Thursday, January 1, 2015

တကယ်လား၊ အိပ်မက်လား



1.1.2015
  • Print
  • Email
Details
Published on Tuesday, 30 December 2014 02:33
Written by အငြိမ်းစားကျောင်းဆရာတစ်ဦး
http://www.dvb.no/wp-content/uploads/2014/03/223039_491330960940391_750094571_n.jpg
ဒီမိုကရေစီပညာရေးပြောင်းလဲမှုကြီး၌ ဆရာ၏ အခန်းကဏ္ဍ (The Role of Teachers in the Democratic Reform of Education) ဆိုပြီး NNER အဖွဲ့ကကြီးမှူးကျင်းပတဲ့ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က တော်ဝင်နှင်းဆီခန်းမ မှာပြုလုပ်ခဲ့ပါတယ်။ ပွဲမစမီ တစ်ပတ်လောက်ကတည်းက Facebook ပေါ်မှာ ဖိတ်စာတွေ့လိုက်ရတယ်။ လူတိုင်း လွတ်လပ်စွာ တက်ရောက်နိုင်တယ်လို့လည်း ဖိတ်တယ်။ ဒီကြားထဲက မိတ်ဆွေတစ်ဦးက ဖိတ်စာပါပို့ပြီး လေးနက်စေလိုက် တာကြောင့် အဲဒီပွဲကို မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
NNER (National Network for Education Reform) အဖွဲ့ဟာ သူတို့တပ်ထားတဲ့ Reform ဆိုတဲ့ ခေါင်းစဉ် အတိုင်း မြန်မာနိုင်ငံပညာရေးကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် နေရာအနှံ့လိုက်ပြီးတော့ "Brainstorming" လိုက်လုပ်ပေးနေတဲ့ အဖွဲ့လို့ပဲ ကျွန်တော်သုံးသပ်မိပါတယ်။ NNER အဖွဲ့ရဲ့ ပထမဆုံး လှုပ်ရှားတက်ကြွတဲ့ ပညာရေးဆွေးနွေး ပွဲကြီးတစ်ခုကို အင်းစိန် MIT မှာကျင်းပတော့ ကျွန်တော် တစ်ကြိမ်တက်ဖူးပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံ လက်ရှိ ပညာရေးဌာနကတောင် ဘယ်တုန်းကမှ စိတ်ကူးမထားတဲ့ အဖွဲ့လိုက်ဆွေးနွေးမှုတွေနဲ့ ပညာရေးမှာ ဘာတွေ ပြုပြင် ပြောင်းလဲ သင့်သလဲဆိုတာကို အဖြေရှာသွားနိုင်ခဲ့ပါတယ်။
အဲဒီတုန်းက အဖြေရှာပြသွားတာတွေကို အစိုးရထံတင်ပြပြီး လိုက်လုပ်နိုင်တာ မလုပ်နိုင်တာ၊ အကောင်အထည်ဖော်နိုင် မဖော်နိုင်တာက တစ်ပိုင်းဖြစ်ပေမယ့် ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ပညာရေးမှာ ပူးပေါင်းပြီး အဖြေရှာရင် အကြံကောင်း ဉာဏ်ကောင်းတွေ ရနိုင်တယ်ဆိုတဲ့ အမြတ်တွေကို အများကြီးထုတ်နိုင်ခဲ့မယ်လို့လည်း ယူဆပါတယ်။ ဒါပေမဲ့ အစိုးရဆိုတာနဲ့ ပုံစံခွက်ထဲက ပညာရှင်တွေရဲ့ အရိုးစွဲနေတဲ့စိတ်ဓာတ်တွေကို ဘယ်တော့ ပြောင်းလဲနိုင်မှာလဲ၊ ဘယ်လောက်ပြောင်းလဲ နိုင်မှာလဲဆိုတာကတော့ ကျွန်တော်ထင်ပါတယ် ပြိုင်တူတွန်းရုံနဲ့ မလုံလောက်တော့ဘူး။ တွန်းနေတာကို ရှေ့က ပိတ်ဆို့ကာ ဆီးထားသူတွေကိုပါ ဖယ်ရှားဖို့အချိန်လို့ ကျွန်တော်ထင်ပါတယ်။
၂၉ ရက်နေ့ ပထမနေ့ ဆွေးနွေးပွဲမှာ ဒေါက်တာနုနုဝင်း၊ ဒေါက်တာ အာကာမိုးသူ၊ ဦးခင်မောင်ကြင်တို့ သုံးဦးက "Reflection on the teacher education system (basic and higher education) in Myanmar ဆိုတဲ့ ခေါင်းစဉ်အောက်မှ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်သင်ပညာကဏ္ဍ သုံးခုကို ခွဲခြားဆွေးနွေး သွားတာကို သတိထားလိုက်မိပါတယ်။
ကျွန်တော် ဆွေးနွေးပွဲခေါင်းစဉ်ကို ပြန်သုံးသပ်လိုက်မိတယ်။ " ဒီမိုကရေစီပညာရေးပြောင်းလဲမှုကြီး၌ ဆရာ၏ အခန်းကဏ္ဍ" လို့ တပ်ထားပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့ ဆရာသုံးဦးကို သုံးသပ်ကြည့်လိုက်တော့ ဒေါက်တာ အာကာမိုးသူကလွဲရင် ပုံစံ ခွက်နဲ့ ရိုက်ထုတ်ထားခြင်းခံရသူတွေ ဖြစ်နေတာကို တွေ့ရတယ်။ ကျွန်တော်ဆိုလိုတာက ပုံစံခွက်ထဲကနေ အဝိုင်းနဲ့ ထုတ်ပေး လိုက်တဲ့ ခွက်ရိုက်ပုံသွင်းတွေဟာ လေးထောင့် ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ကျွန်မတို့ဟာ လေးထောင့်တွေပါလို့ ပြောနေလည်း လူရယ်စရာဖြစ်နေပါလိမ့်မယ်။
နောက်တစ်ချက်က "ဒီမိုကရေစီပညာရေး" ဆိုတာကို ပြောသွားနိုင်တာ ဒေါက်တာ အာကာမိုးသူ တစ်ဦးပဲရှိတယ်။ သူက နည်းပညာရဲ့ အခန်းကဏ္ဍကို နည်းနည်းလေးထည့်ဆွေးနွေးသွားလို့ ဒီလိုပြောလိုက်ရတာပါ။ သူပြောလို့လည်း ဒီမိုကရေစီ ပညာရေးဆိုတာ နည်းနည်းလေး ဆက်စပ်သလိုလို ရှိသွားရတယ်လို့ ထင်ပါတယ်။ သူက နည်းပညာမပါဘဲ မအောင်မြင်နိုင်ဘူး လို့ပြောသွားတယ်။ ဆရာတွေက ကျောင်းသားတွေထံက ပြန်လည်သင်ယူရမယ့်အချိန်လို့လည်း ထောက်ပြသွားတယ်။ ပညာရေးမှာ ခေတ်သုံးခေတ် လှိုင်းသုံးလှိုင်းကို ကျွန်တော်တို့ ရင်ဆိုင်နေရတယ်ဆိုတာလည်း ကျွန်တော် လက်ခံတယ်။
ပထမလှိုင်းက လူကြီးတွေ လူငယ်တွေကို ပညာပေးတဲ့ခေတ်၊ ဒုတိယလှိုင်းက သင်ယူသူအချင်းချင်း ပညာပြန်ပေးတဲ့ခေတ်၊ တတိယလှိုင်းက လူငယ်တွေက လူကြီးတွေကို ပြန်ပြီး ပညာပေးတဲ့ခေတ်လို့ဆိုပါတယ်။ ဆရာပြောတဲ့ စကားကို ရှေ့ဆုံး တန်းမှာထိုင်နေတဲ့ လူကြီးတွေကတော့ သဘောကျမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အားလုံးဟာ ပညာရေး ဆိုတာ ပထမလှိုင်းထဲမှာ ကူးခတ်နေရတာကို ပျော်မွေ့နေကြသူတွေ ဖြစ်နေလို့ပါပဲ။
ပညာရေးဆိုတာ သင်ကြားသူဆရာရှိရမယ်ဆိုတဲ့ ဝါဒကို လက်ကိုင်ထားလွန်းတဲ့ နိုင်ငံတွေဟာ ခေတ်မမီတော့တာကြောင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကိုလိုက်ဖို့ ကြိုးစားနေကြတာ ကြာပါပြီ။ ဆရာဆိုတာ သင်ကြားသူ မဟုတ်တော့ဘူး။ ဆရာဆိုတာ လမ်းညွှန်သူဖြစ်လာပြီဆိုတာကို မျက်ခြေမပြတ်ဖို့ လိုလာပါပြီ။
ဒီနေ့ဆွေးနွေးပွဲမှာ အားလုံးရှောင်ပြီးဆွေးနွေးသွားတဲ့ အချက်နှစ်ချက်ရှိတာတွေ့ရပါတယ်။ အဲဒါတွေကတော့
၁။ ဒီမိုကရေစီပညာရေးမှာ အလေးထားသင်ကြားသင့်တဲ့ နည်းပညာအခန်းကဏ္ဍ
၂။ ဆရာတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အခန်းကဏ္ဍ တွေပဲဖြစ်ပါတယ်
ဒီမိုကရေစီပညာရေးမှာ ကျွန်တော်တို့ကလေးတွေကို ကိုယ်သင်ချင်တဲ့ အချိန်မှာ၊ ကိုယ်သင်ချင်တဲ့ ဘာသာရပ်ကို၊ ကိုယ်သင် ချင်တဲ့သူနဲ့ ကိုယ်သင်ချင်တဲ့နေရာမှာ သင်ကြားပိုင်ခွင့်ရှိရေးကို အလေးထား ဆွေးနွေးသင့်ပါတယ်။ နိုင်ငံတကာမှာ အဲဒီလို သင်ယူခွင့်ရဖို့ နည်းပညာကို အားကိုး အားထားပြုနေကြရပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ရည်ရွယ်ချက်တွေက လက်ရှိဆရာအတတ်သင်ပညာရေး (အခြေခံနဲ့ အဆင့်မြင့်) ကိုသုံးသပ်ခြင်း၊ ဆရာ အတတ်သင်ပညာရေးရဲ့ သင်ရိုးတွေကို သုံးသပ်ခြင်း၊ ဆရာတွေကို သင်ယူနိုင်ခွင့်ရဖို့ နည်းလမ်းများ ရှာဖွေခြင်း၊ ဆရာတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်၊ ပညာရေးပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုတွေကို ဆရာတွေ ကျော်လွှားနိုင်ရေးစတာတွေကို ဦးတည်ဆွေးနွေးသွားမယ်လို့ အကြမ်းဖျင်း သိရပါတယ်။
ဒါပေမဲ့ ပထမနေ့ နံနက်ပိုင်းဆွေးနွေးပွဲကတော့ အဲဒီအချက်တွေနဲ့ နည်းနည်းလေး အံချော်သလိုဖြစ်နေတာတွေ့ ရတယ်။ ပိုဆိုးတာက မေးခွန်းမေးသူတွေကထမေးပြီး ပြန်ဖြေရတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ ဆွေးနွေးသူ သုံးဦးစလုံးဟာ အာဏာပိုင်တွေ မဟုတ်ဘူး။ အစိုးရတွေမဟုတ်ဘူး။ မေးခွန်းတွေ မေးပါလို့ဆိုလိုက်ရင် မြန်မာထုံးစံအတိုင်း နစ်နာချက်တွေ၊ အဆင်မပြေတာတွေ၊ သူတို့တစ်သက်လုံး ပြောမရခဲ့တာတွေကို အခွင့်အရေးတစ်ခုအနေနဲ့ ထပြီးဆွေးနွေးကြပါတော့တယ်။ ခုဆွေးနွေးတဲ့သူတွေဟာ ဘယ်သူတွေလဲ၊ ငါတို့ ဘာကို ဦးတည်ဆွေးနွေးသင့်သလဲဆိုတာ အခန်းထဲစဝင်ကတည်းက ပေးဝေလိုက်တဲ့ စာရွက်လေးတွေကိုတော့ ကျေညက်အောင် ဖတ်ထားဖို့လိုမယ်ထင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ဆွေးနွေးသူတွေက ပြုပြင်ပြောင်းလဲမှုတွေကို နေ့ချင်းညချင်း အကောင်အထည်ဖော်ပေးနိုင်သူတွေလိုလို ငိုပြီးတိုင်တာမျိုးတွေ လုပ်နေရင် ဦးတည်ချက်ပျောက်သွားနိုင်ပါတယ်။
အခမ်းအနားကို ကြွရောက်တော်မူလာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်စန္ဒာမင်းကတော့ မစားရဝခမမ်း ဆရာတွေလစာကို အံ့သြစရာကောင်းလောက်အောင်တိုးလာဖို့ သူတို့ဆောင်ရွက်နေကြောင်း ချွေးသိပ်သွားပါတယ်။ မကြာခင် ကုန်တော့မယ့် အစိုးရသက်တမ်းမှာ ဒေါ်စန္ဒာမင်းရဲ့ ပါးစပ်အဟောင်းသားဖြစ်သွားအောင် ဆရာတွေကို လစာတိုးပေးမယ် ဆိုတာ တကယ်လား၊ အိပ်မက်လားဆိုတာကိုတော့ စောင့်ကြည့်ရပေလိမ့်မယ်။

No comments:

Post a Comment