Friday, December 5, 2014

တက္ကသိုလ်နှင့် မြန်မာစာပေကိုရှာဖွေပြုစု ပျိုးထောင်ခဲ့သူ



maukkha-banner
Top of Form
Bottom of Form



၅.၁၂.၂၀၁၄
Written by တက္ကသိုလ်တင်ခ

"ဆရာဦးဖေမောင်တင်သည် အင်္ဂလိပ်အမျိုးသား ပါမောက္ခများအကြားတွင် တစ်ဦးတည်းသော မြန်မာ လူမျိုး ပါမောက္ခအဖြစ် မြန်မာစာကို တက္ကသိုလ်နှင့်ထိုက်တန်အောင် စွမ်းဆောင်ဖန်တီးပေးခဲ့သူ ဖြစ်သည်။"
ဘဝဖြစ်စဉ်
ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) သည် အင်းစိန်ပေါက်တောရပ်ဇာတိ ဖြစ်သည်။ ၁၈၈၈၊ ဧပြီလ ၂၄ ရက် အင်္ဂါဖွားဖြစ်သည်။ အဘ အင်းစိန်တိရစ္ဆာန်ဆေးကုဌာန ရုံးစာရေးကြီးဦးဖေ၊ အမိဒေါ်မြိုင်ဖြစ်ပြီး ငယ်နာမည်မှာ မောင်ဘတင်၊ နောင်တွင် မောင်တင်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြုစုသူ ဦးထွန်းငြိမ်း၏တူဖြစ်ပြီး အင်းစိန်မြန်မာကျောင်းတွင် စတင်ပညာသင်ကြားပြီး ရန်ကုန်အစိုးရအထက် တန်းကျောင်း၌ ဆက်လက် ပညာသင်ခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်သည်။ ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာသင်ရာ ၁၉ဝ၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၁၁ ခုတွင် ကာလကတ္တား တက္ကသိုလ်မှ ပါဠိဘာသာ မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ဆက်လက်ပညာသင်ခဲ့ရာ ၁၉၂၄ ခုနှစ်တွင် စာပေဝိဇ္ဇာဘွဲ့ (ဘီလစ်) ရ၏။ ၁၉၅၂ ခုတွင် ရန်ကုန်တက္ကသိုလ်က အယ်လ် အယ်ဒီ ဘွဲ့ချီးမြှင့်ခြင်းခံရသည်။
၁၉၁၁ မှ ၁၉၁၂ အထိ ရန်ကုန်အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ၊ ၁၉၁၂ မှ ၁၉၂ဝ အထိ ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ၊ ၁၉၂၄ မှ ၁၉၃၆ အထိ ရန်ကုန်တက္ကသိုလ်အရှေ့တိုင်း ဘာသန္တရပါမောက္ခ၊ ၁၉၆၃ မှ ၁၉၄၁ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၁၉၄၃ မှ ၁၉၄၅ အထိ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် အမှုထမ်းခဲ့သည်။
ရန်ကုန်ကော်လိပ်ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ဗားနတ်ပိဋကတ်တိုက်အုပ်၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်စာတည်း၊ လန်ဒန်ပါဠိအသင်းအတွက် စာမူရှာဖွေရေး ကိုယ်စားလှယ် တာဝန်များကိုလည်း ယူခဲ့သည်။
၁၉၄၅ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝမှ အငြိမ်းစားယူသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်တွင် ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ပေးသည်။ ၁၉၅၇ မှ ၁၉၅၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ် ခရစ်ယာန်ဘာသာကျမ်းစာ၌ ဗုဒ္ဓဘာ သာတရားကို သင်ပြပို့ချသည့် တာဝန်ကိုယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် မြန်မာနိုင်ငံသမိုင်း ကော်မရှင် ဥက္ကဌတာဝန်ကို ယူခဲ့သည်။ ၁၉၆၄ တွင် အငြိမ်းစားယူသည်။
မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း သုခမိန်အဖွဲ့ဥက္ကဌနှင့် ရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန အကြံပေးအဖွဲ့ဥက္ကဌ တာဝန်ကိုလည်းယူခဲ့သည်။
၁၉၇၃ ခု မတ်လ ၂၂ ရက်တွင် ကွယ်လွန်ခဲ့ပေသည်။ ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိကို လယ်တီ ပဏ္ဍိတ ဆရာဦးလှတင်က ၁၉၃၄ ခုနှစ်တွင် ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိစာတမ်းအမည်ဖြင့် ထုတ်ဝေခဲ့သည်။
ဦးဖေမောင်တင် ကွယ်လွန်ပြီးနောက်တွင် ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိကို မလေးလုံက ဖေမောင်တင် (သို့) ဘသက်ရှည်အမည်ဖြင့် ပြုစုထုတ်ဝေခဲ့ပေသည်။
မြန်မာဘာသာ၊ မြန်မာစာပေ ကျေးဇူးရှင် ဦးဖေမောင်တင်
ဦးဖေမောင်တင်သည် ပါဠိ-မြန်မာပညာရှင်တစ်ဦး ဖြစ်ပေသည်။ ဆရာကြီး ပါဠိပါမောက္ခမဖြစ်မီက တည်းက ပါဠိဘာသာစာပေသည် ရန်ကုန် ကောလိပ်တွင် အတော်ပင် ရှင်သန်လာပေသည်။ မြန်မာ ဘာသာစာပေကား ၁၉၂၅ ခုနှစ်အထိ မည်မည်ရရ မရှိသေးပေ၊ ၁၉၂၄ ခု၌ ဦးဖေမောင်တင် အင်္ဂလန်မှ ပြန်ရောက်လာမှ စိတ်ရောကိုယ်ပါ ကြိုးပမ်းမှုကြောင့် တက္ကသိုလ်တွင် မြန်မာစာပေ ဆထက်ထမ်းပိုး တိုးတက်လာခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးသည့်နောက် အနောက်နိုင်ငံများတွင်ပင် အရေးတယူ အလေးမူလာခဲ့ရာ အင်္ဂလန်နှင့် ပြင်သစ်ပြည် တက္ကသိုလ်ကောလိပ်ကျောင်းများ၌ပင် ဒီဂရီ ပေးသည့်အဆင့်အတန်းမြင့်အောင် ဖြစ်လာပေသည်။ အမေရိကန်၊ ပြင်သစ်၊ လန်ဒန် တက္ကသိုလ်များ၌ မြန်မာစာပါမောက္ခများ ပေါ်ထွက်ခဲ့ပေသည်။ ဦးဖေမောင်တင်၏ မြန်မာစာ၊ မြန်မာစာပေသမိုင်းတွင် သမိုင်းစာပေတာဝန် ကျေပွန်မှုတို့ မော်ကွန်းပြုထိုက်ပေသည်။
ဦးဖေမောင်တင်သည် ၁၉ဝ၉ ခုအသက် ၂၁ နှစ်အရွယ်တွင် ဘီအေအောင်သည်။ ဦးဖေမောင်တင်အပါ အဝင် အောင်သူကိုးယောက်စလုံးကို အစိုးရက အလုပ်ပေးသည်။ လက်ခံသူများအနက် နောက်အခါ ဒေါက်တာဘဟန်နှင့် မင်းကြီးဦးဆက်တို့ ဖြစ်လာကြမည့် လူငယ်နှစ်ဦးပါဝင်သည်။ ဦးဖေမောင်တင် ကား လက်မခံပါ။ ကာလကတ္တားတက္ကသိုလ်တန်း ပြင်ပကျောင်းသားအဖြစ်နှင့် ပါဠိဘာသာစာမေးပွဲ ဖြေဆိုနိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၁၁ ခုနှစ်၊ မတ်လတွင် ဘွဲ့ရခဲ့သည်။ ၁၉၁၂ ခုနှစ် ၂၄ နှစ်အရွယ်၌ ရန်ကုန်ကောလိပ်တွင် ပါဠိပါမောက္ခရာထူးရသည်။ ၁၉၂ဝ ပြည့်နှစ်၌ ပညာတော်သင်အဖြစ် အောက်စဖို့ဒ်တက္ကသိုလ်သို့ ဘီလစ်ဘွဲ့ယူရန် အစိုးရက စေလွှတ်သည်။ အိတ်(စ)ဆီတာ (Exeter)  ကောလိပ်တွင် ဝင်ခွင့်ရသည်။ ဝိသုဒ္ဓိမဂ်သီလပိုင်း (The Path Of Purity) ကိုစာတမ်းရေးတင်၍ ဘီလစ်ဘွဲ့ရရှိခဲ့သည်။
ဆရာကြီးသည် ရန်ကုန်မြို့သို့ ၁၉၂၄ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့၌ ပြန်ရောက်လာသည်။ စက်တင် ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ယူနီဗာစီတီ အရှေ့တိုင်းဘာသာရပ်များဌာနတွင် ဌာနမှူးပါမောက္ခ ရာထူးဖြင့်အလုပ်တန်းဝင်လိုက်သည်။ မကြာမီပင် ဆရာကာစင်အား ပါဠိဌာနကိုအပ်ပြီး မြန်မာစာ ပါမောက္ခအဖြစ်တာဝန်ယူခဲ့သည်။ ယူနီဗာစီတီကို ၁၉၂ဝ ပြည့်နှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ အခြားဘာ သာရပ်များ၌ ဘီအေဘွဲ့သင်တန်းအဆင့်ရောက်အောင် စီမံခန့်ခွဲသော်လည်း မြန်မာဘာသာရပ်၌ ပြောမယုံလောက်အောင် အဆင့်နိမ့်နေကြောင်းကို သိရှိရသောကြောင့် ဤကဲ့သို့ မြန်မာစာပါမောက္ခ တာဝန်ယူရကြောင်း သိရသည်။
ပညာပြည့်စုံသော မြန်မာဆရာများ ရှိရမည်ဖြစ်၍ မြန်မာစာဌာန၌ ဆရာပွား တစ်ဦးတည်းသာရှိနေ သဖြင့် ဆရာလင်းကို ထပ်မံခန့်သည်။ ပုဂံဝန်ထောက်ဦးတင်၏ အကူအညီကိုလည်း ရံဖန်ရံခါ ယူ သည်။ လိုအပ်သည့် စာအုပ်စာတမ်း၊ ပေပုရပိုက်တွေစုဆောင်း၊ ဆရာကြီးက အယ်ဒီတာချုပ်အနေနှင့် စောစောပိုင်းတွင် ဖဦးထုပ်ဦးဖိုးစိန်၊ ပုဂံဝန်ထောက်ဦးတင်၊ ဆရာပွား၊ ဆရာ့ရိပ်၊ ဦးဖိုးဖြူ၊ ဆရာလင်းတို့ က တည်းဖြတ်သူအဖြစ်နှင့် ဂန္တဝင်မြောက်စာအုပ်အဖြစ်ရောက်အောင် တည်းဖြတ်သူအဖြစ်နှင့် ဂန္တဝင် မြောက်စာအုပ်အဖြစ် ရောက်အောင်တည်းဖြတ် ပုံနှိပ်စေခဲ့သည်။ ကျောက်စာတွင် ကျွမ်းကျင်သူဆရာ ကြီး ဂျီ၊ အိပ်(ခ်ျ)၊ လု့(စ်) G.H.Luce နှင့်အတူ ပုဂံသို့ သွားရောက်ပြီး ဖတ်၊ ကူးယူ၊ တည်းဖြတ် ပုံနှိပ် ထုတ်ဝေခဲ့သေးသည်။
မြန်မာဘာသာတိုးတက်ရေးနှင့် ပညာတိုးပွားရာ တိုးပွားကြောင်းအတွက် မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ်ထဲ စာတမ်း၊ ဆောင်းပါး၊ ဝေဖန်စာ စသည်တို့ ရေးသားသည်။ မြန်မာစာဂုဏ်ထူးတန်း ဖွင့်သည်။ ၁၉၂၇ ခုနှစ်တွင် ဦးစိန်တင် (သိပ္ပံမောင်ဝ) သည် ဘီအေ၊ ဂုဏ်ထူးတန်းစာမေးပွဲတွင် မြန်မာ စာဖြင့်အောင်သွားသူ ပထမဦးဆုံးပုဂ္ဂိုလ် ဖြစ်ပေသည်။
ဆရာကြီးသည် ၁၉၁၁ ခုနှစ်မှစ၍ ၁၉၆၁ ခုနှစ်အထိ နှစ်ပေါင်း ၅ဝ အတွင်း တည်းဖြတ်တင်ပြခဲ့သော စာတမ်း၊ ဆောင်းပါး၊ ဝေဖန်ရေးတို့သည် စုစုပေါင်း ၁၅ဝ ကျော်မက ရှိပေသည်။ ဆရာကြီးပြုစုသည့် စာအုပ်များအနက် ၁၉၃၇ ခုနှစ်ထုတ် မြန်မာစာပေသမိုင်းသည် မြန်မာစာလောကတွင် ပထမဦးဆုံး ပေါ်ထွက်လာသည့် ဂန္တဝင်တွင်သည့် သမိုင်းစာအုပ်ဖြစ်သည်။ ပညာရှင်များအစ ကျောင်းသားကျောင်း သူတို့ မှီခိုအားထား ကြရပေသည်။
ဆရာကြီးသည် ကျောင်းအုပ်ရာထူးကို ၁၉၃၆ ခု ဇွန်လတွင် ဆက်ခံသည်။ ၁၉၄၆ ခုနှစ် အသက် ၅၈ နှစ်ပြည့်သည့်နေ့တွင် အငြိုးထားသူ ဗြိတိသျှအရာရှိ ပယောဂကြောင့် အငြိမ်းစားယူသွားရသည်။ စာပေလောကမှ အုပ်ချုပ်ရေးဘဝသို့ ပြောင်းရွှေ့သွားရသော်လည်း သက်ဆိုင်ရာ တာဝန်ဝတ္တရားများ မပျက်ကွက်စေဘဲ ဝါသနာဘာဂီ ဆက်တိုင်းမီဆိုသလို စာပေအမှု အစုစုတို့ကို အချိန်ရသရွေ့ ပြုစုနေ ခဲ့ပေသည်။
တက္ကသိုလ်နှင့် မြန်မာစာပေကို ပြုစုပျိုးထောင်ခဲ့သူ
မြန်မာစာပေသမိုင်း၊ မြန်မာစာဝါကျဖွဲ့ထုံးကျမ်း (၁၉၅၁) မြန်မာသဒ္ဒါ (၁၉၅၂) တို့သည် မြန်မာဘာသာ စာပေ ရှာဖွေပြုစုပျိုးထောင်သူအဖြစ် မှတ်ကျောက်တင်ထိုက်ပေသည်။
မြန်မာနိုင်ငံတွင်းမှာသာမက ဥရောပတိုက်ရှိ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကပညာရပ်များ ကျောင်းတွင် မြန်မာစာဂုဏ်ထူးတန်းအထိ ဖွင့်လာနိုင်ခဲ့သည်။ ပြင်သစ်ပါရီတက္ကသိုလ် အရှေ့တိုင်း ဘာသာရပ်များနှင့် ယဉ်ကျေးမှုကောလိပ်ကျောင်း၌ ပါရဂူဘွဲ့ပေးသည်အဆင့်သို့ ရောက်လာသည်။ ဂျာမနီပြည် ဖရန်ဖို့ Frantfurt တက္ကသိုလ်အာရှအရှေ့ပိုင်း ပညာရပ်များကျောင်း၊ ဟိုက်ဒယ်လဘတ် တက္ကသိုလ် အာရှအရှေ့တောင်ပိုင်း ဘာသာရပ်များကျောင်းတို့တွင်လည်း မြန်မာဘာသာသင်တန်း များဖွင့်သည်။ သုတေသနလုပ်ငန်းများ၌ မြန်မာဘာသာကို အသုံးပြုနိုင်ရန် ဆရာကြီး၏ မြန်မာစာပေ ကျေးဇူးတရားကြီးမားလှပေသည်။
ဆရာကြီးသည် ၁၉၇၃ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ကြာသပတေးနေ့ နံနက်တွင် အသက် (၈၅) နှစ်၌ လူကြီးရောဂါနှင့် ကွယ်လွန်ခဲ့ပေသည်။ ၁၉၂၄ ခုမှ ၁၉၆၄ ခုနှစ်အထိ နှစ်ပေါင်း ၄ဝ ခန့် မြန်မာဘာသာ၊ မြန်မာစာပေအတွက် ဆောင်ရွက်ပြုစုခဲ့သည့် မြန်မာစာပေ ကျေးဇူးရှင်ကြီးတစ်ဦးအဖြစ် အထူးဂုဏ်ယူ မော်ကွန်းတင်လိုပေသည်။
ဦးဖေမောင်တင်သည် မြန်မာနိုင်ငံရေးသမိုင်းတွင် မြန်မာထဲမှ ပထမဆုံး ပါမောက္ခရာထူးကို ဦးဦးဖျား ဖျား ထူးထူးခြားခြား ရခဲ့သူဖြစ်သည်။ ပါဠိပါမောက္ခမှ မြန်မာစာဌာနပါမောက္ခရာထူးကို ပြောင်းယူခဲ့ သည်။ ရန်ကုန် ကောလိပ်တွင် မြန်မာစာဇဌာန၍ မရှိခဲ့ပေ။ ဆရာ၏ကြိုးပမ်းမှုဖြင့်သာ ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်ထိ ဆယ်ရှစ်နှစ်အတွင်း မြန်မာစာပေကျမ်း (၄၆) အုပ်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်ရန် ဖွဲ့စည်းခဲ့သော ရန်ကုန်တက္ကသိုလ် တည်ဆောက်ရေးအမှုဆောင် အဖွဲ့ University Standing Committee ကို ပထမ ကမ္ဘာစစ်အတွင်း ဖွဲ့စည်းခဲ့ရာ ပါဠိပါမောက္ခအနေ ဖြင့် မြန်မာတစ်ဦးတည်း ထူးကဲစွာ ပါဝင်ခဲ့သူ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် University ဟူသော အမည်ကို မြန်မာလိုတက္ကသိုလ်ဟူ၍ ဖော်ညွှန်းမော်ကွန်း အသစ်တင်ပေးသူ ဖြစ်သည်။ တက္ကသိုလ်အမည်သာမက ရန်ကုန်တိရစ္ဆာန်အမည်များကို မြန်မာလို ခေါ်ဆိုပေးခဲ့သူ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဥက္ကဋ္ဌတာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံပညာ ပြန့်ပွားရေး ဥက္ကဋ္ဌလည်းဖြစ်ဖူးသည်။ မြန်မာနိုင်ငံ သုတေသနအသင်းတွင် အယ်ဒီတာချုပ်တာဝန်ယူ ကာ သမိုင်းသုတေသန စာတမ်းများ ရေးသားခဲ့သည်။
ဦးဖေမောင်တင်သည် ဘာသာပြန်စာပေအသင်း၊ ယခုပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်သုခမိန် အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ မှန်နန်း ရာဇဝင်ကို အင်္ဂလိပ်လို ပြန်ဆိုပုံနှိပ်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဘာသာပြန် ဆရာကြီး ရွှေဥဒေါင်းက "ဆရာကြီး ဦးဖေမောင်တင်သည် ဘာသာပြန်ဆိုရာမှာ အံ့သြချီး ကျူးဖွယ်ကောင်းလောက်အောင် ပြောင်မြောက်တာ တွေ့ရပါတယ်" ဟူ၍ ချီးကျူးဂုဏ်ပြုခဲ့ပေသည်။
ဆရာဦးဖေမောင်တင်သည် အင်္ဂလိပ်အမျိုးသား ပါမောက္ခများအကြားတွင် တစ်ဦးတည်းသော မြန်မာ လူမျိုးပါမောက္ခအဖြစ် မြန်မာစာကို တက္ကသိုလ်နှင့် ထိုက်တန်အောင် စွမ်းဆောင်ဖန်တီးပေးခဲ့သူ ဖြစ် သည်။
တက္ကသိုလ်မြန်မာစာ သင်ကြားရေးသာမက မူလတန်းမြန်မာစာ သင်ကြားရေးအတွက်ပါ ဖတ်စာများ ကို အနောက်ဥရောပအတိုင်း ခေတ်မီပညာရေးစနစ်သစ်ဖြစ်အောင် စွမ်းဆောင်ပြဋ္ဌာန်း သတ်မှတ်ပေး နိုင်ခဲ့သည်။
ထို့ကြောင့်ပင် ဆရာဇော်ဂျီက ဦးဖေမောင်တင်အား ချီးကျူးဂုဏ်ပြုစကား ပြောကြားရတွင်-
"ဆရာကြီးသည် မြန်မာစာ တိုးတက်ကြီးပွားရေးကို ရှေ့တန်းတင်နေ၍ မဆုတ်မနစ် ကြိုးပမ်းသူတစ်ဦး ဖြစ်သည်။ မြန်မာစာပေကြီးပွား တိုးတက်မှုအတွက် ဆရာကြီးဆောင်ရွက်ခဲ့သဖြင့် ကျေးဇူးတရားကြီး မားလှပါသည်။" ဟု မမေ့မော်ကွန်းတင်ခဲ့သည်။
ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ် တည်ဆောက်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သလို တက္ကသိုလ် ဝေါဟာရ တီထွင်ဖော်ဆောင်ခဲ့သူ ဖြစ်သည်။ မြန်မာစာပေကို ရှာဖွေပြုစုပျိုးထောင်ခဲ့သော ကျေးဇူး တရားကား အကြီးမားဆုံး ဖြစ်ပေသည်။ "တက္ကသိုလ်နှင့် မြန်မာစာပေ" အကြောင်း ဟောပြောခဲ့သူ ဦးဖေမောင်တင်သည် တက္ကသိုလ်နှင့် မြန်မာစာပေကို ရှာဖွေပြုစုပျိုးထောင်သူ စာပေကျေးဇူးရှင်အဖြစ် အထူးတင်ပြလိုက်ရပေသည်။
မြန်မာစာ မြန်မာမှုကို ပြုစုပျိုးထောင် ခေါင်းဆောင်ခဲ့သူများ စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment