Sunday, December 7, 2014

ပါမောက္ခ ဦးဖေမောင်တင်



Tuesday, 7.12.2014 တနင်္ဂနွေနေ့
 ဒေါ်ခင်ထွေးရီ
E-mailPrintPDF
http://www.murann.com/ezine/images/stories/knowledgeimages/pe.mau1.jpg
ပါမောက္ခ ဦးဖေမောင်တင် နှင့် ခရစ်ယာန်သာသနာ

ဒေါ်ခင်ထွေးရီ
(ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)

ဦးဖေမောင်တင်သည် ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ရက် ညနေ ၅း၃၀ နာရီတွင် အင်းစိန်မြို့ ပေါက်တောရပ်တွင် ဖွားမြင်သည်။ ဆရာကြီး၏ ဖခင် ဦးဖေသည် အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုဌာနမှာ ရုံးအုပ်စာရေးကြီးဖြစ်သည်။ မိခင်မှာ ဒေါ်မြိုင်ဖြစ်သည်။ မွေးချင်း ၆ယောက်အနက် ပဉ္စမမြောက် သားဖြစ်သည်။ ငယ်နာမည်မှာ မောင်ဘတင်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကျမ်းပြု၊ စာတော်ပြန် ၀န်တော် ဦးထွန်းငြိမ်းသည် ဖခင်ဘက်မှ တော်သော ဦးလေးဖြစ်သည်။ မိခင်ဘက်မှ တော်သော အဘိုးသည် တောင်ခွင်သာသနာပိုင် အရှင် ၀ိသုဒ္ဓသီလာစာရ ဖြစ်သည်။


ဦးဖေမောင်တင်၏ ဖခင် ဦးဖေသည် ဘုရား၊ တရား အလွန်ကြည်ညို၍ ခိုင်မြဲသော နှစ်ခြင်းခရစ်ယာန်တစ်ဦး ဖြစ်သည်။ ၄င်း၏ ဖခင် ဦးဖေကို၊ ဦးဖေ၏ ဖခင် ဦးသာဒွန်းအောင် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဦးသာဒွန်းအောင် သည်ကား အောက်မြန်မာနိုင်ငံ ဟင်္သာတမြို့မှ ပထမဆုံး တိုင်းရင်ားး သိက္ခာတော်ရ ဆရာ (Pastor) ဖြစ်သည်။ ဦးဖေနှင့် မိသားစုအားလုံးတို့သည် ဂျေအန်ဒါဘီ (J.N Derby) ၏ ခရစ်ယာန်တို့၏ ခံယူချက် စာအုပ်နှင့် ဂျွန်ဘန်ညန်း (John Bunyen) ရေးသားခဲ့သော ဘုရားဖူးသူ၏ တိုးတက်မှု (The Pilgrim's progress) စာအုပ်တို့၏ သြဇာလွမ်းမိုးမှုကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် ဆရာကြီး ဦးဖေမောင်တင်၏ ဖခင် ဦးဖေသည် စာအုပ်သုံးအုပ်ကို ရေးသားရာ ခရစ်ယာန် စာပေအသင်းက ထုတ်ဝေခဲ့သည်။ ၄င်းတို့မှာ (The Pilgrim's Progress) ကိုမှီး၍ ခရီးသည်ကိုသုခ (Ko Thukha, the Traveller) အမည်ရှိ စာအုပ်၊
  သမ္မာကျမ်းစာမှ ခရစ်ယာန်မိသားစုများ (Christian Families in the Bible) စာအုပ်နှင့် တမန်တော်ပေါလု၏ ဘ၀အသက်တာ (Life of Apostle Paul) တို့ဖြစ်သည်။

ဦးဖေမိသားစုသည် ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီးသောအခါ အာမီးနီးယန်းလူမျိုး ပလိုင်းမောက် ညီအစ်ကိုအသင်းတော် (Plymouth Brethren Church) မှ သာသနာပြုဆရာ မစ္စတာဂယ်လ်စတင် (Mr. Galstin) နှင့် တွေ့ရှိပြီး ကိုယ်ပိုင်အသင်း (Brethren Church) ကိုတည်ထောင်ခဲ့သည်။ မစ္စတာဂယ်လ်စတင် ကွယ်လွန်သောအခါ ဆရာကြီးဖေမောင်တင်၏ ဦးလေး ဦးထွန်းငြိမ်းက ဤအသင်း၏ တိုင်းရင်းသားခေါင်းဆောင်အဖြစ် လွှဲပြောင်းယူခဲ့သည်။ ဦးထွန်းငြိမ်းသည် အင်္ဂလိပ်-မြန်မာ အဘိဓာန် ကို ရေးသားပြုစုခဲ့သူဖြစ်ပြီး ကျမ်းစာအသင်းမှ ရေးသားထုတ်ဝေသော သမ္မာကျမ်းစာ စာအုပ် (Garrad Version) ပေါ်ပေါက်ရေးအတွက် စွမ်းဆောင်ခဲ့သောသူလည်း ဖြစ်သည်။

ဆရာကြီး ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ်နှင့် ၄င်းလုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များသည် အံ့မခန်းကြီးကျယ်ရုံမက၊ များလည်း အလွန်များပြားသည့်အတွက် ဤစာတန်းတွင် အကျယ်မဖော်ပြတော့ပဲ စာကြည့်တိုက်မှုးတစ်ဦးဖြစ်သူ မောင်ဇေယျာရေးသားတင်ပြခဲ့သော ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ် ရက်စွဲများ ဆောင်းပါးတွင် အသေးစိတ် ဖေါ်ပြထားသည်များကို ဖတ်ရှုစေလိုပါသည်။

ဆရာကြီးသည် စာပေလောက၊ တက္ကသိုလ်လောကတွင် မတစ်ထောင်၊ တစ်ကောင်ဖွား ဆိုသည့် စကားအတိုင်း အလွန်ရှားမှရှားသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်တော် တစ်ဦးဖြစ်ပါသည်။ အသက်၂၄နှစ် အရွယ်ကပင် ရတောင့်ရခဲသော ပါမောက္ခ ရာထူးကို ရခဲ့ရုံမျှမက ပထမဆုံးသော တက္ကသိုလ်ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ပါသည်။ ဆရာကြီးရေးပေးသော စာအုပ်စာတန်းများသည် အလွန်များပြားလှသည့်အတွက် ဆရာကြီး ဦးသော်ကောင်း ရှာဖွေတင်ပြခဲ့သော ဦးဖေမောင်တင်၏ စာစုစာရင်းတွင် ဖတ်ရှုနိုင်ပါသည်။ ဤစာအုပ်စာရင်းကို ကြည့်ပါက ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင် ဖြစ်လင့်ကစား၊ ၄င်းရေးသားခဲ့သော ခရစ်ယာန်ဘာသာ၊ သာသနာအကြောင်းနှင့်တကွ ခရစ်ယာန်စာပေအတွက် ရေးသားသော စာပေများ ရှိခဲ့မည် မှန်သော်လည်း များများစားစား မတွေ့ရဘဲ ရှားရှားပါးပါး ဖြစ်နေပါသည်။ ထို့အတွက်ကြောင့် ဆရာကြီးဦးဖေမောင်တင် ရေးခဲ့သော ခရစ်ယာန်စာပေကို ဖေါ်ထုတ်ရေးသား ပေးကြဖို့ မေတ္တာရပ်ခံချင်ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် မိရိုးဖလာ ခရစ်ယာန်တစ်ဦးမဟုတ်ဘဲ၊ အမှန်တကယ် ယုံကြည်ပြီး လိုက်နာကျင့်သုံးသော ခရစ်ယာန် (Practicing Christian) ဖြစ်ကြောင်းကို သာဓကများဖြင့် ဖေါ်ပြနိုင်ပါသည်။

ဘုန်းတော်ကြီး ဦးဘထက် ဆရာကြီးထံ ရောက်လာစဉ်က မုတ်ဆိတ်များဖြင့် ဇော်ဂျီယောင်ယောင်၊ ရသေ့ယောင်ယောင်နှင့် အမြင်အားဖြင့် ဘုန်းတော်ကြီးအသွင် မပေါ်ခဲ့သည့်အတွက် စစ်ဆေးမေးမြန်းပြီးမှ လက်ခံယုံကြည် အရိုသေပေးကြောင်း သိရပါသည်။ ဘုရားသခင်ကိုယ်တိုင် သင်ကြားပေးခဲ့သည့်၊ "ကောင်းကင်ဘုံ၌ .... အစချီသော ပဌနာတော်ကြီး" ကို ရသလားဟု မေး၍ ဆိုပြရသည့်အပြင်၊ တမန်တော်ယုံကြည်ချက်ကိုလည်း ဆိုခိုင်းပြီးမှ ဘုန်တော်ကြီးအဖြစ် လက်ခံကြောင်း ဆရာမကြီး ဒေါ်ခင်ခင် (မယ်ခကွေး) အဆိုအရ သိရှိရပါသည်။ ဆရာကြီးအနေဖြင့် နောက်ဆုံးအကြိမ်ဆေးရုံတက်ရခါနီး အချိန်တွင် ဘုန်းတော်ကြီး ဆရာထွန်းစိန်ထံမှ (The Last Rites) ဟုခေါ်သည့် နောက်ဆုံး စက္ကရမင်တမင်္ဂလာ ခံယူပြီးမှ ဆေးရုံသို့ လာရောက်ခဲ့ကြောင်း သိရပါသည်။

ဆရာကြီးသည် အင်္ဂလီကန် ခရစ်ယာန်တစ်ဦး ဖြစ်သော်လည်း ခရစ်ယာန် အသင်းတော်များအားလုံး ပြန်လည် စုစည်းရေးကိုလည်း ရှေးရှုခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ စစ်ကြီး မဖြစ်မှီကတည်းက ခရစ်ယာန် ဂိုဏ်ဂဏအားလုံးနှင့် သက်ဆိုင်သော ခရစ်ယာန် စာပေအသင်းကြီး (Christian Literature Society) ကို ဦးစီးခဲ့သူဖြစ်သည်။ ကွယ်လွန်သူ သာသနာပိုင်ချုပ် ဆရာတော်ကြီး ဦးဖရန်စစ်အာမြ ထံမှ ရရှိသော ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်းစီ၏ စည်းဝေးမှတ်တမ်းအရ ခရစ်ယာန်စာပေ အသင်းကြီးတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဒါရိုက်တာ (Director)
          - ဆရာကြီး ဦးဖေမောင်တင်
တွဲဖက်ဒါရိုက်တာ (မြန်မာ)
    - ဆရာမကြီး ဒေါ်ခင်ခင် (မယ်ခကွေး)
တွဲဖက်ဒါရိုက်တာ (ကရင်)
    - သရာထူးစော

အခြားကော်မတီလူကြီးများမှာ
၁။ ဦးအက်စ်လင်းစင်း
၂။ ဦးမောင်ကလေး
၃။ ဦးထွန်းဖေ
၎။ ဦးဖရန်စစ်အာမြ
၅။ သရာသာတိုး
၆။ သရာမူးလာ
၇။ Ven.G. Appletoe
၈။ Rev. R.J Varney
၉။ Rev. C.E. Olmstead
၁၀။ Miss Hunt
၁၁။ Miss Beebe
၁၂။ ဒေါ်စောမြိုင်
၁၃။ သရာသာလူး
၁၄။ ဦးထွန်းမြတ်
၁၅။ ဦးဘအုန်း
၁၆။ မစ္စ ကစ်တီသိန်း တို့ဖြစ်ကြသည်။

စစ်ကြီးအပြီး တက္ကသိုလ် ကျောင်းတော်ကြီးကို ပြန်လည်စည်းရုံးနေချိန်မှာ ဆရာကြီးသည် ခရစ်ယာန်စာပေ အသင်းကြီးကို ကိုယ်တိုင် ဥက္ကဌ ပြုလုပ်၍ စုစည်းမြေတောင် မြှောက်ပေးခဲ့သည်ကို ဘသက်ရှည် စာအုပ် ၂၊ စာမျက်နှာ ၄၈၈ တွင် ဖော်ပြထားသည်ကို တွေ့ရှိနိုင်သည်။

ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သော မက်သဒစ် ခရစ်ယာန် သာသနာမှ အနားယူခဲ့သူ ဆရာကြီး ဦးဘအုန်းအား ဆရာကြီးပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် "ဆရာကြီး ဦးဖေမောင်တင်သည် အလွန်တော်သော ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ခရစ်ယာန် စာပေအသင်းကြီးတွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြောင်း"
  ပြောပြပါသည်။

ဆရာကြီးသည် အသက်အရွယ် ကြီးရင့်သည့်တိုင်အောင် ခရစ်ယာန်စာပေကို အရေးတယူ ထားကာ အကျိုးပြုခဲ့ပါသည်။ ခရစ်ယာန် စာပေအသင်းအတွက် ဆရာကြီးအထူးရေးသားခဲ့သော စာအုပ်များမှာ မိန်မကျော် ခုနှစ်ဦး၊
  ဂျီဗလကြီး (Les Miserable by Victor Hugo) နှင့် ဓားပြစိုးမင်း (Raj the Brigand C့h့ief) တို့ဖြစ်ပါသည်။

ဆရာကြီးအနေဖြင့် တိုင်းရင်းသား ခရစ်ယာန်များကို သတိပေးနေသော အချက်မှာ နိုင်ငံခြား သာသနာပြုများ၏ မြန်မာဝေါဟာရကို ပြင်ရန် ဖြစ်သည်။ Missionary Burmese ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးကို မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁ ခုနှစ် အတွဲ ၁၊ အပိုင်း ၁ တွင် ရေးသားခဲ့သည်။ ဒုတိယ အချက်အနေဖြင့် တရားဟောပလ္လင် (Pulpit Burmese) ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ တရားဟောဆရာများ၏ တရားဒေသနာများတွင် သုံးသော မြန်မာဝေါဟာရများကို ပြင်ရန် တိုက်တွန်းခဲ့သည်။ တနည်းအားဖြင့် ပြောရလျှင် မြန်မာစကားကို မြန်မာအချင်းချင်း နားလည်နိုင်အောင် ခရစ်ယာန်ရော၊ ခရစ်ယာန်မဟုတ်သော အခြား တိုင်းရင်းသားများပါ နားလည်အောင် ပြောပါ၊ ရေးပါ .. ဟု ဆိုလိုခြင်းဖြစ်သည်။

ခရစ်ယာန်ဂိုဏ်း အချင်းချင်း စာပေအားဖြင့် ပေါင်းကူး ဖန်တီးပေးသကဲ့သို့ ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာ လေ့လာရေးအဖွဲ့ကို ဆရာကြီး အနေဖြင့် ဦးစီးဆောင်ရွက် ပေးခဲ့ပါသည်။ ဆရာကြီး အနေဖြင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသား ဖြစ်စဉ်ကတည်းကပင် ပါဠိ အသင်းကြီး၏ ပန်ကြားချက်အရ အဌာလိနိကျမ်း နှင့် ၀ိသုဒ္ဓိမဂ်ကျမ်း များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးပါသည်။

၎င်းနောက် ဆရာကြီးသည် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ တို့၏ တရားတွင် တူညီသော အချက်များကို ၄င်းရေးသားထားသော Buddhist-Christian Parallels ) တွင် ဖော်ပြထားရာ အလွန်စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ ဤစာပေကို ဖတ်ရှုရခြင်းအားဖြင့် ဆရာကြီးသည် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ အနှစ်သာရများကို အကယ်စင်စစ် နားလည် သဘောပေါက်ပြီးမှ နောက်ဆုံး ၄င်း၏ နေ၀င်ချိန်ရက်များတွင် စစ်မှန်သော အင်္ဂလိကန် တစ်ဦးအဖြစ် လက်ခံကျင့်သုံး သေဆုံးသွားကြောင်း သိရပါသည်။

Buddhist-Christian Parallels နှင့် ပတ်သက်၍ ဆရာကြီး ဤကဲ့သို့ ရေးသားခဲ့သည်။

"မြန်မာနိုင်ငံ ဦးနု လက်ထက် ဆဌသင်္ဂါယနာ တင်၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းစဉ်က ခရစ်ယာန် ဘာသာဝင်များသည် ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားမှု ရှိခဲ့သည်။ ဤသို့ သင်္ဂါယနာတင်နေစဉ် မှာပင် ရန်ကုန်ရှိ ခရစ်ယာန် ဘာသာဝင်အချို့သည် Burma Christian Council ၏ ကမကထ လုပ်မှုဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဟောကြားမှုများကို စိတ်ဝင်တစား တက်ရောက် နားထောင်နေပြီး ဖြစ်သည်။ အမှန်စင်စစ် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သော သာသနာပြု ဆရာများ လက်ထက်ကပင် ဗုဒ္ဓ၏ တရားတော်များကို စိတ်ဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် ထိုနှစ်ဘာသာတို့၏ ဟောပြောသွန်သင်မှု အချို့သည် တူညီကြောင်းကို ဗုဒ္ဓ တရားတော် စာအုပ်များနှင့် ဓမ္မသစ် ကျမ်းတို့ကို ယှဉ်ဖတ်သည့်အခါ တွေ့ရသည်။ ၄င်းပြင် ၁၈၈၁ ခုနှစ်မှ စ၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပါဠိကျမ်းစာ အသင်းကြီး (Pali Text Society of London) ကြီးမှုး ထုတ်ဝေခဲ့သော ဗုဒ္ဓသာသနာ စာအုပ်များ၊ ဓမ္မကျမ်းများကလည်း ဘာသာရေးသမိုင်းကို စိတ်ဝင်စားသော ကျောင်းသာများ၊ ပညာရှင်များက အထူးလေ့လာ လိုက်စားနေပြီး ဖြစ်သည်။ ဤသို့ တရားတော် နှစ်ခုကို နှိုင်းယှဉ်လေ့လာရာ၌ အချို့သည် ခရစ်ယာန် အယူအဆ အတွေးအခေါ်များကိ ဗုဒ္ဓတရားတော်မှ မှီငြမ်းပြု၍ ရေးသားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ အချို့ကမူ ဤကဲ့သို့ ကူးယူမှုကို ခိုင်လုံသော အထောက်အထားများ ရှိမရှိ၊ တပ်အပ်မပြောနိုင်ဟု ဆိုပါသည်။ အချို့ကမူ ထိုအဆိုပြုချက်ကို လုံးဝ လက်ခံခြင်း မပြုခဲ့ပေ။"

ဗုဒ္ဓကျမ်းစာနှင့် ဓမ္မသစ်ကျမ်းစာတို့မှ ထုတ်နှုတ် နှိုင်းယှဉ်သော အချက်များထဲမှ အထင်ရှားဆုံး တစ်ခုမှာ ဘုရားဖွားတော်မူခန်း နှင့် ပတ်သက်သော ပြောစမှတ် ပြုသည့် ဒဏ္ဍာရီတို့ (Nativity Legends) သည် စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ သုတ္တနိပါတ် ပါဠိတော် မြန်မာပြန် ၃၆၃-၃၆၆ တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

"အသိတ မည်သော (ကဏှဒေ၀ီလ) ရှင်ရသေ့သည် နှစ်သက် ၀မ်းမြောက်ကုန်၊ စင်ကြယ်သည့် အ၀တ်ကို ၀တ်ကုန်သော နတ် ပုဆိုးများကို မြှောက်လွှင့်ကုန်လျှက် အတိုင်းအထက် အလွန်ကခုန် မြူးတူးကုန်သော တ၀တိသာ နတ်အပေါင်းတို့ကို လည်းကောင်း၊ နတ်တို့အရှင် သိကြားမင်းတို့ကို လည်းကောင်း၊ နေသန့်စင်ရာ သာဝတိသာ နတ်ပြည်၌ မြင်လေ၏။ "

ဤ နာလကသုတ်ကို ကြည့်ပါက အပိုဒ် ၂၀အထိ ရှိပြီး၊ ခရစ်ယာန် သမ္မာကျမ်းစာ ဓမ္မသစ်ကျမ်း၊ ရှင်လုကာ အခန်းကြီး(၂)ခန်း၊ အခန်းငယ်(၈-၁၄) တွင် ဖော်ပြထားသည်မှာ ..
"ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။ "

၎င်းနောက် ဆက်လက်၍ ရှင်လုကာ ခရစ်ဝင်ကျမ်း အခန်းကြီး (၂)၊ အငယ် (၂၅-၃၅) အထိ ဆက်လက်၍ ဖော်ပြထားသည်မှာ
"ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ကိုယ်တော်၏ လူဣသရေလ အမျိုးကို ချီးမြောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသား တို့ကိုလင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော
  ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စီနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။"

ဘာသာရေးသမိုင်းတွင် ကြီးကျယ်သော ပုဂ္ဂိုလ်များ မွေးဖွားသည်ကို ဖော်ပြရာတွင် အံ့သြဖွယ် အဖြစ်အပျက်များ (Miracles) အစဉ် ယှဉ်တွဲ ပါလာသည်ကို တွေ့ရသည်။ ယခု ဗုဒ္ဓနှင့် ခရစ်တော်တို့ မွေးဖွားခြင်း အဖြစ်အပျက်တွင် အနည်းငယ်စီ ကွဲလွဲမှုများ ရှိသည်ကို တွေ့ရပါသည်။ ဆရာကြီး ဦးဖေမောင်တင် အနေဖြင့် ဗုဒ္ဓ၊ ခရစ်တော်တို့၏ အကြောင်းနှင့် တရားဓမ္မတို့ကို အသေးစိတ် စေ့စေ့စပ်စပ် လေ့လာ၊ တွေ့မြင်ချက်ကို နှိုက်နှိုက်ချွတ်ချွတ် သိရှိနားလည်သောကြောင့်သာလျှင် နှိုင်းယှဉ် ဆွေးနွေးနိုင်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ခရစ်ယာန် သာသနာနှင့် ပတ်သက်၍လည်း ခရေစေ့တွင်းကျ သိရှိ၊ ကောက်နုတ် ဆွေးနွေးနိုင်သည်ဖြစ်၍ ချီးကြူးစရာ အလွန်ကောင်းပါသည်။

ဆရာကြီး ဦးဖေမောင်တင် အနေဖြင့် ၁၉၀၇ ခုနှစ် ဥပစာတန်း ဒုတိယာနှစ် (Senior Intermediate of Arts) စာမေးပွဲ ပထမရ၍ ဂျာဒင်းဆု (Jardine Prize) ကို ချီးမြှင့်ခြင်း ခံရရုံမက ခရစ်ယာန် ဘာသာဝင် ကျောင်းသားများအား ချီးမြှင့်သော ကလကတ္တာ တက္ကသိုလ်၏ စကောလားရှစ်ဆုကိုလည်း ဆွတ်ခူးခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားဘ၀ ငယ်ရွယ်စဉ်ကပင် မိမိကိုယ်ကို ခရစ်ယာန်တစ်ဦးဟူ၍ အသိအမှတ်ပြုခြင်းကို ထင်ရှားစေခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် ပထမဆုံး ဘာသာပြန်ခဲ့သော စာအုပ်မှာ ခရစ်ယာန် ဓမ္မဟောင်းကျမ်းကို နားလည်အောင် ဖတ်ရှုနည်း ဖြစ်သည်။ မူရင်း ရေးသားသူမှာ ဘိရှော့ရှားဘန်း (Bipshop V.G . Sherbarn) ဖြစ်ပြီး၊ စာအုပ်နာမည်မှာ How to read the Old Testament ဖြစ်ပါသည်။ ၁၉၁၁ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (JBRS) ပထမတွဲ၊ ပထမစာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော Missionary Burmese မှာ ပထမဆုံး ကိုယ်တိုင်ရေး ဆောင်းပါးဖြစ်ပါသည်။ ၄င်းရေးစဉ်က မောင်တင်-ဘီအေ ကလောင်နာမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးတွင် ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များအား ယုဒဿန် (Judson) ခေတ်က အသုံးပြုသော မြန်မာစာနှင့်သာ တင်းတိန်ရောင့်ရဲ့ခြင်း ရှိမနေပဲ မြန်မာ့လူထုကြားတွင် သုံးသော လက်ရှိ၊ သက်ရှိ မြန်မာစာနှင့်၊ မြန်မာစကားကို အသေးစိတ် လေ့လာခြင်းကို နက်ရှိုင်းစွာ ပြုလုပ်ပြီးမှ မြန်မာနိုင်ငံ၌ သာသနာပြုကြရန် အကြံပေး၍ နှိုးဆော် တိုက်တွန်းခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၆၀ ခုနှစ်တွင် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ယုံကြည်မှုကို နှိုင်းယှဉ်လေ့လာထားသည့် ဆုတောင်းခြင်းနှင့် ဘ၀နာ (Prayer and Meditation) စာအုပ်ငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားခဲ့ပါသည်။ မြန်မာခရစ်ယာန်ကောင်စီမှ ထုတ်ဝေခဲ့ပါသည်။ ရန်ကုန်မြို့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၁-၂၆) တွင် ပြုလုပ်သော East Asia Christian Conference နှင့် World Council of Churches တို့ ပူးပေါင်း၍ ကမကထ ပြုလုပ်သော စာတမ်းဖတ်ပွဲတွင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က Certain Factors in the Buddhist-Christian Encounter) ကို ရေးသားတင်သွင်း ဖတ်ကြားခဲ့ပါသည်။ ဤစာတန်းတွင် ခရစ်ယာန်သာသနာပြုများအား ဗုဒ္ဓဘာသာနှင့် အတူယှဉ်တွဲ၍ မြန်မာစာ၊ မြန်မာစကားကို နက်နက်နဲနဲ လေ့လာ လိုက်စားပြီးမှ ဟောပြောကြရန် အကြံပေး နှိုးဆော် တိုက်တွန်းသွားပါသည်။ ထို့ပြင် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ဘာသာ၊ သာသနာခြင်း နားလည်မှုရှိရေး၊ ကိစ္စမျိုးကို ဆောင်ရွက်မှုတွင် ၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ချိကာဂို တက္ကသိုလ်၊ ခရစ်ယာန် သမ္မာကျမ်းစာဌာန (Chicago Bible Department) တွင် ဗုဒ္ဓဘာသာတရား သင်ကြားပို့ချရန် သွားရောက်ခဲ့သည်။ ဆရာကြီးအား ၄င်း တက္ကသိုလ်ကပင် ၁၉၅၈ခုနှစ်တွင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်ကို အချို့က ခရစ်ယာန် ဘာသာဝင်ဟု လက်ခံကြသော်လည်း မိရိုးဖလာ ခရစ်ယာန်ဘာသာဝင်ဟူ၍ ပြောကြပါသည်။ စာရေးဆရာမ မလေးလုံကလည်း ဆရာကြီးအား ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မတ်လ ၇ ရက်နေ့၊ စနေနေ့အထိ ဆရာကြီးက အတိအကျ မဖြေနိုင်ဘဲ ရှိခဲ့ပါသည် (ဘသက်ရှည် ၂၊ စာ ၄၅၂)။ ဆရာကြီးအနေဖြင့် အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ၄င်း၏ မိဘများ ကွယ်လွန်ခဲ့ကြသည့် နောက်ပိုင်းတွင် ဘာသာကိုးကွယ်မှုနှင့် ပတ်သက်၍ ပေါ့လျော့ခဲ့မိကြောင်း သိရသည်။ ဤကဲ့သို့ ပေါ့လျော့ခဲ့သည်မှာလည်း သူတွေ့မြင် ခံစားရသော ဘာသာကိုးကွယ်မှုကို မပြုလိုခြင်းနှင့် မြန်မာစာပေကြီးပွားရေးကို အားသွန်ခွန်စိုက် လုံးပမ်းနေခြင်း တို့ကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

ဆရာကြီးအနေဖြင့် ဘာသာရေး ပေါ့လျော့မှု ရှိသည် မှန်သော်လည်း တနင်္ဂနွေနေ့များတွင် မိသားစုနှင့် အတူ ဘုရားဝတ်ပြု ကိုးကွယ်ကြောင်း နှင့် သမ္မာကျမ်းစာကို အမြဲတမ်းဖတ်ရှုကာ အစဉ် စဉ်းစားလေ့ ရှိကြောင်း သိရပါသည်။ သို့ရာတွင် ဤကဲ့သို့ အပါတ်စဉ် ဘုရားရှိခိုးကျောင်း မှန်မှန်တက်ခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကို မသိမမြင်သော ခရစ်ယာန် မဟုတ်သူများက ၄င်း၏ ယုံကြည် ကိုးကွယ်မှုနှင့် ပတ်သက်၍ ၀ိဝါဒ ကွဲပြားနေခြင်းကို ဆရာကြီး သိခဲ့သော်လည်း ၄င်း၏ ခံယူချက်အတိုင်း မည်သူ့ကိုမျှ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ဆရာကြီး၏ အသက် ၈၀ ပြည့်နှစ် ၁၃၃၀ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့၊ မွေးနေ့ ကျင်းပပေးရန်အတွက် အင်္ဂလိပ် မြန်မာရက် မည်သည့်ရက် ပြုလုပ်ချင်သနည်းဟု မေးသောအခါ မြန်မာပီပီ မြန်မာရက်ကို ရွေးပေးခဲ့ပါသည်။ သို့ရာတွင် မွေးနေ့ပွဲ ကျင်းပမည့်ရက်သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဏ်အမြတ်ထားသည့် ဗုဒ္ဓနေ့၊ အဖိတ်နေ့ ဖြစ်ရုံမက ပြုလုပ်မည့်နေရာမှာလည်း တက္ကသိုလ် ဓမ္မာရုံ ဖြစ်နေပါသည်။ ထို့ကြောင့် ဆရာကြီးသည် ပထမဆုံး မိမိကိုယ်ကို မိမိဝေဖန် ဆန်းစစ်ကြည့်ပါသည်။

ကျွန်ုပ်သည် ဘာလဲ။ ခရစ်တော်ကို အမှန်တကယ် ယုံကြည်လက်ခံသော ခရစ်ယာန်စစ်စစ် တစ်ယောက်ပေလား၊ (အင်္ဂလိကန် ဘာသာဝင်တစ်ဦးလား) သို့မဟုတ် မိရိုးဖလာ ခရစ်ယာန်တစ်ဦးပေလား ဟူ၍ မေးခွန်းထုတ်ကာ ဝေဖန် သုံးသပ်ခဲ့ပါသည်။ ဤမေးခွန်းအတွက် ဆရာကြီးသည် အိပ်မပျော်နိုင်အောင် ရှိခဲ့ပြီးမှ အဖြေ ပေါ်ပေါက်လာခဲ့ပါသည်။

နံနက်သို့ ရောက်သောအခါ အင်္ဂလီကန် ဘုန်းတော်ကြီး ဦးထွန်းစိန်ထံသို့ သွားခဲ့သည်။ မကြာခင် ရောက်လာတော့မည့် Easter Sunday (သခင်ခရစ်တော် သေခြင်းမှ ရှင်ပြန်ထမြောက်သော ဥပုသ် တနင်္ဂနွေနေ့) နေ့အတွက် ဘုန်းတော်ကြီး ပြင်ဆင်ထားသော တရားဟောချက်တွင် လက်တင်ဘာသာစကား နှစ်လုံးအစား ပါဠိစကား သုံးသည်က ပို၍ ကောင်းကြောင်းဖြင့် ပြင်ဆင်ပေးခဲ့ပြီးနောက်၊ ဒီကနေ့ Holy Communion (လူသတ္တ၀ါ အပေါင်းတို့၏ အပြစ်ကို သွေးနှင့် ဆေးကြောပေးခဲ့သော သခင်ခရစ်တော် အသေခံခြင်းကို အောက်မေ့သော ပွဲတော် ဥပုသ်နေ့) ရှိမရှိ မေးရော၊ တနင်္ဂနွေနေ့တွင် ရှိကြောင်း၊ ဘုန်းတော်ကြီးက ဖြေကြားလိုက်သဖြင့် အိမ်သို့ပြန်လာခဲ့သည်။ အကယ်၍ ပွဲတော် မင်္ဂလာ ရှိမည်ဆိုလျှင် ဆရာကြီးအနေဖြင့် သူ၏ မွေးနေ့အတွက် ပွဲတော်ယူရန် အကြံရှိပါလိမ့်မည်။ သို့သော် တွေဝေသော စိတ်ဖြင့် အိမ်သို့ ပြန်ရောက်ပြီး အသေအချာ စဉ်းစားပြီးမှ ဘုန်းတော်ကြီးထံ တစ်ခေါက်ပြန်သွားရန် ဆုံးဖြတ်ခဲ့သည့်အတိုင်း၊ သွားရောက်၍ အသက် (၈၀) ပြည့်မြောက်သော မွေးနေ့ဖြစ်၍ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ တောင်းခံပေးပါရန် ပြောကြားခဲ့သည်။ ထိုအခါ အင်္ဂလီကန် ခရစ်ယာန် ဘာသာဝင်တို့၏ ဓလေ့ထုံးစံအတိုင်း ဘုန်းတော်ကြီးက ၄င်း၏ ရှေ့တွင် ဒူးထောက်နေသော ဆရာကြီး၏ ဦးခေါင်းပေါ်တွင် လက်တင်ကာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာများကို တောင်းခံပေးခဲ့သည်။

ဆရာကြီးအနေနှင့် ဓမ္မာရုံတွင် ဗုဒ္ဓဘာသာဝင် တပည့်များ ပြုလုပ်ပေးမည့် အစီအစဉ်မတိုင်မှီ၊ မိမိ၏ ဘာသာရင်းဖြစ်သော အင်္ဂလီကန်ဘာသာဝင် ဓလေ့ထုံးတမ်း အတိုင်း ဦးစွာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ ခံယူလိုက်ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ပြီးနောက် ဆရာကြီးသည် ထူးထူးခြားခြား ပေါ့ပါး၍ ရွှင်လန်းခြင်း အတိ ဖြစ်သွားကြောင်း ခံစားမိသည်ဟု ဆိုပါသည်။ နှစ်ပေါင်းအတန်ကြာ မိမိကိုယ်ကိုယ် ဘာသာယုံကြည်မှုနှင့် ပတ်သက်၍ မေ့မေ့လျော့လျော့ ခပ်ပေါ့ပေါ့ နေခဲ့သော ဆရာကြီး အသက် (၈၀) ပြည့်သော အခါမှ အလေးအနက်နှင့် ကွဲကွဲပြားပြား ခြားခြားနားနား မိမိဘာသာ သိမှတ် ခံယူလိုက်ပါသည်။ နောက်တစ်နေ့ တနင်္ဂနွေနေ့တွင်လည်း မိမိဇနီးနှင့်အတူ ဘုရားကျောင်းသို့ သွားကာ ပွဲတော်ယူလိုက်ပါသည်။
.....

ထိုနေ့က ဘုန်းတော်ကြီ ဦးထွန်းစိန်အနေဖြင့် တရားဟောအပြီးတွင် ဆရာကြီးဦးဖေမောင်တင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ချီးကျူး၍ ပြောလိုက်ပါသည်။

"ယခု ဤအသင်းတော်မှာ အသက်အရွယ်အားဖြင့် အကြီးဆုံးဖြစ်တဲ့ ဆရာကြီးဦးဖေမောင်တင် ဟာဆိုရင် မြန်မာပြည်မှာသာမက ကမ္ဘာကသိနေတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတစ်ယောက်ပါ။ ဒီလို ပုဂ္ဂိုလ်ကြီးများအတွက် အသင်းတော်က အမြဲတမ်းဂုဏ်ယူရပါတယ်။ ဆရာကြီးဟာဆိုရင် ကျုပ်တို့လို ဘုန်းကြီးလုပ်ပြီး တရားဟောနေစရာမလိုဘဲ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းလျှောက်နေတာကို လှမ်းမြင်ယုံနဲ့ ဆရာကြီး ဦးဖေမောင်တင်ကို သိကြသလို၊ ဦးဖေမောင်တင်ဟာ ခရစ်ယာန်တစ်ယောက်ဆိုတာကိုလည်း သိကြတာမို့ ဆရာကြီးဟာ ခရစ်တော်ရဲ့ နာမကို အချိန်ပြည့် ဂုဏ်ပြု ထင်ရှား ပြနေပါတယ်။" (အသက်ရှည် ၂။ စာ ၄၅၇)

ဤကဲ့သို့ ဘုန်းတော်ကြီး ပြောကြားနေစဉ် ဆရာကြီးက နံနက်စောစော ဘုရားကျောင်း မလာခင် အိပ်ယာထစဉ်က သူ ဖတ်ကြားခဲ့သော ဓမ္မသစ်ကျမ်း၊ ရှင်လုကာ ခရစ်ဝင်ကျမ်း (၂၂း၃၁-၃၂) တွင်ပါသော "တဖန် သခင်ဘုရားက ရှိမုန်ရှိ မုန့်၊ ဂျုံ၊ ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည့်အကြောင်း၊ အခွင့်တောင်းသည်ဖြစ်၍ သင်၏ ယုံကြည်စိတ် မပျက်စေချင်းငှာ ငါသည် သင့်အဖို့ ဆုတောင်းလေပြီ" ဆိုသော ရွှေကျမ်းချက်ကို ပြေး၍ အမှတ်ရလိုက် လေသည်။

ဆရာကြီးသည် ၄င်းကို စာတန်မာနတ်က ဂျုံဆန်ကို ဆန်ကာနှင့် ချသကဲ့သို့ ချပစ်ရန် နှစ်ပေါင်း ၈၀ လုံးလုံး ကြိုးစားအားထုတ် နေကြောင်း သတိပြု တွေးကြည့်လိုက်မိသည်။ သို့ရာတွင် သခင်ခရစ်တော်က "သင်၏ ယုံကြည်ခြင်း စိတ်မပျက်စေခြင်းငှာ ငါသည် သင်တို့အဖို့ ဆုတောင်းလေပြီ" ဟု ဂတိပေးခဲ့သည့် အတိုင်း သခင်ယေရှု၏ ဆုတောင်းပေးမှုကို ယုံကြည်သော ဆရာကြီး ဦးဖေမောင်တင်သည် ဆန်ကာပေါက်ကြားထဲက လိမ့်ကျသွားလုဆဲ ဖြစ်နေရာမှ ယခု အသက်၈၀ ပြည့်နှစ်တွင် စာတန်မာနတ်၏ စုံစမ်းခြင်းမှ လွတ်မြောက်ခဲ့လေသည်။

ဤကဲ့သို့ ၀ိညာဉ်ကယ်တင်ခြင်း ခံရပြီးဖြစ်ကြောင်း သတိပြုမိသော ဆရာကြီးသည် ၄င်း၏ ရင်ထဲတွင် မကြုံဖူး ထူးကဲသော ငြိမ်းချမ်းသာယာမှု ထူးထူးခြားခြား ထိတွေ့ ခံစားရသည် ဟု ဆိုပါည်။

ထို့နောက် ၄င်း၏ အထုပတ္တိရေးသော မလေးလုံအား ၀န်ခံချက် တစ်ခု ပေးရန် ဆုံးဖြတ်လိုက်ပါသည်။ ၄င်းသည် ဘာသာယုံကြည်ချက်နှင့် ပတ်သက်၍ တစ်ချိန်က ဒေါက်တာကာပင်တာ (Dr Carpenter) က ခရစ်ယာန်ဘာသာဝင်လားဟု မေးစဉ်က မဟုတ်ဘူး ဟု ဖြေခဲ့သည့်အတွက် ၄င်း၏ သွားများအားလုံး နှုတ်ပယ်ခံရပြီး အသက်၃၀ကျော် ကလေးမှာပင် အံပုံအတု တပ်ခဲ့ရခြင်းသည် ဘုရားရိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်ခြင်း ဖြစ်ခဲ့သည်။ သို့ရာတွင် လူသားတို့၏ အပြစ်ကြွေးကို အသက်သွေးနှင့် လဲ၍ ပေးဆပ် ကယ်တင်ခဲ့သော သခင်ခရစ်တော်၏ မေတ္တာ မည်မျှကြီးများကြောင်းကို ဆရာကြီးသည် ယုံကြည်ရင်းစွဲဖြစ်၍ ဘုရားသခင်၏ မေတ္တာ ဂရုဏာတော်ကို သံသယ မဖြစ်တော့ဘဲ ဆက်လက်၍ ယေရှုခရစ်တော်ကို ယုံကြည် ကိုးစားခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် ခရစ်ယာန်ဖြစ်ရုံမက ခရစ်တော်၏ သစ္စာရှိသော တပည့်တစ်ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာ၊ သာသနာကို မည်မျှလောက် ကြည်ညိုလေးစားသည်၊ မည်ကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည် ဆိုခြင်းကို ခိုင်ခိုင်မာမာ ပြောနိုင်ခဲ့ပါသည်။ ဆရာကြီး၏ မိဘ၊ ဆွေမျိုးရင်းချာ များကို စစ်ဆေး ကြည့်ရှုသောအခါ အားလုံးသည် အင်္ဂလီကန် ခရစ်ယာန်များ မဟုတ်ကြပါ။ ဦးထွန်းငြိမ်း အဘိဓာန် ဟူ၍ ထင်ရှားကျော်ကြားသော စာအုပ်ကို ပြုစုခဲ့သူ စာတော်ပြန် ဦးထွန်းငြိမ်းသည် ဆရာကြီး၏ ဦးလေးအရင်းဖြစ်သည်။ ၄င်းတို့အားလုံးသည် ခရစ်ယာန် ခေါင်းဆောင်များ ဖြစ်သော်လည်း လူတိုင်းသည် အင်္ဂလီကန် ခရစ်ယာန်များ မဟုတ်ကြပေ။ မည်သည့်အချိန်တွင် ဆရာကြီး အင်္ဂလီကန် ခရစ်ယာန် ဖြစ်လာသနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက တက္ကသိုလ်မှာ ပါမေက္ခများသည် အင်လျားလမ်းရှိ သန့်ရှင်းသောကားတိုင် ဘုရားကျောင်းတွင် ၀တ်ပြုလေ့ရှိသည်။ အထူးသဖြင့် ဤကျောင်းသို့ လာရောက်ဝတ်ပြုသော သူများမှာ တက္ကသိုလ် ပရောဖက်ဆာ ဆရာပီးကော့ (Prof. Peacock)၊ ပရောဖက်ဆာလုစ် (Prof. Luce)၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပိုင်းမှ မစ္စတာဖာနီဗယ် (Mr. Furnivell) အစရှိသော အကျော် ဒေးယျ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။ သန့်ရှင်းသောကားတိုင် ဘုရားကျောင်းမှာလည်း ဆရာကြီး အက်ပဲတန် (Appleton) ၊ ဆရာကြီးစတေလာ၊ သူ့ကို (Oxford Don) ဟု ခေါ်ကြောင်း သိရသည်။ ဆရာကြီး ဦးဖေမောင်တင်သည့် သူ၏ နှမ ဒေါ်တီတီ၏ ခင်ပွန်း ပရောဖက်ဆာ လုစ် နှင့် ခင်မင်ရင်းနှီးသည့်အတွက် သန့်ရှင်းသောကားတိုင် ဘုရားကျောင်းမှာပင် တက်ခဲ့သည်။ ဆရာကြီးအက်ပဲတန်၏ သွန်သင်ချက်များ၊ တရားဓမ္မများနှင့် ပတ်သက်ပြီး ဆရာကြီးအနေနှင့် စဉ်းစားစရာများ တွေးတော ဆင်ခြင်စရာများ ဖြစ်လာကာ နှစ်ဦးနှစ်ဝ အကြိတ်အနယ် နက်နက်နဲနဲ ဝေဖန်သုံးသပ်ပြီး နောက်ဆုံးတွင် လက်တင်မင်္ဂလာ ခံယူခဲ့ပါသည်။ ဤနည်းဖြင့် ဆရာကြီးသည် အင်္ဂလီကန် ခရစ်ယာန်ဖြစ်လာခြင်း ဖြစ်သည်။

ဆရာကြီးသည် အသက်အရွယ်ရောက်လာ၍ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင်ပြုသောအခါတွင်လည်း ခရစ်ယာန်ဘာသာ ထုံးတမ်းအစဉ်အလာအရ သာယာဝတီမြို့တွင် လက်ထပ်ခဲ့ကြောင်း သိရသည်။ (ဘသက်ရှည် ၂၊ စာ ၉၈၆)။ ဆရာကြီးသည် အချိန်ခါမရွေး၊ ဒေသမရွေး၊ ခရစ်ယာန် သာသနာကို လေးစားပြီး၊ အရေးထားခဲ့ကြောင်းကိုလည်း သိရသည်။ စစ်အတွင်း ရန်ကုန် အနောက်ပိုင်းတွင် အမှုထမ်းဆောင်ရသော ဘုန်းတော်ကြီး ဦးဘထက်သည် မည်မျှလောက် ခရီးဝေးသည်ဖြစ်စေ ကုန်ကြောင်းတလှည့်၊ ခြေကျင်တမျိုး၊ တပည့်တော်များရှိရာ ဝေးလံခေါင်သိသော နေရာမျိုးသို့ မညည်းမညူ သွားရောက်၍၊ ဆုတောင်းပေးခြင်း အစရှိသော စက္ကရမင်တ ခုနှစ်ပါးစလုံးကို စီရင် ဆောင်ရွက်ပေးခဲ့ရာ ဆရာကြီးဦးဖေမောင်တင်ရှိရာ နေရာကိုပင် ရောက်ရှိ၍ ဘုရားဝတ်ပြုပေးခြင်း ပြုလုပ်ခဲ့ပါသည်။

ဆရာကြီးသည် ခရစ်ယာန် တစ်ဦးဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်သော ဗုဒ္ဓဘာသာကို မပစ်ပယ်ခဲ့ပေ။ ဗုဒ္ဓဘာသာ၏ ၀ိသုဒ္ဒိမဂ်ကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးခဲ့ခြင်းဖြင့် ဗုဒ္ဓဘာသာကို ကမ္ဘာကသိအောင် ဆောင်ရွက်ပေးရာ ရောက်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံခြားသား ခရစ်ယာန်ဘာသာဝင်များကို လည်းကောင်း၊ မြန်မာခရစ်ယာန် သာသနာပြုများကို လည်းကောင်း၊ ဗုဒ္ဓတရားတော်အကြောင်း ဟောပြောပို့ချခြင်းကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် အနားယူသည့်အချိန်တွင်မှာပင် သန့်ရှင်းသောကားတိုင် ဘုရားကျောင်းရှိ ကျမ်းစာသင်ကျောင်းတွင် အချိန်ပိုင်းဆရာအဖြစ် ဘုန်းတော်ကြီးလောင်းများအား စာပေပို့ချပေးခဲ့ပါသည်။ ဘုန်းတော်ကြီး ဦးဂျေမြသန်း (ယခု ဂိုဏ်းထောက်ကြီး ကသီဒြယ်ဘုရားကျောင်းတာဝန်ခံ၊ မန္တလေး) ၏ ပြောပြချက်အရ၊ ၄င်း ကျမ်းစာကျောင်းတွင် ရှိနေစဉ် ၁၉၆၄-၁၉၆၈ အတွင်း ဆရာကြီးဦးဖေမောင်တင်သည် ၄င်းတို့အား ဗုဒ္ဓစာပေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချပေးကြောင်း သိရပါသည်။ ဂေါတမ မြတ်စွာဘုရား၏ ဘုရားဖြစ်စဉ်သမိုင်း (ဗုဒ္ဓ၀င်) နှင့် ရွှေတိဂုံသမိုင်းကို ပို့ချပေးခဲ့ကြောင်း သိရပါသည်။ အဓိကအားဖြင့် မေတ္တာတရားနှင့် ၀ိပဿနာအကြောင်းကို အလေးပေး ပို့ချပေးခဲ့ကြောင်း သိရပါသည်။

ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ သာသနာတို့နှင့် ပတ်သက်သော ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင်လည်း သဘာပတိ၊ ဥက္ကဌ အမြဲတမ်း ပြုလုပ်ပြီး အငြင်းအခုံဖြစ်သည့်အခါတိုင်းတွင်လည်း အဆုံးအဖြတ် ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဤ သာဓကသည် ဗုဒ္ဓစာပေတွင်သာ ဆရာကြီးကျွမ်းကျင်သည်မဟုတ်၊ မိမိ၏ ဘာသာရင်းဖြစ်သော ခရစ်ယာန်ဝါဒကိုလည်း နှံ့စပ်စွာ သိရှိ နားလည်ကြောင်း အထင်အရှားပင် ဖြစ်ပါသည်။ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ (တစ်နည်း) ခရစ်တော် နှင့် ဗုဒ္ဓ တို့၏ အမေးအဖြေနှင့် ပတ်သက်၍ အဓိကကျသော နှိုင်းယှဉ်ချက်များ ဖြစ်သည့် အချက်များကိုလည်း ဆရာကြီးသဘောပေါက်ခဲ့သည်။ ဥပမာ - ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆဖြစ်သော တစ်ကိုယ်ကောင်းမဆန်ခြင်း၊ (Christian and Buddhist idea of Selflessness)၊ ဗုဒ္ဓ၀ါဒ၏ ဘုရားနှင့်ပတ်သက်သော အယူအဆ၊ (The Idea of God in Buddhism)၊ ဗုဒ္ဓဘာသာတရား၏ ယုံကြည်ခြင်းနှင့် သနားခြင်း အယူဝါဒ (Faith and Grace in Buddhism)၊ ခရစ်ယာန်တို့၏ ဆုတောင်းခြင်းအမှုနှင့် ဗုဒ္ဓဘာသာတို့၏ တရားထိုင်ခြင်း (Christian Prayer and Buddhist Meditation)၊ နိဗ္ဗာန်နှင့်ဘုရားသခင်၏ နိုင်ငံတော် (Nirvana and the Kingdom of Heaven)၊ ဗုဒ္ဓဘာသာ၏ မေတ္တာတရားတော်နှင့် ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာ သဘောတရား (Buddhist Metta and Christian Charity)၊
  ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့၏ လူသားတို့နှင့် ပတ်သက်သော သဘောထား (Man and Buddhism and Christianity) (Certain factors in the Buddhist-Christian Encounter 1998, P.9) အစရှိသည့် အချက်များကို ဆရာကြီး နှိုင်းယှဉ် လေ့လာ၍ ကောင်းစွာသဘောပေါက်ကြောင်း သိရပါသည်။ ဤသဘောတရားများကို လေလာဆင်ချင်ပြီးနောက် ဆရာကြီးအနေနှင့် နှစ်မျိုးစလုံးသော ဘာသာသည် ကောင်းမွန်ပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာသည် အထူးကောင်းပါသည်။ သို့သော် ခရစ်ယာန်ဘာသာကဲ့သို့ "ကားတိုင်မပါ" ဟု ပြောခဲ့ပါသည်။ ကားတိုင်၏ အဓိပ္ပါယ်မှာ ကယ်တင်ခြင်း (Salvation of one's soul) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (ဂိုဏ်ထောက်ကြီး ဂျေ၊ မြသန်းနှင့် တွေ့ဆုံမေးမြန်းချက်)

ထိုနောက် ဆရာကြီးယုသန် မြန်မာလိုပြန်ဆိုသော (The Holy Bible) သမ္မာကျမ်းကိုလည်း ဆရာကြီးအနေဖြင့် နှစ်ခြိုက် သဘောကျ လက်ခံခဲ့ကြောင်း၊ ဆရာကြီး ယုဒသန်က သန့်ရှင်းသောကျမ်းစာအုပ်ဟု ပြန်ရမည့်အစား သမာသမတ်ရှိသော ကျမ်းဖြစ်၍ သမ္မာကျမ်းစာဟု အမြင်ကျယ်စွာ ဘာသာပြန်ခြင်းကို ကျေနပ် လက်ခံခဲ့ကြောင်းကိုလည်း ၀န်ခံခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် စာဖတ်သည့်အချိန်မှ စ၍ အမေရိကန် သာသနာပြု ဆရာယုဒသန် ပြန်ဆိုခဲ့သော ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း နှစ်ကျမ်းပေါင်းဖြစ်ော သမ္မာကျမ်းစာအုပ်နှင့် ထိတွေ့ရင်နှီးလာခဲ့သည်။ ထိုမှတစ်ဖန် အင်္ဂလိပ်စာ တတ်မြောက်လာသောအခါ ဆရာယုဒသန်၏ အင်္ဂလိပ်မြန်မာ အဘိဓာန်ကို လက်စွဲပြုကာ ဟေဗြဲဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခဲ့သော သမ္မာကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုကျွမ်းဝင်လာပြန်သည်။ မူရင်း အင်္ဂလိပ်ဘာသာနှင့် ဆရာယုဒသန် မြန်မာပြန်ဆိုထားသော သမ္မာကျမ်းစာတို့ကို နှိုင်းယှဉ်လေ့လာ၍လည်း ဖတ်ရှုခဲ့သည်။ ဆရာကြီးသည် ၁၈ရာစုခေတ် အချိန်မျိုး၌ ကြိုးစားအားထုတ်ကာ သာသနာပြုရင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားသော ဆရာကြီးယုဒသန်၏ သမ္မာကျမ်းကြီးကို လက်ခံခဲ့သည်။ ဆရာကြီးယုဒသန်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းကြီးကိုလည်း အသိအမှတ်ပြုခဲ့ပါသည်။ (ဘသက်ရှည် ၁၊ စာ ၃၁၄)

ဆရာကြီးဦးဖေမောင်တင် သည် ခရစ်ယာန် စစ်စစ်ပီသစွာ သခင်ယေရှု ခရစ်တော် မိန့်ကြားခဲ့သည့် "သူ့တစ်ပါးကို ကိုယ်နှင့်အမျှ ချစ်လော့"
  ဆိုသည့် အမိန့်အတိုင်း၊ သူ၏ ဘ၀အသက်တာတွင် သူ့တစ်ပါးအား၊ သနားကြင်နာခဲ့သည်။ အကူအညီပေးခဲ့သည်။ သာဓကအားဖြင့် ပြရမည်ဆိုလျှင် မြန်မာစာ ပါမောက္ခ ဆရာကြီးတစ်ဦး၏ ပြောပြချက်အရ၊ မိမိတက္ကသိုလ် ကျောင်း၌ ပညာသင်ကြားနေချိန် ကမ္ဘာနှင့်အ၀န်း မြန်မာနိုင်ငံပါ စီးပွားရေး ကပ်ဆိုးကြီးနှင့် ကြုံတွေ့ရသောအခါ ဆက်လက်၍ ပညာသင် ဆည်းပူးနိုင်ခြင်း မရှိခဲ့ပါ။ ထိုအခါ ဆရာကြီးက မိဘသဖွယ် ကူညီထောက်ပံ့ခဲ့သဖြင့် ဆက်လက်၍ ပညာသင်ကြားနိုင်ခဲ့ကြောင်း၊ ထို့အတူ ချို့တဲ့သော ကျောင်းသားများကိုလည်း မိမိနည်းတူ အကူအညီ အထောက်အပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤသို့ ကူညီထောက်ပံ့ခြင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ဆိတ်ဆိတ်နေခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ဆရာကြီးဦးဖေမောင်တင်သည် ခရစ်တော်က တောင်ပေါ်ဒေသနာ ဟောကြားစဉ်က အထူးပြုခဲ့သော မင်္ဂလာတရား ရှစ်ပါး (မဿဲ ၅း၃-၁၂) အနက် "သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရလတ္တံ့" ဟူသော တရားနှင့်လည်း ကိုက်ညီ၍၊ ဘုရားသခင်၏ စုံမက်ခြင်းကို ခံစားရကြောင်းကို ဆရာကြီး ပင်စင်ယူပြီးသည့်နောက် မတောင့်မတ၊ မကြောင့်မကြဘဲ နေထိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ဆရာကြီး အသက် ၈၀ ပြည့် မွေးနေ့ အခမ်းအနား၌ လောကတွင် မာန်မာန ထောင်လွှားခြင်း၊ တက်ကြွခြင်း၊ မရှိသင့်ကြောင်း၊ နှိမ့်ချစွာ နေထိုင်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်းကို တပည့်များအား ဆုံးမသြ၀ါဒ ပေးခဲ့သည်။ သူ၏ စကားအတိုင်းလည်း ပြုမူနေထိုင်ကြောင်း သိရှိရပါသည်။ ထို့အပြင် ဆရာကြီးသည် သူ၏ ဘ၀တစ်လျှောက်လုံးတွင် သူ့တစ်ပါး၏ အကျိုးများကိုသာ ဆောင်ရွက်ခဲ့သည်။ တနည်း စာပေပညာအားဖြင့် မြန်မာတစ်မျိုးသားလုံးကို အလုပ်အကျွေးပြုခဲ့သည်။ ဤသည်မှာ ခရစ်တော် ဟောကြားခဲ့သော "လူသားသည် သူ့တစ်ပါးကို စေချင်းငှါ မလာ၊ သူ့တစ်ပါးကို အစေခံခြင်းငှာ လာသည်"
  (Not to be served, but to serve) မဿဲ (၂၀း၂၇-၂၈) ဆိုသော အဆိုအမိန့်နှင့် ကိုက်ညီစွာ ပညာနှင့်ပတ်သက်၍ အစေစား ခံခဲ့သည်။

နိဂုံချုပ်အားဖြင့်

ဆရာကြီးဦးဖေမောင်တင်၏ အသက်တာနှင့် ခရစ်ယာန် သာသနာကို စစ်ဆေးဝေဖန်ရလျှင်၊ ၄င်းသည် ဘိုးဘွားမိဘများမှ ဆင်းသက်မွေးဖွားလာခဲ့သော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၄င်းသည် ဘာသာရေးကို အထူးရိုသေ ကိုင်းရှိုင်းကာ ဘုရားတရားကို အထူး ယုံကြည်ကိုးစားသော ခရစ်ယာန်မိဘနှစ်ပါး၏ သွန်သင်ဆုံးမမှု အရိပ်အ၀ါသ အောက်၌ ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် တက္ကသိုလ်သို့ ရောက်သည့်အခါတွင် ဗုဒ္ဓဘာသာကျမ်းဂမ်များ အခြေခံရာ ပါဠိစာပေကို သင်ယူလေ့လာရသောအခါ "ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်နေသောသူသည် ပါဠိ ဘာသာကို သင်ကြားရသောအခါ ပင်ရင်းဘာသာဖြစ်သော ခရစ်ယာန်ဘာသာကို ဆန့်ကျင်ရာများ ကျမည်လား ဟူ၍ တွေဝေခဲ့သည်ဟု ဆိုပါသည်" (
 ဘသက်ရှည် ၁။ စာ ၂၉၃)။ ပါဠိဘာသာကို အလေးအနက် လေ့လာလိုက်စားခြင်း ပြုရသောအခါ ဘာသာနှစ်ခု၏ မွန်မြက်ချက်များ၊ မတူ၊ ကွဲပြား၊ ခြားနားချက်များကို တွေ့ရှိခဲ့ရသည်။ ဆင်တူရိုးမှား တူညီသည့်အချက်များလည်း ရှိကြောင်း လေ့လာမိပါသည်။ ဗုဒ္ဓစာပေ ကျမ်းများဖြစ်သော ပါဠိကျမ်းဂန်များကို အသေးစိတ် လေ့လာရသောအခါတွင် ဗုဒ္ဓဘာသာ တရားတော်မှ သူနှစ်သက်လက်ခံနိုင်လောက်သော တရားဓမ္မအချို့ကို ထုတ်နုတ် ကျင့်သုံးသွားသည်ကို တွေ့ရပါသည်။ အထူးသဖြင့် သီလကို သဘောကျ နှစ်ခြိုက်သွားကြောင်း သိရပါသည်။

ဆရာကြီးဦးဖေမောင်တင်သည် အသက်၃၀တွင် သူ့ကိုယ်သူ ခရစ်ယာန်တစ်ယောက် ဟူ၍ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပဲ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုအချိန်က ဒေါက်တာ ကာပင်တာက ထုတ်၍မေးခဲ့သည်ကို ဟုတ်မှန်ကြောင်း ၀န်မခံခဲ့ပေ။ ဆရာကြီးအနေဖြင့် ကောင်းမွန်သော ဘာသာနှစ်ခုကို မည်သည့်ဘာသာကို အလေးပေး၊ အရေးထားရမှန်း မဝေခွဲနိုင်ဘဲ ဇဝေဇ၀ါ ဖြစ်နေချိန် ဖြစ်နိုင်ပါသည်။ ခန္တာကိုယ် ကျန်းမာရေးအတွက် အင်္ဂလိပ်ဆေးဝါးများနှင့်အတူ အစွမ်းထက်သော မြန်မာဆေးဝါးကောင်း အချို့ကို တွဲဖက်သုံးစွဲသကဲ့သို့ ဖြစ်နေပါသည်။

သူ၏ ၀ိညာဉ် ရှင်သန်ရေးအတွက် ထာဝရဘုရားသခင်နှင့် သားတော သခင်ယေရှုတို့၏ မိန့်ကြားသော ပညတ်ချက်များကို ယုံကြည်စွာ လိုက်နာကျင့်သုံးနေသကဲ့သို့၊ ထပ်မံတွေ့ရှိလာသော ဂေါတမဗုဒ္ဓ၏ ကျင့်စဉ်များထဲမှ သီလပုဒ်ကို သူ့အတွက် ဆေးစွမ်းကောင်းအဖြစ် တည်ဆောက်ကျင့်သုံးခြင်း ဖြစ်ဟန်တူပါသည်။ (ဘသက်ရှည် ၁၊ စာ ၂၉၆)။

ဆရာကြီး၏ ပညာနှင့် ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များ အံ့မခန်း ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ထူး၏ ပညာထူးချွန်မှု နှင့် ကျော်ဇောခြင်းသည် မြန်မာနိုင်ငံသာမက အာရှတခွင်၊ အင်္ဂလန်နှင့် အမေရိကန်တို့ကိုပါ ပြန့်နှံ့ခဲ့ပါသည်။ ဗုဒ္ဓစာပေ၊ ပါဠိကျမ်းဂန် တို့တွင် ဇမ္ဗူတစ်ခွင် တုနှိုင်းမရှိ၊ အကျော်ဒေးယျ ဖြစ်ပါသည်။ ဆရာကြီးသည် အသက် ၇၆နှစ် ပင်စင်ယူသည့်အချိန်မှ စ၍ ပင်ရင်းဘာသာဖြစ်သော ခရစ်ယာန်စာပေနှင့် အသင်းတော်အတွက် ဇောက်ချလုပ်ကိုင်သည်ဟု ထင်မြင်မိပါသည်။ ဗုဒ္ဓစာပေနှင့် ခရစ်ယာန်စာပေ နှိုင်းစာလျှင် ခရစ်ယာန်စာပေအတွက် ဆောင်ရွက်ခဲ့သည်မှာ ရာနှုန်းနည်းကြောင်း ရိုးသားမှန်ကန်စွာ ပြောချင်ပါသည်။ ခရစ်ယာန်သာသနာအတွက် လုပ်ဆောင်ချက် နည်းပါးသည်ဟု ကောက်ချက်ချရသည်မှာလည်း အထောက်အထား မရနိုင်တော့၍ ဖြစ်နိုင်ပါသည်။ ပညာရှင်များ အနေဖြင့် ဆရာကြီး၏ ခရစ်ယာန် သာသနာနှင့် ပတ်သက်သော ဆောင်ရွက်ချက်များကို ဆက်လက် ဖော်ထုတ် ရေးသားပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အားလုံးခြုံ၍ သုံးသပ်ရလျှင် ဆရာကြီးဦးဖေမောင်တင် သည် ပညာကြီး၏။ ဇွဲသတ္တိကြီး၏။ သဘောထားကြီး၏။ (ဤသည်မှာ ခရစ်ယာန်တစ်ဦး၏ သဘောအမှန်ဖြစ်ပါသည်။)
  ဆရာကြီးသည် မာနမကြီး၊ စည်းစိမ်ဥစ္စာမမက်၊ ဂုဏ်ပကာသနကို မမက်၊ အဆောင်အယောင်ကို မမက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရုံမက၊ လောဘနည်း၍ တင်းတိန်ရောင့်ရဲ့သောစိတ် (ဤသည်မှာလည်း ခရစ်တော်၏ သဘောဖြစ်ပါသည်။) ရှိခြင်းကို ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အလွန်တူကြောင်း ကောက်ချက်ချဖူးပါသည်။ ဆရာကြီး၏ အတုကို ယူ၍ တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်နိုင်သော ပညာတတ် ပုဂ္ဂိုလ်များ ပေါ်ထွန်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါသည်။

ဒေါ်ခင်ထွေးရီ
(ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)
၁၂-၁၂-၁၉၉၈


ဖေမောင်တင် ၁၁၁ နှစ်ပြည့် ဂုဏ်ပြုစာတမ်းများ
မောင်ထင်၊ ဒေါက်တာလှဖေ၊ ဒေါက်တာသန်းထွန်း၊
ပါမောက္ခဒေါ်ခင်ထွေးရီ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊
မောင်ပေါက်စီ (မန်းတက္ကသိုလ်)၊ မောင်ဇေယျာ တို့၏

ဂုဏ်ပြုစာတမ်းများ၊ ကဗျာများ၊ မိန့်ခွန်းများ

ပါရဂူ၊ ဦးသော်ကောင်း (နှင့်အဖွဲ့)၊
အငြိမ်းစား ပါမောက္ခ ဦးသန်းထွတ်၊ ကျော်အောင်
ရွှေဘိုမိမိကြီး၊ ဒေါ်ခင်ခင် (ပြည်)၊ ပန်းတနော်ဦးခန့်၊
မြင့်သန်း၊ အယ်လင်စောဦး တို့၏

ဂုဏ်ပြုစာတမ်းများ၊ ဆောင်းပါးများ

ဆရာကြီး ဦးဖေမောင်တင်၏ စာတမ်းများ၊ ဆောင်းပါးများ
ယင်းတို့ကို
မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခြင်း..
..


မှတ်ချက်။
 ပါဠိကို ကျွမ်းကျင်လှသော ဗုဒ္ဓဘာသာဆရာတော်ကြီးများစွာရှိသောလည်း ခရစ်ယာန်ဘာသာဝင်နှစ်ဦးဖြစ်သော ဆရာယုဒသန် (Judson) နှင့် ဆရာဖေမောင်တင် တို့ နှစ်ဦးမှာ အလွန်လေးစားဖွယ်ဖြစ်ပါသည်။ ဆရာယုဒသန်က ခရစ်ယာန်ကျမ်းစာကို ဟီဘရူးဘာသာမှ မြန်မာဘာသာသို့  ဘာသာပြန်ပေးခြင်း၊ ပထမဆုံး ပါဠိ-မြန်မာ အဘိဓာန်ပြုစုခြင်း များဖြင့် အမှုတော်ဆောင်ခဲ့သလို၊ ဆရာဖေမောင်တင်က ဘာသာတရားမဲ့နေသော ဥရောပတိုက်သားများအား ဗုဒ္ဓတရားအား ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာပြန်ပေးခဲ့ပါသည်။ ခရစ်တော်ယေရှု၏ မေတ္တာတရားကို ပြသရန်မှာ ခရစ်ယာန်ဖြစ်လာစေရေးမဟုတ်ပဲ၊ သူတို့ဘာသာတရားကို ဦးစွာနားလည်ရေးမှာ စာနာရေးကို ပြသသွားသည့် ဆရာဖေမောင်တင် အောက်မေ့ဘွယ် ဖြစ်ပါသည်။
 မုရန်အယ်ဒီတာ
(မောက္ခပညာရေးမဂဂဇင်းမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment