Saturday, June 27, 2015

သမိုင်းထဲက သမဂ္ဂ၊ သမဂ္ဂထဲက သမိုင်း ကျော်ဝင်း



သမိုင်းထဲက သမဂ္ဂ၊ သမဂ္ဂထဲက သမိုင်း
By
On  
Fri, 2015-04-24 06:30
Issue No.
http://www.7daydaily.com/sites/default/files/story/2015/04/Kyaw%20Win%20%28713%29%2023-4-2015%20Thur_0.jpg
နှစ်ပေါင်း ငါးဆယ်လွန်သောအခါ
၁၉၃၁ခုနှစ်က တရားဝင်ပေါ်ထွက်လာခဲ့သောတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာ ‘၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကာကွယ်သည့်ဥပဒေ’အရ အခြား  သောအဖွဲ့အစည်းများနှင့်အတူ မြန်မာ့လူမှုနိုင်ငံရေးဘ၀မှ ပျောက် ကွယ်သွားခဲ့ရပါသည်။ ထိုစဉ်မှစ၍ ‘အမိမဲ့သား ရေနည်းငါး’လိုဖြစ်ခဲ့ရသော ခေတ်အဆက်ဆက်ကျောင်းသားလူငယ်များမှာ သူတို့တစ်တွေ ၏ နုနယ်သောအရွယ်နှင့် ဘ၀များကို  (အချို့ဆိုလျှင် အသက်ကိုပင်)  စတေးခံကာ ‘ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းခွင့်ရရေး’အတွက် အခါအခွင့်သင့်တိုင်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည် မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ သည်လိုနှင့် နှစ်ပေါင်းငါးဆယ်လွန်သောအခါတွင်ကား ရာစုဝက်မျှ သားသမီးများနှင့်ဝေးနေခဲ့ရသော ‘အပျိုစင်မိခင်သမဂ္ဂ’မှာ တစ်ကျော့တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ရလာခဲ့ပါပြီ။ သို့သော် ...ဤ‘သို့သော်’ကားအရေးကြီးသည်။
လူအများစုထောက်ခံမှုရ ထားသော နိုင်ငံရေးပါတီကြီးတစ် ခုမှ လွှတ်တော်ကိုယ်စားလှယ်များ က မကြာမတင်ဖွဲ့စည်းရတော့ မည့် ‘တက္ကသိုလ်အုပ်ချုပ်ရေး  ကောင်စီ’တွင် သမဂ္ဂကိုယ်စား လှယ်များပါဝင်ခွင့်ကို ငြင်းပယ်ခဲ့ကြသည်။ အဆိုပြုပြဋ္ဌာန်းထားသော ‘ဆရာသမဂ္ဂကိုယ်စားလှယ်၊ကျောင်းသားသမဂ္ဂမှ အမည်စာ ရင်းတင်သွင်းသော ကိုယ်စား လှယ်’ဆိုသည့်နေရာတွင် ‘သမဂ္ဂ’ ဆိုသည်ကို ဖြုတ်ပြီး ‘ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများကရွေးချယ် သော ကိုယ်စားလှယ်’ဟူ၍ အစား ထိုး  ပြင်ဆင်လိုက်ခြင်းဖြစ်ပါ  သည်။ သူတို့၏ ပြင်ဆင်ချက်အဆို မှာ အမျိုးသားလွှတ်တော်တွင် မ အောင်မြင်ခဲ့သော်လည်း ပြည်သူ့ လွှတ်တော်တွင်မူ အတည်ပြုနိုင်ခဲ့ သည်။ သို့အတွက်လာမည့်ပြည် ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူရတော့မည် ဖြစ်သည်။

ပြောရလျှင် ဤကိစ္စမှာ သာ မန်ကွဲလွဲချက်   သက်သက်မျှမ ဟုတ်ပါ။ သမဂ္ဂ၏အခန်းကဏ္ဍနှင့် ပတ်သက်သော၊ သမဂ္ဂ၏အဆင့်နေရာနှင့်ဆိုင်သော၊ သမဂ္ဂ၏ လုပ်ပိုင်ခွင့်ကို ကိုယ်စားပြသော ‘မူ’ပိုင်းဆိုင်ရာပြဿနာဖြစ်သည်။ သမဂ္ဂမှာ ပေါ်လစီနယ်ပယ်မှ ဖယ်ထုတ်ခြင်းခံထားရသော သာမန်မိတ်ဖြစ်ဆွေဖြစ်အသင်းမျှသာလော။ သို့မဟုတ် ကျောင်းသားထု၏ လိုအင်ဆန္ဒနှင့် သဘောထားအမြင်ကို တရားဝင်ထုတ်ဖော်ခွင့်ရသော အဖွဲ့အစည်းလော...။ လွှတ်တော်က အဆုံးအဖြတ်ပေးရတော့မည်ဖြစ်ပါသည်။ ‘လူမတူ မူနှင့်ညှိ၊ မူမတူ သမိုင်းနှင့်ညှိ’ဆိုသော စကားနှင့်အညီ ‘သမိုင်းထဲက သမဂ္ဂ’ ကိုပြန်ကြည့်ကြဖို့လိုပြီထင်ပါသည်။
သမိုင်းထဲက သမဂ္ဂ
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ အတွဲ ၄‘(The Burma Code Volume IV)ကို အကိုးအကားပြုပါမည်။ ဤစာအုပ်၏ စာမျက်နှာ ၁၉၀ တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’(The University of Rangoon Act, Burma Act IX 1920)ရှိသည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ပုဒ်မခွဲ(၁)မှာ ‘တက္ကသိုလ် ကောင်စီ’၏ ဖွဲ့စည်းပုံဖြစ်ပါသည်။ တိကျခိုင်မာစေရန် မူရင်းအတိုင်း ဖော်ပြပါမည်။
11-(1) The Council Shall be Composed of
(a)..........................................................................................................................................................................
(k)Two graduates, not being members of the university staff or Students in the university, nominated by the Executive Council of the Rangoon University Students' Union. Such members shall hold office for a period of one year and Shall be eligible for reappo-intment,
အဆိုပါ ဥပဒေပုဒ်မ၁၁၊ ပုဒ် မခွဲ(၁)၊ ပုဒ်မခွဲငယ်(k)သည်ပင် တရားဝင်ဖော်ပြသော ကျောင်း သားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ဖြစ် ပါသည်။ ‘‘ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အလုပ် အမှုဆောင်အဖွဲ့မှ အမည်စာရင်း တင်သွင်းသော တက္ကသိုလ်ဝန် ထမ်းမဟုတ်သူ၊ တက္ကသိုလ် ကျောင်းသားလည်းမဟုတ်သူ ဘွဲ့ရနှစ်ဦး’’ဟူ၍ အတိအကျအဓိပ္ပာယ်ရပါသည်။(၁၉၅၇ မန္တလေး တက္ကသိုလ်အက်ဥပဒေပုဒ်မ၁၁ ပုဒ်မခွဲ(ဋ)တွင်လည်း ‘‘မန္တလေး တက္ကသိုလ်ကျောင်းသားများ သမ ဂ္ဂအလုပ်အမှုဆောင်အဖွဲ့မှ  အ မည်စာရင်းတင်သွင်းသော ဘွဲ့ရ နှစ်ဦး’’ဟူ၍ ဖော်ပြထားသည်)ဆို ခဲ့ပါ‘‘ရန်ကုန်တက္ကသိုလ်အက်ဥပ ဒေပုဒ်မခွဲငယ်(I)တွင် ဆရာသမဂ္ဂ (ဆရာအစည်းအရုံး)၏ ကိုယ်စား ပြုခွင့်ကို ယခုလို ဆက်လက်ဖော် ပြထားပါသည်။
(I)One member,(not being a member of University staff or a Student in the University)elected by the all Burma Teacher's Association ‘‘ဗမာနိုင်ငံလုံးဆိုင်ရာဆရာများအ စည်းအရုံးမှ ရွေးကောက်တင်မြှောက်သော တက္ကသိုလ်ဝန်ထမ်းမဟုတ်သည့်၊ တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သည့် အဖွဲ့ဝင်တစ်ဦး’’ဟု အတိအကျအဓိပ္ပာယ်ရပါသည်။
သမိုင်းပြန်လှန်ရလျှင် ဆိုခဲ့ ပြီးသော ပုဒ်မခွဲငယ်(k)ပါကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ကို လွယ်လွယ်နှင့် ရခဲ့သည်မဟုတ် ပါ။ ၁၉၃၆ဒုတိယကျောင်းသားသ ပိတ်အပြီး ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်သော ကျောင်းသားလှုပ် ရှားမှုအဆက်ဆက်ကိုဖြတ်သန်း ပြီးမှ ‘၁၉၃၉ပြင်ဆင်ချက်’ဖြင့်တက္ကသိုလ်ကောင်စီတွင် သမဂ္ဂကိုယ်စားလှယ်စတင်ပါဝင်ခွင့်ရလာခဲ့ခြင်းဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော ပုဒ်မခွဲငယ်(k)မှာ ‘၁၉၅၁ ပြင် ဆင်ချက်’ဖြစ်ပါသည်။ တစ်ဆက် တည်းဖော်ပြရလျှင် အိမ်စောင့်အ စိုးရလက်ထက်တွင် ‘၁၉၅၉ပြင် ဆင်ချက်’ ဖြင့် ကိုအောင်ဆန်းတို့ ကြိုးပမ်းမှုကြောင့် ရရှိခဲ့သောဆိုခဲ့ ပါအခွင့်အရေးမှာ ဖျက်သိမ်းခံခဲ့ရ သည်။ ‘တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂမှ ကိုယ်စား လှယ်အမည်စာရင်းတင်သွင်းခွင့် မရှိတော့ဘဲ ကျောင်းသားတစ်ရပ် လုံးက ရွေးကောက်တင်မြှောက်ရ မည်’ ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ဤတွင် မျက်မှောက်ခေတ်အစိုးရ လွှတ်တော်နှင့် နိုင်ငံရေးပါတီတို့ ဆုံးဖြတ်ကြရမည်မှာ ‘ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းတို့ ကြိုးပမ်းမှုကြောင့်ရလာသောအကျိုးရလဒ်ကို ကိုယ်စားပြုကြမည်လော(သို့မဟုတ်) အိမ်စောင့်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်နေ၀င်း၏ပြင်ဆင်ချက်အတိုင်းရပ်တည်မည်လော’’ဆိုသည့် ‘မူ’ပိုင်းဆိုင်ရာရွေးချယ်မှုဖြစ်ပါသည်။
ကိုယ်စားပြုမှု ပြဿနာ
‘‘နိုင်ငံရေးဆိုတာ အသည်းကွဲတတ်ပါတယ်ဗျာ’’ဆိုသော မိတ်ဆွေပန်းချီဆရာဝေချစ်ကို၏ စကားမှာမှန်များ မှန်နေရော့သလားမသိပါ။ ဤရက်ပိုင်းအတွင်း စာရေးသူအနေနှင့် ‘‘အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး’’နှင့် ပတ်သက်ပြီး စိတ်မကောင်းစရာတွေ အတော်ကြုံလိုက်ရသည်။ အမှန်စင်စစ် ရှေ့ပိုင်းတွင်ဖော်ပြခဲ့သော ပါတီမှာ စာရေးသူလေးစားသော  နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပါတီဖြစ်၍ တန်ဖိုးထားလေးစားရသလို ပါတီဥက္ကဋ္ဌဆိုလျှင်လည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အထူးမျှော်လင့်အားထားနေရသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ထက် ပါတီဝင်တော်တော်များများမှာစာရေးသူ၏  ငယ်ပေါင်းမိတ်ဆွေတွေ။ တချို့ဆိုလျှင်  သာမန်မိတ်ဆွေ သက်သက်မဟုတ်။   ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသော လုပ်ဖော်ကိုင်ဖက်၊ ငတ်ဖော်ငတ်ဖက်၊ ပြေးဖော် ပြေးဖက်။ ယခုအသက်(၆၀) ကျော်အထိလည်း ကိုယ့်ထမင်း ကိုယ်ချက်စားရင်း စည်ပင်ရိပ်သာတွင် ဒုက္ခခံဖော်ခံဖက်တွေဖြစ်နေကြဆဲပင်။ ဖြစ်နိုင်လျှင် သူတို့နှင့် သဘောထားမကွဲချင်ပါ။ သို့တစေ အများကြီးငြင်းခုံကြရသည်။ ခွန်းကြီးခွန်းငယ်ပြောရသည်များပင်ရှိသည်။
‘‘မင်းဆောင်းပါးက ဒို့ပါတီနဲ့ ကျောင်းသားကို ရန်တိုက်ပေးတာ ပဲကွ’’ 7Day နှင့် The Voive ပါ ‘‘ပဒေသာစုံမှ ဆန္ဒညီညွတ်ရေး ဗိမာန်သို့’’ ဆောင်းပါးကို ရည်ညွှန်း  ပြီး သူငယ်ချင်းက စွဲချက်တင်သည်။
‘‘ဟုတ်လား။ မင်းတို့ပါတီနဲ့ ကျောင်းသားကို ရန်တိုက်ပေးသ လိုဖြစ်သွားသလား။ ဒါဆိုရင် တော့ ငါနဲ့မဆိုင်ဘူး။ မင်းတို့ပါတီ ရဲ့ရပ်တည်ချက်နဲ့ပဲဆိုင်တယ်’’
စာရေးသူက ပြန်ပက်သည်။ သူငယ်ချင်းက ခွန်းတုံ့ပြန်သည်။
  ‘‘နေပါဦး။ ကျောင်းသားသမဂ္ဂက ရွေးချယ်တဲ့ကိုယ်စားလှယ်ဆိုတော့ သမဂ္ဂ၀င်မဟုတ်တဲ့ကျောင်းသားတွေကို မင်းထည့်မစဉ်းစားတော့ဘူးလား’’
‘‘ဒါဆိုရင်တော့ ငါပြောမယ်။ သမိုင်းကို ကြည့်။ သမိုင်းကိုသိ။ ဒါပဲ’’
စာရေးသူပြန်အော်မိသည်။ စိတ်လည်း  အတော်ပျက်သွား သည်။ ထိုသူငယ်ချင်းမှာ သမိုင်း ကိုမသိသူမဟုတ်။ သမိုင်းဖြစ်စဉ် ထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ် သည်။ သူသိရပေလိမ့်မည်။ သိဖို့ ကောင်းသည်။
မှန်ပါသည်။ ၁၉၃၁ခုနှစ်က အတည်ပြုခဲ့သော ‘‘ရန်ကုန်တက္က သိုလ်ကျောင်းသားများသမဂ္ဂဖွဲ့ စည်းပုံစည်းမျဉ်း’’အရ ကျောင်း သားတိုင်း သမဂ္ဂအဖွဲ့ဝင်မဟုတ် သေးပါ။ ၀င်လိုမှ ၀င်နိုင်သည်။ Voluntaryဖြစ်သည်။ ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့ကိုမူ သမဂ္ဂ၀င်ကျောင်းသားများ၏ မဲနှင့် ရွေးချယ်ကြရသည်။ ဤအချက်ကို အကြောင်းခံပြီး ၁၉၅၃ခုနှစ် တကသရွေးကောက်ပွဲတွင် ပြဿနာကြုံခဲ့ရဖူးသည်။ ထိုစဉ်ကာလ ဖဆပလအစိုးရနှင့် နီးစပ်သော DSO ကျောင်းသားအဖွဲ့က သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသားများကို ၀င်ကြေးငွေပေးသွင်းစေပြီး သူတို့အဖွဲ့အတွက် မဲလာထည့်ခိုင်းကြသည်။ ဤသည်ကို ပြိုင်ဘက်တိုးတက်ကျောင်းသားများက တွေ့၍ မဲပုံးရိုက်ခွဲရာမှ ရွေး ကောက်ပွဲပျက်ရတော့သည်။ သို့ အတွက် ၀န်ကြီးချုပ်ဦးနုက ဤသို့ သော ပြဿနာမျိုးနောက်ထပ်မ ဖြစ်စေရန် ‘‘ကျောင်းသားတိုင်း သမဂ္ဂ၀င်ဖြစ်ရမည်။ သမဂ္ဂ၀င် ကြေးသုံးကျပ်ကို ကျောင်းလခစ သည်များနှင့်အတူ တစ်ပြိုင်နက် တည်း ကောက်ခံစေရမည်’’ဟု ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုစဉ်မှစ၍ တကသမှာ ကျောင်းသားထုတစ်ရပ်လုံး၏ မဲ ဆန္ဒဖြင့် တရားဝင်ကိုယ်စားပြုမှု အာဏာအပ်နှင်းထားသောအဖွဲ့ အစည်းဖြစ်လာခဲ့သည်။ ကျောင်း သားလွှတ်တော်သဘောဟုဆိုနိုင် ပါလိမ့်မည်။ ရွေးကောက်တင် မြှောက်ခံရသော တကသအဖွဲ့ တွင် မိမိလိုလားနှစ်သက်သော ကိုယ်စားလှယ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီမိုကရေစီနည်းလမ်းတကျတက်လာသော အဖွဲ့အစည်းဖြစ်၍ အသိအမှတ်ပြုကြရမည်သာဖြစ်ပါသည်။ သို့အတွက်တက္ကသိုလ်ကောင်စီအဖွဲ့ဝင်ရွေးချယ်ရာတွင် ကျောင်းသားထုတစ်ရပ်လုံး မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော တကသမှပင် အမည်စာရင်းတင်သွင်းခွင့်ရှိရမည်မှာ သဘာဝကျသည်။ ဒီမိုကရေစီနည်းကျဖြစ်သည်ဟုဆိုရမည်သာ ဖြစ်သည်။ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ် ဟုတ်၊ မဟုတ်ဆိုသည်ကို မည်သည့်မှတ်ကျောက်ဖြင့် ဆုံးဖြတ်ကြမည်နည်း။ ရွေးကောက်ပွဲ မှလွဲ၍ အခြားမရှိဟု သဘောရပါ သည်။ ‘‘ဘာကြောင့်များနောက် ထပ်အချိန်ကုန် လူပန်းအလုပ်ပျက်စရိတ်တက်ခံ ရွေးကောက်ပွဲလုပ်ကြဦးမည်နည်း’’
သမဂ္ဂထဲက သမိုင်း
 သမိုင်းထဲက သမဂ္ဂအကြောင်းကို သိမှ ကြည့်မှ သမဂ္ဂထဲက သမိုင်းကို တန်ဖိုးထားလေးစားတတ်ပါလိမ့်မည်။ သမိုင်းသင်ခန်းစာများကိုလည်း မှန်မှန်ကန်ကန်ထုတ်ယူနိုင်လိမ့်မည်ဟု သဘောရသည်။
  ပြောကြစတမ်းဆိုလျှင်ကျောင်းသားသမဂ္ဂသမိုင်းသည် ပင် အမျိုးသားလွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင် လောက်ပါသည်။ လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းဆောင် ကြီး   ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားလူငယ်ဘ၀ဆိုလျှင် သမဂ္ဂထဲက သမိုင်းတွင် အထင်အ ရှားပါရှိပြီးဖြစ်သည်။ ရဲဘော်သုံး ကျိပ်၏အစ ပြည်ပအကူအညီရှာ ဖွေရေးခရီးစဉ်ဆိုလျှင်လည်း တ ကသအဆောက်အအုံအပေါ်ထပ် အစည်းအဝေးတစ်ခုမှ စတင်ခဲ့ သည်ဟု မှတ်သားရရာ မြန်မာ့တပ် မတော်၏ သန္ဓေသားမှာ သမဂ္ဂရင် ခွင်ထဲမှ ပေါက်ဖွားလာသည်ဟူ၍ ပင် ဆိုနိုင်လောက်ပါသည်။
သို့နှင့်တိုင် သမဂ္ဂထဲက သ မိုင်းတွင် ဆိုခဲ့ပါဂုဏ်ယူဝင့်ကြွားစ ရာများသာမက ခါးသီး၊ နာ ကြည်း၊နောင်ကြဉ်စရာသင်ခန်း စာများလည်း မနည်းမနောရှိခဲ့ သည်သာဖြစ်သည်။ အထူးသဖြင့် လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ခုနှစ်မှာပင် ‘ဗကသ’အမည်ဖြင့်တောခိုသွားခဲ့သည်များ၊ တစ်ဖက်မှလည်း  ကျောင်းသားရဲခေါင်တပ်ဖွဲ့များဖွဲ့ပြီး ပြည်တွင်းစစ်ထဲပါသွားခဲ့သည်များ...။ စစ်အေးခေတ်၏ နိုင်ငံရေးပဋိပက္ခများထဲတွင် ကျောင်းသား လူငယ်တွေမြေစာပင်ဖြစ်ခဲ့ရသည်။ အကျိုးဆက်ကား ခေတ်အ ဆက်ဆက်ကျောင်းသားများနှင့် အစိုးရများအား ယုံကြည်မှုပျောက်ဆုံးသွားခဲ့ရခြင်းပင်ဖြစ်တော့သည်။ အစိုးရက ကျောင်းသားကို မယုံ၊ ကျောင်းသားကအစိုးရကို မယုံနှင့် သံသယအစိုင်အခဲတွေ သက်ဆိုးရှည်ခဲ့ရသည်။ စစ်အေးတိုက်ပွဲအကျိုးဆက် ပြည်တွင်းစစ်သမိုင်းကြီး၏ အရိပ်အမည်းများ တက္ကသိုလ်စာသင်ခန်းများအထိ  ရောင်ပြန်ဟပ်ခဲ့ရသည်။
ကမ္ဘာတွင် စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်ခဲ့သည်မှာ ရာစုတစ် စိတ်ကျော်ခဲ့ပါပြီ။ မြန်မာနိုင်ငံတွင် လည်း ပြည်တွင်းစစ် ‘ချသမိုင်း ကြီး’ကို အဆုံးသတ်ကြဖို့ အချိန် တန်ပါပြီ။ စစ်အေးခေတ်သံသယ များကို ဖယ်ရှားပြီး ကျောင်းသား နှင့်အစိုးရကြား ပြန်လည်ရင်ကြား စေ့ကြရပါတော့မည်။ ဤအတွက် နှစ်ဖက်လုံးက ကြိုးစားကြရပါလိမ့်မည်။ အထူးသဖြင့် လူကြီးများဖြစ် သော အစိုးရဘက်တွင် ပိုတာဝန်ရှိ သည်။ (ဤနေရာတွင် အစိုးရဆို သည်မှာ တည်ဆဲအစိုးရကိုသာမက  နောင်အစိုးရဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေးပါတီများကိုပါဆိုလိုသည်။) စစ်အေးခေတ်သံသယများဖြင့် ကျောင်းသားသမဂ္ဂများကို ပိတ်ပင်တားဆီးကန့်သတ်သည်မျိုးမလုပ်သင့်မလုပ်အပ်တော့ပါ။ ကျောင်းသားများဘက်မှလည်း ပညာတတ်လူငယ်များပီပီခေတ်ရေစီးကို သဘောပေါက်နားလည်ကြရမည်ဖြစ်ပါသည်။ မျက်မှောက်ခေတ်၏ တူရူချက်မှာ‘‘စစ်နှင့်တော်လှန်ရေး’’မဟုတ်။ ‘‘ပညာနှင့်တည်ဆောက်ရေး’’ ဆိုသည်ကို နှလုံးသွင်းနိုင်ရပါလိမ့်မည်။ စာရေးသူအနေနှင့် လက်ရှိ ‘‘အမျိုးသားပညာရေးဥပဒေ’’ မှာပင် ခေတ်အဆက်ဆက်ပျောက်ဆုံးနေသော ကျောင်းသားနှင့်အစိုးရကြား ယုံကြည်မှုကို ပြည်လည်ရရှိစေချင်သည်။ ကြိုးစားပေးကြပါဟုလည်း  မေတ္တာရပ်ခံအပ်ပါသည်။


FBမှ ကူယူဖော်ပြပါသည်။







No comments:

Post a Comment