Saturday, June 27, 2015

ပညာရေးဝန်ကြီးကိုယ်တိုင် လိုက်နာလုပ်ဆောင်ပါမည်ဟု လက်မှတ်ရေးထိုးခဲ့သော အင်ချွန်ပညာရေးကြေညာစာတမ်း



 ပညာရေးဝန်ကြီးကိုယ်တိုင် လိုက်နာလုပ်ဆောင်ပါမည်ဟု လက်မှတ်ရေးထိုးခဲ့သော အင်ချွန်ပညာရေးကြေညာစာတမ်း
 1


 ကမ္ဘာလုံးဆိုင်ရာ ပညာရေးဖိုရမ် ၂၀၁၅ မှပေါ်ထွက်လာသော အင်ချွန်းကြေညာချက်
၁။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် မေလ ၂၀၁၅ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ ပညာရေးဖိုရမ် ( WEF 2015) သို့ နိုင်ငံ အသီးသီးမှ ၀န်ကြီးများ၊ အစိုးရ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်တော်ကြီးများ၊ အဖွဲ့အစည်းများမှ အကြီးအကဲများ နှင့် နိုင်ငံစုံအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံချင်း ဆက်ဆံနေကြသော အဖွဲ့အစည်းများမှ အရာရှိများ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများ မှ ကိုယ်စားလှယ်တော်ကြီးများ၊ သင်ကြားရေးဘက်မှ ဆရာ၊ ဆရာမများ၊ လူငယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များက UNESCO အဖွဲ့ ညွှန်ကြားရေးမှုးချုပ် ၏ ဖိတ်ကြားချက်ဖြင့် စုဝေးတက်ရောက်လာခဲ့ကြသည်။ ယခုကမ္ဘာ့ ပညာရေးဖိုရမ်ကဲ့သို့ အရေးကြီးသော အစည်းအဝေးတစ်ရပ်ကို လက်ခံကျင်းပပေးခဲ့ကြသည့် တောင်ရီးယားအစိုးရနှင့် ပြည်သူများကို လည်း ကောင်း၊ ဖိုရမ်အထမြောက်ရေးတွင်ပါဝင်ခဲ့ကြသည့် UNICEF၊ ကမ္ဘာ့ဘဏ်၊ UNFPA, UNDP, UN Women နှင့် UNHCR တို့အားလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။ သက္ကရာဇ် ၂၀၃၀ ထိ ရည်မှန်းသော ပညာရေးအစီအစဉ် အတွက် ဤသမိုင်းဝင် ပညာရေးဖိုရမ်တစ်ရပ်ကို ဦးဆောင်ကျင်းပသော ယူနက်စကိုအဖွဲ့ကြီး၏ အားထုတ်မှုကိုလည်း လှိုက် လှဲစွာအသိအမှတ်ပြုပါသည်။
၂။ လူတိုင်းအတွက် ပညာရေး လှုပ်ရှားမှုကြီးသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ပညာရေးအတွက် အရေးအပါဆုံးသော အင်အားစိုက်ထုတ်မှုကြီး တစ်ရပ်လည်းဖြစ်သည်။ ရလဒ်အားဖြင့်လည်း ပညာရေးတွင် သိသိသာသာ တိုးတက်လာအောင် အ ထောက်အကူပြုခဲ့သည်။ ၁၉၉၀ ခုနှစ် ဂျွန်တီယမ်တွင် သဘောတူထောက်ခံခဲ့ပြီး ၂၀၀၀ခုနှစ်တွင် ဒါကာတွင် ဆက်လက် ခိုင် မာစေခဲ့သော “လူတိုင်းအတွက် ပညာရေး” ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးကို မမှိတ်မသုန်ဆက်လက် အကောင်အထည်ဖော် သွားရန် သံဓိဌာန် ချထားကြောင်း ယနေ့အခမ်းအနားက ကြေညာလိုက် ရပါသည်။ ထို့ပြင် ပညာသင်ယူခွင့်ရရှိနိုင်ရန်နှင့် အခြားသော ပညာရေးနှင့် ဆက်စပ်နေသည့် အခွင့်အရေးများရပိုင်ခွင့်ရှိရန် သတ်မှတ်ပြဌာန်း ပေးထားသည့် နိုင်ငံတကာ လူ့ အခွင့်အရေးစာချုပ်များနှင့် ဒေသလုံးဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ၊ အခြားသော ပညာရေး နှင့်ဆက်စပ်နေသည့် လူ့ အခွင့်အရေးများကို ပြဌာန်းထားသော စာချုပ်များကို လိုက်နာဆောင်ရွက်ရန်လည်း ရည်မှန်းအားထုတ်သွားကြမည် ဖြစ် သည်။ ယခုအချိန်အထိ ရရှိခဲ့သော အောင်မြင်မှုများကို မိမိတို့အနေဖြင့် အသိအမှတ်ပြုကြရမည်ဖြစ်သည်။ သို့သော် တစ်ဖက် တွင်လည်း ပညာရေးသည် လူသားတိုင်း အတွက်ဖြစ်လာရန်မှာ အလှမ်းဝေးလှသေးသောကြောင့် စိုးရိမ်ပူပန်စရာများ ရှိနေ သေးကြောင်း ၀န်ခံရပေမည်။
၃။ ကမ္ဘာလုံးဆိုင်ရာ လူသားတိုင်းအတွက် ပညာရေးအစည်းအဝေး (၂၀၁၄) တွင် ပညာရေးကဏ္ဍအတွက် ညှိနှိုင်းတိုင်ပင် မှုများ ကျယ်ပြန့်စွာဆောင်ရွက်ခဲ့ပြီး မတ်စကတ်သဘောတူညီချက်ကို အတည်ပြုနိုင်ခဲ့သည်။ မတ်စကတ် သဘောတူညီချက် တွင် ရေရှည်ခံဖွံ့ဖြိုးရေး မျှော်မှန်းချက် (SDGs) အတွက် ပြင်ဆင်နေကြသော နိုင်ငံစုံ စုပေါင်းဆွေးနွေးပွဲများမှ ပေါ်ထွက် လာသည့် ပညာရေးဆိုင်ရာ လုပ်ငန်းလျာထားချက်များကိုလည်း ထည့်သွင်းနိုင်ခဲ့ကြသည်။ ဤအတောအတွင်း ၂၀၁၅ နောက် ပိုင်း ပညာရေးကဏ္ဍအတွက် ကျင်းပခဲ့ကြသော ဒေသတွင်း ၀န်ကြီးအဆင့် ကွန်ဖရင့်များလည်း ရှိခဲ့ကြပါသည်။ လူသားတိုင်း အတွက် ပညာရေး အကဲဖြတ်အစီရင်ခံစာ ၂၀၁၅ တွင်ပါရှိသော သုတေသနတွေ့ရှိချက်များနှင့် “လူသားတိုင်းအတွက် ပညာရေး” ဒေသဆိုင်ရာ အနှစ်ချုပ်အစီရင်ခံစာများမှ တင်ပြချက်များကိုလည်း မှတ်သားခဲ့ကြရသည်။ ထို့ပြင် “ကမ္ဘာလုံးဆိုင် ရာ ပညာရေးသည် ပထမအစီအစဉ်” The Global Education First Initiative” ကြောင့်ပေါ်ပေါက်လာသော တိုးတက်မှုများ နှင့် အစိုးရအသီးသီး၏ အားပေးမှုကိုလည်းကောင်း၊ ဒေသလုံးဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက် ချက်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပညာရေးအတွက် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို လည်း မှတ်တမ်းတင်အပ်ပါသည်။
၎။ ၂၀၀၀ ခုနှစ် ကတည်းက စတင်ခဲ့သော Education for All (EFA) ရည်မှန်းချက်များနှင့် ထောင်စုနှစ် ရည်မှန်းချက်များထဲမှ ပညာရေးဆိုင်ရာ ပန်းတိုင်များဆီသို့ ချီတက်ကြရာတွင် တိုးတက်မှုများရှိခဲ့သည့်အလျောက် မှတ်သားလောက်စရာ သင်ခန်းစာ များလည်း ရရှိခဲ့ပါသည်။ အင်ချွန်းတွင် လက်ရှိရင်ဆိုင်နေရဆဲ အခက်အခဲများကို သုံးသပ်မိသလို လက်ရှိပြုစုထားသော ၂၀၃၀ ပညာရေး အာဂျင်ဒါအပေါ်တွင်လည်း သဘောတူညီမှုရအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထို့ပြင် ရှေ့လုပ်ငန်းစဉ်များ အ တွက် မူဘောင်များ ချမှတ်နိုင်ခဲ့ခြင်း နှင့်အတူ အနာဂတ်တွင် ဦးစားပေး ဆောင်ရွက်ကြရမည့် ကိစ္စများ၊ ရည်မှန်းချက်များ အောင်မြင်စွာဖော်ဆောင်နိုင်ရန် မဟာဗျူဟာများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ယခု ကြေညာချက်ကို သဘောတူ ထုတ်ပြန်လိုက်ပါသည်။

၂၀၃၀ သို့ဦးတည် ပညာရေးရည်မှန်းချက်များဖော်ဆောင်မည်
၅။ ကျွန်ုပ်တို့၏ ယုံကြည်မျှော်မှန်းချက်များတွင် လူသားတို့၏ ဘ၀ကို ပညာရေးဖြင့် မြှင့်တင်ပေးရန်၊ ဖွံ့ဖြိုးရေးအတွက် ပညာ ရေးမှာ အရေးကြီးသည့် တွန်းအားတစ်ခုဖြစ်ကြောင်းအသိအမှတ်ပြုရန်၊ လက်ရှိပြင်ဆင်နေကြသည့် အနာဂတ် ရေရှည်ဖွံ့ဖြိုး ရေး ရည်မှန်းချက် (SDGs) များ ပြည့်မီရန်တို့ဖြစ်ကြသည်။ ကျွန်ုပ်တို့အတွက် တစ်ခုတည်းသော ပညာရေးအာဂျင်ဒါ အသစ် တစ်ခု ပေါ်ထွက်လာရန်အရေးတကြီးလိုအပ်နေပြီး ထိုအာဂျင်ဒါသည် ခြုံငုံသည့် သဘောရှိသော၊ ရည်မှန်းချက်ကြီးမားသော၊ စိတ်အားတက်ကြွမှု ပေးနိုင်သော၊ အားလုံးတစ်ယောက် မကျန် ပါဝင်နိုင်သော အာဂျင်ဒါဖြစ်ရမည်။ ထိုလိုလားချက်များမှာ ရေရှည်ဖွံ့ဖြိုးရေးမျှော်မှန်းချက် (၄) SDG-4 တွင် ဖော်ပြထားသည့် အားလုံးပါဝင်နိုင်သော၊ တန်းတူညီတူဖြစ်သော အရည် အသွေးပြည့်ပညာရေး ရရှိစေရန်နှင့် လူတိုင်း ဘ၀တွင် စဉ်ဆက်မပြတ် သင်ယူနိုင်သော အခွင့်အရေးကို မြှင့်တင်ပေးနိုင် ရန်ဆိုသည့် ရည်မှန်းချက်နှင့် လည်းကောင်း၊ ယင်းနှင့် စပ်ဆိုင်နေသော လျာထားချက်များနှင့်လည်းကောင်း ပြည့်ဝစွာ ကိုက်ညီ လျှက်ရှိနေပေသည်။ ထိုရည်မှန်းချက်မှာ တစ်ကမ္ဘာလုံးနှင့် ဆိုင်သလို ပြုပြင်ပြောင်းလဲခြင်း အရှိန်အဟုန်လည်း ရှိသည်။ မရောက်ရှိခဲ့ရသော EFA အာဂျင်ဒါနှင့် ထောင်စုနှစ်ရည်မှန်းချက်များထဲမှ ပညာရေး ပန်းတိုင်များကို အလေးထားရာ ရောက်သည်။ လက်ရှိတွင် နိုင်ငံတကာ အဆင့်တွင်လည်းကောင်း၊ တစ်နိုင်ငံချင်းစီတွင်လည်းကောင်း ရင်ဆိုင်နေရသော ပညာရေးနယ်ပယ်မှ စိန်ခေါ်မှုများကိုလည်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။ ပညာရေးကို လူသားဂုဏ်ရည်ကို အခြေခံသော လမ်းစဉ်ဖြင့် ပြုပြင်ပြောင်းလဲလိုခြင်း ဖြစ်သလို ဖွံ့ဖြိုးရေးကိုလည်း လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာတို့အပေါ်တွင် တည် ဆောက်လိုသည့် ဆန္ဒများမှ ပေါ်ထွက်လာခဲ့သည်။ လူမှုဘ၀တရားမျှတမှု၊ တစ်ယောက်မကျန် ပါဝင်နိုင်မှု၊ လူသားတို့အတွက် အကာအကွယ်ရှိမှုတို့နှင့်အတူ ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ၊ လူမျိုးအရ စုံလင်ကွဲပြားမှုရှိခြင်းအပေါ်အခြေခံသည်။ ထို့အတူ ခွဲဝေတာဝန်ယူမှု၊ တာဝန်ခံခြင်းရှိမှုသဘောလည်းပါသည်။ ပညာရေးသည် ပြည်သူတို့ရသင့်ရထိုက်သော အရာဖြစ်ပြီး အခြေခံလူ့အခွင့်အရေးလည်းဖြစ်သည်။ အခြားရပိုင်ခွင့်များကို ခံစားနိုင်ရန် အတွက် ပံ့ပိုးပေးသောအရာလည်းဖြစ်သည်။ ပညာရေးမကောင်းလျှင် မငြိမ်းချမ်းနိုင်သလို၊ သည်းခံစိတ်လည်းနည်းကြပေမည်။ ပြည့်ဝသော နိုင်ငံသားများလည်း မဖြစ်နိုင်၊ ရေရှည်ခံဖွံ့ဖြိုးရေးနှင့်လည်း ဝေးပေလိမ့်မည်။ ပညာရေးအားဖြင့်သာ အလုပ်အကိုင် အပြည့်အ၀ရရှိနိုင်ပြီး ဆင်းရဲမွဲတေမှုကို လည်း ပပျောက်အောင် ဆောင်ရွက်နိုင်မည်။ ဘ၀တစ်သက်တာ စဉ်ဆက်မပြတ် ပညာရေးလမ်းတစ်လျှောက်တွင် လူတိုင်းက ပညာကို လွယ်လွယ်ကူကူချဉ်းကပ်နိုင်စေရန်၊ ခွဲခြားမျက်နှာလိုက်ခြင်းကင်းစေရန်၊ လူတိုင်းပါဝင်နိုင်စေရန်၊ အရည်အသွေး ပြည့်ဝစေရန်၊ ပညာသင်ယူမှု၏ အကျိုးကျေးဇူးကို ခံစားခွင့်ရစေရန် ကျွန်ုပ်တို့ ရည်သန်အားထုတ်သွားကြမည်ဖြစ်သည်။
၆။ လွန်ခဲ့သော ၁၅ နှစ်ကျော်ကျော်အတွင်း ပညာလမ်းများပိုမိုပွင့်လန်းစေရန် ဆောင်ရွက်ရာတွင် ထိရောက်သော အောင်မြင် မှုများရရှိခဲ့ရာ စိတ်အားတက်စရာပင်ဖြစ်သည်။ ပညာရေးတွင် ကျောင်းသားများ ၁၂ နှစ်တာခန့် အခမဲ့ ပညာသင်ယူခွင့်ရရှိရေး၊ အစိုးရ၏ အထောက်အပံ့ရရှိရေး၊ ခွဲခြားဆက်ဆံခြင်းကင်းပြီး အရည်အသွေးပြည့်ဝသော မူလတန်းနှင့် အလယ်တန်း ပညာရေး မျိုးရရှိနိုင်စေရေး၊ အနည်းဆုံးကိုးနှစ်ကြာမျှ မသင်မနေရ ပညာရေးဖြစ်ရန်၊ ပညာသင်ကြားခြင်းကြောင့် ဆိုင်ရာအကျိုးကျေးဇူး များ ခံစားနိုင်စေရေးတို့အတွက် ဆက်လက်အားထုတ် ဆောင်ရွက်ကြရမည်။ အနည်းဆုံး တစ်နှစ်ခန့် အခမဲ့ မသင်မနေရ မူလတန်းကြိုကျောင်းများ စီစဉ်ပေးရန်လည်း အားပေးနေကြသည်။ ကလေးတိုင်းအရည်အသွေးပြည့် ငယ်စဉ်ဘ၀ မွေးစဖွံ့ဖြိုး မှုကိုရရှိရန်နှင့် စောင့်ရှောက်မှုများ၊ ကလေးဖွံ့ဖြိုးရေးပညာများ ရရှိနိုင်အောင် ပံ့ပိုးပေးရန်လည်း လိုအပ်သည်။ ကျောင်းပြင်ပသို့ ရောက်ရှိသွားသော များပြားလှသည့် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက်လည်း ထိရောက်အသုံးတည့်သော ပညာသင်ကြားပေးခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ရန်လည်း ရည်သန်ထားပါသည်။ ထို ကျောင်းပြင်ပ ကလေးများသည် ထိုပညာရေးအကူအညီများကို အချိန်မနှောင်းမီ ထိထိမိမိ လိုရာရောက်နိုင်ပြီး ပညာရေး မပြတ်လပ်သွားမှသာလျှင် ကလေးများအားလုံးကျောင်းတွင်ရှိရေး၊ ပညာသင်ယူနိုင်ရေးဆိုသည့် အချက်များ အထ မြောက်နိုင် ပေမည်။
၇။ ပညာရေးတွင် အားလုံး ပါဝင်နိုင်ခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်းက ပြုပြင်ပြောင်းလဲရေးကို စောင်းပေးသောပညာရေး အာဂျင်ဒါ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေနှင့် ခွဲခြားဆက်ဆံမှု၊ ဖယ်ကျဉ်ထားမှု၊ အဆင့်အတန်း ကွာဟမှုနှင့် ပညာသို့လျှောက်သောလမ်းတွင် တန်းတူညီမျှမဖြစ်မှု၊ အများပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိမှု၊ ပညာရေး၏ အကျိုး ကျေးဇူးကို မြင်သာအောင်မခံစားနိုင်မှု အစရှိသည့် အခြေအနေများကို ကုစားရန် အားထုတ်ကြရမည်။ လူသားတိုင်းအတွက် ပညာရေးလျာထားချက်များမှာ လူတိုင်းလူတိုင်း ပညာသင်ခွင့် တကယ်မရှိက အဓိပ္ပါယ် ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အား နည်းသူများကို ဖယ်ကျဉ်ထားသည့် ပညာရေးမူဝါဒများကို လိုအပ်သလို ပြုပြင်ပြောင်းလဲကြရာတွင် အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်။ အထူးသဖြင့် မသန်စွမ်းသူများအပါအ၀င် ပညာရေးကို မျှတစွာ ရရှိနိုင်ကြပြီး မည်သူတစ်ဦးတစ် ယောက်မျှ နောက်ကျ ချန်ရစ်ခံရခြင်းမျိုးမရှိစေရပါ။

၈။ လူတိုင်းအတွက် ပညာသင်ယူခွင့်ကို ကြိုးပမ်းကြရာတွင် ကျားမခွဲခြား ဆက်ဆံခံရမှု မရှိစေရန်မှာလည်း အရေးကြီးလှ ကြောင်းသတိပြုမိပါသည်။ ထို့ကြောင့်ပညာရေးတွင်ကျားမတန်းတူညီတူဖြစ်မှုကို အလေးထား စဉ်းစားပေးသော မူဝါဒများ၊ စီမံကိန်းရေးဆွဲခြင်းများနှင့် ကျားမတန်းတူသင်ယူနိုင်သော ပတ်ဝန်းကျင်များဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်သလို ဆရာ၊ ဆရာမ များကိုပေးသော သင်တန်းများနှင့် သင်ရိုးညွှန်းတမ်းများတွင်လည်း ကျားမတန်းတူညီမျှစေရေး စွဲမြဲစွာ အလေး ထားသော အလေ့အကျင့်များရှင်သန်လာအောင် ဆောင်ရွက်ကြရမည်။ “ကျား” “မ” ဟူ၍ ခွဲခြားကာ ကန့်သတ်ဘေးဖယ်သော အပြုအမူများ၊ အနိုင်အထက် ကြမ်းတမ်းစွာ တိုက်ခိုက်ခံရခြင်းများ မရှိအောင် ဆောင်ရွက်ကြရမည်။
၉။ အရည်အသွေးပြည့် ပညာရေးနှင့် ပညာသင်ယူခြင်းမှ ရလဒ်ကောင်းများပိုမိုထွက်ပေါ်လာနိုင်ရေးကိုဆောင်ရွက်ရန် ဆန္ဒ ပြုပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာသင်ယူသည့် ဖြစ်စဉ်ထဲသို့ လောင်းထည့် လိုက်သော အရင်းအနှီး၊ သင်ယူပုံ အဆင့်ဆင့်ကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သလို ပညာကြောင့် ထွက်ပေါ်လာမည့် အကျိုးကျေးဇူး ကိုလည်း ပြန်လည်သုံးသပ်အကဲခတ်နိုင်သည့် စနစ်များရှိရန်၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေမှ တိုးတက်လာအောင် ပြုပြင်နိုင်သည့် စနစ်များ တည်ဆောက်ပေးရန် လိုအပ်ပေသည်။ အရည်အသွေးပြည့်ပညာရေးတွင် ဆရာများ တတ်ကျွမ်းသူ များဖြစ်အောင် လေ့ကျင့်ပေးရမည်ဖြစ်သလို ဆရာအရေအတွက်လုံလောက်စွာရှိခြင်း၊ ကောင်းစွာ သင်တန်းပေးထားခြင်း၊ ကျွမ်းကျင်သူအဖြစ် ပေါက်မြောက် အောင်မြင်နိုင်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ သင်ကြားရေးအတွက်လိုအပ်သော အရင်းအ မြစ်များဖြင့် ကောင်းစွာပံ့ပိုးထားခြင်း၊ ပညာရေးတွင် ထိရောက်သော စီမံအုပ်ချုပ်ပုံစနစ်ကောင်းရှိခြင်းတို့ လိုပါသည်။ အရည်အ သွေးပြည့် ပညာရေးက ထိုးထွင်းကြံဆမှုနှင့် ဗဟုသုတကို ပြည့်စွမ်းစေသည်။ စာတွေ့လက်တွေ့ ကောင်းစွာ နိုင်နင်းစေသည့် အခြေခံများကို အစပျိုးပေးသည်။ ဆင်ခြင်တွေးခေါ်နိုင်စွမ်း၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်းနှင့် အခြားအဆင့်မြင့်ပညာရပ်များကို လိုက်စားနိုင်စေရန် အခြေခိုင်စေသည်။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး လူမှုဆက်ဆံရေး ပြေပြစ်စေရန် သင်ကြားပေး သည်။ နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် ကျန်းမာသော၊ ကျေနပ်နှစ်သိမ့်သော ဘ၀များကို ဆောက်တည်နိုင်စေမည့် စိတ်နေ စိတ်ထားများ၊ ယုံကြည်မှု တန်ဖိုးများ၊ ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးစေသည်။ ပညာကိုအခြေခံသောအခါ နိုင်ငံသားတို့မှာ ရရှိသော သတင်းအချက်အလက်ကို နားထောင်ပြီးမှ ချမှတ်သော အမြော်အမြင်အားဖြင့် တွက်ဆယူသည့် ဆုံးဖြတ်ချက်များ ရှိလာ ကြသည်။ ကမ္ဘာကြီးရေရှည်တည်တံ့စေမည့် ဖွံ့ဖြိုးရေးကို စောင်းပေးသော ပညာရေးနှင့် ဂလိုဘယ်နိုင်ငံသားဖြစ်စေရန် ပညာရေးအားဖြင့် နိုင်ငံသားတို့သည် မိမိဒေသနှင့် ကမ္ဘာ္ဘတွင်ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်လာနိုင်မည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့အနေဖြင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ပညာရေးကိုဆောင်ရွက်မည့် Global Action Programme ကို အကောင်အထည်ဖော်ရန် အင်တိုက်အားတိုက် တိုက်တွန်းလျှက်ရှိသည်။ ထိုအစီအစဉ်ကို ၂၀၁၄ ခုနှစ် အီချီ-နာဂိုယာမြို့ များတွင် ကျင်းပသော ယူနက်စကို ကမ္ဘာ့ကွန်ဖရင့်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုမျှမကသေး။ ၂၀၁၅ အလွန် ရေရှည်ခံဖွံ့ဖြိုးရေးအာဂျင်ဒါ များအောင်မြင်ရန် လူ့အခွင့်အရေးပညာပေးဆောင်ရွက်မှုများနှင့် သင်တန်းများက အရေးကြီး ကြောင်းကိုလည်း ထောက်ပြလိုသည်။
၁၀။ ကျွန်ုပ်တို့သည် လူသားအားလုံး တစ်သက်တာ စဉ်ဆက်မပြတ်ပညာသင်ယူနိုင်သည် အခွင့်အလမ်းများ ပေါများလာ အောင် အားထုတ်ကြပါမည်။ မည်သည့်အခြေအနေတွင်မဆို မည်သည့်အဆင့်တွင်မဆို ပညာရေးကို လွယ်ကူစွာချဉ်းကပ် နိုင်ကြရမည်။ မည်သူ့ကိုမျှ ဘေးဖယ်မထားသော၊ အရေအတွက်အားဖြင့် မနည်းပါးသော အရည်အသွေးပြည့် နည်းပညာ ကျောင်းများ နှင့် သက်မွေးဝမ်ကျောင်းသင်တန်းများ၊ ကျောင်းများအပြင် အဆင့်မြင့် ပညာရေးနှင့် သုတေသနများပါ ဖွံ့ဖြိုး လားစေရန် ရည်ရွယ်သည်။ ထိုပညာရင်းမြစ်များအားလုံးတွင် အရည်အသွေးကိုထိန်းနိုင်သည့် စနစ်တစ်ရပ် ရှိနေရမည် ဖြစ်သည်။ ထို့ပြင်လူတိုင်းက မည်သည့် အခြေအနေတွင်မဆို ချဉ်းကပ်ရ လွယ်ကူအောင် ပြုလွယ်ပြောင်းလွယ်သော ပညာရေး လမ်းများရှိရမည်။ ထိုသို့ မိမိနှင့်သင့်လျော်သလို စီစဉ်နိုင်သော ကျောင်းတွင်းကျောင်းပြင် ပညာရေးလမ်းများမှ ရရှိလာသော အသီးအပွင့်များကိုလည်း အများက အသိအမှတ်ပြုနိုင်သည့် အနေအထားကိုစီစဉ်ပေးနိုင်ခြင်း၊ ပညာတတ်မြောက်ထားသည့် ကျွမ်းကျင်သူအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်း၊ သင်ယူတတ်မြောက်ကြောင်း အာမခံထားပေးသောစနစ်ရှိခြင်း၊ ကျွမ်းကျင် လိမ်မာခြင်းတို့ကို ရရှိစေမည့် ပညာရေး မျိုးဖြစ်ရမည်။ အမျိုးသမီးကြီးများနှင့် အမျိုးသမီးငယ်များအပါအ၀င် လူငယ်များနှင့် အရွယ်ရောက်သူ အားလုံးတို့သည် မိမိတို့ သက်ဆိုင်ရာကဏ္ဍတွင် အသိအမှတ်ပြုနိုင်လောက်သည့် စာတွေ့လက်တွေ့ ကျွမ်း ကျင် တတ်မြောက်မှုလည်းရှိရမည်။ ထို့ပြင် ဘ၀တွက်တာ ကျွမ်းကျင်စရာများကိုလည်း သက်ကြီးပညာရေးအစီအစဉ်များ၊ သင်တန်းများနှင့် ကျောင်းများတွင် လေ့လာနိုင်စေရမည်။ အလားတူပင် သိပ္ပံနှင့် နည်းပညာ၊ တီထွင်စမ်းသပ်မှုများကိုလည်း တိုးတက်လာအောင် အားထုတ်ကြရမည်။ ပညာရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန်၊ အသိပညာဖြန့်ဖြူးရန်၊ သတင်းအချက် အလက်ရယူရန်၊ အရည်အသွေးပြည့် ထိရောက်စွာ လေ့လာသင်ယူနိုင်ရန်နှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအဆင် ပြေလာစေရန် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများကို ကျွမ်းကျင်လိမ်မာစွာ အသုံးချနိုင်ကြရမည်။

၁၁။ ထို့ပြင် ယခုအခါ ကျောင်းစာသင်ခန်းပြင်ပသို့ရောက်ရှိနေသော ကလေးအများစုသည် ပဋိပက္ခများ ရိုက်ခတ်ရာ နယ် မြေများတွင် နေထိုင်နေကြရသည်မှာ စိုးရိမ်စရာပင်ဖြစ်သည်။ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ ပညာရေး အဖွဲ့အစည်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တ္တရယ်များနှင့် ကပ်ရောဂါဆိုးများသည် ပညာရေး နှင့် ဖွံ့ဖြိုး ရေး လမ်းကြောင်းကို တစ်ကမ္ဘာလုံးတွင် ကြီးစွာ အနှောက်အယှက် ပေးလျှက် ရှိသည်။ ထိုအခြေအနေများကို ရင်ဆိုင်နေကြ ရသော စစ်ဘေးဒုက္ခသည်များ နေရပ်ကို စွန့်ခွာထွက်ပြေးရသူများအပါအ၀င် ကလေးများ၊ လူငယ်လူရွယ်များနှင့် လူကြီးများ အခြေအနေကိုလိုက်၍ အဆင်ပြေအောင် စီမံပေးနိုင်မည့် တန်းတူညီတူဖြစ်ပြီး မတည်ငြိမ်သည့်အခြေအနေတွင်ပင် အဆက်မ ပြတ်သွားသော၊ ပြန်လည်ထူထောင်ရလွယ်သော ပညာရေးစနစ်မျိုးကို ဖန်တီးပေးနိုင်သော အခြေအနေရောက်အောင် အား ထုတ်ကြရမည်။ ဘေးကင်းသော၊ အကူအညီရနိုင်သော၊ လုံခြုံသော အကြမ်းဖက်မှုကင်းစင်သည့်ပတ်ဝန်းကျင်မျိုးတွင် ပညာ ရေးကို ပေးနိုင်ကြရန် လိုအပ်သည့် အခြေအနေများကိုလည်း အလေးထားစဉ်းစားကြရပါမည်။ ပဋိပက္ခများဖြစ်ပွားလျှင် အရေး ပေါ် အခြေအနေမှသည် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးကာလများအထိ ထိခိုက်ခံစားရသူများအတွက် လုံလောက်သည့် ကူညီဆောင်ရွက်မှုများပေးနိုင်ရန် ကြိုးစားကြရမည်။ ထို့ပြင် ပဋိပက္ခကို ဖြေရှင်းရန် နိုင်ငံတော်အဆင့်၊ ဒေသ တွင်းအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်အသီးသီးက ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်းရှိရမည်။ အန္တရယ်ကို ဘက်စုံထောင့်စုံမှ လျှော့ချနိုင်ရန်၊ ရန်မီးပွားကိုထိန်းထားနိုင်ရန်အတွက် ဘ၀အရည်အသွေးမြှင့်တင်မှုများလည်းရှိကြရမည်။ ထိုနည်းလမ်းများ အားဖြင့် ပဋိပက္ခဖြစ်ပွားစဉ်၊ အရေးပေါ်အခြေအနေ၊ ပဋိပက္ခလွန်အခြေအနေနှင့် ပြန်လည်ထူထောင်ရေး ကာလအစောပိုင်း များတွင် ပညာရေးအဆက်မပြတ် သွားစေရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း လိုက်ရပါသည်။
ချမှတ်ထားသော ဘုံအာဂျင်ဒါကိုအကောင်အထည်ဖော်ခြင်း
၁၂။ ယခုချမှတ်ထားသော ပညာရေး အစီအစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်ရန် အဓိကအားဖြင့် အစိုးရများ တွင် တာဝန်ရှိကြသည်။ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု၊ အများပါဝင်ဆောင်ရွက်နိုင်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် နေရာဌာန အသီးသီးက အဆင့်ဆင့် ချိတ်ဆက် လှုပ်ရှားနိုင်သော မိတ်ဖက်ဆက်ဆံရေးရှိမှု၊ ဆိုင်ရာကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ် များက ပါဝင်လှုပ်ရှားရန် အခွင့်ရနိုင်မှု အစရှိသည်တို့ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဥပဒေကြောင်းအရ သော်လည်းကောင်း၊ မူဝါဒရေးရာလုပ်ငန်းဘောင်များထဲမှလည်းကောင်း ဆောင်ရွက်ပေးကြရမည်။
၁၃။ နိုင်ငံအလိုက် ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်နေချိန်တွင် ဒေသတွင်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ အဆင့်အ သီးသီးတွင် ခိုင်မာစွာ ချိတ်ဆက်၊ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အခြေအနေကို အကဲဖြတ်နိုင်ကြရန် လိုအပ်သည်။ ထိုသို့ ဆောင်ရွက်ကြရာတွင်လည်း တစ်နိုင်ငံချင်းစီတွင် ဒေသတွင်းနိုင်ငံများနှင့် အချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ သတ်မှတ်ထားသော မူဘောင်များ၊ ဒေသတွင်းအစီအမံများ၊ မဟာဗျူဟာများနှင့်ကိုက်ညီစွာ အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်။
၁၄။ ခိုင်မာကောင်းမွန်သောမူဝါဒများ၊ စီမံကိန်းရေးဆွဲခြင်းများ၊ အင်တိုက်အားတိုက်အကောင်အထည်ဖော်ခြင်းများရှိမှသာ ၂၀၃၀ ပညာရေးအာဂျင်ဒါမှာ အောင်မြင်နိုင်မည်ဖြစ်သည်။ SDG 4 ကိုချမှတ်ရာတွင် မည်မျှပင် စိတ်အားတက်စရာများ ရှိနေ စေကာမူ လူသားတိုင်းအတွက် အရည်အသွေးရှိသည့် ပညာရေးကို မည်သည့်အလွှာတွင်မဆို ရရှိနိုင်သည့် အနေအထားနှင့် လွန်စွာဝေးကွာလျှက်ရှိသော နိုင်ငံများတွင် ငွေအင်အား သုံးစွဲကာဆောင်ရွက်ရမည့်ကဏ္ဍများကို ကောင်းစွာသဘောပေါက်ပြီး လုံလုံလောက်လောက် သတ်မှတ်ဖြည့်တင်း ပေးနိုင်ခြင်းမရှိလျှင် အောင်မြင်မှုနှင့် အလှမ်းကွာနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးတွင် သုံးစွဲမည့် ငွေများကို တိုးမြှင့်ကြရာတွင် နိုင်ငံတစ်ခုစီ၏ လိုအပ်ချက်အလိုက် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတကာပျမ်းမျှ သတ်မှတ်နှုန်းထားများ အရမူ အနည်းဆုံး တစ်နှစ်လျှင် တမျိုးသားလုံးပြည်တွင်းထုတ်ကုန်၏ ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ( သို့မဟုတ်) အစိုးရဘတ်ဂျက်တစ်ခုလုံး၏ ၁၅-၂၀ ရာခိုင်နှုန်းအထိ သုံးစွဲကြရန် ရည်မှန်းထားပါသည်။
၁၅။ ပညာရေးအတွက် အစိုးရများ၏ အင်အားစိုက်ထုတ်မှုများအပြင် ဖွံ့ဖြိုးရေးကဏ္ဍအတွင်း လက်တွဲပူးပေါင်း မှုများကလည်း အရေးကြီးလှကြောင်း အသိအမှတ်ပြုရပါသည်။ နိုင်ငံများ၏ လိုအပ်ချက်အတိုင်းအတာနှင့် ဦးစားပေး ကဏ္ဍများအလိုက် ပညာရေးကို ပံ့ပိုးပေးမည့် ယခုအာဂျင်ဒါအကောင်အထည်ဖော်ရာတွင် ၀ိုင်းဝန်းကူညီကြရန် နှင့် လိုအပ်သောငွေများကို တိုးမြှင့်ထည့်ဝင်ကြပါရန် ဖွံ့ဖြိုဆဲနိုင်ငံကြီးများ၊ မူလကပင်ရှိခဲ့သော အလှုရှင်များနှင့် ဆက်လက်ပေါ်ပေါက်လာသော အလှုရှင် သစ်များ၊ ၀င်ငွေအလယ်အလတ်နိုင်ငံများနှင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းကြီးများအား ဆော်သြလိုက်ရပါသည်။ တရား ၀င်ဖွံ့ဖြိုးရေးအကူအညီ (Official Development Aid-ODA) ကိုပေးအပ်ကြရာတွင် မိမိတို့ကတိက၀တ်ပြုထားသည့်အတိုင်း ပြည့်ပြည့်၀၀ ထည့်ဝင်ကြရန်မှာလည်း အရေးကြီးလှသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများအနေဖြင့် 5

လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရန် GDP ၏ ၀.၇ ရာခိုင်နှုန်းအထိရောက်အောင် ဖြည့်ဆည်းပေးပါရန် နောက်ထပ် အကူအညီများထိထိရောက်ရောက် ဆောင်ရွက်ပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ တဖန်ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ များသို့ အကူအညီများ တိုးမြှင့်ပေးအပ်ရန်လည်း ဆန္ဒပြုပါသည်။ ပညာသင်ယူနိုင်ရန်လူသားတို့၏ရပိုင်ခွင့် ကိုသေချာစေရန် အတွက် ရနိုင်သမျှသော အရင်းအမြစ်များကို ထပ်မံဖော်ထုတ်နိုင်ရန်လည်း အရေးကြီးလှသည်။ ပေးလိုက်သော အကူအညီ များနေရာကျပြီး ထိရောက်နိုင်စေရန် အတွက် ပိုမိုကောင်းမွန်သော ချိတ်ဆက်ပူးပေါင်းမှုများ၊ ညီညွတ်မှုများ လိုအပ်သလို လျစ်လျူရှုထားခံရသော အစိတ်အပိုင်းများနှင့် ဆင်းရဲသောနိုင်ငံများအတွက် ဦးစားပေးထောက်ပံ့ကြရန် လည်းအကြံပြုလိုက် ရပါသည်။ လူသားချင်းစာနာထောက်ထားမှုများစွာလိုအပ်နေသော၊ ပဋိပက္ခဒဏ်ကို ကာလရှည်လျားစွာခံစားနေရသော နေရာ များမှ ပညာရေးအတွက်လည်း အကူအညီများ ထိထိရောက်ရောက် တိုးမြှင့်ပေးရန် တိုက်တွန်းလိုက်ရသည်။ ၂၀၁၅ ဇူလိုင် တွင် အော်စလို၌ကျင်းပမည့် ဖွံ့ဖြိုးရေးအတွက် ပညာရေးညီလာခံကို ကြိုဆိုကြောင်းပြောကြားလိုပါသည်။ အက်ဒစ်အာ ဘာဘာတွင် ပြုလုပ်မည့် ဖွံ့ဖြိုးရေး အတွက်ဘတ်ဂျက်ကွန်ဖရင့်ကိုလည်း လာမည့် SDG4 အကောင်အထည်ဖော်နိုင်ရေးတွင် ကူညီပေးရန် နှိုးဆော်လိုက်ရပါသည်။
၁၆။ ၂၀၃၀ ပညာရေးအာဂျင်ဒါကို အကောင်အထည်ဖော်ကြမည့် နိုင်ငံများအား တစ်နိုင်ငံချင်းစီသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း နည်းပညာပိုင်း၊ နိုင်ငံ၏ စွမ်းရည်တိုးတက်လာစေရေးအပိုင်းတို့တွင် ကမကထပြု ကူညီပေးကြပါရန် WEF 2015 ကို ပူးပေါင်းကျင်းပခဲ့ကြသော UNESCO နှင့် မိတ်ဖက်များအားလုံးတို့ကိုလည်း တိုက်တွန်းလိုက်ရပါသည်။ ထိုနိုင်ငံများ ၏ အနေအထားအလိုက်၊ နှိုင်းယှဉ်အားသာချက်များအလိုက် ပညာရေးအာဂျင်ဒါအတွက် လုပ်ဆောင်နိုင်မှုအပေါ်တွင် အင် အားဖြည့်ပေးကြရန်ဖြစ်သည်။ ထိုသို့ အားလုံးပါဝင်ကာ ဆောင်ရွက်နိုင်ကြရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပညာရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်နိုင်သည့် အစီအမံတစ်ခု တာဝန်ယူဖော်ဆောင်ပေးပါရန် UNESCO အား မေတ္တာရပ်လိုသည်။ တက် ရောက်လာသော အဖွဲ့ဝင်နိုင်ငံများ၊ WEF 2015 ကို ပူးတွဲကျင်းပပေးကြသူများနှင့် မိတ်ဆက်များအားလုံးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ယုံကြည်စွာ မေတ္တာရပ်ခံလိုက်ရခြင်းဖြစ်ပါသည်။ ပညာရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း “ The Global Partnership for Education” ဟူသော အစီအစဉ်မှာ နိုင်ငံစုံ၊ အဖွဲ့စုံပါဝင်သော ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အဖွဲ့တစ်ခုဖြစ်သောကြောင့် UNESCO အနေဖြင့် ထိုအနာဂတ်ပူးပေါင်းမှုအစီအစဉ်တွင် ပါဝင်ပေးရန် လည်း ထပ်မံမေတ္တာရပ်လိုပေသည်။
၁၇။ UNESCO သည် ကုလသမဂ္ဂ၏ ပညာရေးအထူးပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့် အားလျော်စွာ ပညာရေးကဏ္ဍတွင် ဦး ဆောင်နေရာယူပြီး ၂၀၃၀ အာဂျင်ဒါအတွက် ဘက်စုံထောင့်စုံမှ ညှိနှိုင်းပူးပေါင်းမှုများပေါ်ပေါက်လာအောင် ဆောင်ရွက်ပေး ပါရန်လည်း ယုံကြည်စွာတာဝန်အပ်နှင်းလိုသည်။ အစိုးရများက ပညာရေးကဏ္ဍတိုးတက်စေရေးအတွက် လုပ်သင့်လုပ်ထိုက် သည်များကို မမှိတ်မသုန် ဆောင်ရွက်နေစေရန် တိုက်တွန်းပြောဆိုပေးခြင်း၊ မူဝါဒရေးရာ မျက်နှာစုံညီ နှီးနှောဆွေးနွေးမှုများကို ကူညီပံ့ပိုးပေးခြင်း၊ အသိပညာများ ဝေမျှပေးခြင်းနှင့် စံချိန်စံညွှန်းများဖော်ထုတ်ရေး၊ ပညာရေးရည်မှန်းချက်များ အကောင် အထည်ဖော်ရာတွင် လုပ်ငန်းတိုးတက်မှု အကဲဖြတ်ရေး၊ ပညာရေးအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရ မည့် နည်းလမ်းများကို ညွှန်ပြနိုင်ရန် နိုင်ငံတကာအဆင့်၊ ဒေသလုံးဆိုင်ရာအဆင့်နှင့် အမျိုးသားအဆင့် အသီးသီးမှ စုဝေး ဆွေးနွေးပွဲများ စီစဉ်ပေးရေး၊ ရေရှည်ခံဖွံ့ဖြိုးရေး မျှော်မှန်းချက်များပြည့်ဝလာစေရေးအတွက် နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်မှု စနစ်ကြီးတစ်ခုလုံးတွင် ပညာရေးနှင့် ပတ်သက်သော ကဏ္ဍတိုင်းအတွက် ဆက်သွယ်ရေးဆုံမှတ်တစ်ခုအဖြစ် ဆောင်ရွက်ပေးပါရန် UNESCO အားထပ်မံ တောင်းဆိုလိုက်ရပါသည်။
၁၈။ နိုင်ငံတိုင်းတွင်လက်တွေ့ဖြစ်နေသော ကိန်းဂဏန်းအချက်အလက်များပေါ် အခြေခံသည့် ပညာရေးမူဝါဒများ ချမှတ်နိုင် ရန်၊ ပညာစနစ်ကို ကောင်းစွာစီမံခန့်ခွဲနိုင်ရန်နှင့် တာဝန်ခံမှုရှိသော စနစ်များဖြစ်ထွန်းလာစေရန်အတွက် အမျိုးသားပညာရေး ဘက်စုံသုံးသပ်အကဲဖြတ်မှုစနစ်များ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းဆောင်ရွက်ကြရန် အင်ချွန်း သဘောတူညီချက်က ဆုံး ဖြတ်လိုက်သည်။ WEF 2015 ကို ပူးပေါင်းကျင်းပပေးခဲ့ကြသူများနှင့် မိတ်ဖက်များအား မေတ္တာရပ်လိုသည်မှာ နိုင်ငံတိုင်းတွင် အမျိုးသားအဆင့် ပညာရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကောက်ယူခြင်း၊ ကောက်ယူရရှိသော အချက်အလက် များကို သုံးသပ်ခြင်းနှင့် အစီရင်ခံစာနှင့် ပတ်သက်သောလုပ်ငန်းများတွင် နိုင်ငံများ၏ ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည် မြင့် မားလာစေရေးအတွက် အကူအညီပေးကြရန်ပင်ဖြစ်သည်။ နိုင်ငံတိုင်းသည် UNESCO စာရင်းအင်းများ အင်စတီကျုသို့ အစီ ရင်ခံတင်ပြရာတွင် အစီရင်ခံစာများ၏ အရည်အသွေးမြင့်မားစေရန်၊ ကဏ္ဍအလိုက်၊ ယူနစ်အလိုက် ကိန်းဂဏန်းများ ခွဲခြား တင်ပြမှုများပိုမို အဆင့်မြင့်လာစေရန်နှင့် အချိန်နှင့် တပြေးညီ ဖြစ်ရန်တို့အတွက် ကြိုးပမ်းကြရမည်။ ထို့ပြင် လူသားအားလုံး အတွက် ပညာရေးနိုင်ငံတကာအကဲဖြတ်မှု အစီရင်ခံစာ “ the Education for all Global Monitoring Report” ကို လွတ်လပ် သော “ Global Education Monitoring Report” အဖြစ် UNESCO ဆက်လက် စီစဉ်ကာ ပုံနှိပ်ထုတ်ဝေပေးပါရန် တင်ပြ

အပ်ပါသည်။ ထိုအစီရင်ခံစာအားဖြင့် SDG 4 ပါ ပညာရေးကဏ္ဍ ရည်မှန်းချက် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို စောင့်ကြည့် အကဲဖြတ်ကာတင်ပြနိုင်မည်ဖြစ်သလို အခြားသော ရေရှည်ဖွံ့ဖြိုးရေး မျှော်မှန်းချက်များတွင်ပါဝင်သည့် ပညာရေး နှင့် ဆိုင်သော အခန်းကဏ္ဍများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။
၁၉။ “၂၀၃၀ ပညာရေး” လုပ်ငန်းများအကောင်အထည်ဖော်ရန် လုပ်ငန်းအခြေခံများကို ချမှတ်ခဲ့ရာ မဖြစ်မနေ ဆောင်ရွက်ကြ ရမည့် အချက်များကို ယခုဖိုရမ်တွင် ၀ိုင်းဝန်းဆွေးနွေးကာ သဘောတူညီချက်များချမှတ်နိုင်ခဲ့ကြသည်။ ၂၀၁၅ အလွန်ဖွံ့ဖြိုး ရေးအာဂျင်ဒါကို အတည်ပြုကြမည့် ၂၀၁၅ စက်တင်ဘာလတွင် နယူးယောက်မြို့၌ကျင်းပမည့် ကုလသမဂ္ဂ ထိပ်သီးညီလာခံ နှင့်၊ ၂၀၁၅ ဇူလိုင်လ အက်ဒစ် အက်ဘာဘာတွင် ကျင်းပမည့် တတိယအကြိမ် ဖွံ့ဖြိုးရေးကဏ္ဍအတွက်ဘတ်ဂျက် နိုင်ငံ တကာကွန်ဖရင့်ကို စောင့်ကြည့်ကာ အထက်ပါ သဘောတူညီချက်များကို အချောသတ်ရေးသားမည်ဖြစ်သည်။ ထိုသဘော တူညီချက်များကို နိုင်ငံအသီးသီးက အတည်ပြုနိုင်ရန် ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် UNESCO အထွေထွေ ကွန်ဖရင့် ၏ ၃၈ ကြိမ်မြောက် အစည်းအဝေး ကျင်းပချိန်တွင် ရာထူးကြီးများ တက်ရောက်ကြမည့် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူကာ ထိုအခမ်းအနားတွင် ထိုသဘောတူညီချက်စာချွန်လွှာကို မိတ်ဆက်မည်ဖြစ်သည်။ ထိုလုပ်ငန်း အစီအစဉ်များကို သဘောတူလက်ခံပြီးသည့်အခါတွင်လည်း အောင်မြင်စွာ အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ မိမိတို့၏ ပညာရေးအစီ အစဉ်များ လိုရာပန်းတိုင်ရောက်ရှိနိုင်ရန် နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်းအားပေးခြင်း၊ လမ်းညွှန်တိုက်တွန်း ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။
၂၀။ ဂျွန်တီယန်နှင့် ဒါကာ အစည်းအဝေးတို့ကဲ့သို့ပင် အင်ချွန်းတွင် ထွက်ပေါ်ခဲ့သည် ကြေညာချက်မှာ တက်ရောက်လာသော နိုင်ငံအားလုံး၏ သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်သည်။ ၂၀၃၀ ပညာရေး မျှော်မှန်းချက်များ ပြည့်ဝလာစေရန်အတွက် ရဲရင့်သော၊ တီထွင်ဆန်းသစ်သော ဆောင်ရွက်မှုများဖြင့် ပညာရေးလမ်းစဉ်သစ်များချမှတ်ကာ လူသားတို့ဘ၀ကို ပြောင်းလဲတိုးတက် အောင် ဆောင်ရွက်ကြရန်ဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

လက်တွဲကြရအောင်



မကွေးတိုင်ဒေသကြီး၊ မကွေးမြို့ ၊
 အောင်မဂ်လာရပ်ကွက် ၊
 အောင်ဇေယျာရပ် ၊
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာ ဓမ္မရိပ်သာ
ပညာပါရမီ ကုသိုလ်ပြုအဖွဲ့ မှ
ဖွင့်လှစ်သော
ပညာပါရမီ စာကြည့်သည်
ပုံမှန်စာကြည့်တိုက်လုပ်ငန်းများအပြင်
(၁)အခြေခံပညာမှဘွဲ့ရအထိ
ကလေးများနှင့်လူငယ်တို့အား
ယဉ်ကျေးလိမ္မာနှင့် အသိပညာပေး
သင်တန်းများ ပို့ချပေးခြင်း ။
(၂)မျိုးဆက်သစ်လူငယ်တို့နှင့်
လုပ်ငန်းခွင်အတွက်လိုအပ်နေသူတို့အား
စေတနာသက်သက်ဖြင့်
ကွန်ပျူတာ သင်တန်းများ ပို့ချပေးခြင်း ။
(၃)တက္ကသိုလ်ပေါင်းစုံမှ
ကျောင်းသား၊ကျောင်းသူများအား
Campaign နှင့် Advocacy
သင်တန်းများ ဆွေးနွေးပို့ချပေးခြင်း။
(၄)မျိုးဆက်သစ်လူငယ်များအတွက်
နေ့စဉ်လိုအပ်နေသည့်
(က)စဉ်စားဆင်ခြင်၍ စာဖတ်ခြင်း
(Reading for Critical Thinking)
(ခ)စဉ်းစားဆင်ခြင်၍ စာရေခြင်း
(Writing for Critical Thinking)
(ဂ)စဉ်စားဆင်ခြင်၍ ဆွေးနွေးခြင်း
(Discussion for Critical Thinking)
(ဃ)စဉ်းစားဆင်ခြင်၍ နားထာင်ခြင်း
(Listening for Critical Thinking)
(င)စဉ်းစားဆင်ခြင်၍ မေးခွန်းမေးခြင်း
(Questioning for
Critical Thinking)
စသော စဉ်စားဆင်ခြင်ခြင်း
နည်းလမ်းများကို ဆွေးနွေးပို့ချပေးခြင်း။
(၅)ကျောင်းသားများကိုယ်တိုင် အားထုတ်ပြီး စဉ်းစားဆင်ချင်ခြင်း
Active Learning and
Critical Thanking )ဆိုတဲ့
ပညာရေး အယူအဆအရ ဖော်ထုတ်ထားသော ပညာရေးဆိုင်ရာ
နည်းလမ်းများ (Teaching Strategies )များ မည်သည့်သင်ရိုးညွှန်းတန်း၊
မည်သည့်အသက်အရွယ်၊
မည်သည့်အတန်း များ
နှင့်မဆို ချိတ်ဆက်
သင်ကြားနိုင်သော သီအိုရီ၊
သုတေသနနှင့်
လက်တွေ့ကျင့်သုံးမှု တို့ကို အခြေခံပြီး
(Concept/Framework /StratesTools)များကို ဖော်ထုတ်ထားသော သင်ကြားရေး နည်းစနစ်များ။
ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်း၊ ဆရာများကိုယ်တိုင် လက်တွေ့လေ့လာပြီး ရရှိလာသော နည်းစနစ်များကို လက်တွေ့ သရုပ်ပြ
( Demonstration) ဆွေးနွေးခြင်းများ ၊
သင်ခန်းစာ ပြင်ဆင်ခြင်း
ကျောင်းသားအဖြစ်နဲ့(Lesson planning) နှင့်
စစ်ဆေးခြင်း (Assessment)များကို
သရုပ်ပြ ဆွေးနွေးခြင်းများ။
ERR-Framework နှင့်
သင်ခန်းစာ ဘယ်လိုပြင်ဆင်ဆိုသည်များ
Formative Assessment (သင်ယူနေစဉ်ဘယ်လို စစ်ဆေးရမည်) ဆိုသည်များကို ဆွေးနွေးပေးခြင်းများ ။
အဖြေတသမတ်တည်း မရှိတဲ့ သင်ခန်း
စာတွေရဲ့ စစ်ဆေးရေးလုပ်ငန်းစဉ်မှာ ဘက်လိုက်မှုကို ထိမ်းညှိရန် Teacher/ Student Rubrics (Self-assessment/ Peer Assessment / group Assessment / work sampling / portfolio....etc) and Standards ဆရာ နှင့် ကျောင်းသားများ
လိုက်နာရမယ့်အတွက် စစ်ဆေးရေး ဆိုင်ရာ စည်းမျဉ်း
နှင့် စံများကို ဆွေးနွေးခြင်းများ။ စသည်များပါဝင်သော ဆရာ၊ဆရာမတို့အတွက် Reading and Writing For CriticalThainking (RWCT)သင်တန်းများ
(၆)ချို့ တဲ့သော ဘုန်းတော်ကြီးသင်
ပညာရေးများ၊
အစိုးရမူလတန်းကျောင်းများ၊
ကျောင်းပြင်ပပညာရေးကျောင်းများ
(NFPE)သို့ လိုအပ်သောကျောင်းသုံး
ပရိဘောဂများနှင့် စာရေးကိရိယာများကို
လှူဒါန်းခြင်း ။
(၇)မူ၊လယ်၊ထက်
ကျောင်းသား၊ကျောင်းသူများအား
အင်္ဂလိပ်စာအခြေခံမှစ၍
(4-Skills)သင်တန်းများ ပို့ချပေးခြင်း ။
(၈)ကျန်းမာရေး ပညာရေးစသော
အသိဥာဏ်ပေး စာပေဟောပြောပွဲများ
ပြုလုပ်ခြင်း။
စသောလူမှုအကျိုးပြုလုပ်ငန်းတို့ကို
ပြုလုပ်နေပါသည် သို့ပါသောကြောင့် ပရဟိတစိတ်ဓာတ်အပြည့်အ၀တို့ဖြင့် လူသားကောင်းကျိုးလုပ်ငန်းတို့ကို လက်တွဲ၍ အတူပြုလုပ်လိုသူတို့အား လေးစားစွာ အသိပေးအပ်ပါသည်။

                    အရှင်သဇ္ဇန
    ပညာပါရမီစာကြည့်တိုက်
           ကပ်ကျော်
    ပညာပါရမီကုသိုလ်ပြုအဖွဲ့
           မကွေးမြို့ ။
      09401557922
thitzana.mgy@gmail.com



>>>ဆက်ဖတ်ရန်>>> >>

သမိုင်းထဲက သမဂ္ဂ၊ သမဂ္ဂထဲက သမိုင်း ကျော်ဝင်း



သမိုင်းထဲက သမဂ္ဂ၊ သမဂ္ဂထဲက သမိုင်း
By
On  
Fri, 2015-04-24 06:30
Issue No.
http://www.7daydaily.com/sites/default/files/story/2015/04/Kyaw%20Win%20%28713%29%2023-4-2015%20Thur_0.jpg
နှစ်ပေါင်း ငါးဆယ်လွန်သောအခါ
၁၉၃၁ခုနှစ်က တရားဝင်ပေါ်ထွက်လာခဲ့သောတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာ ‘၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကာကွယ်သည့်ဥပဒေ’အရ အခြား  သောအဖွဲ့အစည်းများနှင့်အတူ မြန်မာ့လူမှုနိုင်ငံရေးဘ၀မှ ပျောက် ကွယ်သွားခဲ့ရပါသည်။ ထိုစဉ်မှစ၍ ‘အမိမဲ့သား ရေနည်းငါး’လိုဖြစ်ခဲ့ရသော ခေတ်အဆက်ဆက်ကျောင်းသားလူငယ်များမှာ သူတို့တစ်တွေ ၏ နုနယ်သောအရွယ်နှင့် ဘ၀များကို  (အချို့ဆိုလျှင် အသက်ကိုပင်)  စတေးခံကာ ‘ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းခွင့်ရရေး’အတွက် အခါအခွင့်သင့်တိုင်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည် မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ သည်လိုနှင့် နှစ်ပေါင်းငါးဆယ်လွန်သောအခါတွင်ကား ရာစုဝက်မျှ သားသမီးများနှင့်ဝေးနေခဲ့ရသော ‘အပျိုစင်မိခင်သမဂ္ဂ’မှာ တစ်ကျော့တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ရလာခဲ့ပါပြီ။ သို့သော် ...ဤ‘သို့သော်’ကားအရေးကြီးသည်။
လူအများစုထောက်ခံမှုရ ထားသော နိုင်ငံရေးပါတီကြီးတစ် ခုမှ လွှတ်တော်ကိုယ်စားလှယ်များ က မကြာမတင်ဖွဲ့စည်းရတော့ မည့် ‘တက္ကသိုလ်အုပ်ချုပ်ရေး  ကောင်စီ’တွင် သမဂ္ဂကိုယ်စား လှယ်များပါဝင်ခွင့်ကို ငြင်းပယ်ခဲ့ကြသည်။ အဆိုပြုပြဋ္ဌာန်းထားသော ‘ဆရာသမဂ္ဂကိုယ်စားလှယ်၊ကျောင်းသားသမဂ္ဂမှ အမည်စာ ရင်းတင်သွင်းသော ကိုယ်စား လှယ်’ဆိုသည့်နေရာတွင် ‘သမဂ္ဂ’ ဆိုသည်ကို ဖြုတ်ပြီး ‘ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများကရွေးချယ် သော ကိုယ်စားလှယ်’ဟူ၍ အစား ထိုး  ပြင်ဆင်လိုက်ခြင်းဖြစ်ပါ  သည်။ သူတို့၏ ပြင်ဆင်ချက်အဆို မှာ အမျိုးသားလွှတ်တော်တွင် မ အောင်မြင်ခဲ့သော်လည်း ပြည်သူ့ လွှတ်တော်တွင်မူ အတည်ပြုနိုင်ခဲ့ သည်။ သို့အတွက်လာမည့်ပြည် ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူရတော့မည် ဖြစ်သည်။

ပြောရလျှင် ဤကိစ္စမှာ သာ မန်ကွဲလွဲချက်   သက်သက်မျှမ ဟုတ်ပါ။ သမဂ္ဂ၏အခန်းကဏ္ဍနှင့် ပတ်သက်သော၊ သမဂ္ဂ၏အဆင့်နေရာနှင့်ဆိုင်သော၊ သမဂ္ဂ၏ လုပ်ပိုင်ခွင့်ကို ကိုယ်စားပြသော ‘မူ’ပိုင်းဆိုင်ရာပြဿနာဖြစ်သည်။ သမဂ္ဂမှာ ပေါ်လစီနယ်ပယ်မှ ဖယ်ထုတ်ခြင်းခံထားရသော သာမန်မိတ်ဖြစ်ဆွေဖြစ်အသင်းမျှသာလော။ သို့မဟုတ် ကျောင်းသားထု၏ လိုအင်ဆန္ဒနှင့် သဘောထားအမြင်ကို တရားဝင်ထုတ်ဖော်ခွင့်ရသော အဖွဲ့အစည်းလော...။ လွှတ်တော်က အဆုံးအဖြတ်ပေးရတော့မည်ဖြစ်ပါသည်။ ‘လူမတူ မူနှင့်ညှိ၊ မူမတူ သမိုင်းနှင့်ညှိ’ဆိုသော စကားနှင့်အညီ ‘သမိုင်းထဲက သမဂ္ဂ’ ကိုပြန်ကြည့်ကြဖို့လိုပြီထင်ပါသည်။
သမိုင်းထဲက သမဂ္ဂ
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ အတွဲ ၄‘(The Burma Code Volume IV)ကို အကိုးအကားပြုပါမည်။ ဤစာအုပ်၏ စာမျက်နှာ ၁၉၀ တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’(The University of Rangoon Act, Burma Act IX 1920)ရှိသည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ပုဒ်မခွဲ(၁)မှာ ‘တက္ကသိုလ် ကောင်စီ’၏ ဖွဲ့စည်းပုံဖြစ်ပါသည်။ တိကျခိုင်မာစေရန် မူရင်းအတိုင်း ဖော်ပြပါမည်။
11-(1) The Council Shall be Composed of
(a)..........................................................................................................................................................................
(k)Two graduates, not being members of the university staff or Students in the university, nominated by the Executive Council of the Rangoon University Students' Union. Such members shall hold office for a period of one year and Shall be eligible for reappo-intment,
အဆိုပါ ဥပဒေပုဒ်မ၁၁၊ ပုဒ် မခွဲ(၁)၊ ပုဒ်မခွဲငယ်(k)သည်ပင် တရားဝင်ဖော်ပြသော ကျောင်း သားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ဖြစ် ပါသည်။ ‘‘ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အလုပ် အမှုဆောင်အဖွဲ့မှ အမည်စာရင်း တင်သွင်းသော တက္ကသိုလ်ဝန် ထမ်းမဟုတ်သူ၊ တက္ကသိုလ် ကျောင်းသားလည်းမဟုတ်သူ ဘွဲ့ရနှစ်ဦး’’ဟူ၍ အတိအကျအဓိပ္ပာယ်ရပါသည်။(၁၉၅၇ မန္တလေး တက္ကသိုလ်အက်ဥပဒေပုဒ်မ၁၁ ပုဒ်မခွဲ(ဋ)တွင်လည်း ‘‘မန္တလေး တက္ကသိုလ်ကျောင်းသားများ သမ ဂ္ဂအလုပ်အမှုဆောင်အဖွဲ့မှ  အ မည်စာရင်းတင်သွင်းသော ဘွဲ့ရ နှစ်ဦး’’ဟူ၍ ဖော်ပြထားသည်)ဆို ခဲ့ပါ‘‘ရန်ကုန်တက္ကသိုလ်အက်ဥပ ဒေပုဒ်မခွဲငယ်(I)တွင် ဆရာသမဂ္ဂ (ဆရာအစည်းအရုံး)၏ ကိုယ်စား ပြုခွင့်ကို ယခုလို ဆက်လက်ဖော် ပြထားပါသည်။
(I)One member,(not being a member of University staff or a Student in the University)elected by the all Burma Teacher's Association ‘‘ဗမာနိုင်ငံလုံးဆိုင်ရာဆရာများအ စည်းအရုံးမှ ရွေးကောက်တင်မြှောက်သော တက္ကသိုလ်ဝန်ထမ်းမဟုတ်သည့်၊ တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သည့် အဖွဲ့ဝင်တစ်ဦး’’ဟု အတိအကျအဓိပ္ပာယ်ရပါသည်။
သမိုင်းပြန်လှန်ရလျှင် ဆိုခဲ့ ပြီးသော ပုဒ်မခွဲငယ်(k)ပါကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ကို လွယ်လွယ်နှင့် ရခဲ့သည်မဟုတ် ပါ။ ၁၉၃၆ဒုတိယကျောင်းသားသ ပိတ်အပြီး ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်သော ကျောင်းသားလှုပ် ရှားမှုအဆက်ဆက်ကိုဖြတ်သန်း ပြီးမှ ‘၁၉၃၉ပြင်ဆင်ချက်’ဖြင့်တက္ကသိုလ်ကောင်စီတွင် သမဂ္ဂကိုယ်စားလှယ်စတင်ပါဝင်ခွင့်ရလာခဲ့ခြင်းဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော ပုဒ်မခွဲငယ်(k)မှာ ‘၁၉၅၁ ပြင် ဆင်ချက်’ဖြစ်ပါသည်။ တစ်ဆက် တည်းဖော်ပြရလျှင် အိမ်စောင့်အ စိုးရလက်ထက်တွင် ‘၁၉၅၉ပြင် ဆင်ချက်’ ဖြင့် ကိုအောင်ဆန်းတို့ ကြိုးပမ်းမှုကြောင့် ရရှိခဲ့သောဆိုခဲ့ ပါအခွင့်အရေးမှာ ဖျက်သိမ်းခံခဲ့ရ သည်။ ‘တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂမှ ကိုယ်စား လှယ်အမည်စာရင်းတင်သွင်းခွင့် မရှိတော့ဘဲ ကျောင်းသားတစ်ရပ် လုံးက ရွေးကောက်တင်မြှောက်ရ မည်’ ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ဤတွင် မျက်မှောက်ခေတ်အစိုးရ လွှတ်တော်နှင့် နိုင်ငံရေးပါတီတို့ ဆုံးဖြတ်ကြရမည်မှာ ‘ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းတို့ ကြိုးပမ်းမှုကြောင့်ရလာသောအကျိုးရလဒ်ကို ကိုယ်စားပြုကြမည်လော(သို့မဟုတ်) အိမ်စောင့်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်နေ၀င်း၏ပြင်ဆင်ချက်အတိုင်းရပ်တည်မည်လော’’ဆိုသည့် ‘မူ’ပိုင်းဆိုင်ရာရွေးချယ်မှုဖြစ်ပါသည်။
ကိုယ်စားပြုမှု ပြဿနာ
‘‘နိုင်ငံရေးဆိုတာ အသည်းကွဲတတ်ပါတယ်ဗျာ’’ဆိုသော မိတ်ဆွေပန်းချီဆရာဝေချစ်ကို၏ စကားမှာမှန်များ မှန်နေရော့သလားမသိပါ။ ဤရက်ပိုင်းအတွင်း စာရေးသူအနေနှင့် ‘‘အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး’’နှင့် ပတ်သက်ပြီး စိတ်မကောင်းစရာတွေ အတော်ကြုံလိုက်ရသည်။ အမှန်စင်စစ် ရှေ့ပိုင်းတွင်ဖော်ပြခဲ့သော ပါတီမှာ စာရေးသူလေးစားသော  နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပါတီဖြစ်၍ တန်ဖိုးထားလေးစားရသလို ပါတီဥက္ကဋ္ဌဆိုလျှင်လည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အထူးမျှော်လင့်အားထားနေရသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ထက် ပါတီဝင်တော်တော်များများမှာစာရေးသူ၏  ငယ်ပေါင်းမိတ်ဆွေတွေ။ တချို့ဆိုလျှင်  သာမန်မိတ်ဆွေ သက်သက်မဟုတ်။   ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသော လုပ်ဖော်ကိုင်ဖက်၊ ငတ်ဖော်ငတ်ဖက်၊ ပြေးဖော် ပြေးဖက်။ ယခုအသက်(၆၀) ကျော်အထိလည်း ကိုယ့်ထမင်း ကိုယ်ချက်စားရင်း စည်ပင်ရိပ်သာတွင် ဒုက္ခခံဖော်ခံဖက်တွေဖြစ်နေကြဆဲပင်။ ဖြစ်နိုင်လျှင် သူတို့နှင့် သဘောထားမကွဲချင်ပါ။ သို့တစေ အများကြီးငြင်းခုံကြရသည်။ ခွန်းကြီးခွန်းငယ်ပြောရသည်များပင်ရှိသည်။
‘‘မင်းဆောင်းပါးက ဒို့ပါတီနဲ့ ကျောင်းသားကို ရန်တိုက်ပေးတာ ပဲကွ’’ 7Day နှင့် The Voive ပါ ‘‘ပဒေသာစုံမှ ဆန္ဒညီညွတ်ရေး ဗိမာန်သို့’’ ဆောင်းပါးကို ရည်ညွှန်း  ပြီး သူငယ်ချင်းက စွဲချက်တင်သည်။
‘‘ဟုတ်လား။ မင်းတို့ပါတီနဲ့ ကျောင်းသားကို ရန်တိုက်ပေးသ လိုဖြစ်သွားသလား။ ဒါဆိုရင် တော့ ငါနဲ့မဆိုင်ဘူး။ မင်းတို့ပါတီ ရဲ့ရပ်တည်ချက်နဲ့ပဲဆိုင်တယ်’’
စာရေးသူက ပြန်ပက်သည်။ သူငယ်ချင်းက ခွန်းတုံ့ပြန်သည်။
  ‘‘နေပါဦး။ ကျောင်းသားသမဂ္ဂက ရွေးချယ်တဲ့ကိုယ်စားလှယ်ဆိုတော့ သမဂ္ဂ၀င်မဟုတ်တဲ့ကျောင်းသားတွေကို မင်းထည့်မစဉ်းစားတော့ဘူးလား’’
‘‘ဒါဆိုရင်တော့ ငါပြောမယ်။ သမိုင်းကို ကြည့်။ သမိုင်းကိုသိ။ ဒါပဲ’’
စာရေးသူပြန်အော်မိသည်။ စိတ်လည်း  အတော်ပျက်သွား သည်။ ထိုသူငယ်ချင်းမှာ သမိုင်း ကိုမသိသူမဟုတ်။ သမိုင်းဖြစ်စဉ် ထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ် သည်။ သူသိရပေလိမ့်မည်။ သိဖို့ ကောင်းသည်။
မှန်ပါသည်။ ၁၉၃၁ခုနှစ်က အတည်ပြုခဲ့သော ‘‘ရန်ကုန်တက္က သိုလ်ကျောင်းသားများသမဂ္ဂဖွဲ့ စည်းပုံစည်းမျဉ်း’’အရ ကျောင်း သားတိုင်း သမဂ္ဂအဖွဲ့ဝင်မဟုတ် သေးပါ။ ၀င်လိုမှ ၀င်နိုင်သည်။ Voluntaryဖြစ်သည်။ ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့ကိုမူ သမဂ္ဂ၀င်ကျောင်းသားများ၏ မဲနှင့် ရွေးချယ်ကြရသည်။ ဤအချက်ကို အကြောင်းခံပြီး ၁၉၅၃ခုနှစ် တကသရွေးကောက်ပွဲတွင် ပြဿနာကြုံခဲ့ရဖူးသည်။ ထိုစဉ်ကာလ ဖဆပလအစိုးရနှင့် နီးစပ်သော DSO ကျောင်းသားအဖွဲ့က သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသားများကို ၀င်ကြေးငွေပေးသွင်းစေပြီး သူတို့အဖွဲ့အတွက် မဲလာထည့်ခိုင်းကြသည်။ ဤသည်ကို ပြိုင်ဘက်တိုးတက်ကျောင်းသားများက တွေ့၍ မဲပုံးရိုက်ခွဲရာမှ ရွေး ကောက်ပွဲပျက်ရတော့သည်။ သို့ အတွက် ၀န်ကြီးချုပ်ဦးနုက ဤသို့ သော ပြဿနာမျိုးနောက်ထပ်မ ဖြစ်စေရန် ‘‘ကျောင်းသားတိုင်း သမဂ္ဂ၀င်ဖြစ်ရမည်။ သမဂ္ဂ၀င် ကြေးသုံးကျပ်ကို ကျောင်းလခစ သည်များနှင့်အတူ တစ်ပြိုင်နက် တည်း ကောက်ခံစေရမည်’’ဟု ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုစဉ်မှစ၍ တကသမှာ ကျောင်းသားထုတစ်ရပ်လုံး၏ မဲ ဆန္ဒဖြင့် တရားဝင်ကိုယ်စားပြုမှု အာဏာအပ်နှင်းထားသောအဖွဲ့ အစည်းဖြစ်လာခဲ့သည်။ ကျောင်း သားလွှတ်တော်သဘောဟုဆိုနိုင် ပါလိမ့်မည်။ ရွေးကောက်တင် မြှောက်ခံရသော တကသအဖွဲ့ တွင် မိမိလိုလားနှစ်သက်သော ကိုယ်စားလှယ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီမိုကရေစီနည်းလမ်းတကျတက်လာသော အဖွဲ့အစည်းဖြစ်၍ အသိအမှတ်ပြုကြရမည်သာဖြစ်ပါသည်။ သို့အတွက်တက္ကသိုလ်ကောင်စီအဖွဲ့ဝင်ရွေးချယ်ရာတွင် ကျောင်းသားထုတစ်ရပ်လုံး မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော တကသမှပင် အမည်စာရင်းတင်သွင်းခွင့်ရှိရမည်မှာ သဘာဝကျသည်။ ဒီမိုကရေစီနည်းကျဖြစ်သည်ဟုဆိုရမည်သာ ဖြစ်သည်။ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ် ဟုတ်၊ မဟုတ်ဆိုသည်ကို မည်သည့်မှတ်ကျောက်ဖြင့် ဆုံးဖြတ်ကြမည်နည်း။ ရွေးကောက်ပွဲ မှလွဲ၍ အခြားမရှိဟု သဘောရပါ သည်။ ‘‘ဘာကြောင့်များနောက် ထပ်အချိန်ကုန် လူပန်းအလုပ်ပျက်စရိတ်တက်ခံ ရွေးကောက်ပွဲလုပ်ကြဦးမည်နည်း’’
သမဂ္ဂထဲက သမိုင်း
 သမိုင်းထဲက သမဂ္ဂအကြောင်းကို သိမှ ကြည့်မှ သမဂ္ဂထဲက သမိုင်းကို တန်ဖိုးထားလေးစားတတ်ပါလိမ့်မည်။ သမိုင်းသင်ခန်းစာများကိုလည်း မှန်မှန်ကန်ကန်ထုတ်ယူနိုင်လိမ့်မည်ဟု သဘောရသည်။
  ပြောကြစတမ်းဆိုလျှင်ကျောင်းသားသမဂ္ဂသမိုင်းသည် ပင် အမျိုးသားလွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင် လောက်ပါသည်။ လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းဆောင် ကြီး   ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားလူငယ်ဘ၀ဆိုလျှင် သမဂ္ဂထဲက သမိုင်းတွင် အထင်အ ရှားပါရှိပြီးဖြစ်သည်။ ရဲဘော်သုံး ကျိပ်၏အစ ပြည်ပအကူအညီရှာ ဖွေရေးခရီးစဉ်ဆိုလျှင်လည်း တ ကသအဆောက်အအုံအပေါ်ထပ် အစည်းအဝေးတစ်ခုမှ စတင်ခဲ့ သည်ဟု မှတ်သားရရာ မြန်မာ့တပ် မတော်၏ သန္ဓေသားမှာ သမဂ္ဂရင် ခွင်ထဲမှ ပေါက်ဖွားလာသည်ဟူ၍ ပင် ဆိုနိုင်လောက်ပါသည်။
သို့နှင့်တိုင် သမဂ္ဂထဲက သ မိုင်းတွင် ဆိုခဲ့ပါဂုဏ်ယူဝင့်ကြွားစ ရာများသာမက ခါးသီး၊ နာ ကြည်း၊နောင်ကြဉ်စရာသင်ခန်း စာများလည်း မနည်းမနောရှိခဲ့ သည်သာဖြစ်သည်။ အထူးသဖြင့် လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ခုနှစ်မှာပင် ‘ဗကသ’အမည်ဖြင့်တောခိုသွားခဲ့သည်များ၊ တစ်ဖက်မှလည်း  ကျောင်းသားရဲခေါင်တပ်ဖွဲ့များဖွဲ့ပြီး ပြည်တွင်းစစ်ထဲပါသွားခဲ့သည်များ...။ စစ်အေးခေတ်၏ နိုင်ငံရေးပဋိပက္ခများထဲတွင် ကျောင်းသား လူငယ်တွေမြေစာပင်ဖြစ်ခဲ့ရသည်။ အကျိုးဆက်ကား ခေတ်အ ဆက်ဆက်ကျောင်းသားများနှင့် အစိုးရများအား ယုံကြည်မှုပျောက်ဆုံးသွားခဲ့ရခြင်းပင်ဖြစ်တော့သည်။ အစိုးရက ကျောင်းသားကို မယုံ၊ ကျောင်းသားကအစိုးရကို မယုံနှင့် သံသယအစိုင်အခဲတွေ သက်ဆိုးရှည်ခဲ့ရသည်။ စစ်အေးတိုက်ပွဲအကျိုးဆက် ပြည်တွင်းစစ်သမိုင်းကြီး၏ အရိပ်အမည်းများ တက္ကသိုလ်စာသင်ခန်းများအထိ  ရောင်ပြန်ဟပ်ခဲ့ရသည်။
ကမ္ဘာတွင် စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်ခဲ့သည်မှာ ရာစုတစ် စိတ်ကျော်ခဲ့ပါပြီ။ မြန်မာနိုင်ငံတွင် လည်း ပြည်တွင်းစစ် ‘ချသမိုင်း ကြီး’ကို အဆုံးသတ်ကြဖို့ အချိန် တန်ပါပြီ။ စစ်အေးခေတ်သံသယ များကို ဖယ်ရှားပြီး ကျောင်းသား နှင့်အစိုးရကြား ပြန်လည်ရင်ကြား စေ့ကြရပါတော့မည်။ ဤအတွက် နှစ်ဖက်လုံးက ကြိုးစားကြရပါလိမ့်မည်။ အထူးသဖြင့် လူကြီးများဖြစ် သော အစိုးရဘက်တွင် ပိုတာဝန်ရှိ သည်။ (ဤနေရာတွင် အစိုးရဆို သည်မှာ တည်ဆဲအစိုးရကိုသာမက  နောင်အစိုးရဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေးပါတီများကိုပါဆိုလိုသည်။) စစ်အေးခေတ်သံသယများဖြင့် ကျောင်းသားသမဂ္ဂများကို ပိတ်ပင်တားဆီးကန့်သတ်သည်မျိုးမလုပ်သင့်မလုပ်အပ်တော့ပါ။ ကျောင်းသားများဘက်မှလည်း ပညာတတ်လူငယ်များပီပီခေတ်ရေစီးကို သဘောပေါက်နားလည်ကြရမည်ဖြစ်ပါသည်။ မျက်မှောက်ခေတ်၏ တူရူချက်မှာ‘‘စစ်နှင့်တော်လှန်ရေး’’မဟုတ်။ ‘‘ပညာနှင့်တည်ဆောက်ရေး’’ ဆိုသည်ကို နှလုံးသွင်းနိုင်ရပါလိမ့်မည်။ စာရေးသူအနေနှင့် လက်ရှိ ‘‘အမျိုးသားပညာရေးဥပဒေ’’ မှာပင် ခေတ်အဆက်ဆက်ပျောက်ဆုံးနေသော ကျောင်းသားနှင့်အစိုးရကြား ယုံကြည်မှုကို ပြည်လည်ရရှိစေချင်သည်။ ကြိုးစားပေးကြပါဟုလည်း  မေတ္တာရပ်ခံအပ်ပါသည်။


FBမှ ကူယူဖော်ပြပါသည်။







>>>ဆက်ဖတ်ရန်>>> >>