Thursday, January 1, 2015

ပညာ​တတ်တ​စ်ေ​ယာက်ရဲ့​ စကားြေ​ပာ​အနု​ပညာ



1.1.2015
Published on Thursday, 01 January 2015 02:45
Written by ကျော်ဗလ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-dUDoTm7eR0-QupAITJL4vWYEkFVsdYJPVXQxoGV-eIIfxjiI0X9sEJtTF-xz6wK-HTDoNNAKylhV3bQ-jhGOnK9stDu4tsvNL8dtVZPEDEL_t6aJf2KK234VH4JiPkrpCpLpWyr3Hz4r/s1600/10383004_767700926619128_6597299918116192073_n.jpg
အကယ်ဒမီ ပေးတဲ့နေ့က စန္ဒယားတင်ဝင်းလှိုင်တစ်ယောက် တောရောက် တောင်ရောက်ပြောတာကို ချီးကျူး နေတဲ့သူတွေက ချီးကျူး၊ ဒီလိုပွဲမျိုးမှာ မဆိုင်တာတွေ ထည့်ပြောတာကို ရဲရဲတောက်လို့ သတ်မှတ်နေကြတာတွေကို Facebook စာမျက်နှာ တွေပေါ်မှာ ဖတ်နေရတော့ ဒီကနေ့ ဘာကိုစံထားပြီး သူရဲကောင်းအဖြစ် သတ်မှတ်နေကြသလဲဆိုတာကို နည်းနည်းတောင် သံသယဝင်လာမိပါတယ်။
စန္ဒရားတင်ဝင်းလှိုင်ရဲ့ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာဆိုတဲ့ ရုပ်သံထုတ်လွှင့်ချက်ကို ကြည့်ဖူးသူတိုင်း သူဘယ်လိုလူဆိုတာ သိကြပါလိမ့်မယ်။ ဒီနှစ်အကယ်ဒမီပွဲမှာ အကောင်းဆုံးဂီတဖန်တီးဆုကို ရတယ်ဆိုတော့ ဝမ်းသာမိတယ်။ ဒါပေမဲ့ ၁၄ မိနစ်လောက် ပြောချင်တာတွေ တောင်ရောက် မြောက်ရောက် ပြောနေချိန်မှာ အောက်ကလည်း အသံသေး၊ အသံကြောင်တွေနဲ့ ဆူညံစွာအော်၊ ဟာသ သရုပ်ဆောင် ဇော်ဇော်အောင်ကလည်း ရေပုလင်းတက်ပေး (ပေးတာရိုးရိုးပေးတာမဟုတ်ဘူးဆိုတာ သိထားစေချင်တယ်) ဝိုင်းဟားကြနဲ့ အတော်လေး ရုပ်ပျက်ဆင်း ပျက်ဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာ အခမ်းအနားမှူးနှစ် ယောက်က နောက်အစီအစဉ်တွေရှိသေးလို့ပါဆိုပြီး အတင်းမောင်းချယူရတဲ့ အဖြစ်ဟာ အကယ်ဒမီဆုရသူတွေထဲမှာ အသက် အကြီးဆုံး၊ ပညာအကြီးဆုံး လူကြီးတစ်ယောက်အနေနဲ့ကတော့ အလွန်ရှက်ဖွယ်ကောင်းတဲ့ အဖြစ်တစ်ခုပဲလို့ ဆိုရပါလိမ့်မယ်။ မြန်မာ့ အကယ်ဒမီသမိုင်းမှာ ရုပ်ပျက်ဆင်းပျက်အဖြစ်ဆုံး ကိုယ်ရည်သွေးမှုနဲ့ ဝိုင်းအဟားခံရဆုံး အဖြစ်အပျက်တစ်ခုလည်း ဖြစ်မယ်ထင်ပါတယ်။
လူတိုင်းဟာ ဘယ်မှာပဲစကားပြောပြော သက်ဆိုင်တာတွေကို ပြောမှ သဘာဝကျပါလိမ့်မယ်။ မိုက်ခရိုဖုန်းကိုင်ခွင့်ရပြီး ပြောရေး ဆိုခွင့်ရလိုက်တာနဲ့ ငါပြောချင်တာ ပြောလိုက်မကွဆိုတာကတော့ ပရိသတ်ကို စော်ကားသလို ဖြစ်နိုင်ပါတယ်။ ဥပမာ မင်္ဂလာအခမ်းအနားမှာ လူကြီးတစ်ယောက်အနေနဲ့ မင်္ဂလာစကား ပြောကြားပေးပါလို့ တောင်းဆိုခြင်းခံရရင် ကောင်မလေးက အိမ်ထောင်မကျခင် ရည်းစားများတာတွေ၊ သူ့ အမေ အကျင့်မကောင်းတာတွေ၊ အဖေကလည်း အရက်သမားဆိုတော့ သတိ ထားသင့်တယ်ဆိုတာတွေကို မင်္ဂလာပွဲမှာ လျှောက်ပြောနေလို့ သင့်မှာလားဆိုတာ စဉ်းစားပေးကြစေလိုပါတယ်။
ကျွန်တော် ဒီနှစ်အတွင်း ကျင်းပပြုလုပ်သွားတဲ့ သုတစွယ်စုံ စာပေဆုပွဲကို တက်ခဲ့ပါတယ်။ အခမ်းအနားမှာ "ဆုရသူများ ကိုယ်စား ကျေးဇူးတင် အမှာစကား ပြောကြားပေးပါရန်" ဆိုပြီး အခမ်းအနားမှူးက ကြေညာတယ်။ ဆုရ စာရေးဆရာတွေ ကိုယ်စား စာရေးဆရာကြီးတစ်ယောက်က စကားတက်ပြောတယ်။ သူပြောတဲ့ စကားတွေက အားလုံးကို ကိုယ်စားပြုတာ တစ်လုံးမှ မပါဘူး။ သူဘယ်လောက်တော်ကြောင်း၊ တတ်ကြောင်း၊ သူဆုရတဲ့စာအုပ်ကို သူဘယ်လောက် ကြိုးပမ်းရေးထား ရကြောင်းစတာတွေနဲ့ သူ့အကြောင်း၊ သူ့စာအုပ်အကြောင်းတစ်ခုတည်းကို တောက်လျှောက် ပြောသွားတာ တစ်ဦးတည်း ၄၅ မိနစ်လောက်ကြတယ်။ အခမ်းအနားမှူးက ဆုရသူများကိုယ်စား ကျေးဇူးတင်စကားကို တောင်းဆိုတယ်။ သူက ကိုယ်ပြော ချင်တာ ကိုယ်ရည်သွေးပြောတယ်။ ကျန်တဲ့ဆုရသူတွေကို ဘာတစ်ခုမှ ကိုယ်စားမပြုဘဲ၊ ဆုပေးတဲ့ အဖွဲ့ကိုလည်း ကျေးဇူးမတင်ဘဲ ကိုယ်ပြောချင်တာတွေ ၄၅ မိနစ်လောက် ပြောတာကို အောက်ကလူတွေ သည်းခံနားထောင် နေကြရတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့က တော်လှပါတယ်၊ သင့်မြတ်လှပါတယ်ဆိုပြီး ဝိုင်းဝန်းချီးကျူး ပေးနေရင် ဘယ်နေရာမှာမဆို အတ္တကြီးစွာနဲ့ ငါပြောချင်တာ ပြောလို့ရတယ်ဆိုတာ ထောက်ခံပေးရာ ရောက်သွားပါလိမ့်မယ်။
ဒီနေရာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ကို အလွန်သတိရမိပါတယ်။ ဆရာမကြီး သဘာပတိ လုပ်ရတဲ့ ပွဲတွေကို ကျွန်တော်တက်ဖူးပါတယ်။ ဆရာမကြီးကတော့ ပြတ်တယ်။ အဲဒီလို မဆိုင်တာတွေ လျှောက်ပြောနေတဲ့သူတွေ၊ လျှောက်ပြီး မဆီမဆိုင် မေးနေသူတွေဆိုရင် ကောင်းကောင်း နှိပ်ကွပ်တယ်။ မဆိုင်တာတွေမပြောပါနဲ့။ ထိုင်လိုက်ပါဆိုပြီး တော့တောင် ပြောင်ပြောင်တင်းတင်း သတိပေးတတ်တယ်။ ဆရာမကြီးလို အရည်အချင်းရှိသူတွေ ကြီးကြပ်တဲ့ပွဲတွေဆိုရင် အလွန် စိတ်ချမ်းသာရတယ်။ ပွဲတိုင်းကျော် လျှောက်အော်နေတဲ့သူတွေ သိပ်ပြီးမထရဲကြဘူး။ ဆရာမကြီးက ချက်ကျ လက်ကျ ပြောနိုင်ဆိုနိုင်သူတွေကို ထောက်ခံတယ်။ မှားနေရင်တောင် ထောက်ပေးတယ်။ အခြေအမြစ်မရှိ လူတွင်ကျယ်လုပ်ချင်တဲ့ သူတွေကတော့ ဆရာမကြီးဝေဖန်ထောက်ပြတာကို ကော့နေအောင် ခံရတတ်တယ်။
လူတွေက အသက်တွေကြီးလာ၊ အရွယ်တွေရလာရင် ကိုယ်လေ့လာဖတ်မှတ်ထားတာတွေကို အရမ်းပြချင် ပြောချင် လာတတ် ပါတယ်။ အချို့လည်း အထီးကျန် စွန့်ပယ်ထားခြင်း ခံရချိန်မှာ ပြောချင်ဆိုချင် ထုတ်ဖော်ချင်တာတွေ အများကြီးရှိတတ် တယ်။ အကယ်ဒမီပွဲမှာ ကိုတင်ဝင်းလှိုင်က ပထမဆုံး ဆုလက်ခံရယူသူ။ သူ့နောက်မှာ အစီအစဉ်တွေ အများကြီးရှိသေးတယ်။ အားလုံးဟာ ဒီခေတ်မှာ တက်သုတ်ရိုက်ပြီး သူ့အစီအစဉ်နဲ့သူ လှုပ်ရှားကြရတယ်။ ကိုယ်ပြောတဲ့နေရာက အများနဲ့ဆိုင်တဲ့ အခမ်းအနား။ အဲဒီအချိန်မှာ personal ခံစားချက်တွေကို ထုတ်ဖော်ရမယ့်အချိန်လား။ ဒီနေရာဟာ အများပြည်သူတွေ အာရုံစိုက်နေချိန်ဖြစ်တာကြောင့် ငါကတော့ နှိပ်လိုက်မကွ၊ ဆော်လိုက်မကွဆိုပြီး လုပ်ချင်ရင်လည်း မာစတာဘွဲ့ရထားတဲ့ လူတော်ကြီးတစ်ယောက်အနေနဲ့ အင်္ဂလန်က စာကြည့်တိုက်ကြီးမှာ စာအုပ်တွေ သွားဖတ်ထားသူ တစ်ယောက်အနေနဲ့ ပညာသားပါပါ၊ အစီအစဉ်ကျကျ၊ ပြောနိုင်အောင် မကြိုးစားသင့်ဘူးလား။ ခုတော့ တောရောက် တောင်ရောက်ကို လူတွေက ဘာတွေပြောလို့ ပြောမှန်းလည်းမသိ၊ နောက်တစ်မှ Facebook ပေါ်ကနေ သူရဲကောင်းဘွဲ့တပ်ပြီးသူပြောတာတွေကို တင်ပေးသူတွေက တင်ပေးတာ ဖတ်ပြီးမှ "အော် ဒါတွေ ပြောနေပါလား" ဆိုပြီး သဘောပေါက်ကြတော့တယ်။
ကိုတင်ဝင်းလှိုင်ဟာ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာမှာလည်း သူပြောချင်ရာတွေ လျှောက်ပြောတတ်ပါတယ်။ တောရောက် တောင်ရောက်တဲ့ စကားတွေကို သူကိုယ်တိုင် ပြန်ဖာထေးပြီး သီချင်းကိုပြန်တီးပေးရတာတွေလည်း အများကြီးရှိခဲ့ဖူးတယ်။ ခုတော့ အကယ်ဒမီရလိုက်ချိန်မှာ ခံစားချက်တွေက ရင်ထဲမှာ အလုံးတက်ဆောင့်ပြီးတော့ အပြင်ကို အဆမတန် လျှံထွက် လာတာကို သတိ၊ အသိ၊ ပညာတွေနဲ့ မထိန်းဘဲ"ကျွန်တော် ရှင်ပေါလုကျောင်းသား ဖြစ်ပါတယ်။ ကျွန်တော် မဟာဝိဇ္ဇာ (ဂုဏ်ထူး) ဖြစ်ပါတယ်" ဆိုပြီး နောက်ဆုံးပိတ် ကြွေးကြော်ကာ စင်ပေါ်ကဆင်းသွားပုံကတော့ အကယ်ဒမီသမိုင်းမှာ မှတ် တမ်းတစ်ခုတော့ ဖြစ်ခဲ့မှာ သေချာပါတယ်။



No comments:

Post a Comment