Saturday, December 6, 2014

သမိုင်းလူသား “ဆရာကြီး သခင်ကိုယ်တော်မှိုင်း



ဆောင်းပါး — ၇.၁၂.၂ဝ၁၄

http://www.myanmarij.com/wp-content/uploads/2013/03/kotawhmine.png



(၁၈၇၅-၁၉၆၄)
ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် မြန်မာစာပေ ယဉ်ကျေးမှု၏ မီးရှုးတန်ဆောင်ကြီးဖြစ်သကဲ့သို့ မြန်မာ့ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဖခင်ကြီးလည်းဖြစ်သည်။ ၂ဝ ရာစု မြန်မာနိုင်ငံ၏ အကျိုးကို ထိပ်ဆုံးမှ ထူးချွန် စွာ ထမ်းရွက်ခဲ့ပြီး ကွယ်လွန်သည့်တိုင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးခဲ့သူ ဖြစ်သည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက် (၁၈၇၅ ခုနှစ် မတ် ၂၃ ရက်) တွင် နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက် ထားသော အောက်မြန်မာနိုင်ငံ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ ဝါးလယ်ရွာ၌ အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ မွေးဖွား ခဲ့သည်။ ငယ်မည် မောင်လွမ်းမောင် ဖြစ်ပြီး ရွှေတောင် ကျီသဲလေးထပ် ဆရာတော်ကြီး၏ ပထမ ကန့်ကူ လက်လှည့် တပည့်ဖြစ်သည်။ ၁ဝ နှစ် သားအရွယ် မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်၌ ပညာသင် ကြားနေစဉ် သီပေါမင်း အင်္ဂလိပ်လက် ပါတော်မူပုံ ကို ဝမ်းနည်းကြေကွဲစွာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရာမှာ မျိုးချစ် စိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး အမြင် မျိုးစေ့စတင်ဖြစ်ပေါ်ခဲ့သည်။
အသက် ၁၉ နှစ်အရွယ်တွင် ရန်ကုန်မြို့ ဇမ္ဗူ့ကျက်သရေ ပုံနှိပ် တိုက်တွင် စာပြင်ဆရာအဖြစ် လုပ် ကိုင်၍ ရွှေတောင် ဆရာလွမ်းအမည် ဖြင့် ဇာတ်စာအုပ် များ ရေးခဲ့သည်။ ထို့နောက် မော်လမြိုင်သို့ ပြောင်းရွှေ့ ၍ မြန်မာတိုင်း(မ) သတင်းစာတွင် အယ်ဒီတာ လုပ်ခဲ့ရာ ထိုအချိန်မှစ၍ ဆရာလွန်းဟု အမည်တွင်ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် သူရိယ သတင်းစာ အယ်ဒီတာ ဖြစ်လာပြီး နယ်ချဲ့ဆန့် ကျင်ရေးနှင့် အမျိုးသားယဉ်ကျေးမှု အစဉ်အလာများကို ဖော်ထုတ်သော  ဆောင်းပါးနှင့် ကဗျာများ ရေးသားခဲ့သည်။ ယင်းတို့ကို ဗိုလ်ဋီကာဟု  အမည်ပေး၍ ကလောင်နာမည်ကို မစ္စတာ မောင်မှိုင်းဟု တပ်လိုက်ရာမှ ဆရာမှိုင်းအမည်တွင်လာသည်။
ဝိုင်အမ်ဘီအေတွင် လူကြီးနှင့် လူငယ်ကွဲကြသောအခါ အမျိုးသား စိတ်ထက်သန်သော လူငယ်ဘက်ကို အားပေးသည်။ လူငယ်ပိုင်းမှ လုပ် သော ဗြိတိသျှ ဆန့်ကျင်ရေး လုပ်ငန်းများကို ထောက်ခံရေးသားသည်။ ၁၉၁၉ ခုနှစ်တွင် ဝံသာနုလှုပ်ရှားမှု အရှိန်ရလာပြီး ဦးဘဖေ၊ ဦးပုနှင့် ဦးထွန်းရှိန်တို့ ဟုမ်းမရူး ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးတောင်းဆိုရန် အင်္ဂလန် သို့ သွားရာ ဆရာကြီးက ဒေါင်းဋီကာသစ်ကြီးရေး၍ ထောက်ခံခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် နယ်ချဲ့စနစ်ကို ပထမဆုံး ထိုးနှက်လိုက်သော ယူနီဘာစီတီ သပိတ်ကြီးပေါ်ပေါက်လာပြီး ဗဟန်းတွင် နေရှင်နယ်ခေါ် အမျိုးသားကောလိပ်ထောင်သောအခါ မြန်မာရာဇဝင်နှင့် မြန်မာစာပေ ပါမောက္ခ တာဝန် ယူဆောင်ရွက်ခဲ့သည်။
၁၉၂၂-၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေး လက်ခံသင့် လက်မခံသင့်ကို အကြောင်းပြု၍ ဂျီစီဘီအေ ဝံသာနု အဖွဲ့ချုပ်ကြီး ပြိုကွဲခဲ့ပြီး အမျိုးသား ကောလိပ်လည်း  ပျက်ခဲ့ရာ  ဤ အကြောင်းကို ဆရာကြီးက ဘွိုင်းကောက် ဋီကာကြီးဖြင့် မှတ်တမ်းတင်ခဲ့သည်။ ဖောက်ပြန်သွားသော ဂျီစီဘီအေခေါင်းဆောင်အချို့ကို မကျေမနပ်ဖြစ်၍ ဒဂုံမဂ္ဂဇင်း၌ စစ်ကိုင်းပြန် မှာတော်ပုံကို ရေးခဲ့သည်။ အမျိုးသား ညီညွတ်ရေး ရစေလိုသည့် သဘောဖြင့်လည်း မျောက်ဋီကာနှင့် မျောက်ကဏ္ဌီ တို့ကို ရေးခဲ့ သည်။ ခွေးဋီကာ ရေး၍လည်း ၂၁ ဦး ဂိုဏ်းဝင်များ နယ်ချဲ့နှင့် စေ့စပ်၍ ရာထူးမက်ပုံကို ဖွင့်ချခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်အတွင်း ဆရာစံခေါင်းဆောင်သော လယ်သမား  သူပုန်ကြီး ပေါ်ပေါက် လာသောအခါ ဂဠုန်ပျံ ဒီပနီဋီကာကို ရေး၍ ချီးကျူး ထောက်ခံခဲ့သည်။
ဂျီစီဘီအေ ဝံသာနုလှုပ်ရှားမှုကြီး ကျဆုံးသွားသောအခါ ဆရာကြီးသည် ထိုခေတ်လွတ်လပ်ရေးတိုက်ပွဲတွင် ရှေ့တန်းသို့ ရောက်လာသော သခင် လူငယ်တို့၏ တို့ဗမာ အစည်းအရုံးသို့ ၁၉၃၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။   သခင်ကိုယ်တော်မှိုင်း အမည်ကို ခံယူ၍ လူငယ်တို့နှင့် လက်တွဲကာ လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲ ခဲ့ပြီး တို့ဗမာ အစည်းအရုံးကြီး၏ နာယကဖြစ်လာသည်။
၁၉၃၈ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ ကြီး ပေါ်ပေါက်လာသောအခါ ဆရာ  ကြီးသည် တို့ဗမာအစည်းအရုံးကြီးနှင့်  အတူ အလုပ်သမားများ ဘက်၌ မားမား  မတ်မတ် ရပ်တည်၍ အဆင်းရဲ အပင်ပန်းခံကာ အလုပ်သမားတို့၏ သပိတ် များကို အမျိုးမျိုးကူညီခဲ့သည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်း အရုံး၊ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံးနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂတို့၏ နာယကဖြစ်လာခဲ့သည်။
သခင် ကိုယ်တော်မှိုင်းကို နံပတ် ၁ ရန်သူ သတ်မှတ်၍ နယ်ချဲ့အင်္ဂလိပ် က လိုက်လံဖမ်းဆီးရာ ဆရာကြီး သည် အင်္ဂလိပ်ပြေးခါနီးတွင်နှင့် ဂျပန် တော်လှန်ရေး စခါနီးတွင် အမျိုးမျိုး ရှောင်တိမ်းခဲ့ရသည်။ ၁၉၄၇ ခုနှစ် တွင် လွတ်လပ်ရေး တိုက်ပွဲအတွင်း နယ်ချဲ့လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးရသောအခါ ဆရာ ကြီး ကြေကွဲခဲ့ ရသည်။ ၁၉၄၈ ခုနှစ် တွင် ပြည်တွင်းစစ်ဖြစ်လာသောအခါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးမျိုး အဖုံဖုံ ဆရာကြီးအားထုတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်း ရေးအဖွဲ့ဖွဲ့ပြီး ဆရာကြီးကြိုးပမ်းခဲ့ သည်။
၁၉၅၂ ခုနှစ်မှစ၍ ကမ္ဘာ့ငြိမ်းချမ်း  ရေးကွန်ဂရက်(မြန်မာနိုင်ငံ)၏ ဥက္ကဋ္ဌ အဖြစ် တရုတ်ပြည်နယ် ပီကင်းမြို့ နယ်သို့လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့ သို့ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် သီဟိုနိုင်ငံ ကိုလံဘိုမြို့တော်သို့လည်း ကောင်း သွားရောက်ခဲ့သည်။ ထိုသို့ တတိယကမ္ဘာစစ် တားဆီးရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး အကျိုးကို ဆောင် ရွက်ခဲ့သဖြင့် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး စတာလင်ဆုကို ချီးမြှင့် ခံခဲ့ရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံအစိုးရ၏ အလင်္ကာကျော်စွာ  ဘွဲ့နှင့် ၁၉၆ဝ ပြည့်နှစ်တွင် အရှေ့ ဂျာမဏီနိုင်ငံ ဟမ်းဘို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာ (ပညာ ပါရဂူ)ဘွဲ့များ ချီးမြှင့်ခံခဲ့ရသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် အသက် ၈ဝ ကျော် ၉ဝ တွင်း ရောက်သည်အထိ ပြည်သူတို့၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောရေးတို့အတွက် ဘဝ တစ်လျှောက်လုံး မနားမနေ အားထုတ်ရင်း အသက်   ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ်၊ ဇူလိုင်  ၂၃ ရက်(၁၃၂၆ ခုနှစ်၊ ဒုတိယဝါဆို လဆန်း ၁၄ ရက်)တွင် ကွယ်လွန် အနိစ္စရောက်ခဲ့ပါသည်။
ကိုးကား- ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် (ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့)
- မြန်မာလူကျော် ၁ဝဝ (မောင်ဇေယျာ)
(IJ INDEPENDENT   ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>

Friday, December 5, 2014

သင်မသိသေးတဲ့မြန်မာ့ဂုဏ်ဆောင်ပြီးကမ္ဘာကလေး စား ရ တဲ့ ဦးသန့် အ ကြောင်း

 

 သင်မသိသေးတဲ့မြန်မာ့ဂုဏ်ဆောင်ပြီးကမ္ဘာကလေး စား ရ တဲ့ ဦးသန့် အ ကြောင်း

ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော် တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံးနေရာကနေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထားရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြောင်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ် ။ဒါကြောင့်… ဦးသန့်ရဲ့လေးစား အတု ယူ စရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။
ငယ်စဉ်ဘဝ (Biography)
ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့် ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြစ်ကြပြီး၊ ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့ သည်။   မြန်မာနိုင်ငံ သုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။
ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုး သားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆု ရရှိခဲ့သူ ဖြစ်သည်။
ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာ သစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေး ဆိုင်ရာ ဆောင်းပါးတွေ ကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း   ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။
ပြည်သူ့ဝန်ထမ်းဘဝ
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့သည်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကို ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင် ရွက်ခဲ့သည်။
အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။
ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ- အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည် တွင်းစစ်ကို ပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။
၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ  ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်- အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက်ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ – ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် – ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ဆိုဗီယက် တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့သည်။
ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ် ကို ရှောင် လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့် ၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။
ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ ပတ် သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေး မှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်း ပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်း မကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မှာ ဦးသန့် သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။
နောက်ဆုံးနေ့ရက်နှင့် မိသားစု
၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့   ပြန်ပို့ပေး ခဲ့ကြ သည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။ ဦးသန့် ရုပ် အလောင်း ကို   ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလိုက်သည်။
ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦးဖြစ် သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။

အတွေးသစ် အမြင်သစ်
(internet မှကူးယူဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ်နှင့် မြန်မာစာပေကိုရှာဖွေပြုစု ပျိုးထောင်ခဲ့သူ



maukkha-banner
Top of Form
Bottom of Form



၅.၁၂.၂၀၁၄
Written by တက္ကသိုလ်တင်ခ

"ဆရာဦးဖေမောင်တင်သည် အင်္ဂလိပ်အမျိုးသား ပါမောက္ခများအကြားတွင် တစ်ဦးတည်းသော မြန်မာ လူမျိုး ပါမောက္ခအဖြစ် မြန်မာစာကို တက္ကသိုလ်နှင့်ထိုက်တန်အောင် စွမ်းဆောင်ဖန်တီးပေးခဲ့သူ ဖြစ်သည်။"
ဘဝဖြစ်စဉ်
ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) သည် အင်းစိန်ပေါက်တောရပ်ဇာတိ ဖြစ်သည်။ ၁၈၈၈၊ ဧပြီလ ၂၄ ရက် အင်္ဂါဖွားဖြစ်သည်။ အဘ အင်းစိန်တိရစ္ဆာန်ဆေးကုဌာန ရုံးစာရေးကြီးဦးဖေ၊ အမိဒေါ်မြိုင်ဖြစ်ပြီး ငယ်နာမည်မှာ မောင်ဘတင်၊ နောင်တွင် မောင်တင်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြုစုသူ ဦးထွန်းငြိမ်း၏တူဖြစ်ပြီး အင်းစိန်မြန်မာကျောင်းတွင် စတင်ပညာသင်ကြားပြီး ရန်ကုန်အစိုးရအထက် တန်းကျောင်း၌ ဆက်လက် ပညာသင်ခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်သည်။ ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာသင်ရာ ၁၉ဝ၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၁၁ ခုတွင် ကာလကတ္တား တက္ကသိုလ်မှ ပါဠိဘာသာ မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ဆက်လက်ပညာသင်ခဲ့ရာ ၁၉၂၄ ခုနှစ်တွင် စာပေဝိဇ္ဇာဘွဲ့ (ဘီလစ်) ရ၏။ ၁၉၅၂ ခုတွင် ရန်ကုန်တက္ကသိုလ်က အယ်လ် အယ်ဒီ ဘွဲ့ချီးမြှင့်ခြင်းခံရသည်။
၁၉၁၁ မှ ၁၉၁၂ အထိ ရန်ကုန်အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ၊ ၁၉၁၂ မှ ၁၉၂ဝ အထိ ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ၊ ၁၉၂၄ မှ ၁၉၃၆ အထိ ရန်ကုန်တက္ကသိုလ်အရှေ့တိုင်း ဘာသန္တရပါမောက္ခ၊ ၁၉၆၃ မှ ၁၉၄၁ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၁၉၄၃ မှ ၁၉၄၅ အထိ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် အမှုထမ်းခဲ့သည်။
ရန်ကုန်ကော်လိပ်ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ဗားနတ်ပိဋကတ်တိုက်အုပ်၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်စာတည်း၊ လန်ဒန်ပါဠိအသင်းအတွက် စာမူရှာဖွေရေး ကိုယ်စားလှယ် တာဝန်များကိုလည်း ယူခဲ့သည်။
၁၉၄၅ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝမှ အငြိမ်းစားယူသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်တွင် ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ပေးသည်။ ၁၉၅၇ မှ ၁၉၅၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ် ခရစ်ယာန်ဘာသာကျမ်းစာ၌ ဗုဒ္ဓဘာ သာတရားကို သင်ပြပို့ချသည့် တာဝန်ကိုယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် မြန်မာနိုင်ငံသမိုင်း ကော်မရှင် ဥက္ကဌတာဝန်ကို ယူခဲ့သည်။ ၁၉၆၄ တွင် အငြိမ်းစားယူသည်။
မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း သုခမိန်အဖွဲ့ဥက္ကဌနှင့် ရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန အကြံပေးအဖွဲ့ဥက္ကဌ တာဝန်ကိုလည်းယူခဲ့သည်။
၁၉၇၃ ခု မတ်လ ၂၂ ရက်တွင် ကွယ်လွန်ခဲ့ပေသည်။ ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိကို လယ်တီ ပဏ္ဍိတ ဆရာဦးလှတင်က ၁၉၃၄ ခုနှစ်တွင် ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိစာတမ်းအမည်ဖြင့် ထုတ်ဝေခဲ့သည်။
ဦးဖေမောင်တင် ကွယ်လွန်ပြီးနောက်တွင် ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိကို မလေးလုံက ဖေမောင်တင် (သို့) ဘသက်ရှည်အမည်ဖြင့် ပြုစုထုတ်ဝေခဲ့ပေသည်။
မြန်မာဘာသာ၊ မြန်မာစာပေ ကျေးဇူးရှင် ဦးဖေမောင်တင်
ဦးဖေမောင်တင်သည် ပါဠိ-မြန်မာပညာရှင်တစ်ဦး ဖြစ်ပေသည်။ ဆရာကြီး ပါဠိပါမောက္ခမဖြစ်မီက တည်းက ပါဠိဘာသာစာပေသည် ရန်ကုန် ကောလိပ်တွင် အတော်ပင် ရှင်သန်လာပေသည်။ မြန်မာ ဘာသာစာပေကား ၁၉၂၅ ခုနှစ်အထိ မည်မည်ရရ မရှိသေးပေ၊ ၁၉၂၄ ခု၌ ဦးဖေမောင်တင် အင်္ဂလန်မှ ပြန်ရောက်လာမှ စိတ်ရောကိုယ်ပါ ကြိုးပမ်းမှုကြောင့် တက္ကသိုလ်တွင် မြန်မာစာပေ ဆထက်ထမ်းပိုး တိုးတက်လာခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးသည့်နောက် အနောက်နိုင်ငံများတွင်ပင် အရေးတယူ အလေးမူလာခဲ့ရာ အင်္ဂလန်နှင့် ပြင်သစ်ပြည် တက္ကသိုလ်ကောလိပ်ကျောင်းများ၌ပင် ဒီဂရီ ပေးသည့်အဆင့်အတန်းမြင့်အောင် ဖြစ်လာပေသည်။ အမေရိကန်၊ ပြင်သစ်၊ လန်ဒန် တက္ကသိုလ်များ၌ မြန်မာစာပါမောက္ခများ ပေါ်ထွက်ခဲ့ပေသည်။ ဦးဖေမောင်တင်၏ မြန်မာစာ၊ မြန်မာစာပေသမိုင်းတွင် သမိုင်းစာပေတာဝန် ကျေပွန်မှုတို့ မော်ကွန်းပြုထိုက်ပေသည်။
ဦးဖေမောင်တင်သည် ၁၉ဝ၉ ခုအသက် ၂၁ နှစ်အရွယ်တွင် ဘီအေအောင်သည်။ ဦးဖေမောင်တင်အပါ အဝင် အောင်သူကိုးယောက်စလုံးကို အစိုးရက အလုပ်ပေးသည်။ လက်ခံသူများအနက် နောက်အခါ ဒေါက်တာဘဟန်နှင့် မင်းကြီးဦးဆက်တို့ ဖြစ်လာကြမည့် လူငယ်နှစ်ဦးပါဝင်သည်။ ဦးဖေမောင်တင် ကား လက်မခံပါ။ ကာလကတ္တားတက္ကသိုလ်တန်း ပြင်ပကျောင်းသားအဖြစ်နှင့် ပါဠိဘာသာစာမေးပွဲ ဖြေဆိုနိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၁၁ ခုနှစ်၊ မတ်လတွင် ဘွဲ့ရခဲ့သည်။ ၁၉၁၂ ခုနှစ် ၂၄ နှစ်အရွယ်၌ ရန်ကုန်ကောလိပ်တွင် ပါဠိပါမောက္ခရာထူးရသည်။ ၁၉၂ဝ ပြည့်နှစ်၌ ပညာတော်သင်အဖြစ် အောက်စဖို့ဒ်တက္ကသိုလ်သို့ ဘီလစ်ဘွဲ့ယူရန် အစိုးရက စေလွှတ်သည်။ အိတ်(စ)ဆီတာ (Exeter)  ကောလိပ်တွင် ဝင်ခွင့်ရသည်။ ဝိသုဒ္ဓိမဂ်သီလပိုင်း (The Path Of Purity) ကိုစာတမ်းရေးတင်၍ ဘီလစ်ဘွဲ့ရရှိခဲ့သည်။
ဆရာကြီးသည် ရန်ကုန်မြို့သို့ ၁၉၂၄ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့၌ ပြန်ရောက်လာသည်။ စက်တင် ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ယူနီဗာစီတီ အရှေ့တိုင်းဘာသာရပ်များဌာနတွင် ဌာနမှူးပါမောက္ခ ရာထူးဖြင့်အလုပ်တန်းဝင်လိုက်သည်။ မကြာမီပင် ဆရာကာစင်အား ပါဠိဌာနကိုအပ်ပြီး မြန်မာစာ ပါမောက္ခအဖြစ်တာဝန်ယူခဲ့သည်။ ယူနီဗာစီတီကို ၁၉၂ဝ ပြည့်နှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ အခြားဘာ သာရပ်များ၌ ဘီအေဘွဲ့သင်တန်းအဆင့်ရောက်အောင် စီမံခန့်ခွဲသော်လည်း မြန်မာဘာသာရပ်၌ ပြောမယုံလောက်အောင် အဆင့်နိမ့်နေကြောင်းကို သိရှိရသောကြောင့် ဤကဲ့သို့ မြန်မာစာပါမောက္ခ တာဝန်ယူရကြောင်း သိရသည်။
ပညာပြည့်စုံသော မြန်မာဆရာများ ရှိရမည်ဖြစ်၍ မြန်မာစာဌာန၌ ဆရာပွား တစ်ဦးတည်းသာရှိနေ သဖြင့် ဆရာလင်းကို ထပ်မံခန့်သည်။ ပုဂံဝန်ထောက်ဦးတင်၏ အကူအညီကိုလည်း ရံဖန်ရံခါ ယူ သည်။ လိုအပ်သည့် စာအုပ်စာတမ်း၊ ပေပုရပိုက်တွေစုဆောင်း၊ ဆရာကြီးက အယ်ဒီတာချုပ်အနေနှင့် စောစောပိုင်းတွင် ဖဦးထုပ်ဦးဖိုးစိန်၊ ပုဂံဝန်ထောက်ဦးတင်၊ ဆရာပွား၊ ဆရာ့ရိပ်၊ ဦးဖိုးဖြူ၊ ဆရာလင်းတို့ က တည်းဖြတ်သူအဖြစ်နှင့် ဂန္တဝင်မြောက်စာအုပ်အဖြစ်ရောက်အောင် တည်းဖြတ်သူအဖြစ်နှင့် ဂန္တဝင် မြောက်စာအုပ်အဖြစ် ရောက်အောင်တည်းဖြတ် ပုံနှိပ်စေခဲ့သည်။ ကျောက်စာတွင် ကျွမ်းကျင်သူဆရာ ကြီး ဂျီ၊ အိပ်(ခ်ျ)၊ လု့(စ်) G.H.Luce နှင့်အတူ ပုဂံသို့ သွားရောက်ပြီး ဖတ်၊ ကူးယူ၊ တည်းဖြတ် ပုံနှိပ် ထုတ်ဝေခဲ့သေးသည်။
မြန်မာဘာသာတိုးတက်ရေးနှင့် ပညာတိုးပွားရာ တိုးပွားကြောင်းအတွက် မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ်ထဲ စာတမ်း၊ ဆောင်းပါး၊ ဝေဖန်စာ စသည်တို့ ရေးသားသည်။ မြန်မာစာဂုဏ်ထူးတန်း ဖွင့်သည်။ ၁၉၂၇ ခုနှစ်တွင် ဦးစိန်တင် (သိပ္ပံမောင်ဝ) သည် ဘီအေ၊ ဂုဏ်ထူးတန်းစာမေးပွဲတွင် မြန်မာ စာဖြင့်အောင်သွားသူ ပထမဦးဆုံးပုဂ္ဂိုလ် ဖြစ်ပေသည်။
ဆရာကြီးသည် ၁၉၁၁ ခုနှစ်မှစ၍ ၁၉၆၁ ခုနှစ်အထိ နှစ်ပေါင်း ၅ဝ အတွင်း တည်းဖြတ်တင်ပြခဲ့သော စာတမ်း၊ ဆောင်းပါး၊ ဝေဖန်ရေးတို့သည် စုစုပေါင်း ၁၅ဝ ကျော်မက ရှိပေသည်။ ဆရာကြီးပြုစုသည့် စာအုပ်များအနက် ၁၉၃၇ ခုနှစ်ထုတ် မြန်မာစာပေသမိုင်းသည် မြန်မာစာလောကတွင် ပထမဦးဆုံး ပေါ်ထွက်လာသည့် ဂန္တဝင်တွင်သည့် သမိုင်းစာအုပ်ဖြစ်သည်။ ပညာရှင်များအစ ကျောင်းသားကျောင်း သူတို့ မှီခိုအားထား ကြရပေသည်။
ဆရာကြီးသည် ကျောင်းအုပ်ရာထူးကို ၁၉၃၆ ခု ဇွန်လတွင် ဆက်ခံသည်။ ၁၉၄၆ ခုနှစ် အသက် ၅၈ နှစ်ပြည့်သည့်နေ့တွင် အငြိုးထားသူ ဗြိတိသျှအရာရှိ ပယောဂကြောင့် အငြိမ်းစားယူသွားရသည်။ စာပေလောကမှ အုပ်ချုပ်ရေးဘဝသို့ ပြောင်းရွှေ့သွားရသော်လည်း သက်ဆိုင်ရာ တာဝန်ဝတ္တရားများ မပျက်ကွက်စေဘဲ ဝါသနာဘာဂီ ဆက်တိုင်းမီဆိုသလို စာပေအမှု အစုစုတို့ကို အချိန်ရသရွေ့ ပြုစုနေ ခဲ့ပေသည်။
တက္ကသိုလ်နှင့် မြန်မာစာပေကို ပြုစုပျိုးထောင်ခဲ့သူ
မြန်မာစာပေသမိုင်း၊ မြန်မာစာဝါကျဖွဲ့ထုံးကျမ်း (၁၉၅၁) မြန်မာသဒ္ဒါ (၁၉၅၂) တို့သည် မြန်မာဘာသာ စာပေ ရှာဖွေပြုစုပျိုးထောင်သူအဖြစ် မှတ်ကျောက်တင်ထိုက်ပေသည်။
မြန်မာနိုင်ငံတွင်းမှာသာမက ဥရောပတိုက်ရှိ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကပညာရပ်များ ကျောင်းတွင် မြန်မာစာဂုဏ်ထူးတန်းအထိ ဖွင့်လာနိုင်ခဲ့သည်။ ပြင်သစ်ပါရီတက္ကသိုလ် အရှေ့တိုင်း ဘာသာရပ်များနှင့် ယဉ်ကျေးမှုကောလိပ်ကျောင်း၌ ပါရဂူဘွဲ့ပေးသည်အဆင့်သို့ ရောက်လာသည်။ ဂျာမနီပြည် ဖရန်ဖို့ Frantfurt တက္ကသိုလ်အာရှအရှေ့ပိုင်း ပညာရပ်များကျောင်း၊ ဟိုက်ဒယ်လဘတ် တက္ကသိုလ် အာရှအရှေ့တောင်ပိုင်း ဘာသာရပ်များကျောင်းတို့တွင်လည်း မြန်မာဘာသာသင်တန်း များဖွင့်သည်။ သုတေသနလုပ်ငန်းများ၌ မြန်မာဘာသာကို အသုံးပြုနိုင်ရန် ဆရာကြီး၏ မြန်မာစာပေ ကျေးဇူးတရားကြီးမားလှပေသည်။
ဆရာကြီးသည် ၁၉၇၃ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ကြာသပတေးနေ့ နံနက်တွင် အသက် (၈၅) နှစ်၌ လူကြီးရောဂါနှင့် ကွယ်လွန်ခဲ့ပေသည်။ ၁၉၂၄ ခုမှ ၁၉၆၄ ခုနှစ်အထိ နှစ်ပေါင်း ၄ဝ ခန့် မြန်မာဘာသာ၊ မြန်မာစာပေအတွက် ဆောင်ရွက်ပြုစုခဲ့သည့် မြန်မာစာပေ ကျေးဇူးရှင်ကြီးတစ်ဦးအဖြစ် အထူးဂုဏ်ယူ မော်ကွန်းတင်လိုပေသည်။
ဦးဖေမောင်တင်သည် မြန်မာနိုင်ငံရေးသမိုင်းတွင် မြန်မာထဲမှ ပထမဆုံး ပါမောက္ခရာထူးကို ဦးဦးဖျား ဖျား ထူးထူးခြားခြား ရခဲ့သူဖြစ်သည်။ ပါဠိပါမောက္ခမှ မြန်မာစာဌာနပါမောက္ခရာထူးကို ပြောင်းယူခဲ့ သည်။ ရန်ကုန် ကောလိပ်တွင် မြန်မာစာဇဌာန၍ မရှိခဲ့ပေ။ ဆရာ၏ကြိုးပမ်းမှုဖြင့်သာ ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်ထိ ဆယ်ရှစ်နှစ်အတွင်း မြန်မာစာပေကျမ်း (၄၆) အုပ်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်ရန် ဖွဲ့စည်းခဲ့သော ရန်ကုန်တက္ကသိုလ် တည်ဆောက်ရေးအမှုဆောင် အဖွဲ့ University Standing Committee ကို ပထမ ကမ္ဘာစစ်အတွင်း ဖွဲ့စည်းခဲ့ရာ ပါဠိပါမောက္ခအနေ ဖြင့် မြန်မာတစ်ဦးတည်း ထူးကဲစွာ ပါဝင်ခဲ့သူ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် University ဟူသော အမည်ကို မြန်မာလိုတက္ကသိုလ်ဟူ၍ ဖော်ညွှန်းမော်ကွန်း အသစ်တင်ပေးသူ ဖြစ်သည်။ တက္ကသိုလ်အမည်သာမက ရန်ကုန်တိရစ္ဆာန်အမည်များကို မြန်မာလို ခေါ်ဆိုပေးခဲ့သူ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဥက္ကဋ္ဌတာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံပညာ ပြန့်ပွားရေး ဥက္ကဋ္ဌလည်းဖြစ်ဖူးသည်။ မြန်မာနိုင်ငံ သုတေသနအသင်းတွင် အယ်ဒီတာချုပ်တာဝန်ယူ ကာ သမိုင်းသုတေသန စာတမ်းများ ရေးသားခဲ့သည်။
ဦးဖေမောင်တင်သည် ဘာသာပြန်စာပေအသင်း၊ ယခုပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်သုခမိန် အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ မှန်နန်း ရာဇဝင်ကို အင်္ဂလိပ်လို ပြန်ဆိုပုံနှိပ်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဘာသာပြန် ဆရာကြီး ရွှေဥဒေါင်းက "ဆရာကြီး ဦးဖေမောင်တင်သည် ဘာသာပြန်ဆိုရာမှာ အံ့သြချီး ကျူးဖွယ်ကောင်းလောက်အောင် ပြောင်မြောက်တာ တွေ့ရပါတယ်" ဟူ၍ ချီးကျူးဂုဏ်ပြုခဲ့ပေသည်။
ဆရာဦးဖေမောင်တင်သည် အင်္ဂလိပ်အမျိုးသား ပါမောက္ခများအကြားတွင် တစ်ဦးတည်းသော မြန်မာ လူမျိုးပါမောက္ခအဖြစ် မြန်မာစာကို တက္ကသိုလ်နှင့် ထိုက်တန်အောင် စွမ်းဆောင်ဖန်တီးပေးခဲ့သူ ဖြစ် သည်။
တက္ကသိုလ်မြန်မာစာ သင်ကြားရေးသာမက မူလတန်းမြန်မာစာ သင်ကြားရေးအတွက်ပါ ဖတ်စာများ ကို အနောက်ဥရောပအတိုင်း ခေတ်မီပညာရေးစနစ်သစ်ဖြစ်အောင် စွမ်းဆောင်ပြဋ္ဌာန်း သတ်မှတ်ပေး နိုင်ခဲ့သည်။
ထို့ကြောင့်ပင် ဆရာဇော်ဂျီက ဦးဖေမောင်တင်အား ချီးကျူးဂုဏ်ပြုစကား ပြောကြားရတွင်-
"ဆရာကြီးသည် မြန်မာစာ တိုးတက်ကြီးပွားရေးကို ရှေ့တန်းတင်နေ၍ မဆုတ်မနစ် ကြိုးပမ်းသူတစ်ဦး ဖြစ်သည်။ မြန်မာစာပေကြီးပွား တိုးတက်မှုအတွက် ဆရာကြီးဆောင်ရွက်ခဲ့သဖြင့် ကျေးဇူးတရားကြီး မားလှပါသည်။" ဟု မမေ့မော်ကွန်းတင်ခဲ့သည်။
ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ် တည်ဆောက်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သလို တက္ကသိုလ် ဝေါဟာရ တီထွင်ဖော်ဆောင်ခဲ့သူ ဖြစ်သည်။ မြန်မာစာပေကို ရှာဖွေပြုစုပျိုးထောင်ခဲ့သော ကျေးဇူး တရားကား အကြီးမားဆုံး ဖြစ်ပေသည်။ "တက္ကသိုလ်နှင့် မြန်မာစာပေ" အကြောင်း ဟောပြောခဲ့သူ ဦးဖေမောင်တင်သည် တက္ကသိုလ်နှင့် မြန်မာစာပေကို ရှာဖွေပြုစုပျိုးထောင်သူ စာပေကျေးဇူးရှင်အဖြစ် အထူးတင်ပြလိုက်ရပေသည်။
မြန်မာစာ မြန်မာမှုကို ပြုစုပျိုးထောင် ခေါင်းဆောင်ခဲ့သူများ စာအုပ်မှ ကူးယူဖော်ပြပါသည်။

>>>ဆက်ဖတ်ရန်>>> >>

Thursday, December 4, 2014

ဦးသန့်နှင့် EQ

ဦးသန့်နှင့် EQ

“ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတတ်ဘူး
" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင် မှုကို လေ့လာသည့် အခါ ပထမဦးဆုံး ထင်ထင် ရှားရှား တွေ့မြင် ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ ခံစားမှု ဆိုင်ရာ ဉာဏ်ရည် မြင့်မားခြင်း” ပင်ဖြစ်သည်။ လူတစ်ဦး တစ်ယောက် အောင်မြင် ရခြင်း တွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေး နှစ်ပေါင်း များစွာ ကပင် ထင်မြင် ယူဆခဲ့ သော်လည်း ပညာရှင် Dr. Daniel Goleman က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသား ထုတ်ဝေ အပြီးတွင် ခံစားမှု ဆိုင်ရာ ဉာဏ်ရည် မြင့်မားမှု က ပိုမို အရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ ဆက်တိုက် လေ့လာဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။ IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။ အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များအကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။ EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships “ “မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။ မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။ EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း 'handling your emotions rather than letting the emotions handle you’ ဖြစ်သည်။ ခေါင်းဆောင်များ၏ အဓိက တာဝန်တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း decision-making ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက်မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိအတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ၏ အကောင်းအဆိုး နှင့် ၀န်ထမ်းများ၏ ဘ၀ကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန်ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက်လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့သမိုင်းတွင် မြင်နိုင်သည်။ စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။ EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။ (U Thant and Cuba Affairs-1962) EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ၀မ်းနည်းစိတ် ပေါ်လာချိန်တွင် ၀မ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း Empathy သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ၀င်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။ ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံအရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ကမ္ဘာက စိတ်ဝင်စားလာခဲ့ကာ ဗုဒ္ဓဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဦးသန့်သည် နေ့စဉ် နံနက်စောစော တရားအမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင်ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။ မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့်သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ ဖွင့်ဟ ၀န်ခံခဲ့သည်ကို တွေ့ရသည်။ “သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။” ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ်တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ်၏ တာဝန်များမှာလည်း များပြားလှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရသဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့်အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့်သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်းသည့် ဓာတ်သည်လည်း အပြင်ဘက်သို့ ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့်၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်သည် သံ အမတ်ကြီးများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တာဝန်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရသူ ဖြစ်ရာ ဦးသန့်၏ စိတ်တည်ငြိမ် အေးချမ်းမှုကြောင့် သူ့အား ဆက်ဆံရသူများက လေးစားကြည်ညို သွားစေသည်။ ထိုနည်းဖြင့် သူ၏ အလုပ်တာဝန်သည် ပြီးမြောက်ရန် လွယ်ကူလာ ပေသည်။ ဦးသန့်သည် သူ၏ မိသားစုအား အလွန်မြတ်နိုးသူ ဖြစ်သော်လည်း ရန်ကုန်တွင် ရှိနေသည့် သူ့သားသေကြောင်း သတင်း ရုတ်တရက် ကြားရချိန်တွင် မတုန်လှုပ်ပုံကို သူ၏ ပြန်ကြားရေး အရာရှိ တာဝန်ယူ ခဲ့သူ Ramsee Nasif က အောက်ပါ အတိုင်း ရေးသားထားသည်။ ‘We gave him the news. His first reaction was ‘ I wonder how my wife will take it.’ He was completely composed. His acceptance was part of a disciplined ability to keep his balance, which came with his Buddhist training.’ (Ramsee Nasif, 21) “ကျွန်တော်တို့ သူ့ကို သတင်းပေး လိုက်တယ်။ “ကျွန်တော့် မိန်းမတော့ ဘယ်လိုနေမလဲ မသိဘူးဗျာ” ဟု ဦးသန့်က သတင်းကြား ကြားချင်း ပြောသည်။ သူသည် လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ထိုသတင်းကို သူလက်ခံယူပုံ မှာ ကိုယ်စိတ်နှစ်ပါး ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်၏ အစိတ်အပိုင်း ဖြစ်ပြီး သူ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ရခဲ့သည့် အလေ့အကျင့် ကောင်းမှ လာခြင်းဖြစ်သည်။ ”ခေါင်းဆောင်တစ်ဦး အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဦးသန့်တွင် အခြား အရည်အသွေးများစွာ ရှိနေသေးကြောင်း သိသာသော်လည်း သူ၏ စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည် ဥာဏ်သွေး မြင့်မားမှုသည် သူ့အောင်မြင်မှုကို ဖန်တီးခဲ့သည့် အဓိက အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ သူ၏ မြင့်မားသော EQ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးသန့် ထိန်းသိမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။


( http://www.thevoice.bur.co.in/ မှဖေါ်ပြပါသည်။ )
>>>ဆက်ဖတ်ရန်>>> >>