Friday, October 23, 2015

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၃) အသိပညာမျိုးဆက်ကို ပျိုးထောင်၊ အသိပညာစီးပွားရေးကို လက်ဆင့်ကမ်းခြင်း

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၃) အသိပညာမျိုးဆက်ကို ပျိုးထောင်၊ အသိပညာစီးပွားရေးကို လက်ဆင့်ကမ်းခြင်း

ကောင်းမွန်သော လူ့အဖွဲ့အစည်းဆိုသည်မှာအဘယ်နည်း။ ဘာကြောင့် ပညာ သင်ကြားပေးနေ ပါသနည်း။ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ရန်မည်သည့်အရာများကို မည်သို့မည်ပုံ သင်ကြားရ ပါမည်နည်း။ ((-မဲလဘုန်းမြို့(၂၀၁၅ ခုနှစ် ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့ ပထမဆုရ)၊ ကော်ဖီဆိုင်တစ်ဆိုင်တွင်အခမဲ့ ဖြန့်ဝေသော ပို့စကဒ်ပါစာသားများ…)))
ပညာရေးကို လူတိုင်းလိုလိုပင် စိတ်ပါဝင်စားတတ်ကြပါသည်။ ညနေခင်းဝိုင်းဆုံပွဲများတွင်ဖြစ်ေ၊ ဖိုရမ်များနှင့် အစည်းအဝေးများတွင်ဖြစ်စေ မတူသော အမြင်များဖြင့်အကြီးအကျယ် အငြင်း ပွားဖွယ်ရာ ခေါင်းစဉ်တစ်ခုလည်း ဖြစ်၏။ ဤသို့ ဖြစ်ရသည့် အကြောင်းမှာ ရိုးရှင်းလှပါသည်။လူပုဂ္ဂိုလ်၏ ပညာရေး အဆင့်အတန်း၊ သူ၏ အလုပ်အကိုင်နှင့် ၀င်ငွေလစာနှုန်းထားတို့မှာ ဆက်စပ်နေတတ်သည့်အတွက်ပင် ဖြစ်သည်။ ဤမျှသာမကသေးပါ။ ရိုးရာဓလေ့များ၊ လူမှုစံတန်ဖိုးများနှင့် ယဉ်ကျေးမှုအမြင်များကို လက်ဆင့်ကမ်း ပေးသည့် အဓိကနေရာမှာလည်း ပညာရေးနယ်ပယ်ပင် မဟုတ်ပါလား။ curriculumပင်မ သင်ရိုးညွှန်းတမ်းများနှင့် နောက်ခံလွှာ သင်ရိုးညွှန်းတမ်းများ hiddencurriculum များက ဤတာဝန်ကို ယူထားရသည်။ လိုလားအပ်သော လူ့အဖွဲ့အစည်းကို ပျိုးထောင်ပေးနိုင်ခြင်းဖြစ်၏။နိုင်ငံသား အမှတ်အသား သရုပ် indentity ကို အဓိက ပုံဖေါ် တည်ဆောက်ပေးနေသည်မှာလည်း စာသင်ကျောင်းများပင်ဖြစ်ပြန်သည်။ ကလေးငယ်၏ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုအတွက် အဓိက ပင်မဌာနများလည်းဖြစ်သည်။
သြစတြေးလျား ပညာရေးစနစ်မှာ လွန်စွာ ကြီးများ ကျယ်ပြန့်လှသည်။နို့စို့အရွယ်ကပင် တစ်သက်တာ (တရားဝင်) ပညာရေးခရီး စတင်သည်ဖြစ်၏။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်နှင့်အညီ ကလေးငယ်ဦးရေ၏ ၈၆ ရာခိုင်နှုန်းအထိ မူကြိုပညာရေးကို အသက် ၃ နှစ်ခန့်မှ စတင်တက်ရောက်ကြသည်။အများစုမှာ အသက် ၃ နှစ် မတိုင်မီကတည်းကပင် နေ့ကလေးထိန်းဌာနများတွင် နေခဲ့ကြဖူးသူများဖြစ်သည်။မူလတန်းပညာရေးကို စတင်နိုင်ရန် လိုအပ်သော စွမ်းရည်အချို့ကို ပြင်ဆင်လေ့ကျင့်ခြင်းဟုဆိုရမည်။ အသက် ၅ နှစ်ကျော်၊ ၆ နှစ် အရွယ်ခန့်တွင် မူလတန်းပညာရေးစတင်ပါသည်။ (ပြည်နယ်အလိုက်ကွဲပြားသေးသည်။) ဆရာများ၏ လေ့ကျင့်သင်ကြားမှုနှင့် ယဉ်ပါးစေရန်၊ နားထောင်တတ်စေရန်၊စာသင်ခန်းတွင်း ညွှန်ကြားချက်များကို လိုက်နာ လုပ်ဆောင်တတ်စေရန်၊ သင်ယူလေ့လာမှုတွင် စိတ်ပါလက်ပါကိုယ်တိုင်ပါဝင်တတ်စေရန်… အစရှိသည်တို့ကို မူကြိုတွင် လေ့လာကြရခြင်းဖြစ်သည်။
တရားဝင် မသင်မနေရ ပညာရေး Compulsory education မှာ မြောက်ပိုင်းဒေသကြီးNorthern Territory, နယူးဆော့သ်ဝေးလ်းစ် New South Wales ပြည်နယ်နှင့် သြစတြေးလျားမြို့တော်ဒေသကြီး Australian Capital Territory တို့တွင် အသက် ၁၅ နှစ်အထိ ဖြစ်သည်။ ဗစ်တိုးရီးယားပြည်နယ်Victoria, တောင်သြစတြေးလျားပြည်နယ် South Australia, တို့တွင် အသက် ၁၆ နှစ်အထိဖြစ်ပြီးကွင်းစလန်ပြည်နယ် Queensland, တက်စမေးနီးယားပြည်နယ် Tasmania, နှင့် အနောက်ပိုင်း သြစတြေးလျားပြည်နယ်Western Australian တို့တွင် အသက် ၁၇ နှစ် အထိ မသင်မနေရ ပညာရေးအဖြစ် သတ်မှတ်ထားရှိသည်။ (အခြေခံပညာကျောင်းတွင်ဖြစ်စေ၊သက်မွေးသင်တန်းတွင် ဖြစ်စေ (မဖြစ်မနေ) ဥပဒေအရ တက်ရောက်နေရမည့် အသက်သတ်မှတ်ချက်ဖြစ်၏။)ပညာရေးအတန်းများ တက်ရောက်ခဲ့ခြင်းနှင့် လုပ်အားလစာဝင်ငွေ တိုက်ရိုက် အချိုးကျမှု ရှိနေကြောင်းသုတေသနက ထောက်ပြထားပါသည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ယူကေနှင့် သြစတြေးလျားနိုင်ငံတို့တွင်လေ့လာခဲ့ခြင်းဖြစ်သည်။ အထက်တန်းအဆင့်တွင် တစ်နှစ်ခန့် ပို၍ တက်ရောက်ခွင့် ရရှိခဲ့သူတို့မှာနှစ်စဉ် ၀င်ငွေလစာ ၁၀ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ပိုမို ရရှိကြခြင်းဖြစ်သည်။ဘွဲ့ဒီဂရီ ရရှိသူတို့မှာ လစာဝင်ငွေ ပိုမို ခံစားခွင့် ရှိနေခြင်းကိုမူ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်အံအားသင့်ဖွယ်ရာ မရှိပါ။ မျိုးဆက်များနှင့် ဆက်စပ်နေတတ်ပါသည်။ ပညာတတ်ဘွဲ့ရ မိဘများ၏သားသမီးတို့မှာ ဘွဲ့ရပညာတတ်ဖြစ်နိုင်ချေ ပိုမိုရှိနေတတ်သည်။ ၀င်ငွေ ပိုကောင်းတတ်သည်။၂၀၁၀ ခုနှစ်တွင် လေ့လာမှု စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၅၄ နှစ်အရွယ် ရှိသူများတွင် အထက်တန်းအထက်ဆင့် ၁၂ တန်း ပညာရေးအောင်လက်မှတ် မရရှိခဲ့သူများမှာ ဘွဲ့ရများနှင့် နှိုင်းယှဉ်သော်အလုပ်လက်မဲ့ဖြစ်နိုင်ချေနှင့် အလုပ်လက်မဲ့ဖြစ်နေခြင်းမှာ ၂ ဆ ခန့်အထိ မြင့်မားနေတတ်သည်။
knowledge economy
     သြစတြေးလျားနိုင်ငံ၏အနာဂတ်စီးပွားဖွံ့ဖြိုးမှုမှာ စမတ်ကျသောလူဦးရေအပေါ် မှီတည်နေပါသည်။ အခြားသောဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စေရန်ဖြစ်သည်။ ကျောက်ခေတ် စိုက်ပျိုးမွေးမြူရေးအခြေခံစီးပွားရေးစနစ်မျှနှင့်တော့ ၂၁ ရာစုကမ္ဘာတွင် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်တော့ပါ။လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုတွင် သြစတြေးလျားနိုင်ငံသားအများစုကြီးမှာ အဆင့်မြင့်ပညာတက္ကသိုလ်များတွင်ဖြစ်စေ၊ သက်မွေး သိပ္ပံကောလိပ်ကျောင်းများ technical and furthereducation (TAFE) တွင်ဖြစ်စေ တက်ရောက်သင်ကြားသူဦးရေ ပိုမိုတိုးတက်လာခဲ့သည်။ ချမ်းသာသူများအတွက်သာသီးသန့် မဟုတ်တော့ပါ။ ကျောင်းပြင်ပ ပညာရေး၊ လုပ်ငန်းခွင် စွမ်းရည်မြှင့်ပညာရေးသင်တန်းများလည်းတိုးပွားလာခဲ့သည်။ အွန်လိုင်း ဘွဲ့သင်တန်းများလည်း အီလက်ထရောနစ်၊ အင်တာနက်ခေတ် ထိပ်တန်းနိုင်ငံဖြစ်သည်နှင့်အညီတိုးပွားနေဆဲဖြစ်သည်။ နေ့ကျောင်းတက်စရာမလိုဘဲ အလုပ်လုပ်ရင်းပင် တက္ကသိုလ်များ၏ ပုံမှန်ဘွဲ့သင်တန်းအရည်အသွေးအတိုင်း ၁၀၀ ရာခိုင်နှုန်းပြည့်မီသော ပညာကို အွန်လိုင်းစနစ်ဖြင့်မိမိရွာ (သို့မဟုတ်) လုပ်ငန်းခွင်နေရာများမှ တိုက်ရိုက် လေ့လာနိုင်ကြခြင်းဖြစ်သည်။ဆယ်ကျော်သက်များမှသည် အသက် ၅၀ ကျော်၊ ၆၀ တန်းများလည်း အွန်လိုင်းဘွဲ့သင်တန်းများတွင်တက်ရောက်နိုင်ကြသည်မှာ ပညာခေတ်၏ သရုပ်သကန်ဟု ဆိုရမည်။
အသိပညာမျိုးဆက်၊ အသိပညာစီးပွားရေး Knowledgegenerations and Knowledge economy
၂၁ ရာစုတွင် အသိပညာမှာ (လူသုံးကုန်ပစ္စည်း တစ်ခုအနေဖြင့်)ပိုမို အရေးပါလှသော ခေတ်ဆီသို့ ရွေ့လျားလာခဲ့ပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၅၀ ကာလအတွင်းလူတို့ အလုပ်လုပ်ကိုင်ပုံ၊ အလုပ်အကိုင် အမျိုးအစားများနှင့် စီးပွားရေး အခြေခံအဆောက်အအုံတို့မှာများစွာ ပြောင်းလဲလာခဲ့၏။ အသိပညာ အခြေပြုစီးပွားရေးခေတ် knowledge based economy ဟုဆိုကြသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းကြီး(OECD) က ၁၉၉၆ ခုနှစ်တွင် အခြေခံလူသုံးကုန် ပစ္စည်းအသစ် တစ်မျိုးအနေဖြင့် “အသိပညာ” ဆိုသောပစ္စည်းသစ်တစ်မျိုး ရောက်ရှိလာသည့် ခေတ်ကို ရွေ့ လျားလာနေပြီဖြစ်ကြောင်း ထုတ်ဖေါ် ကြေညာခဲ့သည်။
အသိပညာအခြေပြု စီးပွားရေးknowledge based economy ဆိုသော ဝေါဟာရကို ဖွင့်ဆိုရာဝယ် ဗဟုသုတ၊ အသိပညာနှင့် နည်းပညာမှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုအရေးပါလှကြောင်းကို အပြည့်အ၀ အသိအမှတ်ပြုလာရခြင်းဖြစ်သည်။ လူသား၏ ရှင်သန်မှု (လူသားအရင်းအနှီး) ထဲတွင် အခရာကျလှသော ဗဟုသုတ၊ အသိပညာနှင့်နည်းပညာတို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အစဉ်အမြဲပင် အချက်အချာ ကျခဲ့သည်။သို့ရာတွင် လွန်ခဲ့သော နှစ် အနည်းငယ်ကမှ အဓိကကျနေကြောင်းကို ပိုမို သိမြင်လာကြသည်။အသိအမှတ်ပြုလာကြသည်။ အသိပညာအဓိက ၀န်ဆောင်မှုကဏ္ဍများတွင် ပညာရေး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်တို့မှာပိုမို တွင်ကျယ် အရေးပါလာတော့သည်။ OECD နိုင်ငံများ၏ အမျိုးသားစုစုပေါင်း ထွက်ကုန်Gross Domestic Product GDP ၅၀ ရာခိုင်နှုန်းမှာ အသိပညာအဓိက စီးပွားရေးကဏ္ဍဖြစ်ကြောင်းသုံးသပ်ပါသည်။”   (OECDအစီရင်ခံစာ၊ ၁၉၉၆ ခုနှစ်)
အသိပညာကို ဖန်တီး၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကိုအခြေပြုထားသည့် စီးပွားရေးမှာ (ရေနံ၊ အမဲသား၊ အာလူး၊ စပါး စသည်တို့ကဲ့သို့) ထွက်ကုန်ပစ္စည်းကိုအခြေပြုသော စီးပွားရေးများနှင့် ကွာခြားလှသည်တော့ မဟုတ်ပါ။ လူသားအရင်းအနှီးအပေါ် တည်မှီနေကြခြင်းမှာအတူတူပင် မဟုတ်ပါလား။ သတင်းအချက်အလက်ကို ကုန်စည်ကဲ့သို့ ဖလှယ်နေသည့် စီးပွားရေးကဏ္ဍတွင်-
-       သိသူ-လုပ်တတ်သူ။ လုပ်သားတစ်ဦး၏ လူမှုဆက်ဆံရေး၊ အဆက်အသွယ်များနှင့်ပတ်သက်နေသည့် အရည်အသွေးနှင့်အရေအတွက်မှာ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် နတ်ဝါ့က်များကို အမှီသဟဲ ပြုထားရသည့် စီးပွားရေးအတွက်အရေးပါလှပါသည်။
-       အသိပညာ၊ဗဟုသုတ ရှိပြီး နည်းပညာ စွမ်းရည်ပြည့်ဝခြင်း (မိုက်ခရို အီလက်ထရောနစ်နည်းပညာ၊ ကွန်ပျူတာ၊စက်ရုပ်များ၊ တယ်လီကွန်မြူနီကေးရှင်း စွမ်းဆောင်ရည်များ)၊ ပစ္စည်းသစ် ထုတ်လုပ်နိုင်စွမ်း၊ဇီဝနည်းပညာနှင့် သွားလာဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ပုံစံသစ်များ။
-       ပြောင်းလဲလာနေသည့်မိသားစု ပုံစံသစ်များ၊ အိမ် - အလုပ်မျှခြေ၊ နတ်ဝါ့က်နှင့်သာ ချိတ်ဆက်ထားနိုင်ပါက မည်သည့်နေရာ၊မည်သည့်အချိန်တွင်မဆို ၀န်ထမ်းများအနေဖြင့် အလုပ်လုပ်နိုင်ကြခြင်း၊ အချိန်နှင့် နေရာအရလုပ်သားဝန်ထမ်း ပုံစံအသစ်များ ထွက်ပေါ်လာခြင်း၊ အချိန်ပြည့်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်း၊စီမံချက်အရ ကဏ္ဍအလိုက်၊ စပါယ်ရှယ်လစ် ၀န်ထမ်း၊
-       စွမ်းဆောင်ရည်မရှိသော၊ စွမ်းဆောင်ရည် မပြည့်ဝသောသူများအနေဖြင့် အဆင့်မြင့် စွမ်းဆောင်ရည် လိုအပ်သောလုပ်ငန်းခွင် နေရာတွင် ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိပါ။ မိမိအလုပ်ပိုင်းတွင် စဉ်ဆက်မပြတ်စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှာ မဖြစ်မနေ လိုအပ်လာသည်။ ဆက်တိုက် လေ့လာမှုနှင့် သင်တန်းများမှာဝန်ထမ်းအားလုံး (မူဝါဒ၊ စီမံ၊ နည်းပညာ၊ အောက်ခြေဆိုင်ရာအားလုံး) အတွက် လိုအပ်သည်။ မိမိ၏အရည်အသွေးကို အစဉ်သဖြင့် တိုးမြှင့်နေရမည်။ စွမ်းရည်နိမ့်ပါက လစာနိမ့်မည်။
ဤနေရာတွင် `ပညာရေး အရည်အသွေး မြင့်ခြင်း` ကို ဆွေးနွေးလိုပါသည်။အထူးသဖြင့် ကမ္ဘာရွာအမှု ပြုထားပြီဖြစ်သော စီးပွားရေးအသစ်တွင်သြစတြေးလျားနိုင်ငံသားများ အလုပ်လုပ်ရာတွင် လိုအပ်သော စွမ်းရည်သစ်များ new skills များရှိနေသည်။ စဉ်ဆက်မပြတ် အသစ် ပြင်ဆင်တည်ဆောက်နေရသည့် စီးပွားရေးစနစ်၏ လိုအပ်ချက်များကိုလိုက်ပါ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပညာရေးစနစ်ကိုလည်း လိုက်ပါပြောင်းလဲ ပြင်ဆင်ပေးရန်လိုအပ်ချက်ကို သံသယရှိစရာ မလိုပါ။ အရှိန်နှုန်းထားဖြင့် ပြောင်းလဲနေသော လုပ်အားဈေးကွက်၊မကြုံစဖူး တိုးတက်လာနေသည့် နည်းပညာနှင့် အသိပညာပေါက်ကွဲမှုတို့နှင့် အညီ ပညာရေးကို ပြင်ဆင်ရခြင်းဖြစ်သည်။
ပညာခေတ်တွင် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် စာသင်ကြားခြင်း
   ကမ္ဘာမှုပြုထားခြင်းခံရသောစီးပွားရေးစနစ်များကို အလုပ်ရှာဖွေလျက်ရှိသည့် ရွှေ့လျားနေသော လူထုများ၊ လူနေမှု ပုံစံများနှင့်ရပ်ရွာများက ပုံဖေါ်ပေးလျက်ရှိနေသည်။ ပြည်နယ်များအတွင်း၊ အပြင် ရွှေ့လျားနေသော လူထုကြီး၊နိုင်ငံအတွင်းအပြင် ရွှေ့လျားနေသော သူများ။ ရှေးအခါက အစဉ်အလာအရ လုပ်ကိုင်နေခဲ့သော လုပ်ငန်းကိုင်ငန်းများမှာပျောက်ကွယ်လို့ လာနေသည်။ စက်မှုလုပ်ငန်းသစ်များ၊ စီးပွားရေးပုံစံသစ်များ ပေါ်ထွက်လာသည်။ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် ကလေးငယ်များက မိမိတို့ကိုယ်ကိုယ် သရုပ်ပုံဖေါ် တည်ဆောက်နေကြပြီ။ကမ္ဘာ့နေရာအနှံ့အပြားကို အွန်လိုင်းများ၊ မီဒီယာများမှတဆင့် ကလေးငယ်များလည်း ၀င်ရောက်လည်ပတ်တတ်ပြီ။စွမ်းရည်သစ်များ၊ အသိသစ်များကို နေ့စဉ်နှင့် အမျှ ရရှိနေသော ကလေးငယ်များနှင့် မိဘများ၊ကျောင်းဆရာဆရာမများက ရင်ဆိုင်ရလျက်။ ကိုယ်ပိုင်အိုင်ဒန်ဒတီ၊ မိသားစု တည်ဆောက်ပုံ၊ ဆင်းရဲမွဲတေမှုနှင့်လူမှုရေး ဗဟိုချက် ဖရိုဖရဲဖြစ်ခြင်းများဖြင့် ကြုံတွေ့နေကြရပြီ။
နှစ် ၂၀၀ ကျော်က စက်မှုလယ်ယာခေတ် လူ့အဖွဲ့အစည်းအတွက်မျှသာတည်ထွင် အသုံးပြုခဲ့သည့် စာသင်ကျောင်းနှင့် ပညာရေးစနစ်ကို ပြင်ဆင်ရတော့မည်။ လုံးဝ ကွဲပြားခြားနားသောစွမ်းရည်သစ်များနှင့် အလုပ်လုပ်ကိုင်ပုံ နည်းလမ်းအသစ်တို့ဖြင့် ကျောင်းသားများကို လေ့ကျင့်ပျိုးထောင်ပေးရတော့မည်။ အထူးသဖြင့် ဗဟုသုတများ၊ စွမ်းရည်များကို စာတွေ့၊ သရုပ်ပြ၊ ဆွေးနွေးခြင်း၊မာလတီမီဒီယာ ဆက်သွယ်ရေး နည်းလမ်းများဖြင့် ပြင်ဆင်ပေးရတော့မည်။
ပြဿနာ၊ အခက်အခဲများကိုဖေါ်ထုတ်တတ်ခြင်း၊ သိမ်မွေ့ညင်သာစွာ၊ ပရိယာယ်ကြွယ်ဝစွာဖြင့် ဖြေရှင်း တတ်ခြင်း၊ အုပ်စုတွင်းပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ လူမှုဆက်ဆံရေးနှင့် တင်ပြဆွေးနွေးတတ်ခြင်း စွမ်းရည်ပြည့်ဝခြင်း…စသည်တို့မှာ မရှိမဖြစ် စွမ်းရည်များဖြစ်လာသည်။ သတင်းအချက်အလက် ရင်းမြစ်ကို သိနားလည်ရန်လည်းလိုအပ်လာသည်။ (အွန်လိုင်းရင်းမြစ်များ၊ လက်စွဲစာစောင်၊ အကူအညီ တောင်းခံ တတ်ခြင်း၊)။ဤစွမ်းရည်များကို ရရှိလာစေရန် သြစတြေးလျား စာသင်ကျောင်းများက သင်ရိုးညွှန်းတမ်း အသစ်များကိုသင်ကြားပေးရုံ မျှသာမကသေးဘဲ သင်ကြားနည်းလမ်းအသစ်များ၊ မာလတီ မီဒီယာများ ကိုလည်း အသုံးပြုရသည်။ထို့အပြင် လူငယ်များအနေဖြင့် ဤစံနှုန်းသစ်၊ စွမ်းရည်သစ်များကို လေ့လာ ကြရခြင်းနှင့်အတူပိုမိုကျယ်ပြန့်လာနေသည့် လူမှုရေးနှင့် ယဉ်ကျေးမှု အပြောင်းအလဲများတွင်လည်း မိမိကိုယ်ကိုယ်ယုံကြည်ချက်ဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ကြရတော့မည်။ လူမူဆက်ဆံရေး ပုံစံသစ်များ၊ယဉ်ကျေးမှုစံတန်ဖိုးသစ်များ၊ အသိသစ်များ၊ စွမ်းရည်သစ်များ ရရှိစေရန် ကြိုးပမ်းတတ်ခြင်း၊မိမိကိုယ်တိုင် သင်ယူလေ့လာတတ်ခြင်းနှင့် အသုံးမ၀င်တော့သော အယူအဆဟောင်းများကို စွန့်လွှတ်တတ်ခြင်း၊မတူကွဲပြားသော သူများနှင့် ညှိနှိုင်း နေထိုင်တတ်ခြင်းတို့ ပါရှိသည်။
ကျောင်းပညာရေးကို လက်လှမ်းမီခြင်းနှင့် သင်ကြားခွင့်ရရှိခြင်းတို့မှာလူမှုစီးပွားနောက်ခံ အခြေအနေများနှင့် ဆက်စပ်လျက်ရှိသည်။ ဤသည်မှာ အစဉ်အမြဲပင်ဟု ဆိုနိုင်သည်။မိမိတက်ရောက်သောကျောင်းနှင့် မိသားစုနောက်ခံတို့မှာ ကျောင်းသား၏ ပညာရည် တိုးတက်မှုအပေါ်တွင်များစွာ သက်ရောက်နိုင်ပါသည်။ အဆုံးစွန်အားဖြင့် အလုပ်အကိုင်များနှင့် ၀င်ငွေရရှိမှုအထိလည်းဆက်စပ်နေတတ်သည်။ အစဉ်သဖြင့်ပင် မြန်မြန်ဆန်ဆန်နှင့် အကြီးအကျယ်  ပြောင်းလဲလျက်ရှိနေသော စီးပွားရေးစနစ်တွင် အလုပ်အကိုင်များစွာတို့ကိုဆုံးရှုံးရလျက်ရှိသည်။ အတိတ်ကာလတွင် စွမ်းရည် သိပ်များများစားစား မလိုအပ်သည့် လုပ်သားအင်အားများစွာတို့နေရာတွင် ဘက်စုံထောင့်စုံတွင် ထူးချွန်ထက်မြက်သော လူနည်းနည်းသာ လိုအပ်လို့လာနေသည်။အခြေခံလုပ်သားများ၏ အသိပညာနှင့် စွမ်းဆောင်ရည်များလည်း တိုးတက်ရန် လိုအပ်နေခဲ့ပြီ။
လွန်ခဲ့သော နှစ် ၁၀၀ ကာလများတွင်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာရေးသာ အဓိကဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။နောင် နှစ် ၁၀၀ တွင်လည်း ပညာရေးကသာလျှင် စီးပွားရေးကို ဆက်လက် မောင်းနှင်နေပါဦးမည်။
သိန်းနိုင် (မောက္ခပညာရေး)ဆက်လက်ဖေါ်ပြပါမည်။ (သံလွင်တိုင်းမ်ဂျာနယ်၊ ၁၂ စက်တင်ဘာ၊ ၂၀၁၅ မော်လမြိုင်မြို့)

(သံလွင်တိုမ်းဂျာနယ်၊ ၁၂ စက်တင်ဘာ ၂၀၁၅)

No comments:

Post a Comment