Tuesday, June 30, 2015

NNER နှင့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁) ချက်အပေါ် မေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ (FAQs)




 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်
National Network for Education Reform (NNER)
NNER နှင့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁) ချက်အပေါ် မေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ (FAQs)

(၁) အခမဲ့ မသင်မနေရပညာရေး (compulsory) စာသင်နှစ် (၉) နှစ်
NNER နှင့်ကျောင်းသားများက ကလေးတိုင်း ပညာသင်ကြားနိုင်အောင် အနည်းဆုံးစာသင်နှစ် (၉) နှစ်ကို အခမဲ့ မသင်မနေရ (compulsory) ပညာရေးအဖြစ် အမျိုးသားပညာရေးဥပဒေတွင် ပြဋ္ဌန်းရန်တောင်းဆိုသည်။

Q1. အခမဲ့ မသင်မနေရ (compulsory) ပညာရေးကို ဘာကြောင့် (၉) နှစ် အထိတောင်းဆိုရသလဲ။
A1. ကလေးတိုင်း၏ အခမဲ့ပညာသင်ကြားရေးကို တာဝန်ယူဆောင်ရွက်ရန်အတွက် ဥပဒေဖြင့် ပြဋ္ဌာန်းရန်လိုအပ်ပါသည်။ မြန်မာပြည်၏ ပညာသင်ကြားနိုင်မှုအခြေအနေမှာ မူလတန်းအဆင့်အပြီး ကျောင်းထွက်ရသည့် ရာခိုင်နှုန်းအများဆုံးဖြစ်နေပြီး တိုင်းပြည်၏ ပညာတတ်မြောက်မှု ပျှမ်းမျှအတန်းပညာ အဆင့်မှာလည်း မူလတန်းအဆင့် ဖြစ်နေသည့်အတွက် အခမဲ့ မသင် မနေရ စနစ်ကို (၉) နှစ် ဥပဒေပြဋ္ဌာန်းခြင်းဖြင့် နိုင်ငံတော်၏ တာဝန်ခံမှုကို ကတိကဝတ်ပြုရာရောက်ပါသည်။
ထို့ပြင် ဖွံဖြိုးမှုနည်းပါးပြီး ပညာရေး နိမ့်ကျဆိုးဝါးသော တိုင်းရင်းသားဒေသများတွင် အပစ်အခတ် ရပ်စဲပြီးကာလ ပြန်လည်ထူ ထောင်ရေးနှင့် ဖွံဖြိုးရေးအတွက် နိုင်ငံတော်မှ မဖြစ်မနေလုပ်ဆောင်ပေးရန် တာဝန်ရှိသောကြောင့် ဥပဒေဖြင့် အာမခံ ဖြည့် ဆည်းပေးရာ ရောက်ပါသည်။

Q2. မသင်မနေရ ဥပဒေပြဋ္ဌန်းရင် ကလေးကျောင်းမထားတဲ့မိဘတွေကို အရေးယူမလား။
A2. မိဘများကိုအရေးယူသည့်နည်းကို မသုံးဘဲကူညီပံ့ပိုးပေးသည့်နည်းကိုသုံးရန် NNER က အကြံပြုသည်။ မိဘများ အ တွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း။ လူမှုစောင့်ရှောက်ရေးအစီအစဉ်များ ထားရှိခြင်းဖြင့်ကူညီနိုင်သည်။

Q3. အခမဲ့ မသင်မနေရစာသင်နှစ် (၉) နှစ်က လက်တွေ့မှာဖြစ်နိုင်ပါ့မလား။
A3. ဖြစ်နိုင်ပါသည်။ အစိုးရကတာဝန်ယူဆောင်ရွက်ပြီး လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ ပညာရေး အသုံးစရီတ် လုံလောက်အောင်တိုးမြှင့်လျှင်အကောင်အထည်ဖော်နိုင်ပါသည်။

Q4. ပညာရေးဝန်ကြီးဌာနက အခမဲ့ ပညာရေးကို အထက်တန်းအထိလုပ်မယ်လို့ ကြားနေရပါတယ်။ ဒါပိုမိုမကောင်းဘူးလား။
A4. အခမဲ့ပညာရေးသည် ကျောင်းရောက်လာသော ကလေးများအတွက်သာ အကျုံးဝင်ပြီး အခမဲ့မသင်မနေရ ဖြစ်မှသာ က လေးအားလုံး ကျောင်းရောက်အောင် ဆောင်ရွက်နိုင်ပေမည်။ ထို့ပြင် လက်ရှိပညာရေးစနစ်၏ အားနည်းချက်ကြောင့် ကလေး များ ကျူရှင်တက်နေရသည့်အတွက် အစိုးရကျောင်းတွင် အခမဲ့ဆိုသော်လည်း လက်တွေ့တွင် အခမဲ့မဖြစ်ပေ။ ထို့ပြင် ကျေး လက် ဒေသနေ ပြည်သူများသည် နွမ်းပါးသူများဖြစ်တဲ့အပြင် ပညာရေးအခြေခံအဆောက် အအုံများ မပြည်စုံခြင်းနဲ့အတူ ကျောင်းကသင်တဲ့ပညာရပ်ကလည်း သက်မွေးဝမ်းကျောင်းပညာ ပါဝင်ခြင်းမရှိတာကြောင့် ကျောင်းနေအရွယ် သားသမီးများ ကို ကျောင်းတက်ဘို့ အားမထုတ်တော့တဲ့အချက်က အခမဲ့ပညာရေးမအောင်မြင်ခြင်းရဲ့ အဓိကအချက်ဖြစ်ပါတယ်။ အထူး သဖြင့် ဆင်းရဲနွမ်းပါးမှုမြင့်မားတဲ့ မြန်မာပြည်လိုနိုင်ငံမှာ နိုင်ငံတော်က ကျောင်းလခ အခမဲ့ဆိုတဲ့ အစီအစဉ်ထက်ပိုတဲ့ အစီ အစဉ်တွေ ဆောင်ရွက်ပေးရပါမယ်။ ဥပမာ ဆင်းရဲမှုနှုန်းမြင့်တဲ့ဒေသတွေမှာ မူလတန်းအဆင့် ကလေးသူငယ်များကို အဟာရ အခမဲ့ စီစဉ်ပေးခြင်းဖြင့် ဆင်းရဲတဲ့ အိမ်ထောင်စုများရဲ့ တာဝန်ကို နိုင်ငံတော်က ခွဲဝေတာဝန်ခံပေးရပါတယ်။ အဲဒီအစီအစဉ် တွေအတွက် ဘဏ္ဍာငွေ ကတိကဝတ်ကို ဥပဒေနဲ့ပြ ဋ္ဌာန်းပေးရပါမည်။

Q5. 2008 အခြေခံဥပဒေမှာ အခမဲ့မသင်မနေရပညာရေးကို မူလတန်းအထိပဲဖော်ပြထားလို့ အခြေခံဥပဒေဘောင်ကို ကျော် လို့ ရပါ့မလား။
A5. အခြေခံဥပဒေကိုလည်းပြင်ရပါမည်။ ၂ဝ၁၅ မေလတွင် ကိုးရီးယားနိုင်ငံ အင်ချွန်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ ပညာရေး ညီလာခံ (World Education Forum 2015) တွင် နိုင်ငံအသီးသီးသည် အခမဲ့ မသင်မနေရပညာရေး (compulsory) ကို အနည်းဆုံး စာသင်နှစ် (၉) နှစ်ဆောင်ရွက်ရန် သဘောတူထားပြီး ဖြစ်ပါသည်။ အဆိုပါပညာရေးညီလာခံသို့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပါသည်။  (၂) ပညာရေးအသုံးစရိတ် ၂၀%
NNER နှင့်ကျောင်းသားများက ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% အနည်းဆုံးသုံးစွဲရန် တောင်းဆိုပါ သည်။

Q6. ပညာရေးအသုံးစရိတ်ကိုဘာကြောင့် ၂၀% တောင်းဆိုရသလဲ။
A6. ပညာရေးကိုမြှင့်တင့်ရန်၊ အရည်အသွေးရှိသောပညာရေးကို ကလေးအားလုံးရရှိရန်၊ ဆရာများ၏ အရည်အသွေး မြှင့်တင် ရန်၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်ရန်၊ စာသင်ခန်းများတိုးချဲ့ရန်၊ ပျက်စီးယိုယွင်းသော ကျောင်းများပြုပြင်ရန် အတွက် ပညာရေးအသုံးစရိတ်များ တိုးရန်လိုအပ်သည်။ ၂၀၁၅ မေလတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေးညီလာခံတွင် နိုင်ငံ အသီးသီးသည် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၁၅% မှ ၂၀% သုံးစွဲရန် အဘောတူ ထားကြသည်။ ပညာ ရေးဆိုင်ရာ လူထုအဖွဲ့အစည်းများက ၂၀% အနည်းဆုံး သုံး စွဲရန် တောင်းဆိုထားကြသည်။
ပညာရေး အသုံးစရိတ်တိုးမြှင့်ခြင်းဖြင့် တိုင်းရင်းသားပညာရေးအစီအစဉ်များ ဖွံဖြိးရေးနှင့် မသင်မနေရ အခမဲ့ အလယ်တန်း ပညာရေး အစီအစဉ်များ အကောင်အထည်ဖော်ရန် မဖြစ်မနေ ပံ့ပိုးပေးရမည့်တာဝန်ကို ဥပဒေဖြင့် တာဝန်ခံ ကတိကဝတ်ပြုရာ ရောက်ပါသည်။
ပညာရေးအရည်အသွေးကို တာဝန်ခံရမည့် ကျောင်းဆရာများနှင့်တကွ စီမံအုပ်ချုပ်ရေးတွင် ပါဝင်ကြမည့် မိဘများ ရပ်မိရပ်ဖ များနှင့် ကျောင်းသားများ၏ အရည်အသွေးများမြှင့်တင်ရန် စွမ်းဆောာင်ရည်မြှင့်တင်ရေးအစီအစဉ်များအတွက် ရင်းနှီး မြှပ်နှံရန် ဥပဒေဖြင့် ဘတ်ဂျက်ကို ကတိကဝတ်ပြုရာ ရောက်ပါသည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန်ခွာရသော တိုင်းရင်းသားများကို နေရပ်တွင် ပြန်လည်နေရာချထားရာတွင် ၄င်းတို့ အတွက် ပညာရေးအစီအစဉ်များ လက်လှမ်းမှီရန် မဖြစ်နေ ဆောင်ရွက်ပေးရမည်ဖြစ်သောကြောင့် နိုင်ငံတော်မှဥပဒေဖြင့် တာ ဝန်ယူရန် လိုအပ်ပါသည်။ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးလျှင် လက်နက်ကိုင်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူများ သည် အသက်မွေးဝမ်းကြောင်း ပညာရပ်များ၊ သင်တန်းများ တက်ရောက်နိုင်ရန်အတွက်လည်း ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် လိုအပ်ပါသည်။
နွမ်းပါးသူကျောင်းသားကျောင်းသူများ အထက်တန်းပညာရေးနှင့် တက္ကသိုလ်ပညာရေး လက်လှမ်းမီရန်အတွက် ပညာရေးကုန် ကျစရိတ် စီစဉ်ပေးရန် နိုင်ငံတော်တွင် တာဝန်ရှိပါသည်။ ထို့ကြောင့် ဘတ်ဂျက်ကတိကဝတ်ကို ဥပဒေနဲ့ ပြဋ္ဌာန်းရန် လိုအပ်ပါ သည်။ ပညာရေးကဏ္ဍကို ပုဂ္ဂလိကလက်သို့ ထိုးအပ်ခြင်းမပြုဘဲ အများတက်ရောက်သည့် ကျောင်းများကို အရည်အသွေးမြင့် အောင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။

Q7. မြန်မာနိုင်ငံက တိုင်းပြည်ဝင်ငွေနည်းတဲ့အတွက် ပညာရေးအသုံးစရိတ် ၂၀% က မများလွန်းဘူးလား။
A7. တိုင်းပြည်ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ၂၀% သည် အချိုးကျသုံးစွဲခြင်းဖြစ်သောကြာင့် နိုင်ငံအားလုံး လိုက်နာ သင့်သည်။ ချမ်းသာသောနိုင်ငံတွင် ၂၀% သည် ပမာဏအလွန်များပြီး၊ ဆင်းရဲသောနိုင်ငံတွင် ၂၀% ထက်လျော့နည်းပါက မဆို စလောက်ပမာဏသာရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ကာကွယ်ရေးအသုံးစရိတ်ကိုလျော့ပြီး ပညာရေး အသုံးစရိတ်ကို မြှင့်တင်သင့်သည်။

Q8. ၀န်ကြီးဌာနအသီးသီးက တက္ကသိုလ်တွေဖွင့်ထားကြတော့ ပညာရေးစရိတ် အားလုံးပေါင်းရင် ၂ဝ% ထက်တောင် ပိုနေမယ် လို့ ပြောနေကြတယ်။ အဲဒါဟုတ်ပါသလား။
A8. ပညာရေးအသုံးစရိတ် ၂ဝ% ထက်ကျော်နေသည်ဆိုလျှင် စာရင်းဇယားနဲ့တိတိကျကျ ဖော်ပြဖို့လိုအပ်ပါသည်။ ထင်ကြေး ဖြင့်ပြော၍မရပါ။ ပညာရေးပြုပြင်ပြောင်းလဲရေးတွင် NNER က အကြံပြုသည်မှာ စစ်တက္ကသိုလ်နှင့် ဘာသာရေးတက္ကသိုလ်များ မှလွဲ၍ ကျန်ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များအားလုံး ပညာရေးဝန်ကြီးဌာနအောက်တွင်သာ ရှိသင့်သည်။ ပညာရေးအသုံး စရိတ် ၂၀% သည် ပညာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်သော တက္ကသိုလ်များကျောင်းများအတွက် သုံးစွဲရန်ဖြစ်သည်။
(၃) မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (Mother Tongue Based Multilingual Education)
NNER နှင့်ကျောင်းသားများက မြန်မာနိုင်ငံတွင် အခြေချနေထိုင်ကြသော ဘာသာစကားအမျိုးမျိုး ပြောဆိုကြသည့် တိုင်းရင်း သား ကလေးငယ်များအတွက် မိခင်ဘာသာစကားအခြေပြု ဘာသာစကားသုံးမျိုးစနစ် (mother tongue, Burmese and English) ကိုတောင်းဆိုသည်။
 Q9. မိခင်ဘာသာစကားအခြေပြုပညာရေးရဲ့ ရည်ရွယ်ချက်ကဘာလဲ။
A9. မြန်မာနိုင်ငံကျောင်းများသည် ဗမာဘာသာစကားကိုသာ မဏ္ဏိုင်ထားသင်ကြားသဖြင့် ဗမာစကားကို နားလည်တတ်ကျွမ်း ခြင်း မရှိသောကလေးများ အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ အဆိုပါကလေးများနားလည်သော ဘာသာစကားကို အသုံးပြုသင်ကြားခြင်းဖြင့် ပညာတတ်မြောက်စေရန်ရည်ရွယ်ပါသည်။

Q10. အာရဗီကျောင်းတွေပေါ်လာအောင်လုပ်တာလား၊
A10. NNER နှင့် ကျောင်းသားများ၏ ရည်ရွယ်ချက်သည် ကလေးများ၏ ပညာရေးအတွက်သာ ဖြစ်ပါသည်။ ဘာသာရေးရည် မှန်းချက် မပါဝင်ပါ။

Q11. ဘာသာစကား ၁၃၅ မျိုး ရှိတာ ဘယ်လိုသင်မလဲ။
A11. ဗမာစကားပြောဆိုခြင်းမရှိသော တိုင်းရင်းသားလူမျိုးများသည် တောင်ပေါ်နှင့်နယ်စပ်ဒေသများတွင် သူ့ရွာအလိုက်နေ ထိုင်ကြပါသည်။ မိခင်ဘာသာစကားတစ်ခုကို ကျောင်းသုံးအဖြစ်ရွေးချယ်လျှင် ရွာအလိုက် (သို့မဟုတ်) ကျောင်းအလိုက် ရွေး ချယ်ခွင့်ရှိသင့်ပါသည်။

Q12. ရန်ကုန်မှာလူမျိုးပေါင်းစုံနေကြတာ ဘာသာစကားမျိုးစုံ ဘယ်လိုသင်မလဲ။
A12. ရန်ကုန်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသည် ဗမာစကားကိုကျွမ်းကျင်ပြီးဖြစ်၍ ဗမာစကားကိုသာ မိခင် ဘာသာစကားအဖြစ်အသုံးပြုနိုင်ပါသည်။ တောင်ပေါ်နှင့်နယ်စပ်ဒေသများတွင် ကလေးများသည် ဗမာစကားမတတ်သဖြင့် သူ တို့ ကျွမ်းကျင်သော မိခင်ဘာသာစကားကို အသုံးပြုရန်လိုအပ်ပါသည်။

Q13. ဘာသာစကားအမျိုးမျူိးသင်နိုင်တဲ့ဆရာရှိလို့လား။
A13. လူမျိုးအသီးသီးတွင် သက်ဆိုင်ရာဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်၊ ချဉ်းကပ်နည်းများကို ကျွမ်းကျင်သူများရှိပါသည်။ တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသများတွင် သင်ကြားနိုင်မည့်ဆရာဆရာမများ မွေးထုတ်ပေး ပြီး ဘာသာစကားနှင့်သင်ကြားနည်းစနစ်ဆိုင်ရာသင်တန်းများပေးခြင်း၊ ဘဏ္ဍာငွေပံ့ပိုးခြင်းများ ပြုလုပ်သင့်ပါသည်။
Q14. ဘယ်လိုနည်းတွေနဲ့သင်မလဲ။
A14. ရှေးဦးကလေးသူငယ်ပညာရေးအဆင့်တွင် မိခင်ဘာသာစကား ၁၀၀% ၊ မူလတန်းအောက်ဆင့်တွင် မိခင်ဘာသာ စကား ၆၀% ၊ ဗမာနှင့်အင်္ဂလိပ်အတွက် ၄၀% ၊ မူလတန်းအထက်အဆင့်တွင် မိခင်ဘာသာစကား ၄၀% ၊ ဗမာနှင့်အင်္ဂလိပ် အတွက် ၆၀% အသုံးပြုသင်ကြားနိုင်ပါသည်။ ဘာသာစကားသင်ကြားရေးဆိုင်ရာ ပညာရှင်များ၏အကြံပြုချက်ဖြစ်ပါသည်။ NNER က သုတေသနနှင့် ပညာရေးဆွေးနွေးပွဲများ ကျင်းပ၍ လေ့လာသင်ယူထားပါသည်။

Q15. တိုင်းရင်းသားလူမျိုးတွေသူ့ဘာသာစကားနဲ့သူသင်ကြရင် စည်းလုံးညီညွတ်ရေးပြိုကွဲနိုင်မလား။
A15. တစ်နိုင်ငံတည်းနေထိုင်ကြတဲ့ ဘာသာစကားမတူတဲ့လူတွေ စည်းလုံးညီညွတ်ဖို့ သာသာစကားတစ်မျိုးတည်း သုံးတဲ့ နည်းက မအောင်မြင်ပါဘူး။ တိုင်းရင်းသားလူမျိုးအသီးသီး သူတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေ သာသာစကားတွေ လွတ်လပ် ခွင့်ရှိပြီး တဦးကိုတဦးအပြန်အလှန် အသိအမှတ်ပြု အပြန်အလှန်လေးစားခြင်းဖြင့်သာ စည်းလုံးညီညွတ်နိုင်ပါသည်။

Q16. မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးကို အကောင်အထည်ဖော်ရင် ဘာအကျိုးရှိမလဲ။
A16. ဘာသာစကားဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးခြင်းသည် တိုင်းရင်းသားများ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် ရွေး ချယ်ရခြင်း၏ အဓိက အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါသည်။ အမျိုးသားရင်ကြားစေ့ရေးနှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် မိခင်သာသာစကား သင်ကြားခွင့်သည် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းဖြစ်ပါသည်။
ဗမာဘာသာတစ်မျိုးတည်းဖြင့် ပြဋ္ဌာန်းထားသော သင်ရိုးတစ်ခုတည်းကို သင်ကြားစေခြင်းသည် structural violence ဟုခေါ် သော စနစ်အားဖြင့် အနိုင်အထက်ပြုသည့် စနစ်ဖြစ်နေခြင်းကြောင့် သာတူညီမျှအခွင့်အရေးရရှိရန် ဥပဒေဖြင့် အာမခံရန် လို အပ်သည်။ မိခင်ဘာသာစကားဖြင့် သင်ကြားခွင့် မပြုခြင်းသည် လူ့အခွင့်အရေး ကလေးသူငယ်အခွင့်အရေး တိုင်းရင်းသား အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ခြင်းကြောင့် ဥပဒေဖြင့် ကာကွယ်ပေးရန်လိုအပ်ပါသည်။ တိုင်းရင်းသားအသီးသီးတွင် မိခင်ဘာသာစကားဖြင့် ကိုယ်ပိုင်သင်ရိုးများ ရေးဆွဲကာ သင်ကြားနိုင်သော ပညာရေးအစီအစဉ် များ လူ့စွမ်းအားအရင်းအမြစ်များ ရှိပြီးဖြစ်သည်ကို အစိုးရအနေဖြင့် သိရှိထားပြီးဖြစ်သည့်အတွက် တိုင်းရင်းသားများ တောင်း ဆိုနေသော တန်းတူညီမျှရေးကို ဖြည့်ဆည်းပေးခြင်းဖြင့် ငြိမ်းချမ်းရေးကတိကဝတ်ကို ဥပဒေဖြင့် ဖြည့်ဆည်းရာရောက်ပါသည်။
မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်သည် တို်င်းရင်းသားများအဖို့ ကျောင်းများကို မိမိတို့၏ဘာသာစကား ယဉ်ကျေးမှုများ မြှင့် တင်ပေးရာ နေရာများအဖြစ် ခံယူလာစေတဲ့အတွက် မိဘများက ကျောင်းပညာရေးကို ပိုမိုတန်ဖိုးထားလာသောကြောင့် မသင် မနေရ အခမဲ့ ပညာရေးကိုလည်း အောင်မြင်စေပါသည်။
ကျောင်းများကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေးခြင်းသည် တိုင်းရင်းသားများအစဉ်တစိုက်တောင်းဆိုနေသော ဖက်ဒရယ်မူကို ဥပဒေ ဖြင့် ဖြည့်ဆည်းပေးရာရောက်ပါသည်။
(၄) လူတိုင်းအကြုံးဝင်ပညာရေး (Inclusive Education)
NNER နှင့်ကျောင်းသားများသည် မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေးကို တောင်းဆိုသည်။ ကျောင်းသူကျောင်းသားများကို မွေးဖွားရာဒေသကြောင့်သော်လည်းကောင်း၊ နေထိုင်ရာဒေသကြောင့်သော် လည်းကောင်း၊ လူမျိုးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုအရသော်လည်း ကောင်း၊ လူမှုရေးနောက်ခံအရသော်လည်းကောင်း၊ ဆင်းရဲချမ်းသာမှုအရသော်လည်းကောင်း၊ ကျား-မ အရသော်လည်း ကောင်း၊ ဥာဏ်ရည်အရသော်လည်းကောင်း၊ ကိုယ်ခန္ဓာအရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း ခွဲခြား ခြင်းမရှိစေရန်ဖြစ်သည်။


Q17. မျက်မမြင်ကျောင်း၊ ဆွံ့အနားမကြားကျောင်း ဆိုပြီးအထူးကျောင်းတွေဖွင့်တာ ပိုမကောင်းဘူးလား။
A17. မျက်မမြင်တွေကကျောင်းသပ်သပ်၊ နားမကြားတွေကကျောင်းသပ်သပ် ထားရင် အခြားကလေးများနဲ့ခွဲခြားရာ ရောက်ပါ တယ်။ မျက်မမြင် နားမကြားပေမယ့် တစ်ခြားစွမ်းရည်တွေရှိပါတယ်။ ကလေးအားလုံးအတူတကွ သင်ကြားခွင့်ရှိတာက အပြန် အလှန် လေ့လာသင်ယူနိုင်ပြီး အပြန်အလှန်အကျိုးပြုနိုင်ပါတယ်။ မျက်မမြင်နားမကြားအထူးကျောင်းတွေက မြို့ကြီးတွေမှာပဲ ဖွင့်နိုင်လို့ကျေးလက်တောရွာကမသန်စွမ်းတွေအတွက် အခွင့်အရေးမရှိပါဘူး။ ကျောင်းတိုင်းကျောင်းတိုင်းမှာ ကလေးအားလုံး အတူတကွသင်ယူခွင့်ရှိတာပိုကောင်းပါတယ်။

Q18. လက်တွေ့မှာဖြစ်နိုင်ရဲ့လား၊ ဆရာတွေကရောသင်နိုင်ကြလို့လား။
A18. ဖြစ်အောင်လုပ်ရပါမယ်၊ Inclusive Education ဟာ လူ့အခွင့်အရေးဖြစ်ပါတယ်။ လူမှုရေးတရားမျှတမှုလည်းဖြစ်ပါတယ်။ ဆရာတွေကိုသင်နိုင်အောင်လေ့ကျင့်ပေးရပါမယ်။ အဆောက်အဦးတွေကိုလည်း မသန်စွမ်းတွေအသုံးပြုနိုင်အောင် ပြင်ဆင် ထားရပါမယ်။

Q19. မသန်စွမ်းကလေးတွေနဲ့အတူတူသင်ရရင် သန်စွမ်းတဲ့ကလေးတွေအတွက် အနှောက်အယှက်မဖြစ်ဘူးလား။
A19. အီတလီနိုင်ငံကလုပ်ထားတဲ့ သုတေသနတစ်ခုရှိပါတယ်။ မသန်စွမ်းကလေးတွေကြောင့် အနှောက်အယှက်ဖြစ်သလား ဆိုတဲ့သူတေသနမှာ ၈၃% ကအနှောက်အယှက်မဖြစ်ပါဘူးလို့ဖြေတယ်။ ၁၇% ကသာ အနှောက်အယှက်ဖြစ်တယ်လို့ ဖြေပါ တယ်။ အီတလီနိုင်ငံကျောင်းတွေမှာ Inclusive Education စနစ်သုံးပါတယ်။
(၅) စာမေးပွဲစနစ်ပြုပြင်ပြောင်းလဲရေး
NNER နဲ့ ကျောင်းသားများက အစိုးရကျောင်းတွေမှာအသုံးပြုနေတဲ့ အလွတ်ကျက်အလွတ်ဖြေရတဲ့ စာမေးပွဲစနစ်အစား သင် ယူမှူကို အားပေးတဲ့ Formative Assessment ကိုပြောင်းလဲဖို့တောင်းဆိုပါတယ်။

Q20. စာမေးပွဲမရှိရင်ကလေးတွေစာတတ်ပါ့မလား။
A20. အလွတ်ကျက်အလွတ်ဖြေရတဲ့ စာမေးပွဲစနစ်ကြောင့် မြန်မာပြည်ကကျောင်သားတွေ စာမတတ်ကြဘူးဆိုတာ လက်တွေ့ မြင်နေရပါပြီ။ ကျောင်းသားတွေကိုယ်တိုင် အားထုတ်သင်ယူပြီး အဲ့ဒီသင်ယူမှုကိုအားပေးတဲ့ စစ်ဆေးနည်းတွေ ဒိမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးနေပါပြီ။ အောင်မြင်ပါတယ်။ စာတတ်ယုံမျှမက လေ့လာသင်ယူမှုနည်းလမ်းတွေ၊ ယိုင်းပင်းကူညီမှုတွေပါ တပါတည်းရပါတယ်။

Q21. သင်ယူမှူကိုအားပေးတဲ့ Formative Assessment ဆိုတာဘယ်လိုမျိုးလဲ။
A21. သင်ယူတဲ့နည်းလမ်းကိုစစ်ဆေးပြီး ကျောင်းသားရဲ့စွမ်းရည်တွေ၊ သင်ယူမှုပုံစံတွေနဲ့ကိုက်ညီတဲ့ နည်းတွေကို ဆရာက အကြံပေးပါတယ်။ အကြောင်းအရာတစ်ရပ်ကို ကောင်းစွာနားလည်ပြီး ကျိုးကြောင်းဆင်ခြင်မှုရှိရပါမယ်။ ကျိုးကြောင်းခိုင်လုံတဲ့ ဆင်ခြင်စဉ်းစားမှုဖြစ်အောင် ဆရာကကူညီရပါတယ်။ ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတဲ့ တွေးတောဆင်ခြင်မှူတွေလည်း ပါရပါတယ်။ ဆရာကလည်းစစ်ဆေးပြီး နည်းလမ်းပေးတယ်၊ ကျောင်းသားကလည်းသူ့ရဲ့တိုးတက်မှုကို ကိုယ်တိုင်စစ်တယ်၊ ကျောင်းသားအချင်းချင်းလည်းအပြန်အလှန် စစ်ဆေးနိုင်ပါတယ်။

Q22. အမှတ်ပေးစစ်တဲ့နည်းကပိုမကောင်းဘူးလား။ ထူးချွန်တဲ့သူကိုချီးမြှောက်သင့်တယ်မဟုတ်ဘူးလား။
A22. ဘယ်လောက်မှတ်မိသလဲဆိုတဲ့စစ်ဆေးနည်းကြောင့် ကျောင်းသားတွေနဲ့ သူတို့ရဲ့ဆရာတွေက မေးခွန်းလိုက်ကြတယ်။ ဖြေရုံသက်သက်သာလေ့ကျင့်ကြတယ်။ တစ်ချို့လည်းခိုးချကြတယ်။ တကယ်သင်ယူတတ်မြောက်တာမဟုတ်ဘူး။ အလွတ် ကျက်ပြီး ရတဲ့အမှတ်ကလည်း တန်ဖိုးမရှိပါဘူး။ အမှတ်ကောင်းလို့ဂုဏ်ထူးထွက်လို့ ချီးမြှောက်တာဟာ ကျောင်းသားချင်း အပြိုင်အဆိုင်လုပ်တဲ့နည်းဖြစ်လို့မကောင်းပါဘူး။ ကျောင်းသားအချင်းချင်း တိုင်တိုင်ပင်ပင်ပူးပေါင်းဆောင်ရွက်တာ ကောင်းပါ တယ်။ အဖွဲ့လိုက်တွေခွဲပြီး စုပေါင်းသင်ယူတဲ့နည်းတွေက ပိုကောင်းပါတယ်။
(၆) လွတ်လပ်စွာစဉ်းစားတွေးခေါ်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းနိုင်သည့် သင်ကြားနည်းစနစ်
NNER နှင့် ကျောင်းသားများက မြန်မာနိုင်ငံကျောင်းများတွင် အစဉ်အလာအသုံးပြုနေသည့် မှတ်စုပေးအလွတ်ကျက်ခိုင်း သည့် နည်းစနစ်များအစား ကျောင်းသားများကိုယ်တိုင် စူးစမ်းလေ့လာသင်ယူသည့် နည်းလမ်းများကိုသုံးပြီး လွတ်လပ်စွာ စဉ်းစားတွေးခေါ်၍ ကွဲပြားသောအယူအဆအမျိုးမျိုးထွက်ပေါ်ခွင့်ရှိသည့် နည်းစနစ်များကိုတောင်းဆိုသည်။

Q23. ကျောင်းစာတွေအလွတ်မှတ်မိတာမကောင်းဘူးလား၊ အာဂုံဆောင်မှအာဂလူလို့ဆိုရိုးစကားရှိတယ်မဟုတ်လား။
A23. အကြောင်းအရာတွေအချက်အလက်တွေ မှတ်မိတာကောင်းပါတယ်။ ဒါပေမယ့် မှတ်မိရုံသက်သက်နဲတင် မလုံလောက် ပါဘူး။ သင်ယူချင်တဲ့အကြောင်းအရာအသစ်တွေကို နက်နက်နဲနဲလေ့လာစူးစမ်းနိုင်ရမယ်။ သိပြီးသားအဟောင်းတွေနဲ့ အသစ် တွေ ပေါင်းစပ်စဉ်းစားနိုင်ရမယ်။ အတွေးအခေါ်အသစ်တွေ အယူအဆအသစ်တွေ ထွက်ပေါ်နိုင်ရမယ်။ ဒါ့အပြင် မမြင်ရသေးတဲ့ နောင်အနာဂတ်မှာဖြစ်လာမဲ့ လူမှုရေးပုံစံအသစ်တွေ၊ စီးပွားရေးပုံစံအသစ်တွေ နည်းပညာအသစ်တွေကို ရင်ဆိုင်နိုင်ဖို့ ကျွန် တော်တို့ရဲ့ကလေးတွေကို ပြင်ဆင်ပေးဖို့လိုပါတယ်။ လေ့လာသင်ယူမှုစွမ်းရည်တွေ၊ လူမှုဆက်ဆံရေးဆိုင်ရာစွမ်းရည်တွေ၊ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ၊ ဆင်ခြင်တုံတရားတွေ ရှိနေအောင်ပြင်ဆင်ပေးဖို့လိုပါတယ်။

Q24. သင်ယူမှုကိုဗဟိုပြုတယ်ဆိုတာဘာလဲ။
A24. သင်ကြားခြင်းသင်ယူခြင်းဆိုင်ရာတွေမှာ ဆရာဗဟိုပြုစနစ်၊ ကျောင်းသားဗဟိုပြုစနစ် ဆိုတာတွေရှိပါတယ်။ ဆရာဗဟိုပြု စနစ်ဆိုတာကတော့ ဆရာကသူဆည်းပူးထားသမျှတွေကို ကျောင်းသားကိုလွှဲပြောင်းပေးအပ်တာမျိုးပါ။ ကျောင်းသားဗဟိုပြု ဆိုတာကတော့ ကျောင်းသားသင်ယူချင်တာကိုဖြစ်အောင် ဆရာကဖန်တီးပေးရတာမျိုးပါ။ တက္ကသိုလ်ကျောင်းသားဘ၀မှာ တော့ ကျောင်းသားကသင်ယူချင်တာကို အဓိကထားပြီး လေ့လာတာပိုကောင်းပါတယ်။ ငယ်ရွယ်တဲ့ကျောင်းသားတွေအတွက် တော့ ဆရာရဲ့ဦးဆောင်လမ်းညွှန်မှုကလည်းအရေးကြီးပါတယ်၊ ဒါ့ကြောင့် သင်ယူမှုဗဟိုပြုဆိုတာက ဆရာကကျွမ်းကျွမ်း ကျင် ကျင် ရှိပြီး ကျောင်းသားရဲ့သင်ယူမှုကို ဦးဆောင်လမ်းညွှန်မှုပေးပြီး ကျောင်းသားကိုယ်တိုင် လေ့လာသင်ယူတဲ့ နည်းစနစ်မျိုး ဖြစ်ပါတယ်။
(၇) တက္ကသိုလ်များကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကျောင်းအလိုက်စီမံခန့်ခွဲခွင့်
NNER နှင့် ကျောင်းသားများက တက္ကသိုလ်များကိုယ်ပိုင်ပြဌာန်းခွင့်၊ ကျောင်းအလိုက်စီမံခန့်ခွဲခွင့်နှင့် ပညာရေးလွတ်လပ်ခွင့် (academic freedom) ကိုတောင်းဆိုသည်။

Q25. တက္ကသိုလ်အုပ်ချူပ်ရေးကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ဘာကြောင့်ပါဖို့လိုအပ်ပါသလဲ။
A25. ကျောင်းသားတွေရဲ့လိုလားချက်တွေကိုတင်ပြဖို့၊ တက္ကသိုလ်ရဲ့အရေးအရာကိစ္စတွေမှာ ကျောင်းသားတွေရဲ့အမြင် ပါဝင် ဖို့၊ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျောင်းသားတွေရဲ့ကိုယ်စားပါဝင်နိုင်ဖို့၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ပါဝင်နိုင်ဖို့ လိုအပ် ပါတယ်။ ထို့ပြင် ဗဟိုချုပ်ကိုင်သည့် စနစ်ကြောင့် အကျင့်ပျက်ချစားမှုများ ဆိုးရွားနေကြောင်းသည်လည်း အငြင်းပွားစရာ မရှိ အောင် ခိုင်မာသည့်အချက်ဖြစ်နေပါသည်။ အကျင့်ပျက်ချစားမှုမျကို တိုက်ဖျက်ရန် ပြည်သူများက စောင်ကြည့်ထိမ်းမတ်သည့် စနစ် မဖြစ်မနေ အမြန်အကောင်အထည်ဖော်ရန် လိုအပ်သည့်အတွက် ကျောင်းသားသမဂ္ဂ နှင့် ဆရာသမဂ္ဂ ကိုယ်စားလှယ်များ ပါဝင်သော စီမံအုပ်ချုပ်ရေးဖြင့် အစားထိုးရန် လိုအပ်ပါသည်။



Q26. ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အစား ကျောင်းသားကိုယ်စားလှယ်လို့သတ်မှတ်တာပိုပြီးဒီမိုကရေစီမကျဘူးလား။
A26. ကျောင်းသားသမဂ္ဂ အမှုဆောင်များကို ကျောင်းသားများမှရွေးချယ်တင်မြှောက်ထားတဲ့အတွက် ကျောင်းသားသမဂ္ဂကိုယ် စားလှယ်ဟာ ကျောင်းသားများကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံပညာရေးသမိုင်းရဲ့ထူးခြားချက်အရလည်း ကျောင်းသား သမဂ္ဂရဲ့ အခန်းကဏ္ဏကိုမြှင့်တင်ဖို့လိုအပ်ပါတယ်။ ဦးနေဝင်းအစိုးရဟာ ကျောင်းသားသမဂ္ဂကို ရန်သူလိုသဘောထားပြီး ၁၉၅၈ အိမ်စောင့်အစိုးရ လက်ထက်မှာ တက္ကသိုလ်ဥပဒေကို ပြင်ပါသည်။ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီတွင် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ဆိုသည့်စကားလုံးအစား ‘ကျောင်းသားကိုယ်စားလှယ်’ ဟုပြင်ပါသည်။ ၁၉၆၂တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းခွဲဖျက်ဆီးပြီး ကျောင်းသားသမဂ္ဂကို ဖြိုခွဲခဲ့ပါသည်။ ထို့ကြောင့် မြန်မာ့ပညာရေး သမိုင်းတွင် ရှိခဲ့သည့် အတိုင်း တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ပါဝင်ရန် လိုအပ်ပါသည်။

Q27. ကျောင်းအလိုက်စီမံခန့်ခွဲခွင့်ဆိုတာဘာလဲ။
A27. အခြေခံပညာကျောင်းတွေမှာ ကျောင်းအုပ်ကြီးတစ်ယောက်တည်းကအုပ်ချူပ်နေတာ၊ တယောက်တည်းဆုံးဖြတ်နေတာ မျိုး မဟုတ်ဘဲ ကျောင်းအုပ်ချူပ်ရေးကော်မတီနဲ့ အုပ်ချူပ်တာမျိုးပါ။ ကျောင်းအုပ်ကြီးလည်းပါမယ်၊ ဆရာဆရာမကိုယ်စားလှယ် တွေလည်းပါတယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်တွေလည်းပါတယ်၊ ရပ်ရွာကလူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေလည်းပါတယ်၊ ကျောင်းသားလက်ခံတဲ့ကိစ္စတွေ၊ ဆရာခန့်ထားတဲ့ကိစ္စတွေ၊ ကျောင်းအဆောက်အဦးဆိုင်ရာကိစ္စတွေမှာ စုပေါင်းတိုင်ပင် ဆုံး ဖြတ်ကြဖို့ဖြစ်ပါတယ်။

Q28. ကျောင်းဆရာတွေ ရွာသူရွာသားတွေ အရည်အသွေးမှမရှိတာ အုပ်ချူပ်ခိုင်းလို့ဖြစ်ပါ့မလား။
A28. လူတွေမှာလုပ်ပိုင်ခွင့်ရှိလာရင်၊ တာဝန်ယူမှုတာဝန်သိမှုဆိုတာတွေရှိလာရင် အရည်အသွေးရှိပါတယ်။ အရည်အသွေးရှိ အောင်လည်းမြှင့်တင်ပေးရပါမယ်။ ခုလက်ရှိစနစ်မှာ ကျောင်းအုပ်ကြီးတစ်ယောက်တည်းက ဆုံးဖြတ်လုပ်ကိုင်နေတာကကော အရည်အသွေးမှီရဲ့လား၊ အောင်မြင်ရဲ့လားလို့ပြန်မေးရပါလိမ့်မယ်။

Q29. တက္ကသိုလ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရရင် အစိုးရက မထောက်ပံ့တော့ဘူး၊ ဆရာတွေ လခမရတော့ဘူးဆိုတာ ဟုတ်ပါ သလား။
A29. ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ အထက်ကအမိန့်လာမှ လုပ်ရတာမျိုးမဟုတ်ဘဲ ကော်မတီကတာဝန်ယူစီမံခန့်ခွဲရတာမျိုးပါ။ နိုင်ငံပိုင်တက္ကသိုလ်တွေဖြစ်တဲ့အတွက်နိုင်ငံတော်ဘဏ္ဏာနဲ့ထောက်ပံ့ရပါမယ်။ ဆရာတွေအတွက်လစာရော၊ ပင်စင်ခံစားခွင့် ရော ပါရပါတယ်။ တက္ကသိုလ်တွေမှာလည်း ဘဏ္ဏာရေးကော်မတီရှိပြီး ကိုယ်ပိုင်ရံပုံငွေ ထူထောင်နိုင်တဲ့ အခွင့် အာဏာလည်း ရှိရပါမယ်။

Q30. တက္ကသိုလ်တွေကျောင်းတွေ လွတ်လပ်ခွင့်ရသွားရင် ၀ါးအစည်းပြေသလိုဖြစ်မသွားဘူးလား၊ ငါတကောကောကုန် ကြရင် မခက်ဘူးလား။
A30. ပညာရေးလွတ်လပ်ခွင့်ရသွားတဲ့အတွက် သက်ဆိုက်ရာကော်မတီတွေ၊ ဆရာဆရာမတွေမှာ လွတ်လပ်စွာစဉ်းစား တွေး ခေါ်နိုင်ပြီး၊ တည်ထွင်ဖန်တီးမှုတွေလည်းလုပ်နိုင်တဲ့အတွက် တိုးတက်လာဖို့ပဲရှိပါတယ်။ ချူပ်ချယ်ထားတာက လူတွေရဲ့ အသိဥာဏ်တွေ၊ တီထွင်ဖန်တီးမှုတွေကို သတ်ပစ်ရာရောက်ပါတယ်။ ၀ါးအစည်းပြေသလိုမဖြစ်ပါဘူး။ ငါတကောလည်း မဖြစ်ပါ ဘူး၊ ထိန်းညှိဖို့အတွက်အရည်အသွေးဆိုင်ရာဆန်းစစ်မှုတွေ၊ ဥပဒေတွေ၊ သတင်းမီဒီယာတွေရှိပါတယ်။
(၈) အမျိုးသားပညာရေးကော်မရှင်နဲ့တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
NNER နှင့် ကျောင်းသားများက အပေါ်ကနေဖွဲ့ပေးတဲ့ အမျိုးသားပညာရေးကော်မရှင်တို့ တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့ မလိုအပ်ဖူးလို့ တင်ပြပါတယ်။

Q31. ဗဟိုချူပ်ကိုင်မှုမရှိတော့ရင် ပညာရေးစနစ်ပျက်စီးသွားမှာပေါ့ ၊ ဗဟိုချူပ်ကိုင်မှုရှိဖို့လိုတာပေါ့ ၊ မဟုတ်ဘူးလား။
A.31. တက္ကသိုလ်တွေကျောင်းတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီဆိုရင် သူတို့ဟာသူတို့တာဝန်ယူကြပါလိမ့်မယ်။ ပညာရေးဝန် ကြီးဌာနက ကူညီပံ့ပိုးခြင်းဖြင့်တာဝန်ယူမှုရှိနေပါမယ်။ အရာရာကိုချူပ်ကိုင်ထားမည့်ဗဟိုအဖွဲ့မလိုအပ်ပါ။ ကျေးလက်ဖွံဖြိုးရေး စည်ပင်သာယာရေး အုပ်ချုပ်ရေး သယံဇာတဆိုင်ရာပွင့်လင်းမြင်သာမှု စသည့် အခြားကဏ္ဍများတွင်ပင် ဗဟိုချုပ်ကိုင်မှုကို လျော့ချသော ပြည်သူပါဝင်သည့် စီမံအုပ်ချုပ်ရေးစနစ်များ ကျင့်သုံးလျက်ရှိပြီ ဖြစ်သောကြောင့် အစိုးရနှင့် လွှတ်တော်က ကတိ ကဝတ်ပြုထားသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ကိုက်ညီပါသည်။

Q32. ဗဟိုဆိုတာမရှိရင်တက္ကသိုလ်တွေကျောင်းတွေရဲ့အရည်အသွေးကို ဘယ်လိုထိန်းညှိမလဲ။
A32. အရည်အသွေးနဲ့ပတ်သတ်လို့ လွတ်လပ်သောပညာရှင်များဖြင့် ဖွဲ့စည်းသည့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (Education Quality Assurance) ရှိဖို့လိုပါတယ်။ တက္ကသိုလ်ကျောင်းများ၏အရည်အသွေး၊ ဆရာဆရာမများအရည်အသွေး၊ သင်ရိုးညွှန်းတမ်းအရည်အသွေးများကို ဆန်းစစ်ခြင်း အကြံပေးခြင်း စသည်တို့လုပ်ဆောင်မည့် ပညာရှင်အဖွဲ့ရှိပါမည်။ ထို ပညာရှင်များသည် အမိန့်ပေးစေခိုင်းမည့်အာဏာပိုင်များမဟုတ်ပါ။

Q33. တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းဖို့ကော်မတီတရပ်လိုအပ်ပါသလား။
A33. တက္ကသိုလ်များပေါင်းစပ်ညှိုနှိုင်းရန်လိုအပ်လျှင် တက္ကသိုလ်အုပ်ချူပ်ရေးကောင်စီ အချင်းချင်းညှိနှိုင်းခြင်းက ပိုကောင်းပါ သည်။ ဗဟိုမှခန့်အပ်သောကော်မတီဖွဲ့စည်းခြင်းသည်း ဗဟိုချုပ်ကိုင်မှုကိုဆက်လက်အသက်သွင်းနေခြင်းသာဖြစ်ပါသည်။
(၉) ကျောင်းသားသမဂ္ဂများ
NNER နှင့်ကျောင်းသားများက ကျောင်းသားသမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းခွင့် တောင်းဆိုပါသည်။

Q34. ကျောင်းသားသမဂ္ဂတွေအစား၊ ကျောင်းသားအသင်းအဖွဲ့တွေ ဖွဲ့ခွင့်ရတာမလုံလောက်ဘူးလား။
A34. ကျောင်းသားအသင်းအဖွဲ့ဆိုသည်မှာ အားကစား အနုပညာ မြို့နယ်အသင်း အစရှိသည်တို့ကိုသာဆိုလိုပါသည်။ သမဂ္ဂ သည်နိုင်ငံရေးအဓိပ္ပါယ်ဆောင်ပါသည်။ မြန်မာနိုင်ငံသမိုင်းတွင် ကျောင်းသားသမဂ္ဂ၏ အရေးပါမှုကို မြန်မာနိုင်ငံသားတိုင်း သိပါ သည်။ ကျောင်းသားသမဂ္ဂများသည် ဒီမိုကရေစီ၏်သရုပ်သဏာန်လည်းဖြစ်ပါသည်။ စစ်အာဏာသိမ်းအစိုးရက ကျောင်းသား သမဂ္ဂ အဆောက်အဦးကိုဖြိုခွဲပြီး၊ ကျောင်းသားသမဂ္ဂများကို ဖျက်ဆီးခဲ့သည်ကို ရင်နာခဲ့ကြရပါသည်။ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းနိုင်ရေးသည် မြန်မာနိုင်ငံသမိုင်း၏်လိုအပ်ချက်၊ ဒီမိုကရေစီ၏ လိုအပ်ချက်ဖြစ်ပါသည်။

Q35. သမဂ္ဂတွေလွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရင် မူကြိုကျောင်းသားသမဂ္ဂတွေပေါ်လာမှာပေါ့။
A35. ဒါဟာကျောင်းသားသမဂ္ဂတွေကိုပုံဖျက်ချင်လို့ပြောတာဖြစ်ပါတယ်။ ဒီမိုကရေစီအလေ့အကျင့်တွေကတော့ ငယ်စဉ် က တည်းကရှိရင် ကောင်းပါတယ်။ ကျောင်းသားကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်တာ၊ စုပေါင်းခေါင်းဆောင်မှုတွေ၊ စုပေါင်းဆုံးဖြတ်မှုတွေကို ငယ်ကတည်းက အလေ့အကျင့်ရှိလာရင် ကျောင်းသားကြီးတွေဖြစ်တဲ့အခါ အရည်အသွေးရှိတဲ့ ကျောင်းသားသမဂ္ဂအမှုဆောင်တွေကို ရွေးချယ်တင်မြှောက်နိုင်ကြမှာပါ။
(၁၀) ကျောင်းထုတ်ခံကျောင်းသားများ ကျောင်းတက်ခွင့်ရရေး
NNER နှင့် ကျောင်းသားများက ကျောင်းထုတ်ခံကျောင်သားများ ကျောင်းတက်ခွင့်ရရေးကို အသွင်ကူးပြောင်းရေးကာလ၏ တရားမျှတမှုအဖြစ်တောင်းဆိုပါသည်။

Q36. ရာဇ၀တ်မှုနဲ့ထောင်ကျတဲ့ကျောင်းသားတွေလွတ်လာရင် ကျောင်းတက်ခွင့်ပေးမှာလား။
A36. မည်သည့်ပြစ်မှုဖြစ်စေ ပြစ်ဒဏ်ကျခံပြီးပါက လူ့အသိုင်းအ၀ိုင်းကကြိုဆိုနေရာချထားပေးရပါမည်။ ကျောင်းတက်ခွင့် လည်း ပေးရပါမည်။ သို့မှသာ လူ့လောကတွင် ရပ်တည်နိုင်ပြီး ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်ပါမည်။
(၁၁) ပညာရေးမူဝါဒနှင့်ဥပဒေများရေးဆွဲရာတွင်ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များဆရာသမဂ္ဂကိုယ်စားလှယ်များပါဝင်ရန် NNER နဲ့ ကျောင်းသားများက ပညာရေးမူဝါဒများ၊ ဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂ ကိုယ် စားလှယ်များ ဆရာသမဂ္ဂကိုယ်စားလှယ်များ ပါဝင်ခွင့်ရရန်တောင်းဆိုသည်။

Q37. ပညာရေးမူဝါဒတွေ၊ ဥပဒေတွေ ရေးဆွဲတာ ပညာရှင်တွေအလုပ်မဟုတ်ဘူးလား၊ ကျောင်းသားတွေက နားမလည်ဘဲ ဘာ လို့ဝင်ပါချင်တာလဲ။
A37. ပညာရှင်ဆိုသူတွေမှာလည်း သူတို့ယုံကြည်ရာတွေ၊ သန်ရာသန်ရာအယူအဆတွေ၊ ဆန္ဒစွဲတွေ၊ အဂတိတရားတွေ ရှိ တတ်ကြပါတယ်။ ဒါ့ကြောင့် အများနဲ့သက်ဆိုင်တဲ့ မူဝါဒတွေ၊ ဥပဒေတွေမှာ သက်ဆိုင်သူတွေပါဝင်ဖို့လိုအပ်ပါတယ်။ အများ ကနေလာပြီး အများအတွက်ဖြစ်မဲ့ Public Policy တွေဖြစ်ဖို့အတွက် သက်ဆိုင်သူတွေရဲ့အကြံဥာဏ်တွေ များများ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျောင်သားသမဂ္ဂကိုယ်စားလှယ်တွေ၊ ဆရာသမဂ္ဂကိုယ်စားလှယ်တွေ ပါဖို့လိုအပ်ပါတယ်။
End.
Updated: 12 June 2015

NNER မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment