Wednesday, May 6, 2015

ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . .

ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . .

http://images6.fanpop.com/image/photos/32900000/Dove-doves-32938407-1024-791.jpg
ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် ယနေ့ပင်ရာထူးမှနုတ်ထွက်လိုက်တော့မည် ဖြစ်သည်။ မြန်မာ တစ်နိုင်ငံလုံး မည်သည့်ကဏ္ဍတွင် မည်မျှပျက်စီးကြပါစေ ကိစ္စမရှိပါ။ ခံနိုင်ရည်ရှိပါသည်။ ခံလည်းခံခဲ့ရ ပြီး၊ ခံလည်းခံရဆဲမို့ . . . ခံနိုင်ပါသည်။ မခံနိုင်သည့်ကဏ္ဍမှာ ပညာရေးကဏ္ဍဖြစ်၏။ မခံမရပ်နိုင်ကြ လွန်း၍ ပြဿနာများအမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
ကျွန်မအိမ်ခေါင်းရင်းတွင် ပန်းအိုးတင်ရန် ရည်ရွယ်၍လုပ်ထားသော တံစက်မြိတ်နှင့်ကြမ်းပြင်တစ်ခုရှိ ၏။ လေအေးစက်တပ်ဆင်သောအခါ ထိုကြမ်းပြင်ပေါ်မှာ လေပူထုတ်ပန်ကာကို ချထားခဲ့ရာ အမိုးအ ကာနှင့် လုံလုံခြုံခြုံဖြစ်နေ၍ အနီးအနား၌ ကျက်စားကြသော ခိုငှက်များက သဘောကျလေ့ရှိသည်။ အရိပ်ခိုပြီး သံဝါသပြုကြသည်။
အချိန်တန်လျှင် ဥများဥကြသည်။ ငှက်ပေါက်ကလေးများပေါက်ကြသည်။ ကျွန်မသည် ခိုငှက်ကိုအ လွန်မုန်း၏။ သူ့ညည်းသံကိုလည်း နားညည်း၏။ သူ့မစင်ကိုလည်းရွံ၏။ သူနှင့် နီးနီးနေခြင်းသည် ကျန်းမာရေးအတွက် အနံ့အသက် မကောင်းချေ။ သို့သော်သူ့အသိုက်မှာ ငှက်ပေါက်ကလေးများ ဖြစ် လာလျှင်မူ မောင်းမထုတ်ရက်ပါ။ ငှက်ပေါက်ကလေးနှစ်ကောင် ပူပြီးဝပ်နေကြပုံကို သနားသည်။ ချောင်ထဲတိုးနိုင်သမျှ တိုးကြရှာသည်။ သူတို့ကိုမိခင်ငှက်မကြီးက စောင့်ရှောက်၏။ ငှက်ဖိုကားယောင် ၍မလာတော့ပါ။
ကျွန်မတို့သည် ငှက်ပေါက်ကလေးများကို နေ့စဉ်ချောင်းကြည့်ရ၏။ သူတို့တဖြည်းဖြည်းထွားလာသည်။ အတောင်စုံလာသည်။ နောက်တော့သူတို့က ခြောက်လက်မခန့်မြင့်သော ကြမ်းပြင်နံရံပေါ်ခုန်တက် လိုက်၊ ဆင်းလိုက်လုပ်ကြသည်။ အားစမ်းနေကြပုံရ၏။ ပျံတော့မပျံနိုင်သေးပေ။
တစ်ရက်မှာကား ခိုလေး၊ ငါးကောင်ဝိုင်းရံလာကြ၏။ လူရိပ်လူခြည်ကိုလည်း ကြည့်ကြ၏။ သူ့ဆွေမျိုး များဖြစ်မည်။ သူတို့အခုမှဘာလာလုပ်ကြပါလိမ့်။ သြော် . . . . အဖြေပေါ်ပြီ။ ငှက်ပေါက်ဘဝမှ အတော်ထွားလာပြီဖြစ်သော ငှက်ကလေးနှဏ်ကောင်သည် အားယူပျံနေကြ၏။ ဝေးဝေးမဟုတ်ပါ။ ကျွန်မအခန်း၏ တံစက်မြိတ်အမိုးသို့ ဖြစ်သည်။ အကောင်ငယ်ငယ်၊ တောင်ပံသေးသေးဖြင့် ငှက်က လေးသည် ထိုတံစက်မြိတ်နှစ်ခုကို အသွား၊ အပြန် အပျံကျင့်နေပါရောလား။
ဤကိစ္စအတွက် အရင်ကလမလာခဲ့ဖူးသော သူ့ဖခင်အပါအဝင် ဆွေမျိုးငှက်ဖိုကြီးများက လာရောက် ဝန်းရံစောင့်ရှောက်ကြတာကိုး။ ချော်ကျလျှင်ကူဖို့၊ ရန်သူလာလျှင် ထိုးဆိတ်ဖို့ပေါ့။
သူတို့ကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ပါ။
သက်ရှိသတ္တဝါတိုင်းသည် မိမိမျိုးဆက်သစ်များကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့၊ အားဖြည့်ဖို့တာဝန်ရှိ ပေသည်။ ငှက်တွေတောင်မှ ဤတာဝန်ကိုမဖြစ်မနေ ထမ်းရွက်ကြ၏။
တိရစ္ဆာန်ထက်များစွာ ဦးနှောက်ကြီးသော လူသားသတ္တဝါတို့ဆိုလျှင် မိမိမျိုးဆက်များကို ပို၍ပင်စောင့် ရှောက်ရပါမည်။ သင်ကြားပေးရပါမည်။ ပြုစုပျိုးထောင်ရပါမည်။ ကာကွယ်ကြရပါလိမ့်မည်။
ကျွန်မအိမ်မှာလည်း ကျောင်းနေသော ကလေးသုံးဦးရှိသည်။ သူတို့ကိုပညာရေးအတွက် လိုသမျှဖြည့် ပေးသည်။ အပြင်းအထန် မတိုက်တွန်းပါ။ မှန်မှန်လုပ်စေသည်။ စာမေးပွဲနှင့်ပတ်သက်၍ တစ်ပါတည်း ပြောထားသည်။
‘စာမေးပွဲကျရင် စိတ်မညစ်နဲ့၊ နောင်နှစ်ထပ်ကြိုးစားရင် ပြီးသွားမှာပဲ။ စာမေးပွဲတစ်နှစ်ကျတယ်ဆိုတာ တစ်ဘဝလုံးဆုံးသွားတာ မဟုတ်ဘူး။ လူ့ဘဝမှာတစ်နှစ်ဆိုတာ ခဏလေးပဲ။ အားထပ်ထည့်ဖို့ပဲလို တယ်။’
သည်လိုနှင့် အားလုံးစာမေးပွဲများ အောင်ခဲ့ကြတာပါပဲ။ ကျွန်မမောင်လေးငယ်ငယ်က သူငယ်တန်းဖတ် စာမှာ ‘သားတို့၊ သမီးတို့စားဖို့၊ စားစရာတွေဝယ်ခဲ့သည်’ ဟူသောစာကြောင်းကို ဖတ်ရာ၌ ‘စားဖို့စားစ ရာ’ ကိုသူဆို၍ မရချေ။ ‘စားဖို့ရရာတွေ . . . .’ ဟုသူဖတ်နိုင်သည်။ ကျွန်မတို့ရယ်နေခဲ့ကြ၏။ နောင် ၁၅ နှစ်ကြာသောအခါ မောင်လေးက ဝိဇ္ဇာဘွဲ့ကို မြန်မာစာအဓိကဖြင့် ရခဲ့သည်။ ‘စားဖို့ စားစရာ’ မဖတ်တတ်တာ ဘာဖြစ်သေးလဲ။
သည်တော့ . . . .။
ကလေးများကို ကမှ ကဖြစ်ဖို့၊ အ မှ အဖြစ်ဖို့၊ ဤသည်မရွေးအတိအကျသင်ရန်မလိုပါ။ သူတို့ဦးနှောက် ခံနိုင်ရည်ကိုကြည့်ပြီး ဖြည့်တင်းပေးရန် အရေးကြီးသည်။ ကျွန်မတံစက်မြိတ်က ငှက်ပေါက်ကလေးများ . . . . ဟိုအဝေးသို့ပျံသွားကြပါပြီ။ ဥခွံမှထွက်ခါစမှာတော့ ဇွတ်အတင်းပျံခိုင်းလို့ ဘယ်ရပါ့မလဲ။
- သင်ရိုးတွေ ပြင်ကြပါ။
- သင်ကြားရေးစနစ် ပြင်ကြပါ။
- စာမေးပွဲစနစ် ပြင်ကြပါ။
ပြောရတာလည်း မောကြပါပြီ။
ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . . . ။
စံတော်ချိန်သတင်းစာ
ဧပြီလ (၂၄) ရက်၊ ၂၀၁၅ ခုနှစ်
မေက္ခပညာရေးမဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment