Friday, December 12, 2014

ဗိုလ်ချုပ်မွေးနေ့ ( သို့မဟုတ် )ကလေးများနေ့

ဗိုလ်ချုပ်မွေးနေ့ ( သို့မဟုတ် )ကလေးများနေ့ 

၁၃.၁၂.၂၀၁၄
















11 February 2013 15:30(+0630) (2 နှစ် ခန့်က)

၁၉၅၇ ခုနှစ်ဖော်ဖော်ဝါရီ၁၃ရက်နေ့က ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဗိုလ်ချုပ်ပန်းခြံ၌ကျင်းပခဲ့ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် ဤသို့တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီလနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားတိုင်းမှာ သမိုင်းဝင် အထိမ်းအမှတ်နေ့ကြီး နှစ်နေ့ရှိနေ သည်။ နေ့တစ်နေ့က ‘မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေး ကြီး သော တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှုရရှိသောနေ့’ တစ်နည်း အားဖြင့် ပင်လုံစာချုပ်ချုပ်ဆိုသော နေ့၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဖြစ် သည်။ ထိုနေ့ကို နိုင် ငံတော်က ပြည် ထောင်စုနေ့ဟု တရားဝင်သတ်မှတ် ပေးထားသည်။ နောက်ထပ်ထူးခြား သောနေ့တစ်နေ့မှာ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ေ မွးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဖြစ် သည်။သည်နေ့ကို မြန်မာနိုင်ငံ ‘ကလေးများနေ့’ ဟု သတ်မှတ်ထား သော်လည်း ပြန်တမ်းဝင်နေ့တစ်နေ့ ဟု သတ်မှတ်မထား။ သို့သော် လည်း ဗိုလ်ချုပ်မွေးနေ့ကို ‘ကလေး များနေ့’ ဟုသတ်မှတ်ကာ ၁၉၅၇ ခုနှစ်က ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပန်းခြံ၌အခမ်းအနားကျင်းပခဲ့သည်ကို မှတ်တမ်းများတွင် တွေ့ရှိရ သည်။ ထိုနှစ်ကကလေးသူငယ်အကျိုး ဆောင် ဥက္ကဋ္ဌကြီးစဝ်ရွှေသိုက်၊ လွှတ်တော် ဥက္ကဋ္ဌကြီးဗိုလ်မှုးအောင်၊ မြို့တော်ဝန် ဦးမောင်မောင်တို့ တက်ရောက်ခဲ့ပြီး ကလေး သူငယ်များ စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌဒေါ်ခင်ကြည်က ဘက်စုံ ထူးချွန်သောကလေး သူငယ် များအား ဗိုလ်ချုပ်အောင်ဆန်း ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ကလေးဘဝ

 ဗိုလ်ချုပ်အောင်ဆန်းတွင် Sterling Qualities ခေါ် ထူးခြား သည့်ဂုဏ်များရှိနေသည်။ သူသည် ကလေးဘဝကပင် စိတ်ရောကိုယ်ပါ လွတ်လွတ်လပ်လပ်နေလိုသည်။ မျက်နှာလိုမျက်နှာရလုပ်ခြင်းကို အထူး စက်ဆုပ်သည်။ လုံးဝလိမ် ညာတတ်သူမဟုတ်။ကြွားဝါထင်ပေါ် မှုကို မလိုလား။ စာပေအနုပညာကို ငယ်စဉ်ကပင် ဗီဇရှိနေ သူဖြစ်သည်။ ဗိုလ်ချုပ်၏ ကြီးကျယ်မြင့်မြတ်မှု၊ ရိုးသားတည်ကြည်မှု၊ ကိုယ်ကျိုးမငဲ့ ကွက်မှုများမှာ ကလေးတို့အတွက် စံပြုလောက်သည့် ဂုဏ်ဒြပ်များဖြစ် သည်။ ဤ အချက်များကြောင့်ပင် မြန်မာ့ကလေးများနေ့ကို ဗိုလ်ချုပ် မွေးနေ့အားသတ်မှတ်ခြင်းမှာ အဓိပ္ပာယ်ရှိသည်ဟုဆိုခြင်းဖြစ်ပါသည်။

 ဗိုလ်ချုပ်အောင်ဆန်းဟု မြန်မာ နိုင်ငံတွင် ထင်ရှားလာသည့် မောင် အောင်ဆန်းကလေးကို ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ စနေနေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်ေ မာက် မြို့၌ မိဘများဖြစ်ကြသည့် ဦးဖာနှင့် ဒေါ်စုတို့မှ မွေးဖွားခဲ့ပြီး ငယ်မည် မှာ မောင်ထိန်လင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက လူ့ပြည် သို့ရောက်ရှိလာပုံကိုသူ၏ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိ၌.. “ဖေဖော်ဝါရီ ၁၃ ရက်ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏အစိုးရ၊ နန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေ သည်။ ထိုနေ့တွင်မွေးသော ကျွန် တော်မှာသူပုန်လောင်းလေးဖြစ်သည် ကို ထိုအခါက မည်သူမျှ ထူးထူး ခြားခြားမထင်ခဲ့ကြချေ။ ကျွန်တော် ၏ဇာတာနာမည်မှာထိန်လင်းဖြစ် လေသည်။ သို့သော် ကျွန်တော့် အထက် အစ်ကိုအောင်သန်းနှင့် နာ မည်လိုက်အောင် အောင် ဆန်းဟု နာ မည်တွင်လေသည်”ဟုရေးသား ခဲ့သည်။

ဗိုလ်ချုပ်က ဖခင်ဖြစ်သူ ဦးဖာ သည်သူ့ကိုမွေးသည့်အချိန်က မည် သို့ရှိနေမည်ကိုလည်း ယခုလိုစိတ်ကူး  ဖြင့်ပုံဖော်ရေးသားထားလေသည်။ “ကောင်းကင်သို့ ပတ်ချာ လှည့် မော့ကြည့်တော့ကာ ထွန်းတောက် နေသော နက္ခတ်တာရာတို့၏ အနေ အထားကို မှတ်သားလျက် အနီးဆုံး အချိန်ကို တွက်ချက်လေတော့ သည်။သို့ဖြင့် ကိုရင်ဖာ သည် သူ၏သား မွေးနေ့၊ မွေးရက်၊ အချိန်နာရီတို့ကို ပေရွက်တစ်ရွက်တွင်ကညစ်ဖြင့်ရေး သား၍ မှတ်သားထားလိုက်လေသည်” “ကောင်းတယ်ဟေ့၊ နေ့ကလည်း စနေ သား၊ ရာဇကလည်း ရာဇဖွား၊ ဘယ်လောက်ထက်ပြီး ကြောက်စရာ ကောင်းမယ့်ကလေးလည်းတော့ မပြောတတ်ဘူး” ဟု သူ၏ဖွားဇာတာ ကိုပါ ရေးဖွဲ့ခဲ့လေသည်။

သုံးလေးနှစ်ကဇာတိပြ

 မောင်အောင်ဆန်းကလေး ၃ နှစ်ကျော်၊ ၄နှစ်သားအရွယ်က အဖြစ်အပျက်တစ်ခုမှာ အံ့သြချီးမွမ်း ဖွယ် ဖြစ်ပါသည်။ တစ်နေ့တွင် သူ၏မိခင် ဒေါ်စုသည် ငွေချေးထားသူ များ အား ပေးဆပ်ချိန်ရောက်သော်လည်း ကြွေးမဆပ်၍ ကြွေးတောင်းနေ သည်ကိုအနီးတွင် ကစားနေသော မောင်အောင်ဆန်းက “အစ်မရာ သူ့ရှိမှ ပေးနိုင်မှာပေါ့” ဟု တစ်ခွန်း ချင်း ပီသစွာပြောခဲ့လေသည်။တစ်နေ့တွင် တောမှ စပါးဝယ် သူများရောက်လာ၍ သူ၏မိခင်က “ကဲ..မင်းတို့လိုချင်လည်း ယူသွား ကြပေါ့။ ငါဝယ်တုန်းကတော့ ၆ဝ ဈေးပဲ။ မင်းတို့လိုချင်ရင် ၅ဝ ဈေးပဲ ထားပေါ့” ဟုပြောဆိုနေခိုက် အိမ် လှေကားနားတွင် ကစားနေသော မောင်အောင်ဆန်းကလေးက “အစ်မ၊ ခင်ဗျားမဟုတ်တာေ တွပြောရော့ မယ်။ ဒီစပါး ၅ဝ ဈေးနဲ့ဝယ်ထား တာဗျ။ ကျုပ်သိတယ်။ ဟုတ်တာပြော မှ ဥစ္စာပေါတယ်။ လိမ်ပြောတာ မကောင်းဘူး” ဟုဝင်ပြောလိုက်လေ သည်။ငယ်စဉ် ကပင်လိမ်ညာပြောသည် ကိုမကြိုက်သည်ကားထင်ရှားလေပြီ။

 မောင်အောင်ဆန်းသည် အငယ် ဆုံးသားဖြစ်ရာ မိခင်ကြီးဒေါ်စုက အချစ်ပိုလေသည်။ အသက် ၇ နှစ် ကျော်၊ ၈ နှစ်ထိရောက်မှ ဦးသော ဘိတကျောင်းတွင် ကျောင်းနေေ သာ် လည်း စာတော်သူဖြစ်၍ အတန်း ကျော်တက်ခွင့်ရသူလည်းဖြစ်သည်။ အသက် ၁၁နှစ်တွင် မြန်မာစာ ၃ တန်းသို့ ရောက်လေသည်။ ထိုအချိန် က ၃ တန်းကျောင်း သား မောင် အောင်ဆန်းသည် သူ၏ဖတ်စာအုပ် တွင် စာကြောင်းရေ လေး၊ ငါး၊ ဆယ် ကြောင်းဖြင့် ဇာတ်လမ်းဖွဲ့ရေးသား ခဲ့သည်ကို ယခုလိုတွေ့ရလေသည်။

လိမ္မာသောလူပြော- ဆိုးသောကလေး များသည် ငှက်များကိုပစ်ကြသည်။ အလွန်မှားသည်။ အလွန်ဆိုးသည်။

ဆိုးသောလူပြော- ဘာမှားသလဲကွ၊ ဘာဆိုးသလဲကွ..ဟင်။

လိမ္မာသောလူပြော- ငှက်ပစ်တာ ဆိုးတယ်ကွေ့ (ကွ)။

ဆိုးသောလူပြော- ဒါဖြင့် မင်း ငှက် သားမစားဘူးလား။

လိမ္မာသောလူပြော- စားတယ်။

ဆိုးသောလူပြော- မင်း ငှက်သား မစားချင်ဘူးလား။

လိမ္မာသောလူပြော- စားချင်တယ်။

ဆိုးသောလူပြော- မင်းစားချင်ရဲ့ သားနဲ့ ငှက်ပစ်တဲ့လူ မိုက်တယ်၊ ဆိုး တယ်လို့ ဘာလို့ပြောရတုံး။

လိမ္မာသောလူပြော- မင်း ငါက ပြော တာမှာ ဆိုးတယ်လို့ပြောသည် မဟုတ်ဘူးလား။

ဆိုးသောလူပြော- အေး။

လိမ္မာသောလူပြော- မင်းတို့ငှက်ပစ် လို့ မိုက်တာဆိုတာ ကမ္ဘာပေါ်မှာ အမိုက်ဆုံးပဲ။

ဆိုးသောလူပြော- နောက်မပြောနဲ့ ကွာ။ မင်းစားချင်ရဲ့သားနဲ့..မိုက် တယ်လို့ဆိုတာကိုကွ။

 ဤကား ၃ တန်းကျောင်းသား မောင်အောင်ဆန်း၏ ပြဇာတ်တစ် ပုဒ်ဟုပင် ဆိုရမည်ဖြစ်ပါသည်။  မောင်အောင်ဆန်းသည် ၈ နှစ် သားအရွယ်ရောက်မှ ကျောင်းနေရ သည်ဆိုသော်လည်း ၇ တန်းနှင့် ၁ဝ တန်းတို့တွင် ထူးထူးချွန်ချွန်အောင် မြင်ခဲ့၍ စကောလားရှစ်ခေါ် ပညာ သင်ဆုပင် ရရှိခဲ့သူဖြစ်သည်။ မောင် အောင်ဆန်း ၇ တန်းေ ကျာင်းသား ဘဝကပင်သူသည် ထိုခေတ်က ထင် ရှားသော လူပုဂ္ဂိုလ်များ၏ ရုပ်ပုံ ကိုပင်ပန်းချီဆွဲထားသည်ကို တွေ့ ခဲ့ရသည်။ငယ်စဉ် ကျောင်း သားဘဝကပန်းချီဆွဲ ဝါသနာပါပုံကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သော ‘ဗိုလ် ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိ’ စာအုပ်တွင် “ကိုအောင်ဆန်း၏လေ့ကျင့်ခန်းစာ အုပ်ကိုယူ၍ ကြည့် လျှင်ပန်းချီဝါသနာ ပါသူ တစ်ယောက်ဟု မှတ်ယူလောက် အောင်ပင် စိတ်ကူးနှင့်ရေးဆွဲထားသည့် ဘီးဆံထုံးကြီးများကို ဆံမြိတ်ကွင်း ချလျက်မျက်စိမှိတ်နေသည်ဟု ထင်ရ သောမိန်းမဦးခေါင်းပုံများကိုအများအပြားတွေ့ရမည်ဖြစ်ပေသည်” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။

 ”ရေနံချောင်းမြို့၊ အမျိုးသား ကျောင်း ၈ တန်းကျောင်းသားဘဝ တွင် ကျောင်း၌ တစ်ယောက်တည်း စဉ်းစားတွေးတောခြင်းဖြင့်လည်း ကောင်း၊ စာအုပ်နှင့်မျက်နှာ အပ် လျက်သော်လည်းကောင်း အမြဲ ရှိတတ်လေသည်။အိမ်သို့ပြန်လာ သောအခါတွင်သရေစာတစ်ခုခုကို ရှာစားပြီး လူရှင်းသောတစ်နေရာရာ တွင် တင်ပျဉ်ချိတ်ကာ အချိန်များ စွာတွင် စာအုပ်ကို စွဲလမ်းစွာ ကြည့် ရှုတတ်လေသည်။ ကိုအောင်ဆန်း နှစ်သက်သောစာအုပ်မှာဗမာရာဇ ဝင်များနှင့် ပျို့၊ ကဗျာ၊ လင်္ကာစာ အုပ်မျာြး ဖစ်လေ သည်။ ပျို့ကဗျာ၊လင်္ကာစာအုပ်များကို အာဂုံဆောင် နိုင်သည့်တိုင်အောင် ကြည့်ရှုဖတ် နေလေ့ရှိပါသည်”ဟု တွေ့ရှိရပေသည်။

 ဗိုလ်ချုပ်အောင်ဆန်း၏ ငယ် ဘဝကိုကြည့်လျှင် တောသူတောင် သား မိဘနှစ်ပါးက မွေးဖွားခဲ့သည် ဆိုသော်လည်း ထူးကဲ သောပါရမီရှိသူ ဟုဆိုနိုင်ပါ၏။ အသက် ၃၂ နှစ်မျှ သောလူငယ်ဘဝမှာပင်နိုင်ငံကို လွတ် လပ်ရေးရရှိအောင်ထိပ်ဆုံးမှအသက် ပေး၍ ဦးဆောင်ခဲ့သူဖြစ်ပါ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်၏မွေးနေ့ ကို မြန်မာနိုင်ငံတွင် ‘ကလေးများနေ့’ သတ်မှတ်၍ ကလေးများကို အတုယူ အားကျစေရန် ဗိုလ်ချုပ်အကြောင်း ပြောဆို၊ဟောပြော၊ဆွေးနွေးခြင်းသည် လွန်စွာသင့်မြတ်သော အလုပ်တစ်ခု ဟုပင် ဆိုရပါတော့မည်။

သိန်းအေး - Popular Journal

ရည်ညွှန်း-
(၁) ခေါင်းဆောင်မှုဟူသည် (ဗိုလ်မှူးချုပ်မောင်မောင်)
(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာရှင်များ (တင်နိုင်တိုး)

(Popular Journal မှဖော်ပြပါသည်။)


>>>ဆက်ဖတ်ရန်>>> >>

Thursday, December 11, 2014

တက္ကသိုလ်အဆောင်ဆိုတာ ဒီမိုကရေစီလေ့ကျင့်ရေးကွင်းပါ

တက္ကသိုလ်အဆောင်ဆိုတာ ဒီမိုကရေစီလေ့ကျင့်ရေးကွင်းပါ

http://photos.tripomatic.com/photo/507x380nc/612664395a40232133447d33247d38313133313237.jpg
တက္ကသိုလ်တွေက မိမိတို့ရဲ့တက္ကသိုလ်မှာ ကျောင်းဆောင်ထားပေးခြင်းအားးဖြင့် ပညာရှင်လောင်း တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများရဲ့ ဂုဏ်သိက္ခာ၊ တင့်တယ်မှုနှင့်တန်ဖိုးတွေကို ပိုမိုမြင့်တက် စေတာမို့ မဖြစ်မနေ ကျောင်းသူ/ ကျောင်းသားတွေကို ပြန်လည်ထားပေးဖို့ လိုပါတယ်လို့ ပြောပါရစေ။ တက္ကသိုလ်တွေက အဆောင်ဆိုတာ ယနေ့ပုဂ္ဂလိကတည်ထောင်ထားတဲ့ ပြင်ပဆောင်တွေလို နေစရာ၊ အိပ်စရာ လောက်သာပေးတဲ့ ခပ်ညံ့ညံ့နေရာမဟုတ်ပါ။ တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရပညာတတ်တွေ မှာ ပိုင်ဆိုင်ရမယ့် လူ့တန်ဖိုးစစ်စစ်တွေ ရရှိသွားအောင် လေ့ကျင့်ပေးတဲ့နေရာပါ။ တန်ဖိုးမြင့်ပညာရှင် တွေ ဖြစ်လာအောင် သင်ရိုးပြင်ပကနေပြီး လေ့ကျင့်အကောင်အထည်ဖော်ပေးတဲ့ (extracurriculum training programme) လေ့ကျင့်ရေးကွင်းပါ။ လူ့တန်ဖိုး မြင့်တဲ့အထဲမှာ ဒီမိုကရေစီ "အသိ" နှင့် "အကျင့်" တို့ကို ရရှိသွားခြင်းက အဓိကဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာ ပညာရပ်အသီးသီးတတ် မြောက်မှုနှင့် လူ့တန်ဖိုးအစစ်တို့ ပေါင်းစပ်နိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ နေရာပါ။ အဲဒီလိုဖြစ်မှသာ လူ့ဘောင် အသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကို သည်ပိုးနိုင်တဲ့ ပညာရှင်ကောင်း ပညာရှင်မြတ်တွေ ပေါ်ထွက်လာနိုင်မှာ။ အဲဒီအတွက် ကမ္ဘာ့တက္ကသိုလ်တိုင်းဟာ အဆောင်တွေမှာ ကျောင်းသူ၊ ကျောင်း သားတွေထားကြတာပါ။ ကျွန်တော်တို့ရဲ့ ရန်ကုန်တက္ကသိုလ်တည်ထောင်စအချိန်က ခေတ်သစ်တက္က သိုလ်တစ်ရပ်ရပ်ဟာ အင်္ဂါရပ်ကြီး (၄) ပါးနှင့် ပြည့်စုံစေရမယ်လို့ "မူ" သတ်မှတ်ထားခဲ့ပါတယ်။ အဲဒီမူ (၄) ချက်ထဲက တစ်ချက်ကတော့ "ကျောင်းသားအားလုံးဟာ တက္ကသိုလ် ပရိဝုဏ်တစ်ခုအတွင်းမှာ စုစည်းနေထိုင်တဲ့ Academic Community Life (or) Campus Life ရှိခြင်း" ဆိုတာပါ။ ကမ္ဘာ့ထိပ်တန်း အဆင့်ကို ရာစုနှစ်များစွာ ရပ်နေတဲ့ Oxford တက္ကသိုလ်ရဲ့ နမူနာကို ယူပြီးဖွင့်ခဲ့တာပါ။
မိတ်ဆွေပါမောက္ခတစ်ယောက်ရဲ့သားဟာ နည်းပညာတက္ကသိုလ်တစ်ခုကို တက်ခွင့်ရပါတယ်တဲ့၊ တက္ကသိုလ်က မြို့ပေါ်မှာ မဟုတ်ပါ။ သူ့သားနေဖို့အတွက် အဆောင်ရှာတော့ ရွာရဲ့တဲသာသာရှိတဲ့ အိမ်ရဲ့ဘေးမှာ အဖီထိုးထားပြီး ကွပ်ပျစ်ခင်းထားပါတယ်၊ စားပွဲမရှိပါတဲ့၊ ကျွန်တော်လည်း ရွေးစရာမရှိ တော့ ထားခဲ့ရတယ်ဆိုပဲ။ သူ့သားလိုပါပဲ မန္တလေးနားက တက္ကသိုလ်ကြီးတစ်ခု (ကျောင်းသားနှစ် သောင်းကျော် ကျောင်းတက်တဲ့) တည်ရှိရာ ပတ်ဝန်းကျင်ကရွာတွေမှာ အိမ်ကိုပဲအဆောင်ထား၊ အိမ်ရှင်နဲ့အတူနေ လျှပ်စစ်မီးမရှိ၊ အခန်းမရှိ၊ စားပွဲမရှိ ကြမ်းပြင်ပေါ်အိပ်ကြ၊ ဖဲစုရိုက်ကြ၊ ထန်းရေပေါ တဲ့အရပ်မို့ အဆောင်လို့ခေါ်တဲ့အိမ်မှာ ထန်းရေဝိုင်းထိုင်လည်း အိမ်ပိုင်ရှင်က မပြောကြပါ။ သူတို့အိမ် မှာမနေရင် ဝင်ငွေမရမှာမို့ပါ။ စည်းကမ်းထိန်းဖို့ဆိုတာကိုလည်း အိမ်ရှင်များက ပညာလည်းမတတ်၊ အဆောင်စည်းကမ်းဆိုတာလည်း နားမလည်ခဲ့ပါ။ ခြံစည်းရိုးလည်းမရှိ၊ အိမ်ကလည်း လုံလုံခြုံခြုံသော့ ခတ်နိုင်ခြင်းမရှိ။ တချို့တက္ကသိုလ်တွေမှာဆိုရင် တက္ကသိုလ်ဝင်းထဲက ဝန်ထမ်းတွေရဲ့ နေအိမ်ဘေးမှာ (သို့) နောက်ဖေးမှာ အခန်းထပ်ချဲ့ပြီး အဆောင်လုပ်ထားတဲ့ နေရာမှာနေကြပါတယ်။ မိန်းကလေးအ ဆောင်တွေ မှိုလိုပေါက်နေပေမဲ့ အနည်းငယ်သာ လုံခြုံတာ၊ ဒါပေမဲ့ နေရတာကျပ်ညပ်နေတာ။ တချို့ နယ်တက္ကသိုလ်တွေမှာဆိုရင် မိန်းကလေးရော၊ ယောက်ျားလေးပါ တစ်အိမ်တည်းမှာ တူတူထားကြပါ တယ်။ မြီးကောင်ပေါက်အရွယ်တွေ ပညာရှာရမယ့်အချိန်မှာ မဖြစ်သင့်တာတွေ ဖြစ်ကြတော့ မိဘတွေ ရင်ကျိုးရပါတယ်။ တကယ်တော့ သူတို့ဟာ အနာဂတ်ရဲ့ခေါင်းဆောင်လောင်းတွေပါ။ နိုင်ငံရဲ့အနာ ဂတ်သားသမီးရတနာတွေကို စိတ်ဓာတ်ရေးရာအရ နာမ်နှိမ်ထားသလိုဖြစ်စေတဲ့ အဆင့်မရှိတဲ့နေရာ တွေမှာ အဆောင်ဆိုပြီး မထားအပ်ပေ။
ကျွန်တော်တို့ငယ်ငယ်က တက္ကသိုလ်ပရိဝုဏ်တွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းဆောင်မှာ နေခဲ့ရပါ တယ်။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ဂုဏ်နဲ့လျော်ညီစွာနေထိုင်နိုင်လောက်တဲ့ ဂုဏ်အင်္ဂါနဲ့ပြည့်စုံတဲ့ ကျောင်းဆောင်များပါ၊ မြန်မာ့တက္ကသိုလ်များဟာ အဲဒီလိုအဆောင်မျိုးမှာ တက္ကသိုလ်ကျောင်းသား/သူ တွေကို ထားခဲ့တဲ့အစဉ်အလာရှိခဲ့ပါတယ်။ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းဆိုရင် ရန်ကုန်တက္ကသိုလ်က ပဲခူးဆောင်မှာ နေခဲ့တာပါ။ ၁၉၉၆ ခုနှစ်ထိ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မကွေး၊ စစ်တွေ၊ မော်လမြိုင်နှင့် ဆေးတက္ကဆသိုလ် (၁)၊ (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်တို့မှာ အဆောင်ကျောင်းသား/သူ ထားခဲ့ ကြပါတယ်။ စိုက်ပျိုးရေး၊ သစ်တောတက္ကသိုလ်တို့မှာ အဆောင်ထားပါတယ်။ ထို့အတူ ပညာရေး တက္ကသိုလ် (၂) ကျောင်းမှာတော့ ယနေ့ထိကျောင်းသား/သူတွေကို အဆောင်မှာထားပြီး ပညာရေး ပညာရှင်နှင့် ဆရာကောင်း၊ ဆရာမြတ်လောင်းတွေကို လူ့တန်ဖိုး ပိုမိုတက်လာအောင် လေ့ကျင့်ပေးနေ ဆဲပါ။
ကျွန်တော်တို့ ပထမနှစ်ကျောင်းသားစတက်ခဲ့စဉ်က နယ်တက္ကသိုလ်ဖြစ်လို့ (ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်မဟုတ်ပါ) အဆောင်မှာ တစ်ခန်း(၈) ယောက်နေရပါတယ်။ အခန်းကျယ်မို့ မကျပ်ညပ်ပါ။ အဆောင်နည်းပြထံ သတင်းပို့ပြီးတဲ့အခါမှာတော့ "အခန်းပေးပြီး" အဆောင်စည်းကမ်း ဖတ်ခိုင်းတယ် ပြီးတော့ ရှင်းပြတယ်။ "အရက်မသောက်ရ၊ လောင်းကစားမပြုရ၊ ခိုက်ရန်မဖြစ်ရ၊ မိန်းကလေးဧည့်သည် မခေါ်လာရ" ဆိုတာတွေပါ။ တစ်ခန်းတည်း အတူတူနေကြသူတွေ တစ်ယောက်နှင့်တစ်ယောက် စရိုက်မတူကြပါ။ တံခါးပေါက်က တစ်ပေါက်တည်းဆိုတော့ အပြင်ထွက်ပြီး လျှောက်မလည်တဲ့သူက ကျောင်းသွားရင်သော့ယူသွားရတယ်။ ညဘက်မိန်းကလေးအဆောင်တွေမှာ ဂီတာသွားတီးတဲ့သူက ပြန်လာရင် အခန်းပေါက်နားမှာရှိတဲ့ ကုတင်က လူတွေက တံခါးထဖွင့်ပေးရတယ်၊ ကံကောင်းချင် တော့ အခန်းပေါက်နားက သူငယ်ချင်း ၂ ယောက်က စာမျိုးစုံဖတ်ကြသူတွေဖြစ်ကြတော့ ညဥ့်နက်မှ အိပ်ကြပါတယ်။ အပြင်ထွက် ဂီတာတီးသူတွေအတွက် တံခါးထဖွင့်ပေးဖို့ ပြဿနာမရှိပါ။ ကျွန်တော် တို့လို ညဥ့်နက်အောင် စာမျိုးစုံဖတ်တဲ့သူတွေက မီးထွန်းထားလို့ စောစောအိပ်တဲ့သူတွေဆီ အလင်း ရောင်မကူးရအောင် သူတို့ခြင်ထောင်ပေါ် လုံချည်လွှားပြီး ကာပေးကြတယ်။ အဆောင်နည်းပြနဲ့ အဆောင်မှူးက ညစဉ်လိုက်ကြည့်၊ လိုက်စစ်ကြတယ်။ နှစ်ပတ်လောက်နေတော့ အခန်းထဲနေကြသူ အားလုံးငယ်ငယ်က သူငယ်ချင်းတွေလို ဖြစ်သွားကြတယ်၊ အခန်းထဲက (၈) ယောက်တင်လားဆို တော့မဟုတ်ပါ။ အနည်းဆုံးဘေးဝဲယာ အခန်း(၂) ခန်းမှ (၁၆) ယောက်တို့နှင့်လည်း ခင်သွားကြ တယ်။ တစ်ဆောင်မှာ လူ (၁၂၀) လောက်ထားပါတယ်။ အဆောင်နေခြင်းဖြင့် ကျွန်တော်တို့ ပထမဦး ဆုံး တတ်လာခဲ့တာကတော့ အခန်းတွင်းက ကျန် (၇) ယောက်နဲ့ ဘယ်လို ညှိညှိနှိုင်းနှိုင်း နေထိုင်ရ မယ်ဆိုတာပါဘဲ။ ပြီးတော့ အခန်းနီးနားချင်းဘေး (၂) ခန်းက (၁၆) ယောက်နဲ့ အနည်းဆုံး "ကိုယ့် လွတ်လပ်မှုဟာ ကိုယ့်အနီးအနား ဝန်းကျင်ကသူများကို မထိခိုက်အောင် ကိုယ့်အသိကိုယ်ထိန်းပြီး လွတ်လွတ်လပ်လပ် နေတတ်လာတဲ့ အကျင့်ခိုင်မြဲ" လာခဲ့ခြင်းပါပဲ။ အဆောင်နေခွင့်ရခဲ့တဲ့ ကျေင်းသား တစ်ယောက် ပထမဆုံးရခဲ့တဲ့ တန်ဖိုးကတော့ "ဒီမိုကရေစီနေထိုင်မှုဓလေ့" ဆိုတာပါဘဲ။
အဆောင်မှာ "အဆောင်သာယာရေးကော်မတီ" ဆိုတာ ဖွဲ့ရပါတယ်။ တစ်ခန်းကို ကိုယ်စားလှယ် တစ်ဦးစီပါ။ အခန်း (၁၆) ခန်းဆိုတော့ (၁၆) ယောက်ပါ။ ဥက္ကဋ္ဌက အဆောင်မှူး၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးက ကျောင်းသားတွေပါ။ စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ အားကစား ဆပ်ကော်မတီ၊ စားသောက်ရေး ဆပ်ကော်မတီဆိုတာတွေလည်းဖွဲ့ပြီး အဖွဲ့ခေါင်းဆောင်တွေ ထပ်ရွေး၊ အဖွဲ့ဝင်တွေရွေးပါတယ်၊ အဆောင်မှူးက မရွေးမီရှင်းပြပါတယ်။ ဒါဟာ ရွေးချယ်ပွဲ (election) တဲ့၊ ရွေးချယ်ပွဲဆိုတာ အဆိုပြုခံရသူတွေကို အတည်မပြုမီ ကန့်ကွက်နိုင်တယ်၊ မရွေးမီ လည်း စဉ်းစားပါ။ အဆောင်ကောင်းကျိုး တကယ်လုပ်နိုင်သလား ဆိုတာပါ။ ရွေးပြီးလို့ အတည်ပြုပြီး ရင်တော့ "မင်းတို့ရွေးချယ်ထားတဲ့သူ (elected person) ဖြစ်လို့ ဆရာ (အဆောင်မှူး) အနေဖြင့် ဖြုတ်ခွင့်မရှိ၊ အခြားသူကိုလည်း အစားထိုးခွင့်မရှိသလို အဆောင်မှူးဆရာကလည်း ခန့်ပိုင်ခွင့်မရှိပါ တဲ့။ အဲဒီလို ကိုယ်စားလှယ်ရွေးတာ၊ ပြီးတော့ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်မှုကို လုပ်ခဲ့ရ တာမို့ မဲပေး၊ မဲဖြင့်ခေါင်းဆောင်လောင်းရွေး၊ ကိုယ်စားလှယ်ရွေးတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို အဆောင်နေကျောင်းသားဘဝ ကတည်းက ရခဲ့ပါတယ်။"
ကျွန်တော်ကစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီမှာ ပါဝင်ရတာမို့ အဆောင်စာကြည့်တိုက်ဖွင့်ပြီး စာအုပ်ငှားရတယ်၊ စာအုပ်ဝယ်ဖြည့်ရတယ်၊ နံရံကပ်စာစောင်စီစဉ်ရတယ်၊ ကျပန်းစကားပြောပွဲ လုပ်ပေးရတယ်။ ဗိုလ်ချုပ်တို့လက်ထက်တုန်းက အဆောင်သဟာယအသင်းတွေက ပြင်ပမှာထင်ရှား တဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ပြီး စကားရည်လုပွဲကျင်းပပေးကြတယ်လို့ မှတ်သားဖူးပါတယ်။ တက္ကသိုလ်ရဲ့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီကို အဆောင်ကိုယ်စားလှယ်အနေဖြင့် ပါဝင်ခွင့်ရခဲ့ပါ တယ်။ ထို့အတူ အဆောင်မှာလည်း ကရင်နှင့်မွန်တိုင်းရင်းသားများနှင့်အတူ ထားဝယ်နှင့် မြိတ်ဒေသမှ ကျောင်းသားများ စုပေါင်းနေထိုင်ကြတာမို့ တိုင်းရင်းသားမျိုးစုံနှင့် ရင်းနှီးခွင့်ရခဲ့ပါတယ်။ မွန်စာပေသင် တန်း၊ ကရင်ဒုံးယိမ်း (ကျွန်တော်တို့ ကျောင်းမှာ ဗမာပြီးရင် မွန်လူမျိုးကအများဆုံး၊ ကရင်တိုင်းရင်း သားက သူ့နောက်ကပါ) အကသင်တန်းတွေတက်ရင်း သူတို့ယဉ်ကျေးမှု၊ စာပေ၊ အနုပညာနှင့် အကျွမ်းဝင်ခဲ့ပါတယ်။ သူတို့စကားတွေနှင့် ယှဉ်ပါးခဲ့ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုများရဲ့ မတူညီ တဲ့ယဉ်ကျေးမှုကို မြတ်နိုးတတ်၊ လေးစားတတ်တဲ့အသိဟာ အဆောင်မှာအတူနေရင်း ရရှိလာခဲ့ပါ တယ်။
အဆောင်တွင်း အားကစားပွဲ၊ ထမနဲထိုးပွဲပြိုင်ပွဲ၊ အဆောင်လိုက်အားကစားပြိုင်ပွဲတွေ အဆောင်ညစာ စားပွဲ၊ ပညာရည်ဆုပေးပွဲတွေနဲ့ တွဲလျက်ဂီတဆည်းဆာတွေလုပ်ကြတဲ့အခါ တစ်ဆောင်လုံး ကိုယ်ကျ ရာတာဝန် ကျေကျေပွန်ပွန်ပါပဲ၊ အဆောင်သာယာရေးကော်မတီ အတွင်းရေးမှူးလုပ်တဲ့သူက အဆောင်မှာအထက်ပါပွဲ တစ်ခုခုလုပ်မယ်ဆိုရင် အဆောင်မှူးရဲ့ သဘောတူညီချက်နဲ့ ကော်မတီ အစည်းအဝေးခေါ်၊ ဆန္ဒယူရပါတယ်။ ကန့်ကွက်နေရင် ကျိုးကြောင်းရှင်းပြစည်းရုံးရင်း အကောင်အ ထည်ဖော်ရတာမို့ ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေပါ တက်လာပါတယ်။ တက္ကသိုလ်ကျောင်း ဆောင်နေရင်း အသင်းအဖွဲ့ရဲ့ သဘောသဘာဝကို သင်ယူခဲ့ပါတယ်။ ပြီးတော့ ယောက်ျားလေးအ ဆောင်မှာ ပွဲတစ်ခုခုလုပ်မယ်ဆိုရင် မောင်နှမဆောင်က အစ်မတွေညီမတွေက လာပြီးဝိုင်းကူသလို မိန်းကလေးအဆောင်ရဲ့ ပွဲလည်းအစ်ကိုတွေ၊ မောင်တွေက သွားပြီးကူကြ၊ ပျော်ပျော်ရွှင်ရွှင် စည်းစည်း လုံးလုံးပါ။ သင်ယူကြတဲ့ အဓိကဘာသာရပ်တွေ မတူပေမဲ့ မောင်နှမဆိုတဲ့အေးမြတဲ့အရိပ်အောက်မှာ စည်းလုံးညီညွတ် ပျော်ရွှင်စွာအလုပ်လုပ်ရင်း၊ စာသင်ရင်း မိတ္တဗလစွမ်းရည်တွေ ပြည့်လာခဲ့ပါတယ်၊ ကျောင်းပြီးလို့ ခွဲခွာသွားတဲ့ အခါမှာတော့ ခိုင်မြဲပြီးကြီးမားတဲ့ လူမှုရေးကွန်ရက် (Social Network) တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ အဆောင်သားဘဝကို ဖြတ်သန်းခဲ့တဲ့ ယနေ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်တော်များများ လူမှုရေးကွန်ယက်ကို ထူထောင်နိုင်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ ထို့အတူ တပ်မတော်စစ်တက္ကသိုလ်မှာ ကိုယ့်ထက်ကြီးတဲ့ အပတ်စဉ် (၃) ခု၊ ကိုယ့်ထက်ငယ်တဲ့ အပတ်စဉ် (၃) ခုနှင့် ကိုယ့်အပတ်စဉ်ပါဆိုရင် စုစုပေါင်း (၇) ပတ်စဉ်ရဲ့ ခိုင်မြဲတဲ့လူမှုရေး ကွန်ယက်ကြီး ပါ။ ဒါကြောင့် တပ်မတော်အရာရှိကြီးတွေ လုပ်ငန်းခွင်မှာ "ညီလေး"၊ "အစ်ကိုကြီး" ဆိုပြီး ရင်းရင်းနှီးနှီျး ပြောဆို ဆက်ဆံကြတာဟာ အဆောင်ကရခဲ့တဲ့ ယဉ်ကျေးမှုပါ။
ခင်မင်ချစ်ကြည်ရုံတင်မကပါ၊ ရိုင်းပင်းကြတာလည်းစုံလို့ပါ။ စာတော်တဲ့သူက စာရှင်းပြပေးတာ၊ ထမင်းလခမရှိသေးရင် စုပေါင်းသွင်းပေးတာ၊ စာအုပ်ဖိုးမရှိရင် ဝိုင်းကူဝယ်ကြ၊ အပြန်ရထားခ၊ ကားခ မရှိလို့ စိုက်ဝယ်ပေးရတာ၊ ဖျားနာဆေးရုံတက်ရင် ဝိုင်းစောင့်၊ ခွဲရ၊ စိတ်ရတာဆို သွေးဝိုင်းလှူ ယောက်ျားလေးဆောင်ရဲ့ ခင်မင်မှုအမှတ်အသားကတော့ အိမ်ကပို့လာတဲ့ ငါးပိကြော်၊ သရက်သီး သနပ်၊ ဗာလချောင်ကြော်စတဲ့ ပုလင်း (သို့) ဘူးချလိုက်ရင် တစ်ကြိမ်တည်း မကုန်တဲ့ပုလင်း (သို့) ဘူးဆိုတာ မတွေ့ဘူးပါ၊ ဟိုလူ၊ ဒီလူ တစ်ဇွန်းစီဝိုင်းနှိုက်လိုက်တာ ကုန်ရောပဲ။ ဒါမျိုးမကျွေးချင်တဲ့သူ ဆိုလည်း အတ္တဆန်မှုမလျော့အောင် နည်းမျိုးစုံနဲ့ ဝိုင်းတည့်ပေးကြ၊ ဖဲရိုက်၊ အရက်သောက်တဲ့သူဆို လည်း အဆောင်မှူးလာတယ်၊ အဆောင်နည်းပြလာတယ်ဆိုပြီး မရိုက်ဖြစ်အောင် နည်းမျိုးစုံနဲ့ ဝိုင်း ထိန်းကြတယ်၊ အရက်တွေသွားသွန်ပစ်ခဲ့တယ်၊ ခပ်နွဲ့နွဲ့ ခပ်ပျော့ပျော့သမားဆိုလည်း ခပ်ကြမ်းကြမ်း ကစားနည်းတစ်ခုမဟုတ်တစ်ခု (ဘောလုံး၊ ဂျူဒို၊ ကာရာတေး၊ ဘတ်စကတ်ဘော၊ အလေးမ) ကစား ဖြစ်အောင် ဆွယ်ကြတယ်။ ဒီလိုနဲ့ ကြံ့ခိုင်သူတွေ ဖြစ်လာတယ်။ ထို့အတူ သူ့မိသားစု ကိုယ့်မိသားစု အကြောင်းပြောကြရင်း ပြေလည်မှု၊ မပြေလည်မှုတွေသိရတော့ စာနာမှုတွေ ထားလာနိုင်ကြပါတယ်။ တစ်ဦးနှင့်တစ်ဦး သူ့ဒေသ၊ ကိုယ့်ဓလေ့တွေ အသိချင်းဖလှယ်ကြတော့ ဒေသန္တရဗဟုသုတစုံ ရကြပါ တယ်။
မိန်းကလေးအဆောင်ဆိုရင် ညနေဆို ၆း၀၀ နာရီမှာ အဆောင်ပိတ်ပါတယ်။ အဆောင်နည်းပြ ဆရာမ တွေက နာမည်ခေါ်ပြီး လူစစ်ပါတယ်၊ ပြီးလျင် ဗုဒ္ဓဘာသာဝင်တွေက ဘုရားခန်းမှာ စုပေါင်းဘုရားရှစ်ခိုး ပါတယ်။ ၇း၀၀ နာရီအထိ ကိုယ်ပိုင်အချိန်ပါ။ ၇း၀၀ နာရီထိုးရင်တော့ စာကြည့်ခေါင်းလောင်းတီးပါ တယ်။ အဆောင်မှူးနှင့် အဆောင်နည်းပြတွေက စာကျက်မကျက် လိုက်ကြည့်ပါတယ်၊ အဆောင်သူ တွေရဲ့ လူမှုရေး၊ ကျန်းမာရေးကို မိဘလိုစောင့်ရှောက်ကြပါတယ်။ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ အားလုံးမှာ တက္ကသိုလ်ကျောင်းသူရဲ့ ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ဖို့၊ တက္ကသိုလ် ကျောင်းသူရဲ့ဘဝ တင့်တယ်ဖို့၊ စည်းကမ်းရိုသေလိုက်နာပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ပညာရှင်၊ ပညာ တတ် မြန်မာအမျိုးသမီးတွေအဖြစ် ပီသစေဖို့ မိဘတွေက သူတို့ကိုယ်စား စောင့်ရှောက်ဖို့ တို့တစ်တွေ ထံ လွှဲအပ်ထားတယ်လို့ အဆောင်မှူး အဆောင်နည်းပြတွေက ခံယူထားကြပါတယ်၊ ကျောင်းသူတွေ ကလည်း တို့အမိ၊ တို့အဒေါ်၊ တို့အစ်မများလိုပဲ အဆောင်မှူး ဆရာမကြီးများ၊ အဆောင်နည်းပြများ အပေါ် သဘောထား လေးစားချစ်ခင်ခဲ့ကြတယ်။ အဆောင်သာယာရေးနဲ့ ဆပ်ကော်မတီမျိုးစုံဖွဲ့ပြီး စုပေါင်းလှုပ်ရှားတာတွေ အားလုံးကလည်း ယောက်ျားလေး အဆောင်တိုင်းပါ။ ဆရာသမားအပေါ် ကျေးဇူးသိတတ်မှု၊ ဆရာနှင့်တပည့် အပြန်အလှန်လေးစားမှု၊ မိတ္တဗလကြွယ်ဝမှု၊ ပေါင်းသင်းဆက်ဆံ တတ်မှု၊ ကိုယ့်လွတ်လပ်မှုဟာ သူများရဲ့လွတ်လပ်မှုကို မထိပါးရေး၊ အများနှင့် ညှိညှိနှိုင်းနှိုင်း ပျော်ပျော် ရွှင်ရွှင်နေထိုင်တတ်မှု၊ ရိုင်းပင်းကူညီမှု၊ ချစ်ကြည်မှု၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားယုံကြည်မှု စတာတွေအားလုံးပိုင်ဆိုင်ပြီး ခိုင်မာတဲ့လူမှုရေးကွန်ရက်ကြီးကို တက္ကသိုလ်အဆောင်နေရင်း ပညာရှင် လောင်း မြန်မာအမျိုးသမီးတွေ တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ မြန်မာ့တက္ကသိုလ်တွေမှာ အဆောင်ထားခဲ့တာ ရန်ကုန်တက္ကသိုလ်စတည်တဲ့ ၁၉၂၀ ပြည့်နှစ်မှ ၁၉၉၆ ခုနှစ်အထိဆိုတော့ စိန်ရတုကျော်ခဲ့ပါပြီ။ ကောင်းကျိုးရှိလို့သာ (၇၅) နှစ်ကျော်ကြာခဲ့ တာပါ။ ဥရောပနိုင်ငံတွေမှာ စာသင်ခဲ့တဲ့ (အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမဏီ၊ ရုရှား၊ ပိုလန်၊ ချက်၊ ဟန်ဂေရီစတဲ့) ဆရာတော်တော်များများကို မေးခဲ့ဖူးပါတယ်။ အဲဒီမှာလည်း အဆောက်ထားပါ တယ်တဲ့၊ ကျွန်တော်ကျောင်းသွားတက်ခဲ့တဲ့ ဂျာမဏီက တက္ကသိုလ်မှာဆိုရင် တက္ကသိုလ်ရဲ့ အဆောင် တွေကို စုပေါင်းထားတာဟာ ရပ်ကွက်တစ်ခုလောက်ကြီးတာမို့ "ကျောင်းသားရွာ" လို့တောင် နာမည် ပေးထားပါတယ်၊ ကျွန်တော်ဘွဲ့လွန် သုတေသနခရီးစဉ် (၄) ခေါက်မှာလည်း အဆောင်မှာပဲ နေခဲ့ပါ တယ်။ ဂျပန်ပြန် မိတ်ဆွေဆရာတွေကလည်း အဆောင်ပေးပါတယ်တဲ့၊ တချို့ဂျပန်တက္ကသိုလ်တွေကျ တော့ နိုင်ငံခြားသားတွေကို ပထမနှစ်၊ ဒုတိယနှစ်ပဲ အဆောင်ပေးတယ်၊ နောက်နှစ်တွေကျတော့ အိမ် ခန်းခဆိုပြီးထုတ်ပေးတယ်၊ ကိုယ်ကြိုက်တဲ့ဆီ ငှားနေပါတဲ့။ အမေရိကန် ဟားဗတ် တက္ကသိုလ်က Ph.D ဘွဲ့ရလာတဲ့ ကျွန်တော့်ဆရာကလည်း သူအဆောင်နေခဲ့ရတာတဲ့၊ သူ့ရဲ့အုပ်ထိန်းသူဆရာက အဆောင်အပေါ်ထပ်မှာနေတာမို့ နေ့စဉ်သူနဲ့တွေ့ပြီး ဘာလိုသလဲ၊ လိုတာဖြည့်ဆည်းပေးတယ်တဲ့၊ အဲဒါတွေကြည့်ပြီး "မင်းဆိုတာ မင်းမြောက်တန်ဆာငါးပါးပြည့်စုံမှ တင့်တယ်သလို တက္ကသိုလ်ဆိုတာ လည်း ကျောင်းသား/သူနေတဲ့ တက္ကသိုလ်ပိုင် အဆောင်တွေရှိမှ တက္ကသိုလ်ရဲ့ ဂုဏ်ဒြပ်နဲ့ညီကာ ကမ္ဘာ့အဆင့်အတန်းကို မီတဲ့ဘဝ ဖြစ်မှာပါ" လို့မြင်မိပါတယ်။ အဆောင်နေ ကျောင်းသားဘဝ (Campus (or) Hostel life) ရဲ့ အနှစ်သာရက ကြီးမားလို့ပါ။ အထက်ပါ အချက်တွေကိုကြည့်ရင် "တက္ကသိုလ်အဆောင်တွေဟာ ဒီမိုကရေစီလေ့ကျင့်ရေးကွင်းဆိုတာ ထင်ရှားပါတယ်၊ အဆောင်နေ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား ဘဝဆိုတာ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ယဉ်ပါးစေခြင်းပါဘဲ။ ဒီမိုကရေစီအလေ့အကျင့် ထုံမွှမ်းအောင် ပါဝင်လေ့ကျင့်နေခြင်းဖြစ်ပြီး နောက်ဆုံးမှာတော့ ပညာတတ် လူငယ်များဟာ ဒီမိုကရေစီဓလေ့မှာ မွေ့လျော်သူများ ဘဝ" ကို ရောက်ရှိလာပါတော့တယ်။
တက္ကသိုလ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဆောင်တွေမှာ မနေခဲ့ရပဲ ယနေ့ပြင်ပ တက္ကသိုလ် အဆောင်တွေကြောင့် မျိုးဆက်သစ်တွေ တန်ဖိုးနိမ့်ဘဝရောက်နေကြလို့ ကျွန်တော့်လို တိုင်းပြည်ရဲ့ အနာဂတ် အညွှန့်အဖူးတွေအတွက် စိတ်မကောင်းဖြစ်နေသူတွေလည်း အများအပြားရှိနေကြောင်း ဆောင်းပါးတွေ၊ သတင်းစားတွေအရ သိရပါတယ်။ ဝမ်းနည်းစရာကောင်းတာက ကျွန်မွေးဖို့ တည် ထောင်ခဲ့တဲ့ အင်္ဂလိပ်အစိုးရက သူ့ရဲ့ကျွန်လောင်းလေးတွေကို ကြီးမားခန့်ငြားတဲ့ အုတ်တိုက်ကြီးနဲ့ ဆောက်ထားတဲ့အဆောင်၊ ပြီးတော့ ၁၄×၁၂ ပေကျယ်တဲ့ အခန်းမှာ ကုတင်၊ စားပွဲ၊ ဘီရို၊ ကုလား ထိုင်၊ ရေမီးအစုံ၊ ပြီးတော့ထမင်းစားခန်းမှာ နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ အဆင့်သင့်ဖြင့် ထားခဲ့ကြ ပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ညီတဲ့ အဆောက်အအုံနှင့် အဆောင်အယောင်တွေရှိတဲ့ အဆောင်တွေပါ။ အင်းလျား၊ သီရိ၊ အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံ၊ ပြည်၊ တစ်ကောင်းစတဲ့ အဆောင်တွေပါ။ တိုင်းပြည်လွတ်လပ်ပြီး ကိုယ့်အရှင်၊ ကိုယ့်သခင်လက်ထက် ကျမှ အနာဂတ်ခေါင်းဆောင်လောင်း ပညာရှင်၊ ပညာတတ် အညွှန့်အဖူး၊ သခင်စစ်စစ်လေးတွေကို အဆောင်အဆင့်လုံးဝမမီတဲ့ နိမ့်ကျတဲ့နေရာမှာ နေနေကြတာ မြင်ရလေတော့ ကျွန်တော်တို့မှာ တာဝန်မကျေတာသိရပြီး ရှက်မိပါတယ်။
တက္ကသိုလ်ကို စခြေချလိုက်တယ်ဆိုရင်ပဲ ခံ့ညားထယ်ဝါတဲ့ အဆောင်တွေ စတင်နေရာချပေးနိုင်ရမှာ (ရန်ကုန်တက္ကသိုလ်မှာ ပဲခူး၊ အင်းဝ၊ စစ်ကိုင်း၊ ဒဂုံ၊ သထုံ၊ ပင်းယ၊ ရွှေဘို၊ သီရိ၊ အင်းလျား၊ ရတနာ၊ ပတ္တမြား၊ ကံ့ကော်တို့ပါ၊ မော်လမြိုင်တက္ကသိုလ်မှာ မော်လမြိုင်၊ ဘားအံ့၊ ထားဝယ်၊ သထုံ၊ ရွှေမြိုင် ဆောင်တွေနဲ့ မန္တလေးတက္ကသိုလ်မှာဆို မြတမာ၊ ရွှေမန်း၊ သစ္စာ၊ အောင်မင်္ဂလာ၊ နဒီ၊ ရတနာပုံ စတဲ့) အဲဒီမှာနေရကာ စည်းကမ်းတကျနေပြီး ပညာသင်ရတာ ဂုဏ်တင့်တယ်ဆိုတဲ့ ခံစားမှုမျိုး အနာဂတ်ရဲ့ ပညာရှင်လောင်းတွေဆီမှာ ကိန်းဝပ်လာအောင် ဆီးကြိုဆိုနိုင်ကြရမှာ၊ ဒါမှသာ တက္ကသိုလ်မှာ ဂုဏ်ယူ ဝင့်ကြွားစွာ ပညာကို လိုလိုချင်ချင်သင်ယူကြမှာ။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာတော့ အိပ်စရာ အိပ်ခန်းနဲ့ အနည်းဆုံး အိမ်ရှေ့အိမ်ဧည့်ခန်းမှာ အိပ်ရသေးတယ်။ တက္ကသိုလ်လည်း လာတက်ရော ကိုယ့်အိမ်ထက်နိမ့်ကျတဲ့ သူများအိမ်ဘေး၊ အိမ်နောက်ဖေးအဖီလေးမှာ ကွပ်ပစ်လေးပေါ် အိပ်ရတဲ့ ဘဝမျိုးနဲ့ နေရတာဆိုတော့ တက္ကသိုလ်ကျောင်းသူ/သားတွေကို စိတ်ဓာတ်ရေးရာအရ တက္ကသိုလ် စတင်ရောက်တဲ့ချိန်မှာ နာမ်နှိမ်ချိုးနှိမ်သလို ဖြစ်တော့တာပါပဲလို့ မြင်မိပါတယ်။ နောက်ဆက်တွဲအနေနဲ့ တက္ကသိုလ်ကိုရော၊ တက္ကသိုလ်ပညာရေးရော၊ ပြီးတော့ နိုင်ငံအပေါ်မှာပါ တန်ဖိုးထားလိုစိတ်လျော့ပါး သွားကြပါတယ်။
 ဒါ့ကြောင့် တက္ကသိုလ်တွေမှာ သင်ရိုးပြင်ပလေ့ကျင့်မှုတစ်ခုဖြစ်တဲ့ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာမြှင့်တင် စေမယ့် တက္ကသိုလ်အဆောင်တွေ ပြန်ထားပေးကြမယ်ဆိုရင် ပညာရေးဌာန တစ်ခုတည်းကတော့ ချက်ချင်း မဆောင်ရွက်နိုင်ပါ။ မော်လမြိုင်တို့ ပဲခူးတို့မှာ တပ်မတော်သားတွေရဲ့ သားသမီးတွေအတွက် တပ်မတော်ပိုင်တဲ့အဆောင်တွေ ရှိပါတယ်၊ အဲဒီအဆောင်တွေမှာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ကို အဆောင်မှူး၊ အဆောင်နည်းပြခန့်အပ်ပြီး အဆောင်စည်းကမ်းအတိုင်း အုပ်ချုပ်ကြပါတယ်၊ ထို့အတူ ၁၉၉၆ ခုနှစ်အထိ တက္ကသိုလ်ကပိုင်ဆိုင်တဲ့ အဆောင်တွေမဆန့်လို့ ကျောင်းသား/ ကျောင်းသူထားတဲ့ အပြင်ဆောင်တွေကို "တက္ကသိုလ်အပြင်ဆောင်ကြီးကြပ်ရေးအဖွဲ့" က အမြဲစစ် ဆေးပြီး မလိုက်နာရင် အဆောင်ထားခွင့်ကို ပိတ်ပစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ် မြင့်မားပြီး အမျိုးသား အကျိုးစီးပွားဖွံ့ဖြိုးမှုကိုလိုလားကြတဲ့ လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း လူ့တန်ဖိုးတက် စေမယ့် စည်းကမ်းလည်းရှိ ဂုဏ်သိက္ခာလည်းတက်စေမဲ့ တက္ကသိုလ်အဆောင်များ ဖွင့်ပေးကာ နိုင်ငံ တော်ရဲ့ ပညာရှင်များ၊ ပညာတတ်များရဲ့ တန်ဖိုးကို တက်စေမယ့်လုပ်ငန်းမှာ အားသွန်ခွန်စိုက် ကူညီ စေချင်ပါတယ်။ ယနေ့ အပြင်အဆောင်များကိုတော့ တက္ကသိုလ်က မကြီးကြပ်တော့ပါ။ စည်းကမ်းမရှိ ပါ။ အထက်မှာပြောခဲ့သလို အဆောင်အင်္ဂါမရှိ၊ ကျပ်ကျပ်သိပ်သိပ်ပါ။ ပြီးတော့ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ တစ်အိမ်တည်း မိန်းကလေး၊ ယောက်ျားလေး ပေါင်းထားတာမျိုးတွေ ရှိနေတော့ မြီးကောင်ပေါက်အရွယ်တွေ မဖြစ်သင့်တာဖြစ်ကြပြီး မိဘတွေ ရင်ကျိုးသလိုတိုင်းပြည်ရဲ့အဖိုးတန် အညွှန့်အဖူးတွေပါ ကြွေလိုကြွေ၊ တန်ဖိုးကျလိုကျ ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ပိုင်အဆောင် ဖွင့်မယ်ဆိုရင် စည်းကမ်းဥပဒေ သတ်သတ်မှတ်မှတ်ထားပြီး ကိုက်ညီမှသာ ခွင့်ပြုသင့်ပါတယ်။
တက္ကသိုလ်အဆောင်မှာ နေရတဲ့အခါ တက္ကသိုလ်ပရိဝုဏ်အတွင်း နေ့စဉ် (၂၄) နာရီ အပြည့်နေရတဲ့ အခွင့်အရေး ရလာပါတယ်။ ကျောင်းသား/ကျောင်းသူ အချင်းချင်း တပူးတွဲတွဲ၊ စာကျက်ကြ၊ လူမှုရေး၊ အားကစား၊ စာပေဖွံ့ဖြိုးမှုအတူလုပ်ရင်း တစ်ဦးကိုတစ်ဦး ခင်မင်လာသလို ကျင်လည်ခဲ့တဲ့ ဝန်းကျင်၊ ပညာသင်တဲ့ဝန်းကျင်၊ ကိုယ့်ကို ပညာတတ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးတဲ့ (၄) နှစ်တာ ပရိဝုဏ်ဆိုပြီး သံယောဇဉ်တွယ်လာတယ်၊ ချစ်မြတ်နိုးရာ၊ ဂုဏ်ယူရာနေရာလို့ ခံစားလာတယ်၊ ချစ်မြတ်နိုးရာ၊ ဂုဏ်ယူရာနေရာလို့ ခံစားလာတယ်။ ထင်ရှားတဲ့ သာဓကအနေနဲ့ကတော့ အဲဒီအ ဆောင်ထားခဲ့တဲ့ခေတ်က ကျောင်းသားဟောင်းတွေစုပေါင်းပြီး "အာစရိယပူဇော်ပွဲ" တွေလုပ်တာပါ။ မော်လမြိုင်ကောလိပ်ခေတ် (၁၉၈၆ ခုနှစ်မတိုင်မီ) က ကျောင်းသားဟောင်းတွေစုပေါင်းပြီး မျိုးဆက် သစ်များကို တွဲခေါ်ကာ တစ်ကျောင်းလုံးအာစရိပူဇော်ပွဲ (၂) နှစ် တစ်ကြိမ် ကျင်းပဆဲပါပဲ။ အဲဒီထက် အတုယူဖို့ကောင်းတဲ့ အစဉ်အလာကတော့ မန္တလေးတက္ကသိုလ်တည်စကတည်းက ကျောင်းတက်ခဲ့တဲ့ သူတွေ ဦးဆောင်ပြီးယနေ့မျိုးဆက်သစ် ကျောင်းသားဟောင်းများ အပါအဝင် (၂) နှစ်တစ်ကြိမ် "အာစရိယပူဇော်ပွဲကျင်းပ" တာပါ။ ယနေ့ ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရတနာပုံ၊ ကျောက်ဆည် တက္ကသိုလ်တွေဆိုရင် ညနေ (၄) နာရီကျော်ရင် လူသူမရှိသလောက်ပါ။ တခြားဝန်ကြီး ဌာနက တက္ကသိုလ်တိုင်း ဒီလိုအခြေအနေပါပဲ။ ကျွန်တော့်တက္ကသိုလ်လည်း ဒီလိုပါပဲ။ အဲဒီတော့ ကျောင်းသားဟာ ကျောင်းကိုနေ့လယ်ဘက် ခဏဝင်လာရာ အရပ်လို့ဘဲ ထင်ကြတယ်။ ခဏတစ် ဖြုတ်လာတဲ့အရပ်ဆိုတော့ ခင်တွယ်စရာ၊ ကြည်နူးစရာ မကျန်ခဲ့တော့ပါ။ နောက်ဆုံးရလဒ်က အဲဒီလို နေရာမျိုးကို မခင်တွယ်တော့ပါ။ မိမိကို အသိဉာဏ်မြင့်အောင် လုပ်ပေးတဲ့ တက္ကသိုလ်ကို မခင်ရင်၊ မချစ်ရင် ဘယ်လိုလုပ်ပြီး နိုင်ငံကို တွယ်တာမလဲ ချစ်မလဲဆိုတာစဉ်းစားလို့မရပါ။ ဒါဆိုရင် မျိုးချစ်စိတ် ဓာတ်ကင်းပြီပေါ့။ သတိထားမိတဲ့ အချက်ကတော့ သူတို့ကျောင်းပြီးတဲ့အခါမှာ အထူးသဖြင့် အသစ်ဖွင့် တဲ့ (အစိုးရကျောင်းဆောင်မရှိတဲ့) ကျောင်းသားဟောင်းတွေ ဦးစီးတဲ့ "အာစရိယပူဇော်ပွဲ" တွေ လုပ်တာမတွေ့တော့ပါ။ စည်းလုံးခြင်း၊ လူမှုရေးကွန်ရက် အားနည်းခြင်းရဲ့ ရလဒ်ပါ။ ပူးပေါင်းဆောင် ရွက်တတ်ခြင်း၊ စည်းလုံးခြင်းနှင့် လူမှုရေးကွန်ရက်ခိုင်မာခြင်းတို့ဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့ အနှစ်သာရပါဘဲ။
အဆောင်မှူး၊ အဆောင်နည်းပြနဲ့ အုပ်ချုပ်တဲ့ တက္ကသိုလ်အဆောင်တွေလို လူ့ဂုဏ်သိက္ခာနှင့် တင့်တယ်မှု၊ လူ့တန်ဖိုးကိုမြှင့်တင်တဲ့ သင်ရိုးပြင်ပလေ့ကျင့်မှု (extracuriculum training progra-mme) မပါဘဲ ဝင်ငွေရရေးသာဦးတည်တဲ့ အပြင်ဆောင်တွေမှာသာ ကျွန်တော်တို့ မျိုးဆက်သစ် ပညာ ရှင်လောင်းတွေကို ဆက်လက်ထားဦးမယ်ဆိုရင် တန်ဖိုးမြင့်ပညာရှင်တွေ ဖြစ်လာမှာမဟုတ်ဘဲ လူ့တန်ဖိုးအစစ်တွေ ကင်းမဲ့တဲ့စည်းမဲ့၊ ကမ်းမဲ့၊ လူပေလူတေလေးတွေသာ အနာဂတ်မှာ ပိုများလာမှာ စိုးရိမ်မိပါတယ်။ အဲဒီလိုလူတွေနှင့် ခိုင်မာဖွံ့ဖြိုးတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ဘယ်လိုထူထောင်ကြ မှာလဲ။ တန်ဘိုးနိမ့်လူသားတွေ (သို့) နိုင်ငံသားစံနှုန်းအပြည့်သူတွေ များလာတဲ့နိုင်ငံဟာ သူများနှင့် ယှဉ်ရင် ဓာမနောက်ပိတ် ခွေးဆီသို့သာ ဦးတည်လျောက်လှမ်းနေတယ်ဆိုတာ ကျွန်တော်တို့ သတိပြု ဖို့ လိုပါတယ်။ သို့ပါ၍ အနာဂတ်မြန်မာ့လူ့ဘောင်မှာ တန်ဖိုးမြင့်ပညာရှင်များနှင့် တက္ကသိုလ်ကျောင်း ထွက်တွေ ပေါ်ထွန်းရေးကိုမျှော်ကိုးပြီး ဂုဏ်ရှိန်လည်းမြင့်နေထိုင်ရတာလည်း တင့်တယ်ကာ လူ့တန်ဖိုး တွေလည်းတက်စေတဲ့ "အဆောင်" တွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို မဖြစ်မနေ ထားပေးရင်း "တက္ကသိုလ်ကျောင်းဆောင် ဒီမိုကရေစီ လေ့ကျင့်ရေးကွင်း" ကိုပြန်လည် အသက်သွင်းပေးကြပါရန် နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

(The Politics Journal
No.16, August 29, 2013
မှဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>

လွတ်လပ်အတွေး စိတ်ကူးတောင်ပံ



ဆောင်းပါး  ၁၂.၁၂.၂၀၁၄
ရန်ကုန် တက္ကသိုလ် ဥပဒေဌာန တွင် တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းဆရာမတစ်ဦးနှင့် စကား ပြောဖြစ်သည်။ သူက ဥပဒေရေးရာ နှင့် ဆက်နွယ်သော ပြည်ရေးပြည်ရာများကို ဝင်ဝင်စားစားရှိတတ်သူ။ သူက ရန်ကုန်တက္ကသိုလ်သို့ လာ ရောက်ဆွေးနွေးသော နိုင်ငံခြားသား ဥပဒေပညာရှင် တစ်ဦး၏ ဆွေးနွေးမှု ကို ပြန်လည်မျှဝေသည်။ ထိုဆွေးနွေး မှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution) နှင့် လူ့အခွင့်အရေး (Human Rights) တို့ ဆက်စပ်ပုံ၊ တစ်ဖန် လူ့အခွင့်အရေးနှင့် Rule of Law တို့ ဆက်စပ်ပုံ၊ တစ်ဖန် Rule of Law ဟု ဆိုရာတွင် တရားဥပဒေ စိုးမိုးရေး ဆိုသည့် အဓိပ္ပာယ်သာမက ပြည်သူများ ဥပဒေ၏ အကာအကွယ်ရဖို့၊ တရားမျှတမှုရှိသော ဥပဒေများရှိဖို့၊ ထို့အပြင် တရားစီရင်ရေးလွတ်လပ်မှု (Independence of Judiciary) တို့လည်း ဆင့်ပွား ထိစပ်ပါဝင်ပုံတို့ကို ပြောသည်။ ထို့နောက် တရားစီရင် ရေးလွတ်လပ်မှုအကြောင်းဆက်ပြော ဖြစ်သည်။ တရားစီရင်ရာတွင် တရား သူကြီးများအား ဆင်ခြင်တုံတရားနှင့် အညီ သင့်မြတ်သလို ဆောင်ရွက် နိုင်ခွင့် (Discretionary Power) ပေးထားမှုအပေါ် ပြောဖြစ်သည်။ (Discretionary Power)အား တရားသူကြီး များအနေဖြင့် မှန်ကန်မျှတစွာ အသုံး ချနိုင်ပါမည်လားဟု မေးခွန်းထုတ် သည်။ မေးခွန်းက အတွေးပွားစရာ မေးခွန်း၊ အတွေးဆန့် ကြည့်လိုက်တော့ ပညာရေး စနစ်ဆီသို့ ရောက်သွားသည်။ ဆင်ခြင်တုံတရား ဆိုသည်မှာ ပညာအပေါ် အခြေပြုထားသည် မဟုတ်ပါလား။
မြန်မာအဘိဓာန်တွင် “ပညာ” ဆိုသည်မှာ “ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်” ဟု ရိုးရှင်းစွာ ဖွင့်ဆိုထား သည်။ သို့ဆိုလျှင် ပညာသင်ကြားခြင်း ဆိုသည်မှာ ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်ရှိအောင် သင်ကြားခြင်းဟု ပြောရမည် ဖြစ်သည်။ ခွဲခြမ်း သိမြင်နိုင်ခြင်း ဆိုသည်မှာ အမှားအမှန်ကို ဆုံးဖြတ်နိုင်ရန်၊ ထိုထက်ပို၍ လေးနက် ရလျှင် တရားမှု၊ မတရားမှု၊ မမျှတမှုတို့ကိုပါ ပိုင်းခြားဆစ်ပိုင်းနိုင်ရန် ဖြစ်သည်။ ပညာသင်ကြားခြင်းဖြင့် တီထွင်ဖန်တီးတတ်သော အတွေး (Creative Thinking)၊ ဝေဖန်ဆန်းစစ် တတ်သော အတွေးတို့ ရလာမည်။ ထိုမှတစ်ဆင့် ပြဿနာများ ဖြေရှင်းခြင်း (Problem Solving) တွင် မှန်ကန်သော ဆုံးဖြတ်ချက် (Right Decision) တို့ ချနိုင်လာမည်။ ထို့ကြောင့် ပညာသင်ကြားခွင့် ရှိသူ၊ ပညာသင်ကြားခွင့်ရသူနှင့် ပညာသင်ကြား ခွင့် မရှိသူ၊ ပညာသင်ကြားခွင့် မရသူတို့ အကြား ခြားနားချက်က ကြီးမားနေမည် ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ ပညာသင်ကြားသူနှင့် ပညာမသင်ကြားသူတို့ အကြား ခြားနားချက်က မထင်မရှား ဖြစ်နေလျှင် ထိုပညာရေး စနစ်သည် တစ်ခုခု ချို့ ယွင်းနေပြီဟု ကောက်ချက် ဆွဲနိုင်သည်။ ထိုပညာရေး လောင်းရိပ် အောက်၌ ရှင်သန် ကြီးထွားသူ တို့သည် ပြည့်ဝသော ဆင်ခြင်တုံတရား ဖြစ်ထွန်းခွင့် အလားအလာ နည်းပါးသူတို့ ဖြစ်ကြကုန် လိမ့်မည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်တွင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) ၏ အပိုဒ် ၂၆(၂)တွင် “ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝ တိုးတက်မှုအပြင် လူ့အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေလေးစားမှု တို့ကို ရှင်သန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေ ရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံးတို့ တွင်လည်းကောင်း၊ လူမျိုးစုများတွင် လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများ ကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်”ဟု ပါရှိသည်။ ဤအချက်သည် ပညာသင်ကြားခြင်း၏ ရည်ရွယ်ရင်းကို ကမ္ဘာလုံးဆိုင်ရာ အမြင်ဖြင့် ဖော်ပြခြင်းပင် ဖြစ်သည်။
ပညာသင်ကြားခြင်း၏ ရည်ရွယ် ချက်ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် စဉ်းစားတွေးခေါ်မှုကို အခြေပြုသော ပညာရေး စနစ်ဖြစ်ရမည်။ စဉ်းစားတွေးခေါ်မှုကို ခွင့်ပြုရမည်။ အားပေးရမည်။ ပြဋ္ဌာန်းစာအုပ်များပေါ်တွင် တင်းကျပ်စွာ အခြေခံ၍ မှတ်စုများထုတ် ကာ အမှတ်ပေးစည်းမျဉ်းနှင့်ကိုက် ညီသည်ဆိုသော စာသားများ ကိုသာ ရွေးထုတ်နှုတ်တက် အာဂုံဆောင် ကျက်မှတ်ဖြေဆိုစေခြင်းသည် စဉ်းစား တွေးခေါ်မှုကို တိုးပွားစေမည် မဟုတ်။ မှတ်ဥာဏ်ကို အားပြုခြင်းထက် စဉ်းစား တွေးခေါ်ခြင်းကို ပိုမိုအားပြုတတ်ရမည်။ ပြဋ္ဌာန်းစာအုပ် ဘောင်ထက် ကျော်လွန်၍ စူးစမ်းရှာဖွေချင်စိတ်၊ စဉ်းစား တွေးခေါ်ချင်စိတ်တို့ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေး နိုင်ရမည်။ ပြဋ္ဌာန်းစာအုပ် အပြင် အခြားစာအုပ် များကိုပါ ဖတ်ချင်လာအောင် စေ့ဆော်ပေးနိုင်ရမည်။ သို့မှသာ အနှစ်သာရ ရှိသော ပညာသင်ကြားမှုဖြစ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် ကြက်တူရွေးစာ တတ်ပုံမျိုး အဆင့်သာ ဖြစ်သွားပြီး စဉ်းစားတွေးခေါ်နိုင်သော အလေ့ အားနည်းသည် လူ့အဖွဲ့အစည်း တစ်ရပ်သာ ထွန်းကားလာမည်။
စဉ်းစားတွေးခေါ်တတ်သော အလေ့ထွန်းကားရန်၊ စဉ်းစားတွေး ခေါ်ချင်စိတ် တိုးပွားစေရန်နှင့်ပတ် သက်၍ စဉ်းစားရင်း ဆရာမောင်သစ် ဆင်း၏ ကြောက်စိတ်ဆောင်းပါးကို သတိရမိသည်။ ဆရာမောင်သစ်ဆင်း က မြန်မာစာပင်ရင်း စကားပြေ လက်ရွေးစင်တွင်ပါဝင်သော မင်းတုန်း မင်းနှင့် ငါးခြောက်ပြားဆောင်းပါးကို သင်ကြားရစဉ်ကျောင်းသားဘဝက အတွေ့အကြုံလေးကိုပြန်ပြောပြသည်။
“မင်းတုန်းမင်းနှင့် ငါးခြောက်ပြား” ဆောင်းပါးအကျဉ်းချုပ်မှာ မင်းတုန်းမင်းသည် ငယ်ရွယ်စဉ် မောင်လွင်  ဘဝက စံကျောင်းဆရာတော်ထံတွင် ပညာသင်ကြားသည်။ တစ်နေ့တွင် စံကျောင်းဆရာတော်ထံသို့ ငါးခြောက် တစ်ပြား လာရောက်လှူသည်။ ဆရာတော်မှာ ငါးခြောက်ပြားကို အလွန် ကြိုက်နှစ်သက်ပြီး မောင်လွင်ကို ကျက်သရေ ခန်းထဲ၌ ငါးခြောက်ပြားကို သေသေချာချာ သိမ်းခိုင်းလိုက်သည်။ နောက်တစ်နေ့တွင် ဆရာတော် ဆွမ်းဘုဉ်းပေးရန် ငါးခြောက် ဖုတ်ခိုင်းသောအခါ မောင်လွင်မှာ ငါးခြောက်ကိုရှာ၍ မတွေ့တော့ဘဲ ဖြစ်နေသည်။ ထိုအခါ ဆရာတော်က စိတ်ဆိုးပြီး “ဟဲ့ ငလွင် နင်ဟာ ဘုရင့်သား အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ် မင်းလုပ်ရမယ့် သူ၊ အဲဒီလို လူက ငါးခြောက်ပြား အသေးတစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ”ဟု မိန့်ပြီး ထားဝယ်ကြိမ်ဖြင့် အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမသည်။
ထိုဆောင်းပါးကိုသင်ကြားပြီး ဆရာက သင်ရိုးတွင်ပါရှိသော မေးခွန်းများကို ဖြေခိုင်းသည်။ မေးခွန်းတစ်ခုက “စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား” ဟု အဓိပ္ပာယ်ပါသည့် မေးခွန်းဖြစ်သည်။ နောက်တစ်နေ့တွင် ဆရာက အတန်း ထဲသို့ ခြေသံပြင်းပြင်း၊ ဒေါသတင်း တင်းဖြင့် ဝင်ရောက်လာပြီး ကျောင်း သားတစ်ယောက် နာမည်ခေါ်ကာ အတန်းရှေ့ထွက်ခိုင်းပြီး ယင်း၏ အဖြေကို ဖတ်ခိုင်းသည်။ ထိုကျောင်း သားက ဖြေထားသည်မှာ စံကျောင်း ဆရာတော်၏ ဆုံးမပုံကို မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယ ဖြစ်မိကြောင်း၊ ဆရာတော်၏ ထိုအချိန်က စိတ်ခံစားချက်မှာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်သော ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရသည့် အတွက် ဖြစ်ပေါ်လာသည့် ဒေါသ စိတ်က ပိုကြီးမားနေနိုင်ကြောင်း၊ ယခု လောက်ရိုက်နှက်အပြစ်ပေးစရာမလို ကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျက်နှင့် သေရာပါအမာရွတ်ထင် အောင် ရိုက်နှက်ခြင်းက ဒေါသစိတ် ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း၊  ဘုရားသားတော်တို့ မည်သည် ရသတဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည် ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကိုဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသား နာမှ အရိုးစွဲအောင် မှတ်မည်ထင်ပြီး ပြင်း ပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့သော်လည်း မင်းတုန်းမင်း လက်ထက် တွင် အောက်မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်သို့ ထိုးပေးလိုက်ရသောကြောင့် ယခုဆုံးမနည်းသည် မအောင်မြင်ကြောင်းဟူ၍ ဖြစ်သည်။
ထို့နောက် ထိုဖြေဆိုချက်ကို မှန်လား၊ မှားလားဟု ဆရာ ကကျောင်းသားများကို မေးသည်။ တကယ် တော့ ဆရာက မှန်လား၊ မှားလားဟု မေးခွန်း ၂ ခု မေးသော်လည်း အမူ အရာ၊ လေသံ၊ ဖန်တီးထားသော ဝန်းကျင် အငွေ့အသက်များက မှားတယ် ဟု မဖြေရင် အပြစ်ပေးခံရမည့် ပုံစံ ဖြစ်နေသည်။ ထိုကျောင်းသား၏ စိတ် ကူးအတွေးကို သဘောကျသော်လည်း  ဆရာမောင်သစ်ဆင်း အပါအဝင် ကျောင်းသားအားလုံး မည်သူမျှ မှန်သည်ဟု မပြောရဲကြဘဲ နောက်ဆုံး တွင် ထိုကျောင်းသား မှာ နောက် ပြောင်မှုဖြင့် အတန်းရှေ့တွင် အရိုက်ခံရသည်။ ထိုကျောင်းသားမှာ ကျောင်းပြောင်းသွားသည်။
ဆရာမောင်သင်ဆင်းက “ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်း တစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ” ဟု သူ့ခံစား ချက်ကို ဆက်လက်ဖော်ပြသည်။
လွတ်လပ် စဉ်းစားတွေးခေါ်ခွင့်ကို အားမပေးသည့် ပညာရေးစနစ် တစ်ခု၏ နောက်ဆက်တွဲ ဆုံးရှုံးမှု များသည်ကား မစဉ်းစားရဲလောက် အောင် များပြားနေမည် ကတော့ သေ ချာသည်။
တကယ်တော့ ပညာရေးစနစ်သည် အရာအားလုံးနှင့် စပ်စပ်ဆိုင်ဆိုင် ဖြစ်နေသည်။ တရားသူကြီးဆို သည်မှာ ဆင်ခြင်စဉ်းစားတတ်သော အလေ့အထုံများနှင့် ယဉ်ပါး စိမ့်ဝင်နေ ကြရမည့် သူများဖြစ်သည်။ သို့သော် စဉ်းစား တွေးခေါ်မှုကို ဖန်တီးပေးထား သော ပညာရေးစနစ်အောက်တွင် ရှင်သန်ကြီးပြင်းခွင့်၊ စိတ်ကူးတောင်ပံ များ လွတ်လွတ် လပ်လပ် ဖြန့်ကျက် ခွင့်ရရန်တော့ လိုပါလိမ့်မည်။
သက်ဇော်နိုင်
(FBမှပြန်လည်ဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>

Wednesday, December 10, 2014

ဗိုလ်ချုပ်အောင်ဆန်း သီချင်း



11.12.2014 ကြာသပတေး

                           ဗိုလ်ချုပ်အောင်ဆန်း  သီချင်း                                                                 V1- မြန်မာ့ လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစီတယ် သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်

V2- ငါတိ့ မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကရယ် အာဇာနည်အစစ်ကို ရှိဘို့မွေးရမယ်။ အော်.... ဘုရင့်နောင်နဲ့ ရာဇာဓရာဇ်တို့လို မင်းရဲ ကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေအောင်ပန်းဆွပ်ကြရှာလေတယ်။

CHO - ရာဇ၀င် အတ္ထုပ္ပတ္တိလဲ ရှိရမယ် မော်ကွန်းလဲ ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ တိုင်းပြည်အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ် လွတ်လပ်ဘို့ ဒို့များကို ကျွန်တွင်းမှကယ် ဒို့မြန်မာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

V3- မြန်မာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိန်အောင် ကြံဆောင်လေတယ် စိတ်အားသန်သန် မာန်ကိုမ လျှော့တယ် ငါတို့လူမျိုးတန်ခိုးရှိဘို့ သူရဲကောင်းတွေစုံညီတယ် တကယ်ပင် တိုးမဟာဗန္ဓုလနဲ့ စွမ်းသတ္တိ ရာဇ၀င်ပြောင်တဲ့ သာကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းတွန်စေကွယ် မြန်မာသူရဲကောင်းအပေါင်းတွေရယ်။
 
>>>ဆက်ဖတ်ရန်>>> >>

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်နေသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း



၁၁.၁၂.၂၀၁၄ ကြာသပတေး

http://aungmyinoo.weebly.com/uploads/1/2/7/7/12772487/1331473.jpg

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

(ဗိုလ်ဥတ္တမကျော်)

…………………………………………………………………….

ရဲဘော်တို့

ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်

ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း

ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်

တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား

လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။

ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။

ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ

နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။

ဘယ်တော့မှ သစ္စာမဖောက်

နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။

သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ

နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။

ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)
>>>ဆက်ဖတ်ရန်>>> >>