Tuesday, July 7, 2015

သွေးစွန်းသော ဆဲဗင်းဂျူလိုင် ၇.၇.၂၀၁၅

ေေေေေ

     သွေးစွန်းသော ဆဲဗင်းဂျူလိုင်

http://www.irrawaddy.org/wp-content/uploads/2014/04/88-2.jpg
ကျောင်းသားဖြစ်ခဲ့သူတိုင်း၊ တက္ကသိုလ်တက်ဖူး သူတိုင်း၊ ကိုယ်တိုင် တက္ကသိုလ်မတက်ဘူးပေမယ့် ကိုယ့်သားသမီးတွေ တက္ကသိုလ်ရောက်ဖူးသူတိုင်း မမေ့သင့်၊ မမေ့အပ်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ရှင်းရှင်ပြောရရင် စစ်အာဏာရှင်ရဲ့ ကျောင်းသားဖြိုခွဲရေးနဲ့ သမဂ္ဂဖျက် ဆီးရေးကို စနစ်ကျစွာလုပ်ဆောင်ခဲ့ပြီး ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ နေ့တစ်နေ့ သို့မဟုတ် ဆဲဗင်း ဂျူလိုင် မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေ၀င်းနဲ့ စစ်အာဏာရှင်အပေါင်းအပါတွေ အာဏာသိမ်းတယ်။ ကျောင်းသား သမဂ္ဂတွေအားလုံး (ဗကသ၊ တကသ၊ ရကသ) တွေအားလုံး စစ်အာဏာရှင်အုပ်စုကို ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့တယ်။ ဗိုလ်နေ၀င်းအစိုးရကလည်း ကျောင်းသားထုထဲမှာ ကွန်မြူနစ်တွေရောက်နေပြီဆိုပြီး အဆုံးစွန် ချေမှုန်းရေးကို ပြင်ဆင်တယ်။ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်တယ်။ တက္ကသိုလ်မှာ ကိုယ်ပိုင်အုပ် ချုပ်ခွင့် လုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံရတယ်။ တက္ကသိုလ်ထဲကို စစ်ဗိုလ်တွေရောက်လာတယ်။ တက္ကသိုလ် ကောင်စီနေရာတွေ ၀င်ယူတယ်။ အလိုတော်ရိပါမောက္ခချုပ် ဦးကာက စစ်ဗိုလ်တွေနဲ့ ပေါင်းပြီး အသားထဲက လောက်ထွက်တယ်။
ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီက ကျောင်းသားတွေ လိုက်နာဖို့ဆိုပြီး စည်းကမ်းချက် ၂၂ ချက် ထုတ်ပြန် တယ်။ ဖိနှိပ်မှုကို လက်မခံချင်တဲ့ကျောင်းသားတွေ ဆန္ဒပြတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၆ ရက်မှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ရန်ကုန်တက္ကသိုလ်ထဲမှာစလုပ်တယ်။ ဇူလိုင် ၇ ရက်နေ့မှာ ဆန္ဒပြပွဲဆက်လုပ်တယ်။ ကျောင်းသားတွေ လူစုခွဲချိန်မှာ သမဂ္ဂအဆောက်အအုံထဲ ရဲတွေအလစ်ဝင်ပြီးတော့ ကျောင်းသားခေါင်းဆောင် တွေကို ဆွဲခေါ်သွားတယ်။ သမဂ္ဂကိုဝိုင်းထားလိုက်ကြတယ်။
အဲဒီညနေမှာပဲ တပ်ရင်း ၄ က စစ်ကား ၂ စီး စစ်သားတွေ အပြည့်နဲ့ တက္ကသိုလ်ရိပ်သာလမ်းကို ရောက်လာ တယ်။ တပ်ရင်း ၄ ဆိုတာ ဗိုလ်နေ၀င်းရဲ့ ကိုယ်ရံတော်တပ်။ သူတို့ကိုင်ထားတဲ့ သေနတ်တွေက တစ်ခါမှာ ထုတ်မသုံးရသေးတဲ့ အသစ်စက်စက် ဂျီသရီးတွေ။ အဲဒီတပ်တွေကို ဦးစီးလာတဲ့သူတွေက တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး လှမြင့်နဲ့ ဒုတိယဗိုလ်မှူးကြီး စိန်လွင်။ စိန်လွင်ဆိုတာ ၈၈ မှာ နာမည်ကျော်သွားတဲ့ သားသတ်သမား ပေါ့။
သမဂ္ဂကိုပြန်ရရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေ ကျောင်းဝင်းထဲမှာ အများကြီး။ တက္ကသိုလ် ရိပ်သာလမ်းပေါ်ကနေ စစ်သားတွေ ဒူးထောက်ပြီး သေနတ်တွေနဲ့ ၃ မိနစ်၊ ၄ မိနစ်လောက် ဆက်တိုက်ဆွဲတာ။ တစ်ဗိုင်းဗိုင်း လဲကျနေတဲ့ ကျောင်းသားတွေအများကြီး။ ဒါပေမဲ့ စစ်တပ်က ကြေညာတာ ၁၇ ဦးတည်းပါတဲ့။ ဂျီသရီးတွေနဲ့ ၃ မိနစ် ၄ မိနစ်ပစ်အား စဉ်းစားသားကြည့်ပေတော့။ အဲဒီည မှာ ဗိုလ်နေ၀င်းက မြန်မာ့အသံကနေ ကျောင်းသားတွေကို "ဓား ဓားချင်း၊ လှံလှံချင်းရင်ဆိုင်မယ်" ဆိုပြီး စိန်ခေါ်သွားတယ်။ နောက်တစ်နေ့ ဇူလိုင် ၈ ရက် မိုးမလင်းမီ အချိန်မှာ သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ခွဲလိုက်တယ်။
နောက်ပိုင်း သမဂ္ဂကို ဒိုင်းနမိုက်နဲ့ခွဲတာ သူပါ၊ ငါပါဆိုပြီးတော့ အပြစ်တွေ လွှဲချကြတယ်။ ကျောင်းသားတွေကို သေနတ်နဲ့ပစ်တာ၊ သမဂ္ဂကို ဒိုင်းနမိုက်နဲ့ခွဲတာ ဘယ်သူပါဆိုတာ ပြောစရာကိုမလိုတာ။ ထင်ရှားနေတာပဲ။ ဒီအလုပ်တွေကို စစ်တပ်နဲ့ အာဏာရှင်တွေကလွဲပြီး ဘယ်သူမှလုပ်နိုင်တာမှ မဟုတ်တာပဲ။
မှတ်ချက် -
“ယခုဖြစ်ပျက်သည့် ကိစ္စသည် ကျောင်းသားကိစ္စ တစ်ခုတည်း မဟုတ်ဘဲ၊ နိုင်ငံရေးပရောဂအမှောင့်များ ဖမ်းစားတယ်ဆိုတာ ကျွန်တော်တို့ ရိပ်စားမိပါတယ်။ ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြောလိုပါဘူး။ အနည်းဆုံး ဒါးကိုဒါးချင်း၊ လှံကိုလှံချင်း ဆိုင်ဘို့သာရှိပါတော့တယ် ဟု ဇူလိုင် ၈ ရက်နေ့ ည ၇ နာရီတွင် ဗိုလ်နေ၀င်းသည် မြန်မာ့အသံမှတစ်ဆင့် ကိုယ်တိုင်ထုတ်ပြန်ခဲ့သည်။
၆.၇.၂၀၁၅

မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment