Monday, December 28, 2015

လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရ

လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရ

Jan 1, 2014

(ဆောင်းပါးရှင် - မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်))

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက်သည် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ နှစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့၏ ပျော်ရွှင်ဖွယ်မြင်ကွင်းများကို ယခု အသက် ၇၅ နှစ်ကျော် လူကြီးများက ကောင်းကောင်းမှတ်မိကြမည် ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်ကတည်းက အတွေးဖြင့် ရင်ခုန်ခံစားမိသည့် အတွေ့အကြုံတစ်ခုရှိပါသည်။ ယင်းမှာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၃ ရက်ည၏ အတွေ့အကြုံ ဖြစ်ပါသည်။ အလွန်ပင် ရင်ခုန်ကြည်နူးစရာကောင်းမည်ဟု ထင်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် နံနက် ၄ နာရီ ၁၉ မိနစ်အထိသည် မြန်မာနိုင်ငံမှာ သူ့ကျွန်ဘ၀က မလွတ်မြောက်သေး။ နံနက် ၄ နာရီ မိနစ်၂၀ မှစ၍ မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခဲ့ရပါသည်။

လွတ်လပ်ရေးဟူသည် တိုင်းတစ်ပါး၏ အုပ်စိုးခြင်းက လွတ်လပ်မှုကို ဆိုခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ဟူသည် တိုင်းတစ်ပါး၏ စိုးမိုးအုပ်ချုပ်မှုအောက်က လွတ်မြောက်သောနေ့ဖြစ်သည်။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါ ပိုသိတတ်သကဲ့သို့ လွတ်လပ်ခြင်း၏ တန်ဖိုးအနှစ်သာရကို လွတ်လပ်ရေးဆုံးရှုံးစဉ်က ပိုသိကြသည်။ ကျွန်တော်တို့မှာ လွတ်လပ်ရေးရပြီးနောက်မှ မွေးဖွားလာသူများဖြစ်သောကြောင့် သူ့ကျွန်ဘ၀ အတွေ့အကြုံကို စာသိ၊ တစ်ဆင့်သိအဖြစ်သာ သိခွင့်ရပါသည်။ လွတ်လပ်ရေးဆုံးရှုံးရခြင်း၏ အဖြစ်သနစ်များ၊ နာကြည်းကြေကွဲစရာ ခံစားမှုများကို စာထဲပေထဲတွင် ဖတ်ရဖူးပါသည်။

ထိုအထဲမှ အကျော်အမော်ကစားသမားတစ်ဦးနှင့် စာပေပညာရှင်စာဆိုတစ်ဦး၏ အတွေ့အကြုံခံစားမှုကို သာဓကဆောင်ပြပါမည်။ တိုက်တိုက်ဆိုင်ဆိုင် တစ်နှစ်အတွင်း၌ တွေ့ကြုံခံစားခဲ့ကြရသည့် အတွေ့အကြုံများဖြစ်ပါ သည်။ တစ်ဦးမှာ ကာယဗလအားကစားတွင် ထူးချွန်သည့် မြန်မာလူသန် ဇော်ဝိတ်ကြီးဖြစ်သည်။ နောက်တစ်ဦးမှာ စာပေပညာရှင် စာဆိုမင်းသုဝဏ်ဖြစ်ပါသည်။

ဦးဇော်ဝိတ်သည် တွံတေးကွမ်းခြံကုန်း ကားလမ်းနံဘေးရှိ နတ်စင်ကုန်းရွာ ဇာတိဖြစ်သည်။ ၁၉၁၁ ခုနှစ် မတ် ၇ ရက်တွင် ဖွားမြင်သည်။ ကာယဗလ ဦးရှိန်၏ တပည့်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ၀န်ကြီးချုပ်ဦးနု အစိုးရအဖွဲ့လက်ထက်တွင် ဘီအေဘွဲ့နှင့် ၀ဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းခြင်းခံရသည်။ ၁၉၅၅ ခုနှစ်တွင် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီညွှန်ကြားရေးဝန်ဖြစ်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဦးဇော်ဝိတ်သည် ကာယဗလမောင်အဖြစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းအနေနှင့် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရခြင်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ လက်ရွေးစင်အားကစားသမားအဖြစ် ပြိုင်ပွဲဝင်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် လွတ်လပ်ရေး မရသေး။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့၏ လက်အောက်တွင် အိန္ဒိယ၏ပြည်နယ် တစ်ခုအသွင်သာ ရှိနေခဲ့ပါသည်။ထို့ကြောင့် ကာယဗလဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ ဆရာတပည့်နှစ်ဦးသည် မြန်မာပြည်ဖွားစစ်စစ်က ပန်ချာ ဗီဗောင်းထုပ်ပေါင်းပြီး အိန္ဒိယအဖွဲ့နှင့် ပါဝင်ခဲ့ကြရသည်။ ကျွန်အောက်က သပေါက်ဖြစ်ရသည့်ဘ၀ကို တောက်တခေါက်ခေါက်နှင့် အားမလိုအားမရဖြစ်ခဲ့ကြရသည်။ လွတ်လပ်သည့်နိုင်ငံများ အိုလံပစ်အသင်းကြီးနှင့် ချိတ်ဆက်ထားသည့်နိုင်ငံများက သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုအလံများနှင့် ၀င့်ဝင့်ကြွားကြွားပါဝင်ခွင့်ရကြသည်။ ထိုစဉ်က ဂျာမနီ အာဏာရှင်ဟစ်တလာနှင့် ပရိသတ်နှစ်သောင်းကျော် တက်ရောက်အားပေးကြသည်။ ပြိုင်ပွဲတွင် ဦးဇော်ဝိတ်သည် အဆင့် ၁၄ သာ ရရှိသည်။ သို့ရာတွင် အားကစားသမားလောက၌ ဦးဇော်ဝိတ်ကို သတိထားမိသွားကြသည်။ မိမိတွင် အရည်အချင်းရှိပါလျက် မလွတ်လပ်သေးသည့် ကာလဖြစ်သောကြောင့် မိမိတိုင်းပြည် ကိုယ်စားပြုအလံကို ကိုင်ဆောင်ကာ မပါဝင်ရသည်ကို နာကြည်းခဲ့ကြခြင်းဖြစ်ပါသည်။

နောက်တစ်ဦးမှာ ဆရာကြီးမင်းသုဝဏ်ဖြစ်သည်။ ဆရာကြီးသည် ၁၉၃၆ ခု နှစ်တွင် ထိုစဉ်က အစိုးရပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်သို့ သွားခွင့်ရသည်။ သူကိုင်ဆောင်ရသည့် နိုင်ငံ ကူးလက်မှတ်မှာ Britsh Indian Passport ဖြစ်သည်။ ၁၉၃၆ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပဲခူးအမည်ရှိ သင်္ဘောနှင့်ခရီးနှင်ရသည်။ ဘင်္ဂလားပင်လယ်အော်၊ အာရေဗျပင်လယ်၊ ပင်လယ်နီ၊ ဂျီဘရော်လ် တာရေလက်ကြား၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တစ်နေ၀င်တစ်နေထွက် ခရီးဆက်ရာ တစ်လနှင့်နှစ်ရက်ကြာမှ အင်္ဂလန်သို့ရောက်ပါသည်။ မြန်မာပြည်က သင်္ဘောနှင့် ခရီးထွက်ပြီး စူးအက်တူးမြောင်းအ၀င် စူးအက်မြို့၌ ကျောက်ချ ရပ်နားပါသည်။

ထိုအခါ အီဂျစ်အစိုးရ လူဝင်လူထွက်အရာရှိ၊ အကောက်တော်အရာရှိ ကျန်းမာရေးအရာရှိတို့ မော်တော်ဘုတ်ဖြင့် သင်္ဘောကို လာစစ်ကြသည်။ မော်တော်ဘုတ်တွင် အီဂျစ်နိုင်ငံတော်အလံကို လွှင့်လာရာ အစိမ်းရောင် အလံကလေးမှာ ပင်လယ်လေတွင် တလူလူလွင့်နေသည်ကို မြင်တွေ့ရသည့်အခါ သူတစ်ပါး၏အလံကိုသာ အလေးပြုခဲ့ရသည့်အဖြစ်ကို တွေးမိသည့်အတွက် စိတ်ထဲတွင် အလွန်ဝမ်းနည်းကြေကွဲခဲ့ရပါသည်။
ထို့ကြောင့် ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သည့်တိုင်းပြည်တွင် ခြေချဖူးအောင်ဟူသောအကြံဖြင့် ကုန်းပေါ်တက်ပြီး အီဂျစ်ပြည်ကိုင်ရိုမြို့အထိ သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပါသည်။ ၀မ်းသာဝမ်းနည်း ဖြစ်မိခဲ့ပါသည်။ အင်္ဂလန်ရောက်သည့်အခါတွင်လည်း လွတ်လပ်သည့်နိုင်ငံတစ်ခု၏ လွတ်လပ်သည့်လူမျိုးများကို တွေ့ရပါသည်။ ကျောင်းပိတ်ရက်များတွင် အီတလီ၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတို့သို့ သွားရောက်လည်ပတ်သည်။ ပြင်သစ်ပြည် ပါရီတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာပြပွဲကြီးသို့ သွားရောက်လေ့လာသည်။ ထိုသို့သွားရောက်လေ့လာတိုင်း ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် အားမလိုအားမရဖြစ်ပြီး ရင်ထဲ၌ ဆို့နင့်ကြေကွဲရပါသည်။ ထိုခံစားမှုများကို ဆရာကြီးက "ဗိလပ်ကျွန်ဖြစ် သပြေညို"ဟူသော ဆောင်းပါးတွင် ရေးပြခဲ့သဖြင့် သိခဲ့ရပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ မလွတ်လပ်သေးမီက ကမ္ဘာပေါ်ရှိ လွတ်လပ်သည့်နိုင်ငံ၊ လွတ်လပ်သည့် လူမျိုးတို့နှင့် ထိတွေ့ဆက်ဆံခံရသူတို့၏ ရင်ထဲမှကိုယ်တွေ့ခံစားမှုများ ဖြစ်ပါသည်။

လွတ်လပ်ရေးနေ့အကြိုည ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၃ ရက်ညမှာ အလွန်ပျော်ဖို့ကောင်းမည်ထင်ပါသည်။ နှိုင်းပြစရာမရှိဟု ထင်ပါသည်။ ထိုည၏အတွေ့အကြုံကို ဆရာကြီးမန်းတင်က ရေးပြခဲ့ဖူးပါသည်။ ဆရာကြီးတို့ မိသားစုနေထိုင်သည့် စမ်းချောင်းတစ်ရပ်လုံး စည်စည်ကားကား ရုတ်ရုတ်သဲသဲဖြင့် နောက်တစ်နေ့ လင်းအားကြီးချိန်တွင် ကြေညာမည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို စိတ်အားထက်သန်စွာ စောင့်ကြိုနေကြသည်။ အိုးစည်ဝိုင်းဒိုးပတ်ဝိုင်းများဖြင့် တီးမှုတ်ကခုန်နေကြသည်။ အချို့က အိုးကြီးအိုးငယ်များဖြင့် ချက်ပြုတ်စားသောက်ကြသည်။ တစ်ညလုံးမအိပ်ဘဲနေသည့် သူများကို ကျွေးမွေးဖို့ဖြစ်သည်။ အရုဏ်ဦးလင်းအားကြီးချိန်တွင် အချက်ပေးလိုက်သည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူထားကြသည်။ တစ်အိမ်သားလုံး အလံတော်ကို အလေးပြုကြသည်။
"ကမ္ဘာမကြေ မြန်မာပြည်"အစချီသော အမျိုးသားသီချင်းကို အားပါးတရ သီဆိုကြသည်ဟူ၍ ရေးပြခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မွေးဖွားကြီးပြင်းလာသူတို့မှာ ကံထူးသူများဖြစ်ပါသည်။ လွတ်လပ်သည့်လူ ဖြစ်ရခြင်း၊ အဖိနှိပ်ခံသူ့ ကျွန်ဘ၀မှ လွတ်မြောက်ခြင်းတို့ကို တန်ဖိုးထားရပါမည်။ ဤနေရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် လွတ်လပ်ရေး၏အဓိပ္ပာယ် တန်ဖိုးအနှစ်သာရကို သတိပြုသင့်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က ရန်ကန်မြို့ မြို့တော်ခန်းမတွင် ပြောကြားခဲ့သည့်မိန့်ခွန်း ဖြစ်သည်။ လုပ်ကြံမခံရမီ ခြောက်ရက်အလိုတွင် ဟောခဲ့သည့်မိန့်ခွန်းဖြစ်သည်။ "လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေရဲ့အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ ဥပမာ ခင်ဗျားစီးပွားရေး ဖြစ်ထွန်းအောင်လုပ်တဲ့နေရာမှာ တိုင်းပြည်တစ်ပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး။ အခြားလူတွေရဲ့အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျားလွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အခြေအနေရှိရမယ်"ဟု ဆိုခဲ့ပါသည်။ လွတ်လပ်ပြီဆိုပြီး လူသွားလူလာလမ်းပေါ်မှာ ဆေးလှန်းတာမျိုးမဖြစ်ရအောင် သတိပြုရပါမည်။

ထို့ကြောင့် လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရကို အလေးထားကြရပါမည်။ ထိန်းသိမ်းစောင့်ရှောက်ကြရပါမည်။ မိမိတို့၏အမျိုးသားရေးလက္ခဏာ (National Iden-tity) ကိုလည်း တန်ဖိုးထားရပါမည်။ အရာရာတွင် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မထားသင့်ပါ။ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အသိတရားရှိရှိနှင့် ထိန်းသိမ်းကာကွယ်ကြရပါမည်။ သို့မှသာ လွတ်လပ်ခြင်း၏ အရသာကို အပြည့်အ၀ ခံစားနိုင်ကြပါမည်။
 

No comments:

Post a Comment