Saturday, January 10, 2015

နာ (၃) နာ နဲ့ ကျောင်းဆရာ ဘ၀ ရေးသူ - ရွက်နုဝါ



နာ (၃) နာ နဲ့ ကျောင်းဆရာ ဘ၀            ရေးသူ - ရွက်နုဝါ
၁၁.၁.၂၀၁၅ ၊ တနင်္ဂနွေနေ့

ကျောင်းဆရာတွေရဲ့ ဘ၀အကြောင်းကို စာရေးကြရာမှာပဲဖြစ်ဖြစ်၊ ဟောပြောကြရာမှာပဲဖြစ်ဖြစ် ၀ါသနာ၊ စေတနာ နဲ့ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ တွဲပြီး ပြောဆိုရေးသားကြတာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးမှတ်ဖူးတယ်။ ကျွန်တော် ၉ တန်း ၁၀ တန်း လောက်တုန်းက အပတ်စဉ်လုပ်တဲ့ ဆရာ၊ ဆရာမတို့ သြ၀ါဒ ခံယူပွဲတွေမှာလည်း နာ(၃)နာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ဟောပြောတာတွေ နားထောင်ရတတ်တယ်။ အဲဒီတုန်းကတော့ အဲဒီနာ(၃)နာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်(၃)ခု ပဲလို့ထင်ခဲ့သေးတယ်။ အဲလိုလက်ခံထားတဲ့သူတွေလည်း မနည်းလောက်ဘူး။ အခုတော့ အဲဒီနာ(၃)နာနဲ့ပတ်သက်ပြီး တွေးကြည့်တယ်။ မင်းတွေးသမျှကလည်း အားလုံး ကန့်လန့်တွေကြီးပဲ လို့ဆိုရင်လည်း မတတ်နိုင်ဘူး။

ဝါသနာတဲ့။ ၀ါသနာဆိုတာ ကျွန်တော်နားလည်သလောက်တော့ မိမိစိတ်ပျော်ရွှင်မှုအတွက် လူတွေလုပ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဥပမာပြောရရင် သီချင်းဆိုတာဝါသနာပါတယ်။ စာဖတ်တာဝါသနာပါတယ်။ စသဖြင့်ပေါ့။ အဲဒီနေရာမှာ ဆရာလုပ်ရတာဝါသနာပါတယ်ဆိုတဲ့( ကိုယ်သိတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောကြားရတာဝါသနာပါတယ်ဆိုတဲ့) လူတွေလည်း ရှိတတ်တာပဲ။ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေရင် အလုပ်မှာစိတ်ပါတယ်။ စိတ်ပါလက်ပါလုပ်တော့ လုပ်ငန်းပိုတွင်ကျယ်တယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ အဲဒါက ကျောင်းဆရာဘ၀နဲ့ ဘာဆိုင်တာမှတ်လို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်ပြီး စိတ်ပါလက်ပါလုပ်မယ်ဆိုရင် အောင်မြင်မှုပိုရနိုင်ပါတယ်။

ကျွန်တော်တွေ့ဘူးတဲ့ ဆရာတစ်ယောက်အကြောင်း ပြောချင်တယ်။ သူက စာသင်လည်းအရမ်းကောင်းတယ်။ အတန်းထဲမှာ သူပြောလေ့ရှိတာက " စာသင်ရတဲ့အလုပ်ကို ငါလုံး၀၀ါသနာမပါဘူး။ ငါက စာပဲရေးချင်တာ " တဲ့။ သူသင်ရတဲ့ဘာသာရပ်က အင်္ဂလိပ်စာ။ စာရေးဆရာဖြစ်ချင်တဲ့လူဆိုတော့ စာဖတ်အားလည်း တော်တော်ကောင်းတယ်ထင်တယ်။ စာရှင်းတဲ့အခါ စိတ်ဝင်စားစရာ ပြင်ပဗဟုသုတတွေနဲ့ ဝေေ၀ဆာဆာရှင်းပြတတ်တယ်။ သဒ္ဒါဆိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ခုစလုံး ကျွမ်းကျင်ပုံဘဲ။ မေးလာသမျှမေးခွန်းအားလုံးကို ဖြေရှင်းပေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ စာသင်ရတာ လုံး၀၀ါသနာမပါဘူး ဆိုပေမယ့် အဲဒီဆရာမျိုးကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလား။ နောက်ထပ် စဉ်းစားမိတာတစ်ခုက ဆရာတစ်ယောက်ဟာ ၀ါသနာတော့ပါပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ၀ါသနာလုံးဝမပါဘူးဆိုပေမယ့် ကိုယ်တာဝန်ယူရမယ့် အပိုင်းကိုကိုယ်ကျွမ်းကျင်ရင် တာဝန်ကျေတဲ့ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၀ါသနာပါတယ် ဆိုရုံလေးနဲ့လည်း ဘယ်လိုမှဆရာကေင်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

နောက်ထပ်နာတစ်ခုဖြစ်တဲ့ စေတနာဆိုတာကရော ကျောင်းဆရာတွေအတွက်သာ လိုအပ်တာလား။ ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ချက်လား။

ကျွန်တော် တက္ကသိုလ်တတိယနှစ်တုန်းက တွေ့ခဲ့တဲ့ဆရာတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘာတွေမကျေမနပ်ဖြစ်နေလည်းတော့မသိဘူး။ သူစိတ်ဆိုးသမျှတွေကို ကျောင်းသားတွေဆီမှာ ပေါက်ကွဲတတ်တယ်။ သူရုံးတတ်ရတဲ့ မိခင်ဌာနကတစ်နေရာ သူစာလာသင်ရတဲ့ ကျွန်တော်တို့ကျောင်းကတစ်နေရာဖြစ်နေတယ်။ သူစိတ်ဆိုးရင်ပြော တတ်တဲ့စကားက " မင်းတို့လည်းဝတ္တရားအရ လာထိုင်နေတာ။ ငါလည်း ၀တ္တရားအရ လာသင်နေရတာ။ ဟောဒီမှာကြည့်။ မင်းတို့အတွက်ရေးထားတဲ့မှတ်စုစာရွတ်တွေ။ ငါ့ငွေနဲ့ငါဝယ် ရတယ်။ မင်းတို့ကျောင်းကို ငါ့အစီအစဉ်နဲ့ငါလာခဲ့ရတယ်။ အခြေအနေက အဲလောက်ထိဆိုးနေပြီ။ ငါကတာဝန်ကျေအောင်တော့ လာသင်နေမှာပဲ။ ဘာပြဿနာမှ မရှာချင်ကြနဲ့။ အေးအေးဆေးဆေးနေကြ။ " တဲ့။ အဲဒီလိုကြီးဆိုတော့လည်း စေတနာမပါဘဲ စာသင်နေတယ်ပြောရတောမှာပေါ့။ ဒါပေမယ့်သူက အချိန်နောက်မကျဖူးဘူး။ အတန်းလည်းလုံးဝမပျက်ဖူးဘူး။ သင်ရိုးကိုလည်းကုန်အောင် သင်တယ်။ သင်ပုံကတော့ ၀တ္တရားကျေပါပဲ။ သူအတန်းထဲမှာ သင်ပေးသလောက်နဲ့ အဆင်ပြေတဲ့ကျောင်းသားတွေလည်း အများကြီးပါ။ အဆင်မပြေလို့သွားမေးရင်လည်း ဆရာ့ဝတ္တရားအရပဲလားတော့မသိ၊ ရှင်းပြပေးတတ်ပါတယ်။ သူ့ကိုကြောက်တော့ သွားမေးတဲ့သူတော့နည်းတာပေါ့။
အဲဒီဆရာက ကျောင်းသားတွေစေတနာထား သင်ကြားပေးတယ်လို့ မဆိုသာပေမယ့်၊ အချိန်ကိုလေးစားတယ်။ သင်ရိုးကိုပြတ်အောင်၊ တာဝန်ကျေအောင် သင်ပေးတယ်။ တာဝန်ယူရတဲ့ ဘာသသာရပ်ကိုလည်း ကျွမ်းကျင်တယ်ဆိုတော့၊ ကျောင်းသားအများစုဟာ အဲဒီဘာသာကို အခက်အခဲမရှိ အောင်မြင်ခဲ့ကြပါတယ်။ ဆရာတပည့်ဆက်ဆံရေးကတော့ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အနေအထားမရှိခဲ့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းတာဝန်ကျေတဲ့ ဆရာ့ကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ပြောရမှာ ကျွန်တော်အတွက်တော့ အရမ်းခက်နေတယ်။ ဒီနေရာမှာလည်း (၀ါသနာအကြောင်း ပြောတုန်းကမေးခဲ့သလို) မေးရရင်၊ ဆရာတစ်ယောက်ဟာ စေတနာတော့အရမ်းကောင်းပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။

ဘယ်အလုပ်ပဲဖြစ်ဖြစ် (နောက်ဆုံးကွမ်းယာရောင်းတာကစလို့ ) စေတနာထားပြီး လုပ်မယ်ဆိုရင် အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေ ကိုစိတ်ချမ်းသာစေမှာပါ။ အဲလိုမဟုတ်ဘဲ ကိုယ့်အကျိုးလေးတစ်ခုတည်း ကြည့်ပြီး လုပ်အား နဲ့ အချိန်ကုန်၊ ငွေကုန် သက်သာရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေလည်း ရနိုင်မှာမဟုတ်ဘူး။ အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေကိုလည်း အခက်အခဲနဲ့ တွေ့စေတာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စေတာတွေ ကြုံရနိုင်တာပေါ့။

စေတနာရဲ့သဘောကိုက တစ်ဖက်သားအကျိုးကိုကြည့်ခြင်းပါ။ ကျောင်းဆရာအလုပ်ရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာထားဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ စေတနာမပါဘဲ လုပ်နေတော့ရော အရေးကြီးတဲ့တခြား အရည်အချင်းတွေရှိရင် ဆရာကောင်းတစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

နောက်ဆုံးနာတစ်ခုကတော့ အနစ်နာတဲ့။ လုံးဝမဖြစ်သင့်တဲ့ နာကြီးပဲလို့ မြင်မိတယ်။ ကျောင်းဆရာလုပ်တာနဲ့ပဲ အနစ်နာခံရတော့မှာလား။ ကျောင်းဆရာဆိုတာ အစိုးရ၀န်ထမ်းပါ။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ၀န်ထမ်းအခွင့်အရေးတွေအားလုံး အပြည့်အ၀ ရနေရင် ဘာများအနစ်နာခံစရာ ရှိလဲ။ မရကြဖူးဆိုရင်လည်း ရအောင်ကြိုးစားကြရ တောင်းဆိုကြရမှာပေါ့။ အစိုးရတွေအနေနဲ့လည်း ဖြည့်ဆည်းပေးဖိုတာဝန်ရှိတာပေါ့။
ဝန်ထမ်းအခွင့်အရေးဆိုတာလည်း အများကြီးတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ မရရှိလို့မဖြစ်တဲ့ အခွင့်အရေး (၃) ခုရှိတယ်။

၁။ လုပ်ငန်းခွင်လုံခြုံမှုရှိရေး
လုပ်ငန်းခွင်အနေအထားဟာ ၀န်ထမ်းတွေရဲ့ အသက်အန္တရယ်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ ထိခိုက်စေနိုင်ရင်၊ လိုအပ်တဲ့လုံခြုံရေး ကိရိယာ တန်ဆာဗလာတွေကို အလုပ်ရှင်က အပြည့်အ၀ ဖြည့်ဆည်းပေးရမယ်။ လိုအပ်မယ်ဆိုရင် အစိုးရက ဥပဒေတွေ ပြကျဌာန်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရမယ်။

၂။ သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန် ရရှိရေး
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ပင်ပန်းမှု အလွန်ကျွံမဖြစ်အောင် ၀န်ထမ်းတွေအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန်တွေကို တစ်နေ့တာအတွက်၊ သီတင်းတစ်ပတ်တာအတွက် နဲ့ တစ်နှစ်တာကာလတွေအတွက် စသည်ဖြင့် သက်မှတ်ထားဖို့ လိုအပ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်အောင် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လုပ်ငန်းအဆင်ပြေစေရေးအတွက် ကိုယ်ပိုင်အနာယူချိန်ကို ပေးလိုက်ရတာဖြစ်လို့ ၀န်ထမ်းတွေဟာ ပုံမှန်လုပ်အားခထက်သာလွန်တဲ့ အချိန်ပိုကြေး ရပိုင်ခွင့်ရှိရမယ်။ ( အချိုနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အချိန်ပိုကြေးမပေးပဲ သက်မှတ်ချိန်ထက်ကျော်လွန်အောင်ခိုင်းတတ်ကြတယ် )

၃။ အနည်းဆုံး စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိရေး
အလုပ်လုပ်နေတဲ့ ၀န်ထမ်းတိုင်းဟာ လူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် အခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိဖို့လိုအပ်တယ်။ ( တရားဝင်ရရှိတဲ့ ၀င်ငွေက စားဝတ်နေရေးအတွက် မလုံလောက်ရင် ၀န်ထမ်းတွေဟာ အလုပ်ထဲမှာ တရားမ၀င်ငွေရှာလာတတ်ကြတယ်။ အဲဒီလိုအခါမှာ အဂတိလိုက်စားမှုနဲ့ လတ်ပေးလတ်ယူ ပြဿနာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေဖြစ်နေတတ်ကြတယ်။ )
အခုပြောခဲ့တဲ့ အခွင့်အရေးတွေအပါအ၀င် အခြားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရနေမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အနစ်နာခံတာဝန်ထမ်းစရာ မလိုတော့ဘူးပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုခု ဆုံးရှုံးနေပြီဆိုရင်လည်း " ပီတိကိုစားအားရှိပါ၏။ " ဆိုတဲ့စကားမျိုးနဲ့ ချွေးသိပ်နေမယ့်အစား ကိုယ်ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုသင့်တာပေါ့။ အနစ်နာခံရတယ်ဆိုတာကိုက မညီမျှခြင်းသဘောကို ဆောင်နေလို့ လုံးဝမဖြစ်သင့်တဲ့အရာပါ။

ကျွန်တော်စဉ်းစားခဲ့သမျှအားလုံးကန့်လန့်တွေကြီး ဖြစ်နေမလားတော့မသိဘူး။ ကျောင်းဆရာတို့ရဲ့ဘ၀ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ ပုံဖေါ်တာဟာ ဆဒ္ဒန်ဆင်နဲ့ ကြွက်ခလောင်း စေ့စပ်ကြောင်းလမ်းတာလောက်မှ မနီးစပ်ဘူးလို့မြင်မိတယ်။



>>>ဆက်ဖတ်ရန်>>> >>

ဈေးကွက်ဝင်ပညာရေးစနစ်



ဈေးကွက်ဝင်ပညာရေးစနစ်

၁၁.၁.၂၀၁၅  ၊  တနင်္ဂနွေနေ့

(၁)

( ကျွန်တော်တို့နိုင်ငံ လက်ရှိပညာရေး စနစ်က ပေးလိုက်သော ပညာများသည် ကျောင်းဆင်းလူငယ်များအတွက် လက်တွေ့ဘ၀တွင် အသုံးမတည့်လှဘူးထင်၍ (ဈေးကွက်မ၀င်ဘူးထင်၍ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါသည်။ http://educationinmyanmar.blogspot.com ဘလော့ဂ်မှ အနာဂါတ်အတွက် ရင်သွေးငယ်များ ပို့စ်တွင် ဒီအကြောင်း comment ရေး၍ ဆွေးနွေးဘူးပါသည်။ ဆွေးနွေးခဲ့စဉ်က အခြေခံပညာ အကြောင်းသာပါခဲ့ပါသည်။ အခုဒီပို့စ်တွင် အဆင့်မြင့်ပညာ အကြောင်းအဓိက ထား၍ပြောသွားပါမည်။)

လက်ရှိမြန်မာနိုင်ငံ တက္ကသိုလ်ကြီးများတွင်( အဝေး နှင့် ဒေး ) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးသည် ကျောင်းသားအရေအတွက်အများဆုံး ဖြစ်မည်ထင်ပါသည်။ ၄င်းတက္ကသိုလ်မှ ဆင်းလာသော ကျောင်းသားမျာသည် B. A. သို့မဟုတ် B. Sc. ဘွဲ့များကိုရရှိကြပါသည်။ ဘွဲ့ရပြီးနောက် အများစုက မိရိုးဖလာ စီးပွာရေး ( ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်၊ နှင့် စက်ရုံအလုပ်ရုံ စသည်) လုပ်ငန်းတို့ကို လုပ်ကြသူကများပါသည်။ မိမိအဓိကယူခဲ့သော ဘာသာတွဲနှင့် ပတ်သက်သည့် (ပုဂ္ဂလိက၊ အစိုးရ) အလုပ်အကိုင် ရရှိသူလည်းရှိပါသည်။ သိုသော် ကျောင်းဆင်းအရေအတွက်နှင့် စာလျှင် အရမ်းနဲပါသည်။ ထို့ကြောင့် တက္ကသိုလ်ကပေးလိုက်သော ပညာမှာ ဘွဲ့ရအများစုအတွက် အသုံးမတည့်သလို ဖြစ်နေပါသည်။ ကျောင်းသားအများစုအတွက် ငွေကုန်၊ အချိန်ကုန်ခံ ကျောင်းတတ်ခြင်းက အမြီးတပ်လို့ရရုံ၊ ဘွဲ့ဓါတ်ပုံရိုက်လို့ရရုံ လောက်သာဖြစ်နေတယ်လို့ ထင်ပါသည်။

ဘွဲ့ရပုဂ္ဂိုလ်အများအတွက် တက္ကသိုလ်က ပေးလိုက်သော ပညာဟာ အသုံးမ၀င်သလိုဖြစ်လာရင် တက္ကသိုလ်ရှိနေခြင်းကပင် အဓိပ္ပါယ်မရှိနိုင်တော့ဟုထင်ပါသည်။ ထို့ကြောင့်ကျောင်းသားအများစုတတ်သော ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးများကို ဈေးကွက်ဝင်သည့် ပညာတွေပေးနိုင်သော ကျောင်းကြီးတွေအဖြစ် ပြောင်လဲပေးလိုက်နိုင်ရင်ပိုကောင်းလိမ္မည်ဟု ထင်ပါသည်။ ကျောင်းဆင်းအများစု ကျင်လည်ရမယ့် ဘ၀တွေဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဆိုင်ရာ အသိပညာတို့ကို ပေးလိုက်နိုင်ရင် (ကျောင်းသားများရဲ့ လက်တွေ့ဘ၀မှာ ပိုမိုအသုံးတဲ့နိုင်တာမို့) ပိုမိုတိုးတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲလိုအပြောင်းအလဲ တွေလုပ်မယ်ဆိုရင်တော့ လက်ရှိသုံးစွဲနေတဲ့ ဌာနတို့ ဘွဲ့တို့ရဲ့ အမည်တွေပြောင်းလဲသွားနိုင်ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး စနစ်တွေ အရမ်းကိုမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် (တောင်သူလယ်သမားတို့ တတ်မြောက်ထားတဲ့) စိုက်ပျိုးရေး နည်းပညာဟာ မိရိုးဖလာအဆင့် ထက်မသာသေးဘူးထင်ပါတယ်။ ရေဆင်းတက္ကသိုလ် အခြေအနေတော့ မသိပါ။ ကျေးလက်နေလူဦးရေ အရမ်းများပြားသော ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာ နိမ့်ကျမှုကို လစ်လျူရှုပြီး အဆင့်မြင့်သိပ္ပံပညာ နောက်ကို လိုက်နေခြင်းကတော့ ပုဆိုးဖင်ပေါက်ကို မဖါပဲ ပလက်တီနန်ဆွဲကြိုး ၀ယ်လိုသူနဲ့တူနေပါတယ်။ အဲဒီဆွဲကြိုးကြီးအမှန်တကယ် ၀ယ်နိုင်ရင်တောင် မတင့်တယ်နိုင်သေးပါ။
(၂)

အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။

ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။

ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။

(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။).
>>>ဆက်ဖတ်ရန်>>> >>

ကျွန်တော်ကြိုက်သော စာမေးပွဲ စံနစ်တစ်ခု



ကျွန်တော်ကြိုက်သော စာမေးပွဲ စံနစ်တစ်ခု

၁၁.၁.၂၀၁၅ ၊ တနင်္ဂနွေနေ့

ကျွန်တော် ကြုံလိုက်ရတဲ့ စာမေးပွဲ စံနစ်လေး တစ်ခုကို ပြောပြ ချင်ပါတယ်။ စာမေးပွဲခန်းမှာ စာသင်တာ ကြုံဖူးကြပါသလား ခင်ဗျာ။ အင်မတန် ချစ်ဖို့ကောင်းတဲ့ နည်းလေးပါ။ ကျွန်တော်တို့ ဋ္ဌာန က လုပ်တာပါ။ တစ်ခြားမှာ ရှိမရှိတော့ မသိပါခင်ဗျာ။
ဒီမှာ စာမေးပွဲဖြေရင် ဆရာတချို့က equations များကို open လုပ်ပါတယ်။ လုပ်ပုံကလဲ ချစ်စရာကောင်းပါတယ်။ ကိုယ်အသုံးလိုမယ်ထင်တဲ့ equations များကို blackboard မှာ မည်သူမဆို ထွက်ရေးထားနိုင်ပါတယ်။ ဒါက open book system ထက်ကို ပိုကောင်းပါတယ်။ အားလုံး တပြေးညီ ဖြစ်နေတာပေါ့နော်။ နို့မို့ဆို စာအုပ်စုံတဲ့သူက သာနေမှာလေ။
မေးခွန်းတွေကို ဆရာ့ဆီမှာ သွားရွေးရပါတယ်။ မှောက်ထားပါတယ်။ တစ်စောင်ကို ၃ ပုဒ် လောက် ပါလေ့ရှိပါတယ်။ များများစားစား တွက်ရတယ်လို့ မရှိပါ သီအိုရီသိရင် လက်တန်းတွက်လို့ရပါတယ်။ ဂဏန်းတွေက စိတ်တွက်နဲ့တွက်ရအောင် လွယ်တာပဲပေးထားပါတယ်( အင်ဂျင်နီယာ ၃ ၄ ၅ တန်းများ )။ ပြီးတော့ တချို့ လူများက စာအုပ်များ ခိုးကြည့်တတ်ကြပါတယ်။ အချင်းချင်း တိုင်ပင် တတ်ကြပါတယ်။ တချို့ ဆရာနဲ့ဆိုမရပါ။ အဲ မပြောတဲ့ ဆရာက ပိုဆိုးပါတယ်။ စစ်ပြီဆိုရင် ဆရာ ၃ ၄ ယောက် စစ်ပါတယ်။ ကျောင်းသားတွေက အဖြေလွှာကို ထပ်လို့ မရပါ။ လူကိုယ်တိုင် အမေးခံရပါတယ်။ မေးခွန်း ၃ ခု ကို ဆီမက်စတာ တစ်ခုလုံး သင်ထားသမျှ ကနေ အကုန်လုံး စုံအောင် မေးပါတယ်။ ခိုးသာချထားရင် အရမ်းသိသာပါတယ်။ တစ်အုပ်လုံးကို မလေ့လာထား စာမကျေထားရင် ဘာမှ မဖြေနိုင်ပါ။ ဆရာ က မဖြေနိုင်ရင် သေချာရှင်းပြပါတယ်။ ပုံဆွဲပြ ရှင်းပြနဲ့ တစ်ယောက်ချင်း အနီးကပ် သင်သလိုပါပဲ။ အဲဒီအချိန်မှာ တစ်နှစ်လုံး မသိတာတွေကို တစ်ထိုင်တည်းသိသွားရပါတယ်။ အဲလို မဖြေနိုင်ရင်တော့ ထပ်ဖြေကြရပါတယ်။ ထပ်ဖြေရမှာ ကြောက်စရာပါ။ ဒုတိယအကြိမ်ဆို အသည်းအသန် စစ်စစ်ပေါက်ပေါက်တွေ မေးတာကိုးဗျ။ ကျောင်းသားတစ်ယောက်ချင်းကို မိနစ် ၃၀-၄၀ ပေးပြီး စစ်တာပါ။ ဂရိတ် ၅ ပေးချင်တဲ့သူတွေကိုတော့ စစ်စစ်ပေါက်ပေါက်မေးပါတယ်။ ကျွန်တော်ဆို ဆရာ စားပွဲမှာထိုင်ပြီးတာနဲ့ ပထမဆုံး ထဖြေလေ့ရှိပါတယ်။ စောင့်ရတဲ့ ဒဏ်ကို မခံနိုင်လို့ပါ။ ရေးဖြေက ပုံလေး ဆွဲထား အီကွေးရှင်းလေး ရေးပြီး ပွိုင့်လေး တွေ နဲနဲ ပဲ ရေးထား တာပါ။ ဘယ်လောက် ရေးထားထား ထပ်မေးမှာ ကို သိနေတာကိုး။ တစ်ခါက ဆရာမေးတာတစ်ခုကို မသိလို့ ဆရာက အခြေခံသီအိုရီတွေကနေ အဲဒီ အထိ ရောက်အောင် ပြန် စဉ်းစားခိုင်းနေတာနဲ့ ကျွန်တော် တစ်ယောက်တည်းကို ၁ နာရီလောက် ကြာသွားပါတယ်။ ချွေးတွေဆိုလဲ ဇီးကင်းလုံးလောက်ကို ကျနေတာပေါ့။ အဟဲ။ နောက်မှ ဆရာကပဲ တစ်ဝက်ကို ရှင်းပြပေးလိုက်မှ သိသွားတာပါ။ ပေးတဲ့ အမှတ်ကို မကြိုက်ရင် နောက်တစ်ခါ ပြန်ဖြေလို့ရပါတယ်။ ပြန်ဖြေရင်တော့ သိတဲ့အတိုင်းပါပဲ။ ပြန်ဖြေသူများ က စာ ပိုတတ် သွားလေ့ ရှိပါတယ်။ ကျွန်တော်က အဲဒီစံနစ်လေးကို သဘောကျပါတယ်။ ဆရာတွေတော့ သေအောင် ပင်ပန်းကြပါတယ်။ အမှတ်ကို ဖြေပြီးတာနဲ့ ချက်ချင်းပေးပါတယ်။ ဘယ်လောက်ကြီးတဲ့ စာမေးပွဲဖြစ်ဖြစ်။ ကျွန်တော်တို့ နဲ့ သင့်တော်အောင် ပြောင်းလဲ သုံးရင် ရမယ်လို့ ထင်မိပါကြောင်းခင်ဗျား။


1 comments:

ကိုအောင်ဝင်း.. ဒီစာမေးပွဲ စနစ်မျိုး တခါမှ မကြုံဖူးသေးဘူး .. စိတ်ဝင်စားစရာပဲ ။ မေးခွန်းတချို့ ဖြေပေးပါလား ..

(၁) ဒါက ဘယ်လို အတန်းတွေမှာ ဒီလို စာမေးပွဲမျိုး လုပ်လဲ (ဥပမာ.. Is it only for PhD classes or all levels? Is it only for engineering courses or all courses? Is it being practiced in all universities?)

(၂) ဒီစာမေးပွဲမျိုးက တနှစ်လုံးမှာ ဖြေရတာ ဒီဟာပဲလား ။ တခြား စာမေးပွဲ ရှိသေးလား ။ တခြားစာမေးပွဲတွေ ရှိသေးရင် ၊ ဘယ်လို % တွေနဲ့ ခွဲဝေပေးတာလဲ ။

(၃) ဒီလို စာမေးပွဲမျိုးအတွက် ဘယ်လို အမှတ်ပေးစနစ် ကျင့်သုံးပါသလဲ ။ ဂျစ် အထင်တော့.. များ၂ ဆရာက ဂိုက် လုပ်ပေးရလေ.. အမှတ်နည်းလေ ဖြစ်နိုင်မယ် ထင်တယ် ။

(၄) ဘယ်နခါအထိ ဖြေဆိုခွင့် ရှိပါသလဲ ? ဒီလို စာမေးပွဲမျိုး တစ်နှစ်မှာ တစ်ခါပဲ လုပ်တာလား ။

ဖြစ်နိုင်မယ်ဆိုရင်တော့ ပို့စ်တခုအဖြစ် ရေးပါလို့ တောင်းဆိုချင်ပါတယ် ။ အားလုံးတွက် ဗဟုသုတ ရမယ်လို့ ထင်ပါတယ် ။

ဆူးထွင်းအပ်

တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှုမဲ့ အမှတ်မဲ့ပဲ ဖြစ်ဖြစ်၊ စေတနာနဲ့ပဲ ဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဘက်သားရဲ့ ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရားဘူးလို့ လက်ခံ သွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေးတွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကို မျှော်ပြီး ဆုံးမကြတာ များပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွားတတ်တာတွေ ရှိပါတယ်။




ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ ထိခိုက်နာကျင် ခံစားရပြီဆိုရင် မတရားမှု (injustice) ရဲ့ အရိပ်အငွေ့လေးတွေက သူ့အာရုံကို လွှမ်းမိုးလာတတ်ပါတယ်။ အဲဒါကို injustice gap လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ အဲဒီ injustice gap က ကြီးထွားရင် ခွင့်လွှတ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီထက်ပိုဆိုးတာက negative emotions တွေ ထွက်ပေါ်လာတတ်ပါတယ်။ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်၊ အရွဲ့ တိုက်လိုစိတ် စတာတွေ ဖြစ်လာတတ်ပါတယ်။ အနည်းဆုံးတော့ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ စိုက်ဝင်နေတဲ့ ဆူးလေးကြောင့် တနုံ့နုံ့ ခံစားရတတ်ပါတယ်။

ပဲ့ပြင်ဆုံးမမှုမှာ ဆုံးမသူရဲ့ စေတနာကို နားလည်ခဲ့ရင် injustice gap သေးငယ်ပေမယ့်၊ စေတနာကို နားမလည်ခဲ့ရင် (သို့မဟုတ်) ဆုံးမသူ ကိုယ်တိုင်က ဒေါသအလျောက် လုပ်ခဲ့တာဆိုရင် injustice gap က ကြီးထွားတတ်ပါတယ်။ ဒါတွေဟာ အသေးအဖွဲလေးတွေလို ထင်ရတတ်ပေမယ့် လူတယောက်ရဲ့ အနာဂတ် မိသားစုဘ၀ ပုံဖော်မှု၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရေး စတာတွေပေါ်မှာ သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။

ဒါကြောင့် မိဘ၊ ဆရာ၊ လူကြီးသူမတွေနဲ့ ပတ်သက်ပြီး ဆူးလေးတွေ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့အခါ ဆူးထွင်းအပ်လေးတွေနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ injustice gap နည်းတဲ့ ဆူးလေးတွေကို ခွင့်လွှတ်ခြင်း (forgiveness) နဲ့ ဖယ်ရှားပစ်ပြီး၊ injustice gap များတဲ့ ဆူးလေးတွေကိုတော့ သက်ဆိုင်သူတွေနဲ့ ပြန်လှန်ဆွေးနွေးမှုကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ သူ့နေရာမှ ၀င်ရောက်နေရာယူကြည့်ပြီး နားလည်ပေးရန် ကြိုးစားခြင်း (attempt to understand) နဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်သူတွေ မရှိတော့တဲ့ အချိန်မှာ ဆိုရင်တော့ ခွင့်လွှတ်ခြင်းနဲ့ မေ့ပျောက်ရန် ကြိုးစားခြင်း စတဲ့ ဆူးထွင်းအပ်လေးကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ကျွန်မဘ၀မှာလဲ ဆူးလေးတွေ အများအပြား စိုက်ဝင်ခဲ့ဖူးပါတယ်။ တချို့ဆူးလေးတွေကျတော့ injustice gap က နည်းပါတယ်။ စေတနာကို နားလည်ခံစားမိတာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှုတွေကိုတောင် ကျေးဇူးတရားလို့ပဲ ပြန်လှန် နားလည်ရင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဆူးထွင်းအပ်နဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ကိုးနှစ်အရွယ်မှာ ဆူးခဲ့ဖူးတဲ့ ဆူးလေးတချောင်းကိုတော့ ကိုယ်တိုင် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမသူ နေရာကို ရောက်နေတဲ့ အသက်နှစ်ဆယ့်တနှစ် အရွယ်အထိ မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။

အဖြစ်က ဒီလိုပါ။
ကျွန်မ လေးတန်းရောက်တဲ့နှစ်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပါတယ်။ ကျောင်းတွေ ပိတ်ထားတာကြောင့် ကျွန်မ အမေက ဆရာမတယောက်ဆီမှာ ကျူရှင် အပ်ထားပါတယ်။ ဆရာမကလဲ ကျောင်းက ဆရာမပါပဲ။ ဒါပေမယ့် ကျွန်မက ဆရာမရဲ့ အခန်းက မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းပိတ်ချိန်မှာ စာလုပ်ဖြစ်အောင် ဆိုပြီး မေမေက ဆရာမဆီ ကျူရှင်ထားခဲ့တာပါ။ အဲဒီအချိန်ကာလမှာ ကျောင်းတွေ ပိတ်ထားတာဆိုတော့ အဖိုးရဲ့ စာဖတ်ခန်းကြီးကို ကျွန်မက အပိုင်စီးထားချိန်ပါ။ အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသာနာရေး၊ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့ဘက်က နေ၀န်းထွက်သည့်ပမာ၊ ဂျာနယ်ကျော် မမလေးရဲ့ သူမ၊ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး၊ ဦးကုလားရဲ့ မြန်မာရာဇ၀င်ကြီး၊ ဆရာမောင်ထင်ရဲ့ ငဘ စတဲ့ စာအုပ်တွေနဲ့ အမေ့ကိုယ်ပိုင်ဆေးခန်း အနီးက သပိတ်စခန်းက ဖြန့်ဝေတဲ့ စာစောင်တွေကို ဖတ်ရင်း စာပေစည်းစိမ်ကို ခံစားနေတဲ့ အချိန်ပါ။

မတောက်တခေါက် လူမမယ်လေးပေမယ့် ဆရာမ သင်ပေးနေတဲ့ လေးတန်း သမိုင်းသင်ရိုးထဲက စာတွေကတော့ အလွန်ကို ပျင်းစရာကောင်းသလို ဖြစ်နေခဲ့ပါတယ်။ သုံးတန်းမှာ သီပေါမင်း ပါတော်မူတဲ့ အကြောင်းအထိ သင်ခဲ့ပြီးလေတော့ လေးတန်းသမိုင်းမှာ ကိုလိုနီ နယ်ချဲ့ ခေတ်အကြောင်းတွေ ပါလာပါတော့တယ်။ သင်ရိုးထဲမှာ ဘယ်လိုရေးထားသလဲဆိုတာတော့ ကျွန်မ မမှတ်မိတော့ပါ။ ဒါပေမယ့် ဆရာမက နယ်ချဲ့ ကိုလိုနီဆိုပြီး မှတ်စုပေးပါတယ်။ ကျွန်မကလဲ ကိုလိုနီ နယ်ချဲ့ ဖြစ်သင့်တယ်လို့ ပြောရင်း ဆရာမနဲ့ ငြင်းသလို ဖြစ်သွားခဲ့ပါတယ်။ ဘယ်က ဘယ်လို ခေါင်းထဲ ရောက်နေခဲ့မှန်း မသိတဲ့ နီရိုကိုလိုနီဝါဒ၊ စီးပွားရေးကိုလိုနီဝါဒတွေကို အကြောင်းပြပြီး နယ်ချဲ့တယ်ဆိုတာက ကိုလိုနီကျွန်ပြုခြင်းရဲ့ အမျိုးအစားတခုပဲ ဖြစ်လို့ နယ်ချဲ့ကို နောက်က ထည့်သင့်တယ်ဆိုပြီး ကပ်သီးကပ်သတ်နဲ့ကို ငြင်းခဲ့တာပါ။

ဒီအဖြစ်အပျက်ကိုတော့ ကျွန်မ လုံးဝ မမေ့နိုင်တော့ပါ။ ဘာကြောင့်လဲဆိုတော့ နောက်နေ့မှာ ကျွန်မ အကြီးအကျယ် အရိုက်ခံရလို့ပါပဲ။ ပထမတရက်မှာ ကျွန်မနဲ့ ဆရာမ ငြင်းကြတုန်းက ကျူရှင်ဆင်းချိန် ဖြစ်သွားလို့ ဘာမှ ဆက်မပြောဖြစ်တော့ပါ။ ဒုတိယနေ့ရောက်တော့ ပြဿနာက စပါပြီ။ ဆရာမက တနေ့စာတနေ့ ကျက်ခိုင်းပြီး အလွတ်ပြန်ရေးခိုင်းတတ်ပါတယ်။ တခါတလေကျတော့လဲ တယောက်က စာစဆိုပြီး၊ ဆရာမ ရပ်ခိုင်းတဲ့ နေရာမှာ ရပ်လိုက်ရပါတယ်။ နောက်တယောက်က ရှေ့မှာ ရပ်ထားတဲ့ နေရာကနေ ၏သည်မရွေး ဆက်ဆိုရပါတယ်။ စာကို သေချာ မကျက်လာသူတွေအတွက်ကတော့ ဆရာမရဲ့ ကြက်မွေး ကြိမ်လုံးနဲ့ တွေ့ကြတော့တာပါပဲ။

အဲဒီနေ့ကတော့ ဆရာမက အလွတ်ရေးခိုင်းပါတယ်။ ပြီးတော့ သင်္ချာတွက်ခိုင်းထားရင်းနဲ့ စာစစ်ပါတယ်။ စာစစ်နေရင်းနဲ့ ဆရာမက ကျွန်မကို အတန်းရှေ့ခေါ်ထုတ်ပါတော့တယ်။ ကိုလိုနီ နယ်ချဲ့လို့ ရေးထားတဲ့ ပြဿနာပါပဲ။ မင်နီတွေနဲ့ ၀ိုင်းလိုက်တော့ အမှားက အများကြီးလို ဖြစ်သွားပါတယ်။ တချို့အမှားတွေကျတော့လဲ ၏နဲ့သည် လွဲတဲ့ အမှားတွေပါ။ မြန်မာပြည်က ဆရာမတွေဟာ ဘာကြောင့် ၏ နဲ့သည် လွဲတာကို အပြစ်ရှာတတ်ကြသလဲ ဆိုတာ ကျွန်မ သေချာမသိပါ။ ဒါပေမယ့် ၏ နဲ့သည် ပြဿနာကြောင့် ကျွန်မ လက်ဝါးပေါ်မှာ ကျခဲ့တဲ့ ကြိမ်ချက်တွေကတော့ တော်တော်များခဲ့ပါတယ်။

ဆရာမက အတန်းရှေ့ခေါ်ထုတ်တော့ ကျွန်မ အေးအေးဆေးဆေးပဲ ထွက်သွားလိုက်ပါတယ်။ မင်နီတွေ အများကြီးတွေ့ပေမယ့် ကျွန်မစိတ်ထဲမှာ လုံးဝ ကြောက်လန့်စိတ် မရှိခဲ့ပါဘူး။ ဆရာမက အမှားတွေကို ရေတွက်ပြီး ကျွန်မ လက်ကို သားရေကွင်း စွတ်ပါတယ်။ ပြီးတော့မှ သားရေကွင်းကို အမှားအရေအတွက်အလိုက် ဆွဲဆန့်လိုက် ပြန်လွှတ်လိုက် လုပ်တာပါ။ တော်တော်ကြံကြံဖန်ဖန်နိုင်တဲ့ အပြစ်ပေးနည်းပါ။ အရမ်း ကြီးနာတာ မဟုတ်ပေမယ့် ခပ်စပ်စပ်လေးတော့ ထိပါတယ်။ အပြစ်ရှိလားလို့ မေးပြီး ပြစ်ဒဏ်ပေးတာ မဟုတ်တဲ့အတွက် ကျွန်မကလဲ အေးအေးဆေးဆေးပဲ အပြစ်ခံလိုက်ပါတယ်။ စိတ်ထဲမှာတော့ ကိုယ့်အပြစ် မဟုတ်ဘူးလို့ တွေးထားလိုက်ပါတယ်။

ဒါပေမယ့် ဆရာမက ဒီလောက်နဲ့ မရပ်ပါဘူး။ နောက်ကို မမှားစေနဲ့လို့ ပြောပြီး သင်္ချာတွက်ပြီးရင် နယ်ချဲ့ကိုလိုနီ ဆိုတဲ့ စာလုံးကို အခေါက် ငါးဆယ် ရေးပြီးမှ စာအုပ်ထပ်ရမယ်လို့ ဆိုပါတယ်။ အဲဒီမှာတင် ကျွန်မရဲ့ မဟုတ်မခံ၊ စနေ ဇာတိက ပြလာပါတော့တယ်။ သင်္ချာတွက်ခိုင်းထားပြီး ဆရာမက စာဆက်စစ်နေပါတယ်။ ကျွန်မကလဲ သင်္ချာမတွက်ပဲ ငုတ်တုပ် ထိုင်နေလိုက်ပါတယ်။ တတိယခုံတန်းမှာ ထိုင်နေတာမို့ ဆရာမကပဲ မတွေ့တာလား၊ တွေ့ရက်နဲ့ မသိချင်ယောင် ဆောင်နေလိုက်တာလား ဆိုတာကိုတော့ ကျွန်မ မသိပါ။ စာအုပ်တွေ လာထပ်လို့ ဆိုလိုက်ချိန်မှာ ကျွန်မ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတာတော့ အမှန်ပါပဲ။

စာအုပ်လာမထပ်ပဲ ခေါင်းငုံ့ထိုင်နေတာကြောင့် ဆရာမက ကျွန်မ နာမည်ကို ခေါ်ပါတယ်။ ကျွန်မလဲ တွက်လက်စ အပိုင်းကိန်း ပုစ္ဆာလေးတွေကို ကြည့်ရင်း ဆက်ထိုင်နေလိုက်ပါတယ်။ နောက်တော့ ဆရာမက မပြီးသေးဘူးလား၊ ဘယ်နားရောက်ပြီလဲ ဆိုပြီး ကျွန်မ အနီးကို ရောက်လာပါတယ်။ စာအုပ်ကို မြင်တဲ့ အချိန်မှာတော့ သင်္ချာတွက်ရင် အရမ်းမြန်တဲ့ ကျွန်မအကြောင်းကို သိနေတဲ့ ဆရာမတယောက်အနေနဲ့ ကျွန်မ ဘာလုပ်နေတယ်ဆိုတာ ရိပ်မိသွားလောက်ပါပြီ။ လာစမ်း၊ ရှေ့ထွက်ခဲ့စမ်းလို့ ဆိုတာနဲ့ အခြေအနေကို ကျွန်မလဲ ရိပ်မိသွားခဲ့ပါပြီ။ ဆရာမရဲ့ ကြိမ်ချက်တွေက အတော်ပဲ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ ရင်ထဲကိုလဲ ဆူးတချောင်းက အရှိန်နဲ့ စူးဝင်သွားခဲ့ပါတယ်။

ဒီလို ဆူးလေးတွေဟာ ဘ၀အနာဂတ်ကို သက်ရောက်စေတယ်ဆိုတာ သိလာတဲ့ အချိန်တွေမှာ ဆူးလေးတွေကို နှုတ်ဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အသက်နှစ်ဆယ်ကျော် အချိန်အထိ နှုတ်လို့ မရခဲ့ပါဘူး။ ဒီလိုနဲ့ နိုင်ငံခြား မထွက်ခင် တနေ့မှာတော့ မွေးဖွားရာ ဇာတိမြို့လေးဆီ ခေတ္တပြန်ရင်း ဆရာမကိုလဲ သွားနှုတ်ဆက်ဖြစ်ခဲ့ပါတယ်။ ဆရာမနဲ့ စကားပြောရင်း ဒီအဖြစ်အပျက်လေးကို အစဖော်ပြီး ပြန်ပြောပြဖြစ်ခဲ့ပါတယ်။ ထူးခြားစွာပဲ ဆရာမကလဲ ဒီအဖြစ်အပျက်ကို မှတ်မိနေခဲ့ပါတယ်။ သမီးငါးတန်းတုန်းက လက်ကိုင်ပုဝါ အဖြူလေး တထည် တီချာလက်ဆောင်ပေးဖူးတာ မှတ်မိလားလို့ ပြန်မေးပါတယ်။ ဒီတုန်းက ကျောင်းအ၀င်ဂိတ်မှာ အလည့်ကျ ဂိတ်စောင့်နေတဲ့ ဆရာမနဲ့ ဆုံခဲ့တာပါ။ ဘာအတွက်မှန်း မသိပေမယ့် လေးတန်းမှာ ဆုရလို့ ဆုထပ်ချတာလို့ပဲ ထင်ခဲ့မိပါတယ်။

ဆရာမကတော့ တီချာ့ဘက်က လွန်သွားတယ် ဆိုတာ ရိုက်မိပြီးကတည်းက သိတယ်လို့ ဆိုလာခဲ့ပါတယ်။ ကိုလိုနီ နယ်ချဲ့၊ နယ်ချဲ့ကိုလိုနီ စကားလုံး ဝေါဟာရတွေရဲ့ အမှန်တရား ဆိုတာတွေထက် ကျွန်မဘက်က ကလန်ကဆန် လုပ်လာချိန်မှာ ဘာကြောင့် လုပ်သလဲ ဆိုတာကို မစူးစမ်းပဲ အလျင်စလို ရိုက်လိုက်မိတာက ဆရာ့အာဏာစက် ပြသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လက်ကိုင်ပုဝါဖြူလေး ပေးဖို့ကို လေးတန်းဆုရတဲ့ သူတွေ ကြေငြာတဲ့ အထိ စောင့်နေခဲ့တာလို့ ဆိုပါတယ်။ ကျွန်မကတော့ အဓိပ္ပာယ် မဖော်တတ်ပဲ ရင်ထဲမှာ ဆူးသွားတဲ့ ဆူးတချောင်းကို ဆယ်နှစ်ကျော် သိမ်းထားဖြစ်ခဲ့တာပါ။

ဆရာမက အဲဒီလို ပြောလိုက်တဲ့ အချိန်မှာ ဝေါဟာရပြဿနာတွေနဲ့ အငြင်းပွားမှုတွေက ကျွန်မအတွက် အဓိက မဟုတ်တော့ပါဘူး။ ကျွန်မကို ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ ထိခိုက်နာကျင်စေမှု ဖြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူက ဒီလိုဖြစ်စေခဲ့မှုကို သူ့အမှားလို့ သိမြင်ခဲ့တယ်။ အမှားအတွက် တောင်းပန်မှုကို သင်္ကေတ တစုံတရာနဲ့ ပြသခဲ့တယ်။ တဘက်နဲ့ တဘက် ရန်သူလို့ မသတ်မှတ်ကြတဲ့ အခြေအနေ တခုမှာ၊ အထူးသဖြင့် တဘက်နဲ့တဘက် ရန်လိုမှုတွေ၊ လက်စားချေမှုတွေ၊ အာဃာတ တရားတွေ မပါတဲ့ မိဘနဲ့သားသမီး၊ ညီရင်းအစ်ကို မောင်နှမ၊ ဆရာနဲ့ တပည့်တို့အကြားမှာ ဒီလို အခြေအနေမျိုးဟာ ဆူးလေးတွေကို ဆူးထွင်းအပ်နဲ့ ဖယ်ရှားပစ်နိုင်ချိန်လေးတွေပါပဲ။

ဆရာမနဲ့ မဆုံတွေ့ခင်တုန်းက ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိရင် စိတ်ထဲမှာ တနုံ့နုံ့နဲ့ sense of injustice က ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် သင်္ချာ အပိုင်းဂဏန်းလေးတွေကို မြင်ရတဲ့ အချိန်လေးတွေမှာပါ။ ဆရာမနဲ့ ဆုံပြီး နောက်ပိုင်းမှာကျတော့ တိုက်ဆိုင်မှု ရှိလာတဲ့အခါ ဆရာမနဲ့အတူ ငယ်စဉ်တုန်းက အဖြစ်အပျက်လေးကို ပြန်သတိရမိတတ်ပေမယ့် ဒီလို မခံစားရတော့ပါဘူး။ ကျွန်မတို့ကြားမှာ ရှိခဲ့တဲ့ injustice gap က ပျောက်ကွယ်သွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ လူ့ဘ၀ ခရီးဟာ တိုတိုလေးပါ။ မိဘဆရာဆိုတာကလဲ လူတယောက်ရဲ့ ဘ၀မှာ ဘ၀ခရီးသွားရင်း ခေတ္တခဏ အရိပ်ဝင်ခိုခဲ့ရတဲ့ ရင်ခွင်တွေပါ။ မိသားစုဆက်ဆံရေး၊ ဆရာတပည့် ဆက်ဆံရေးတွေမှာ အမုန်းတရားတွေ၊ နာကျည်းချက်တွေ၊ အာဃာတ တရားတွေ ရေရှည်မရှိသင့် ပါဘူး။ မတော်တဆ ဆူးလေးတွေ စိုက်ဝင်သွားခဲ့ရင်လဲ ဆူးထွင်းအပ်လေးတွေ အသုံးပြုပြီး ဆူးလေးတွေကို ဖယ်ပစ်လိုက်နိုင်ရင် ဘ၀ရဲ့ စိတ်အေးချမ်းမှု တစုံတရာကိုလဲ ရရှိလာမှာ မလွဲဧကန်ပါပဲ။

ခင်မမမျိုး (၂၊ ၁၁၊ ၂၀၁၀)



>>>ဆက်ဖတ်ရန်>>> >>

ဆယ်စုနှစ်အလွန် မြန်မာ့ပညာရေး



ဆယ်စုနှစ်အလွန် မြန်မာ့ပညာရေး

11.1.2015 တနင်္ဂနွေနေ့

Posted on November 3, 2013 by admin in ပညာရေး // 0 Comments
http://www.myeikbeach.com/wp-content/uploads/2013/11/3.11.13.I.7-620x264.jpg
ပညာရေးကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များ များစွာရှိနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။
နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ နှုတ်မှထွက်သော စကားများ၏ နောက်ကွယ်တွင် တာဝန်ယူမှု တာဝန်ခံမှုများ ဆက်လက်ပါ ဝင်လာမည်လားဟု မျှော်လင့်ရပါသည်။

ရာစုနှစ်ထက်ဝက် အုပ်ချုပ်သူအစိုးရ အဆက်ဆက်၏ လွယ်လင့်တကူ ပြောင်းလဲခဲ့သော ပညာရေး မူဝါဒများကြောင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဟပ်ထိုးလဲခဲ့ရသည့် မြန်မာ့ပညာရေးသည် ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်မှုကြောင့် အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး ယန္တရား သိသိသာသာ အားကောင်းလာသည်ကို တွေ့မြင်ရသည်။
သို့သော် ပညာရေးမူဝါဒ ရေးဆွဲနေသည်မှာ အထက်အရာရှိပိုင်း ဖြစ်ပြီး စီစဉ်ဆုံးဖြတ်ချက် ပေးသူမှာလည်း အဆင့်မြင့် ရာထူးခံများသာ ဖြစ်နေသေးသည်။ နှစ်ရှည်စီမံချက်များ ရေးဆွဲစဉ်၊ မူဝါဒတစ်ခု အကောင်အထည် ဖော်စဉ်နှင့် စီမံကိန်းတစ်ခု ရေးဆွဲစဉ် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ကို အောက်ခြေ အရာရှိအဆင့် တစ်နည်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် အနီးကပ် ထိတွေ့ကြုံနေရသူ ဆရာ၊ ဆရာမများ မရရှိသေးပေ။
ယင်းကြောင့် ပညာရေးစနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အခရာကျခဲ့ပြီး ပညာရေး လွတ်လပ်ခွင့်ကို ခေတ်အဆက်ဆက် ကျောင်းသား၊ ကျောင်းသူတိုင်းက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက် ပညာရေးသမိုင်း

လွတ်လပ်ရေးရပြီး နောက်ပိုင်း လူသိအများဆုံး ပညာရေး ပြုပြင်ပြောင်းလဲမှုများသည် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည်။
အထူးသဖြင့် ၁၉၉၂-၁၉၉၃ ခုနှစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စာတမ်းကို မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အသေးစိတ် ရေးဆွဲခဲ့သည်။
အဆိုပါ စာတမ်းသည် ယခုအစိုးရသစ်လက်ထက် ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်နေသည့် ဘက်စုံလွှမ်းခြုံသော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ်နှင့် သဏ္ဌာန်တူကြောင်း ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
၁၉၉၃ ခုနှစ် မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေးစာတမ်း ရေးဆွဲပြီး နောက်ပိုင်းတွင် ၁၉၉၈ ခုနှစ်၌ ပညာရေး မြှင့်တင်မှုများ ပြန်လည် စတင်ခဲ့ပြန်သည်။ ယင်းအစီအစဉ်ကို အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်း (၂၀၀၀-၂၀၀၃) ဟု သတ်မှတ်ခဲ့ပြီး ပညာရေးကဏ္ဍ စီမံအုပ်ချုပ်ရေးပိုင်း အပါအဝင် ပြောင်းလဲမှုများ ထပ်မံဆောင်ရွက်ခဲ့သည်။
သတိပြုရမည်မှာ အဆိုပါ အထူးလေးနှစ် စီမံကိန်းသည် ၁၉၉၃ ခုနှစ်က ပြုလုပ်ခဲ့သော မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စာတမ်းအပေါ် မူတည် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အစိုးရ၏ မူဝါဒအတိုင်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ယင်းစာတမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ရှင်းပြသည်။
ယင်းနောက်ပိုင်းတွင် ထပ်မံဆောင်ရွက်ခဲ့သည့် နှစ် ၃၀ ရေရှည် ပညာရေး စီမံကိန်းသည်လည်း အဆိုပါစာတမ်းကို အခြေခံခဲ့ခြင်း မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ပညာရေး ပြောင်းလဲမှု စနစ်ဟောင်းများအရ မြန်မာ့ပညာရေးတွင် လှိုင်းတံပိုး အထန်ဆုံး နှစ်ကာလများသည် ယင်း ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် ကြားကာလတစ်ဝိုက် ဖြစ်ပြီး လက်ရှိ မြန်မာ့ပညာရေး နိမ့်ကျနေခြင်းသည် အပြောင်းအလဲများသော အစိုးရမူဝါဒ များကြောင့်ဟု လုပ်သက်ရင့် ပညာရေး ဝန်ထမ်းများက ယူဆကြသည်။
လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်သည် နှစ် ၃၀ စီမံကိန်း၏ ပထမနှစ်တို ငါးနှစ် စီမံကိန်းတွင် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာနက အဆိုပါ စီမံကိန်းအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားရန် စီစဉ်ထားသည်။
“ဒီနှစ်ရှည် စီမံကိန်းမှာလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့ ပြောင်းလဲမှုတွေ မထည့်ရင် အရင်အဆင်မပြေခဲ့တဲ့ ပညာရေး မြှင့်တင်မှုတွေအတိုင်း ကျရှုံးသွားနိုင်တယ်” ဟု လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။

ဂီယာတင်ဦးမည့် ပညာရေး

“တန်ဖိုးကြီးမားသော ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင် ယဉ်ကျေးမှု အနုပညာ တန်ဖိုးများကို အခြားယဉ်ကျေးမှုများက ကျူးကျော် ဝင်ရောက် ဖျက်ဆီးလာလျှင် ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းသိမ်း မြှင့်တင်နိုင်တဲ့ မြန်မာ့ပညာရေး ဖြစ်ဖို့” ဟု အဆိုပါ ပညာရေး ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတကြီးက ထပ်မံ ပြောကြားသွားခဲ့သည်။
ယင်းသို့သော ပညာရေးစနစ် ဖြစ်ရန် အရေးတကြီး လိုအပ်ကြောင်းကိုလည်း ၎င်းက ပထမဆုံးအကြိမ် အသိပေး ပြောကြားသွားသည်။

သို့သော် လက်တွေ့တွင်မူ မြန်မာ့ပညာရေးကို ကျောင်းသူ၊ ကျောင်းသူများ ကိုယ်တိုင် အားလျော့နေကြပြီး ဆရာ၊ ဆရာမများက အလိုမကျ ဖြစ်နေသေးသည်။
“ဒီကဘွဲ့ရပြီးလည်း ဘာမှသုံးလို့မှ မရတာ။ ရထားတဲ့ ဘွဲ့လက်မှတ် ပျောက်သွားတာတောင် ပြန်မရှာချင်တော့ဘူး” ဟု မြန်မာနိုင်ငံတွင် အဝေးသင်တက္ကသိုလ် ဘွဲ့ရရှိပြီး မလေးရှားနိုင်ငံတွင် MBA ဘွဲ့ သင်ကြားရယူခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရရှိထားသော ဘွဲ့လက်မှတ်အပေါ် ၎င်းကဲ့သို့ သဘောထားရှိသူ လူငယ်ဦးရေသည် မြန်မာနိုင်ငံတွင် ရေတွက်မကုန်အောင် ကျန်ရှိနေသေးသည်။ တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာနှင့် စိတ်ဝင်စား သင်ယူလိုသည့်ဘာသာ ကွာခြားချက်ရှိသော လူငယ်များစွာလည်း ရှိနေသေးသည်။
ယင်းအပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသော လူငယ်များ၊ အခြေခံပညာတွင် လေးတန်း၊ ရှစ်တန်းနှင့် ကျောင်းထွက်ကာ မိသားစု ဝမ်းရေးအတွက် လှုပ်ရှားနေသော ကလေးသူငယ်များအတွက် ပညာဆက်လက် သင်ယူခွင့် မူဝါဒများ ပညာရေး ဝန်ကြီးဌာနက ချမှတ်ပေးရန် လိုအပ်နေသည်။
ယခုအချိန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်နေသည့်အတွက် အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများစွာကို ကျောင်းပြင်ပ ရောက်ရှိနေသော လူငယ်များ တက်ရောက်ရန် မူဝါဒများ ချမှတ်ကာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ရမည့် အချိန်ကာလလည်း ဖြစ်သည်။
သို့သော် ပညာရေးဝန်ကြီးဌာနက ဆက်လက်ထွက်ရှိမည့် ပညာရေးဆိုင်ရာ ဥပဒေများကို စောင့်ဆိုင်း နေကြရသည်။ ကျန်ရှိနေသေးသော အဆင့်မြင့် ပညာရေး ဥပဒေ၊ အမျိုးသား ပညာရေး ဥပဒေ အပါအဝင် အခြားပညာရေးဆိုင်ရာ ဥပဒေများစွာ ထွက်ရှိပါမှ ပညာရေး ဝန်ကြီးဌာန၏ စီမံကိန်းများ အကောင်အထည် ဖော်မည်ဆိုလျှင် အချိန်ပိုကြာမည်။ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ပြိုင်ချိန် နောက်ကျသွားမည်။ အမီပြေးရမည့် အချိန်တွင် တစ်ဆင့်ထပ်နှိမ့်၍ မရတော့ပါ။
“လတ်တလော ပြောင်းလိုက်ရင် သိသာသွားမယ့် ပညာရေးစနစ်တွေ ရှိတယ်။ အဲဒါတွေကို အရင်ပြောင်းလိုက်ရင် ဆယ်စုနှစ်အထိ အချိန်ယူစရာ မလိုတော့ပါဘူး” ဟု ပျိုးပင်ပညာရေး ဖောင်ဒေးရှင်း၏ ပညာရေး တာဝန်ခံ ဦးအောင်ကျော်သိန်းက ပြောကြားသည်။

လက်ရှိ ပညာရေးစနစ်တွင် လတ်တလော ပြောင်းလဲပစ်ရမည့် အပိုင်းတွင် စာမေးပွဲစနစ်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်နှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေး အသုံးစရိတ်ကို အဆများစွာ ထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရေး လေ့လာစောင့်ကြည့်သူများက အကြံပြုထားသည်။
ထပ်မံ၍ ပြုပြင်ရမည့် အပိုင်းများစွာ ကျန်ရှိနေပါသေးသည်။ ပညာရေးစနစ်အတွက် အဓိက မူဝါဒ ပြင်ဆင်ရမည့် အပိုင်းသည် ပညာရေး ဝန်ကြီးဌာနသာဖြစ်ပြီး လက်တွေ့အကောင်အထည် ဖော်ရမည့် ပုဂ္ဂိုလ်များမှာ ဆရာ၊ ဆရာမများသာ ဖြစ်သည်။
ယင်းကြောင့် ပြုပြင်ပြင်ဆင်ပေးရမည့် ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများကို လုံလောက်သော လစာငွေကြေး၊ စွမ်းဆောင်ရည် သင်တန်းများဖြင့် အရေးတကြီး ပြန်လည် ကြီးကြပ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ထိုနည်းတူ အဆင့်မြင့် ကဏ္ဍတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ် သော သုတေသန လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်ထားသော အာမခံချက်ရှိသော ဘွဲ့လက်မှတ်များပေးရန် အမြန်ဆုံး ပြင်ဆင်ထားသင့်ကြောင်း ပညာရေး လေ့လာ စောင့်ကြည့်သူတိုင်းက သုံးသပ်ကြသည်။
ယင်းလိုအပ်ချက်များကို အကောင်အထည် မဖော်ဘဲ ပညာရေး ပြောင်းလဲမှုများ ဆောင်ရွက်လျှင် ထိရောက်မှု မရှိသော ပညာရေးစနစ်သစ် တစ်ခုသာ ပေါ်ပေါက်လာပြီးယခင် ၁၉၉၀ ခုနှစ် နှောင်းပိုင်း ပညာရေး မြှင့်တင်မှုများအတိုင်း ကျရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းရပါသည်။
အထူးသဖြင့် လူပြောင်းတိုင်း မူဝါဒ မပြောင်းလဲသင့်သော ကဏ္ဍသည် ပညာရေးကဏ္ဍပင် ဖြစ်ရာ ပညာရေးဆိုင်ရာ အဆင့်မြင့် အရာရှိများ မည်သို့ပင် ပြောင်းလဲစေကာမူ တိကျခိုင်မာသော မူဝါဒ မပြောင်းလဲရန် အလွန်အရေးကြီးလှသည်။

သမ္မတကြီးကိုယ်တိုင် ပညာရေးစနစ် အားနည်းချက်များကို ဝန်ခံပြီး ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းကာ နိုင်ငံကို တန်းဖိုးထားချင်စိတ်ရှိသော လူငယ်များ ပေါ်ပေါက်လာမည့် ပညာရေးစနစ် တစ်ခုကို အကောင်အထည် ဖော်နေသည့်အတွက် အလားအလာကောင်းများ ထပ်မံတွေ့မြင် လာမည်ဟုလည်း မျှော်လင့်ရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် မြန်မာ့ပညာရေးအတွက် စိန်ခေါ်မူများစွာ ရင်ဆိုင်နေရပြီး လာမည့် ဆယ်စုနှစ်အတွက် ကြိုတင်ခန့်မှန်း တွက်ဆရန်ပင် ခက်ခဲသည့် အချိန်ကာလတစ်ခု ဖြစ်နေသည်။
ပညာရေးလောက အပြောင်းအလဲ၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ပညာရေး မျိုးဆက်တစ်ဆက်ကို တွက်ယူရသည့်အတွက် လာမည့် ဆယ်စုနှစ်လွန် နှစ်များကိုသာ ဆက်လက် စောင့်ကြည့်ရပါဦးမည်။

လဲ့ရည်မြင့်
>>>ဆက်ဖတ်ရန်>>> >>