Thursday, January 1, 2015

ပညာရေးဆွေးနွေးပွဲ ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုကြီး၌ ဆရာ၏အခန်းကဏ္ဍ



ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)
============================================

ပညာရေးဆွေးနွေးပွဲ
ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုကြီး၌ ဆရာ၏အခန်းကဏ္ဍ
============================================
၂၉-၃ဝ ဒီဇင်ဘာ ၂ဝ၁၄
----------------------------
ဆွေးနွေးအကြံပြုချက်များ
===================
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ “ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ရန်ုကုန်မြို့၊ ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီခန်းမတွင် ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလ (၂၉-၃ဝ) ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ဆရာ/ဆရာမများ ပါဝင်မှုကို မြှင့်တင်ရန် ဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးရှိ ပညာရေးအဖွဲ့အစည်းများမှ ဆရာ/ဆရာမများ၊ ပညာရှင်များ၊ ဘာသာရေးအခြေပြုကျောင်းများမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဆရာ/ဆရာမများနှင့် စိတ်ဝင်စားသူများစုစုပေါင်း (၃ဝဝ)ခန့် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့တွင် မြန်မာနိုင်ငံသားပညာရှင်သုံးဦး၊ အီတလီနိုင်ငံသားပညာရှင် သုံးဦး၊ “အာရှနှင့်တောင်ပစိဖိတ်ဒေသ အခြေခံပညာနှင့် အရွယ်ရောက်သူများပညာရေး(ASPBAE)” အဖွဲ့မှ ပညာရှင်တစ်ဦး၊ အမေရိကန်နိုင်ငံသားပညာရှင်တစ်ဦးတို့က အောက်ပါအကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

၁။မြန်မာနိုင်ငံဆရာအတတ်ပညာရေးစနစ်အပေါ်သုံးသပ်ချက်
၂။ အီတလီနိုင်ငံပညာရေးစနစ်၊ အသိဥာဏ်ဆိုင်ရာဒီမိုကရေစီ၊ သချာင်္ပညာရေးနှင့် ဆရာ/ဆရာမများ၏အခန်းကဏ္ဍ
၃။၂ဝ၁၅ အလွန် နိုင်ငံတကာပညာရေးအစီအစဉ်အတွက် ဆရာ/ဆရာမများပါဝင်ရမည့် အခန်းကဏ္ဍ
၎။ပညာရေးစနစ်ပြုပြင်ပြောင်းလဲသည့် နိုင်ငံများတွင် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို Norm Propagation Theory ဖြင့် နှိုင်းယှဉ်တင်ပြခြင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် အဖွဲ့ (၅)ဖွဲ့ခွဲ၍ ဆွေးနွေးကြပြီး အပြန်အလှန်ညှိနှိုင်းကာ
အောက်ပါကဏ္ဍ (၅)ခုတွင် အကြံပြုချက်များ ပေးအပ်ခဲ့ပါသည်။ အချို့အကြံပြုချက်များတွင် ငြင်းခုံဆွေးနွေးမှုများရှိပြီး အများဆန္ဒကို ထင်ဟပ်သော အကြံပြုချက်များကို ဦးစားပေးဖော်ပြထားပါသည်။
(၁)မြန်မာနိုင်ငံဆရာအတတ်ပညာရေးစနစ်၏ ပြဿနာများ၊ စိန်ခေါ်မှုများနှင့် အကြံပြုချက်များ
(က)ဆရာအတတ်ပညာကဏ္ဍတွင် ပညာရေးကောလိပ်များ ခွဲခြားမထားဘဲ၊ ပညာရေးတက္ကသိုလ်အဖြစ်သာ ထားရန်နှင့် အဆိုပါ ပညာရေးတက္ကသိုလ်တွင် အစိုးရကျောင်းမှ ဆရာ/ ဆရာမများသာမက၊ အခြားကျောင်းများမှ ဆရာ/ ဆရာမများ၊ ဆရာ/ဆရာမလောင်းများလည်း တက်ရောက်သင်ကြားခွင့်ရှိရန်။
(ခ) လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများ တက္ကသိုလ်တက်ရောက်ပါက လစာခံစားခွင့် အပြည့်ပေးရန်။
(ဂ) ဝေးလံသောဒေသများရှိ တိုင်းရင်းသားဆရာ/ဆရာမများအား Scholarship အစီအစဉ်များ ပြုလုပ်ပေးရန်။
(ဃ) အစိုးရမဟုတ်သောအဖွဲ့အစည်းများကိုလည်း ဆရာအတတ်သင်တန်းများ ဖွင့်လှစ်ခွင့်ပေးရန်။
(င) ဆရာအတတ်ပညာသင်ရိုးတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးစိတ်ပညာဘာသာရပ်များကို အဓိကထားပြီး လက်တွေ့သင်ကြားမှုများကို အလေးထားဆောင်ရွက်ရန်။
(စ) ဆရာအတတ်ပညာဘွဲ့ရသင်တန်းများကို (၄) နှစ်ထားရှိရန်။
(ဆ) ဆရာအတတ်သင်ပြီးမြောက်သော ဆရာ/ဆရာမများကို အရည်အချင်းစစ်ဆေး၍ စာသင်ကြားခွင့်လိုင်စင်များ ပေးရန်။
(၂) ဆရာအတတ်ပညာသင်ရိုးညွှန်းတမ်းအတွက် အကြံပြုချက်များ
(က) ပညာရေးတက္ကသိုလ် (သို့မဟုတ်) ပညာရေးဌာနများတွင် ရှေးဦးကလေးသူငယ်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အထူးပြုဘာသာရပ်များထား၍ သင်တန်းသားများ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရန်။ အထက်တန်းအတွက် ဘာသာရပ်အလိုက်(ဥပမာ-သင်္ချာ၊ ရူပဗေဒ .....) အထူးပြုဘာသာ ရွေးချယ်ခွင့်ရှိရန်။
(ခ) တက္ကသိုလ်များတွင် သင်ကြားမည့် ဆရာ/ဆရာမများအတွက် သင်ကြားနည်းပညာသင်ရိုးညွှန်းတမ်းရေးဆွဲ၍ လေ့ကျင့်သင်ကြားပေးရန်။
(ဂ) စဉ်းစားဆင်ခြင်ခြင်း(critical thinking)နည်းစနစ်များ၊ သင်ယူမှုကို ဗဟိုပြုသော နည်းစနစ်များ(learning centered strategies)နှင့် စစ်ဆေးအကဲဖြတ်ခြင်းနည်းစနစ်များကို သဘောတရားနှင့် လက်တွေ့ပေါင်းစပ်သင်ကြားရန်။
(ဃ) သင်ရိုးညွှန်းတမ်းတွင် အောက်ပါဘာသာရပ်များ ထည့်သွင်းရန် (ဒေသလိုအပ်ချက်ကို အခြေခံသော သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးခြင်း၊ သယံဇာတများ စီမံခန့်ခွဲခြင်း၊ နိုင်ငံရေးသိပံ္မ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပညာရေး၊ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၊ သတင်းနှင့်ဆက်သွယ်ဆိုင်ရာနည်းပညာ(ICT)၊ ဘာသာစကားသင်ကြားမူစွမ်းရည်၊ လူတိုင်းအကြုံးဝင်ပညာရေး၊ ဆရာအတတ်ပညာဖွံ့ဖြိုးမူ၊ ပညာရေးသုတေသန၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း)။
(င) မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ကျောင်းအုပ်အဖြစ် တာဝန်ယူသူများနှင့် စီမံခန့်ခွဲမှု အဆင့်ဆင့်တွင် တာဝန်ယူမည့်သူများသည် သင်ကြားရေးအတွေ့အကြုံရှိပြီး ပညာရေးစီမံခန့်ခွဲမှု နည်းပညာများ သင်ကြားတတ်မြောက်ပြီးသူ ဖြစ်ရမည်။
(၃) ဆရာ/ဆရာမများ၏ ပညာရပ်ဆိုင်ရာဖွံ့ဖြိုးမှုအတွက် လေ့လာသင်ယူရန် အခွင့်အလမ်းများ
(က) ဆရာ၊ဆရာမများ လေ့လာသင်ယူုနိုင်ရန် စာကြည့်တိုက်များ၊ e-library၊ အွန်လိုင်း၊ မီဒီယာတို့မှတဆင့် ခေတ်မှီနည်းပညာများဖြင့် လေ့လာနိုင်ရန်။
(ခ) ဆရာ/ဆရာမများ၏ ကျွမ်းကျင်မှုနှင့် ၀ါသနာကို အခြေခံ၍ သင်ယူမှုအခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် လက်တွေ့ပိုင်းကို ပိုမိုအလေးပေးသင်ယူနိုင်စေရန်အတွက် နည်းဥပဒေများပြဌာန်းပေးရန်။
(ဂ) သင်ကြား၊ သင်ယူမှုအပိုင်းတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် (ဥပမာ GDP ၏ ၆%)
(ဃ) ဆရာ/ဆရာမများ မိမိတို့စိတ်ဝင်စားရာ သင်ယူခွင့်များ ဖန်တီးဖော်ဆောင်ပေးရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ မွမ်းမံသင်တန်းများ စီစဉ်ပေးရန် (teacher centered သုံးနေခြင်းအစား learning centered ကိုအသုံးပြုရန်)
(င) ဆရာ/ဆရာမများအသင်းအဖွဲ့များ ဖွဲ့စည်းပြီးမိမိတို့၏ ပညာရပ်ဆိုင်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရန် (ပညာရေးဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ လေ့လာရေးအစီအစဉ်များ)။
(စ) ပညာရေးသုတေသန လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်။
(၄) ပညာရေးလွတ်လပ်ခွင့်၊ ဆရာ၊ဆရာမများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် အကြံပြုချက်များ
(က) အခြေအနေပေါ်မူတည်ပြီး နည်းလမ်း၊ သင်ရိုး၊ ကျောင်းသားဦးရေ စသည်တို့တွင် ဆရာများ၏ ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့်ရှိရန်၊ ကျောင်းများအနေဖြင့်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရန်။ (၀န်ကြီးဌာန၊ ဦးစီးဌာနများသည် ဘဏ္ဍာရေးအပိုင်းများတွင် ကူညီပံ့ပိုးသူများသာ ဖြစ်သင့်သည်။)
(ခ) ဆရာ/ဆရာမများအားလုံး တန်းတူအခွင့်အရေးရှိရန်၊ ရာထူးတိုးသည့်စနစ်ကို မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်း တိုးမြှင့်သည့်စနစ်ကို ပယ်ဖျက်ရန်နှင့် မိမိရွေးချယ်ထားသည့် ပညာရေးဏ္ဍ (မူ/လယ်/ထက်) အတွင်း ဖွံ့ဖြိုးတိုးတက်မှုရှိသည့် စနစ်ကို ကျင့်သုံးရန် (ဥပမာ- မူလတန်းပညာဖြင့် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များ)
(ဂ) ဆရာ/ဆရာမများ လွတ်လပ်စွာ သင်ယူနိုင်ခွင့်၊ သုတေသနလွတ်လပ်ခွင့်၊ ဆရာသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့်များရှိစေရန်။
(ဃ) ဆရာအတတ်သင်ကျောင်းဝင်ခွင့်များအား ပြန်လည်သုံးသပ်ရန်။
(၅) ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အတွင်း ရင်ဆိုင်ရမည့် အခက်အခဲများကို ကျော်လွှားရန် နည်းလမ်းများ
(က) မြန်မာနိုင်ငံဒေသသီးသီးတွင် ဆွေးနွေးပွဲများ ကျင်းပ၍ ပညာရေးမူဝါဒများအား ပြန်လည်သုံးသပ်ပြီး ပြည်သူ့အကျိုးလိုလားသော အင်အားစုများ စုစည်းကာ တညီတညွတ်တည်း ဆောင်ရွက်ရန်။
(ခ) ပညာရေးတွင် ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်လာစေရန်အတွက် တောင်းဆိုသွားရန်။
(ဂ) စာမေးပွဲစနစ်နှင့် ဘတ်ဂျက်သုံးစွဲမှုများကို ပြန်လည်ပြုပြင်ရန်။
(ဃ) မူကြိုပညာရေးကို ပင်မပညာရေးအောက်တွင် ထားကာ အလေးပေးဆောင်ရွက်ရန်။
(င) အသင်းအဖွဲ့ဖွဲ့စည်းခွင့်များကို လွတ်လပ်စွာ ရရှိလာရန် လုပ်ဆောင်ပြီး သက်ဆိုင်ရာဒေသများ၊ ကျောင်းများကို လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်များ လွှဲပြောင်းပေးအပ်ရန်နှင့် တချိန်တည်းတွင်ပင် ဗဟိုချုပ်ကိုင်မှုလျော့ချလျှင် ဖြစ်လာနိုင်သော အကျိုးဆက်များကို တွက်ချက်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန်။
(စ) ဆရာ/ဆရာမများအား မိမိကိုယ်ကို ယုံကြည်မှု၊ ရာသက်ပန်သင်ယူမှု၊ သင်ကြားနည်းစနစ်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲနိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများမြင့်တက်လာစေရန်နှင့် ကျောင်းသားများ၏ သင်ယူမူကို ကူညီအားပေးရန်။
(ဆ) လုပ်ဖော်ကိုင်ဘက်များပါ တက်ကြွစွာ ပါဝင်လာစေရန် အချင်းချင်း စည်းရုံးလုပ်ဆောင်သွားရန်။
(ဇ) ဆရာ-ကျောင်းသားဆက်ဆံရေး၊ ဆရာ-မိဘဆက်ဆံရေးတွင် ပွင့်လင့်မြင်သာမှုရှိစေရန်၊ အပြန်အလှန်ဆွေးနွေးမှု၊ တိုင်ပင်မှုများ ပြုလုပ်ရန်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)

No comments:

Post a Comment