Saturday, January 10, 2015

ဈေးကွက်ဝင်ပညာရေးစနစ်



ဈေးကွက်ဝင်ပညာရေးစနစ်

၁၁.၁.၂၀၁၅  ၊  တနင်္ဂနွေနေ့

(၁)

( ကျွန်တော်တို့နိုင်ငံ လက်ရှိပညာရေး စနစ်က ပေးလိုက်သော ပညာများသည် ကျောင်းဆင်းလူငယ်များအတွက် လက်တွေ့ဘ၀တွင် အသုံးမတည့်လှဘူးထင်၍ (ဈေးကွက်မ၀င်ဘူးထင်၍ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါသည်။ http://educationinmyanmar.blogspot.com ဘလော့ဂ်မှ အနာဂါတ်အတွက် ရင်သွေးငယ်များ ပို့စ်တွင် ဒီအကြောင်း comment ရေး၍ ဆွေးနွေးဘူးပါသည်။ ဆွေးနွေးခဲ့စဉ်က အခြေခံပညာ အကြောင်းသာပါခဲ့ပါသည်။ အခုဒီပို့စ်တွင် အဆင့်မြင့်ပညာ အကြောင်းအဓိက ထား၍ပြောသွားပါမည်။)

လက်ရှိမြန်မာနိုင်ငံ တက္ကသိုလ်ကြီးများတွင်( အဝေး နှင့် ဒေး ) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးသည် ကျောင်းသားအရေအတွက်အများဆုံး ဖြစ်မည်ထင်ပါသည်။ ၄င်းတက္ကသိုလ်မှ ဆင်းလာသော ကျောင်းသားမျာသည် B. A. သို့မဟုတ် B. Sc. ဘွဲ့များကိုရရှိကြပါသည်။ ဘွဲ့ရပြီးနောက် အများစုက မိရိုးဖလာ စီးပွာရေး ( ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်၊ နှင့် စက်ရုံအလုပ်ရုံ စသည်) လုပ်ငန်းတို့ကို လုပ်ကြသူကများပါသည်။ မိမိအဓိကယူခဲ့သော ဘာသာတွဲနှင့် ပတ်သက်သည့် (ပုဂ္ဂလိက၊ အစိုးရ) အလုပ်အကိုင် ရရှိသူလည်းရှိပါသည်။ သိုသော် ကျောင်းဆင်းအရေအတွက်နှင့် စာလျှင် အရမ်းနဲပါသည်။ ထို့ကြောင့် တက္ကသိုလ်ကပေးလိုက်သော ပညာမှာ ဘွဲ့ရအများစုအတွက် အသုံးမတည့်သလို ဖြစ်နေပါသည်။ ကျောင်းသားအများစုအတွက် ငွေကုန်၊ အချိန်ကုန်ခံ ကျောင်းတတ်ခြင်းက အမြီးတပ်လို့ရရုံ၊ ဘွဲ့ဓါတ်ပုံရိုက်လို့ရရုံ လောက်သာဖြစ်နေတယ်လို့ ထင်ပါသည်။

ဘွဲ့ရပုဂ္ဂိုလ်အများအတွက် တက္ကသိုလ်က ပေးလိုက်သော ပညာဟာ အသုံးမ၀င်သလိုဖြစ်လာရင် တက္ကသိုလ်ရှိနေခြင်းကပင် အဓိပ္ပါယ်မရှိနိုင်တော့ဟုထင်ပါသည်။ ထို့ကြောင့်ကျောင်းသားအများစုတတ်သော ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးများကို ဈေးကွက်ဝင်သည့် ပညာတွေပေးနိုင်သော ကျောင်းကြီးတွေအဖြစ် ပြောင်လဲပေးလိုက်နိုင်ရင်ပိုကောင်းလိမ္မည်ဟု ထင်ပါသည်။ ကျောင်းဆင်းအများစု ကျင်လည်ရမယ့် ဘ၀တွေဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဆိုင်ရာ အသိပညာတို့ကို ပေးလိုက်နိုင်ရင် (ကျောင်းသားများရဲ့ လက်တွေ့ဘ၀မှာ ပိုမိုအသုံးတဲ့နိုင်တာမို့) ပိုမိုတိုးတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲလိုအပြောင်းအလဲ တွေလုပ်မယ်ဆိုရင်တော့ လက်ရှိသုံးစွဲနေတဲ့ ဌာနတို့ ဘွဲ့တို့ရဲ့ အမည်တွေပြောင်းလဲသွားနိုင်ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး စနစ်တွေ အရမ်းကိုမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် (တောင်သူလယ်သမားတို့ တတ်မြောက်ထားတဲ့) စိုက်ပျိုးရေး နည်းပညာဟာ မိရိုးဖလာအဆင့် ထက်မသာသေးဘူးထင်ပါတယ်။ ရေဆင်းတက္ကသိုလ် အခြေအနေတော့ မသိပါ။ ကျေးလက်နေလူဦးရေ အရမ်းများပြားသော ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာ နိမ့်ကျမှုကို လစ်လျူရှုပြီး အဆင့်မြင့်သိပ္ပံပညာ နောက်ကို လိုက်နေခြင်းကတော့ ပုဆိုးဖင်ပေါက်ကို မဖါပဲ ပလက်တီနန်ဆွဲကြိုး ၀ယ်လိုသူနဲ့တူနေပါတယ်။ အဲဒီဆွဲကြိုးကြီးအမှန်တကယ် ၀ယ်နိုင်ရင်တောင် မတင့်တယ်နိုင်သေးပါ။
(၂)

အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။

ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။

ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။

(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။).

No comments:

Post a Comment