Monday, August 26, 2013

စာမေးပွဲရမှတ်ပြိုင်တဲ့ ပညာရေးဖြင့် သွားနေကြရင်

စာမေးပွဲရမှတ်ပြိုင်တဲ့ ပညာရေးဖြင့် သွားနေကြရင်

  • Print
  • Email
Details
Published on Wednesday, 31 July 2013 13:45
Written by ဒေါက်တာမောင်သင်း
http://img.mylot.com/350x350/2467526.jpg
လူ့သမိုင်းအစမှ ယနေ့တိုင်အောင် လူသားတိုင်း ပိုင်ဆိုင်လာခဲ့သည့် အဖိုးအတန်ဆုံးအရမှာ 'ပညာ' ပင်ဖြစ်ပါသည်။ သူကသာ လူ့ဘဝ၏ တိုးတက်ရေး၊ အောင်မြင်ရေး၊ ဖွံ့ဖြိုးရေးကို အကူအညီအပေးနိုင် ဆုံး၊ ဖန်တီးအပေးနိုင်ဆုံးပါ။ ပညာကြောင့် သက်ရှိလူသားဟာ အခြားသက်ရှိများထက် အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ 'ပညာ' ဟာ လူသားဖွံ့ဖြိုးမှုရဲ့ အဖိုးအထိုက်ဆုံး ရတနာဆိုတာ လက်ခံ ကျင့်သုံးတာကြောင့် လူ့အဖွဲ့အစည်းအမျိုးမျိုး၏ ပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တာဝန်ယူ လုပ်ကိုင်ရသည့် လုပ်ငန်းတစ်ခု သမိုင်းအစမှ ယနေ့ထိ ရှင်သန်နေဆဲပါ။ အဲဒါကတော့ ပညာရေးပါပဲ။ ပညာရေးဟာ လူတစ်ဦးချင်း၏ သက်တမ်းတွင် ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်ဝသောဘဝ ရရှိရေးကို ဆောင်ရွက်ပေးခြင်းပါ။ ဒါကြောင့် လူ့အဖွဲ့အစည်းကြီးကို အဓိက လမ်းညွှန်စောင့်ရှောက်ပေးရန် ပညာရေးမှာ တာဝန်ရှိပေသည်။ အဲဒီတာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းဖို့ 'နိုင်ငံတော်သည် ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးပြုစေမည့် ပညာရေးစနစ်ကို ဖော်ဆောင်နေမည်' တဲ့။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၈) (ဃ) မှာ 'မြန်မာ့ပညာရေး ရှေ့ဆက်ရမယ့်ခရီးလမ်း' ကို မီးမောင်းထိုးပြ ထားတာပါ။ မြန်မာ့ပညာရေးဟာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တဗလတို့ ဖြိုးဝေစည်ကာ လူသား၏ ဂုဏ်သိက္ခာနဲ့ လူတစ်ဦးချင်း၏ တန်ဖိုးမြင့်မားအောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ ပညာရေးဖြစ်ရမယ်လို့ ဆိုလိုတာပါ။


လူသားစွမ်းရည်ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် ဆောင်ရွက်တဲ့လုပ်ငန်းဟာ ဘယ်လုပ်ငန်းမှ နှိုင်းယှဉ် မရအောင် အဓိကကျတဲ့ လုပ်ငန်းတစ်ခုလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး စတဲ့ 'လုပ်ငန်း' ဟူသမျှဟာ လူ့စွမ်းအားအရင်းအမြစ်တွေကသာ အကောင်အထည်ဖော် ရတာပါ။ လူ့ရဲ့စွမ်းရည် အနိမ့်အမြင့်ပေါ်မူတည်ပြီး လုပ်ငန်းအောင်မြင်မှု၊ ကျဆုံးမှုဆိုတာတွေ ဖြစ်လာ တာပါ။ စွမ်းရည်မြင့်မားတဲ့လူသားနဲ့ လုပ်ကိုင်မှသာ လုပ်ငန်းဟူသမျှ တိုးတက်မှာပါ။ လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့ချီပြီး လုပ်နိုင်တဲ့လုပ်ငန်းကတော့ 'ပညာရေး' ပါပဲ။ လူတစ်စု၊ လူတစ်ဖွဲ့၊ တစ်ပါတီ အကျိုးအတွက် ဆောင်ရွက်တာ မဟုတ်ပါ။ တစ်မျိုးသားလုံးအတွက် ဆောင်ရွက်တာမို့ ပညာရေးဟာ နိုင်ငံရေး၊ အမျိုးသားရေးပါ။ ဒါကြောင့် ပညာရေးဟာ နိုင်ငံရဲ့ကံကြမ္မာ ကိုဖန်တီးရာမှာ အချက်အချာကျတဲ့ နေရာမှာရှိနေတာပါ။ ဒါကြောင့် အဲဒီလုပ်ငန်းအဆင့်မြင့်ကို မြင့်ရ ပါမယ်။
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာရေးက အဲဒီနိုင်ငံရဲ့ ပညာ ရည်မြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ်ကြွယ်ဝမှုပေါ်မှာ များစွာမူတည်ပါတယ်။ ဟိုအရင်တုန်းကတော့ သဘာဝ ရုပ်ဝတ္ထုအရင်းအမြစ် (ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ရေနံနဲ့ သစ် စတဲ့) ကြွယ်ဝမှုအပေါ်မှာ ယစ်မူး ပြီး အဲဒါတွေရှိမှ ဖွံ့ဖြိုးမယ်လို့ ခံယူခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတွေက သယံဇာတအပေါ်မှာ ယစ်မူးတဲ့အယူအဆမှားကြောင်း သက်သေပြခဲ့ပါတယ်။ ကမ္ဘာ့ရေနံထွက်တဲ့ အာရပ်နိုင်ငံတွေ၊ ကမ္ဘာ့သစ်တောကြီးတွေ ပိုင်ဆိုင်တဲ့ ဘရာဇီးလ်နဲ့ အင်ဒိုနီးရှား၊ စိန်တွေ ထွက်တဲ့ အာဖရိကနိုင်ငံတွေဟာ ချမ်းသာကြွယ်ဝမှုမရှိသလို ဖွံ့ဖြိုး ပြီးစာရင်းလည်း ယနေ့ထိ မဝင်နိုင်သေးပါ။ ပညာရည်မြင့်မားတဲ့ လူသားအရင်းအမြစ်ကိုသာ ပိုင်ဆိုင် ပြီး သဘာဝသယံဇာတကင်းပြီး နည်းပညာမြင့်မားမှုကို တန်ဖိုးထားတဲ့ ဂျာမန်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီး ယား စတဲ့နိုင်ငံတွေ ဖွံ့ဖြိုးတာမှ အရှိန်အဟုန်နဲ့ပါ။ ကျွန်တော်တို့ရဲ့ 'ပညာမြင့်မှ လူမျိုးတင့်မည်' ဆိုတဲ့ ဆောင်ပုဒ်နဲ့ တစ်ထပ်တည်းပါ။
ဒါကြောင့်မို့ နိုင်ငံတော်ကလည်း ဤဆောင်းပါးတစ်နေရာမှာ ဆိုခဲ့တဲ့ ပညာရေးရဲ့ မြင့်မားတဲ့ ရည်မှန်း ချက်နဲ့ လေးနက်တဲ့သဘောထားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိုင်ငံတော်အခြေခံမူမှာပါတဲ့ အရာအားလုံးဟာ 'အမျိုးသားရေး' ကိစ္စတွေပါ။ သူ့ပါတီ၊ ငါ့အဖွဲ့ ကိစ္စမဟုတ်ပါ။ နိုင်ငံတော်ကို ကိုယ်စားပြုပြီး စီမံခန့်ခွဲခွင့် အမြင့်ဆုံးအာဏာကို သုံးစွဲ ခွင့်ရတဲ့ သူတွေအနေကလည်း 'ပညာရေးသည်သာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှုနှင့် ရှင်သန်မှုရဲ့ ဝိညာဉ်' ဆိုတာ ပြတ်ပြတ်သားသား မြင်နေပါပြီ။ မြန်မာ့ပညာရေးဟာ စာတတ်၊ စာတော်တာထက် ဘက်ပေါင်းစုံ အတွေးအခေါ် မှန်ရမယ်၊ စာရိတ္တမြင့်မားရမယ်၊ ငါကြီးလာရင် ဘာကောင်ကြီးဖြစ်ရမယ် ဆိုတဲ့ အတ္တရည်မှန်းချက်အစား နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံး ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ 'ပရ' စိတ်ထား မြင့်မြတ်သူ မွေးနိုင်ရမယ်၊ ပညာရေးရဲ့ အန္တိမရည်မှန်းချက်က ရုပ်ဝတ္ထု ကြွယ်ဝခြင်း ထက် လူ့ဂုဏ်သိက္ခာနဲ့ လူတစ်ဦးချင်းရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တတန်ဖိုးမြင့်မားအောင် ပျိုးထောင်ရမယ် လို့ဆိုပြီး အမျိုးသားရေး ရည်မှန်းချက် ထားခဲ့တာပါ။
'ပညာရေး' ကိုကမ္ဘာမှာ အလေးထားခဲ့တဲ့ သာဓကတွေ များစွာရှိပါတယ်။ ၂၁ ရာစုဝင်ခါနီးမှာ အစ္စရေး ရဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီး ရှိမွန်ပဲရစ်က 'မုဆိုးခေတ်ကုန်ပြီ ကြီးနိုင်ငယ်ညှဉ်းခေတ် မဟုတ် တော့ပါ။ ကျောင်းတွေတိုးဖွင့်ပြီး ပညာချင်းယှဉ်ရမယ့်ခေတ်ရောက်ပြီ' တဲ့။ သူများထက် သာချင်လို့က တော့ ပညာရှင်၊ ပညာတတ်တွေ ကြွယ်ဝအောင် လေ့ကျင့်ပေးတဲ့ ပညာရေးမြင့်အောင် ကြိုးပမ်းပါ။ ယနေ့ဟာ လက်ရုံးအားထက် 'ပညာစွမ်းအား' သာရမယ့်ခေတ်လို့ ဆိုလိုတာပါ။ ရှိမွန်ပဲရစ်ထက် စောတဲ့သာဓကတွေကတော့ စစ်အေးကာလခေတ်ကပါ။ ဆိုဗီယက်က ၁၉၅၇ မှာ ပထမဦးဆုံး ဒုံးပျံ လွှတ်လိုက်တဲ့အခါမှာ အမေရိကန်က ဒုံးပျံလွှတ်တဲ့ နည်းပညာမှာ ဘာသာသွားသလဲဆိုတာ လေ့လာ ရမယ့်အစား ဆိုဗီယက်ကျောင်းတွေမှာ 'သိပ္ပံနဲ့နည်းပညာ' ဘာတွေသင်သလဲဆိုတာ လေ့လာပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံး၊ အရေးပါဆုံး 'ပညာရေး' မှာ သူတို့က ငါတို့ထက် ဘာတွေသာလို့ ပါလဲဆိုတာ အရင်စူးစမ်းတာပါ။ အဲဒီလိုပါပဲ ၁၉၈၀ ကျော်မှာ ဂျပန်ရဲ့စီးပွားရေး တစ်ဟုန်ထိုးတိုးတက် လာမှုကိုကြည့်ပြီး ဂျပန်ရဲ့ပညာရေးအခြေခံကို ဆန်းစစ်ပြန်ပါတယ်။ ပြီးတော့ သူတို့ပညာရေးကို မြှင့်တင်တယ်။ အဲဒါက မိမိနိုင်ငံရဲ့ ပညာရေးမြင့်မားမှသာ နိုင်ငံနဲ့လူမျိုးဟာ သူများထက် နေရာတကာ မှာ သာမယ်ဆိုတဲ့ အယူအဆမှန်ကန်ကြောင်း အမေရိကန်က သက်သေပြဆိုခြင်းပါ။
ကျွန်တော်တို့ လက်ရှိသွားနေတဲ့ ပညာရေးဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မျှော်မှန်းထားတဲ့ 'ဘက်စုံ အတွေးအခေါ် အယူအဆမှန်ကန်' တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မွေးထုတ်တဲ့ ပညာရေး ဖြစ်ပြီလား။ အဲဒါနဲ့အတူ 'အကျင့်စာရိတ္တကောင်းမွန်တဲ့ နိုင်ငံတော်တည်ဆောက်မယ့် နိုင်ငံ့သား ကောင်း' ပေါ်ထွက်လာအောင် စွမ်းဆောင်တဲ့ ပညာရေးလား၊ လက်ရှိအခြေအနေအရ အတ္တကြီးသူ၊ သူများထက် ငါကသာရမယ်ဆိုတဲ့ 'အမှတ်ပြိုင်ပွဲကြီး' ကျင်းပနေခြင်းပါ။ တကယ်ဆိုရင် ပညာရေးဟာ နိုင်ငံနဲ့လူမျိုးရဲ့ အသက်ဝိညဉ်၊ ဖွံ့ဖြိုးမှုရဲ့ အရင်းခံ လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းမှုရဲ့ ဗဟိုချက်မ ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့တစ်တွေ ခံယူကာ ဗလငါးတန်ဖွံ့ဖြိုးရေးကို မဖြစ်မနေ အလေးထား ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။
ပညာရေးဟာ 'စာသက်သက်သင်ခြင်း' ပြီးတော့ စာမေးပွဲရမှတ်၊ အောင်ချက်နဲ့ လူ့အရည်အသွေး တိုင်း တာတဲ့ လုပ်ငန်းမဟုတ်ပါ။ လူ့အရည်အသွေး အစွမ်းကုန်ဖွံ့ဖြိုးအောင် လေ့ကျင့်တဲ့ လုပ်ငန်းပါ။ လူငယ် တွေကို လူ့တန်ဖိုးစစ်စစ်ဖြစ်တဲ့ 'စာနာတတ်မှု၊ ပရဟိတစိတ်ထား၊ လူမှုဆက်ဆံရေးမြင့်မြတ်မှု၊ ကျိုး ကြောင်းညီညွတ်စွာ ပြဿနာဖြေရှင်းတတ်မှု၊ စည်းကမ်းလိုက်နာတတ်မှု၊ အနုပညာခံစားတတ်မှု၊ ဘဝနောက်ခံ မတူသူတွေနဲ့ စည်းလုံးညီညွတ်စွာ အလုပ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ပြည့်ဝမှုနဲ့ ကိုယ်စိတ် နှပါး ကျန်းမာရွှင်လန်းမှု ပြည်သူ့နီတိ နားလည်လိုက်နာမှု လူ့ကိုယ်ကျင့်တရားကို လေးစားတန်ဖိုး ထားမှုနဲ့ လောကဝတ်တွေ ပြည့်ဝအောင်' လေ့ကျင့်ပေးတာကမှ ပညာရေးပါ။ လူသားပီသသူ မွေးထုတ်ခြင်းပါ။ ပြီးတော့မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ စတဲ့ လောကီ မှာသိသင့်တာတွေ သင်တာပါ။ စာသင်တာဟာ ပညာရေးရဲ့ အသေးငယ်ဆုံးလို့ဆိုတဲ့ ပညာရေးရဲ့ တကယ်အနှစ်သာရဖြစ်တဲ့ လူ့တန်ဖိုးစစ်စစ်တွေ တပ်ဆင်တာတွေ မပါသေးပါ။ အဲဒီ လူ့တန်ဖိုးတွေမပါ ဘဲ စာမေးပွဲအောင်မှတ် သက်သက်ကိုသာ လူ့တန်ဖိုးလို့ထင်ပြီး ဦးစားပေးလုပ်နေတာကို 'ပညာရေး ရဲ့တံလှပ်'၊ 'အဆင့်နိမ့်ပညာရေး' လို့ ကျွန်တော်ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ စာတော်ပြီး ကျန်းမာရေးမကောင်းသူ၊ စာရိတ္တညံ့သူ၊ အတ္တပရမမျှသူ၊ ဘဝမှာ ရင်ဆိုင်ရမယ့် ပြဿနာကို သိမ်သိမ် မွေ့မွေ့ မဖြေရှင်းနိုင်သူ၊ အများနဲ့ စုပေါင်းညီညွတ်စွာ အလုပ်လုပ်နိုင်စွမ်း မရှိသူတွေကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်လိုအားကိုးလောက်မှာလဲ။ ဒီမိုကရေစီလူ့ဘောင်နှင့် ဝင်ဆန်နိုင်စရာ မမြင် ပါ။ ကျမ်းဂန်တတ်ပြီး သီလမရှိသူဟာ အဆိပ်ပင်နဲ့ ဘာများခြားလို့လဲ။ ပညာရေးဟာ 'လူသားဆန်တဲ့ လူသား' (တစ်နည်း) လူ့ဘောင်ကောင်းကျိုး စွမ်းစွမ်းတမံ တည်ဆောက်နိုင်စွမ်းရှိသူ မွေးထုတ်ခြင်းပါ။ အဆိပ်ပင် စိုက်ခြင်းမဟုတ်လို့ပါ။
အဲဒီ စာမေးပွဲရမှတ်လောက်သာ ပြိုင်ဆိုင်နေကြတဲ့ ပညာရေးတံလှပ်ကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဟာ 'ရေ' အစစ်လို့ ထင်နေရင် အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ 'ကမ္ဘာ့ပညာရေး မြစ်နဒီ' ထဲကို ကျွန် တော်တို့ရဲ့ တံလှပ်ချောင်း စီးဝင်လို့မရနိုင်ပါ။ ဒါဆိုရင် ပညာခေတ်ရဲ့ မျိုးဆက်သစ်တွေ ကမ္ဘာနဲ့ ဘယ်လိုယှဉ်မှာလဲ။ တကယ်တော့ပညာရေးဟာ ကျွန်တော်တို့ မျိုးဆက်သစ်တွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ မိတ္တဗလ အစွမ်းကုန်ဖွံ့ဖြိုးအောင် ကြိုးပမ်းအကောင်အထည်ဖော်ခြင်းပါ။ ဒါဟာ အမျိုးသား ရေးတာဝန်ပါပဲ။ ဘာလို့လဲဆိုတော့ 'နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်' လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၃) မှာအတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ဗလငါးတန် ထဲက ဉာဏဗလဆိုတာ စာတတ်ရုံ၊ စာတော်ရုံသင် သက်သက်မဟုတ်ပါ။
ဉာဏဗလ (ဉာဏ်ရည်) ရဲ့ ဂုဏ်အင်္ဂါထဲမှာ
(က)    နှုတ်မှုနှင့် ဘာသာစကား ကျွမ်းကျင်မှုဉာဏ်ရည်
(ခ)     ကြောင်းကျိုးဆက်စပ်နိုင်မှုနှင့် သင်္ချာဆိုင်ရာ ဉာဏ်ရည်
(ဂ)     အမြင်နှင့် ပုံဖော်နိုင်မှုဉာဏ်ရည်
(ဃ)    ဂီတနှင့် အနုပညာဉာဏ်ရည်
(င)     လူမှုဆက်ဆံရေးဉာဏ်ရည်
(စ)     မိမိကိုယ်ကို ရှုမြင်သုံးသပ်မှုဆိုင်ရာ ဉာဏ်ရည်
(ဆ)    ကိုယ်ခန္ဓာ လှုပ်ရှားထိတွေ့မှု ဉာဏ်ရည်တို့ပါ။
ဒီကြားထဲမှာ ရတဲ့စာမေးပွဲရမှတ်ဟာ အလွတ်ကျက်ပြီဲးရလာတာဆိုရင် ပိုဆိုးပြီပေါ့။
ကာယဗလနဲ့ မိတ္တဗလဟာ ဉာဏဗလနဲ့ ဆက်စပ်နေပေမဲ့ စာရိတ္တဗလကတော့ ထပ်မံဖြည့်စွက်လေ့ ကျင့်ရမယ့် အရာပါ။ လူသားဟာ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်လေလေ လူ့တန်ဖိုး မြင့်လေလေပါ။ စာတတ်၊ စာတော်တာကို အထက်ပါဉာဏ်ရည်နဲ့ ခိုင်မာတဲ့ စာရိတ္တတို့ထပ်ပေါင်းနိုင်သည်အထိ အကောင်အ ထည် ဖော်နိုင်ပါမှ 'မြင့်မားသည့် ပညာရေး' ပါ။ ဒါက နိုင်ငံကမျှော်မှန်းတဲ့ ပညာရေးပါပဲ။ အဲဒီလို ပညာရေးမျိုးရှိမှသာ ကျွန်တော်တို့တစ်တွေရဲ့ သားစဉ်မြေးဆက်တွေ 'ရွှေအိုးထမ်းနိုင်ငံကြီးသားဘဝ' ရောက်မှာ။
'ဘက်စုံ' အတွေးအခေါ် မှန်ကန်ပြည့်စုံတဲ့သူဖြစ်အောင် လေ့ကျင့်ပေးရမယ်ဆိုတာ နိုင်ငံတော်ရဲ့ ရည်မှန်းချက်ပါ။ ဒါကြောင့် ယနေ့သွားနေတဲ့ မြန်မာ့ပညာရေးဟာ အချက်အလက်အကြောင်းအရာ သက်သက်ကိုသာ သိစေတဲ့ (Factual teaching) စနစ်ဖြစ်ပြီး အဲဒီစနစ်ဖြင့် ဆက်သွားနေတာဆိုရင် နိုင်ငံတော်ရဲ့ ဦးတည်ချက်နဲ့ သွေဖီနေပါပြီ။ နိုင်ငံတော်က ဘက်စုံအတွေးအခေါ် မှန်ကန်ရမယ်လို့ ဆိုထားတာမို့ ပညာရေးက လေ့ကျင့်ပေးမှုဟာ တွေးတတ်၊ ခေါ်တတ်၊ မြော်မြင်တတ်အောင် လေ့ကျင့် ပေးတဲ့ Conceptual teaching, critical thinking စနစ်နဲ့သွားရပါမယ်။ ယနေ့ ကမ္ဘာ့ပညာရေးက လည်း တွေးခေါ်မြော်မြင်မှုကို ရင့်သန်စေတဲ့ ပညာရေးပါပဲ။ အဲဒါနဲ့သွားမှ နိုင်ငံတော်ရဲ့ မျှော်မှန်းချက် တွေဖြစ်တဲ့ 'တွေးခေါ်မြော်မြင်တတ်သူ၊ စာရိတ္တမြင့်မားသူ၊ ဗလငါးတန်ပြည့်ဝသူ၊ နိုင်ငံကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးလိုသူ' ဆိုတာတွေနှင့် ကမ္ဘာ့ပညာရေးလမ်းကြောင်းနှင့် အံဝင်ခွင်ကျရှိမှာမို့ လိုအပ်တဲ့မြင်ဆင်မှုတွေ မဖြစ်မနေ လုပ်ပေးရမယ့် အချိန်အခါပါ။
ခြုံလိုက်လျင် တော်သလောက်ကောင်းတဲ့ နိုင်ငံသားတွေ ပေါကြွယ်ဝအောင်တော့ 'မြင့်မားသည့် ပညာရေး' ကသာ လေ့ကျင့်ပေးနိုင်ပါလိမ့်မယ်။ သူတို့ကသာ နိုင်ငံနှင့်လူမျိုးမြင့်အောင်၊ တင့်တယ် အောင် ဆောင်ကြဉ်းနိုင်ကြမှာပါ။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို ရယူထားတဲ့ ကိုယ် စားလှယ်များ၊ အဲဒီထဲကမှ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုကို ပဲ့ကိုင်ခွင့်ရတဲ့ အစိုးရအဖွဲ့ကို အားကိုးစွာနဲ့ ပန်ကြားပါရစေ။ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ဝင်များဆောင်ရွက်ရမယ့် လုပ်ငန်းတွေအများကြီးထဲက နိုင်ငံရဲ့ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်း၊ ငြိမ်းချမ်း ခြင်းကို ဆောင်ရွက်နိုင်တဲ့ ပညာရေးလုပ်ငန်းဟာ ဘယ်လုပ်ငန်းနဲ့မှ နှိုင်းယှဉ်စရာမရှိလောက်အောင် ပဓာနကျတဲ့လုပ်ငန်းဖြစ်တာကြောင့် 'ပညာရေးအစစ်ရဲ့ အနှစ်သာရ' ပြည့်ပြည့်ဝဝရှိတဲ့ မျိုးစေ့ကောင်း ကိုသာ ဖွံ့ဖွံ့ထွားထွားအပင်ပေါက်လာအောင် အရင်လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ၊ စာမေးပွဲ ရမှတ်နဲ့ အောင်ချက်ဆိုတဲ့ 'ပညာရေးတံလှပ်' ကိုသာ ပံ့ပိုးနေတဲ့လမ်းကြောင်းကမဖြစ်မနေ ခွဲခွာဖို့ ဘက်ပေါင်းစုံက တိုက်တွန်းပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။
The Politics Journal
No.13, JULY 18, 2013

No comments:

Post a Comment