Sunday, August 25, 2013

မြန်မာစာ တိုးတက်ပေဦးမည်

မြန်မာစာ တိုးတက်ပေဦးမည်

Published on Thursday, 22 August 2013 13:31
Written by ဦးဖေမောင်တင်

မြန်မာနိုင်ငံသို့ မဇ္ဈမဒေသမှ ဗုဒ္ဓဒေသနာ ရောက်ရှိလာသည်မှစ၍ တရားတော်များကို ပါဠိဘာသာသို့ ကူးပြောင်းယူသော ဘာသာပြန်လုပ်ငန်းများ ပေါ်ပေါက်ခဲ့သည်။ ဘုရားတရားတော်များကို ပါဠိမှမြန်မာ သို့ ပြန်ဆိုရာတွင် တိကျမှန်ကန်စေခြင်းငှားလည်းကောင်း၊ စာကိုယ် မျက်ခြည်မပြတ်စေခြင်းငှာလည်း ကောင်း၊ နိဿယသဘောအရ ဘာသာခြား စကားလုံးများကို တစ်လုံးစီအနက်ပေးကာ ဘာသာပြန်ခဲ့ သည်။ ထိုသို့ ပြန်ဆိုခြင်းအားဖြင့် စာကိုယ်၏အနက်မှာ ဒွန်တွဲလျက်ရှိရာ လေ့လာဖတ်ရှုသူတို့အတွက် ရှင်းလင်းပြတ်သားလေသည်။ ထိုနိဿယ ဘာသာပြန်များကား စာကိုယ်နှင့် မလွတ်ကင်းသေးသဖြင့် ဘာသာပြန်အစစ်ဟု မခေါ်ဆိုသာချေ။ သို့ရာတွင် နိဿယများမှာ ဘာသာပြန်ဆိုရာ၌ များစွာအကူ အညီရခဲ့သဖြင့် ထိုမှတစ်ဆင့် ဘာသာပြန်စာသန့်များ ပေါ်ပေါက်ခဲ့ကြသည်။
ယခုထက်တိုင် ပြည့်ဝလုံလောက်ခြင်း မရှိသေးသော မြန်မာစာပေမှ ထိုအခါကသာ၍ပင် စကားလုံးချို့ တဲ့ခဲ့ရာ များစွာသောနေရာတို့တွင် ပါဠိကို သူ့အတိုင်း ယူငင်သုံးစွဲခဲ့ရသည်။ ထိုသို့ ပါဠိစကားလုံးများကို သူ့အတိုင်း သုံးစွဲခြင်းဖြင့် အဓိပ္ပာယ်လွဲချော်မည့်အဖြစ်ကို ရှောင်ရှားနိုင်ခဲ့၏။ ပါဠိစကားလုံးများကို သိမ်းသွင်းသုံးစွဲခဲ့ရာ ကာလကြာညောင်းသောအခါ ပါဠိစကားလုံးများသည် မြန်မာစကားလုံးများအဖြစ် တင့်တယ်စွာ တည်တံ့လာသည်။ မြန်မာစာပေသည်လည်း ပါဠိကို ဘာသာပြန်ဆိုယူရသဖြင့် ဝေါဟာရ စကားလုံးများ တိုးပွားတန်သလောက် တိုးပွားခဲ့သည်။ မေတ္တာ၊ နိဗ္ဗာန်၊ လောက၊ ဘဝ စသောစကား လုံးများမှာ ယခုအခါ မြန်မာတိုင်း မြန်မာစကားကဲ့သို့ သိရှိနားလည်သည်သာမက မြန်မာစကားအဖြစ် ပင် ပိုင်ပိုင်နိုင်နိုင် သုံးစွဲလျက်ရှိကြ၏။
မြန်မာစာသည် ပါဠိစကားလုံးများကို ကိုယ်ပိုင်ပြု၍ သုံးစွဲသင့်သည်နေရာတွင် သုံးစွဲ၊ ဘာသာပြန်သင့် သည့်နေရာတွင် ဘာသာပြန်ခြင်းဖြင့် နှစ်ပေါင်းများစွာကပင် ပါဠိဘာသာကို အောင်နိုင်ခဲ့သည်။ ရုပ်နာမ်တူ၍ရှိသည့်အနက် နာမ်တရားတို့ကို သုံးသပ်သော ပါဠိဘာသာကိုပင် အောင်မြင်စွာ ဘာသာ ပြန်ဆိုပြီးဖြစ်ခဲ့၍ လောကဓာတ်သိပ္ပံ စသည်တို့ကို မြန်မာပြန်ဆိုရန် ခဲယဉ်းမည်မဟုတ်ချေ။ ပါဠိမှမြန်မာ သို့ ပြန်ဆိုစဉ်က မြန်မာစာပေတွင်းသို့ ပါဠိစကား အမြောက်အမြား သွတ်သွင်းမွေးမြူခဲ့ရာပါဠိနှင့်မျိုး နွယ်တူဖြစ်သော အင်္ဂလိပ်စကားများကိုလည်း အလားတူ ယူငင်ဝါးမျိုနိုင်ခဲ့ပေသည်။ စီးကရက်၊ မော်တော်ကား၊ ပန်ကာ၊ တယ်လီဖုန်း၊ ရေဒီယို စသောစကားများကို မွေးစားခြင်းဖြင့် ယခုအခါ မြန်မာ စာပေ၏ သားရင်းသဖွယ်တည်လျက်ရှိပေသည်။ ဘာသာခြားစကားလုံးများကို ယူရာ၌ ဂရုပြု၍ သေချာစေရမည်။ မဝါးမျိုတတ်ဘဲ ဝါးမျိုပါက အရိုးစူးတတ်ကြောင်း၊ အစားများကလည်း စားပိုးနင့် တတ်ကြောင်း၊ သတိမူရာသည်။
ဘာသာပြန်ရာတွင် အရေးကြီးဆုံးအချက်မှာ တိကျသေချာရမည်။ သာဘာခြား အဖိုးတန်အသုံးအနှုန်း များကိုလည်း မြုပ်မသွားပါစေနှင့်၊ ဖော်ပေးပါ။ မူရင်းအဖိုးတန် အသုံးအနှုန်းများကို မပါဝင်သော ဘာသာပြန်သည် အပြစ်ကင်းလွတ်မည် မဟုတ်ပေ။
ထို့ကြောင့် ဘာသာခြားအဖိုးတန် အသုံးအနှုန်းများကို ပေါ်လွင်စေ၍ မြန်မာစာဖြင့် ရှင်းလင်းပြတ်သား စွာ ရေးသားရမည်။ ဤနေရာ၌ အကြံပေးလိုသည်မှာ လက်ဦးဘာသာပြန်သူသည် မခြွင်းမချန် ကုန်စင် အောင် ဘာသာပြန်ပေးသင့်၏။ နောက်တစ်ဆင့်တွင်မူ အပြစ်အနာ ရှာကာပြင်ဆင် အချောကိုင်ပေးရ မည်။ အပြစ်အနာရှာလေ၊ စာကောင်းကောင်းရလေဟု မှတ်ယူသင့်ပေသည်။
ရှင်းလင်းပြတ်သား၍ အဓိပ္ပာယ် ပေါ်လွင်ခြင်းသည် ဘာသာပြန်လုပ်ငန်း၏ ဒုတိယအရေးကြီးဆုံး အချက်ဟုဆိုနိုင်၏။ ဘာသာပြန်စာဆိုကို ဖတ်ရာ၌ ခေါင်းကုတ်၍ စဉ်းစားနေလျှင် ဘာသာပြန်ခြင်း၏ အကျိုး ဘယ်မှာရှိပါမည်နည်း။ ဘာသာပြန်စာပေသာမက မည်သည့်စာပေမျိုးမဆို အဓိပ္ပာယ်နက်နဲ၍ အသိခက်ခဲပါက တိမ်ကောသွားတတ်ပေသည်။ အင်းဝခေတ်စာဆိုကျော်များကို နှိုင်းယှဉ်ကြည့်ပါ။ ရှင်မဟာရဌသာရ၏ စာပေများမှာ ရှင်းရှင်းနှင့် အဓိပ္ပာယ်ပေါ်လွင်အောင် ရေးသားထားသဖြင့် လူတိုင်းနား လည်ကာ ယခုထက်တိုင် ဖတ်ရှုမွေ့လျော်ကြသည်။ ရှင်မဟာသီလဝံသ၏ စာပေများကား နက်နဲသော သဘောတရားများကို ခက်ခဲသော စကားလုံးများဖြင့် ရေးသားစီရင်ထားသဖြင့် ဆရာတော်၏ စာပေများကို သာမန်ပုဂ္ဂိုလ်တို့ မကပ်နိုင်ပေ။ သို့ဖြင့် ဖတ်သူ တဖြည်းဖြည်း နည်းပါးယုတ်လျော့ကာ ထိုသို့သော စာပေများတိမ်မြုပ်ရတော့သည်။ ထို့ကြောင့် ဘာသာပြန်ရာတွင် စာကိုယ်၏ အရသာလည်း မပျက်အောင် အဓိပ္ပာယ်ပေါ်လွင်အောင် ကြိုးစားရေးသားရန် လိုအပ်လှသည်။
အထက်တွင်ဆိုခဲ့ပြီးသော တိကျသေချာခြင်း၊ အဓိပ္ပာယ်ပေါ်လွင် ပြတ်သားခြင်းတည်းဟူသော ဘာသာပြန် ဂုဏ်အင်္ဂါနှစ်ရပ်တွင် ချောမောပြေပြစ်ခြင်းဖြင့် အနားကွပ်လိုက်ပါက ဘာသာပြန်ကောင်း တို့၏ လက္ခဏာနှင့် ပြည့်စုံပြီဟု ဆိုနိုင်ပေသည်။ ထိုသို့ ချောမောစေရန် စာရေးသားရာတွင် ရှေးရိုးဖြစ် သော ဝါကျရှည်ရှောင်နိုင်သလောက် ရှောင်သင့်ပေသည်။ မရှောင်သာသဖြင့် ဝါကျရှည်များရေးရပါက အနက်အဓိပ္ပာယ် သဲကွဲအောင် သတိပြုရပေမည်။ သို့ရာတွင် စာအရေးအသား ငုံးတိတိပြတ်တောင်း တောင်းဖြစ်လျှင် ဖြစ်ပါစေ၊ ဝါကျတိုတိုနှင့် တိကျမှန်ကန်အောင် ရေးသားက ဘာသာပြန်ကောင်း ဖြစ်နိုင်ပေသည်။
ယခုအခါ အင်္ဂလိပ်ကိုမူတည်က ဘာသာပြန်နေကြသဖြင့် အင်္ဂလိပ်စာနှင့် မြန်မာစာကို နှိုင်းယှဉ်ကြည့် စေလိုသည်။ အင်္ဂလိပ်စာနှင့် မြန်မာစာတို့တွင် ကတ္တား၊ ဝါဇက၊ ကံစသည်တို့မှာ အထားအသို မတူ သည်သာမက အင်္ဂလိပ်စာတွင် နာမ်စားကို အသုံးများသလောက် မြန်မာစာတွင် နာမ်စားကို အသုံးများ သည်ကို တွေ့ရသည်။ အင်္ဂလိပ်စာတိုင်း နာမ်စားကို ထည့်သွင်းပါကလည်း ရယ်စရာပင်ကောင်းနေ တော့မည်။ သို့ရာတွင် သူ့နေရာနှင့်သူ နာမ်စားများကို သုံးခြင်းဖြင့် အာရုံပြတ်တော့မည့် စကားဆက် များကို ပြန်လည်ဖော်ပေးရန် လိုအပ်လှပေသည်။
ဘာသာပြန်ရာတွင် “ကိုယ့်ငါးချဉ် ကိုယ်ချဉ်” ဆိုဘိသကဲ့သို့ ကိုယ့်ဟာကိုယ် ကောင်းနေ၍ မပြီးသေး။ သူတစ်ပါးကောင်းဖို့ လိုပေသေးသည်။ ထို့ကြောင့် ဘာသာပြန်ဆိုရာတွင် မိမိစာကိုအခြား လူတစ် ယောက်အမြင်ဖြင့် ကြည့်ပေးပါ။ ဘာသာပြန်၏တန်ဖိုးမှာ ဖတ်သူ၏ နားလည်လွယ်မှု၌ တည်ကြောင်း သတိပြုပါ။
မည်သည့်စာပေမဆို ဘာသာပြန်ခြင်းဖြင့် ပြည့်စုံကြွယ်ဝလာ၏။ ပါဠိမှ မြန်မာပြန်ဆိုရာ၌ ပါဠိဘာသာ ကို မြန်မာဘာသာက ငုံနိုင်သဖြင့် မြန်မာစာတန်ဖိုး တိုးတက်ခဲ့သည်။ ယခု အင်္ဂလိပ်မှ မြန်မာပြန်ဆိုရာ တွင် အင်္ဂလိပ်ဘာသာကို ပြန်ငုံမိခြင်းဖြင့် မြန်မာစာများစွာ တိုးတက်ပေဦးမည်။
ဘာသာပြန်လုပ်ငန်းကို ထမြောက်အောင်မြင်စွာ လုပ်ကိုင်ခြင်းဖြင့် မြန်မာစာပေ တိုးတက်ကြီးပွားမှုကို ကောင်းစွာ ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းပါကြောင်း။

No comments:

Post a Comment