းဖြင့် ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတွေကို ပညာရေးလောကထဲ ဆွဲခေါ်နိုင်ပါတယ်။
            အစိုးရဟာပုဂ္ဂလိကအဖွဲ့အစည်းများရဲ့ corporate socialresponsibility ကော်ပိုရိတ်လူမှုဝတ္တရားများကို တာဝန်ယူနိုင်စေဖို့ရာသူတို့ရဲ့ ဝန်ထမ်းများ အနေနဲ့ RTE ဥပဒေမှာ ပါဝင်ထောက်ခံလာအောင် အစီအစဉ်ဆွဲ လုပ်ဆောင်နိုင်တယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် လူထု၊ စီးပွားလုပ်ငန်းများနဲ့ ပညာရေး စနစ်တို့ကိုထိထိရောက်ရောက် ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးနိုင်ခြင်း ရလဒ်ကောင်း ရှိလာမယ်။ မိုဒီအတွက်ကံကောင်း ထောက်မချက်ကတော့ ဒီလို လုပ်ဆောင်ချက်များအတွက် နိုင်ငံရေး အမှတ်လည်း ရရှိစေမှာပါ။ဒီလို ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံရေးပါတီများရဲ့ ထောက်ခံချက်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်းလိုအပ်တယ်လေ။ ဒီလို ဥပဒေပြု ပြဌာန်းချက်တွေဟာလည်း ဝန်ကြီးချုပ်ရဲ့ တိုင်းကျိုး ပြည်ပြုလုပ်ရပ်နဲ့နိုင်ငံရေးသမားကောင်း ဖြစ်မှုကို ပြသရာရောက်ပါတယ်။

(၂) အိန္ဒိယစက်မှုတက္ကသိုလ် IIT ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်များကိုမြှင့်တင်ပါ၊ ပုံစံတူကူးချ မိတ္တူ မပွားပါနှင့်။
            LeverageIIT's best practices, but don't franchise them.
            အိန္ဒိယနိုင်ငံရဲ့စက်မှုတက္ကသိုလ် IIT ကို ပုံစံတူ ပွားများခြင်းကတော့ နည်းလမ်းမမှန်တဲ့ ချည်းကပ်မှုလို့ဆိုရမယ်။ အဲဒီအခြားတက္ကသိုလ် အသစ်များမှာလည်း IIT ရဲ့ အကောင်းဆုံးသော ခြေရာလက်ရာများရှိနေသင့်ပေတဲ့ IIT ပုံစံတူများ ပွားများခြင်းကတော့ IIT အမှတ်အသားသရုပ်ကို ပျက်စီးစေပါလိမ့်မယ်။လူထုတက္ကသိုလ်များကိုရဲ့ စွမ်းဆောင်ရည်လိုမျိုး ရရှိလာစေဖို့ရာ မြှင့်တင် လုပ်ဆောင်သင့်ပါတယ်။IIT ရဲ့ ကမ္ဘာကျော် အင်ဂျင်နီယာစွမ်းရည်နဲ့ မတူတဲ့ ကိုယ်ပိုင် အမှတ်အသားသရုပ်နဲ့ အောင်မြင်လာစေဖို့ပါ။IIT ကို အမေရိကန်က Ivy League schools တွေလိုမျိုး အခြား တက္ကသိုလ်များနဲ့မတူ၊ သီးသန့် ထားရှိသင့်ပါတယ်။ တက္ကသိုလ်အသစ်များ ရင့်ကျက် အရွယ်ရောက်လာဖို့ရာက အချိန်လိုအပ်ပါတယ်။ ဒီတက္ကသိုလ်အသစ်များဟာ IIT အထူးပြုဘာသာရပ်နဲ့ မတူဘဲပို ကျယ်ပြန့်လှတဲ့ အတိုင်းအတာနဲ့ ပညာရေး ဝန်ဆောင်မှု ပြုနိုင်ကြမယ်။ အခြားနိုင်ငံများကပညာရေး ပုံစံမိုဒယ်တွေကိုလည်း နည်းမှီယူရင်း အိန္ဒိယရဲ့ ပညာရေး လိုအပ်ချက်ကို ပြုပြင်ပြောင်းလဲနိုင်မယ်။

(၃) ပုဂ္ဂလိကကောလိပ်ကျောင်းများအနေနဲ့ ပိုမို တာဝန်ခံမှု ရှိပါစေ။
            အိန္ဒိယရဲ့ပုဂ္ဂလိကကျောင်းများ အနေနဲ့ ပိုမို တာဝန်ခံမှုရှိစေဖို့ရာက မလုပ်မဖြစ်ပါပဲ။ နည်းဥပဒေများ ကောင်းမွန်စေခြင်းဟာ အဲဒီကောလိပ်ကျောင်းများရဲ့ အနိမ့်ဆုံးစံ သတ်မှတ်ချက်နဲ့ အရည်အသွေးကိုရရှိစေပါလိမ့်မယ်။ နည်းလမ်းတစ်ခုကတော့ တက္ကသိုလ်ဝင်ခွင့် ကော်မစ်ရှင်လိုမျိုး ဥပဒေပြုအဖွဲ့အစည်းများကို ခိုင်မာအောင် တည်ဆောက်ခြင်းပါ။ ပညာရေးအခွင့်အလမ်းများနဲ့ အိန္ဒိယရဲ့အဆင့်မြင့် ပညာရေးစံနှုန်းများကို မြှင့်တင်ခြင်းဆိုတဲ့ မစ်ရှစ် ၂ ရပ်ကို တာဝန်ယူထားကြတယ်။နောက်ထပ်နည်းလမ်း တစ်ခုကတော့ ပုဂ္ဂလိကကောလိပ်များဟာ ကျောင်းလခကို အဆမတန် ကောက်ခံခြင်းမပြုကြဖို့အတွက်ပါ။ ကောလိပ်ကျောင်း များစွာဟာ ကျောင်းလခကို မတန်မရာ၊ အလွန်အကျွံ တောင်းခံကြတယ်။အခွန်အတုတ်ကို ရှောင်ကျဉ်နိုင်တဲ့ လူမှုရေးလုပ်ငန်းဆိုတဲ့ ခေါင်းစဉ်တပ်လို့ စီးပွားဖြစ်(အကြီးအကျယ်ကို) လုပ်စားနေကြတာ။ အဲဒီ ကောလိပ်ကျောင်းများရဲ့ ဝင်ငွေ ၅ ရာခိုင်နှုန်းကို ပုံမှန်အခွန်အနေနဲ့ ကောက်ခံ သင့်ပါတယ်။ ဝင်ငွေအရထိန်းချုပ်နိုင်ခြင်းဟာ ပိုမို ပွင့်လင်းမြင်သာမှုရှိသော၊ ယုံကြည်ကိုးစားထိုက်သော၊ တာဝန်ခံယူမှုရှိသောပညာရေးစနစ် ဖြစ်လာစေဖို့ အထောက်အကူ ရနိုင်ပါတယ်။ တွဲဖက် ကောင်းကျိုးတစ်ခုကတော့ လက်ရှိကောလိပ်ကျောင်းများစွာက အလေးထားတဲ့ ဘဏ္ဍာငွေကြေး ဝင်ငွေထက် ပညာရေး အရည်အသွေးအပေါ် အာရုံစိုက်လာကြဖို့အတွက်ဖြစ်တယ်။

(၄) သုတေသနနှင့် ဖွံ့ဖြိုးတိုးမှုအတွက် ရင်းနှီးမြှုပ်နှံပါ။
            Investin Research and Development (R&D)
            ပညာရေး အရည်အသွေးအတွက် ထောက်တိုင်တစ်ရပ်ကတော့ သုတေသနပါပဲ။ အိန္ဒိယဟာ စပါရှယ်အီလစ် တက္ကသိုလ်အနည်းအကျဉ်းကို ထောက်ပံ့ ပေးနေပေမယ့် ဒီ့ထက်ကို ပိုလုပ်ဖို့ လိုနေပါသေးတယ်။ စတင်သင့်တာကတော့တစ်နိုင်ငံလုံးမှာ သုတေသန လုပ်နေကြတဲ့ သုတေသီများကို အကျိုးရှိစေမယ့် ဥပဒေပြဌာန်းပေးဖို့ပါ။ဥပမာအနေနဲ့ လူထု ရန်ပုံငွေ အထောက်အပံ့ခံ အသိပညာပစ္စည်းကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်အသုံးချခွင့် နည်းဥပဒေ the Protection andUtilization of Public-funded Intellectural Property (PUPFIP)  နဲ့ အဆင့်မြင့်ပညာရေးနှင့် သုတေသနဆိုင်ရာ နည်းဥပဒေthe Higher Education and Research Bill တို့ဖြစ်ပါတယ်။PUPFIP ဥပဒေဟာအမေရိကန်မှာရှိတဲ့ Bayh-Dole Act(မူပိုင်ခွင့်) လိုမျိုး အင်မတန်မှကို အရေးကြီးလှပါတယ်။ မူပိုင်ခွင့် ဥပဒေကြောင့် အမေရိကန်သုတေသနနယ်ပယ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ရရှိလာတဲ့ ငွေကြေး အကျိုးအမြတ်ကို သုတေသီများအတွက်ခံစားခွင့် ပေးနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကမ္ဘာကျော် သုတေသနတွေ လုပ်နေနိုင်ကြတယ်။
            အိန္ဒိယဟာလည်း သုတေသန အမြတ်အစွန်းကို တီထွင်ဖေါ်ထုတ်သူ ခံစားခွင့် ဗဟိုပြုတဲ့ ဒီလိုမျိုး ဥပဒေတွေ လိုအပ်နေပါတယ်။ အစိုးရနဲ့လည်းတစ်စိတ်တစ်ဒေသအားဖြင့် သီးခြား ကင်းလွတ်တဲ့ သုတေသနအဖွဲ့အစည်း လိုအပ်တယ်။ ရွေးကောက်ပွဲမှာစံပြမြို့ ၁၀၀ တည်ဆောက်မယ့် ကမ်ပိန်းနဲ့ ဆက်စပ်လို့လည်း ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့အစိုးရဟာ နိုင်ငံတဝှမ်းလုံးမှာ သုတေသနစင်တာ ၁၀၀ ကို တည်ဆောက်သင့်ပါတယ်။ ဒီမြို့သစ်တွေကိုတည်ဆောက်တဲ့ အခါမယ် ဒီ သုတေသနစင်တာတွေကိုလည်း လိုက်ပါ တည်ထောင်နိုင်ရပါလိမ့်မယ်။ ဘတ်ဂျက်ကတော့အိန္ဒိယ ရူပီးငွေ သန်း ၅၀၀၀ (ဒေါ်လာ သန်း ၈၀) လိုအပ်ပါလိမ့်မယ်။ အချိန်ကာလ ကြာမြင့်စွာကတည်းကပြည်ပရောက် အိန္ဒိယ ပညာရှင်တွေ မျှော်လင့်တောင့်တနေကြတဲ့ ဦးနှောက်ယိုစီးမှု ပြောင်းပြန်လှန်ပစ်နိုင်ဖို့အတွက်ဒီလိုလုပ်ရပ်များက စွမ်းဆောင်နိုင်ပါတယ်။
            နှိုင်းယှဉ်လေ့လာနိုင်ဖို့အတွက်အိန္ဒိယမှာ လူ တစ်ထောင်မှာ သိပ္ပံ ပညာရှင် ဦးရေက ၇ ဒသမ ၈ ဦး၊ ကနေဒါမှာ ၁၈၀ ဒသမ ၇ ဦး၊တောင်ကိုရီး ယားမှာ ၅၃ ဒသမ ၁ ဦး၊ အမေရိကန်မှာ ၂၁ ဒသမ ၂ ဦးတို့ ရှိကြတယ်။ အမေရိကန်ရဲ့နာမည်ကျော် ဟားဗတ်တက္ကသိုလ်က ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ သန်း ထောင်ပေါင်း ၂၅၀ ကို သုံးစွဲခဲ့တယ်။အိန္ဒိယရဲ့ တက္ကသိုလ်များကို ပြင်ပ သုတေသန လုပ်ငန်းများအတွက် ချပေးငွေဟာ ရူပီးငွေ သန်းထောင်ပေါင်း၁၂ မျှသာ သုံးစွဲခဲ့တယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း လိုက်ပါနိုင်ဖို့နဲ့ အနာဂတ်မှာသုတေသန အကျိုးအမြတ် ရရှိဖို့ရာအတွက် အိန္ဒိယဟာ အခုထက်ကို အဆများစွာ ပိုလို့ ကြိုးစားရဦးမယ်ဆိုတာထင်ရှားလှပါတယ်။

(၅) အစိုးရ - ပုဂ္ဂလိက ပါတနာလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ပါ။
            Improve public-privatepartnerships
            အစိုးရ-ပုဂ္ဂလိကပါတနာ ဖက်စပ်လုပ်ငန်းများဟာ အိန္ဒိယနိုင်ငံအတွက် ပညာရေးစနစ်ကို ရှင်သန်တိုးတက်စေဖို့ နောက်ထပ်နည်းလမ်း တစ်ခုပါ။ ဘဏ္ဍာ ငွေကြေး ပိုမို ရရှိနိုင်မယ်။ သင်တန်းတွေ လုပ်နိုင်တယ်။R & D သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်နိုင်မယ်။ ဖက်စပ်လုပ်ဆောင်ခြင်းဖြင့် ရရှိလာမယ့်အခွင့်အလမ်းကတော့ အတော်ကြီးကို သိသာမြင်သာ လှပါတယ်။ အဦးအစအနေနဲ့ အစိုးရ အသစ်ဟာ အစိုးရ- ပုဂ္ဂလိက ဖက်စပ်ပညာရေးလုပ်ငန်း ၅၀ ကို ဖန်တီးသင့်ပါတယ်။ ပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များရဲ့အရွယ်အစားကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်သင့်တယ်။ ကမ္ဘာလုံးဆိုင်ရာ စံချိန်၊ စံနှုန်းများနဲ့ကိုက်ညီဖို့ ဖြစ်တယ်။ ဒီလို ဖက်စပ်လုပ်ဆောင်ခြင်းများဟာ ပုဂ္ဂလိကလုပ်ငန်းများက ပရော်ဖက်ရှင်နယ်စွမ်းရည်နဲ့အသိပညာများကို နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးများက ရရှိသွားနိုင်ဖို့ရာအတွက်လည်းဖြစ်တယ်။ ပညာရေး အရည်အသွေးအတွက် အကျိုးဖြစ်မယ်။ ၂ ဦး ၂ ဖက် အကျိုးရှိစေတဲ့ ပုံစံပါ။သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် R&D ကြောင့်လည်း ကုမ္ပဏီများဟာ ဆန်းသစ်ပြောင်းလဲနိုင်မယ်။တက္ကသိုလ်များဟာလည်း စွမ်းဆောင်ရည်မြင့်လာကြမယ်။
            ဒီလိုဘက်စုံ ချည်းကပ်ဆောင်ရွက်မှုဟာ အိန္ဒိယပညာရေးကို ပြုပြင် ပြောင်းလဲမှုအတွက် အသက်တမျှ အရေးကြီးလှသလိုမိုဒီအစိုးရ အဖွဲ့ဟာလည်း ဒီခြေလှမ်း ၅ လှမ်းနှင့်အညီ လိုက်ပါလုပ်ဆောင်နိုင်မယ့် လားရာအမြင်၊ဦးတည်ချက် ကြီးကြီးမားမား ထားရှိဖို့ရာ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲ ဆန်းသစ်သောယဉ်ကျေးမှုအမြင်သစ်ပါ။ ရာစုနှစ် တစ်ခုလောက် အမေရိကန် ပညာရေးစနစ်ဟာ အောင်မြင်နေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့အမေရိကန်တို့ရဲ့ ပြောင်းလဲဆန်းသစ်တီထွင်မှု အခြေပြု ပညာရေးစနစ်အပေါ်မှာ ဂုဏ်ယူ ဝင့်ကြွားကြလို့ပါပဲ။အိန္ဒိယဟာလည်းပဲ သို့ကလိုမျိုး လိုအပ်နေတယ်။ ကိုယ်ပိုင်အမှတ်အသားသရုပ်နဲ့ ဖြစ်ထွန်းဖို့ရယ်ပြောင်းလဲ ဆန်းသစ်တီထွင်ခြင်းကို အားလုံး လိုက်ပါ လုပ်ဆောင်ခွင့် ရရှိနေဖို့ရယ်ပါ။ဒေသတွင်း တက္ကသိုလ်များနဲ့ ဈေးကွက်တို့ရဲ့ လိုအပ်ကို ညှိပေးနိုင်ရမယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အရွေ့ကိုလည်း မျက်ခြေမပြတ်ပဲပေါ့။ ဗာရာဏသီနယ်မှာ မိုဒီက အမျိုးသားအဆင့်ရပ်ရွာလုံး သန့်ရှင်းစင်ကြယ်စေရေး လှုပ်ရှားမှု NationalCleanliness Drive ကို ပုံဖေါ်ခဲ့တာလိုမျိုး တစ်နိုင်ငံလုံးမှာNational Innovation Campaign အမျိုးသားအဆင့်ပြုပြင်ပြောင်းလဲ ဆန်းသစ်ခြင်းကမ်ပိန်းကိုလည်း စတင် လုပ်ဆောင် သင့်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးဆန်းသစ်သွားအောင်လို့ပါပဲ။
            ပြန်လှန်တွေးတော ကြည့်မယ်ဆိုရင် အစိုးရအသစ်မှာ မူဝါဒများစွာအတွက် ပြုပြင်ပြောင်းလဲဖို့ရာအတွက် လုပ်ဆောင်စရာ အများကြီးရှိနေတယ်။ အဲဒီ မူဝါဒ များစွာအနက်က အဓိက အကျဆုံးကတော့ဖြင့် တိုင်းပြည်ရဲ့ ပညာရေး စနစ်ကိုပြောင်းလဲဆန်းသစ်ခြင်းပါ။ ဆယ်စုနှစ်များစွာမှာစနစ်တကျနဲ့ ခြစား ပျက်စီး နေခဲ့ရတာလေ။ တိုင်းပြည်အနာဂတ်အတွက်နဲ့ဂုဏ်သိက္ခာအတွက် အခြေခံအကျဆုံးလည်းဖြစ်တဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ရာ နိုးကြားတက်ကြွနေပြီး တာဝန်ယူ လှုပ်ရှားနိုင်သော အစိုးရတစ်ရပ်ဖြစ်ဖို့လိုအပ်နေတယ်။ RTE ကို ပြန်လည်မွမ်းမံဆန်းသစ်ဖို့၊ အဆင့်မြင့်ပညာရေးရဲ့ အရည်အသွေးနဲ့တာဝန်ခံမှုကို တိုးတက်စေဖို့၊ အစိုးရ-ပုဂ္ဂလိကပါတနာလုပ်ငန်းတွေကို ပိုမိုကောင်းမွန်စေဖို့၊သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံ့ဖို့နဲ့ နောက်ဆုံးအချက်အနေနဲ့ ပြည်တွင်းပညာရေးကိုပြုပြင်ပြောင်းလဲဆန်းသစ်လို့ နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့ တို့အတွက်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တိုင်းပြည်ရဲ့အနာဂတ် အကျိုးစီးပွား အတွက်တင် မဟုတ်ပါဘူး။ မျက်မှောက်ခေတ် သန်းပေါင်းများစွာသော လူငယ်များရဲ့မွတ်သိပ် ဆာလောင်နေဆဲ ပိုမိုကောင်းမွန်တဲ့ ပညာရေးနဲ့ တောက်ပတဲ့ မနက်ဖြန်အတွက်လည်းဖြစ်ပါတယ်။
Ref: Modi’s GotHomework: Fixing India’s Education System BY SRIRAM BALASUBRAMANIANJUNE 16,2014 Foreign Policy
သိန်းနိုင် (မောက္ခပညာရေး)(ဆက်လက်ဖော်ပြပါမည်။)
>>>ဆက်ဖတ်ရန်>>> >>