Friday, October 16, 2015

သင်ကြားရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေး

ပညာရေး အတွေးအခေါ်

သင်ကြားရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေး


သင်ကြားရေး လုပ်ငန်းများကို ယေဘုယျအားဖြင့် အပိုင်းသုံးပိုင်းခွဲခြား၍ လေ့လာနိုင်၏။ ပထမပိုင်းမှာ သင်ရိုးညွှန်းတမ်း အပိုင်းဖြစ်၍ ဒုတိယပိုင်းမှာ သင်ပြမှုအပိုင်းဖြစ်ပြီး တတိယပိုင်းမှာ စစ်ဆေးရေးအပိုင်း ဖြစ်သည်။
သင်ရိုးညွှန်းတမ်း
သင်ရိုးညွှန်းတမ်းကို "သင်ပြမှုအတွက် လိုအပ်မည့်လုပ်ငန်းများ ကြိုတင်စီမံခြင်း" ဟု အဓိပ္ပာယ် ကောက်ယူနိုင်သည်။ သင်ပြမှုကိုကား "ကြိုတင်စီမံထားသည့်အတိုင်း ဆောင်ရွက်ခြင်း" ဟု ဆိုနိုင် သည်။ ဤစကားရပ်နှစ်ခုတွင် ကြိုတင်စီမံခြင်းဟူ သောအချက်မှာ သင်ရိုးညွှန်းတမ်းလုပ်ငန်းအတွက် အလွန်အရေးပါသော အချက်ဖြစ်ပေသည်။
သင်ရိုးညွှန်းတမ်းတွင် ကျောင်းများ၌ သင်ပြမည့်ဘာသာရပ်အလိုက် အကြောင်းအရာများ ပါဝင်ပေ သည်။ ထိုမှတစ်ဆင့် သင်ရိုးမာတိကာများကို အသေးစိတ်ရေးဆွဲရပေသည်။ နောက်ဆုံးအဆင့်တွင် ကျောင်းဆရာတစ်ဦးက သင်ခန်းစာ တစ်ခုစီအတွက် သင်ကြားရေးအစီအစဉ်များကို ရေးဆွဲ၍သင်ပြ ရန်ပြင်ဆင်မှုများ ပြုလုပ်ရပေသည်။
သင်ရိုးညွှန်းတမ်းဟူသော ကြိုတင်စီမံခြင်းလုပ်ငန်းတွင် ရည်မှန်းချက် ချမှတ်ခြင်း၊ ရှင်းလင်းစွာ နားလည်စေခြင်း၊ ရေးသားပြုစုခြင်း၊ အဆင့်ဆင့် အတည်ပြုခြင်းစသည့် လုပ်ငန်းများ ပါဝင်ပါသည်။ ထိုမှတစ်ဆင့် သင်ရိုးမာတိကာ ရေးဆွဲရာတွင်လည်း အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်ရပေသည်။ အတန်းတွင်း သင်ကြားရေးအစီအစဉ်များကိုပင် ဆရာအချင်းချင်း ညှိနှိုင်းဆွေးနွေး၍ ရေးဆွဲမှသာ မိမိ သင်ကြားရမည့် အစီအစဉ်သည် မှန်ကန်သော အစီအစဉ် ဖြစ်ပေမည်။ ထို့ကြောင့် ကြိုတင်စီမံခြင်း လုပ်ငန်းကို အဆင့်ဆင့် လုပ်ဆောင်ရာ၌ ကျေကျေလည်လည် ဖြစ်သည်အထိ အထပ်ထပ်ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ပေသည်။ သို့မှသာ ရည်မှန်းချက်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သင်ပြမှု
သင်ပြမှုအပိုင်းသည် ကြိုတင်စီမံထားသည့်အတိုင်း ဆောင်ရွက်ရသော အပိုင်းဖြစ်သည်။ ဆရာတစ်ဦး က ကျောင်းသားများကို သတ်မှတ်ထားသည့်ကာလအတွင်း သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း သင်ကြားပြသရပေသည်။ ဤသို့ သတ်မှတ်ထားသည့် အစီအစဉ်များကို သတ်မှတ်ထားသည့်ဘောင် အတွင်း သာမန်ဆောင်ရွက်သွားရုံဖြင့်လည်း ပညာရေး ရည်မှန်းချက်များ အောင်မြင်မည်ဟု မဆိုနိုင် ပေ။ သင်ပြမှု ထိရောက်စေရေးအတွက် ဆရာ၏သင်ပြနည်းသည်လည်း အရေးကြီးပေသည်။ ဆရာ၏ သင်ပြနည်းကောင်းမွန်ပါမှ ကျောင်းသားများနားလည် သဘောပေါက်၍ တတ်မြောက်မည် ဖြစ်ပေ သည်။
ဟောပြောပို့ချနည်း၊ ဆွေးနွေးပို့ချနည်း၊ ကျောင်းသားများကိုယ်တိုင် တွေ့ရှိသည့်နည်းစသည့် သင်ပြ နည်းအမျိုးမျိုးကို သီအိုရီစာအုပ်များတွင် လေ့လာနိုင်ပေသည်။ ထိုလေ့လာမှုများကို အခြေခံ၍ မိမိ ကျောင်း၏ အခြေအနေနှင့် ကိုက်ညီသောနည်းကို လက်တွေ့ကျင့်သုံးနိုင်ရေးသည်သာ ပဓာနဖြစ်လေ သည်။
သင်ပြမှု၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများ နားလည်တတ်မြောက်ရေးပင် ဖြစ်သည်။ သို့သော် သတ်မှတ်ထားသော သင်ခန်းစာများကို နားလည်တတ်မြောက်ရုံသာမက မိမိတို့၏ လူမှု ပတ်ဝန်းကျင်တွင် အသုံးဝင်သော နိုင်ငံသားတစ်ဦး ဖြစ်လာစေချင်သေးသည်။ ထိုသို့ တတ်မြောက်စေ ချင်သော၊ ဖြစ်စေချင်သောအရာတို့မှာ များပြားလှပေရာ ဆရာအလုပ်ဖြင့် သာမန်အသက်မွေးသူအဖို့ ဧရာမဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သင်ကြားရေး အစီအစဉ်များကို ကြိုတင်ရေး ဆွဲပြင်ဆင်ထား၍ စနစ်တကျပို့ချတတ်သော ဆရာများအဖို့မူ ဖြစ်စေချင်သမျှကို ပုံကြီးချဲ့၍ ဝန်လေး နေစရာမလိုဘဲ၊ ဟောပြောနေစရာမလိုဘဲ ကျောင်းသားများ နားလည်တတ်မြောက်ရေးကိုသာ ဦးတည်၍ ကြိုးစားဆောင်ရွက်ကြပေသည်။ ထိုသို့ကြိုးစား ဆောင်ရွက်ကြသဖြင့် ကျောင်းသားများ၏ ပညာရပ်ပိုင်းနှင့် အပြုအမူပိုင်းများ တိုးတက်လာစေသည့်နည်းကို ထိရောက်သော သင်ပြနည်းအဖြစ် မှတ်ယူရပေမည်။
ထိုသို့ ထိရောက်သော သင်ပြနည်းကို စိစစ်ကြည့်သောအခါ ပုံစံအမျိုးမျိုးဖြင့် တွေ့နိုင်ပေသည်။ သို့သော် တူညီသောအချက်များကား ရှိပေသည်။ တူညီသည့် အချက်များမှာ  ကျောင်းသားများအား လိုအပ်သရွေ့ ရှင်းပြပြီးလျှင် သင်ရမည့်စာကို ကြိုတင်ဖတ်လာစေခြင်း၊ လေ့ကျင့်ခန်းများ ရေးသားဖြေ ဆိုစေခြင်း၊ စမ်းသပ်မေးမြန်းခြင်း၊ အမှားပြင်ဆင်ခြင်း စသည်တို့ကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်မည့် သင်ပြနည်းမျိုးကို ရှာဖွေအသုံးပြုခြင်းပင် ဖြစ်သည်။ မိမိ၏ သင်ကြားရေး အစီအစဉ်အရ ကျောင်းသား များဆောင်ရွက်ရမည့် လုပ်ငန်းကိုသဘောပေါက်အောင် ရှင်းလင်းသည်။ ကျောင်းသားများအား ၎င်းတို့ ၏လုပ်ငန်းကို တိတိကျကျ ဆောင်ရွက်ခိုင်းသည်။ ဆရာကချည်း ရှင်းပြ၊ ဖြေပြ၊ ဖတ်ပြလျှင် ဆရာသာ ကျွမ်းကျင်၍ တပည့်တတ်မြောက်မည် မဟုတ်ဆိုသည်ကို လက်ခံသည်။ ကာယဗလ ကြံ့ခိုင်ရေး သင်တန်းတွင် ဆရာကသာ တစ်ချိန်လုံးအလေးမ၍ ပြသနေလျှင် သင်တန်းသားများ ကာယဗလ ကြံ့ခိုင်မည်မဟုတ်သကဲ့သို့ပင်တည်း။ သင်ပြမှု လုပ်ငန်းတွင် သင်ပြနည်း ကောင်းမွန်ထိရောက်ရေး အတွက် အတန်း၏ အရွယ်အစားအလိုက် ကျောင်းသားများအား အစုများဖွဲ့၍လည်း သင်ကြားပေးကြ သည်။ ကျောင်းသားများ၏ လုပ်ဆောင်ချက်ကိုလည်း စဉ်ဆက်မပြတ် လေ့လာမှတ်သား၍ တိုးတက်မှု ရှိအောင် နှိုးဆော်ရင်း သင်ယူလေ့လာနည်းများနှင့် လေ့ကျင့်နည်းများနှင့် လေ့ကျင့်နည်းများ ချမှတ် ပေးကြပေသည်။
စစ်ဆေးရေး
စစ်ဆေးရေးအပိုင်း၌ သင်ယူသူတို့ တတ်မြောက်အောင်မြင်မှု၊ အသိဉာဏ်၊ ဝါသနာအထုံ၊ လူရည်လူ သွေး၊ စိတ်ဝင်စားမှု၊ ထင်မြင်ယူဆမှု၊ လုပ်ရည်ကိုင်ရည် စသည်တို့နှင့် ပတ်သက်သော စစ်ဆေးမှုများ အကျုံးဝင်၏။ သို့သော် တတ်မြောက်အောင်မြင်မှု စစ်ဆေးရေးမှာ အရေးအပါဆုံး ဖြစ်သည်။ ထို့ ကြောင့်တတ်မြောက်အောင်မြင်မှုကို အဓိကထား၍ နည်းအမျိုးမျိုးနှင့် စစ်ဆေးကြသည်။ သတ်မှတ် ထားသော စစ်ဆေးနည်းများတွင် အရေးခိုင်ခြင်း၊ အပြောခိုင်းခြင်း၊ လက်တွေ့လုပ်ပြခိုင်းခြင်းတို့ ပါဝင် ပေသည်။ ထို့အတွက် ရေးဖြေ၊ နှုတ်ဖြေ၊ အစမ်းစာမေးပွဲနှင့် အတန်းတင် စာမေးပွဲစသည်တို့ဖြင့် စစ်ဆေးနေရရာ ထိုစစ်ဆေးပုံများကိုလည်း အမျိုးမျိုး ဝေဖန်စစ်ကြောနေကြဆဲ ဖြစ်သည်။ သို့သော် ၎င်းတို့ထက် ပိုမိုထိရောက်သော စစ်ဆေးနည်းများကို မတွေ့ကြရသေးပေ။
ရေးဖြေ၊ နှုတ်ဖြေ၊ လက်တွေ့ဖြေစသော စစ်ဆေးခြင်းများဖြင့် ဆရာတစ်ဦးက မိမိကျောင်းသားများ၏ တတ်မြောက်အောင်မြင်မှုကို တိုင်းတာခြင်းသည် လိုအပ်သော ဆရာလုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။ ဤသို့သော အခြေအနေမှ ကျော်လွန်၍ ယှဉ်ပြိုင်စနစ်ဖြင့် "စာမေးပွဲ" များကို ကျယ်ပြန့်စွာ ဆောင်ရွက် ရသည့်အခါမျိုး၌ အခြေအနေမှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပေသည်။ တစ်ကျောင်းလုံး အနေအ ထား၊ တစ်မြို့နယ်လုံး အနေအထား၊ တစ်နိုင်ငံလုံး အနေအထားတို့တွင် လုပ်ငန်းစနစ် ကျယ်ပြန့်မှု၊ ပါဝင်ဆောင်ရွက်သူများ၏ ကျွမ်းကျင်မှု၊ ယုံကြည်စိတ်ချရမှုနှင့် အခြားများစွာသော အကြောင်းတို့ ကြောင့် စာမေးပွဲတွင် အားနည်းချက်အမျိုးမျိုး ရှိနေတတ်၏။ ထို့ကြောင့် နည်းအမျိုးမျိုးဖြင့် ပြုပြင်နေ ကြရဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အတန်းတွင်း စစ်ဆေးတိုင်းတာခြင်းများကိုကား ကျောင်းရှိဆရာများညှိနှိုင်း၍ ပိုင်ပိုင် နိုင်နိုင် ပြုလုပ်နိုင်ပေသည်။ ကျောင်းသားများ၏ နေ့စဉ်လုပ်ငန်းများကို စစ်ဆေးတိုင်းတာပြီး ကျောင်း သားများ ပိုမိုတတ်မြောက်စေရန် တည့်မတ်လမ်းညွှန် ပြသပေးနေရပေမည်။
ဆွေးနွေးချက်
အထက်တွင်တင်ပြခဲ့သော သင်ကြားရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်သည်နှင့် အမျှအခြေခံပညာ ခိုင်မာတောင့်တင်းရေးနှင့် အဆင့်မြင့်ရေးတို့တွင် ထိရောက်သော အကျိုးသက် ရောက်မှုများ ရှိပေမည်။ သင်ကြားရေးလုပ်ငန်း အောင်မြင်စေရန် ဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာနအဆင့်၊ ပြည်နယ်/တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့် စသည်ဖြင့် အဆင့်ဆင့်ညှိနှိုင်းကြပေသည်။ ညှိနှိုင်းထားသော လုပ်ငန်းများအရ ပံ့ပိုးမှုအမျိုးမျိုးကိုလည်း နှစ်စဉ်မပြတ် ဆောင်ရွက်ပေးလျက် ရှိပေ သည်။
အကျိုးသက်ရောက်မှု ပေါ်ထွက်ရမည့်နေရာမှာကား နောက်ဆုံးအဆင့်ဖြစ်သည့် ကျောင်းအဆင့်တွင် ဖြစ်၏။ ကျောင်းအဆင့်ဆိုရာ၌ စာသင်ခန်းတွင်းရှိ ကျောင်းသားများ၏ သင်ကြားလေ့လာသော လုပ်ငန်းအောင်မြင်မှုကိုသာ ဆိုလိုသည်။
ကျောင်းသားများသည် သင်ကြားလေ့လာရေးကို လုပ်ငန်းတစ်ရပ်ကဲ့သို့ သဘောပိုက်တတ်ရန် လိုအပ် သည်။ ကျောင်းတွင်းကျောင်းပြင် မိမိ၏ ကျောင်းစာလုပ်ငန်းများနှင့် မိမိ၏ အပြုအမှုများ တိုးတက်နေ စေရန် လုပ်ငန်းတစ်ခု ဆောင်ရွက်နေကြောင်း အမြဲနှလုံးသွင်းနေရပေမည်။ ထိုသို့လုပ်ငန်းတစ်ရပ် အဖြစ် သဘောပိုက်နိုင်ပါမှ မိမိလေ့လာ လေ့ကျင့်နေသော ဘာသာရပ်များကို သတ်မှတ်ထားသော ကာလအတွင်း သင်ကြားတတ်မြောက်နိုင်မည်ဖြစ်သည်။ အသုံးဝင်သော နိုင်ငံသားတစ်ယောက်၏ အခြေခံကောင်းများ ရရှိမည်ဖြစ်သည်။
ထို့ကြောင့် ကျောင်းသားများ စိတ်ပါလက်ပါ လေ့လာတတ်မြောက်ရေးအတွက် ဆရာကကြီးကြပ်ပေး ရန်လိုပါသည်။ သင်ပြပေးရန် လိုပါသည်။ ထို့အတွက် ဆရာလုပ်သူကိုယ်တိုင်ကလည်း သတိဝီရိယဖြင့် စနစ်တကျ နည်းပေးလမ်းပြ ပြုရပါသည်။ ဤသို့ လေ့ကျင့်ပြီးလျှင် စစ်ဆေးနည်း အမျိုးမျိုးအရ ကျောင်းသားများ၏ ပညာရပ်အပိုင်းနှင့် အပြုအမှုအပိုင်းတို့တွင် ဖွံ့ဖြိုးတိုးတက်လာပါက တတ်မြောက် အောင်မြင်မှု ရှိသည်ဟု ဆိုရပေမည်။
ဤဆွေးနွေးချက်တွင် သင်ကြားရေးလုပ်ငန်း အကြောင်းအရာများကိုသာကွက်၍ အတိုချုပ်တင်ပြထား ပါသည်။ လက်တွေ့ စာသင်ယူသူ ကျောင်းသူကျောင်းသားများနှင့် စာသင်ကြားပို့ချပေးသော ဆရာ၊ ဆရာမတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများပင် ဖြစ်ပါသည်။ ၎င်းလုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်ရာ၌ မိမိတို့၏လက်ရှိ ပကတိအခြေအနေကိုလည်း ကောင်းစွာထည့်သွင်း စဉ်းစားပါမှ လုပ်ငန်းများ စနစ်တကျဖြစ်ပြီး အောင်မြင်မှုများ ရရှိနိုင်ပေမည်။
ပညာလောကစာစောင်
အတွဲ (၁၅)၊ အမှတ် (၂)၊ ၁၉၈၇ ခုနှစ်၊ မေလ။
>>>ဆက်ဖတ်ရန်>>> >>

အခုထက် ပိုတော်ချင်သလား၊ ဒီ ၇ ချက်ကို လုပ်ကြည့်ပါ

အခုထက် ပိုတော်ချင်သလား၊ ဒီ ၇ ချက်ကို လုပ်ကြည့်ပါ

yoga
လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို မြှင့်လို့မရတော့ဘူးလို့ အရင်က ယုံကြည်လက်ခံခဲ့ကြတယ်။ တကယ်တော့ ဓားတစ်လက်လိုပဲ ဦးနှောက်ဟာလည်း သွေးလေ ထက်လေပါပဲ။ အခုပြောပြမယ့် အချက်တွေဟာ ဥာဏ်ရည်ကို ပိုထက်မြက်စေပါတယ်လို့ သိပ္ပံပညာက အတည်ပြုလက်ခံထားပါတယ်။ အဲဒါတွေကတော့

(၁) ဂီတတူရိယာတစ်ခုကို တီးပါ
တူရိယာကို ဂီတသံဖြစ်အောင် တီးခတ်တဲ့အခါ တီထွင်နိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းနဲ့ တခြားအရာတွေကို တိုးတက်စေပါသတဲ့။ တူရိယာတီးခတ်သူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ဦးနှောက် မပျက်စီးဘူးလို့ ဆိုပါတယ်။
(၂) ဘယ်စာတွေ့တွေ့ ဖတ်ပါ
သမိန်ပေါသွပ်ကိုပဲ ကြိုက်ကြိုက်၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကိုပဲ ရွေးရွေး၊ ဓမ္မပဒကိုပဲ ကောက်ကိုင်ကိုင် ကိုယ်ကြိုက်တဲ့စာကို ဖတ်ပါ။ စာဖတ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ့်ဘဝကို ပိုကျေနပ်နှစ်သိမ့်စေနိုင်တယ်။ ဒါတင်မက ဥာဏ်ရည်ဥာဏ်သွေးကိုလည်း တဖြည်းဖြည်းမြင့်တက်စေပါတယ်တဲ့။ ဥာဏ်ရည်ဆိုရာမှာ ပြဿနာဖြေရှင်းနိုင်စွမ်းစတဲ့ အိုင်ကျူအပြင် လူတစ်ယောက်ကို စာနာနားလည်နိုင်တဲ့ အီးကျူပါ မြင့်တက်စေတာပါ။
(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တစ်လှည့်၊ မလုပ်တစ်လှည့်လုပ်တာဟာ ဦးနှောက်အတွက် ဘာမှမထူးပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်၊ နားထားလိုက်ထက် မှန်မှန်လေး လေ့ကျင့်ခန်းလုပ်တာဟာ BDNF ခေါ်တဲ့ ပရိုတိန်းတစ်ခုကို ထွက်လာစေပြီး မှတ်ဥာဏ်၊ လေ့လာသင်ယူမှု၊ စူးစိုက်မှုနဲ့ နားလည်မှုတို့ကို တိုးတက်စေပါတယ်။
တစ်ခုသတိထားရမှာက အကြာကြီးထိုင်နေသူတွေဟာ ဒါနဲ့ဆန့်ကျင်ဘက်ဆိုးကျိုးတွေကို ရရှိစေပြီး ဦးနှောက်ပျက်စီးမှု မြန်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။
(၄) ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ
ဘာသာစကားအသစ်တစ်ခုကို လေ့လာတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ခပ်မြန်မြန်မြင့်တက်စေပါတယ်။ ပိုတော်တဲ့သူတွေဟာ ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တာကိုကြည့်ရင် သည်ဆက်စပ်မှုကို လက်ခံနိုင်မှာပါ။
(၅) တတ်မြောက်ထားတဲ့ ပညာကို စစ်ဆေးပါ
ဘယ်ပညာကို မဟာဘွဲ့ရသည်အထိ တတ်လာသည်ဖြစ်စေ ပညာကို အသုံးမချရင် ကိုယ့်ဦးနှောက်ထဲက ပျောက်ကွယ်သွားမှာပါပဲ။ ကိုယ်သိထားတဲ့အသိပညာတစ်ခုကို လက်တွေ့လုပ်ငန်းမှာ အသုံးချရင်တော့ အရင်ထက် ပိုပြီး ကျွမ်းကျင်လာတယ်။ အခက်အခဲတွေ့လာတဲ့အခါမှာလည်း ကိုယ်သိထားတဲ့နယ်ပယ်ကဖြစ်လို့ စိတ်ပါလက်ပါ ဖြေရှင်းချင်စိတ်ရှိတယ်။ သည်လိုနည်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းမြင့်တက်လာပါတယ်။ သည်နယ်ပယ်မှာ တော်သူလည်း ဖြစ်လာပါလိမ့်မယ်။
(၆) ဦးနှောက်ကို အလုပ်ပေးပါ
ဆူဒိုခုတွေ၊ ပဟေဠိတွေ၊ စကားထာတွေက ဦးနှောက်ကို ဖြန့်ကျက်စဉ်းစားအောင် အလုပ်ပေးပါတယ်။ နာ့ဗ်ဆဲလ်တွေက နည်းသစ်တွေနဲ့ တုံ့ပြန်တဲ့အခါ အရင်ကြည့်နေကျ အမြင်၊ တွေးနေကျအတွေးနဲ့ မတူတာတွေကို တွေးခေါ်ကြည့်မြင်ရပါတော့တယ်။ ကျွန်မတို့ဟာ သည်လိုလည်း စဉ်းစားလို့ရပါလား လို့ အသိပညာရလာပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းလည်း မြင့်တက်လာပါတယ်။
(၇) တရားထိုင်ပါ
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တရားထိုင်တဲ့အခါ ထူးခြားတဲ့ဦးနှောက်လှိုင်းတွေ ထွက်လာသလားဆိုတာ သိပ္ပံပညာရှင် ရစ်ချက်ဒေးဗစ်ဆင်က စမ်းသပ်ပါတယ်။ ဒလိုင်းလားမားနဲ့ တခြားဘုန်းတော်ကြီးတွေ တရားထိုင်တဲ့အခါထွက်လာတဲ့ ဦးနှောက်လှိုင်းတွေကို စစ်ဆေးတဲ့အခါ သူတို့ဟာ စိတ်ရဲ့ငြိမ်သက်ခြင်းကို ရောက်နေကြောင်း စစ်ဆေးတွေ့ရပါတယ်။ အတွေးတွေနဲ့ ယောက်ယက်ခတ်မနေဘဲ စိတ်ဟာ တည်ငြိမ်အေးဆေးနေတဲ့အခါ မှတ်လိုရာကို ပြတ်ပြတ်ထင်ထင် မှတ်မိတယ်။ တော်တော်နဲ့ မမေ့ဘူး။ ဒါကို ဥာဏ်ကောင်းတယ်လို့ ခေါ်တာပါပဲ။
လူနဲ့တိရစ္ဆာန်ကွာခြားချက်က ဦးနှောက်ပါပဲ။ အဆင့်အတန်းမြင့်တဲ့၊ အောင်မြင်တဲ့၊ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဦးနှောက်ထက်မြက်ဖို့က အဓိကကျပါတယ်။ သည် ၇ ချက်ကို တတ်နိုင်သလောက် ကျင့်သုံးရင်း အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Credit: စုပြည့်စုံ
Ref: Entrepreneur
>>>ဆက်ဖတ်ရန်>>> >>

မဖြိုးဖြိုးအောင် လွတ်မြောက်ရေးလှုပ်ရှားမှု AI စတင်

မဖြိုးဖြိုးအောင် လွတ်မြောက်ရေးလှုပ်ရှားမှု AI စတင်

phyo phyo aung amnesty
မြန်မာနိုင်ငံမှာ ပညာရေးလွတ်လပ်ခွင့် ဦးဆောင်လှုပ်ရှားနေသူ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်လွတ်မြောက်ရေး နိုင်ငံတကာ လှုပ်ရှားမှုကြီးကို AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စတင်လိုက်ပါတယ်။ ဒါဟာ နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူအားလုံး လွတ်မြောက်ရေး အောက်တိုဘာလ (၈) ရက်နေ့ကစတင်ခဲ့တဲ့ AI အဖွဲ့ကြီးရဲ့ Campaign လှုပ်ရှားမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ (၇)လ နီးပါး ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပါဝင်လက်မှတ်ရေးထိုးကြဖို့ AI အဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာ စတင်လှုံ့ဆော်ထားပါတယ်။ ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုး အောင်ကိုဖမ်းဆီးတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့လည်းအာရှပစိဖိတ်ရေးရာတာဝန်ခံ Olof Blomqvist က ဗွီအိုအေကို အခုလိုပြောပါတယ်။
“အခုလို မတရားဖမ်းဆီးထောင်ချခံထားရသူတွေထဲမှာ ဖြိုးဖြိုးအောင်ရဲ့အမှုဟာ အဓိကထင်ရှားတဲ့အမှုတခုဖြစ်နေပါတယ်။ သူဟာ အခြား တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားကျောင်းသူပေါင်းအယောက် ၁၀၀ နီးပါးနဲ့အတူ ဒီနှစ်အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး တဖက်သတ် စွဲချက်တင် ခံထားရတာပါ။ လက်ရှိလောလောဆယ်မှာ ထိမ်းသိန်းခံနေရဆဲဖြစ်ပြီး ထောင်ဒဏ် (၉) နှစ်ထိ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သူ့ကိုဖမ်းဆီးတာဟာ တရားမဝင်ဖမ်းဆီးခြင်းဖြစ်သလို မြန်မာအစိုးရကလိုက်နာပ့ါမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေတယ်လို့ AI အဖွဲ့ကြီးက မြင်ပါတယ်။ ဒါကြောင့်သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးစေချင်ပါတယ်။”
ဒါ့အပြင် မဖြိုးဖြိုးအောင်အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ (၁၀၀) နီးပါးကို အားလုံး အမြန်ဆုံးလွှတ်ပေးရေး မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုတဲ့လှုပ်ရှားမှုမှာ တကမ္ဘာလုံးမှာရှိနေတဲ့ AI အဖွဲ့ဝင် သန်းနဲ့ချီ ပါဝင်လာရေး စည်းရုံးကြိုးစားသွားမှာ ဖြစ်တယ်လို့ Olof Blomqvist ကပြောပါတယ်။
AI အဖွဲ့ရဲ့လှုပ်ရှားမှုမှာ ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ကမ္ဘာသိအောင်ထုတ်ဖေါ်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ တစ်ဦးချင်းစီလွတ်မြောက်ရေး အလေးထားလှုပ်ရှားမှုဟာ AI အဖွဲ့ကြီးရဲ့ အဓိကလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဒီလှုပ်ရှားမှုရဲ့ထိရောက်မှုတွေကို မကြာခဏ တွေ့ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ခုကြား ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရိုဟင်ဂျာမူဆလင်တစ်ဦးဖြစ်သူ ဒေါက်တာ ထွန်းအောင် ဖမ်းဆီးခံရတုန်းက သူ့လွတ်မြောက်ရေးအတွက် AI အဖွဲ့ကြီးက ကြိုးပမ်းလှုပ်ရှားခဲ့ပြီးနောက် ဒီနှစ်အစောပိုင်းမှာ သူဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့ပါတယ်။”
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာဆန္ဒပြချီတက် တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို လွန်ခဲ့တဲ့ မတ်လက လက်ပံတန်းမြို့မှာ အစိုးရအာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းဖမ်းဆီးခဲ့တာပါ။ လက်ရှိသာယာဝတီထောင်နဲ့အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူပေါင်း ၆၀ ကျော်ရှိနေပါတယ်။
အခုလို မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံထားရသူတွေကို ရွေးကောက်ပွဲမကျင်းပခင် လွှတ်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြချိန်မှာပဲ မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသူ မစန္ဒီချောကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ မနေ့က မအူပင်မြို့ရဲအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
စစ်ယူနီဖောင်းဝတ်စုံကို စစ်စိမ်းရောင်ကနေ အစိမ်းနုရောင်အဖြစ် ပြောင်းလဲလိုက်တာကို အင်တာနက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတစ်ခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်အောင် ဂုဏ်သိက္ခာကျဆင်းအောင် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာနဲ့ ပြုလုပ်ဖြန့်ချီခဲ့တယ်ဆိုပြီး မစန္ဒီချောကို ပုဒ်မ ၃၄ (ဃ) အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အာဏာပိုင်တွေဘက်က စွဲချက်တင်ထားပါတယ်။
============
VOA Burmese
>>>ဆက်ဖတ်ရန်>>> >>

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့လူပေါင်း သုံးသန်းကျော် နှစ်စဉ်သေဆုံးနေရဟုဆို

http://s1.reutersmedia.net/resources/r/?m=02&d=20131017&t=2&i=803715110&w=644&fh=&fw=&ll=&pl=&sq=&r=CDEE99G0QXK00
လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၃ ဒသမ ၃ သန်းခန့် သေဆုံးနေကြရကြောင်း ကာရိုလိုင်းနားမြောက် ပိုင်းတက္ကသိုလ်မှ ပညာရှင် ဂျေဆင် ဝက်စ်နှင့်အဖွဲ့၏ ထုတ်ပြန်ချက်ကို Rapid News Network သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်သည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် တစ်နိုင်ငံတည်းတွင် ၁ ဒသမ ၄ သန်းခန့်သေဆုံးနေကြရကြောင်း ယင်းသတင်းကဆိုသည်။
မီးခိုးငွေ့များကြောင့် လူသားများ အဆုပ်ဝေဒနာရကာ သေဆုံးမှုအများဆုံးဖြစ်ပြီး အမေရိက၊ ဥရောပ၊ ဂျပန်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံများသည် ထိပ်တန်း လေထုညစ်ညမ်းသည့်နိုင်ငံများဖြစ်ကြောင်း ဂျေဆန်ဝက်စ်က ပြောကြားသည်။
>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန်တက္ကသိုလ်တွင် စာပေတည်းဖြတ်မှု အတတ်ပညာ၊ မြန်မာဘာသာ ကျွမ်းကျင်တတ်မြောက်မှု ဒီပလိုမာသင်တန်းဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်တွင် စာပေတည်းဖြတ်မှု အတတ်ပညာ၊ မြန်မာဘာသာ ကျွမ်းကျင်တတ်မြောက်မှု ဒီပလိုမာသင်တန်းဖွင့်လှစ်မည်

https://upload.wikimedia.org/wikipedia/commons/thumb/0/0e/University_Scho_84.JPG/640px-University_Scho_84.JPG
ရန်ကုန်တက္ကသိုလ်တွင် စာပေတည်းဖြတ်မှု အတတ်ပညာဒီပလိုမာ၊ နိုင်ငံခြားသားများအတွက် မြန်မာဘာသာသင်တန်းနှင့် မြန်မာဘာသာ ကျွမ်းကျင်တတ်မြောက်မှု ဒီပလိုမာသင်တန်းကို ဒီဇင်ဘာလဆန်းတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ရန်ကုန်တက္ကသိုလ်လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၏ အစီအစဉ်ဖြင့် မြန်မာစာဌာနက ဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်တက္က သိုလ်တောင်ငူဆောင်ရှိ မြန်မာစာ ဌာန၌ နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲ အထိ သင်ကြားပို့ချမည်ဖြစ်သည်။
စာပေတည်းဖြတ်မှု အတတ် ပညာဒီပလိုမာ (Diploma in Creative Writing and Editing) သင်တန်းတက်ရောက်ရန် တက္က သိုလ်မှ ဘွဲ့ရရှိပြီးသူများ လျှောက် ထားနိုင်သည်။ မြန်မာဘာသာ သင်တန်း (Myanmar Language for Foreigners) အခြေခံအဆင့် (၁)၊ (၂) ကြားအဆင့်သင်တန်းများနှင့် မြန်မာဘာသာကျွမ်း ကျင်   တတ်မြောက်မှု ဒီပလိုမာ(Diploma in Myanmar Language Proficiency for Foreigners) သင်တန်းတက်ရောက်ရန် လျှောက်ထားလိုသည့် နိုင်ငံခြားသားများသည် သင်တန်းကာလ အတွင်း မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရရှိထားသူများဖြစ်ရန် သတ်မှတ်ထားသည်။
‘‘မြန်မာဘာသာစကားအခြေ ခံရှိပြီးတဲ့ နိုင်ငံခြားသားတွေကို မြန်မာဘာသာပိုမိုနားလည်တတ် မြောက်ပြီး မြန်မာ့လူမှုပတ်ဝန်းကျင်မှာ လက်တွေ့ပြောဆိုအသုံး ပြုလာနိုင်စေဖို့အတွက် ဒီပလိုမာ နဲ့ မြန်မာဘာသာသင်တန်းကို ဖွင့် တာပါ။ စာပေတည်းဖြတ်မှုဒီပလို မာက မြန်မာစာပေကို အထူးစိတ် ၀င်စားတဲ့ သူတွေ၊ မြန်မာစာပေ တည်းဖြတ်မှု အတတ်ပညာကို နားလည်တတ်ကျွမ်းပြီးတော့ အသက် မွေးဝမ်းကျောင်းပြုနိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာပါ’’ဟု မြန်မာစာ ဌာန ကထိကဒေါက်တာ ခင်မြတ်သွယ်က ပြောသည်။
စာပေတည်းဖြတ်မှု အတတ် ပညာဒီပလိုမာကို အပတ်စဉ် တန င်္လာမှ ကြာသပတေးနေ့အထိနှင့် နိုင်ငံခြားသားများအတွက် မြန်မာ ဘာသာသင်တန်းနှင့် မြန်မာဘာ သာကျွမ်းကျင်တတ်မြောက်မှု ဒီပ လိုမာကို အပတ်စဉ်အင်္ဂါမှ သော ကြာနေ့အထိ တက်ရောက်ရမည် ဖြစ်သည်။ ဒီပလိုမာသင်တန်းများ သည် သင်တန်းကာလတစ်နှစ် ကြာမြင့်မည်ဖြစ်ပြီး မြန်မာဘာသာ သင်တန်းသည် ရက်သတ္တ ၁၄ ပတ် ကြာမြင့်မည်ဖြစ်သည်။
သင်တန်းကြေးအနေဖြင့် စာ ပေတည်းဖြတ်မှု အတတ်ပညာ ဒီ ပလိုမာအတွက် ကျပ်တစ်သိန်းခွဲ၊ နိုင်ငံခြားသားများအနေဖြင့် မြန် မာဘာသာသင်တန်းနှင့် မြန်မာ ဘာသာကျွမ်းကျင်တတ်မြောက် မှု ဒီပလိုမာအတွက် ကျပ်သုံးသိန်း ပေးသွင်းရမည်ဖြစ်သည်။ သင် တန်းတက်ရောက်လိုသူများသည် လျှောက်လွှာများကို ရန်ကုန်တက္က သိုလ်တောင်ငူဆောင်ရှိ မြန်မာစာ ဌာန၌ နိုဝင်ဘာ ၁ ရက်တွင် လျှောက်လွှာများ စတင်ဝယ်ယူ လျှောက်ထားနိုင်သည်။
7 Day Daily,
>>>ဆက်ဖတ်ရန်>>> >>

ဆရာကျော်ဝင်း၏ လွှတ်တော်တွင်း ပညာရေးဆိုင်ရာ ဟောပြောချက် ၁၆.၁၀.၂၀၁၅

ဆရာကျော်ဝင်း၏ လွှတ်တော်တွင်း ပညာရေးဆိုင်ရာ ဟောပြောချက်

ပွင့်ပွင့်လင်းလင်းပြောရရင် ယခု အမျိုးသားပညာရေး ဥပဒေထွက်တယ်။ ဘဝင်ကျတာတွေလည်း အများကြီးပါ။ သို့သော် အဲဒီမှာ အမျိုးသားပညာရေး ရည်မှန်းချက် ပြောတော့ ခုနှစ်ချက်လား ကိုးချက်လား မသိဘူး တွေ့တယ်။ အဲဒီ ကိုးချက်လုံးမှာ behaviour changes ကို ဦးတည်တယ်။ capacity building ဦးတည်တာ အတော်ကောင်းပါတယ်။ ဒါပေမယ့် to discover ကို ချိန်ရွယ်တဲ့အချက်တော့ ကျွန်တော်ဖြင့် သိပ်မတွေ့မိဘူး။ ဒါလည်း ကြုံလို့ပြောတာပါ။ နော် ဒါကို အပြစ်တင် ဝေဖန်တဲ့သဘော မပြောပါဘူး။
ဒါပေမယ့် သူတို့ ဒီပညာရေး defination ကို ထုတ်ခဲ့တဲ့ UNESCO ကတော့ to discover ကို တော်တော် ဦးစားပေးပြောပါတယ်။ discover မလုပ်နိုင်ရင် အသစ်မရှာနိုင်ရင် ဒီပညာရေးဟာ live ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်အထိလည်း ရှိပါတယ်။ အခု တစ်ဆက်တည်း knowledge, anti-knowledge နော် new-knowledge ဆိုတဲ့ ဖြစ်စဉ်ကို ဘယ်လိုပညာရေးပုံစံနဲ့ သွားမလဲ။ အဲ သမားရိုးကျ ကျွန်တော်တို့ ပညာရေးပုံစံမှာ learning ဆိုတာ ရှိပါတယ်။ သင်ယူခြင်း။ learning ဆိုတာ ဘာလဲဆိုတော့ သိပြီး ရှိပြီး ပညာတွေ knowledge တွေကို စုပေးလိုက်တာ။ ဒါတွေ စုပေးရင် ဒါ ပညာဘဲ။ နော် သင်ယူတာ။ အဲတော့ ဆိုလိုတာက ဆရာတစ်ယောက်ရဲ့ တာဝန်ဆိုရင် ဆရာက စာအုပ်ထဲရှိတဲ့ ပညာကို ကျောင်းသားခေါင်းထဲ ရောက်အောင် ပို့ပေးတာ။ ဒါဆို ဆရာ့ရဲ့ teaching တာဝန်ကျေပြီ။ ကျောင်းသားကလည်း ဆရာသင်သလောက်ကို ခံယူနိုင်မယ်ဆိုရင် ကျောင်းသားရဲ့ learning တာဝန်ကျေပြီ။ ဒီအထိ OK တယ်။ knowledge ကို learning နဲ့ သွားလို့ သူ့ဟာနဲ့သူ OK တယ် ပြဿနာ မရှိဘူး။
သို့သော် anti-knowledge ကို ဒီ သမားရိုးကျ learning နဲ့ ရပါ့မလား။ မရဘူးဆိုတော့ နောက်တစ်ဆင့် စဉ်းစားပါတယ်။ un-learning un- လည်း negative sense ရှိတော့ learning သင်ယူခြင်း၊ un-learning မသင်ယူနဲ့ လို့များ ဘာသာပြန်ရင် လွဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ဟိုတုန်းက Marx ဝါဒမှာ ဘာသာပြန်တဲ့ negation ကို ယူပြီးတော့ un-learning ကို ငြင်းဖျက်သင်ယူခြင်းလို့ စမ်းဘာသာပြန်ကြည့်ပါတယ်။ ဒီထက် ပိုကျစ်လစ်ပြီးတော့ ပိုအဓိပ္ပါယ်ပြည့်စုံတဲ့ ဘာသာပြန်ရှိလည်း ကျွန်တော်တို့ အစွဲမထားပါဘူး။ ပြောင်းလဲသုံးဖို့ပါဘဲ။ အဲဒီ ငြင်းဖျက်သင်ယူခြင်းဆိုတာ ဘာလဲဆိုတော့ လုပ်ခိုင်းတာက ရှိပြီးသား ပညာတွေကို မေးခွန်းထုတ်ခိုင်းတာ။ ဆရာကပဲ ပြောပြော၊ တစ်ခါ စာအုပ်ထဲကပဲ ပါပါ။ ဟုတ်ကောဟုတ်ရဲ့လားဆိုတာကို မေးခွန်းထုတ်နေရမယ်။ ဝိဘဇ္ဇလုပ်ဖို့ပါ။ အဲဒါကို un-learning လို့ ပြောတာပါ။ အဲဒီလို ဝိဘဇ္ဇလုပ်နိုင်မှ re-learning တကယ် open minded နဲ့ နော်။ ဒီလို မေးခွန်းတွေ ထုတ်လိုက်ရင် မေးခွန်းတွေလည်း အများကြီး ထွက်လာမယ်။ အဖြေတွေလည်း အများကြီးထွက်လာမယ်။ ပြဿနာတစ်ခု အဖြေတစ်ခုဆိုတဲ့ အစွဲတော့ ဖျောက်လိုက်ပါ။ အဲဒီ အဖြေထဲမှာ ဖြစ်နိုင်မယ့် အဖြေတွေကို brain storming လုပ်ကြည့်ပါ။ အဲဒါ re-learning ဘဲ။ အဲဒီတော့ ပညာမှာ knowledge, anti-knowledge, new-knowledge ဆိုတာ ရှိသလို ပညာရေးမှာ learning, un-learning, re-learning ဆိုတာ ပေါ်လာတယ်။
u-kyaw-winအဲဒီတော့ ဒါတွေကို အသစ်အဆန်း ပြောရပေမယ့် တကယ်တန်း စဉ်းစားကြည့်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် သိပ်အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါ စာအုပ်ထဲလည်း ကျွန်တော် ထည့်ထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေနဲ့ ယဉ်ပါးပြီးသာ မိလိန္ဒပဥှာ၊ ဘုရားဟော မဟုတ်ပေမယ့် ဆဋ္ဌမသင်္ဂါယနာတင်ရာမှာ မိလိန္ဒပဥှာဟာ သင်္ဂါယနာတင်တဲ့အထဲ ပါ,ပါတယ်။ အဲဒါ ထေရဝါဒဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ ကျမ်းတစ်ကျမ်းဖြစ်ပါတယ်။ အဲဒီမှာလည်း ဒီသဘောတွေ့ပါတယ်။ မိလိန္ဒမင်းကြီးက မေးတယ်။ ပညာရဲ့ သဘောက ဘယ်လိုရှိလဲဆိုတာ။ နှစ်ခု ဖြေပါတယ်။ အရှင်နာဂသိန်က။ ပညာဟာ မှုတ်လွှင့်ဖယ်ရှားနိုင်တဲ့ သတ္တိလည်း ရှိတယ်။ ထွန်းလင်းတောက်ပတဲ့ သတ္တိလည်း ရှိတယ်။ အဲဒီတော့ မိလိန္ဒက ထပ်မေးတယ်။ ဘယ်လို မှုတ်လွှင့်ဖယ်ရှားတာလဲ ဘုရား။ အဝိဇ္ဇာ အမှောင်ထုကို မှုတ်လွှင့်ဖယ်ရှားတာတဲ့။ ဆိုလိုတာက အပြောင်းအလဲတွေ အောက်မှာ ခေတ်နဲ့ အံချော်လာတဲ့ ပညာတွေကို knowledge တွေကို ပြန်ပြီး anti-knowledge လုပ်ပြီး စိစစ်ခိုင်းတာ။ un-learning နဲ့ ပြန်ပြီး စိစစ်ခိုင်းတာဟာ မှုတ်လွှင့်ဖယ်ရှားတဲ့ သတ္တိမျိုး ယူရင် ရမယ်ထင်ပါတယ်။
ဆက်မေးပါတယ် မိလိန္ဒက ဘယ်လို ထွန်းလင်တောက်ပတာလဲတဲ့။ ပညာဆိုတဲ့ ဝိဇ္ဇာနဲ့ အဝိဇ္ဇာ အမှောင်ထုလွှမ်းနေတဲ့ လောကကြီးကို အလင်းရောင်ပေးတယ်။ ဆိုလိုတဲ့သဘောကတော့ အခု ဒီဖြစ်စဉ်တွေမှာပါတဲ့ new-knowledge တို့ re-learning တို့ ဆိုတဲ့ သဘောလို့ ထင်ပါတယ်။ ဒါကြောင့် ဒီဟာတွေဟာ အသစ်လို့ထင်ရပေမယ့် တကယ်စဉ်းစားကြည့်တော့ အသစ်ဟုတ်မယ်မထင်ပါဘူး။ ဗုဒ္ဓယဉ်ကျေးမှုထဲမှာ အတော်များများ ပါပြီးသားလို့ ထင်ပါတယ်။ ဒီမှာ အရေးအကြီးဆုံးကတော့ knowledge ဘာနဲ့သွားမလဲ learning နဲ့ သွားမယ်။ သို့သော် ဒါနဲ့ မလုံလောက်ဘူး။ anti-knowledge ကို သွားဖို့ un-learning နဲ့ သွားရမယ်။ အဲဒါနဲ့လည်း မပြီးသေးဘူး။ နောက်ထပ် အဖြေတွေ ထပ်စုရဦးမယ် new-knowledge။ re-learning နဲ့ သွားရမယ်။ ဒီ circle ကြီးက စဉ်ဆက်မပျက် လည်နေဖို့ လိုပါတယ်။ အဲလို လည်နေတဲ့အခါမှာ recycle ဖြစ်နေမှ ဖွံ့ဖြိုးနေတဲ့ ပညာရပ်ဖြစ်မယ်။ knowledge နဲ့ new-knowledge ဟာ တကယ် quantum leap လို ခုန်ကူးပြီးတော့ ပိုပိုမြင့်လာမှသာ တိုးတက်မယ့် ပညာရေးဖြစ်လိမ့်မယ် တဲ့။ ဒီမှာ အရေးကြီးတာက ပညာရေးနဲ့ ပတ်သက်လို့ learning နဲ့ un-learning ဖြစ်မယ်ထင်ပါတယ်။ learning ကတော့ ကျွန်တော်တို့ ယဉ်ပါးပြီးသားပါ။ un-learning ကတော့ အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါလေးကို ကျွန်တော်တို့ compare လုပ်ပေးနိုင်ဖို့ ဒီစကားလေးကို ပေးပါတယ်။
နံပါတ်တစ် learning မှာ နော် ဆရာရဲ့ ပညာရေးရဲ့ ရည်ရွယ်ချက်ကိုက သိပြီး ရှိပြီး ပညာကို ကျောင်းသားကို လက်ဆင့်ကမ်းတာပါ။ ဆိုတော့ အဲဒီဟာကို ဘယ်သူက ဦးဆောင်သလဲ။ ဆရာ ဦးဆောင်တယ်။ teacher oriented သူ့ဟာနဲ့သူ သဘာဝကျတယ်။ ယခု anti-knowledge လုပ်ကြတော့မယ်ဆိုတော့ အဲလောက်နဲ့ မလုံလောက်ဘူး။ ကျောင်းသားကိုယ်တိုင်က ဒါတွေက အပြောင်းအလဲမှာ နော် တကယ်ကို အံဝင်ခွင်ကျ ဖြစ်သေးရဲ့လား။ စရွေးကိုက်သေးရဲ့လား။ ကိုယ်ကိုယ်တိုင် စဉ်စားမှ ရမှာ။ ဆရာက ကြားဝင်စဉ်းစားလို့ မရဘူး။ အဲဒီတော့ သူ့ကျတော့ student oriented ဖြစ်လာပြီ။ ဒါလေးကလည်း ယခု မြန်မာပြည်မှာ လူပြောများနေပါပြီ။ သိပ်ပြဿနာ မရှိဘူးထင်ပါတယ်။
တစ်ခုကတော့ teacher oriented ခေတ်က class-room တစ်ခုရဲ့ ဘုရင်က ဆရာဘဲ။ စာသင်ခန်းတစ်ခု ကြည့်လိုက်မယ်။ ငြိမ်နေတယ်ဆိုရင် ဟာ ဒီဆရာ သူ့ဘာသာသူ ထိန်းနိုင်တယ် ဒါဟာ ဆရာရဲ့ ဂုဏ်သိက္ခာဘဲ။ အခု တော်တော် လွဲသွားပြီ။ class-room ကို ကြည့်လိုက်မယ်။ ငြိမ်နေမယ်။ ဆရာကဘဲ အသံထွက်နေမယ်။ ကျောင်းသားတွေက ငြိမ်နေမယ်ဆိုရင် ဟာ ဒီဆရာ ဘယ်လိုလုပ်တာလဲ။ ကျောင်းသားကို ပါအောင် မခေါ်နိုင်ဘူး။ အသက်မဝင်ဘူး။ သိပ်မကြိုက်တော့ဘူး။ ဒီလိုဖြစ်လာတယ်။ အရင်တုန်းက စကားပုံကလည်း ဆရာ oriented ခေတ်က ဘာလဲဆိုတော့ "ပညာရှာ ပမာ သူဖုန်းစား" လို့ ဆိုတယ်။ ပညာရှာတဲ့အခါမှာ ဆရာကို သူတောင်းစားလို အောက်ကျို့ရိုသေရမယ်။ အခုမဟုတ်တော့ဘူး "ပညာရှာ ပမာ ကလေးကလား" လို့ ဖြစ်နေပြီ။ ကလေးဆိုတာကတော့ မေးသင့်မမေးသင့် ချိန်မနေဘူး။ မေးချင် မေးပစ်လိုက်တာဘဲ။ ကျောင်းသားက အဲဒီလို ဖြစ်နေဖို့ လိုတယ်။ သူဖုန်းစားလို သိပ်ရိုကျိုးနေရုံလောက်နဲ့ မလုံလောက်တော့ဘူး။ ဒီလိုပြောလို့ ဆရာတွေကို ကော်ဆဲနေဖို့ ပြောတာမဟုတ်ပါဘူး။ အရိုသေတန်ဖို့ ပြောတာမဟုတ်ဘူး မေးရအောင် ပြောတာပါ။ ပြောချင်တာကတော့ teacher oriented နဲ့ လိုက်လျောညီတဲ့ obedient type အမိန့်နာခံတတ်တဲ့ ဆိုဆုံးမလွယ်တဲ့ ကျောင်းးသားက ဟိုတုန်းက ကျောင်းသားကောင်းဘဲ။ အခုမလုံလောက်တော့ဘူး။
မေးခွန်းထုတ်တတ်တဲ့ ဝေဖန်ဆန်းစစ်တဲ့ အမြင်ရှိမှ တစ်နည်းပြောရရင် ဝိဘဇ္ဇအမြင်ရှိတဲ့ ကျောင်းသားမျိုးမှ ပိုပြီးတော့ ပညာရေးစနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်မယ်။ ဒီနေရာမှာ ကျွန်တော် ဘာသာရေးထဲက ကြားဖူးနားဝတစ်ခုကို ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဗုဒ္ဓဘာသာကို ကျွန်တော်တို့ မြန်မာပညာရှိတွေနဲ့ မြန်မာဘုန်းတော်ကြီးတွေ ရေးတာနဲ့ အနောက်တိုင်းသုတေသီတွေ ရေးတာမတူတာလေးတွေ သွားတွေ့တယ်။ ယခု ကျွန်တော် ပြောချင်တဲ့ဟာက နိုင်ငံခြားက ပညာရှင်တစ်ယောက်ရေးတဲ့ ဗုဒ္ဓဝင်စာအုပ်ထဲက ကျွန်တော်တို့ ဗုဒ္ဓဘာသာသမိုင်းထဲမှာ အတော်များများ၊ ဗုဒ္ဓဝင်သမိုင်းထဲမှာ ဗမာတွေရေးတာ ကြည့်လိုက်တယ်ဆိုရင် အရှင်နှစ်ပါးပေါ့ အဂ္ဂသာဝကနှစ်ပါး ရှင်သာရိပုတ္တရာနဲ့ ရှင်မေဂ္ဂလာန် သူတို့က ရှင်အသဇ္ဇိက တစ်ဆင့် ဘုရားနဲ့တွေ့တယ်။ ဘုရားနဲ့ တွေ့ပြီးတော့ ဘုရားရဲ့တရားကို နာရတာ တစ်ပြိုင်နက်။ ဒါပေမယ့် ကျွန်တော်တို့ သမားရိုးကျကျမ်းတွေ၊ အတွေ့ရများတဲ့ ကျမ်းထဲမှာကျတော့ ဘယ်သူက အရင်ရဟန္တာဖြစ်သလဲ။ တပြိုင်တည်း တရားနာရင်းက ရှင်သာရိပုတ္တရာက အရင်ရဟန္တာဖြစ်တယ်။ ပြီးမှ ရှင်မောဂ္ဂလန် ဖြစ်တယ်။ ဒါကြောင့်လည်း ပညာ ဧတဒဂ်ပေးတော့ အရင်ဖြစ်တဲ့ ရှင်သာရိပုတ္တရာကို ပေးတယ်။
ကျွန်တော် ဖတ်ဖူးတဲ့ Leonard ဝတ္ထု အဲဒီစာအုပ်ထဲကျတော့ တစ်မျိုးဖြစ်နေတယ်။ တပြိုင်နက်တည်းဘဲ နားထောင်တယ်၊ ဘုရားရဲ့ တရားကိုနာတာ။ ပထမဦးဆုံး ရဟန္တာဖြစ်တာ မောဂ္ဂလန် ဖြစ်တယ်။ ပြီးတော့မှ ရှင်သာရိပုတ္တရာ ဖြစ်တယ်။ အဲ ဧတဒဂ်ပေးတော့ နောက်မှဖြစ်တဲ့ ရှင်သာရိပုတ္တရာကို ပညာဧတဒဂ်ပေးတယ်။ အဲဒီမယ် ညီတော် အာနန္ဒာက ဝင်ပြီးတော့ စောဒကတက်တယ်။ အရှင်ဘုရားပေါ့ ရဟန္တာ စဖြစ်တဲ့ မောဂ္ဂလန်ကို ပယ်ပြီးတော့ ဘာကြောင့် သာရိပုတ္တရာကို ပညာဧတဒဂ်ပေးသလဲဆိုတော့ ဘုရားပြန်ပြောတဲ့ စကားလေးက ယခုပြောချင်တာနဲ့ ကိုက်နေလို့ပါ။ မှားခဲ့လို့ရှိရင်လည်း ဗုဒ္ဓဘာသာပညာရှင်တွေ တောင်းပန်ပါတယ်။ ကျွန်တော် ဖတ်ဖူးတာတစ်ခုပါ။အဲတော့ ဘုရားက ဘာပြန်ပြောလဲ ငါ့သားငယ် မောဂ္ဂလန်ဟာ သွက်တယ် ထက်တယ် ဒါကြောင့် ငါပြောတာကို နားလည်ပြီး တန်းရဟန္တာဖြစ်တယ်။ အေး ငါ့သားကြီး သာရိပုတ္တရာကတော့ နက်တယ်။ ဟုတ်မှ ဟုတ်ကဲ့လားလို့ ဝိဘဇ္ဇနဲ့ ချိန်နေတဲ့အတွက် အချိန်ယူရတယ်။ ဒါပေမယ့် အဲဒီလို ဝိဘဇ္ဇကရတဲ့ ပညာက ပိုနက်တယ်။ ငါက ထက်တာထက် နက်တာကို ပိုနှစ်သက်တယ်။ ဒါကြောင့် ပညာဧတဒဂ်ကို သာရိပုတ္တရာကို ပေးတယ်။ ယခုခေတ် စကားနဲ့ပြောရရင်တော့ deep and smart ပေါ့။ ရှင်မောဂ္ဂလန်က smart ဖြစ်တယ်။ ရှင်သာရိပုတ္တရာက deep ဖြစ်တယ်။ ဘုရားက deep ကို ပိုဦးစားပေးတယ်လို့ အဓိပ္ပါယ်ပေါက်တယ်။ ကျွန်တော့်ဟဒယနဲ့ တွေ့လို့ မှတ်မိနေတာပါ။ မှားကောင်း မှားနိုင်ပါတယ် နော် ဒါတွေကိုလည်း ကြိုပြောပါရစေ။
ပြောချင်တာက critical type ကျောင်းသားတွေ မွေးထုတ်ပေးဖို့ပါ။ ဟိုတုန်းက စာအုပ်ထဲက ပညာကို ကျောင်းသားခေါင်းထဲ ထည့်တဲ့ function ဆရာရဲ့တာဝန်က memorize ဖြစ်အောင် လုပ်ရတာ။ အဲဒီတော့ အလွတ်ကျက်ခိုင်းတန်လည်း ခိုင်းရတာပေါ့ဗျာ။ ကျွန်တော်တို့လည်း ကျက်ခဲ့ရတာပါဘဲ။ ဒါကလည်း အလွတ်ကျက်တာကို ပယ်ဖို့ တရားသေပြောလို့ သိပ်မရဘူး။ ဥပမာ အလီမှ ရမထားရင်၊ အလီမှ မကျက်ရင်တော့ ဂဏန်းက မတွက်တတ်ဘူးဗျ။ အဲဒီလိုမျိုးကိုပြောတာ။ ဟိုတုန်းကတော့ memorize နဲ့ သွားတာ။ အလွန်အကျွံဆိုရင်တော့ မကောင်းဘူး။ ယခုဟာက မူကြိုကနေ Ph.D အထိ ကျက်နေရတော့ သိပ်မနိပ်ဘူးပေါ့လေ နော်။ အဲဒီတော့ memorize လုပ်ဖို့နဲ့ knowledge မှာ ဖြစ်ကောင်း ဖြစ်ပေမယ့် anti-knowledge ကြတော့ memorize ထက်အရေးကြီးတာ analyse လုပ်ဖို့ဘဲ။ ခွဲခြားစိတ်ဖြာဖို့။ နော် ဒီသဘောတွေကလည်း ဝိဘဇ္ဇဝါဒတို့ ကာလာမသုတ်(ကေသမုတ္တိသုတ်)တို့မှာ ဟောပြီးသားတွေပါ။ ဒါတွေလည်း ရှိပြီးသားတွေပါ။ နောက်ထပ်အရေးကြီးတာကတော့ specialize နဲ့ universal အရင်က ကျွန်တော်တို့က specialisation သိပ်အားသန်တာ။ အခုက မရတော့ဘူး။ ပြဿနာတစ်ရပ်ကြုံရင် စီးပွားရေးပြဿနာဆို ဘောဂဗေဒပညာရှင်တွေ ခေါ်မယ်။ အဖြေရှာခိုင်းမယ်။ မလုံလောက်တော့ဘူး။ အကုန်ချိတ်နေတာ။ စီးပွားရေးကလည်း နိုင်ငံရေးနဲ့ ချိတ်တယ်။ ဥပမာ စောစောက ကျွန်တော်ပြောခဲ့တဲ့ ၂၀၀၁ နဲ့ ၂၀၀၂ မှာ ခွရှိတဲ့ double-dip recession ပေါ့။ w-shape နဲ့ သွားတဲ့ဟာ ပထမဟာက ဘောဂဗေဒနဲ့ ပတ်သက်တယ်။
ဒုတိယ recession က နိုင်ငံရေးနဲ့ ပတ်သက်တယ်။ ၉/၁၁ ပေါ့။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနဲ့ ပတ်သက်တယ်။ အဲတော့ တစ်ခုတည်း ကန့်လို့ မရဘူး။ ဘာသာရပ်တွေ ကိုယ်တိုင်ကလည်း overlap ဖြစ်လာပြီ။ အဲဒီတော့ ဒီမှာ specialize သက်သက်နဲ့တော့ မရတော့ဘူး။ universalize အထိ သွားဖို့ လိုလာပြီ။ အဲသလို စဉ်းစားတာ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အစကထင်တာ Ph.D ဆိုရင် ဒါ specialize ရဲ့ အမြင့်ဆုံးထင်တာ။ အခု ထားပါတော့ Larry Diamond ပေါ့။ ဒီ Standford က ပါမောက္ခတစ်ယောက်ပေါ့။ မေးကြည့်တော့ သူပြောတာ ကျွန်တော်တော့ တော်တော်ဖျားတယ်။ ကိုယ်မသိတာလည်း ပါမှာပေါ့။ သူက ဘာပြောလဲဆိုတော့ generalisation လည်း လိုတယ်ဗျ၊ specialisation လည်း လိုတယ် တဲ့။ Ph.D အဆင့်ကြတော့ general ကို ပြန်သွားရတာ ရှိတယ်။ Ph.D မတိုင်ခင် နော် ဒုတိယဘွဲ့မှာပေါ့ မဟာအဆင့်လောက်မှာပေါ့ specialisation လိုပါတယ် တဲ့။ specialisation base ချည်းပါ။ သို့သော် specialisation နဲ့ မလုံလောက်တဲ့အတွက် Ph.D level ကြတော့ generalisation ကို ပြန်သွားရတာ ရှိပါတယ်။ ဆိုလိုတာက ဘာသာရပ် တစ်ခုနဲ့တစ်ခု ဆက်ထုံးကို သိပ်ပြီးတော့ အမြင်မကျဉ်းအောင်ပေါ့၊ ကိုယ့်မှန်းပြောင်းနဲ့ကိုယ် ဇွတ်မှန်တယ် သိပ်ငြင်းနေမယ့်သူတွေ ဖြစ်မှာစိုးလို့ သူက universalize ပါ ဖြည့်ပေးဖို့လိုတယ်လို့ ပြောလာတာပါ။ ဒါကလည်း ကျွန်တော် တွေ့ဘူးလို့ မေးမြန်းခဲ့တာလေးနဲ့ ဆက်စပ်ပြီး စဉ်းစားနိုင်အောင် ပြောကြည့်တာပါ။ အမှားအမှန် စိစစ်ဝေဖန် ပိုင်းခြားနိုင်တဲ့အဆင့် ကျွန်တော်တို့ မရှိပါဘူး။ ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ဖို့ ပြောကြည့်တာပါ။
နောက်ဆုံးတစ်ခုကတော့ silo ကျီပေါ့။ အရင်ကတော့ ကျွန်တော်တို့က ကိုယ်တတ်တဲ့ပညာကို မေးတဲ့သူမရှိရင် ဖြေစရာမလိုဘူး။ ပညာရှင်ဆိုတာ ခပ်တည်တည်ဘဲ။ ဗဟိုစည်ကြီးလို တီးမှမြည်ရတယ်။ ဒီလိုလာတာကိုး။ ပညာရှိဆိုတာ ဗဟိုစည်လို တီးမှ မြည်ရတယ်။ မမေးဘဲနဲ့ လျှောက်ဖြေနေလို့ မရဘူး။ ဒီလိုလာတယ်။ ယခု မလုံလောက်တော့ဘူး။ ပညာကို ကျီထဲ လှောင်ထားလို့ မရဘူး။ ပညာကို ကျီထဲလှောင်ထားရင် အပြောင်းအလဲတွေ၊ ပြင်ပ ကျီရဲ့ပြင်ပ အပြောင်းအလဲတွေက သိပ်မြန်တဲ့အတွက် လှောင်ထားတဲ့ပညာက ကန်းသွားနိုင်တယ်။ ကောသွားနိုင်တယ်။ ဒါကြောင့်မို့ ကျီတွေကို ဖောက်ပြီး ပညာတွေအားလုံးကို ဖလှယ်ပစ်လိုက်ပါ။ sharing လုပ်ပါ။ အဲဒီလောက်အထိ သူတို့ စဉ်းစားလာကြတာ ရှိပါတယ်။
ဒီစဉ်းစားချက်က ပညာရေးသက်သက်တင် ကန့်မနေပါဘူး။ ဘောဂဗေဒမှာအထိ သွားဆိုင်ပါတယ်။ ဘောဂဗေဒ market economy ပေါ့။ သူ့ရဲ့ Godfather ခေါင်းကိုင် ဖခင်ကြီးက Adam Smith (1723-1790) (မှတ်ချက် - An Inquiry into the Nature and Causes of the Wealth of Nations စာအုပ်ကို 1776 မှာ ရေးခဲ့သူ Scot လူမျိုး၊ ဘောဂဗေဒပညာရှင်။) Adam Smith ရဲ့ theory ကို အလွယ်ခေါ်တာက invisible hand လို့ ခေါ်ပါတယ်။ ကိုယ်ပျောက်လက်။ ဆိုလိုတာက ဈေးကွက်မှာ ဘယ်သူမှ ဝင်မချယ်လှယ်နဲ့။ ဈေးကွက်အင်အားစုတွေ supply - demand ရဲ့ မမြင်ရတဲ့လက်က သူ့ဘာသာသူ ရှင်းသွားမယ်ဆိုတဲ့ ကိုယ်ပျောက်လက်။ အဲဒီ ကိုယ်ပျောက်လက်အယူအဆ တစ်နည်းအားဖြင့် market economy ရဲ့ အခြေခံက အတ္တဘဲ။ ကိုယ်ကျိုးစီးပွားဘဲ။ လူဟာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ရင်းနဲ့ အများအတွက် သူ့အလိုလိုဖြစ်လာတယ်။ ကျွန်တော်တို့ ထမင်းဝိုင်းကြီးကို ဘယ်သူမှ ပရဟိတစိတ်တွေနဲ့ ဖန်တီးတာ မဟုတ်ဘူး။ သားသတ်သမားကလည်း သူ့လိုအပ်ချက်အတွက် သားသတ်လုပ်တယ်။ ဂျုံစိုက်တဲ့သူကလည်း သူ့လိုအပ်ချက်အတွက် ဂျုံစိုက်တယ်။ အဲဒီကနေပြီး ကျွန်တော်တို့ စားဖို့ ထမင်းဝိုင်းကြီး ဖြစ်လာတယ်။ ဘာညာပေါ့ဗျာ။ ဒါတွေက ပြောရရင်တော့ အများကြီးပါ။
အဲဒီတော့ ပြောရရင် market economy က နောက်ကွယ်က philosophy ဒဿနအခြေခံက အဲဒီ အတ္တလို့တောင် ပြောလို့ရတယ်။ အတ္တဆိုတာ ဟိုလို ego ကို ပြောတာ။ ကိုယ်ကျိုးစီးပွားကို ပြောတာ နော် personal interest ။ အခု ရွေ့လာပြီ။ အဲဒီ ကိုယ်ကျိုးစီးပွားသက်သက်နဲ့ ဈေးကွက် တကယ်မမောင်းနိုင်တော့ဘူး တဲ့။ ဈေးကွက်ဟာ conflit ဖြစ်လာပြီ။ ဒါကြောင့် ဈေးကွက်မှာ မြတ်ရင်ပြီးရော ငါနိုင်ရင်ပြီးရောဆိုပြီး အနိုင်အရှုံးနဲ့ သွားလို့မရတော့ဘူး။ ဒီအချိန်မှာ ဘာလဲဆိုတော့ ဈေးကွက်မှာ ညှိပြီးတော့ ဈေးကွက်ပြဿနာတွေကို အဖြေရှာရတာတွေ ပေါ်လာတယ်။ ဒါကြောင့် အရင်းရှင်စနစ် ဈေးကွက်စီးပွားရေးစနစ်ဟာ နောက်ကွယ်က ဒဿန အဲဒီ invisible hand သည်ပင်လျှင် ယခု ပြောင်းသွားပြီ။ ဘာလဲဆိုတော့ invisible hand shake တကယ်ဈေးကွက်ကို မောင်းတာက မမြင်ရတဲ့လက်နဲ့ မောင်းတာ မဟုတ်တော့ဘူး။ မမြင်ရတဲ့ လက်တွဲနှုတ်ဆက်ခြင်း။ ဆိုလိုတာက စီးပွားရေးမှာလည်း ညှိမှရမယ်။ နိုင်ငံရေးမှာလည်း ညှိမှရမယ်။ ငါနိုင်သူရှုံးနဲ့သွားလို့ မရတော့ဘူးလို့ ပြောချင်တာ။ ဒါ နိုင်ငံရေးနဲ့ ဆက်စပ်ပြီးလည်း စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်နိုင်ငံရေးပါတီမှ ကိုယ်စားပြုတဲ့သူတွေ မဟုတ်ပါဘူး။ commission ဆိုတာ လွှတ်တော်ရဲ့ လိုအပ်ချက်ကို ဉာဏ်မီသလောက် အကူအညီပေးဖို့ တာဝန်ရှိတော့ နိုင်ငံရေးမှာ ပါတီအခံနဲ့ ကျွန်တော်တို့ မပြောချင်ပါဘူး။ စဉ်းစားဖို့ ဉာဏ်မီသလောက် ပြောကြည့်တာပါ။ ထားပါတော့ ဒါ learning နဲ့ unlearning ကွာဟချက်။ ကျွန်တော် ပြောတာတော့ တော်တော်တော့ များသွားပြီ။ ပြီးတော့ မပြီးသေးဘူးပေါ့။
အခု ကျွန်တော် ပြောပြီးသားမှာ knowledge ပညာနဲ့ ပတ်သက်ပြီးတော့ အကောက်အယူတွေ ပညာရေး education နဲ့ ပတ်သက်တဲ့ အကောက်အယူတွေလည်း ပြီးပါပြီ။ ယခု ပညာတတ်ဆိုတာနဲ့ ပတ်သက်လို့ ဖြည့်ပြောချင်ပါတယ်။ အဲဒီတော့ ဟိုတုန်းကတော့ လွယ်လွယ်ပေါ့ဗျာ ပညာတတ်ဆိုတာ ဘာလဲ။ တက္ကသိုလ်။ တရားဝင် အသိအမှတ်ပြုတဲ့ တက္ကသိုလ်ကြီးတစ်ခုခုက ဘွဲ့တစ်ခုခုရရင် ပညာတတ်ဘဲ။ အခု အဖြေက အဲဒီလောက် မရိုးရှင်းတော့ဘူး။ ပညာတတ်ဆိုတာ အသာထားပေါ့။ စာတတ်ပေတတ် ဖြစ်ဖို့ဆိုရင်တောင် တော်တော်ပြန်စဉ်းစားရမလို ဖြစ်လာပြီ။ အရင်ကတော့ အ,သုံးလုံးကျေရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အ,သုံးလုံး လုပ်အားပေးရတာတွေရှိတယ်။ တော်တော် ပျော်စရာလည်း ကောင်းပါတယ်။ အကျိုးလည်း ရှိသင့်သလောက် ရှိတယ်လို့ ထင်တာပေါ့လေ။ သွားရင် တကယ်လည်း တောကလူကြီးတွေ စိတ်ပါလက်ပါ သင်တယ်။ တတ်လည်း တတ်သွားကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက နောက်တစ်နှစ်ပြန်သွားတော့ သူတို့က မေ့ကုန်တယ်ဗျ။ အဲဒီ ပြဿနာတော့ ရှိတယ်ပေါ့ နော်။ ဟိုတုန်းကတော့ ကျွန်တော်တို့ နားလည်တာက အရေး၊ အဖတ်၊ အတွက် အ,သုံးလုံးကျေရင် ပညာတတ်ပြီ။ အခု မလုံလောက်တော့ဘူး တဲ့။ ဒါလည်း တော်တော်လူပြောများပါပြီ။ ကိုယ့်မိခင်ဘာသာစကားတစ်ခု တတ်ရုံနဲ့ ကိုယ်ပြည်တွင်းမှာတော့ စာတတ်ပေတတ်ဘဲ။ သူများနိုင်ငံ ထွက်သွားလိုက်တာနဲ့ စာမတတ်တော့ဘူး ဖြစ်သွားမယ်။ အဲဒီတော့ နိုင်ငံတကာသုံး ဘာသာရပ်တစ်ခု လွယ်လွယ်ပြောရင်တော့ အင်္ဂလိပ်စာပေါ့။ ဒါတတ်ထားမှ global literacy လို့ ခေါ်လို့ရမယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာ စာတတ်တယ်လို့ ခေါ်လို့ရပါမယ် တဲ့။
တစ်ခါ ဒီခေတ်မှာ computer ကလည်း ပဲခူးဆားဖြစ်သွားပြီ။ မပါရင် မပြီးတော့ဘူး။ အဲဒီတော့ computer မှ မသုံးတတ်ဘူး ဆိုလို့ရှိရင်လည်း စာတတ်ပေတတ်လို့ ပြောဖို့ တော်တော်ခက်သွားပါပြီ။ ဘာကြောင့်တုန်းဆို ယခုနောက်ပိုင်းမှာ ပညာရပ်တော်တော်များများကို မိုးပေါ်တင်ထားကြတယ်။ အဲဒီတော့ ကျွန်တော်တို့သာ internet နဲ့ computer ကို အသုံးချနိုင်မယ်။ ကျွန်တော်တို့မှာလည်း infrastructure တွေ ပြည့်စုံမယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်အိမ်ထဲကကိုယ် plug ထိုးပြီးတော့ နိုင်ငံတကာအဆင့်မီ ပညာတွေ သင်ကြားလို့ ရနိုင်တဲ့ chance တွေ ရှိပါတယ်။ သို့သော် computer မှ မတတ်ရင်၊ computer တတ်သည်ထားဦး ကိုယ့်မှာ လုံလောက်တဲ့ infrastructure မရှိရင်တော့ ဒီအခွင့်အရေးကြီး ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးရမှာပါ။
တတိယ computer တတ်ရုံနဲ့မရဘူး။ online သုံးတတ်ဖို့ digital literacy လည်း လိုပါတယ်။ အနည်းဆုံး ဒီသုံးခု ပြည့်စုံမှ စာတတ်ပေတတ် မြည်ပါတယ်ဆိုတဲ့ ကောက်ချက်တွေ ပေါ်လာပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ရရင် ပညာတတ်မပြောနဲ့ ကျွန်တော်တို့ စာတတ်ပေတတ်လို့ကို ကိုယ့်ကိုယ်ကို ရာနှုန်းပြည့် မပြောရဲတော့ပါဘူး။ ဘာလို့လဲဆိုတော့ global literacy မှာကို ပြဿနာရှိပါတယ်။ ကျွန်တော်တို့ ကြီးပြင်းရတဲ့ခေတ်မှာ ဘာ exposure မှ မရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့က အင်္ဂလိပ်စာမှာ ဝါသနာအရ ကိုယ်ဝါသနာပါတဲ့ စာအုပ်တွေ ဖတ်ရင်းနဲ့ အထိုက်အလျှောက်လေးရတယ်။ ဘယ်ဘက်ရလဲ။ reading မဆိုးဘူးလို့ ထင်တာပေါ့ဗျာ ကိုယ့်ကိုယ်။ writting သိပ်မဆိုးလှဘူး ကိုယ့်ကိုယ်ထင်တာ။ ဒါပေမယ့် listening ကိုယ့်ကိုယ်ထင်လို့ကို မရဘူး။ အတော်ညံ့ပါတယ်။ ကျွန်တော်တို့ သားသမီးတွေ ငယ်ငယ်ကဆို နိုင်ငံခြားကားတွေ ကြည့်ရင် ကိုယ်က တတ်သလောက် မှတ်သလောက်နဲ့ ဘာသာပြန်ပေးရတယ်။ အခု ကလေးတွေ ပြန်မေးနေရတယ်။ ကိုယ်က နားမလည်တော့ဘူး။ ဗန်းစကား အသစ်တွေက ပေါ်လာတယ်။ ကျွန်တော်တို့ မလိုက်နိုင်တော့ဘူး။ speaking အလားတူဘဲ။ listening လောက်တော့ မညံ့ဘူး။ နည်းနည်းပါးပါးတော့ ပြောတတ်တယ်ပေါ့နော်။ ဒါပေမယ့် အပြည့်အဝ မဟုတ်ပါဘူး။ computer တစ်ခါ IT နော် ဒီကိစ္စတွေကတော့ reverse education ပါဘဲ။ သားသမီး ပြန်မေးနေရတာဘဲ။ အဲဒီတော့ ဒါကလည်း ပြန်စဉ်းစားကြဖို့ပါ။
နောက်ဆုံးအပိုင်းရောက်ပါပြီ။ ကိုင်း ပညာတတ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ထုတ်တဲ့သူကလည်း စောစောက ပြောတဲ့ Peter Drucker [1909-2005] ဘဲ။ သူက အဲဒီ ခေါင်းစဉ်နဲ့ ဖွင့်ပြီး debate သဘောမျိုးဖြစ်ပြီး ဖြေကြရင်းနဲ့ အခုလောလောဆယ်အထိ ပညာတတ်လို့ သတ်မှတ်နိုင်တဲ့အချက် ငါးချက်ပေါ်လာတယ်။ နံပါတ်တစ်နဲ့ နံပါတ်နှစ်ကတော့ Peter Drucker ကိုယ်တိုင် အဖြေပေးတာ။ နံပါတ်တစ်က စက်မှုခေတ်ကြီးက specialisation ခေတ် တဲ့။ စက်မှုခေတ်အထိ ဘာသာရပ်တစ်ခုကို ပါရဂူမြောက်တတ်ရင် ပညာတတ်လို့ သေချာပေါက်ပြောလို့ရတယ်။ အခုနည်းနည်းခက်သွားပြီ။ ဘာလို့လဲဆိုတော့ ဘာသာရပ်တစ်ခုနဲ့တစ်ခု overlap ဖြစ်နေတဲ့အချိန် ပြဿနာတွေရဲ့ complex သိပ်ဖြစ်မှုကြောင့် ဘာသာရပ်တစ်ခုတည်း မှန်ပြောင်တစ်လက်တည်းနဲ့ ဖြေရှင်းမရတော့တဲ့ အခြေအနေမှာ ဘာသာရပ်တွေရဲ့ ဆုံချက်ကို ဆုပ်မိ ကိုင်မိ ဖြစ်ဖို့လိုတယ်။ universalization လိုပါတယ် တဲ့။ အဲဒီလို universalization အဆင့်ရောက်မှ တင်းပြည့်ကျပ်ပြည့် ပညာတတ်မည်တယ် တဲ့။ ဒါက Peter Drucker ဖြေတာပါ။ နောက်တစ်ခုက ပညာဟာ အရင်နားလည်သလို အဆင်တန်းဆာသက်သက် မဟုတ်ဘူး။ အလုပ်လုပ်ဖို့။ ပညာဟာ လူ့အဖွဲ့အစည်းအတွက်ဆို ဘဝမှီရာဘဲ။ လူတစ်ယောက်ချင်းအတွက်ဆိုရင်လည်း symbol ဘဝရဲ့ တန်ဖိုးဘဲ။ ဘဝမှီရာအဖြစ် သတ်မှတ်လာတော့ ပညာဟာ အလုပ်လုပ်ဖို့ဆိုရင် သူက culture နှစ်ခုနဲ့ အလုပ်လုပ်နိုင်ရမယ်။
နံပါတ်တစ် culture က intellectual culture ကိုယ်သက်ဆိုင်ရာ ဘာသာရပ်ကို ထဲထဲဝင်ဝင်သိရမယ်။ အိယောင်ဝါး လုပ်လို့မရဘူး။ တစ်ခါ အဲဒါနဲ့ လုံလောက်သလား။ မလုံလောက်သေးဘူး။ ပညာနဲ့ ဆက်စပ်နေတဲ့ intellectual culture နဲ့တင် မလုံလောက်သေးဘူး။ လူတွေနဲ့ အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက် manager culture လည်း လိုအပ်တယ်။ management နဲ့ တွဲသိရမယ်။ တကယ်လို့ သူ့မှာ intellectual culture ဘဲ ရှိရင် သူဟာ အမြုံဘဲတဲ့။ အလုပ်လုပ်လို့ ရမှာ မဟုတ်ဘူး။ တစ်ယောက်တည်း တတ်နေဖို့ဘဲ ရှိတယ်။ manager culture ဘဲ ရှိမယ်၊ ပညာဘာမှ မတတ်ဘူးဆိုရင် အဲဒီကောင် အမိန့်ပေးတာဘဲ ဖြစ်မယ်။ အဲဒီတော့ ဒီနှစ်ခု ပေါင်းစပ်နိုင်မှ အသုံးဝင်တဲ့ ပညာတတ် ဖြစ်လိမ့်မယ်။ ဒီနှစ်ချက်က Peter Drucker ဖြေတာပါ။ တတိယအချက်က နောက်ပိုင်း လူပြောများလာလို့ပါ။ တကယ်က ကြာပါပြီဗျ Meji [September 8, 1868 - Jyly 30, 1912] ခေတ်က ပေါ်တာ။ Meji ပညာရှင်တစ်ယောက် Fukuzawa ထင်ပါတယ်။ နာမည်တော့ ကောင်းကောင်း မမှတ်မိတော့ဘူး။ စာအုပ်ထဲတော့ ပါပါတယ်။ (မှတ်ချက် - Yukichi Fukuzawa [1835-1901])။
ကျော်ဝင်း
>>>ဆက်ဖတ်ရန်>>> >>

မြန်မာနိုင်ငံပညာရေး အဆင့်အတန်း နိမ့်ကျသွားရခြင်း အကြောင်းရင်းနှင့် တရားခံများ ၁၆.၁၀.၂၀၁၅

မြန်မာနိုင်ငံပညာရေး အဆင့်အတန်း နိမ့်ကျသွားရခြင်း အကြောင်းရင်းနှင့် တရားခံများ

ကိုလိုနီခေတ်ကပညာရေးကို ကျွန်ပညာရေး လို့ဘဲ ခေါ်ခေါ် ဘာဘဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့ အဆင့်ကို ကောင်းကောင်း မီခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်ဘွဲ့ ရခဲ့သူများက လွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္က သိုလ်မှာ ဆရာများ ဖြစ်လာခဲ့ပြီး အဲဒီဆရာများရဲ့ သင်ကြားပေးခြင်းခံခဲ့ရတဲ့ တပည့် များကလဲ ကမ္ဘာ့အ ဆင့်ကို မီခဲ့ကြပါတယ်။ ဦးနုအစိုးရက အင်္ဂလန်။ အမေရိကန်။ ၾသစေၾတးလ်။ ကနေဒါ စတဲ့ နိုင်ငံများသို့  ပညာတော်သင်များ စေလွှတ်ပြီး ၎င်းပညာတော်သင်များ၏ ၉၉% က လဲ အမိနိုင်ငံကို ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြပါတယ်။
ပညာရေးစနစ်မှာလဲ နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင်ကျောင်းများ၊ ခရစ်ယာန်သာသနာ ပြု ကျောင်းများပါရှိလို့ ကိုယ်ကြိုက်ရာကျောင်းမှာ သင်ကြားနိုင်ခဲ့ကြပါတယ်။ ကျောင်းလခကလဲ ခုခေတ် လို သိန်းနဲ့ချီပေးစရာမလိုပါဘူး။ အဲဒီခေတ်ကရန်ကုန်ကနာမည်ကြီးကျောင်းတွေမှာ ဒေါ်စုတက်ခဲ့တဲ့ အင်္ဂလိပ်မက်သဒစ်ကျောင်းက တစ်လကို ၂၅ကျပ်ယူပါတယ်။ ဒီကျောင်းက မိန်းကလေးရောယောက်ျား ကလေးပါလက်ခံပါတယ်။ ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းကထောင်ထားတဲ့ စိန်ပေါလ်ယောက်ျား ကလေးများကျောင်း (ဒေါ်စုအစ်ကိုရင်း ဦးအောင်ဆန်းဦးတက်ခဲ့တဲ့ကျောင်း)နဲ့ စိန်ဂျွန်းကွန်ဗင့် မိန်းက လေးများကျောင်း၊ အင်္ဂလီကန်ခရစ်ယာန်ဂိုဏ်းကဖွင့်ထားတဲ့ စိန်ဂျွန်းဒိုင်အိုစီဇင်ယောက်ျားကလေးများ ကျောင်း (ဒေါ်စုအစ်ကိုတစ်ဝမ်းကွဲ ဒေါက်တာစိန်ဝင်းတက်ခဲ့တဲ့ကျောင်း)နဲ့ စိန်မေရီဒိုင်အိုစီဇင် မိန်းက လေးများကျောင်း၊ တို့ကတော့ အတန်းအလိုက် ၁၅ ကျပ်က ၁၉ ကျပ်အထိ ယူပါတယ်။
ပညာရေးအဆင့်အတန်းကလည်းမြင့်ပါတယ်။ စာမေးပွဲတွေမှာ မတတ်ပဲနဲ့ မအောင်ပါဘူး။ အထူးသဖြင့် ၁၀တန်းစာမေးပွဲလို့ခေါ်တဲ့ တန်းမြင့် ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်သူ ၁၀% တောင် မရှိခဲ့ပါဘူး။ ၁၉၅၉ ခုနှစ်က ၃.၄% ပဲရှိပါတယ်။ တရာဖြေမှလေးယောက် တောင် မအောင်ခဲ့ပါဘူး။ အဲဒီ နှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးသြရသ အောင်ဆန်းဦးက ဂုဏ်ထူးနှစ်ခုနဲ့အောင်ခဲ့ပါတယ်။ ရန် ကုန်တက္ကသိုလ်ရဲ့ အဆင့်ကလည်း ကမ္ဘာအဆင့်မီခဲ့ပါတယ်။ အာဖရိကတိုက်က တချို့ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာလာတက်ခဲ့ရပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်ရင် တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။ စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်း ကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့ တက်ရောက်သင်ကြားကြပါတယ်။ ဝိဇ္ဇာ ပညာရပ်များ သင်ကြားသူများ လဲ ဂုဏ်မငယ်ကြပါ။ ဝိဇ္ဇာ။ သိပ္ပံ။ စီးပွါးရေး။ ပညာရေး။ စိုက်ပျိုးရေး။ ဆေးပညာ။ အင်ဂျင်နီယာအတတ် တို့ မှာလဲတကယ်စိတ်ပါသူများသာတက်ရောက်ဘွဲ့ ယူခဲ့ကြပြီး တကယ်တတ်သူက တတ်လိုသူကို ပညာ သင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ရင် ဥပစာ(က) တန်းမှာ တစ်နှစ်၊ ဥပစာ(ခ)တန်းမှာနောက်တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်တက်ရပါတယ်။ အင်္ဂလိပ်လိုကတော့ Intermediate Part (A) and Part (B) လို့ခေါ်ပါတယ်။ ဝိဇ္ဇာ သမားတွေအတွက်က Intermediate of Arts အတိုက I.A ပါ။ သိပ္ပံသမားတွေအတွက် Intermediate of Science အတိုက I.Sc. ပါ။ ဥပစာ(ခ)တန်း အောင်ပြီးမှ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုးသိပ္ပံ ဘွဲ့ရဖို့နောက် ထပ်နှစ်နှစ် ထပ်တက်ရပါတယ်။ B.A (A) & B.A (B) or B.Sc.(A) & B.Sc.(B) ပါ။ စုစုပေါင်း ၄ နှစ်ပါ။ Honours ခေါ် ဂုဏ်ထူးတန်းတက်ချင်ရင် ဥပစာ (ခ)တန်း အောင်ပြီးသတ်မှတ်ချက်နဲ့ပြည့်စုံရင် ဘွဲ့ရ ဖို့နောက်ထပ်သုံးနှစ် ထပ်တက်ရပါတယ်။ စုစုပေါင်း ၅ နှစ်ပါ။ ဥပဒေဘွဲ့ B.L နဲ့ ပညာရေးဘွဲ့ B.Ed တို့ ဟာ ဘွဲ့လွန်သင်တန်းတွေပါ။ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုး သိပ္ပံ ဘွဲ့ရပြီးမှနောက်ထပ် ၂ နှစ်ထပ်တက်ရပါ တယ်။ စုစုပေါင်း ၆ နှစ်ပေါ့။ ဒါကြောင့်လဲ လူတွေက ရတဲ့ ဘွဲ့အလိုက် ဦးဘ B.A., B.L ဒေါ်လှ B.Sc., B.Ed စသဖြင့်ရေးကြပါတယ်။ ဆေးပညာနဲ့တိမွေးကုပညာ သင်လိုသူတွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Biology ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ် ချက်နဲ့ပြည့်စုံရင် M.B.B.S ဘွဲ့ရဖို့နောက်ထပ် ၅ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၇ နှစ်ပေါ့။ B.Sc. (Vet) ဘွဲ့ရဖို့နောက်ထပ် ၄ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၆ နှစ် ပါ။ အင်ဂျင်နီယာအတတ်သင်လိုသူ တွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Mathematics ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ်ချက်နဲ့ပြည့်စုံရင် B.Sc.(Engg) ဘွဲ့ရဖို့နောက်ထပ် ၄ နှစ်ထပ်တက်ရ ပါတယ်။ စုစုပေါင်း ၆ နှစ်ပါ။ B.Sc.(Forestry) သစ်တောပညာ ဘွဲ့နဲ့ B.Sc.(Agri) စိုက်ပျိးရေးပညာ သင် လို သူတွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Mathematics ဒါမှမဟုတ် Physics, Chemistry and Biology ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ်ချက် နဲ့ပြည့်စုံရင် ဘွဲ့ရဖို့နောက်ထပ် ၃ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၅ နှစ်ပါ။ သစ်တောပညာသင်လိုသူ တွေဟာ မိုင် ၂၀လမ်းလျှောက်ပြကြရပြီး သူ့ခေတ်သူ့အခြေ အနေအရ ကျောင်းသားတွေကိုသာ တက် ခွင့်ပြုပါတယ်။ ကျောင်းသူတွေလျှောက်ခွင့်မရှိပါ။ အဲဒီခေတ်က သွားဘက်ဆိုင်ရာဆေးပညာ မြန်မာပြည် မှာမသင်နိုင်သေးပါ။

တိမွေးကုပညာဘွဲ့ဟာ Bachelor of Science (Veterinary) (အခုခေတ်အခေါ် B.V.S, Bachelor of Veterinary Science) မို့ ဘယ်သူကမှ ကိုယ့်နာမည်ရှေ့မှာ "ဒေါက်တာ" မတတ်ရဲပါဘူး။ Bachelor ဘွဲ့ မက Master of Science (Veterinary) ရထားတဲ့ဆရာကြီးတွေတောင် ကိုယ့် နာမည်ရှေ့မှာ ဒေါက်တာ မတတ်ပါဘူး။ တတ်ရင်လဲ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ်ကောင်စီ တို့က လက်မခံပဲ အရေးယူမှာ သေချာပါတယ်။
နှစ်စဉ် ဂျွန်လမှာစာသင်တန်းတွေစဖွင့်ပြီး မတ်လဆန်းမှာ အတန်းတင်စာမေးပွဲတွေစစ်ပါတယ်။ ပူပြင်းလှ တဲ့မတ်လကုန်ကစပြီး မေလကုန်ထိဟာ နွေရာသီကျောင်းပိတ်ရက်တွေဖြစ်ပါတယ်။ ဂျွန်လမှာ နောက် ဆက်တွဲစာမေးပွဲလုပ်ပေးတာကြောင့် မတ်လစာမေးပွဲမှာမအောင်သူတွေအတွက် တစ်နှစ်မနာသွားစေနိုင် တဲ့အခွင့်အရေးရခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ဟာ ပညာရေးဝန်ကြီးရဲ့အောက်မှာမရှိဘဲ ကိုယ်ပိုင် အက် ဥပဒေတွေအရ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ် ကောင်စီတို့ကအုပ်ချုပ်ပါတယ်။ တက္ကသိုလ် ကောင်စီမှာကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ပါပါတယ်။ ကိုယ်စားလှယ်နှစ်ယောက်ကို ကျောင်း သားတွေကမဲပေးစံနစ်နဲ့ရွေးချယ်ရပါတယ်။ ဝန်ကြီးချုပ်ဟာ မူအရ ရန်ကုန်တက္ကသိုလ်အဓိပတိ၊ ဒု ဝန်ကြီး ချုပ်ဟာ မူအရ မန္တလေးတက္ကသိုလ်အဓိပတိဖြစ်ပေမဲ့ ပညာရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်စွက်လေ့မရှိ ပါ။
ကျောင်းသားဆန္ဒပြပွဲများမကြာခဏဖြစ်ပေါ်လေ့ရှိပေမဲ့ ဘယ်အာဏာပိုင်ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမဲ့ ဘုန်းဘောလအော အအောင်ပေးတဲ့စနစ်၊ ကျောင်းသားအချင်းချင်း သွေးကွဲစေမဲ့စနစ်၊ ကျောင်းသားများ မဆူပူပြီးရော အစိုးရဆန့်ကျင်ရေးလုပ်တာကလွဲပြီး ကျန်ကိစ္စများကို ကြိုက်သလိုလုပ် ထားခွင့်၊ ဥပမာ ကျောင်းဆောင်များထဲ ဖဲရိုက်။ အရက်သောက်။ မူးယစ်ဆေးဝါး သုံးစွဲတာကို လျစ်လျူပြု ထားခြင်း စတာမျိုး ခွင့်မပြုခဲ့ကြပါဘူး။
ဘုန်းဘောလအော အအောင်ပေးတာဆိုလို့ "ဟယ်ရီတန် ၇ တန်း" လို့နာမည်တွင်သွားတဲ့ ၁၉၅၆ ခုနှစ်က အစိုးရစစ် ၇ တန်း စာမေးပွဲတစ်ခုသာရှိခဲ့ဖူးပါတယ်။ စာမေးပွဲစစ်နေတုန်း မေးခွန်းပေါက်ကြားပြီး နောက် တစ်ရက်မှာမှဖြေရမယ့်ဘာသာရပ်ရဲ့မေးခွန်းဟာတစ်ရက်ကြိုပြီး ဗမာ့ခေတ်သတင်းစာမှာပါလာလို့ အစိုးရ က စာမေးပွဲဖျက်သိမ်းပြီး နောက်မှထပ်ကျင်းပမယ်လိုကြေညာတယ်။ ကျောင်းသားတွေကမကျေနပ်လို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ဗမာ့ခေတ်သတင်းစာတိုက်ကိုခဲနဲ့ပေါက်ရာက အဓိကရုဏ်းဖြစ်ပြီး ရဲက သေနတ်နဲ့ပစ်လူစုခွဲရာမှာ စိန်ပေါလ်ကျောင်းသားလေး ဟယ်ရီတန် (ခေါ်) မောင်မောင်ဟာ ဗဟန်းအစိုးရ အထက်တန်းကျောင်းရှေ့မှာ သေနတ်မှန်ပြီးသေဆုံးသွားပါတယ်။ လူထုကြီးပါ ပါလာမှာစိုးရိမ်ပြီး ဝန်ကြီး ချုပ်ဦးနုက စာမေးပွဲ နောက်ထပ်မကျင်းပတော့ပဲ ဖြေသူအားလုံးကိုအအောင်ပေးလိုက်ကြောင်းနဲ့ ဟယ်ရီ တန် သေဆုံးရမှုကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေး အရေးယူပေးမယ်ဖြစ်ကြောင်း ကြေညာလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီး ကျေနပ်သွားပါတယ်။ နောက် ၆ လလောက်ကြာပြီး ရွေးကောက် ပွဲ နိုင်ပြီး ဖဆပလ အစိုးရဆက်အာဏာရလာချိန်မှာ ဝန်ကြီးချုပ်ဦးနုက ကျောင်းသား ငါးသောင်းကျော်ကို စာမေး ပွဲမစစ်ပဲ အအောင်ပေးမိတာ ရွေးကောက်ပွဲနီးနေလို့ ကြံမိကြံရာလုပ်ခဲ့ရတဲ့ ဖဆပလ အစိုးရရဲ့အမှားပါ လို့ဝန်ခံခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်က ၇ တန်း စာမေးပွဲမှာ ဘုန်းဘောလအော အအောင်ပေးမိတဲ့ ရလဒ်က တော့ ၁၉၅၈ ခုနှစ်နဲ့ ၁၉၅၉ ခုနှစ် တန်းမြင့်ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ကျရှုံးသူ များ လာခြင်းပါဘဲ။ ၁၉၅၉ ခုနှစ်က စာမေးပွဲအောင်သူ ၃.၄% ပဲရှိပါတယ်။
ဖဆပလ အစိုးရခေတ်က စစ်ရဲတပ်များဟာ အစိုးရအဖွဲ့ဝင် ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များ လို့ နာမည်ကြီးပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲများမှာ လက်ဝဲသမားတွေလို့ ဖဆ ပလ အစိုးရကသတ်မှတ်ထားတဲ့ "တပ်ဦး" က အမြဲနိုင်ကာ ဆိုရှယ်လစ်များထောင်ပေးထားတဲ့ "ရဲခေါင်" ကို ကျောင်းသားထုကြီးကမကြိုက်ကြလို့ မဲမပေးကြပါဘူး။။ ဒါကြောင့် အောက်တိုဘာကျောင်းတစ်လ ပိတ်ရေးစတဲ့ ကျောင်းသားသပိတ်များ၊ ဆန္ဒပြပွဲများကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေး ကိုယ် တိုင် စစ်ရဲများကိုဦးစီးပြီးဖြိုခွဲကာ စစ်ရဲတပ်ဌာနချုပ်မှာ ကျောင်းသားစစ်ဆေး ညှင်းဆဲရေးစခန်း ဖွင့်လေ့ ရှိကြောင်း စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ဝတ္ထုတွေမှာပါတတ်ပါတယ်။
ဖဆပလ အစိုးရ ခေတ်က ဆိုးတယ်၊ ရက်စက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးတောင်မှ နောက်တက်လာတဲ့ စစ် အစိုးရအဆက်ဆက် ကျောင်းသားတွေအပေါ် လုပ်ရက်တာတွေကြည့်ပြီး "ရက်စက်လှချည်လားဟရို့" လို့အော်ရပါလိမ့်မယ်။ ၁၉၅၉ အိမ်စောင့်အစိုးရ ခေတ်ကတည်းက ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းပြီး ကိုကိုးကျွန်းပို့ကာအစွယ်ပြခဲ့ပါပြီ။ ဂျွန်လမှာ နောက်ဆက်တွဲစာမေးပွဲလုပ်ပေးတဲ့စနစ်ကိုလဲဖျက်သိမ်းလိုက်ပါတယ်။ ကိုယ်တိုင်ဘွဲ့မရခဲ့သူ ဗိုလ်နေဝင်း က အိမ်စောင့်အစိုးရခေတ်ဝန်ကြီးချုပ်ဘဝနဲ့ ရန်ကုန်တက္ကသိုလ်အဓိပတိတက်လုပ်ခဲ့တာဟာလဲ ပြောစ မှတ်ကြီးဖြစ်ကျန်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မတ်လနှစ်ရက်နေ့ကစပြီးစစ်အာဏာရှင်စနစ်ပေါ်ပေါက်လာတယ်။ "ဝန်ကြီး"ဆိုတဲ့အခေါ်ဟာ ဗျူရိုကရက်ဆန်တယ်ဆိုပြီး "ဝန်ကြီး"လို့မခေါ်ပဲ "ဌာနတာဝန်ခံ" ဆိုတဲ့ဝေါဟာရသစ်တစ်ခုကို ထွင်ပါ တယ်။ အင်္ဂလိပ်လိုသုံးရာမှာတော့ Ministry, Minister စတဲ့ဝေါဟာရတွေကိုပဲသုံးပါတယ်။("ဌာနတာဝန် ခံ" ဆိုတဲ့ဝေါဟာရဟာ ၆ နှစ်လောက်သာခံပြီး နောက်တော့ဝန်ကြီးလို့ပဲပြန်သုံးပါတယ်)။ မိန်းမပွေတယ်၊ မိန်းမကိစ္စရှုပ်တယ်လို့နာမည်ကြီးခဲ့တဲ့ အာဏာရှင် ဗိုလ်နေ၀င်းက ၁၉၆၂ ခုနှစ် မေလဆန်းမှာ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာလှ သမိုင်းအုတ်စက်ကမိန်းမရွယ်တစ်ယောက်နဲ့ သတင်းကြီးနေ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာသာလှကို ခေါ်တွေ့ကာ "ခေါင်ကမိုးမလုံရင် ဘယ်နေရာမှ မိုးမလုံဘူး" လို့ပြောတော့ မဟုတ်မခံသမား ဒေါက်တာသာလှကလဲ "ကိုရှုမောင်၊ ကျုပ်ကိုလာဆုံးမနေရအောင် ခင်ဗျားကရော ဘာထူးလို့လဲ။ ဘိန်းစားချင်းအတူတူ ပြောင်းတစ်လုံးပိုမရှူချင်ပါနဲ့" လို့ ဘုတောတာနဲ့ စကားပြောအဆင်မပြေဖြစ်ကြပြီး ဒေါက်တာသာလှ ရာထူးကနှုတ်ထွက်သွားပါတယ်။ နောက်နှစ်ရက် လောက်အကြာမှာ "ဦးကာအား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်သည်" ပုံ။ ဗိုလ်မှူး ချုပ်သန်းဖေ၊ ဌာနတာဝန်ခံ၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာပါတယ်။ အရင်က ပါမောက္ခချုပ် လို့မခေါ်ခဲ့ပဲ "ဒုတိယအဓိပတိ" လို့သာခေါ်ခဲ့တဲ့ မန္တလေးတက္ကသိုလ်မှာလဲ "ဒေါက်တာကိုကိုလေးအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်သည်" ပုံ။ ဗိုလ်မှူးချုပ်သန်းဖေ၊ ဌာနတာဝန်ခံ၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာပါတယ်။ ဒီနည်းနဲ့ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ် တို့ဟာ ပညာရေးဝန်ကြီး ရဲ့အောက်ကိုရောက်သွားပါ တော့တယ်။ နောက်သုံးရက်လောက်အကြာမှာ "ရန်ကုန်တက္ကသိုလ်မြန်မာစာပေဌာနပါမောက္ခ ဦးဧမောင်အား အငြိမ်းစားယူခွင့်ပြုလိုက်သည်။ ရန်ကုန် တက္ကသိုလ်မြန်မာဘာသာဌာနပါမောက္ခ ဦးဝန်အား ၎င်း၏မူလရာထူးဖြစ်သော ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနကြီးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သည်။ မြန်မာစာပေ ဌာနနှင့်မြန်မာဘာသာဌာနတို့ကို ပြန်လည်ပူးပေါင်းစေလိုက်ပြီး ယခင်ကအတိုင်း မြန်မာစာဌာနဟုသာ ခေါ်တွင်စေရမည်။ မြန်မာစာပေဌာနကထိကဦးမောင်မောင်ကြီးအား မြန်မာစာဌာနပါမောက္ခအဖြစ်ခန့် အပ်လိုက်သည်"။ ပုံ။ ဗိုလ်မှူးချုပ်သန်းဖေ၊ "ဌာနတာဝန်ခံ"၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာ ပါတယ်။
ပါမောက္ခဦးဧမောင်နဲ့ ဗိုလ်မှူးချုပ်သန်းဖေတို့ဟာ ကျောင်းနေဘက်သူငယ်ချင်းတွေမို့ အလွန်ခင်ကြတယ်။ဗိုလ်မှူးချုပ်သန်းဖေဟာ မလုပ်ချင်ပဲ "အထက်အမိန့်"ကြောင့်လုပ်ရတယ်ဆိုတဲ့သတင်းထွက်လာပါတယ်။ နောက်ဆယ်ရက် လောက်အကြာမှာ တော်လှန်ရေးကောင်စီဝင်နဲ့ဒုစစ်ဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေ၊ "ဌာနတာဝန်ခံ"၊ ပညာရေးဝန်ကြီးဌာနဟာနှလုံးရောဂါနဲ့ ကွယ်လွန်တဲ့အကြောင်းသတင်းနဲ့ တော်လှန်ရေး ကောင်စီဝင် နဲ့ ကျန်းမာရေးဝန်ကြီးဌာန "ဌာနတာဝန်ခံ" ဗိုလ်မှူးကြီးလှဟန်ကို ပညာရေးဝန်ကြီးဌာန အတွက်ပါ "ဌာန တာဝန်ခံ" အဖြစ်ခန့်အပ်ကြောင်း၊ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်နေဝင်းရဲ့အမိန့်လဲ ထွက်လာပါ တယ်။
၁၉၆၂နှစ် ဇူလိုင်လ ၇ ရက်မှာ ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြု ကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။ နောက်တစ်နေ့မနက်အစောကြီးမှာ ကျောင်းသားသမဂ္ဂ အ ဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးရုံနဲ့ အားမရသေးဘဲ ညပိုင်းမှာ အာဏာရှင် ဗိုလ်နေ၀င်း က “ဒါဟာရှိတဲ့အား တစ်စိတ်တစ်ပိုင်း ထုတ်သုံး ပြီးနှိမ်နင်းတာဘဲရှိသေးတယ်။ ဒီ့ထက်လွန်လာရင် ဓါးကို ဓါးချင်း။ လှံကို လှံချင်း ရင်ဆိုင်ရန် အသင့်ရှိ တယ်” လို့မြန်မာ့အသံကအသံလွှင့်ပြီး “ကျွန်းပြန် လူမိုက် ဓါးကြိမ်း ကြိမ်း”သလို ပြည်သူလူထုကြီးကို ခြိမ်းခြောက်ပြခဲ့ပါတယ်။ စစ်အစိုးရကနောင်ကျောင်းသားတွေ ဆူပူမှုလုပ်ရင် တက္ကသိုလ်တွေကိုပိတ်ပစ်ပြီး မြန်မာပြည်မှာ တက္ကသိုလ်တွေ မထားတော့ဘူးလို့လဲပြောပါ တယ်။ အဲဒီအချိန်ကတည်းက စစ်အစိုးရဟာ တိုင်းပြည်နောင်ရေး ဘာမှမစဉ်းစားတော့ပဲ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ထက် သူတို့အာဏာတည်မြဲရေးသာ စဉ်းစားခဲ့တယ်ဆိုတာ လက်တွေ့ပြနေပါတယ်။
နှစ်လလောက်အကြာမှာ ကျောင်းတွေပြန်ဖွင့်တော့လဲ ကျောင်းသားတိုင်း ပုဆိုးနဲ့တိုက်ပုံအင်္ကျီ ဝတ်ရ မယ်။ ဘောင်းဘီဝတ်ရင် "နက်တိုင်" တပ်ရမယ်။ ကျောင်းသူတွေလဲ အင်္ကျီလက်ရှည်ထူထူဝတ်ရမယ်။ အင်္ကျီပါးပါးနဲ့အင်္ကျီလက်ပြတ်မဝတ်ရ။ ဆရာတွေ၊ ဆရာမတွေကကြည့်ထိန်းရမယ်။ စည်းကမ်းအတိုင်း ဝတ်မလာသူတွေကို စာသင်ခန်းထဲဝင်ခွင့်မပြုရ။ စတဲ့အမိန့်တွေထုတ်ပါတယ်။
၁၉၆၂လောက်က အဆိုတော်ကိုမင်းနောင်ဆိုခဲ့တဲ့ "တက္ကသိုလ်ကျောင်းသူတစ်ဦး"ဆိုတဲ့သီချင်းမှာ "တက္က သိုလ်ကျောင်းသူတစ်ဦး၊ လှပုံထူးသမျှ၊ တွေ့ရဖူးသည်မှာ၊ တစ်ပတ်လျှိုဆံထုံးကျော့မှာ၊ တစ်ပွင့်ပန်းပန် ကာ၊ လက်ရှည်ထူထူကလေးဝတ်ကာ ------" လို့ပါပါတယ်။ အဲဒီသီချင်းနဲ့ရှုမဝရုပ်ရှင်က မောင်ယဉ်ထွေး နဲ့ စမ်းစမ်းအေးတို့ရဲ့ပထမဆုံးကား "ရွှေရင်သိမ်းသစ်" ဇာတ်သိမ်းပိုင်းလောက်မှာ စမ်းစမ်းအေး ဝတ်စား ပုံကို ကြည့်ရင်တော့ "အားလုံးကောင်းပါသည်ခင်ဗျား" ပေါ့။ ဒါပေမဲ့တကဲ့လက်တွေ့မှာတော့ ဆင်းရဲတဲ့ ကျောင်းသားတွေမှာ တိုက်ပုံ အင်္ကျီအများဆုံးနှစ်ထည်လောက်ပဲတတ်နိုင်တော့ မိုးတွင်းနှစ်ရက်လောက် ဆက်ပြီးမိုးမိလိုက်ရင် လဲစရာတိုက်ပုံအင်္ကျီမရှိ၊ ကျောင်းရောက်ပြန်ရင်လဲ တိုက်ပုံအင်္ကျီဝတ်မထားတော့ ဆရာတွေက စာသင်ခန်းထဲ ဝင်ခွင့်မပြုနဲ့ ဒုက္ခရောက်ကြရရှာတယ်။ ပူအိုက်တဲ့နေ့တွေမှလဲ "နက်တိုင်" တို့၊ တိုက်ပုံအင်္ကျီတို၊့ လက်ရှည်ထူထူကလေးတို၊့ ဝတ်ထားရတော့ ချွေးတစ်လုံးလုံး၊ ချွေးနံ့တစ်ထောင်း ထောင်းနဲ့ပေါ့။ အတန်းတင်စာမေးပွဲတွေကလဲနွေရာသီမတ်လမှာဆိုတော့ အပူဒါဏ်မှာအဝတ်အစားက "ဗူးလေးရာဖရုံဆင့်" ဖြစ်ပြီး ကျက်မှတ်ထားတာမေ့ကာ စာမေးပွဲကျခဲ့ရသူတွေလဲရှိခဲ့ပါတယ်။
ကျောင်းသားလှုပ်ရားမှုကတော့ ရပ်တန့် မသွားပဲ ၁၉၆၃ခု နိုဝင်ဘာလမှာ အပြင်းထန်ဆုံး အဆင့်ကို ရောက်ရှိလာလို့ စစ်အာဏာပိုင်တို့ က ရန်ကုန် တက္ကသိုလ် လက်အောက်ခံ ဝိဇ္ဇာ မဟာဌာန၊ သိပ္ပံ မဟာ ဌာနနဲ့ လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွါးရေးတက္ကသိုလ်) တို့ ကို ရက်အကန့် အသတ်မရှိ ပိတ်ပစ် လိုက်ပြီး ဆေးပညာမဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနဲ့ ပညာရေး မဟာဌာနတို့ ကိုတော့ ဆက်ဖွင့် ထားခဲ့ပါတယ်။ ကျောင်းသားများကို သွေးခွဲ အုပ်ချုပ်လိုက်ခြင်း (Divided and Rule) ရဲ့အစ ပထမပါ။ ဒါပေမဲ့ ကျောင်းသား ဆန္ဒပြမှုများဟာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနဲ့ ဂျီတီအိုင်ခေါ် အစိုးရ စက်မှုလက်မှု သိပ္ပံအထိ ကူးစက်သွားလို့ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာမဟာဌာနနဲ့ စိုက်ပျိုးရေး မဟာဌာနကလွဲပြီး ကျန်ဌာနအားလုံးကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ပါတယ်။
၁၉၆၃ခု နိုဝင်ဘာလမှာ ဖဆပလ(တည်မြဲ) ခေါင်းဆောင်ဦးဗဆွေက "ဗိုလ်ချုပ်နေဝင်းဟာ ပါးစပ်ကသာ ရှေ့သို့လို့ အာပေါက်အောင် အော်နေပေမဲ့၊ လက်တွေ့လုပ်နေတာက နောက်သို့တွေချည်းဖြစ်နေတယ်။ ဒါကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာနဲ့ တပ်မတော်ရဲ့ရှေ့ရေး၊ ကောင်းကြိုး စတာတွေကို တကယ်တွေးရင်၊ တကယ်စေတနာရှိရင် ရာထူးကအမြန်ဆုံးနှုတ်ထွက်ပါ၊ တော်လှန်ရေးကောင်စီကို ဖျက်သိမ်းပြီး ပါတီစုံရွေးကောက်ပွဲလုပ်ပါ"လို့ပြောလိုက်ပါတယ်။ ဘာရမလဲ၊ ကျားကြီးဗဆွေရဲ့ "နောက် သို့" ဆိုတဲ့ မိန့်ခွန်းဟောကြားပြီး ရက်အနည်းငယ်အကြာမှာ အာဏာရူးကြီး ဗိုလ်ချုပ်နေဝင်းက အာဏာ သိမ်းတဲ့အချိန်က မဖမ်းသေးပဲထားခဲ့တဲ့ တည်မြဲဖဆပလခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့ တပ်မတော်မှာဒုတိယစစ်သေနာပတိနဲ့မြန်မာပြည်လွတ်လပ်ရေးရချိန်မှာ ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ် ရေးဝန်ကြီးဖြစ်ခဲ့တဲ့ဗိုလ်လက်ျာ၊ စာရေးဆရာမကြီးဂျာနယ်ကျော်မမလေး အစရှိတဲ့ နိုင်ငံရေးအခြေခံရှိသူ ရာနဲ့ချီပြီး ဖမ်းတဲ့အပြင် မြန်မာတစ်ပြည်လုံးမှာ မဆလကလွဲပြီး ကျန်ပါတီအားလုံးကို ဖျက်သိမ်းခိုင်းလိုက် ပြီး တစ်ပါတီအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တော့တာပေါ့။ တကယ်တော့ဗိုလ်လက်ျာဟာ ၁၉၄၇ ခု ဒီဇင်ဘာ လအကုန်ပိုင်း လွတ်လပ်ရေးမရခင်ရက်ပိုင်းအလိုမှာ ဗိုလ်နေဝင်းကို ဒုတိယဗိုလ်မှူးကြီးအဆင့်က ဗိုလ်မှူး ချုပ်အဆင့်ကို ရာထူးတစ်ဆင့်ကျော်တင်ပေးခဲ့တဲ့အပြင် ၁၉၄၈ ခု လွတ်လပ်ရေးရပြီးတော့လဲ ဗိုလ်ချုပ် အဆင့်ကို ရာထူးတင်ပေးကာ ဒုတိယစစ်သေနာပတိ ခန့်ပေးခဲ့သူပါ။ တည်မြဲဖဆပလခေါင်းဆောင် ဦးဗ ဆွေနဲ့ဦးကျော်ငြိမ်းတို့ဟာလဲ ၁၉၄၉ ခု မှာ ကရင်လူမျိုး ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်းကို စစ်သေနာပတိ အဖြစ်က အတင်းပင်စင်ပေးပစ်ပြီး ဗိုလ်နေဝင်းကို စစ်သေနာပတိဖြစ်လာစေတဲ့အပြင် နောက်ပိုင်း ဗိုလ် နေဝင်းက လင်ရှိမယားဒေါ်ခင်မေသန်းကိုယူလို့ ဝန်ကြီးချုပ်ဦးနုက ဗိုလ်နေဝင်းကို စစ်သေနာပတိအဖြစ် က ဖြုတ်ဖို့လုပ်ထားတုန်းကလဲ အတင်းဝင်ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေပါ။
တက္ကသိုလ်တွေတစ်နှစ်နီးပါးပိတ်ထားတုန်းကျောင်းသားများ ငြိမ်ဝပ်ပိပြားရေးအတွက် ဗိုလ်နေ၀င်းက ဘူမိဗေဒပါမောက္ခဘဝက ပညာရေးဌာနအတွင်းဝန်ဖြစ်လာတဲ့ (နောင်ဝန်ကြီး ဖြစ်လာမည့်) ဒေါက်တာ ညီညီကို တာဝန်ပေးလိုက်တယ်။ ဒေါက်တာညီညီနဲ့ အပေါင်းပါများကလဲ "စနစ်သစ် ပညာရေး" ဆိုတာ ကြီးကို အကောင်အထည် ဖော်လိုက်ကြပါတော့တယ်။ နီးရာဓားကြောက်ရလို့ "ဗောင်းတော်ငြိမ့် စိတ် တော်သိ"လိုက်ရတာလား။ "တိုင်းပြည်နောင်ရေးဘာဖြစ်ဖြစ် မိမိတို့ လူစု စစ်အာဏာရှင်လက်ကျန် အရိုး အရင်း စားရနည်းလား"။ "ဘယ်သူ သေသေငတေမာပြီးရော"ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်နဲ့ လုပ်ခဲ့ကြ တာလား။ ဆိုတာကိုတော့ ကာယကံရှင်တွေသာအသိဆုံးဖြစ်ပါလိမ့်မယ်။
စာသင်နှစ်ကိုလဲ ဂျွန်လမှာမစတော့ပဲနိုဝင်ဘာလလာက်မှစပြီး စက်တင်ဘာလမှာ အတန်းတင်စာမေးပွဲ တွေစစ်ပါတယ်။ ကျောင်းပိတ်ရက်တွေက အောက်တိုဘာနဲ့ဧပြီလတွေဖြစ်သွားတော့ ပူပြင်းလှတဲ့မတ်လ နဲ့မေလမှာစာသင်ရလို့ ဆရာ၊ ဆရာမတွေရော ကျောင်းသူကျောင်းသားတွေပါ ပင်ပန်းကြပါတယ်။ မူလတန်းကတက္ကသိုလ်ဝင်တန်းအထိကတော့အရင်အတိုင်း နှစ်စဉ် ဂျွန်လမှာစာသင်တန်းတွေစဖွင့်ပြီး မတ်လဆန်းမှာ အတန်းတင်စာမေးပွဲတွေစစ်လို့ ဆယ်တန်းအောင်ကာစ ကလေးတွေဟာ နှစ်စဉ် ၆ လ လောက် အချိန်အလကားကုန်ခဲ့ရပါတယ်။
ဒေါက်တာညီညီရဲ့ စနစ်သစ်ပညာရေးကြီးမှာ -
(၁) ယခင် မဟာဌာနများကို Institute ခေါ် ပညာရပ်တစ်ခုတည်းကို သင်ပေးတဲ့ တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲဖွင့်လှစ်ရန်။ (ကျောင်းများကွဲသွားလို့ ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။
(၂) တက္ကသိုလ်ဝင်တန်းအောင်ရင်အမှတ်အများဆုံးရသူများကို ဆေးပညာမဟာဌာန တစ်ဖြစ်လဲ ဆေး တက္ကသိုလ်များသို့ ဝင်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တစ်ဖြစ်လဲ စက်မှု တက္ကသိုလ်မှာ တက်ခွင့်ပြုရန်။ (ဒီနည်းနဲ့ ကျောင်းသားတွေ တစ်ဦးကို တစ်ဦးငုံ့ ကြည့် ကြည့်ကြပြီး သွေး ကွဲသွားစေရန်ရည်ရွယ်ချက်)။
ဒီနည်းက နောင်အခါမှာ ထိရောက်သင့်သလောက် ထိရောက်သွားပါတယ်။ ဆေးတက္ကသိုလ်ကျောင်း သားများက ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ကို "အမှိုက်ပုံး"လို့ နောက်ပြောင်ခေါ်ကြပါတော့တယ်။ တစ်ခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းမှာ ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘောအသင်းနဲ့ ဝိဇ္ဇာနှင့် သိပ္ပံ အမျိုးသမီး အသင်း ယှဉ်ပြိုင်ကြရာမှာ ၀ိဇ္ဖာနှင့် သိပ္ပံ ကျောင်းသားများက "ဆရာမတွေ လင် လိုချင် သမိုင်းကွင်းကိုဝင်" ဆိုပြီး စကြရာ ဆရာမလောင်းများက "RASU ကျောင်းသား မစဉ်းစား။ ပျာတာ ခိုင်းဖို့ ထား" လို့ ပြန်နှိမ်ကြပါတယ်။
(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီး အအောင်ပေးရန်။
ဒီနည်းကြောင့် တက္ကသိုလ်များဟာ ဘွဲ့ လက်မှတ်ထုတ်ပေးတဲ့ စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီးဘွဲ့ ရများ ဆရာ ဖြစ်လာတဲ့အခါ "မတတ်သူက မသိသူကိုသင်ပေး" သလိုဖြစ်သွားလို့ ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျသွားပါတော့တယ်။
အထက်ပါကိစ္စနဲ့ပတ်သက်ပြီး စာရေးသူက ၁၉၇၀ ခုနှစ်များမှာ တစ်ချိန်ကကိုယ့်ဆရာဖြစ်ခဲ့ဖူးတဲ့ ပါမော က္ခကြီး တစ်ဦးကို တင်ပြခဲ့ဖူးပါတယ်။ "ဆရာရယ် ကျွန်တော်တို့ ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့  "F" ထိပြီးကျောင်းကထွက်သွားရရှာတဲ့ ကျွန်တော်တို့  သူငယ်ချင်းတွေဟာ ခုခေတ်ကျောင်းသားတွေ ထက် အများကြီးသာပါတယ်" လို့ ပြောလိုက်မိတော့၊ ပါမောက္ခကြီးက "ဒါတော့ ငါလဲ ဘာတတ်နိုင်မလဲ ကွ။ မင်းတို့ခေတ်ကပညာရေးပေါ်လစီက တတ်မှအအောင်ပေးရမယ်ဆိုတော့ စာမေးပွဲတွကလဲခက်ပြီး ကျသူများတာပေါ့။ ခုခေတ် ပေါ်လစီက ဒီလိုဖြစ်နေတာကိုး" လို့ ပြန်ဖြေပါတယ်။ ကျွန်တော်ကထပ်ပြီး "ဆရာတို့  ဒီကိစ္စကို ဆွေးနွေးကြဖို့  တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်" ဟု ပြောလိုက်ရာ ဆရာကြီးက "ဟေ့ ကောင်။ ငါ့ကို ပင်စင်ပါပြုတ်ပြီး အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီး အနှိပ်စက်ခံရအောင် မင်းက ချောက်တွန်းနေတာလား" လို့သာ ပြန်ပြောရှာပါတော့တယ်။
(၄) ကျောင်းသားတွေ ဆန္ဒမပြလျှင် ပြီးရော။ ကျောင်းတက်တက် မတက်တက်။ ဖဲရိုက်ရိုက်။ အရက် သောက်သောက်။ ဆေးခြောက်ရှူရှူ။။ ဖာခေါ်ချချ။ နံပတ်ဖိုး ထိုးနေကြလဲ မမြင်ဟန်ဆောင်နေရန်။ ဒီအချက်ကြောင့် HIV Positive ဖြစ်သူ များပြားလာခြင်း။
(၅) ဒေါက်တာ ညီညီက "ဆိုရှယ်လစ် နိုင်ငံတည်ဆောက်နေပြီ ဖြစ်လို့  အမြတ်ကြီးစားစနစ်ဦးစားပေးတဲ့ ဘဲဥတစ်ဒါဇင်ကို တစ်ကျပ်ဖြင့်ဝယ်ပြီး တစ်လုံးကို ၁၀ပြားဖြင့် ပြန်ရောင်းသော် မည်မျှ မြတ်မည်နည်း ဆို တဲ့ ဂဏန်းသင်္ချာမျိုး။ လောကသာရပျို့ ပါ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်လျှက်ဖြင့်၊ သူ့ ထက်ကဲလွန်၊ ကြွယ်စေမင်း။ ဆိုတဲ့ လင်္ကာမျိုးကို မသင်စေတော့ဖို့  ညွှန်ကြားထားပါတယ် လို့ အခမ်းအနားတခုမှာ မိန့် ခွန်းချွေလိုက်ပါတယ်။
မြန်မာ့ရှေးရိုးစဉ်လာဆိုစကားကတော့ "ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင်ရှုံးမည်မှတ်" လို့ အတိအကျ ဆိုထားပါတယ်။
၁၉၈၇ ခုနှစ်မှာ ဒေ၀ါလီခံကာ LDC (ဖွံ့ ဖြိုးမှုအနည်းဆုံး နိုင်ငံများ စာရင်းဝင်) အဖြစ် လျှောက်ထားခဲ့ရပြီး ၁၉၈၈ ခုနှစ်မှာ လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာတာ မဆန်းတော့ပါ။
(၆) တက္ကသိုလ်တွေမှာ အရင်က အင်္ဂလိပ်ဘာသာနဲ့ သင်နေရာက မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ယူ စေရာ စာအုပ်စာတမ်းမရှိလို့ လအနည်းငယ်အတွင်းမှာ အတင်း ဘာသာပြန်ခိုင်းလိုက်တော့ တချို့ ဝေါ ဟာရများကို မြန်မာလို ဘယ်လို ခေါ်တယ်ဆိုတာ ဘာသာပြန်ဆိုသူ ဆရာများကိုယ်တိုင် အသေအချာ မတွေးနိုင်တော့ဘဲ သင့်သလို ဘာသာပြန်လိုက်ရာမှာ မြန်မာစကားကို မြန်မာတို့  နားမလည်နိုင်တဲ့ ဝေါ ဟာရသစ်များ ထွက်ပေါ်လာပါတယ်။
ကွယ်လွန်သူ မြန်မာစာပါမောက္ခဟောင်း ဦးဝန်ခေါ် ဆရာကြီး မင်းသုဝဏ်က အကျယ် ရေးခဲ့ပြီးလို့ ဥပမာ ၂ ခု သာတင်ပြပါမယ်။
ပထမတစ်ခု။ New born baby ကို ဆရာဝန်မကြီးတဦးက တိုက်ရိုက် "ဖွားသစ်စကလေး" လို့ ဘာသာ ပြန် လိုက်ပါတယ်။ မြန်မာ့ရိုးရာမှာ "မွေးကင်းစကလေး" ဆိုတဲ့စကားလုံး၊ "ကလေးပေါက်စ"၊ "မွေးခါစ ကလေး" စတဲ့ဝေဟာရတွေ ရှိပြီးဖြစ်ပါတယ်။ တောအရပ်ကမိရိုးဖလာ လက်သည်အဒေါ်ကြီးများ ကြား ရင်တော့ "တွေ့ ဘူးပေါင်။ ကြုံဘူးပေါင်။ ကြားဘူးပေါင်တော်။ ဖွားသစ်စက ကလေးရယ်လို့ ။ မွေးကင်းစ ကလေးတို့ ကလေးပေါက်စတို့ မွေးခါစကလေးတို့ဘဲ ကြားဘူးပါရဲ့" လို့ ပြောကြမှာ သေချာပါတယ်။
ဒုတိယ ဥပမာ။ သိပ္ပံနဲ့ အင်ဂျင်နီယာအတတ်တို့ မှာ သုံးတဲ့ Adsorption ဆိုတဲ့ စကားလုံးကို မြန်မာလို တိုက်ရိုက် "ကပ်တင်ခြင်း" လို့ ဘာသာပြန်လိုက်ကြပါတယ်။ ၁၉၇၀ ခုနှစ်များက ဘာသာပြန်ခဲ့သူ ဆရာ ကြီး သူ့ ကားနဲ့ ကျွန်တော့်ကိုတင်သွားတုန်း မိုးတွင်းမိုးရွာပြီး ကားရှေ့မှန်မှာ ရေငွေ့ များ ရိုက်နေပြီး ရှေ့ ကို မမြင်ရတော့ပါ။ အဲဒီအခါ မှာ ပါမောက္ခကြီးက "ဟေ့ကောင်။ ရှေ့ မှန် ရေငွေ့ ရိုက်နေပြီ။ ဘာမှ မမြင် ရတော့ဘူး။ အ၀တ်နဲ့ သုတ်ပါဦးကွ။ တော်တော် ကြာ ကားတိုက်ပြီး မင်းရော ငါပါ ကြွသွားလိမ့်မယ်" လို့ ပြောပါတယ်။ ကျွန်တော်က အ၀တ်နဲ့  ရေငွေ့ များကို သုတ်ရင်း "ဆရာ ဒါ အင်္ဂလိပ်လို Adsorption ဖြစ်တာမဟုတ်လားလို့ မေးလိုက်တော့၊ ဆရာကြီးက "ဒါပေါ့ကွ၊ မင်းဒီလောက်မှမသိရင် နိုင်ငံခြားကရ လာတဲ့ဘွဲ့ရော မြန်မာပြည်ကဘွဲ့ပါပြန်သိမ်းရမယ်ထင်တယ်" လို့နောက်လိုက်လို့ "ကျွန်တော့်ဘွဲ့ပြန်မသိမ်း ခင် တစ်ခုရှင်းပြပါအုန်း။ ဒါကို ဆရာဘာကြောင့် ရေငွေ့ တွေ ကပ်တင်နေတာလို့  မပြောတာလဲ။ စာအုပ် တွေထဲမှာတော့ ကပ်တင်ခြင်းလို့  ဘာသာပြန်ထားတယ် မဟုတ်လား" လို့ မေးလိုက်တော့မှ ဆရာကြီး က "ဦးရှံစားလိုပေါ့ကွာ။ မှားတဲ့အခါလည်း မှားပေမပေါ့" လို့သာ ဆိုရှာပါတော့တယ်။
နောက်ဆုံး ၁၉၈၀ ခုနှစ်ကျော်ကာလများက ဗိုလ်နေ၀င်း၏ အချစ်တော် သမီး ခင်စန္ဒာဝင်း စင်္ကာပူတွင် စာမေးပွဲ သွားဖြေရာမှာ အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် စာမေးပွဲကျလေတော့မှ အာဏာရှင်ကြီးရဲ့ တစ် ချက်လွှတ်အမိန့် နဲ့ တက္ကသိုလ်များမှာ အင်္ဂလိပ်ဘာသာနဲ့သင်ရပြန်တော့တယ်။ ဒါပေမဲ့ ဆရာရှားပါးမှုနဲ့ ကြုံရပါတော့တယ်။ အမှတ် (၇)မှာ ရှင်းပြပါမယ်။
(၇) စစ်အစိုးရနဲ့ မဆလခေါ် "မြန်မာ့ဆင်းရဲမွဲတေမှု လမ်းစဉ်"တို့ ကြောင့် ပညာတတ်အများစုဟာ ၁၉၆၇ ခုလောက်ကစပြီး မြန်မာနိုင်ငံကို စွန့် ခွါကာ "ရေကြည်ရာ မြက်နုရာ"ကို ရှာကြရပါတော့တယ်။။ ဗိုလ်နေ ၀င်း စေလွှတ်ထားတဲ့ ပညာတော်သင်များထဲကလဲ ၂၅ ရာခိုင်နှုန်းလောက်ဟာ မြန်မာပြည်ကို ပြန်မလာ ကြတော့ပါဘူး။ ပြန်လာသူ ၇၅ ရာခိုင်နှုန်း လောက်ထဲမှာလဲ တစ်ဝက်လောက်ဟာ အုပ်ချုပ်သူ စစ်ဗိုလ် များက အရပ်သားများကို "ကျွန်နှင့် သခင်ပမာ" ဆက်ဆံနေမှုကို မခံနိုင်တော့ပဲ နိုင်ငံခြားကိုပြန်ထွက်ကြ ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ဆရာကောင်းရှားပါးကုန်ပါတော့တယ်။
(၈) ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သမိုင်းဘာသာရပ်ဟာ နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ ဘာသာရပ်ဖြစ်လို့ "မအအောင်။ မတုံးအောင်။ သမိုင်းသင်ရတယ်" လို့ အဆိုအမိန့်  ရှိခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ဒေါက်တာ ညီညီရဲ့ စနစ်သစ်ပညာရေးအရ အမှတ်နည်းတဲ့ လူတွေကို သမိုင်းအဓိက သင်ရန်ပို့ လိုက်တော့ အလွန်ဝါသနာပါပြီး စားကြိုးစားသူတစ်ယောက်တစ်လေကလွဲလို့ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိက ဘာသာရပ်မှာလည်း "ထိုနည်း၎င်း" ဖြစ် သွားပါတော့တယ်။
(၉) မြန်မာစာအတွက် ပိုကံဆိုး တာကတော့ အာဏာရှင် ဗိုလ်နေ၀င်း မြန်မာစာကော်မရှင်မှာ နာယက တက်လုပ်ပြီး သတ်ပုံ၊ သဒ္ဒါတို့ ကို သူ့စိတ်တိုင်းကျရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဆရာ ကြီးဦးဝန်လိုပုဂ္ဂိုလ်ကိုတောင် "မကျက်တကျက်ဖုတ်ထားတဲ့ပေါင်မုန့်လို မနူးမနပ် မတတ်တတတ်လူ" လို့ ဗိုလ်နေ၀င်းက သရော်တော်တော်ပြောခဲ့ပါတယ်။ အကျယ်ကိုဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်ပါ တယ်။ တစ်လောကမိုးမခမှာပါသွားတဲ့ ဦးခင်မောင်စော (ဘာလင်)ရဲ့ မြန်မာစာနဲ့ပတ်သက်တဲ့ဆောင်းပါး တစ်ခုမှာလဲ အလားတူ ထောက်ပြထားပါတယ်။ ဒါကြောင့် အသေးစိတ်ထပ်မရေးလိုတာ့ပါ။ မြန်မာပြည် ထဲက လူများမှာတော့ ဓားဂုတ် ပေါ်ဝဲပြီး သုံးခိုင်းနေလို့ "မချစ်သော်လည်းအောင့်ကာ နမ်း" ဆိုသလို ကြိတ်မှိတ်ပြီး ဒီသတ်ပုံကျမ်းသုံးနေရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်တဲ့ သတင်းစာ၊ ဂျာနယ် စတာတွေကလဲ ဒီသတ်ပုံကျမ်းအတိုင်း လိုက်နာ ရေး နေကြတာကတော့ ၀မ်းနည်းစရာပါ။ "အများညီ ဤကိုကျွဲဖတ်ကြ"ဆိုသလိုဖြစ်နေပါတယ်။ အများ မိုးခါး ရေသောက်နေကြတော့လဲ ကျွန်တော်အပါအဝင်လူအများစုဟာ "ရောယိမ်းလိုက်၊ ဘသား ယိမ်းလိုက်" လုပ်မိသွားကြပါတယ်။ ဆရာကြီးကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်တဲ့အထိ စစ်အစိုးရရဲ့သတ်ပုံ ကျမ်းကို သပိတ်မှောက်ပြီး က၀ိ လက္ခဏာ သတ်ပုံ သတ်ညွှန်းအတိုင်းသာ ရေးသားခဲ့ပါတယ်။
ဒီနေရာမှာ ပြည်ပရောက် မြန်မာများဟာ "Oversea Chinese" ကို စံနမူယူသင့်တယ်လို့ထင်ပါတယ်။
တရုတ်ပြည်မကြီးမှာ နာမည်များကို Latin အက္ခရာနဲ့ ရေးရာမှာ ၁၉၇၈ လောက်မှစပြီး တြိဝဏ္ဏ (Tri Syllabic) ဖြင့် ရေးနေရာက ဒွိဝဏ္ဏ (Di Syllabic) ကိုပြောင်းလိုက်ပါတယ်။ ဥပမာ Teng Shiao Peng က Deng Shiaobeng ပြောင်းရေးသလိုပါ။ စာရေးရာမှာလဲရှေးရိုးတရုတ်ထုံးစံ ညာဘက်ဆုံးကစပြီး အပေါ် ကအောက်ကိုဆင်းကာ ဘယ်ဘက်ကိုသွားတဲ့စနစ်ကိုမသုံးတော့ပဲ ဘယ်ဘက်ဆုံးကစပြီး ညာဘက်ကို သွားတဲ့ရေးနည်းပြင်လိုက်ပါတယ်။ ဒါပေမဲ့ တိုင်ဝမ်။ ဟောင်ကောင်။ စင်္ကာပူနဲ့ အခြားနေရာများရှိ တရုတ် များကတော့ ရှေးရိုးစဉ်လာ တြိဝဏ္ဏကိုသာ ဆက်သုံးနေကြပါတယ်။ ဥပမာ စင်္ကာပူ တရုတ်နာမည်များ (Lee Ong Pin စသည်ဖြင့်)။ စာရေးရာမှာလဲရှေးရိုးတရုတ်ထုံးစံတိုင်းသာဆက်လက်ရေးကြပါတယ်။
ပြည်ပရောက် မြန်မာများအားလုံးဟာလဲ ဗိုလ်နေ၀င်း ထင်ရာစိုင်းထားတဲ့သတ်ပုံကျမ်းကို သပိတ်မှောက် သင့်တယ်လို့ ထင်မိပါတယ်။ ခုချိန်မှာ ပြည်တွင်းကမြန်မာတွေကလဲ ဒီဗိုလ်နေ၀င်း ရဲ့သတ်ပုံကျမ်းကို လက်မခံလိုတဲ့လေသံတွေထွက်လာနေပြီး ဒီသတ်ပုံကျမ်းအတိုင်းလိုက်မရေးသူတွေများလာပါပြီ။ ပြည်ပ ရောက် မြန်မာများအားလုံးကစပြီး ညီညီညာညာလုပ်ကြရင် ပြည်တွင်းက မြန်မာများအားလုံးကပါ လိုက် လုပ်ကြပါလိမ့်မယ်။
(၁၀) ၁၉၆၅ မှာ ကျောင်းတွေကိုပြည်သူပိုင်သိမ်းရာကစပြီး အခြေခံပညာအဆင့်အတန်းလဲ နိမ့်ကျသွား ပါတယ်။ ၅ နှစ်လောက်ကြာပြီးတဲ့အခါမှာ ကျူရှင်မယူရသူမရှိသလောက်ဖြစ်သွားပါတော့တယ်။ ဆရာ တွေဟာ ကုန်ဈေးနှုန်းတွေကကြီး၊ လခတွေကမလောက်တော့ အပိုဝင်ငွေရအောင် ကျူရှင်ပေးလာကြ ပါတယ်။ ကျောင်းတွေမှာ ဆရာတွေဟာ သူတို့ဆီကကျူရှင်မယူတဲ့ တပည့်တွေကို ဒုက္ခပေးတတ်တယ် ဆိုတဲ့သတင်းတွေထွက်လာတော့ အစိုးရက "ဆရာတွေကျူရှင်မပေးရ"လို့ အမိန့်ထုတ်ပါတယ်။ ဒီတော့ ဆရာတွေဆရာမတွေလဲ မုန့်ပဲသွားရည်စာတို့၊ စာအုပ်၊ ခဲတန်စတာတို့ရောင်းပြီး အပိုဝင်ငွေရအောင် ရှာ ကြပြန်တယ်။ မြန်မာနိုင်ငံပညာရေး ပျက်စီးခြင်းငါးပါးဆိုက်လာပါတယ်။
(၁၁) ၁၉၇၄ မှာ ဒေါက်တာညီညီ သတ္တုတွင်းဝန်ကြီးဖြစ်သွားပြီး ဒေါက်တာခင်မောင်ဝင်း ပညာရေးဝန် ကြီးသစ်ဖြစ်လာပါတယ်။ ဒေသကောလိပ်တွေဖွင့်ပြီး တက္ကသိုလ်ဝင်တန်းအောင်ရင် ဒေသကောလိပ် တွေမှာ ၂ နှစ်တက်ပြီးမှ သက်ဆိုင်ရာဘာသာရပ်သင်တဲ့တက္ကသိုလ်တွေမှာ ဆက်တက်ရပါတယ်။ အများ အမြင်မှာတော့ အင်္ဂလိပ်ခေတ်နဲ့ဦးနုခေတ်ကရှိခဲ့တဲ့ ဥပစာ(က)တန်းမှာတစ်နှစ်၊ ဥပစာ(ခ) တန်းမှာ နောက် တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်ကိုနာမည်သစ်နဲ့လုပ်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေ ကတော့ ဥပစာကောလိပ်နဲ့လဲမတူ အမေရိကန်က Community Colleges တွေနဲ့လဲအသွင်ကွဲတယ် လို့ပြောပေမဲ့ တရားဝင်အတိအကျရှင်းပြချက်ကတော့ ထွက်မလာပါဘူး။ ဒေသကောလိပ်စနစ်ဟာလဲ လေးနှစ် လောက်သာခံပြီး အရင် ဒေါက်တာညီညီလုပ်ခဲ့တဲ့အတိုင်း တက္ကသိုလ်ဝင်တန်းအောင်ရင် အမှတ် အများ ဆုံးရသူများကို ဆေးပညာမဟာဌာန တစ်ဖြစ်လဲ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ပြုရန်။ ဒုတိယ အဆင့် ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တစ်ဖြစ်လဲ စက်မှုတက္ကသိုလ်မှာ တက်ခွင့်ပြုရန်ဆိုတဲ့ "ဘူတာဟောင်းမှာရထားပြန်ဆိုက်"သွားပါတယ်။ စာသင်သားတွေအတွက်ကတော့ "စနစ်တစ်မျိုးပြီး တစ်မျိုး အစမ်းခံ၊ အချိန်တန်ဘွဲ့ရ"ဘာမှမထူးပါ။
ဒေါက်တာညီညီဟာ သတ္တုတွင်းဝန်ကြီးဖြစ်သွားပြီး ၂ နှစ်လောက်ကြာတော့မှ (ဝန်ကြီးလုပ်လာတာ ရှစ်နှစ်လောက်ရှိမှ) သူ့အဖေဟာမြန်မာနိုင်ငံသားမဟုတ်လို့ ဆိုပြီး ဝန်ကြီးရာထူးကအဖြုတ်ခံရကာ ဩစတြေးလျကိုသံအမတ်အဖြစ်နဲ့ အပို့ ခံလိုက်ရပါတယ်။ သံအမတ် သက်တမ်းကုန်တော့မြန်မာပြည် မပြန်တော့ပဲ ကုလသမဂ္ဂရာထူးကြီးကြီးတစ်ခုယူပြီးနိုင်ငံခြားမှာနေပါတယ်။ ကုလသမဂ္ဂရာထူးက ပင်စင် ယူတော့လဲ အမေရိကန်မှာအခြေချပါတယ်။ သူပညာရေး ဝန်ကြီးတို့ သတ္တုတွင်းဝန်ကြီးတို့ဖြစ်ခဲ့စဉ်က တော့ မြန်မာပြည်ကို ပြန်မလာတဲ့ပညာတော်သင်များ နဲ့ မြန်မာနိုင်ငံကို စွန့် ခွါကာ "ရေကြည်ရာ မြက်နု ရာ" ကို ရှာကြရတဲ့သူများကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့သူပါ။
(၁၂) မဆလခေတ်ကစပြီး"ငါးပါးမှောက်"လာတဲ့ပညာရေးဟာ ၈၈ ခု နောက်ပိုင်း ကိုယ့်ကိုယ်ကို ကိုယ် တိုင် အာဏာအပ်နှင်းခဲ့တဲ့ ဗာလာနံ စစ်ကဲများလက်ထက်မှာတော့ "သင်္ဃာစင်"ပါမှောက်ပါတော့တယ်။အကြောင်းကတော့ နဝတ၊ နအဖ ခေတ်စစ်ဗိုလ်တွေဟာ တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလခေတ် ကစစ်ဗိုလ်တွေလောက်အရည်အချင်းမရှိပေမဲ့ ပိုရက်စက်ပြီးပိုခြစားကြလို့ပါပဲ။ တော်လှန်ရေးကောင်စီ ခေတ်ကစစ်ဗိုလ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဗမာ့တပ်မတော်မှာပါဝင်ခဲ့သူတချို့ ပါပါတယ်။ သူတို့က စစ်အာဏာရှင်စနစ်ကိုမကြိုက်ကြပါဘူး။ ဒါကြောင့်လဲ ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်မှူးကြီးခင်ညို၊ ဗိုလ်မှူး ကြီးစောမြင့်၊ ဗိုလ်မှူးချုပ်တီကလစ်၊ စတဲ့ တော်လှန်ရေးကောင်စီဝင်တွေဟာ အဖြုတ်ခံရသူခံရ၊ အဖြုတ်ခံ ရပြီး ထောင်ထဲရာက်သူရောက်၊ အလုပ်ထွက်ပြီးနိုင်ငံခြားသွားသူသွားဖြစ်ကုန်ကြတာပါ။
နဝတ၊ နအဖ စစ်အုပ်ချုပ်ရေးနဲ့စစ်ခုံရုံးတွေကထောင်နှစ်ရှည်အချခံလိုက်ရတဲ့ကျောင်းသားတွေ၊ ဆရာ တွေ၊ ပညာတတ် တွေအများအပြားရှိသလိုစစ်ဗိုလ်စစ်သားများက အရပ်သားများကို "ကျွန်နှင့်သခင်ပမာ" ဆက်ဆံနေမှုကလဲ ဆိုးသထက်ပိုပိုဆိုးလာလို့ မခံနိုင်တော့ပဲ နိုင်ငံခြားကိုထွက်ကြတဲ့ပညာတတ်တွေဟာ မဆလခေတ်မှာထက်ပိုများပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ "အနူတောလူချော" လုပ်နေတဲ့သူတွေရဲ့ သင်ပြမှုအောက်မှာ ပညာရည်အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာပါတော့တယ်။
(၁၃) ကျောင်းသားတွေ မြို့ထဲမှာဆန္ဒမပြနိုင်အောင် တက္ကသိုလ်တွေကိုမြို့ပြင်ထုတ်ပစ်လိုက်ပါတယ်။ ၊ အသွားအပြန်ကားတိုးစီးရတဲ့အချိန်ကုန်လူပန်းကြောင့် ကျောင်းသားတွေငြိမ်သွားမယ်လို့ထင်ထားခဲ့တဲ့ စစ်အစိုးရရဲ့တွက်ကိန်းမှားပြီး ကျောင်းသားတွေထပ်ဆန္ဒပြလို့ ကျောင်းတွေခဏခဏပိတ်နေရတာနဲ့ စုစုပေါင်းစာသင်ချိန် ၂ နှစ်တောင်မရှိပဲဘွဲ့ရကုန်ကြတယ်။
(၁၄) "အနူတောလူချော" လုပ်နေတဲ့သူတွရဲ့ သင်ပြမှုအောက်မှာ ပါရဂူဘွဲ့ကို ပါပေးစေပါတော့တယ်။ ဒီလိုဆရာတွေနဲ့ဘွဲ့ပေးစနစ်ကြောင့်လဲ မကွေးတက္ကသိုလ် "ပါမောက္ခချုပ်ဖြစ်နေ သူ" က မြန်မာပြည်မှာ ရှိဖူးခဲ့တဲ့ ပညာရေးစနစ်ဟောင်း (စနစ်ကောင်း?) အကြောင်း ဂဃ နဏ မကွဲပြား၊ နားမလည်ပဲ၊ ဟိုခေတ် က ဥပဒေဘွဲ့ B.Lဟာ ဘွဲ့လွန်သင်တန်း၊ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုး သိပ္ပံ ဘွဲ့ရပြီး မှနောက်ထပ် ၂ နှစ်ထပ် တက်ရတာ၊ စုစုပေါင်း ၆ နှစ်ဆိုတာကိုမသိပဲ" ဗိုလ်ချုပ်အောင်ဆန်းဘွဲ့မရခဲ့ဘူး" လို့ ရမ်းတုတ်လိုက်တာ ပါဘဲ။
(၁၅) မဆလခေတ်ကစပြီးကုန်ဈေးနှုန်းတွေကကြီး၊ လခတွေကမလောက်တော့ ဆရာတွေဟာ အပို ဝင်ငွေရအောင် ကျူရှင်ပေးလာတာဟာ နဝတတို့၊ နအဖတို့ခေတ်လဲရောက်ရော သူငယ်တန်းကအစ ပါရဂူတန်းအဆုံး သင်တဲ့ဆရာဆီမှာ ကျူရှင်ယူရတဲ့ခေတ်နဲ့စနစ်ပေါ်လာပါတယ်။ ဆရာတွေကလဲ သူတို့ ကျူရှင်မှာသင်ထားတာကိုပဲ စာစစ်ပွဲမေးခွန်းတွေမှာမေးတော့ တကယ်တတ်တာ မတတ်တာ အပထား ဂုဏ်ထူးရသူတွေရှိတာမဆန်းပါဘူး။
(၁၆) နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပါမောက္ခလုပ်နေသူမြန်မာတစ်ဦး မကြာသေးမီက မြန်မာပြည်ကို အလည်သွားပြီး ပြန်ရောက်လာတဲ့အခါ မြန်မာပြည်က တက္ကသိုလ်များအကြောင်း မှတ်ချက်ပေးလိုက်ပုံ က "မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ၊ ငါ့လူငါဘွဲ့ပေး ရေးချင်တာရေး၊ ဆရာလေးဘွဲ့က"မဟာ"၊ နိုင်ငံခြားကရလာတာ၊ ဒေါက်တာဘွဲ့ရမှာက ငါ့တပည့်ကြီး၊ သူ့ဆရာငါ့မှာ ဒီဘွဲ့မရှိ၊ ဒါလည်း"အထက်က" အသိ၊ ဒီတော့ကိစ္စမရှိ၊ ဟီဟိ။" တဲ့ခင်ဗျ။
နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာ့ပညာရေးနဲ့ မြန်မာစာ အဆင့်အတန်း လုံးဝကျဆင်းသွားရခြင်းဟာ
(က) "ရွှေသမင် ဘယ်ကထွက်။ မင်းကြီးတာကထွက်" လို့သာ ဆိုရပါမယ်။ ၆၂ ခုကစပြီး "မင်းကြီး" လုပ်လာကာ "၀မရှိဘဲ ၀ိလုပ်ချင်" ဆိုသလို မတတ်ပဲ ဆရာတက်လုပ်ချင်တဲ့ ဗိုလ်နေ၀င်းနဲ့ နောက်လိုက်နောက်ပါများ။ 
(ခ) "စေတနာနဲ့လုပ်ခဲ့ပါတယ်"လို့ အာပေါက်အောင်ပြောပေမဲ့ "မပြေးသော် ကန်ရာရှိ" နေပြီဖြစ်လို့ သူတို့စကား ယုံသူမရှိသလောက်ဖြစ်သွားတဲ့ ဒေါက်တာညီညီနဲ့ အပေါင်းအပါများ။
(ဂ) ၈၈ ခု နောက်ပိုင်း ကိုယ့်ကိုယ်ကို ကိုယ်တိုင် အာဏာအပ်နှင်းခဲ့တဲ့ ဗာလာနံ စစ်ကဲများနဲ့ နောက် လိုက်နောက်ပါများ။
တို့ရဲ့ "မဟာကျေးဇူးတော်ကြီးများကြောင့်"သာဖြစ်လို့ သူတို့ကို တရားခံအဖြစ် လက်ညှိုးထိုးပြရင်မှားမယ်၊ လွန်မယ် မထင်ပါဘူး။
(ဒေါက်တာမောင်မောင်ကြီး)
>>>ဆက်ဖတ်ရန်>>> >>

ကြောက်စိတ် ၁၆.၁၀.၂၀၁၅

ေ     ကြောက်စိတ်

  • Category: အက်ဆေး
  • Published on Thursday, 15 October 2015 02:06
  • Written by ထားထားမြင့်
http://www.wakingtimes.com/wp-content/uploads/2014/06/Overcoming-fear3.jpg
သူ့ဘဝမှာ ကြုံတွေ့ခဲ့သော ညများစွာအနက် ထိုတစ်ညကဇင်မာထွန်းအတွက် အကြောက်ဆုံးည တစ်ညဖြစ်ခဲ့ပါသည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့တောင်ပိုင်းရှိ အခန်းလေးခန်းပါ အိမ်ကြီးထဲက သူ့အခန်းမှာ တစ်ညလုံး မီးတွေလင်းထိန်အောင်ဖွင့်ပြီး ဖုန်းကိုကျစ် ကျစ်ပါအောင်ဆုပ်ကိုင်ကာ ချွေး တွေပြန်ခဲ့ရပါသည်။ ထိုညကား အိမ်ရှင်ဂျာမန်ဆရာဝန်မကြီး ခရီး ထွက်သွားသဖြင့် ဘဝမှာ သူတစ် ယောက်တည်း အိမ်ကြီးတစ်လုံး ထဲတွင် ပထမဆုံး အိပ်ရသော ည ဖြစ်ပါသည်။ လုံခြုံရေးကောင်းလှ သော ကင်းလှည့်ရဲကားများ မပြတ်သွားလာနေသော ဘာလင် မြို့လယ်ကောင်မှာ သူကြောက် တာ လူဆိုးသူခိုးတော့မဟုတ်ပါ။
‘‘ကျွန်မ သရဲအရမ်းကြောက် တတ်တယ်။ ငယ်ငယ်ကတည်းက အိမ်အပေါ်ထပ် တစ်ယောက် တည်းမသွားရဲဘူး။ ညဘက်အိမ် သာတစ်ယောက်တည်း မသွားရဲ ဘူး။ အဲဒီညကတော့ ဘဝမှာ အ ဆိုးဆုံးညပဲ။ မတွေးဘူးဆိုမှ သရဲအကြောင်းတွေက ခေါင်းထဲဝင် လာတယ်။ ဆောင်းတွင်းမှာကို ချွေးစေးတွေ ပြန်နေရော’’
ဖျာပုံသူ အသက် (၂၂)နှစ် အရွယ် ဇင်မာထွန်းသည် ငယ်စဉ် ကတည်းက ရှေးဆန်လှသော မိဘဆွေမျိုးအသိုင်းအဝိုင်းမှ ကြီးပြင်းလာသူဖြစ်ပါသည်။ သူ၏ ဘွား အေနှင့် ကြီးတော်များ၏ အဆို အရ သမီးမိန်းကလေးသည် သိမ် မွေ့ရမည်။ လူကြီးကို ပြန်မပြောရ၊ သိမ်မွေ့ယဉ်ကျေးရမည်။ ငြိမ်ဝပ် ပိပြားရမည်။ ထို့ကြောင့် ဇင်မာ ထွန်းကို ငယ်စဉ်ကတည်းက ငြိမ် ဝပ်ပိပြား ခပ်ကုပ်ကုပ်လေးဖြစ်နေ အောင် ကြောက်စရာသရဲပုံပြင် အမျိုးမျိုး ပြောပြကြပြီး ကြောက် တတ်အောင် လူကြီးစကားကိုနား ထောင်အောင် လုပ်ထားကြ သည်။
‘‘ဖျာပုံမြို့ ပထမလမ်းမှာ ကျွန်မတို့ အိမ်ကနေ မြင်နေရတဲ့ တိုက်အိုကြီးတစ်လုံးရှိတယ်။ ငယ် ငယ်က ကျွန်မငိုရင်၊ သူတို့စကား နားမထောင်ရင် အဘွားက အဲဒီ က စုန်းမကြီးက တံမြက်စည်းကြီး စီးလာပြီး ကုပ်လာချိုးမယ်။ ပြီး တော့ လူကြီးတွေ မသိအောင် အပြင်ထွက်ရင် ကလေးတွေကို ခေါင်းဖြတ်မယ့် ပသျှူးခေါင်းဖြတ် ရှိတယ်။ မိုးရွာရင်လည်း တိတ် တိတ်နေ၊ ဒေဝေါကြီးလာနေပြီလို့ ခြောက်တယ်။ ကျွန်မ ရှစ်တန်း လောက်မှာ ဒေဝေါဆိုတာ မိုးကို ပြောတာဆိုတာ သိလာတော့မှ မကြောက်တော့တာ’’
ကလေးဘဝက သူ၏ အ ကြောက်တရားများသည် မြန်မာ ပြည်တွင် မိသားစုနှင့်နေစဉ်ကသိပ်မသိသာသော်လည်း ယခုလို မိသားစုနှင့်ဝေးရာ ဂျာမနီမှာ ကျောင်းလာတက်သည့်အခါ ဇင် မာထွန်းကို အတော်ဒုက္ခပေးပါ သည်။ ကျောင်းသွားဖို့ စက်ဘီး ထားသည့် ကားဂိုဒေါင်ကိုပင် တစ် ယောက်တည်း  မသွားရဲအောင် ဖြစ်ခဲ့ရ၏။ မြန်မာပြည်မှာနေစဉ် က မိဘစကားနားထောင်သည့် ငြိမ်ဝပ်ပိပြားသော၊ ဘာမှမလုပ်ရဲသော မိန်းကလေးတစ်ယောက်ဖြစ် ခြင်းသည် ဂျာမနီမှာ ကျောင်း တက်ရသောအခါ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုမြင့်မားသော၊ ဘာမဆိုကြောက်စိတ်မရှိ စူးစမ်း လိုစိတ်ပြင်းထန်လှသော ဥရောပ ကျောင်းသားများနှင့် ရင်ပေါင် တန်းနိုင်ဖို့ အတော်ကြိုးစားအား ထုတ် အမီလိုက်ခဲ့ရပါသည်ဟု ဖျာပုံသူ ဇင်မာထွန်းက ပြောပါ သည်။
မြန်မာနိုင်ငံက သတင်းစာ ဆရာများကို သင်တန်းများပေးနေ သော အမေရိကန် သတင်းစာ ဆရာတစ်ဦးက သူ၏ သင်တန်း သားများသည် ဘာသင်သင် ခေါင်းညိတ်နားထောင်ခြင်းသာ ပြုလုပ် ပြီး ပြန်လှန်မေးခွန်းထုတ်ခြင်း၊ ငြင်းဆိုခြင်းမရှိဟု ဆိုပါသည်။ ဘာသင်သင် အားလုံးက နားလည် သည်ဟုသာ ပြောကြားကြသည်။
သို့သော် လက်တွေ့ရေး သားရာတွင်မူ သူသင်ကြားပြသ ထားသည်များကို နားမလည် ကြောင်း တွေ့ခဲ့ရသည်ဟု ဆိုပါ သည်။
‘‘တကယ်တော့ သူတို့က နားလည်တာ၊ နားမလည်တာ ထက် လူတောထဲမှာ ထမေးတာ ကို ရှက်ကြတာ၊ ကြောက်ကြတာ။ ဆရာ ဘာသင်သင်လည်း ပြန် လည်ထောက်ပြဆွေးနွေးမှုမလုပ် ကြဘူး။ ဒါပေမဲ့ ဆရာကိုတော့ အရမ်းရိုသေလေးစားကြပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း သူ တို့ကို လူပုံအလယ်မှာ မေးတာ ထက် စားရင်းသောက်ရင်းမေး တယ်။ ပြီးတော့ ကျွန်တော့်ကို ကြောက်ဖို့ ရိုသေနေဖို့ထက် ပြန် လှန်ရင်းနှီးအောင် ရင်းရင်းနှီးနှီး နေပေးရတယ်။ အဲဒီအခါကျမှ သူတို့ မေးရဲတော့တာ’’
မြန်မာနိုင်ငံ ပညာရေးစနစ် တွင် ဆရာကသာ ဦးဆောင်မှုပြု လုပ်ကြပြီး အတန်းထဲမှာလည်း ကျောင်းသားဦးရေက နိုင်ငံတကာကျောင်းများထက်များနေသဖြင့် ဆရာတပည့်ဆွေးနွေးမှု မလုပ်နိုင်ကြပါ။ သင်ခန်းစာအကြောင်း အရာတစ်ခုကိုလည်း ကိုယ်ပိုင်ဉာဏ်နှင့် သုံးသပ်တင်ပြဖို့ထက် ဆရာ အသင့်ပြင်ပေးထားသော မှတ်စုကိုသာ အားလုံးက တညီတညွတ်တည်း ရေးသားမှတ်သား ရေးလေ့ရှိပါသည်။
ဥပမာ သင်ခန်းစာ စာအုပ် က ကွန်မြူနစ်ဝါဒ မကောင်းဘူး ဆိုလျှင် တစ်တန်းလုံးရှိ ကျောင်း သားများကလည်း မကောင်းဟု သာ ဆရာသင်သည့်အတိုင်း ရေး သားကြရသည်။ အနောက်နိုင်ငံ များလို ကွန်မြူနစ်ဆိုင်ရာ စာအုပ် စာတမ်းများကို ကျောင်းသားများ က ကိုယ်ပိုင်ယူလာပြီး ကောင်း၊ မကောင်း ဆရာနှင့် အချေအတင် ဆွေးနွေးခွင့်မရှိ။ မိဘနှင့် တန်းတူ အနန္တဂိုဏ်းဝင်ဟု ယူဆထား သည့် ဆရာများကလည်း သူတို့ ကို ထောက်ပြပြီး ပြန်လှန်သုံးသပ် ခြင်းကို လက်ခံလိုမှုနည်းပါသည်။
‘‘ကျွန်မက ဂျပန်မှာ မိသားစု နဲ့ နေခဲ့ဖူးတော့ ဂျပန်လိုနည်းနည်း နားလည်တယ်။ အဲဒါနဲ့ ယူအက်ဖ် အယ်လ်မှာ ဂျပန်စာ အတန်းတက် တော့ ဆရာမသင်တာကို ဂျပန်မှာ ကြားခဲ့တာနဲ့ လွဲနေလို့ ထောက် ပြတာ ဆရာမက နင်တတ်ရင် နင် လာသင်၊ နင်က ဆရာလား၊ ငါကဆရာလားလို့ မေးတယ်လေ’’ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္က သိုလ်မှ ဂျပန်စာနှင့် ကျောင်းပြီး လာသူ မဖြူဖြူဇင်က ပြောပါ သည်။ခေတ်စမ်းစာပေသမိုင်းမှာ အတုယူလေးစားစရာ ဆရာတစ် ဆူဖြစ်သည့် အောက်စဖို့ဒ်တက္က သိုလ်ကျောင်းဆင်း ဦးစိန်တင် (ခေါ်) စာရေးဆရာ သိပ္ပံမောင်ဝ ကလည်း ထိုအချက်ကို သူ၏ ဆောင်းပါးတစ်ပုဒ်တွင် ထောက် ပြရေးသားခဲ့ပါသည်။ သူငယ်စဉ် က ဘုန်းကြီးတရားပွဲတစ်ခုတွင် ပြည့်တန်ဆာဆိုသောစကားကို နားမလည်သဖြင့် သူ၏ ဘွားဒွေး ကြီးကို မေးခဲ့သည်ဟု ဆိုသည်။ ထိုအခါ ဘွားဒွေးကြီးက ကလေး အား သူနားလည်လောက်သော ဘာသာစကားဖြင့် ရှင်းပြဖို့ထက် ‘‘မိန်းမရွှင်ဟဲ့ မိန်းမရွှင်’’ဟုသာ ဆောင့်ကြီးအောင့်ကြီးဖြင့် ဖြေ ကြားခဲ့၏။ ထို့ကြောင့် သူဖခင်နေ ရာရောက်သည့်အခါ ကလေးများ အား ပိတ်ငြင်းဖို့ထက် မေးခွန်းကို တတ်နိုင်သမျှ ဖြေကြားပေးဖို့ ဆုံး ဖြတ်ခဲ့သည်ဟု သိပ္ပံမောင်ဝက ရေးသားခဲ့ပါသည်။
မည်သည့်ကလေးမဆို စည်း ကမ်းလိုက်နာခြင်း၊ ငြိမ်ဝပ်ပိပြား ခြင်းသည် ကောင်းသောအရာ တစ်ခုဖြစ်ပါသည်။ သို့သော် ထိုအရာကိုရဖို့ အကျိုးသင့်အ ကြောင်းသင့် နည်းလမ်းကျစွာ ငယ်ငယ်ကတည်းက လေ့ကျင့် ပြင်ဆင်ပေးသင့်ပါသည်။ မဇင် မာထွန်း ဘွားအေများကဲ့သို့ ကလေးတစ်ယောက်ကို ငယ် ကတည်းက ကြောက်စိတ်ဝင်သွား အောင် အကြောက်တရားဖြင့် ဆုံးမပဲ့ပြင်မှုများကတော့ မှားယွင်းသောနည်းလမ်းများသာဖြစ်၏။ နောင်တစ်ချိန်မှာ ထိုအကြောက် တရားက မိမိ၏ ရင်သွေးကို အ ရည်အချင်းနှင့် အနာဂတ်တက် လမ်းကို အဟန့်အတားတစ်ခုဖြစ် စေသည်ကို သတိထားသင့်၏။
၂၀၀၄၊ ၂၀၀၅ က မလေး ရှားနိုင်ငံမှာ အလုပ်များ ခေတ် ကောင်းစဉ်က နယ်မှ၊ အညာမှ မြန်မာလူငယ် အလုပ်သမားများ အစုလိုက်အပြုံလိုက် နေ့စဉ် မလေးရှားသို့ လေယာဉ်ဖြင့်ထွက် ပြီး အလုပ်လုပ်ကြသည်။ သူတို့ သည် အိမ်ရောင်း၊ လယ်မြေ ရောင်းပြီး အလုပ်သမားအေဂျင် စီများကို ပွဲစားခပေးထားသော် လည်း ပွဲစားများက သူတို့ကို ခပ် နှိမ်နှိမ်သာ ဆက်ဆံကြ၏။ ဆူပူ ငေါက်ငမ်းကြ၏။ မလေးရှားသို့ ထွက်ခွာခါနီး ရန်ကုန်လေဆိပ်သို့ ရောက်သည့်အခါလည်း မလုပ် တတ်၊ မကိုင်တတ်သူများဖြစ် သောကြောင့် လေဆိပ်ဝန်ထမ်း၊ အကောက်ခွန်ဝန်ထမ်းနှင့် လူဝင် မှုကြီးကြပ်ရေးဝန်ထမ်းများ၏ အခြားခရီးသည်များနှင့်မတူ ခပ် ငေါက်ငေါက် ခပ်နှိမ်နှိမ် ဆက်ဆံ တာကို ကြောက်ရွံ့စွာ ခံကြရပြန် သည်။ အမိမြေကပင် မထွက်ခွာ မီမှာပင် ကြောက်ရွံ့မှုဖြင့် ဖိနှိပ် ခံရသော အဆိုပါလူငယ်များသည် သူတစ်ပါးနိုင်ငံတွင် ဘယ်လို ကြောက်ရွံ့မှုများရှိနေမလဲဆိုတာ ခန့်မှန်းလို့ရနေပါသည်။
‘‘လေယာဉ်ပေါ်မှာ သူတို့ ပိုက်ဆံနဲ့ သူတို့လေယာဉ်လက် မှတ်ဝယ်စီးတာတောင် သူတို့မှာ လေယာဉ်မယ်ဆီမှာ တခြားခရီး သည်တွေလို ရေတောင်းမသောက် ရဲ၊ အိမ်သာမသွားရဲ ခပ်ကုပ်ကုပ် လေးတွေ လိုက်ကြရတယ်’’ဟု ထို စဉ်က မလေးရှားမှာ အလုပ်လုပ် နေသဖြင့် မလေးရှားနှင့် ရန်ကုန် အပြန်အလှန်သွားနေသော ဆရာ ဝန် မစန္ဒာက ပြောပါသည်။
မြန်မာနိုင်ငံမှာတော့ အရာ ရာကို ကြောက်စိတ်ဖြင့် ခြိမ်း ခြောက်လွှမ်းမိုးဖို့ ကြိုးစားသည်က ရှေးဆန်သော ဇင်မာထွန်း အဘွားလိုလူတွေသာမဟုတ်။ အစဉ်အ ဆက်အုပ်ချုပ်ခဲ့သော စစ်အစိုးရ များကလည်း သဘောကွဲပြားမှု မရှိစေရ။ တစ်သွေးတစ်သံတစ် မိန့်ဖြင့် အမြင်မတူမှု ကွဲပြားဆန်း သစ်မှုကို လက်မခံဘဲ အကြောက် တရားများဖြင့် ခြိမ်းခြောက်ကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ ထို အသီးအပွင့်၏ ဆိုးကျိုးများကို မြန်မာနိုင်ငံသားများပင် ပြန်ခံစား နေရပါသည်။
တိုင်းပြည်ပွင့်လင်းလာပြီး နိုင်ငံတကာနှင့် ကူးလူးဆက်ဆံ သည့်အခါ မြန်မာနိုင်ငံက ပညာ တတ်များပင် အရာရာနောက်ကျ ကာ အောက်ခြေမှ အမီလိုက်နေ ကြသည်။ သူများတကာမြင်သလို မမြင်။ သူများတကာတွေးသလို လိုက်မတွေးနိုင်။ ယုံကြည်မှုများ နည်းပါးနေကြသည်။ တကယ် တော့ မြန်မာတို့ကား ညံ့၍မဟုတ်။ အရည်အချင်းမရှိ၍မဟုတ်။ သို့ သော် နှစ်ပေါင်းများစွာ အသားကျ ခဲ့သော အကြောက်တရား၏ လွှမ်းမိုးမှုကို ချက်ချင်းရုန်းထွက်ဖို့ ကားမလွယ်ကူသေးပါ။ နောင် အနာဂတ်မျိုးဆက်မှာတော့ သည် ထက်ပိုကောင်းလာမည်ဟု မျှော် လင့်ရပါသည်။
ထို့ကြောင့် ၁၉၃၀ အမေရိ ကန်မှာ စီးပွားပျက်ပြီး တစ်တိုင်း ပြည်လုံး စိတ်ဓာတ်ကျဆင်းနေ ချိန်တွင် နိုင်ငံ၏ ၃၂ ယောက် မြောက် အမေရိကန်သမ္မတ ဖရန် ကလင်ရုစဗဲ့က သူ၏ သမ္မတ ကျမ်းကျိန်မိန့်ခွန်းတွင် အောက်ပါ စကားကို ထည့်သွင်းပြောကြားခဲ့ ၏။ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီရှိ သမ္မတရုစဗဲ့ အမှတ်တရ ဗိမာန်မှာလည်း အဆိုပါစာသား ကို တကူးတကကျောက်စာထွင်း ရေးသားထားပါသည်။
‘‘ကျွန်တော်တို့ ကြောက်ရ မယ့် တစ်ခုတည်းသောအရာက တော့ ကြောက်စိတ်ပါပဲ’’
7 Day Daily.
>>>ဆက်ဖတ်ရန်>>> >>

သဘာဝပတ်ဝန်းကျင်ကို ချစ်ကြဖို့လိုသည် ၁၆.၁၀.၂၀၁၅

သဘာဝပတ်ဝန်းကျင်ကို ချစ်ကြဖို့လိုသည်

http://www.unisdr.org/files/cache-image-resizer/7be65f1485f8220892a9af285994ce41-450x0.jpg
(၁)
ယနေ့အောက်တိုဘာ ၁၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ (International Day for Disaster Reduction)ဖြစ်ပါသည်။ ဆောင် ပုဒ်မှာ ‘ဘေးအန္တရာယ်အသိကြွယ် ဘဝများစွာကာကွယ်မယ်’ (Kno-wledge for Life)ဖြစ်ပါသည်။ ကမ္ဘာ့ဒေသအသီးသီးက အဖွဲ့အစည်းသေးသေးကြီးကြီး အားလုံးပေါင်းစု ပါဝင်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေ
ဖြန့်ဖြူးခြင်းဖြင့် ညီညီညွတ်ညွတ်လုပ်ဆောင်ကြပါစို့ဟုလည်းကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တိုက်တွန်းထားသည်။
အချိန်အခါမရွေး၊ နေရာ မရွေး ပေါ်ပေါက်လျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်များ ကြောင့်အသက်၊ အိုးအိမ်၊ ပိုင် ဆိုင်မှုများ ထိခိုက်ဆုံးရှုံးနေကြရ သော လူဦးရေအရေအတွက်မှာ နှစ်စဉ် ၁၅ သန်းအထက်တွင်ရှိ ကြောင်းသိရသည်။ ၂၀၁၄ တွင် လူဦးရေ ၁၉ ဒသမ ၃ သန်းအထိ ရှိခဲ့ကြောင်းသိရသည်။
မိုးခေါင်ခြင်း၊ အပူလှိုင်းဖြတ် ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေ ကြီးခြင်းများသည်လည်း နေရာ စိပ်စိပ်၊ အချိန်စိပ်စိပ်ဖြစ်ပွား လျက်ရှိနေသည်။ ကမ္ဘာမြေပူနွေး လာမှု၊ ပင်လယ်ရေမြင့်တက်လာ မှုများအပါအဝင် နိုင်ငံအလိုက်၊ ဒေသအလိုက် ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များကို လျော့နည်းသက်သာစေရန် အထိ ရောက်ဆုံးနည်းလမ်းမှာ လူသား တစ်ဦးချင်းစီ၏ သဘာဝပတ်ဝန်း ကျင်အပေါ် တန်ဖိုးထားချစ်ခင် ခြင်းများရှိမှသာလျှင် အစပြုနိုင် လိမ့်မည်ဟုဆိုချင်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ သည် မိသားစုတိုင်း၏အနီးတွင် ရှိနေသည်။
(၂)
မိနစ်တိုင်းတွင် ကလေးတစ် ယောက်နှုန်းသည် ရေနှင့်ဆက်စပ် သည့်အကြောင်းတရားကြောင့် သေဆုံးနေရသည်ဟုဆိုသည်။ တစ်ရက်လျှင် လူသားဦးရေနှစ် ထောင်ခန့်သည် ရေနှင့်အခြေခံ ကျန်းမာရေးသန့်ရှင်းမှုလိုအပ် ချက်များကြောင့် သေဆုံးနေကြရ သည်။ လူကိုးယောက်တွင် တစ် ယောက်သည် သောက်သုံးရေ သန့်လုံလုံလောက်လောက်မရဟု သိရသည်။ ရေအခက်အခဲနှင့် တစ်ကိုယ်ရေဆိုင်ရာသန့်ရှင်းမှု အားနည်းချက်များနှင့်ပတ်သက် သည့် ကိန်းဂဏန်း၊ အချက်အလက်များသည် နေ့စဉ်နှင့်အမျှ စိန်ခေါ် လျက်ရှိသည်။
ရေသည် သက်ရှိသက်မဲ့ အားလုံးအတွက် မရှိမဖြစ်အရေး အကြီးဆုံးများထဲမှ တစ်ခုဖြစ်သည်။တချို့ဒေသတွင် ရေအတွက် ကြောင့်ကြမဲတင်းစရာမလိုသော အနေအထားရှိသည်။ အချို့ဒေသတွင်မူ ရေအတွက်ဒုက္ခများကြရ သည်။ ရေကိုလွယ်လင့်တကူရ ကာ ဖောဖောသီသီအလဟဿ အသုံးပြုကြသူများလည်းရှိသည်။ ရေအတွက် တုတ်တပြက်၊ ဓား တပြက်သတ်ဖြတ်ကြရသည် အထိ ရှားပါးမွတ်သိပ်သောသူ များလည်းရှိသည်။
ကမ္ဘာတစ်ဝန်းတွင်အမျိုးသမီးနှင့်ကလေးငယ်များသည် ရေရဖို့ အတွက် နေ့စဉ် နာရီသန်းပေါင်း ၁၄၀ အသုံးပြုနေကြရသည်။ အချို့ဒေသများရှိ လူများတွင် အသုံးပြုရန် အိမ်သာမရှိသော် လည်း သူတို့လက်ထဲတွင် မိုဘိုင်း ဖုန်းများရှိနေသည်ဟုဆိုသည်။ ရေအတွက်အချိန်ပေးလုံးပန်းကြ ရင်း မိသားစုဝင်များစွာလုပ်အား များဆုံးရှုံးနေကြရသည်။ ဝင်ငွေ မရ၊ ကုန်ထွက်မရှိသော ရေစု ဆောင်း သယ်ယူခြင်းများတွင် နေ့စဉ်ကျင်လည်နေကြရသည်။
(၃)
ရေဆိုင်ရာကိစ္စရပ်များနှင့် အတူ သဘာဝပတ်ဝန်းကျင် ပြဿနာများသည် နေရာဒေသ တိုင်းတွင် ကြုံတွေ့နေကြရသည်။ လူဦးရေတိုးပွားမှု၊ မြို့ပြထွန်းကား မှုများမြင့်မားကြီးထွားလာသည် နှင့်အမျှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ်များကလည်း တိုက်ရိုက်အချိုးကျ ပိုမိုပေါ်ပေါက်လာနေပြီဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ထောက်ပြထားသည်ကို ဤသို့ တွေ့ရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ယိုယွင်းပျက် စီးမှု အဓိကဖြစ်ရပ်များမှာ -
(၁) လေထုညစ်ညမ်းမှုနှင့်ကမ္ဘာ ကြီးပူနွေးလာမှု
(၂) အိုဇုန်းလွှာပျက်စီးမှု
(၃) ရေသယံဇာတများလျော့နည်း လာမှုနှင့် ညစ်ညမ်းမှု
(၄) အက်စစ်မိုးများရွာသွန်းမှု
(၅) ပင်လယ်သမုဒ္ဒရာများ ညစ် ညမ်းလာမှု
(၆) မြေသား၊ မြေဆီလွှာပျက်စီးမှု နှင့်တိုက်စားခံရမှု
(၇) ကန္တာရဖြစ်လာမှု
(၈) သစ်တောများပြုန်းတီးမှု
(၉) ပင်လယ်နေသတ္တဝါများ ဆုံးပါးလာမှု
(၁၀) တိရစ္ဆာန်မျိုးများ၊ အပင်မျိုး များ မျိုးသုဉ်းပျောက်ကွယ်မှု
(၁၁) အမှိုက်သရိုက်၊ အညစ် အကြေး၊ စွန့်ပစ်ပစ္စည်းများ တိုး ပွားလာမှုတို့ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ယို ယွင်းပျက်စီးစေသည့်အကြောင်း ရင်းများအဖြစ် လူဦးရေအဆ မတန်တိုးပွားမှု၊ ဆင်းရဲမှု၊ စက်မှု လုပ်ငန်းများ အလွန်များပြားလာ မှု၊ မော်တော်ယာဉ်များ အသုံးများ လာမှုနှင့် ဖြုန်းတီးသောလူနေမှု တို့ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ကမ္ဘာ့လူသားအများစု စားဝတ်နေ ရေးမပြေလည်ခြင်း၊ အသိပညာ အားနည်းခြင်း၊ စိတ်ကောင်းစေ တနာမထားနိုင်ခြင်း၊ အမြော်အမြင်မဖြောင့်မှန်ခြင်းများကြောင့်လည်းပတ်ဝန်းကျင်ဂေဟစနစ် များစွာ ကို ထိခိုက်စေသည်။
(၄)
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ သီတင်းပတ်နှင့် နှစ်များကို လည်း အသီးသီးသတ်မှတ်ခဲ့ကြ ပြီး ၂၀၁၅ ကို International Year of Soils အဖြစ်သတ်မှတ် ထားသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဆယ်စုနှစ် သည်လည်း United Nations Decade of Biodiversity ဖြစ် ကြောင်းသိရသည်။ ၂၀၁၅ ကမ္ဘာ့ ပတ်ဝန်းကျင်နေ့အတွက် စဉ်းစား ရန်အကြောင်းအရာကို Green Cities ဟူ၍လည်းကောင်း၊ ဆောင်ပုဒ်ကို Plan for the Planet! ဟူ၍လည်းကောင်း ချမှတ်ခဲ့ကြောင်းသိရသည်။ ယခု နှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် နေ့ကို အီတလီနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပခဲ့ပြီး Seven BillionDreams. One Planet. Consumewith Care. ခေါင်းစဉ်ဖြင့် ဆွေး နွေးစဉ်းစားခဲ့ကြကြောင်းသိရပါ သည်။
စာရေးသူတို့နိုင်ငံတွင်လည်း ရေကြီးရေနစ်မြုပ်မှုများကို လက် ရှိကြုံတွေ့ရလျက်ရှိသည်။ ထို့ အပြင် အခြားသောသဘာဝဘေး ထိခိုက်ပျက်စီးမှုများကိုလည်း ရင် ဆိုင်ကြရလျက်ရှိသည်။ စိုက်ပျိုး ရေးကိုအဓိကအားထားရခြင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျခြင်း၊ အဆင့်မြင့် နည်းပညာနှင့် မြန်ဆန်ထိရောက် သည့်ကူညီဖြည့်ဆည်းမှုများ နည်း ပါးခြင်း၊ နိုင်ငံရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင် တည့်မတ်ရမည့် ကဏ္ဍများစွာ အတွက် စမ်းသပ်ပြုပြင်ပြောင်းလဲ မှုများရရန် အချိန်ပေးနေကြရခြင်း များအကြားတွင် သဘာဝဘေး အန္တရာယ်များက အနိုင်ယူသွား နိုင်သည်ကို သတိပြုကြရမည်ဖြစ် သည်။
သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာအလေ့အထများ၊ပညာပေးမှုများ၊ အသိပညာများ၊ နည်းလမ်းများသည် လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင် မပြေမှုများအကြားတွင် မေ့လျော့ လျစ်လျူရှု ခံနေရသည့် အနေ အထားလည်းရှိသည်။ မည်သို့ပင် ဆိုစေကာမူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းစရာများစွာသည် ဒေသအသီးသီး၊ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် ဆက်လက် ရှိနေဦးမည်မှာ သေချာသည်။ နောက်ထပ်လည်း အသစ်အသစ် သောပြဿနာများကို ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ကိုယ်စီကိုယ်င လက်တွေ့ကျကျ ချစ်မြတ်နိုးကြမှသာလျှင် တာဝန်ကျေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
7 Day Daily,
>>>ဆက်ဖတ်ရန်>>> >>

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်၏ ကမ္ဘာ့ဆရာများနေ့သ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်၏ ကမ္ဘာ့ဆရာများနေ့သ၀ဏ်လွှာ 


မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်၏ ကမ္ဘာ့ဆရာများနေ့သ၀ဏ်လွှာ
အောက်တိုဘာလ ၅ ရက် ၂၀၁၅ ခုနှစ်
၁။ ၂၀၁၅ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့အား မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။
၂။ ကမ္ဘာ့ဆရာများနေ့၏ဆောင်ပုဒ်မှာ Empowering Teachers, Building Sustainable Societies (လူမှုအသိုင်းအ၀ိုင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ဆရာ၊ ဆရာမများကို အားဖြည့်စို့) ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အဓိကအချက်သည် ပညာရေးကဏ္ဍ၏ မောင်းနှင်အားဖြစ်သော ဆရာ၊ ဆရာမများကို အားဖြည့်ပေးရန်ဖြစ်ပါသည်။
၃။ အဖက်ဖက်မှ အနစ်နာခံကာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားစိုက်လုပ်ဆောင်နေကြသော မြန်မာ့ ဆရာ၊ ဆရာမများ၏ လူမှုဘ၀နှင့် ပညာရပ် စွမ်းရည်များကို မြှင့်တင်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ ဆရာ၊ ဆရာမများ၏ နိမ့်ကျနေသော လူမှုဘ၀နှင့် စွမ်းရည်များကို မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များအား နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်သည့်အနေဖြင့် အလေးအနက်ထား လုပ်ဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ တိုက်တွန်းလိုက်ပါသည်။
၎။ ၂၀၁၅ ခုနှစ်သည် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု၏ ထူးခြားသော နှစ်တစ်နှစ်ဖြစ်ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဆရာ၊ ကျောင်းသားနှင့် ပြည်သူတို့ လက်တွဲဆောင်ရွက်ခဲ့ပါသည်။ သို့သော် နိုင်ငံဖွံဖြိုးတိုးတက်ရေးအလို့ငှာ ပါဝင်လုပ်ဆောင်ခဲ့ကြသော ဆရာ၊ ကျောင်းသားနှင့် ပြည်သူအချို့သည် ၀မ်းနည်းဖွယ်ရာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသဖြင့် ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုကို အကျည်းတန် စေခဲ့ပါသည်။ ထို့ကြောင့် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားနှင့် ပြည်သူတို့ကို အမျိုးသားရင်ကြားစေ့ရေးအလို့ငှာ အမြန်ဆုံးလွှတ်ပေးရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အား တိုက်တွန်းလိုက်ပါသည်။
၅။ ၂၀၁၅ နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း အဖျက်ပယောဂကင်းရှင်းပြီး လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက် ပေးနိုင်ရန်အတွက်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ လေးလေးနက်နက် တိုက်တွန်း လိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်
>>>ဆက်ဖတ်ရန်>>> >>

“သည်၊ ၏” မရွေး ပညာရေးစနစ်က လွန်မြောက်ဖို့ လိုပြီ ၁၆.၁၀.၂၀၁၅

“သည်၊ ၏” မရွေး ပညာရေးစနစ်က လွန်မြောက်ဖို့ လိုပြီ

myanmar classroom
ဟိုတနေ့က ကျမ အစ်မ၀မ်းကွဲ တယောက် အိမ်ကို ရောက်လာပါတယ်။ သူ့သမီးလေးက သုံးတန်း တက်နေတဲ့ ကလေးပါ။ ဆရာမက သူ့သမီးကို လပတ် စာမေးပွဲမှာ စာမေးပွဲ ချလိုက်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလေးက ဖတ်စာ စာအုပ်ထဲကအတိုင်း ကျက်ပြီး မဖြေဘဲနဲ့ ကိုယ့်စကားနဲ့ကိုယ် နားလည်သလို ရေးပြီး ဖြေလိုက်တာကြောင့်လို့ ဆိုပါတယ်။
အစ်မက “ဆရာမရယ်…၊ ကလေးဖြေထားတာ အချက်အလက်တွေက မှန်နေတာပဲ၊ မှားမှ မမှားတာ” လို့ ပြောပါတယ်။ ဒါပေမယ့် ဆရာမက စာအုပ်ထဲက အတိုင်း တိတိကျကျဖြေမှ အမှတ်ပေးလို့ ရမှာ၊ ကလေးက “သည်” တွေကို “တယ်” တွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
ကလေးကလည်း စာအုပ်ထဲမှာ မှင်နီရာ ဗရပွနဲ့မို့ မျက်နှာလေးငယ်လို့။ ပြီးတော့ သူများတွေက အမှတ်တွေ အများကြီး ရနေတဲ့ အချိန်မှာ သူက စာမေးပွဲကျရတယ် ဆိုတော့ စိတ်ဓာတ်လည်း ကျနေရှာပါတယ်။ တကယ်တော့ ကလေးက စာဖတ်လည်း ၀ါသနာ ပါသလို၊ စာကို သဘောပေါက်အောင် ဖတ်တတ်တဲ့ ကလေးမျိုးပါ။ စာရဲ့ အဓိပ္ပာယ်ကို သေသေချာချာ သဘောပေါက်အောင် ဖတ်ပြီးတော့မှ စာကို သူနားလည်သလို ပြန်ရေးချတတ် ပါတယ်။ အဲဒီလိုပဲ သိပံ္ပဘာသာရပ်မှာလည်း သစ်ပင်ရဲ့ အမြစ်ကို ဆွဲတာ အကောက်လေး တွေက ဖတ်စာအုပ်ထဲက ပုံနဲ့ မတူလို့ ဆိုပြီး အမှတ် မပေးပြန်ပါဘူး။ သုံးတန်း ကလေး ဆွဲတဲ့ပုံဟာ ဖတ်စာအုပ်ထဲက ပုံနဲ့တော့ ဘယ်လိုမှ တထပ် တည်း မတူနိုင်ပါဘူး။ ကျမ အစ်မ ပြောတာတွေကို နားထောင် ပြီးတော့ ကျမတို့ရဲ့ ကလေးတွေ အတွက် တော်တော်လေး ကိုမှ စိတ်မကောင်း ဖြစ်မိပါတယ်။
စာအုပ်ထဲက စာတွေကို “သည်၊ ၏” မလွဲ ဖြေဖို့ပဲ အားထုတ်နေကြတဲ့ ခေတ်က မကုန်သေးဘူးလား လို့လည်း တွေးမိပါတယ်။ ကလေး ဗဟိုပြု ပညာရေး စနစ်လို့ လည်းပြောတယ်၊ စာကို အခုချိန်အထိ “သည်၊ ၏” မလွဲ ဖြေနေရ သေးတယ် ဆိုတော့ ကျမလည်း ကျမတို့ နိုင်ငံရဲ့ပညာရေး စနစ်ကို တော်တော်လေးကိုပဲ နားမလည် ဖြစ်ရပါတော့တယ်။
ပညာရေး ဆိုတာ စာအုပ်ထဲက စာကို အလွတ်ကျက်ပြီးတော့ ပြန်ချရေးတတ် ရုံမျှနဲ့တော့ ကလေးတယောက် စာတတ်ပြီ ရယ်လို့ မဆိုနိုင်ပါဘူး။ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းမှာ ကျမတို့ စာတွေ သင်နေတာဟာ ပညာတတ်ချင်လို့ပါ။ ဒါပေမယ့် ရိုးသားစွာနဲ့
အမှန်ကို အမှန်တိုင်း ၀န်ခံရမယ် ဆိုရင်ဖြင့် သူငယ်တန်းကနေ ဆယ်တန်းအထိမှာ စာတွေကိုသာ ကျက်ပြီးတော့ ဖြေလာခဲ့ရတယ် ဘာစာတွေများ ခေါင်းထဲမှာ ကျန်ခဲ့ပါသလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် အနေထားပါ။ အခု တီဗီက လာတဲ့ အစီစဉ် တခုဖြစ်တဲ့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီစဉ်မှာ အမြင့်ဆုံး ငါးတန်း သာရှိတဲ့ စာတွေကို လူကြီးတွေ မဖြေနိုင်တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ပညာကို သင်တယ် ဆိုတာဟာ တကယ်တော့ ကျမတို့ဟာ ဆယ်တန်းမှာ “သည် ၏” မလွဲ ကျက်နိုင်တဲ့ အခါမှာ လိုင်း ကောင်းကောင်း ၀င်ဖို့၊ ရဖို့ ရည်ရွယ်တာ တခုတည်း မဟုတ်ပါဘူး။ ဘွဲ့သာ ရသွားတယ် အင်္ဂလိပ်စာ မပြောနဲ့ မြန်မာစာတောင် ဖြောင့်အောင် မရေးနိုင်တဲ့ သူတွေ ကျမတို့ နိုင်ငံမှာ အများကြီးပါ။ မြန်မာ့ သက်ဦးဆံပိုင် ဘုရင်စံနစ်ရဲ့ ကုန်းဘောင် နောက်ဆုံးမင်းဆက် သီပေါမင်းကို မသိတဲ့သူတွေ၊ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုတောင်မှ မသိတဲ့သူတွေကို ကျမ တွေ့ဖူးပါတယ်။
ကျောင်းတွေမှာ ကျမတို့စာတွေ ဘာကြောင့်သင်လဲ။ စာသင်တယ် ဆိုတာဟာ တကယ်တော့ သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း စကားနဲ့ ငှားပြောရရင် မအ, အောင်လို့ သင်ကြရတာပါပဲ။ ရိုးရိုး နဲ့ ရှင်းရှင်း ပြောရရင်တော့ အယုံ မလွယ်မိဖို့၊ အလိမ် မခံရအောင်လို့၊ တီထွင်ဖန်တီး တတ်စေဖို့၊ စူးစမ်းဆင်ခြင် တွေးတောတတ်တဲ့ ဉာဏ်ပညာ ရင့်သန်စေဖို့၊ ခက်ခဲ နက်နဲတဲ့ ပြဿနာတွေကို လွယ်ကူစွာ ဖြေရှင်းတတ်စေဖို့ ယုတ္တိဗေဒ ကျကျ စဉ်းစား တွေးတော နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်များနဲ့ သင်ကြရတာပါ။
ကလေးတို့ သမိုင်းကို သင်ကြတယ် ဆိုတာဟာလည်း ရှေးက ဖြစ်သွားခဲ့တဲ့ သမိုင်း သင်ခန်းစာတွေကို သိမြင် တွေးတော တတ်ဖို့၊ သင် ခန်းစာ ယူတတ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားတာပါပဲ။ ဖတ်စာအုပ်ထဲက စာများဟာ အလွတ်ကျက်မှတ် ရမယ့် စာတွေ
မဟုတ်ပါဘူး။ စာတပုဒ်ကို ဖတ်လိုက်တာနဲ့ စာရဲ့ အဓိပ္ပာယ် ဆိုလိုရင်းက ဘာလဲ၊ ဘာကို ရည်ရွယ်သလဲ၊ စာထဲမှာ ပါတာကို ကလေးတို့ ဘယ်လောက်အထိ တွေးတော စဉ်းစား ဆုံးဖြတ်နိုင်ကြသလဲ၊ ဘယ်လို တွေးထင် ယူဆ ကြသလဲ ဆိုတာကို ကလေးတို့ တွေးတတ်အောင်၊ သိမြင်အောင်လို့ ဆရာမတွေက ကူညီလမ်းညွှန် ပြသပေးရမယ့် စာတွေ ဖြစ်ပါတယ်။

ကျမ ကြုံခဲ့ဖူးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းတကျောင်းက ခုနစ်တန်း အရွယ် ကလေးငယ်လေးကို ပေးလိုက်တဲ့ အိမ်စာလေး အကြောင်း
ပြောချင်ပါတယ်။ ကျောင်းကနေ ကလေးတွေကို ကြက်ဥ တလုံးစီ ပေးလိုက်တာပါ။ ကြိုက်တဲ့ ပစ္စည်း သုံးပြီးတော့ ကြက်ဥကို ရစ်ပတ် လာရပါမယ်။ နောက်တနေ့ ကျောင်းရောက်တဲ့ အခါမှာ ဆရာမက သတ်မှတ် ထားတဲ့ အမြင့်ကနေပြီးတော့ ကြက်ဥကို လွှတ်ချပါလိမ့်မယ်။ ကြက်ဥ မကွဲတဲ့ ကလေးက အမှတ်ရပါတယ်။

ရုတ်တရက် ကြည့်ရင်တော့ ဒီကြက်ဥလေးကို အမြင့်ကနေ လွှတ်ချတဲ့ သင်ခန်းစာဟာ ဘာမှ မဟုတ်ဘူးလို့ ထင်စရာပါပဲ။ တကယ်တော့ ဒီကြက်ဥကနေတဆင့် ကလေးတို့ရဲ့ ပြဿနာ ဖြေရှင်းခြင်း အတတ်၊ တီထွင်ဖန်တီးမှု၊ စဉ်းစားတွေးခေါ်မှု စတာတွေကို သင်ပေး လေ့ကျင့်ပေး လိုက်တာပါ။ စာတပုဒ်ကို “သည်၊ ၏” မလွဲ ကျက်လာခဲ့၊ အတန်းထဲ ရောက်ရင် ကျက်လာတဲ့ အတိုင်း ပြန်ဖြေရမယ် ဆိုတဲ့ သင်ကြားနည်းထက် အကျိုးသက်ရောက်မှု အများကြီး ရှိတဲ့ သင်နည်းပါပဲ။
အဲဒီလိုပဲ လေးတန်းကျောင်းသူ၊ ကျောင်းသားတွေကို နှစ်ကုန်ရင် တယောက်ချင်းစီ တင်ရမယ့် စာတမ်း တခုကို ကျောင်းတကျောင်းမှာ ဆရာမက လုပ်ခိုင်းတာလည်း ကြားခဲ့ဖူးပါတယ်။ ဒါကတော့ အတန်းထဲမှာ ရှိနေတဲ့ ကိုယ့်သူငယ်ချင်း၊ ကျောင်းသူ၊ ကျောင်းသားများရဲ့
ကောင်းကွက်၊ တော်ကွက်လေးတွေကို မြင်အောင်ကြည့်ပြီးတော့ သူတို့ရဲ့ တော်တဲ့ အကွက်၊ ကောင်းတဲ့ အကွက်လေးတွေကို စာတမ်း တစောင်ရေး တင်ရမယ့် ပရောဂျက်ပါ။ တနှစ်လုံးလုံး ကလေးတို့ဟာ ကိုယ့်အနားက ကိုယ့်သူငယ်ချင်း တွေရဲ့ ကောင်းတဲ့ အကွက်၊ တော်တဲ့ အကွက်လေး တွေကို သတိထားပြီးတော့ လေ့လာကြရပါတယ်။ တကယ်တော့ ဒါဟာ ကလေးတို့ ကိုယ့်အနားမှာ ရှိနေတဲ့ လူတွေရဲ့ အရည်အချင်းကို သတိထားမိအောင်၊ လူ့လောကနဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်နဲ့ စူးစမ်းလေ့လာတတ်အောင်လို့ လေ့ကျင့်ပေးတဲ့ သင်ခန်းစာပါပဲ။

ကျောင်း ဆိုတာဟာ တကယ်တော့ လူ့လောက ၀န်းကျင်မှာ စိတ်ဓာတ်ဉာဏ်ရည် မြင့်မားတဲ့၊ တီထွင်တွေးခေါ် တတ်တဲ့၊ ချင့်ချိန်နှိုင်းဆ
နိုင်တဲ့ ပညာတတ်တွေကို မွေးထုတ်ပေးရတာပါ။ ကြက်တူရွေး စာအံသလို အလွတ်ကျက်၊ အလွတ်ဖြေ ခိုင်းရုံနဲ့တော့ တကယ့်ပညာကို တတ်ဖို့ မလွယ်လှပါဘူး။ ဆရာ ဆိုတာ ကလေးတယောက် (လူ တယောက်ချင်းစီ) မှာ ပါလာတဲ့ ကိုယ်ပိုင် အရည်အချင်း၊ အရည်သွေးတွေကို ပိုပြီးတော့ တောက်ပြောင်လာစေဖို့ အတွက် တိုက်ချွတ်ပေးရမယ့် သူများပါ။ ကလေးရဲ့ ရှိပြီးသား အရည်အချင်းလေးတွေကို သင်နည်း အမှား၊ တွေးနည်း အမှားတွေနဲ့ ညှိုးခြောက် သွားအောင် လုပ်ကြမယ် ဆိုရင်တော့ ကလေးတို့ရဲ့ အနာဂတ် အတွက် အင်မတန်
ရင်လေးစရာ ကောင်းလှတာမို့ ဆင်ခြင် ပေးကြပါဦး … လို့။

ခေတ်ဘုန်းသစ်
>>>ဆက်ဖတ်ရန်>>> >>