Friday, October 23, 2015

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၀) ဝန်ကြီးချုပ်အတွက် အိမ်စာ

education-not-for-sale
အိန္ဒိယ၏ ပညာရေးစနစ်ကိုပြုပြင်ခြင်း
            အနှစ်သာရကင်းမဲ့ပြီး ဆွဲဆောင်မှု မရှိလှတဲ့ ပညာရေးဥပဒေများကို ပြဌာန်း၊ ဝင်ငွေရဖို့ အဓိက ခပ်ညံ့ညံ့ အင်ဂျင်နီယာကောလိပ်တွေကို မှိုလိုပေါက်အောင် တည်ထောင်ထား၊ သုတေသန၊ အစိုးရ-အရပ်ဖက် ပါတနာဆက်စပ် လုပ်ငန်းများနဲ့ ပြုပြင်ပြောင်းလဲ ဆန်းသစ်ရေးတွေမှာလည်း အရှိန်အဝါနဲ့ အရှိန်အဟုန်ကင်းမဲ့...။ အိန္ဒိယနိုင်ငံအတွက် ပညာရေးစနစ်ကို စိန်ခေါ်ချက်တွေကတော့ဖြင့်ထင်ရှား ပေါ်လွင်လှပါတယ်။ မျှော်လင့်ချက်တွေ တသီတသန်းကြီးနဲ့ မျိုးဆက်သစ် လူငယ်ထုကတော့ပိုမို ကောင်းမွန်တဲ့ ပညာရေးကို အလိုရှိနေကြပြီး ဘယ်လောက်ပဲ ငွေကုန်ကုန် မရမကကို လိုချင်နေကြပြီ။
            ဒီလူထုဆန္ဒဟာဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ သူ့ရဲ့ ညွှန့်ပေါင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်NDA  အစိုးရရဲ့ လုပ်ဆောင်ချက်များ အပေါ်မှာ လုံးလုံးလျားလျားမူတည်နေပါတယ်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများအတွက် လူထုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုလည်းရရှိထားကြတယ်။ ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်၊ တိတိကျကျ စီစဉ်ထားရှိတဲ့ကမ်ပိန်းများနဲ့ ဝန်ကြီးချုပ်မိုဒီဟာ နှစ်ပေါင်းများစွာ တိုင်းပြည်က ငံ့လင့် တမ်းတနေတဲ့မျှော်လင့်ချက်ကို ရှင်သန်နိုးထ စေခဲ့ပြီ။ ပြုပြင်ပြောင်းလဲမှုများကို အာမခံပေးမယ့်မိုဒီရဲ့ မူဝါဒရေးရာကိစ္စများထဲမှာ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ထိပ်ဆုံးမှာ ရှိနေတယ်။ငါးနှစ်သက်တမ်းဟာ ပညာရေးစနစ်ကို ကုစားခြင်းငှါ မစွမ်းသာပေမယ့်လည်း မိုဒီရဲ့ ညွှန်ပေါင်းအစိုးရအဖွဲ့ဟာဖြင့် လမ်းကြောင်းမှန်အတွက် ခြေလှမ်းအနည်းငယ်တော့ လှမ်းနိုင်ပါတယ်။
            ဒီခြေလှမ်းငါးလှမ်းကို ဆွေးနွေးပါရစေ...။
 (၁) ပညာရေးအခွင့်အရေးဥပဒေကို ပြန်လည်မွမ်းမံဆန်းသစ်
            Revamp the Right toEducation (RTE) Act
            ၂၀၀၉ ခုနှစ်၊ ဩဂုတ်လမှာ ပြဌာန်းခဲ့တဲ့ သမိုင်းဝင်ဥပဒေဖြစ်တဲ့ ကလေးငယ်များ၏ အခမဲ့ မသင်မနေရ ပညာရေး အခွင့်အရေး ဥပဒေ Revampthe Right to Education (RTE) Act ဟာတိုင်းပြည်ရဲ့ ပညာရေးစနစ် တိုးတက်ကောင်းမွန် စေဖို့အတွက် ခြေလှမ်းမှန် တစ်လှမ်းဖြစ်တယ်။သို့ပေတဲ့ အဲဒီဥပဒေကို ပြန်လှန် ဆန်းစစ်သစ်လွင်ဖို့ လိုနေပြီ။ ဖွဲ့စည်းထားပုံကိုလည်းပြုပြင်တည်ဆောက်ရမယ်။ အိန္ဒိယနိုင်ငံတွင်းမှာစာသင်ကျောင်း အရေအတွက်ဟာ တိုးမြင့် လာခဲ့ပေမယ့် အင်မတန်မှကို လိုအပ်နေတဲ့ ပညာရေး အရည်အသွေးအပေါ်အထူးပြု ဆောင်ရွက်ချက်ကတော့ လစ်ဟာနေဆဲပါ။
            နှစ်စဉ်ပညာရေး အဆင့်အတန်း အစီရင်ခံစာအရ တတိယတန်းကနေ ပဉ္စမတန်းအရွယ် ကလေးငယ် ၅၀ ရာခိုင်နှုန်းဟာ အခြေခံသင်္ချာကိုတတ်မြောက်မှု မရှိကြဘူး။ တတိယတန်းအရွယ် ကလေးငယ်တွေထဲမှာ ၄၀ ဒသမ ၂ ရာခိုင်နှုန်းမျှသာပထမတန်း ဖတ်စာကို ဖတ်ရှုနိုင်ကြတယ်။ သာမန်ကာလျှံကာမျှဖြစ်တဲ့ ဆရာဖြစ်သင်တန်းတွေဟာ ဒီပြဿနာရဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်။ မျက်မှောက်ခေတ်ပညာရေးစိန်ခေါ်ချက်တွေကို သိမြင် နားလည်စေခြင်းငှါ မစွမ်းသာဘဲ ဟောင်းနွမ်းဆွေးမြေ့နေပြီးညံ့ဖျင်းလှတဲ့ B.Ed ပညာရေးဘွဲ့သင်တန်း ကို ပြုပြင်ပြောင်းလဲခြင်းနဲ့ စတင်လုပ်ဆောင်နိုင်တယ်။ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပညာရေးမညီမျှမှုကို ချုပ်ငြိမ်းစေဖို့နဲ့ RTE ရည်မှန်းချက်တွေကိုအကောင်အထည် ဖေါ် စေနိုင်ဖို့ရာအတွက် တစ်နိုင်ငံလုံး လှုပ်ရှားမှုဖြစ်တဲ့ Teach forIndia လိုမျိုး ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ပိုမို ပူးပေါင်း လုပ်ဆောင်ရပါလိမ့်မယ်။ ဒီလို အဖွဲ့ အစည်းများဟာ RTE ကို အရှိန်အဟုန်ရစေပေမယ့် ပညာတတ် တစ်သီးပုဂ္ဂလများ အနေနဲ့လည်း ဒီ ပြုပြင်ပြောင်းလဲရေး ရထားပေါ်မှာ လိုက်ပါလုပ်ဆောင်နိုင်ခွင့်ဖန်တီး ထားပေးရမယ်။ ဥပမာအားဖြင့် အဆင့်မြင့်ပညာရေး တက္ကသိုလ်များမှာ အလုပ်သင် ကျောင်းသားများအတွက်ဝင်ရောက်ခွင့်ပေးခြင်းဖြင့် ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတွေကို ပညာရေးလောကထဲ ဆွဲခေါ်နိုင်ပါတယ်။
            အစိုးရဟာပုဂ္ဂလိကအဖွဲ့အစည်းများရဲ့ corporate socialresponsibility ကော်ပိုရိတ်လူမှုဝတ္တရားများကို တာဝန်ယူနိုင်စေဖို့ရာသူတို့ရဲ့ ဝန်ထမ်းများ အနေနဲ့ RTE ဥပဒေမှာ ပါဝင်ထောက်ခံလာအောင် အစီအစဉ်ဆွဲ လုပ်ဆောင်နိုင်တယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် လူထု၊ စီးပွားလုပ်ငန်းများနဲ့ ပညာရေး စနစ်တို့ကိုထိထိရောက်ရောက် ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးနိုင်ခြင်း ရလဒ်ကောင်း ရှိလာမယ်။ မိုဒီအတွက်ကံကောင်း ထောက်မချက်ကတော့ ဒီလို လုပ်ဆောင်ချက်များအတွက် နိုင်ငံရေး အမှတ်လည်း ရရှိစေမှာပါ။ဒီလို ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံရေးပါတီများရဲ့ ထောက်ခံချက်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်းလိုအပ်တယ်လေ။ ဒီလို ဥပဒေပြု ပြဌာန်းချက်တွေဟာလည်း ဝန်ကြီးချုပ်ရဲ့ တိုင်းကျိုး ပြည်ပြုလုပ်ရပ်နဲ့နိုင်ငံရေးသမားကောင်း ဖြစ်မှုကို ပြသရာရောက်ပါတယ်။

(၂) အိန္ဒိယစက်မှုတက္ကသိုလ် IIT ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်များကိုမြှင့်တင်ပါ၊ ပုံစံတူကူးချ မိတ္တူ မပွားပါနှင့်။
            LeverageIIT's best practices, but don't franchise them.
            အိန္ဒိယနိုင်ငံရဲ့စက်မှုတက္ကသိုလ် IIT ကို ပုံစံတူ ပွားများခြင်းကတော့ နည်းလမ်းမမှန်တဲ့ ချည်းကပ်မှုလို့ဆိုရမယ်။ အဲဒီအခြားတက္ကသိုလ် အသစ်များမှာလည်း IIT ရဲ့ အကောင်းဆုံးသော ခြေရာလက်ရာများရှိနေသင့်ပေတဲ့ IIT ပုံစံတူများ ပွားများခြင်းကတော့ IIT အမှတ်အသားသရုပ်ကို ပျက်စီးစေပါလိမ့်မယ်။လူထုတက္ကသိုလ်များကိုရဲ့ စွမ်းဆောင်ရည်လိုမျိုး ရရှိလာစေဖို့ရာ မြှင့်တင် လုပ်ဆောင်သင့်ပါတယ်။IIT ရဲ့ ကမ္ဘာကျော် အင်ဂျင်နီယာစွမ်းရည်နဲ့ မတူတဲ့ ကိုယ်ပိုင် အမှတ်အသားသရုပ်နဲ့ အောင်မြင်လာစေဖို့ပါ။IIT ကို အမေရိကန်က Ivy League schools တွေလိုမျိုး အခြား တက္ကသိုလ်များနဲ့မတူ၊ သီးသန့် ထားရှိသင့်ပါတယ်။ တက္ကသိုလ်အသစ်များ ရင့်ကျက် အရွယ်ရောက်လာဖို့ရာက အချိန်လိုအပ်ပါတယ်။ ဒီတက္ကသိုလ်အသစ်များဟာ IIT အထူးပြုဘာသာရပ်နဲ့ မတူဘဲပို ကျယ်ပြန့်လှတဲ့ အတိုင်းအတာနဲ့ ပညာရေး ဝန်ဆောင်မှု ပြုနိုင်ကြမယ်။ အခြားနိုင်ငံများကပညာရေး ပုံစံမိုဒယ်တွေကိုလည်း နည်းမှီယူရင်း အိန္ဒိယရဲ့ ပညာရေး လိုအပ်ချက်ကို ပြုပြင်ပြောင်းလဲနိုင်မယ်။

(၃) ပုဂ္ဂလိကကောလိပ်ကျောင်းများအနေနဲ့ ပိုမို တာဝန်ခံမှု ရှိပါစေ။
            အိန္ဒိယရဲ့ပုဂ္ဂလိကကျောင်းများ အနေနဲ့ ပိုမို တာဝန်ခံမှုရှိစေဖို့ရာက မလုပ်မဖြစ်ပါပဲ။ နည်းဥပဒေများ ကောင်းမွန်စေခြင်းဟာ အဲဒီကောလိပ်ကျောင်းများရဲ့ အနိမ့်ဆုံးစံ သတ်မှတ်ချက်နဲ့ အရည်အသွေးကိုရရှိစေပါလိမ့်မယ်။ နည်းလမ်းတစ်ခုကတော့ တက္ကသိုလ်ဝင်ခွင့် ကော်မစ်ရှင်လိုမျိုး ဥပဒေပြုအဖွဲ့အစည်းများကို ခိုင်မာအောင် တည်ဆောက်ခြင်းပါ။ ပညာရေးအခွင့်အလမ်းများနဲ့ အိန္ဒိယရဲ့အဆင့်မြင့် ပညာရေးစံနှုန်းများကို မြှင့်တင်ခြင်းဆိုတဲ့ မစ်ရှစ် ၂ ရပ်ကို တာဝန်ယူထားကြတယ်။နောက်ထပ်နည်းလမ်း တစ်ခုကတော့ ပုဂ္ဂလိကကောလိပ်များဟာ ကျောင်းလခကို အဆမတန် ကောက်ခံခြင်းမပြုကြဖို့အတွက်ပါ။ ကောလိပ်ကျောင်း များစွာဟာ ကျောင်းလခကို မတန်မရာ၊ အလွန်အကျွံ တောင်းခံကြတယ်။အခွန်အတုတ်ကို ရှောင်ကျဉ်နိုင်တဲ့ လူမှုရေးလုပ်ငန်းဆိုတဲ့ ခေါင်းစဉ်တပ်လို့ စီးပွားဖြစ်(အကြီးအကျယ်ကို) လုပ်စားနေကြတာ။ အဲဒီ ကောလိပ်ကျောင်းများရဲ့ ဝင်ငွေ ၅ ရာခိုင်နှုန်းကို ပုံမှန်အခွန်အနေနဲ့ ကောက်ခံ သင့်ပါတယ်။ ဝင်ငွေအရထိန်းချုပ်နိုင်ခြင်းဟာ ပိုမို ပွင့်လင်းမြင်သာမှုရှိသော၊ ယုံကြည်ကိုးစားထိုက်သော၊ တာဝန်ခံယူမှုရှိသောပညာရေးစနစ် ဖြစ်လာစေဖို့ အထောက်အကူ ရနိုင်ပါတယ်။ တွဲဖက် ကောင်းကျိုးတစ်ခုကတော့ လက်ရှိကောလိပ်ကျောင်းများစွာက အလေးထားတဲ့ ဘဏ္ဍာငွေကြေး ဝင်ငွေထက် ပညာရေး အရည်အသွေးအပေါ် အာရုံစိုက်လာကြဖို့အတွက်ဖြစ်တယ်။

(၄) သုတေသနနှင့် ဖွံ့ဖြိုးတိုးမှုအတွက် ရင်းနှီးမြှုပ်နှံပါ။
            Investin Research and Development (R&D)
            ပညာရေး အရည်အသွေးအတွက် ထောက်တိုင်တစ်ရပ်ကတော့ သုတေသနပါပဲ။ အိန္ဒိယဟာ စပါရှယ်အီလစ် တက္ကသိုလ်အနည်းအကျဉ်းကို ထောက်ပံ့ ပေးနေပေမယ့် ဒီ့ထက်ကို ပိုလုပ်ဖို့ လိုနေပါသေးတယ်။ စတင်သင့်တာကတော့တစ်နိုင်ငံလုံးမှာ သုတေသန လုပ်နေကြတဲ့ သုတေသီများကို အကျိုးရှိစေမယ့် ဥပဒေပြဌာန်းပေးဖို့ပါ။ဥပမာအနေနဲ့ လူထု ရန်ပုံငွေ အထောက်အပံ့ခံ အသိပညာပစ္စည်းကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်အသုံးချခွင့် နည်းဥပဒေ the Protection andUtilization of Public-funded Intellectural Property (PUPFIP)  နဲ့ အဆင့်မြင့်ပညာရေးနှင့် သုတေသနဆိုင်ရာ နည်းဥပဒေthe Higher Education and Research Bill တို့ဖြစ်ပါတယ်။PUPFIP ဥပဒေဟာအမေရိကန်မှာရှိတဲ့ Bayh-Dole Act(မူပိုင်ခွင့်) လိုမျိုး အင်မတန်မှကို အရေးကြီးလှပါတယ်။ မူပိုင်ခွင့် ဥပဒေကြောင့် အမေရိကန်သုတေသနနယ်ပယ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ရရှိလာတဲ့ ငွေကြေး အကျိုးအမြတ်ကို သုတေသီများအတွက်ခံစားခွင့် ပေးနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကမ္ဘာကျော် သုတေသနတွေ လုပ်နေနိုင်ကြတယ်။
            အိန္ဒိယဟာလည်း သုတေသန အမြတ်အစွန်းကို တီထွင်ဖေါ်ထုတ်သူ ခံစားခွင့် ဗဟိုပြုတဲ့ ဒီလိုမျိုး ဥပဒေတွေ လိုအပ်နေပါတယ်။ အစိုးရနဲ့လည်းတစ်စိတ်တစ်ဒေသအားဖြင့် သီးခြား ကင်းလွတ်တဲ့ သုတေသနအဖွဲ့အစည်း လိုအပ်တယ်။ ရွေးကောက်ပွဲမှာစံပြမြို့ ၁၀၀ တည်ဆောက်မယ့် ကမ်ပိန်းနဲ့ ဆက်စပ်လို့လည်း ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့အစိုးရဟာ နိုင်ငံတဝှမ်းလုံးမှာ သုတေသနစင်တာ ၁၀၀ ကို တည်ဆောက်သင့်ပါတယ်။ ဒီမြို့သစ်တွေကိုတည်ဆောက်တဲ့ အခါမယ် ဒီ သုတေသနစင်တာတွေကိုလည်း လိုက်ပါ တည်ထောင်နိုင်ရပါလိမ့်မယ်။ ဘတ်ဂျက်ကတော့အိန္ဒိယ ရူပီးငွေ သန်း ၅၀၀၀ (ဒေါ်လာ သန်း ၈၀) လိုအပ်ပါလိမ့်မယ်။ အချိန်ကာလ ကြာမြင့်စွာကတည်းကပြည်ပရောက် အိန္ဒိယ ပညာရှင်တွေ မျှော်လင့်တောင့်တနေကြတဲ့ ဦးနှောက်ယိုစီးမှု ပြောင်းပြန်လှန်ပစ်နိုင်ဖို့အတွက်ဒီလိုလုပ်ရပ်များက စွမ်းဆောင်နိုင်ပါတယ်။
            နှိုင်းယှဉ်လေ့လာနိုင်ဖို့အတွက်အိန္ဒိယမှာ လူ တစ်ထောင်မှာ သိပ္ပံ ပညာရှင် ဦးရေက ၇ ဒသမ ၈ ဦး၊ ကနေဒါမှာ ၁၈၀ ဒသမ ၇ ဦး၊တောင်ကိုရီး ယားမှာ ၅၃ ဒသမ ၁ ဦး၊ အမေရိကန်မှာ ၂၁ ဒသမ ၂ ဦးတို့ ရှိကြတယ်။ အမေရိကန်ရဲ့နာမည်ကျော် ဟားဗတ်တက္ကသိုလ်က ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ သန်း ထောင်ပေါင်း ၂၅၀ ကို သုံးစွဲခဲ့တယ်။အိန္ဒိယရဲ့ တက္ကသိုလ်များကို ပြင်ပ သုတေသန လုပ်ငန်းများအတွက် ချပေးငွေဟာ ရူပီးငွေ သန်းထောင်ပေါင်း၁၂ မျှသာ သုံးစွဲခဲ့တယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း လိုက်ပါနိုင်ဖို့နဲ့ အနာဂတ်မှာသုတေသန အကျိုးအမြတ် ရရှိဖို့ရာအတွက် အိန္ဒိယဟာ အခုထက်ကို အဆများစွာ ပိုလို့ ကြိုးစားရဦးမယ်ဆိုတာထင်ရှားလှပါတယ်။

(၅) အစိုးရ - ပုဂ္ဂလိက ပါတနာလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ပါ။
            Improve public-privatepartnerships
            အစိုးရ-ပုဂ္ဂလိကပါတနာ ဖက်စပ်လုပ်ငန်းများဟာ အိန္ဒိယနိုင်ငံအတွက် ပညာရေးစနစ်ကို ရှင်သန်တိုးတက်စေဖို့ နောက်ထပ်နည်းလမ်း တစ်ခုပါ။ ဘဏ္ဍာ ငွေကြေး ပိုမို ရရှိနိုင်မယ်။ သင်တန်းတွေ လုပ်နိုင်တယ်။R & D သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်နိုင်မယ်။ ဖက်စပ်လုပ်ဆောင်ခြင်းဖြင့် ရရှိလာမယ့်အခွင့်အလမ်းကတော့ အတော်ကြီးကို သိသာမြင်သာ လှပါတယ်။ အဦးအစအနေနဲ့ အစိုးရ အသစ်ဟာ အစိုးရ- ပုဂ္ဂလိက ဖက်စပ်ပညာရေးလုပ်ငန်း ၅၀ ကို ဖန်တီးသင့်ပါတယ်။ ပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များရဲ့အရွယ်အစားကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်သင့်တယ်။ ကမ္ဘာလုံးဆိုင်ရာ စံချိန်၊ စံနှုန်းများနဲ့ကိုက်ညီဖို့ ဖြစ်တယ်။ ဒီလို ဖက်စပ်လုပ်ဆောင်ခြင်းများဟာ ပုဂ္ဂလိကလုပ်ငန်းများက ပရော်ဖက်ရှင်နယ်စွမ်းရည်နဲ့အသိပညာများကို နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးများက ရရှိသွားနိုင်ဖို့ရာအတွက်လည်းဖြစ်တယ်။ ပညာရေး အရည်အသွေးအတွက် အကျိုးဖြစ်မယ်။ ၂ ဦး ၂ ဖက် အကျိုးရှိစေတဲ့ ပုံစံပါ။သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် R&D ကြောင့်လည်း ကုမ္ပဏီများဟာ ဆန်းသစ်ပြောင်းလဲနိုင်မယ်။တက္ကသိုလ်များဟာလည်း စွမ်းဆောင်ရည်မြင့်လာကြမယ်။
            ဒီလိုဘက်စုံ ချည်းကပ်ဆောင်ရွက်မှုဟာ အိန္ဒိယပညာရေးကို ပြုပြင် ပြောင်းလဲမှုအတွက် အသက်တမျှ အရေးကြီးလှသလိုမိုဒီအစိုးရ အဖွဲ့ဟာလည်း ဒီခြေလှမ်း ၅ လှမ်းနှင့်အညီ လိုက်ပါလုပ်ဆောင်နိုင်မယ့် လားရာအမြင်၊ဦးတည်ချက် ကြီးကြီးမားမား ထားရှိဖို့ရာ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲ ဆန်းသစ်သောယဉ်ကျေးမှုအမြင်သစ်ပါ။ ရာစုနှစ် တစ်ခုလောက် အမေရိကန် ပညာရေးစနစ်ဟာ အောင်မြင်နေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့အမေရိကန်တို့ရဲ့ ပြောင်းလဲဆန်းသစ်တီထွင်မှု အခြေပြု ပညာရေးစနစ်အပေါ်မှာ ဂုဏ်ယူ ဝင့်ကြွားကြလို့ပါပဲ။အိန္ဒိယဟာလည်းပဲ သို့ကလိုမျိုး လိုအပ်နေတယ်။ ကိုယ်ပိုင်အမှတ်အသားသရုပ်နဲ့ ဖြစ်ထွန်းဖို့ရယ်ပြောင်းလဲ ဆန်းသစ်တီထွင်ခြင်းကို အားလုံး လိုက်ပါ လုပ်ဆောင်ခွင့် ရရှိနေဖို့ရယ်ပါ။ဒေသတွင်း တက္ကသိုလ်များနဲ့ ဈေးကွက်တို့ရဲ့ လိုအပ်ကို ညှိပေးနိုင်ရမယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အရွေ့ကိုလည်း မျက်ခြေမပြတ်ပဲပေါ့။ ဗာရာဏသီနယ်မှာ မိုဒီက အမျိုးသားအဆင့်ရပ်ရွာလုံး သန့်ရှင်းစင်ကြယ်စေရေး လှုပ်ရှားမှု NationalCleanliness Drive ကို ပုံဖေါ်ခဲ့တာလိုမျိုး တစ်နိုင်ငံလုံးမှာNational Innovation Campaign အမျိုးသားအဆင့်ပြုပြင်ပြောင်းလဲ ဆန်းသစ်ခြင်းကမ်ပိန်းကိုလည်း စတင် လုပ်ဆောင် သင့်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးဆန်းသစ်သွားအောင်လို့ပါပဲ။
            ပြန်လှန်တွေးတော ကြည့်မယ်ဆိုရင် အစိုးရအသစ်မှာ မူဝါဒများစွာအတွက် ပြုပြင်ပြောင်းလဲဖို့ရာအတွက် လုပ်ဆောင်စရာ အများကြီးရှိနေတယ်။ အဲဒီ မူဝါဒ များစွာအနက်က အဓိက အကျဆုံးကတော့ဖြင့် တိုင်းပြည်ရဲ့ ပညာရေး စနစ်ကိုပြောင်းလဲဆန်းသစ်ခြင်းပါ။ ဆယ်စုနှစ်များစွာမှာစနစ်တကျနဲ့ ခြစား ပျက်စီး နေခဲ့ရတာလေ။ တိုင်းပြည်အနာဂတ်အတွက်နဲ့ဂုဏ်သိက္ခာအတွက် အခြေခံအကျဆုံးလည်းဖြစ်တဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ရာ နိုးကြားတက်ကြွနေပြီး တာဝန်ယူ လှုပ်ရှားနိုင်သော အစိုးရတစ်ရပ်ဖြစ်ဖို့လိုအပ်နေတယ်။ RTE ကို ပြန်လည်မွမ်းမံဆန်းသစ်ဖို့၊ အဆင့်မြင့်ပညာရေးရဲ့ အရည်အသွေးနဲ့တာဝန်ခံမှုကို တိုးတက်စေဖို့၊ အစိုးရ-ပုဂ္ဂလိကပါတနာလုပ်ငန်းတွေကို ပိုမိုကောင်းမွန်စေဖို့၊သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံ့ဖို့နဲ့ နောက်ဆုံးအချက်အနေနဲ့ ပြည်တွင်းပညာရေးကိုပြုပြင်ပြောင်းလဲဆန်းသစ်လို့ နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့ တို့အတွက်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တိုင်းပြည်ရဲ့အနာဂတ် အကျိုးစီးပွား အတွက်တင် မဟုတ်ပါဘူး။ မျက်မှောက်ခေတ် သန်းပေါင်းများစွာသော လူငယ်များရဲ့မွတ်သိပ် ဆာလောင်နေဆဲ ပိုမိုကောင်းမွန်တဲ့ ပညာရေးနဲ့ တောက်ပတဲ့ မနက်ဖြန်အတွက်လည်းဖြစ်ပါတယ်။
Ref: Modi’s GotHomework: Fixing India’s Education System BY SRIRAM BALASUBRAMANIANJUNE 16,2014 Foreign Policy
သိန်းနိုင် (မောက္ခပညာရေး)(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment