Monday, March 2, 2015

ဂျပန်နိုင်ငံ၏ ပညာရေးဆိုင်ရာ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု (An overview on Japan education administration)

ဂျပန်နိုင်ငံ၏ ပညာရေးဆိုင်ရာ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု (An overview on Japan education administration)

ယခုလို အမျိုးသားပညာရေး ဥပဒေအား လွှတ်တော်သို့တင်သွင်းပြီး အကြေအလည်ဆွေးနွေးကြတော့မည့် အချိန်အခါတွင် ကမ္ဘာ့ပညာရေးအဆင့်တွင် ထိပ်ဆုံးမှရပ်တည်နေသည့် နိုင်ငံများ၏ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ် တို့အားလေ့လာသင့်သည်ဟုထင်မြင်သည်။ သူများနိုင်ငံမှာ ဒီလိုလုပ်နေလို့ ကိုယ့်နိုင်ငံမှာလဲ ဒီအတိုင်းတသွေးမသိမ်းလိုက်လုပ်ဖို့မဟုတ်ပါ။ မိမိတို့နိုင်ငံနှင့်သင့်လျော်သော အကောင်းဆုံးသော ဥပဒေတစ်ခုဖြစ်လာစေရန် reference အနေနှင့် လေ့လာရန်သက်သက်ဖြစ်ပါသည်။ အခြားအခြားသော ပညာရေးမြင့်မားသည့် နိုင်ငံများ၏ ပညာရေးစီမံခန့်ခွဲမှု စနစ်များအားလည်း တတ်နိုင်သလောက်လေ့လာပြီး မိမိတို့နိုင်ငံဥပဒေရေးဆွဲရာမှာ အသုံးချနိုင်လျင် အားလုံးလက်ခံနိုင်မည့် သင့်တင့်ကောင်းမွန်သော ဥပဒေတစ်ခုဖြစ်လာမည်ဟုယုံကြည်သည်။ အချက်အလက် သက်သက်သာဖြစ်၍ မိမိအမြင်လုံးဝ မပါဝင်ပါ။
========

ဂျပန်နိုင်ငံ လက်ရှိပညာရေး စနစ်
 ဂျပန်၏ ပညာရေးအား 6-3-3-4 စနစ်ဟု သိကြသည်။ Elementary ၆နှစ်၊ Lower secondary ၃နှစ်၊ Upper secondary ၃နှစ်၊ ဘွဲ့ကြိုတက္ကသိုလ်ပညာရေး ၄နှစ်ဖြစ်သည်။ မသင်မနေရ အခမဲ့ပညာရေးသည် Lower secondary ပြီးဆုံးသည် အထိဖြစ်သည်။ Lower secondary ပြီးဆုံးချိန်တွင် ကျောင်းသားသည် အသက်အားဖြင့် ၁၅နှစ်ခန့်၊ အတန်းအားဖြင့် ၉တန်းဖြစ်သဖြင့် မြန်မာပြည်အတန်းပညာရေးနှင့် နှိုင်းယှဉ်လျင် အလယ်တန်းပညာရေးထက်မြင့်သည်။ ဂျပန် အခြေခံဥပဒေတွင် မသင်မနေရ အခမဲ့ပညာရေးနှင့်ပတ်သက်၍ - “All people shall be obligated to have all boys and girls under their protection receive ordinary education as provided for by law. Such compulsory education shall be free.” (Article 26).
မိမိအုပ်ထိန်းမှုအောက်တွင်ရှိသော ကလေးများသည် မသင်မနေရ ပညာရေးအား သင်ကြားခွင့်ရရန် အုပ်ထိန်းသူများတွင် တာဝန်ရှိသည်ဟု တာဝန်အပိုင်းနှင့်ပတ်သက်၍ အတိအလင်းဖေါ်ပြထားသည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် ပညာရေးသည် “right” အခွင့်အရေးဖြစ်သလို၊ “obligation” တာဝန်လဲဖြစ်သည်။ မသင်မနေရ ပညာရေးအား သက်ဆိုင်ရာ ဒေသအစိုးရများနှင့် နိုင်ငံတော်အစိုးရတို့မှ အာမခံပြီးပူးပေါင်းတာဝန်ယူရသည်။
Japanese education systemJapanese education system

ပညာရေးအုပ်ချုပ်မှု ဖွဲ့စည်းပုံ (structure of education administration)
ဂျပန်နိုင်ငံပညာရေးအား တာဝန်ခံရသည့်အဖွဲ့အစည်းများမှာ - ဗဟိုအစိုးရအဆင့်တွင် Monbukagakusho ဟုသိကြသည့် ပညာရေး၊ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဒေသအစိုးရအဆင့်တွင် - Prefecture (မြန်မာပြည်တွင် တိုင်း၊ပြည်နယ် အဆင့်နှင့်ညီသည်) အစိုးရနှင့် မြို့အုပ်ချုပ်ရေးအဖွဲ့ များနှင့် Board of education ဟုခေါ်သည့်ပညာရေးဘုတ်အဖွဲ့များ ဖြစ်သည်။ ၀န်ကြီးဌာနသည် ဗဟိုထိန်းချုပ်မှုအား အတတ်နိုင်ဆုံးလျော့ချရပြီး လုပ်ပိုင်ခွင့်များအား ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့များအား ခွဲဝေပေးထားသည်။ ၀န်ကြီးဌာန၏ အဓိက တာဝန်များမှာ ကျွမ်းကျင်သူများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်၊ အကြံဉာဏ်များ ပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ခြင်း စသည့်တို့ဖြစ်သည်။ ဒေသဆိုင်ရာ အဆင့်တွင် ပညာရေးဘုတ်အဖွဲ့များသည် ပညာရေးနှင့်ပတ်သတ် သည့် ကိစ္စရပ်များအား အဓိကတာဝန်ယူရသည်။ ပညာရေးဘုတ်အဖွဲ့သည် နိုင်ငံရေးအားဖြင့်ဘက်လိုက်မှုကင်းရမည်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုကင်းသည့် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ရပြီး ဒေသခံပြည်သူများ၏ အမြင်များအား ထည့်သွင်းစဉ်းစားရမည်။
Board of educationBoard of education
ပညာရေးဘုတ်အဖွဲ့များအား Prefecture အဆင့်သာမက မြူနီစပယ် အဆင့်အထိ အသီးသီးဖွဲ့စည်းထားသည်။ Prefecture အဆင့် ပညာရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင် ၇ဦးထိရှိပြီး မြူနီစပယ်အဆင့်တွင် ၃- ၅ဦးပါဝင်နိုင်ပြီး သက်ဆိုင်ရာ ဒေသ၏ ပညာရေးဆိုင်ရာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အားတာဝန်ယူရသည်။ ပညာရေးဘုတ် အဖွဲ့ဝင် တစ်ဦးအား ဒေသကိုယ်စားပြု ရွေးကောက်ခံကိုယ်စားလှယ် များထဲမှ ရွေးချယ်တင်မြှောက်ပြီး ကျန်အဖွဲ့ဝင်များအား ရွေးကောက်ရာတွင် ကနဦး၌ ဒေသခံလူထုမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်သော စနစ်အားသုံးခဲ့သော်လည်း ၁၉၅၆ နောက်ပိုင်းတွင် နိုင်ငံရေးဘက်လိုက်မှုများ၊ ဒေသတွင်း စီးပွားရေးအင်အားကြီးသူများ၊ အာဏာရှိသူများ၏ လွှမ်းမိုးမှုများရှိလာသဖြင့် လူထုမှတိုက်ရိုက်ရွေးချယ်သောစနစ်မှ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များမှ အမည်တင်သွင်းသူများအား ဒေသဆိုင်ရာရွေးကောက်ခံကိုယ်စားလှယ် များ၏ သဘောတူညီချက်ဖြင့် ရွေးချယ်သောစနစ်သို့ပြောင်းလဲခဲ့သည်။ ပညာရေးဘုတ်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီဝင်များဖြစ်ခွင့်ရှိသော်လည်း နိုင်ငံရေးဘက်လိုက်မှု ကင်းစေရန်အတွက် ပါတီများတွင် ရာထူးလက်ရှိဖြင့် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။ ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးအတွက် တာဝန်ရှိသော ပညာရေးဘုတ်အဖွဲ့သည် ဒေသအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ သီးခြားလွတ်လပ်မှုရှိသည်။
 ပညာရေးဘုတ်အဖွဲ့သည် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအား ပညာရေးမှုး (superintendent of education) အဖြစ်ရွေးချယ်ခန့်အပ်ပြီး ပညာရေးစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရုံးအဖွဲ့အားဦးစီးစေသည်။ Prefecture အဆင့် ပညာရေးမှုးခန့်အပ်ရာတွင် ယခင်က ၀န်ကြီးဌာန၏ သဘောတူညီချက်လိုပြီး မြူနီစပယ် အဆင့်ပညာရေးမှုးခန့်အပ်ရာတွင် Prefecture ပညာရေးဘုတ်အဖွဲ့၏ သဘောတူညီချက်လိုသည်။ (၁၉၉၉ တွင် သဘောတူညီချက် လိုအပ်ချက်အား ပယ်ဖျက်လိုက်သည်။) ပညာရေးဘုတ်အဖွဲ့များသည် လိုအပ်သောပညာရေးဘတ်ဂျတ်အား ခန့်မှန်းတွက်ချက်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့မှ စစ်ဆေးသည်။ အုပ်ချုပ်ရေး အဖွဲ့၏ခန့်မှန်းဘတ်ဂျက်နှင့် ကွဲပြားမှုရှိပါက ဒေသဆိုင်ရာ ပါလီမန်သို့ တင်သွင်းပြီး အဆုံးအဖြတ်ရယူသည်။

ပထမအကြိမ် ပညာရေးအုပ်ချုပ်ရေး စနစ်ပြောင်းလဲမှု
၁၉၅၆ တွင် အစိုးရသည် ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့စနစ်အား ပြန်လည်သုံးသပ်ပြီး ၀န်ကြီးဌာန - Prefecture ပညာရေးဘုတ်အဖွဲ့ - မြူနီစပယ် ပညာရေးဘုတ်အဖွဲ့များ၏ ဆက်ဆံရေးအား အထက်အောက်ဆက်ဆံရေးပိုဆောင်သည့် ပုံစံသို့ပြောင်းလဲခဲ့သည်။
-       ပညာရေးဘုတ်အဖွဲ့ဝင်များအား လူထုမှ တိုက်ရိုက်ရွေးချယ်သည့်စနစ်အစား ဒေသပါလီမန်များ၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့များက ခန့်အပ်သည့် စနစ်အားသို့ပြောင်းလဲခဲ့သည်။
-       Prefecture ပညာရေးဘုတ်အဖွဲ့၏ ပညာရေးမှုးအား ရွေးချယ်ရာတွင် ၀န်ကြီးဌာန၏ သဘောတူညီချက်လိုပြီး၊ မြူနီစပယ် အဆင့် ပညာရေးမှုးအား ရွေးချယ်ရာတွင် Prefecture ပညာရေးဘုတ်အဖွဲ့၏ သဘောတူညီချက်လိုသည်။
-       ပညာရေးဘုတ်အဖွဲ့များ၏ ဘတ်ဂျက်တွက်ချက်ပြီး တောင်းခံခွင့်အားဖျက်သိမ်းခဲ့သည်။
-       ပညာရေးဝန်ထမ်းများ ခန့်အပ်ရာတွင် မြူနီစပယ် ပညာရေးဘုတ်အဖွဲ့မှတင်သွင်းသည့် အကြံပြုချက်အပေါ်မူတည်၍ Prefecture ပညာရေးဘုတ်အဖွဲ့မှ ခန့်အပ်သည်။
-       ၀န်ကြီးဌာနသည် Prefecture နှင့် မြူနီစပယ် ပညာရေးဘုတ်အဖွဲ့များ၏ ဥပဒေနှင့် မညီညွတ်သော၊ မသင့်လျော်သောလုပ်ဆောင်ချက်များအား ပြင်ဆင်နိုင်ရန် အခွင့်အာဏာရှိသည်။

သင်ကြားစနစ်နှင့် Curriculum ဆိုင်ရာအပြောင်းအလဲ
၁၉၅၈နောက်ပိုင်းတွင် သင်ကြားရေးစနစ်အပြောင်းအလဲများအား လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကျင့်သုံးခဲ့သော child-centered, activity based curriculum အားပုံတူကူးပြီး သင်ကြားခဲ့ခြင်းအကျိုးဆက်အားဖြင့် ကလေးများ၏ ပညာရပ်ဆိုင်ရာ စွမ်းရည် academic ability ကျဆင်းလာသည်ဟု ဝေဖန်မှုများရှိလာပြီးနောက် ကလေးများ၏ အခြေခံစွမ်းရည်များကို ပိုမိမြှင့်တင်ပေးနိုင်သည့် သင်ကြားရေးပုံစံများသို့ပြောင်းလဲခဲ့ကြသည်။ moral education ကိုလဲ စတင်ထည့်သွင်းခဲ့သည်။ အချိန်နှင့် အမျှပြောင်းလဲနေသည့် အခြေအနေများနှင့် လိုက်လျောညီထွေသည့် ပညာရေးဖြစ်စေရန် သင်ကြားသည့် ဘာသာရပ်များအား ၁၀နှစ်တကြိမ် မဖြစ်မနေပြန်လည်သုံးသပ်သည်။ သင်ကြားရေး စာအုပ် Text books များနှင့်ပတ်သက်၍ Prefecture ပညာရေးဘုတ်အဖွဲ့များမှ (authorize) စစ်ဆေးခွင့်ပြုသည်။ Public school များအတွက် text books များကို ဘုတ်အဖွဲ့မှသတ်မှတ်ပေးပြီး Private ကျောင်းများသည် မိမိတို့နှစ်သက်ရာ Authorized text books များအားသုံးခွင့်ရှိသည်။

သင်ကြားရေး ၀န်ထမ်းများနှင့် ပတ်သက်၍
Prefecture ပညာရေးဘုတ်အဖွဲ့သည် သင်ကြားရေးဝန်ထမ်းများ၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးအား တာဝန်ယူသည်။ ကျောင်းအုပ်ကြီးသည် မိမိအလိုရှိရာ ဆရာအား ကျောင်းသို့ပြောင်းရွှေ့ခွင့်ရရန် ဒေသပညာရေးဘုတ်အဖွဲ့သို့တင်ပြရသည်။  ဒေသပညာရေးဘုတ်အဖွဲ့မှတဆင့် သဘောထားမှတ်ချက်နှင့်အတူ Prefecture ဘုတ်အဖွဲ့သို့တင်ပြတောင်းခံရသည်။ ဆရာ၊ဆရာမ အပြောင်းအရွှေ့အား သတ်မှတ်ထားသော နှစ်ကာလတန်လျင် မြိုပြဒေသများတွင် တာဝန်ချထားသည့် ဆရာများနှင့် ဝေးလံသောဒေသတွင် တာဝန်ချခံထားရသော ဆရာများအား အလှည့်ကျ လဲလှယ်သည့်စနစ်အားသုံးသည်။ ကျောင်းတစ်ကျောင်းတွင် နှစ်ရှည်တာဝန်ပေးခြင်းမှ ရှောင်ကျဉ်သည်။

ဆရာသမဂ္ဂ
ဆရာသမဂ္ဂအား ၁၉၄၇တွင် စတင်တည်ထောင်ခဲ့ပြီး တခဏအတွင်း အဖွဲ့ဝင်ပေါင်း ၅သိန်းခန့်နှင့် အင်အားကြီးသမဂ္ဂဖြစ်လာသည်။ သမားရိုးကျ လမ်းစဉ်ကိုင်စွဲသူများသည့် သမဂ္ဂသည် ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီတို့ဖြင့် ပလဲပနံသင့်ပြီး စစ်ပြီးခေတ် အစိုးရ၏ ပညာရေးပြန်လည် သုံးသပ်ခြင်း အစီအစဉ်အား အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ၀န်ကြီးဌာနအနေနှင့် နိုင်ငံရေးဘက်လိုက်မှုကင်းရမည်ဆိုသည့် political neutrality မူအား ကိုင်စွဲပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်သွားခဲ့သဖြင့် ဆရာသမဂ္ဂခေါင်းဆောင်များအား ရာဇ၀တ်မှုဖြင့်တရားစွဲဆိုခြင်း စသည်တို့ဖြစ်ပွားခဲ့သည်။ ၁၉၇၀ နှင့် ၁၉၈၀နှစ်များတွင် ဆရာသမဂ္ဂလှုပ်ရှားမှုများ တဖြည်းဖြည်း အားနည်းလာသည်။ အဓိကအကြောင်းရင်းမှာ ဆရာများ၏ လစာများတိုးမြင့်လာမှု ၊ အချို့သောသမဂ္ဂခေါင်းဆောင်များ၏ ရန်လိုသောထိပ်တိုက်ရင်ဆိုင်မှုများအား စိတ်ပျက်လာသည့် ဆရာများ တိုးပွားလာခြင်းကြောင့်ဖြစ်သည်။ ၁၉၈၀ နှစ်များတွင် ဆရာသမဂ္ဂ၏လှုပ်ရှားမှုများ လုံးဝပျောက်ကွယ်သွားသည်။

၁၉၉၀ နောက်ပိုင်းပြုပြင်ပြောင်းလဲမှုများ
၁၉၉၉တွင် ဒေသဆိုင်ရာ အစိုးရများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို ပိုမိုပေးထားသည် “Comprehensive Decentralization Law” ကိုပြဌာန်းခဲ့သည်။ ထိုနှစ်မှာပင် ပညာရေးကဏ္ဍတွင်လည်း ပညာရေးဘုတ်အဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် တာဝန်များအား ပြင်ဆင်သည့် ဥပပဒေတို့အားပြဌာန်းခဲ့သည်။ ပညာရေးမှုးအား ခန့်အပ်ရာတွင် သဘောတူညီချက် လိုအပ်သည့်စနစ်အားပယ်ဖျက်ခဲ့သည်။ ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့များအပေါ်ဗဟိုထိန်းချုပ်မှုများအား ဖြေလျော့ပေးခဲ့သည်။

ကျောင်းသားသမဂ္ဂ
ဂျပန်တွင် ကျောင်းသား သမဂ္ဂအား学生自治会 (gakusei-jichi-kai)  Students’ self-government-organization ဟုခေါ်သည်။ သမဂ္ဂသည် ယဉ်ကျေးမှုဖလှယ်ပွဲများ၊ အားကစားပွဲများ၊ ကျောင်းသားဖိုရမ်များ၊ international exchanges များ၊ ကျောင်းပွဲတော်များအား လွတ်လပ်စွာ ကျင်းပသည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့သည် ကျောင်းသားအဖွဲ့အစည်းများ၏ လွတ်လပ်သည့် လှုပ်ရှားမှုများအပေါ် ၀င်ရောက်စွက်ဖက်မှုမရှိ။ ကျောင်းသားခေါင်းဆောင်များအား ကျောင်းသားများမှ လွတ်လပ်စွာ ရွေးချယ်သည်။ လွတ်လပ်စွာ အဖွဲ့အစည်းများ၊ အသင်းများဖွဲ့ခွင့်ရှိသော ဂျပန်တွင် ကျောင်းသားအဖွဲ့အစည်းများဖွဲ့စည်းရန် မည်သည့်ခွင့်ပြုချက်မှ မလိုအပ်။

https://www.scribd.com/doc/257292154/JP-Education-Administration-System
https://www.scribd.com/doc/257294709/Japanese-Education-System


References:
http://www.nier.go.jp/English/educationjapan/pdf/201203EAJ.pdf
http://www3.grips.ac.jp/~coslog/activity/01/04/file/Bunyabetsu-9_en.pdf

No comments:

Post a Comment