Friday, January 9, 2015

"တမာတွေဝေတဲ့ တမာသန္ဓေ (သို့်) အ.ထ.က.(၁)မကွေး"



"တမာတွေဝေတဲ့ တမာသန္ဓေ (သို့်)
အ.ထ.က.(၁)မကွေး"
10.1.2015








"တမာတွေဝေတဲ့ တမာသန္ဓေ (သို့်)
အ.ထ.က.(၁)မကွေး"
တကယ်တော့ ဒီတမာပင်ကြီးနဲ့
ဒီကျောင်းဆောင်ကြီးကို ဒီကျောင်းနေခဲ့သူတိုင်း
သတိထားမိကြမှာပါ။
အထူးသဖြင့် မကွေးမြို့ရဲ့ကျက်သရေဆောင်
တစ်ခုဖြစ်တဲ့ အမှတ် (၁) အခြေခံပညာ
အထက်တန်းကျောင်းကြီးရဲ့ ရုံးခန်းရှေ့
တည့်တည့်မှာတည်ရှိနေပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ . . .
ရတုပေါင်းများစွာ . . .
သက္ကရာဇ် များစွာ ဖြိုချ ခဲ့ပြီး
သန္ဓေအစ တည်ခဲ့ရတဲ့ Main ကျောင်းဆောင်
ကြီးနဲ့အတူ သမိုင်းမော်ကွန်း ရေးထိုး
ခဲ့လေပြီမဟုတ်ပါလား။
၁၉၂၁ ခုနှစ် ဇွန်လ ၁ ရက်
ကျောင်းစတင်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်
တမာပင် ဆိုပြီး ဆိုင်းဘုတ်လေးရှိနေလေရဲ့
တစ်ချိန်တုန်းကတော့ ဒီတမာပင်အောက်
အကြော့သား နေခဲ့ကြသူတွေ
ဆော့ကစား ပေ ခဲ့ကြသူတွေ
အရိပ်ခိုခဲ့ကြသူတွေ
အတိတ်ဆိုခဲ့ကြသူတွေ
ပျော်ရွှင်ခဲ့ကြသူတွေ
အဖော်မင်ခဲ့ကြသူတွေ
အခုတော့လည်း အသီးသီး
မိမိတို့ ယာယီပိုင်ဆိုင်ခဲ့ကြတဲ့ဘဝများစွာ
ပိုက်ထွေးလို့ ပြောင်းလဲခြင်းအကြောင်း
တရားတွေနဲ့အတူ မေ့လျော့ထားခဲ့ကြပြီ
မဟုတ်ပါလား။
တစ်ချိန်က
တပည့်တွေလည်းဆရာတွေပြန်ဖြစ်
ဆရာတွေကလည်း ပင်စင်နားသူနား
အပြင်သွားသူသွား
သက်ရှိထင်ရှားရှိကြသူတွေ
သက်မဲ့ကာ လောကကိုစွန့်ခွာသူတွေ
အချိန်ကာလတစ်ခုရဲ့ရွေလျားခြင်းနဲ့အတူ
ပြောင်းလဲခြင်းအကြောင်းတရားပေါ်
ဖြစ်တည်နေတဲ့ အခြေအနေအမျိုးမျိုးနဲ့
ဘဝအဖုံဖုံတွေကြားမှာ
မလွန်ဆန်နိုင်ခဲ့ကြပေမယ့်
တိုက်ဆိုင်မှုရှိလာခဲ့ရင်တော့
အောက်မေ့တသ သတိရကြမှာ
မလွဲဧကန်ပါဆိုတာ ၂ နှစ်တစ်ကြိမ်ကျင်းပ
ပြုလုပ်ခဲ့တဲ့ အ.ထ.က (၁) မကွေး
အာစရိယပူဇော်ပွဲကသက်သေခံနေပါတယ်။
မကွေးမြို့ရဲ့အစဉ်အလာကြီးမားခဲ့တဲ့
ကျောင်းတော်ကြီးကနေ
အကြောင်းတရားလှတဲ့
အကောင်းစားဘဝအခြေအနေ
အဟန့်အတားဖြစ်နေတဲ့
အညံ့စားဘဝအခြေအနေ
အမြတ်တရားကိုတက်လှမ်းနေတဲ့
အလတ်အစားဘဝအခြေအနေ
ဘဝတွေ ဘယ်လိုပဲပြောင်းလဲနေပေမယ့်
ဆရာနဲ့တပည့် တပည့်နဲ့ဆရာ
ဆုံတွေ့ချိန်မှာတော့
အားလုံးဟာ တန်းတူညီမျှ အရင်ချိန်လို
ဘဝနဲ့ အရင်လိုခံစားမှုအတိုင်းပါပဲလေ။
မုန့်စားကျောင်းဆင်း
ခေါင်းလောင်းထိုးလိုက်သည်နှင့်
များပြားလှစွာသောအဆောင်အသီးသီးမှ
ပြားပန်းခတ်ပြေးထွက်လာကြတဲ့
ကျောင်းသား ကျောင်းသူတွေ တစ်သွေးထဲတစ်သားထဲရင်းနှီးကျွမ်းဝင်ခဲ့တဲ့
သူငယ်ချင်းတွေ
တစ်ချို့မုန့်ဆိုင်တန်း . . .
တစ်ချို့ ကစားကွင်း . . .
တစ်ချို့ သန့်စင်ခန်း . . .
တစ်ချို့ စာကြည့်တိုက် . . .
တစ်ချို့စီအရီရှိနေတဲ့တမာပင်တွေအောက်
အဲဒီထဲမှာ ထူးထူးခြားခြား မြင်ကွင်းကတော့
Gate pass အတွက် တာဝန်ရှိသူကို
မျက်နှာချိုသွေးနေတဲ့ကျောင်းသားကြီး
တစ်ချို့မြင်ကွင်း ကလည်းအထင်းသား။
(သူတို့အကြောင်းတော့သူတို့ပဲသိမှာပေါ့)
သာယာလှပလိုက်တဲ့ကျောင်းတော်ကြီးပါလား။
"ညီလေး ညနေမှပြန်လာခဲ့ပါလား"
"ဗျာ"
"သြော် . . . ကျောင်းအုပ်ဆရာမကြီးက
အစည်းအဝေးကြာချင်ကြာနေမှာမို့ . . "
ရုံးစာရေးကြီး၏စကားသံအဆုံး
ရုတ်ချည်းပျောက်ကွယ်သွားတဲ့မြင်ကွင်းစုံ။
သွေ့ခြောက်တိတ်ဆိတ်နေတဲ့ နွေကျောင်း
ပိတ်ရက်တစ်ခုကိုချက်ခြင်းဝင်ရောက်
လာခဲ့ပေါ့။
နယ်မှာရှိနေတဲ့သူငယ်ချင်းက
အကူအညီတောင်းလို့ ထောက်ခံချက်
လာယူတာခုမှသတိရပါရောလား။
ရုံခန်းဘက်ကိုကျောခိုင်းလိုက်ပြီး
တမာပင်ကြီးအောက်ကအဖြတ် . . .
တစ်ချက်မော့ကြည့်မိလိုက်ရင်း
သူ့ရဲ့အရိပ်က
အရင်ချိန်တွေ အတိုင်းပါပဲလား
အနန္တဂိုဏ်းဝင် ဆရာတွေရဲ့ ရင်ငွေ့နဲ့အတူ
နွေးထွေးမှုတွေ အေးမြမှုတွေ လုံခြုံမှုတွေ
အရင်အချိန်တွေလိုရှိနေဆဲ
ခံစားမှုတွေးပေးနေတုန်းပါပဲလား . . .
ရင်မှာဖြစ်ပေါ် နေခဲ့တဲ့ ကျောင်းသား
ဘဝရဲ့စိတ်ခံစားမှုလေးကိုအသာခွာချရင်း
လည်ပြန်တစ်ချက်ကြည့်မိလိုက်တော့
တည်ငြိမ်ရင့်ကျက်ပြီးသဘောထားကြီးစွာနဲ့
တုန်ပြန်အကြည့်နဲ့ကျန်နေရစ်ခဲ့ပေါ့။

Htun Khaing
9.1.2015
၂၀၁၅ ခုနှစ်
၂ နှစ်တစ်ကြိမ်ကျင်းပပြုလုပ်သည့်
မကွေး အ.ထ.က (၁) အာစရိယပူဇော်ပွဲ
မှသည် ၂၀၂၁ ထ.၁ ရာပြည့်ပွဲဆီသို့ . . . ။

No comments:

Post a Comment