Saturday, February 6, 2016

သူငယ်တန်းသင်ရိုးသစ် မြန်မာဗျည်းအက္ခရာ လျှော့ချမှုဂယက်

သူငယ်တန်းသင်ရိုးသစ် မြန်မာဗျည်းအက္ခရာ လျှော့ချမှုဂယက်

http://i.ytimg.com/vi/GWOMi6NWaHQ/hqdefault.jpg
‘‘ဥပမာ ကလေးတွေ လှေကားတက်သင်သလိုပဲ။ လှေကား အတက်စောတဲ့ ကလေးနဲ့ လှေကားနောက်မှတက်တဲ့ ကလေးနဲ့ ကျွမ်းကျင်မှုချင်းအတူတူပဲ။ အစောကြီးစိတ်ပူပြီး လှေကားတက်သင်ပေးတဲ့ ကလေးလည်းနောက်ဆုံးကျ လှေကားတက်နှုန်းက ဒီအတိုင်းပဲ။ အဲဒါကြောင့် ဒီစာလုံးတွေမပါတာ စိတ်ပူစရာမရှိပါဘူး’’ ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
  
မြန်မာ ဗျည်းအက္ခရာများ ချန်လှပ်မည့် သတင်းထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်
ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သူငယ်တန်းအဆင့်၌သာ ဗျည်းအက္ခရာ ရှစ်လုံးချန်လှပ်ထားခြင်း
ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရသည်။
‘‘သူငယ်တန်း (KG) က ပထမတန်းနဲ့ မူကြိုကြားအတန်းဖြစ်နေတော့ စာဆိုတာကို သိပ်မပေးချင်သေးဘူး။ အရေးအသားခက်တဲ့ စာလုံးတွေက ရေးတဲ့နေရာမှာ ကလေးတွေရဲ့ သေးငယ်တဲ့ ကြွက်သားတွေနဲ့ မကိုက်သေးလို့ ချန်ခဲ့တာ’’ဟု ၎င်းက ဆက်လက်ရှင်း ပြသည်။
  
သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီက ၁၉၇၂ တွင် သူငယ်တန်းသင်ရိုးညွှန်းတမ်းကို ရေးဆွဲခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အသုံးပြုခဲ့ပြီးနောက် လာမည့် ၂၀၁၆-၁၇ ပညာသင်နှစ်၌ သင်ရိုးညွှန်းတမ်းအသစ်ကို စတင်ပြောင်းလဲအသုံးပြုရန် စီစဉ်နေပြီ ဖြစ်သည်။
  
အဆိုပါသူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် မြန်မာဗျည်းအက္ခရာ (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) တို့ကို ချန်လှပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပညာရေးအသိုင်းအဝိုင်းနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ အငြင်းပွားစရာဖြစ်ခဲ့သည်။
  
‘‘မဖျောက်သင့်တဲ့ အစဉ်အလာကို ဖျောက်ပစ်လို့မရဘူး။ ရှေးရိုးအတိုင်း လက်ခံသင့်တဲ့ အစဉ်အလာကို လက်ခံရမယ်။ ပယ်သင့်တာ ပယ်ရမယ်။ ဒါဆို ဒီဗျည်း ၃၃ လုံးကို ရှေးရိုးအစဉ်အလာဆိုပြီး ပယ်ကြမှာလား။ မြန်မာဗျည်းအက္ခရာ ၃၃ လုံး ရေးဆွဲထားတဲ့ ကားချပ်က ကျောင်းသားရဲ့ လုပ်ငန်းပေးစာအုပ်ထဲမှာ မထည့်ထားဘူး။ သင်ထောက်ကူပစ္စည်း နံရံကပ်အနေနဲ့ပဲ ထည့်ထားတယ်။ ကလေးတွေအတွက် သင်ကြားမှု အခက်အခဲရှိနိုင်တယ်ဆိုတာ ဘယ်စံနှုန်း၊ ဘယ်အပေါ်မှာ အခြေခံပြီး သတ်မှတ်တာလဲဆိုတာ အ ခိုင်အမာပြနိုင်ရမယ်’’ ဟု မြန်မာဗျည်းအက္ခရာလျှော့ချသင်ကြားမှုအပေါ် သဘောမတူကြောင်း အခြေခံပညာဦးစီးဌာနဦးစီးအရာရှိ ဦးငွေတိုးက ပြောသည်။
  
သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် အရွတ်၊ အဖတ်၌ မြန်မာဗျည်းအက္ခရာအားလုံး ပါဝင်ရွတ်ဆိုရမည်ဖြစ်ပြီး ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေကြောင့် (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) စသည့် မြန်မာဗျည်းအက္ခရာရှစ်လုံးကို အရေးအသားတွင် ချန်ခဲ့ပြီး စာသင်နှစ်နောက်ဆုံးသုံးလ၏ ပထမလ၌ စာလုံးရှစ်လုံး၊ ဒုတိယလ၌  စာလုံးရှစ်လုံးနှင့် တတိယလ၌ စာလုံးကိုးလုံးကိုအရေးကျင့်ပေးမည်ဖြစ်ကြောင်း သင်ရိုးရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
‘‘ဒီ ဠ၊ ဋ၊ ဌ၊ ဍ စတဲ့ စာလုံးတွေက အရေးအဆွဲခက်တယ်။ ကလေးတွေက သိပ်ငယ်သေးတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် နည်းနည်းစောသေးလို့ ချန်ခဲ့တာ။ ဒါကို ချန်ခဲ့တာလည်းပြည်တွင်း၊ ပြည်ပပညာရှင်တွေ အများကြီးညှိပြီး ချန်ခဲ့တာ။ အရွတ်၊ အဖတ်မှာတော့ ‘က’ကြီး ကနေ ‘အ’ အထိ ရအောင် ဖတ်သွားမယ်။ အရွတ်၊ အဖတ်မှာ အစဉ်ပျက်သွားမှာစိုးလို့ တစ်လုံးမှ မချန်ဘူး။ ရေးတာကကျတော့အစဉ်တွေကို ဖောက်ပြီးတော့ လွယ်ကူသော စာလုံးတွေကနေ စရေးပြီးတော့မှခက်တဲ့ စာလုံးတွေကို တဖြည်းဖြည်းကူးသွားမယ်’’ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
  
ထိုသို့ပြောင်းလဲအသုံးပြုမည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ပညာရေး သုတေသနဦးစီးဌာနမှ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က အများပြည်သူများအား ရှင်းလင်းပြသမှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်ဟု ပညာရေးအသိုင်းအဝိုင်းမှ ပညာရှင်များက ထောက်ပြသည်။
  
‘‘သင်ရိုးညွှန်းတမ်းအသစ်မှာ ဗျည်းအက္ခရာ ရှစ်လုံးကို ဘာလို့ ထည့်မသင်တာလဲဆိုတာကို အများပြည်သူကို နားလည်အောင် အကျယ်တဝင့် မရှင်းပြခဲ့လို့ အခုလိုပြဿနာတွေ ပေါ်လာတယ်လို့မြင်တယ်။ တကယ်တမ်းက သူငယ်တန်း(KG)ကို စာမသင်ဘဲပထမတန်းကျမှ စာစသင်မယ့် ကိစ္စကို ဆရာတို့လည်း ထောက်ခံတယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ်ရှိ အငြိမ်းစားအထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။
  
အဆိုပါသင်ရိုးသစ်နှင့် ပတ်သက်၍ ‘‘သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းသစ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ပထမတန်းသင်ရိုးညွှန်းတမ်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ’’ ကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသနဦးစီးဌာနမှ သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့များတွင် ဇန်နဝါရီအတွင်း ကျင်းပပြုလုပ်ခဲ့သော်လည်း အများပြည်သူထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိခဲ့ခြင်း မရှိသေးပေ။
  
‘‘အသစ်သင်မယ့် သူငယ်တန်းသင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီး ဘာမှတော့ မသိသေးဘူး။ သတင်းစာတွေထဲမှာ ပါတာလောက်ပဲ သိရတယ်။ သူငယ်တန်းမှာ ကလေးတွေကို စာမသင်ရဘဲ ကဗျာတွေ၊ ပုံပြင်တွေနဲ့ သင်ရမယ်ဆိုတာကို သဘောကျတယ်။ အရမ်းငယ်တဲ့အချိန်မှာ စာမသင်စေချင်သေးဘူး’’ ဟု လာမည့်ပညာသင်နှစ်တွင် ကလေးငယ်ကို သူငယ်တန်း စတင်ထားရှိမည့် ဒဂုံမြောက်ပိုင်းမြို့နယ်မှ မိခင် မသင်ဇာက ပြောသည်။
  
သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်ကို ၂၀၁၂ က စတင်ရေးဆွဲခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေးနှင့် သူငယ်တန်းပညာရေး ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ပညာရှင်များ ပါဝင်ရေးဆွဲခဲ့ကြောင်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
‘‘သင်ရိုးဦးဆောင်ရေးနေတာကလည်း ပညာရေးနဲ့ Ph.D ရထားတာ သုံးယောက်ပါတယ်။ သင်ရိုးကို နိုင်ငံတကာပညာရှင်တွေ၊
ပြည်တွင်းပညာရှင်တွေ အများကြီးနဲ့ ဆွဲထားတာ။ နိုင်ငံတကာ KG သင်ရိုးနဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ကိုချိန်ညှိပြီး ပညာရှင်တွေနဲ့ အကြိမ်ကြိမ်၊ အထပ်ထပ် ညှိနှိုင်းပြီးတော့မှ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် အရင်ချရတယ်။ အဲဒါပြီးမှ သင်ရိုးညွှန်းတမ်းကို အချိန်တော်တော်ယူပြီး ရေးဆွဲခဲ့ကြတာ’’ဟု ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
  
ပြောင်းလဲသင်ကြားမည့် သူငယ်တန်းသင်ရိုးသစ်တွင် ယခင်သင်ကြားနေသည့် ဘာသာရပ်ကို အခြေခံ၍ အလွတ်ကျက်မှတ်မှုအစား ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးနိုင်ရန် စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် သင်ယူဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုပါဝင်အောင်ထည့်သွင်းရေးဆွဲထားကြောင်း သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်
ရေးဆွဲသည့်အဖွဲ့က ဆိုသည်။
  
သင်ယူဖွံ့ဖြိုးမှု နယ်ပယ် ခြောက်ခုမှာ ကိုယ်စိတ်ကျန်းမာခြင်း၊ စာရိတ္တ၊ မိတ္တနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း၊ သင်္ချာအခြေခံကို စူးစမ်းလေ့လာခြင်း၊ အနုပညာရသခံစားဖန်တီးခြင်းနှင့် ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်းတို့ဖြစ်သည်။
  
သူငယ်တန်း သင်ရိုးညွှန်းတန်းသစ်သည် စာသင်နှစ်နောက်ဆုံးသုံးလရောက်မှသာ စာသင်ကြားရမည်ဖြစ်ပြီး ရေးဆွဲရန် ခက်ခဲသည့်စာလုံးများ (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ)ကို ချန်လှပ်၍ မြန်မာဗျည်းအက္ခရာ ၂၅ လုံး၊ အင်္ဂလိပ်အက္ခရာ ၂၆ လုံး ၊ အင်္ဂလိပ်ကိန်း ဂဏန်း (1 မှ 10 အထိ) နှင့် မြန်မာကိန်းဂဏန်း (၁ မှ ၂၀ အထိ) သင်ကြားမည်ဖြစ်ကြောင်း သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
‘‘မြန်မာအက္ခရာဗျည်း ၃၃ လုံးကို KG မှာ သင်တယ်။ သင်တဲ့နေရာမှာ နှစ်မျိုးရှိတယ်။  တစ်မျိုးက ဗျည်းအက္ခရာတွေကို ဒါက ကကြီး၊ ခခွေး ဆိုပြီးသိအောင် သင်ပေးတာ။ နောက်တစ်မျိုးက ရေးတတ်အောင် သင်ပေးတာမှာရေးလို့လည်း ခက်တဲ့စာလုံးမျိုး တွေကိုပထမတန်းရောက်မှ သင်မယ်လို့ လုပ်ထားတာ။ ဒါက နားလည်မှုလွဲတာပါ’’ ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ အကြံပေးပညာရှင် ဒေါက်တာဝင်းအောင်က ပြောသည်။
  
သူငယ်တန်းသင်ရိုးသစ်တွင် စာမေးပွဲစနစ်ရှိမည်မဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်း၏ နေ့စဉ်လုပ်ငန်း၌ ပါဝင်ဆောင်ရွက်မှုများကို မှတ်တမ်းတင်သည့်စနစ်ဖြင့် အမှတ်ပေးကာ ပထမတန်းသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်
ဖြစ်ကြောင်း ပညာရေးသုတေသနဦးစီးဌာန သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
ကလေးငယ်များသည် မြန်မာဗျည်းအက္ခရာများ၊ အင်္ဂလိပ်အက္ခရာများ၊ သင်္ချာအခြေခံ၊ အင်္ဂလိပ်ကိန်းဂဏန်းများ၊ ပုံဆွဲခြင်းနှင့် ဆေးခြယ်ခြင်းတို့ကို သင်ကြားသင်ယူမှု အထောက်အပြုပစ္စည်း (KG Kit) များ အသုံးပြု၍ သင်ကြားရန် ရေးဆွဲထားသည်။
  
လာမည့်ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်ပြောင်းလဲသင်ကြားပါကဆရာ နှင့် ကျောင်းသားအချိုး မမျှတမှု၊ကျောင်းစာသင်ခန်းမလုံလောက်မှုနှင့် သင်ကြားမည့် ဆရာ၏သင်ကြားမှု အရည်အသွေးတို့က စိန်ခေါ်မှုအဖြစ် စောင့်ကြိုနေနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
  
‘‘ဆရာအင်အားမလုံလောက်တဲ့ ကျောင်းတွေမှာ သူငယ်တန်း (KG) ကို ထိထိရောက်ရောက်သင်ပေးဖို့ အခက်အခဲရှိလိမ့်မယ်။ ဆရာလိုအပ်ချက်တင် မဟုတ်ပါဘူး။ KG သင်ရမယ့် သင်ထောက်ကူပစ္စည်း လုံလုံလောက်လောက်ရမှာလား။ စာသင်ခန်းက မလုံလောက်မှုနဲ့ တခြားလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးမယ်ဆိုရင် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်က ပိုပြီးတော့ အောင်မြင်လာမယ်လို့ မြင်တယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးမှ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးက သုံးသပ်သည်။
  
သူငယ်တန်း (KG) တွင် သင်ကြားပေးရန် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများအား တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဇန်နဝါရီမှစတင်၍ မေလအထိ ဗဟိုအဆင့်နှင့် ဆင့်ပွားသင်တန်းများ ပို့ချပေးနေပြီဖြစ်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
  
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သော သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းအသစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရသစ်လက်ထက်၌ မည်သို့အကောင်အထည်ပေါ်လာမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
7 Day Daily,

No comments:

Post a Comment