ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၂)
၁၉၆၈ ခုနှစ်က ကုလသမဂ္ဂရုံးချုပ်ရှိ သူ၏ရုံးခန်းတွင်တွေ့ ရသည့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။ |
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးနှင့် မြန်မာ့သားကောင်းရတနာဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် (တနင်္လာနေ့) မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဦးသန့်၏အသက်မှာ ၆၅ နှစ်ရှိပြီဖြစ်သည်။
ဦးသန့်သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည်နှင့်အမျှ နေ့စဉ်မပျက် ကျင့်ကြံအားထုတ်သူလည်းဖြစ်သည်။ ဓါတ်ပုံ - အင်တာနက်။ |
ဦးသန့်မိသားစု (၀ဲမှ- သား တင်မောင်သန့်၊ ဦးသန့်၊ ဇနီး ဒေါ်သိန်းတင်၊ သမီး အေးအေးသန့်။ ဓါတ်ပုံ - အင်တာနက်။ |
ကုလသမဂ္ဂအဖွဲ့ကြီးမှကမကထပြုလျက် ဦးသန့်၏ရုပ်ကလာပ်အား ကုလသမဂ္ဂရုံးချုပ်တွင် ခန်းခန်းနား နားထားရှိစေပြီး ကမ္ဘာ့နိုင်ငံများစွာတို့မှ ကုလသမဂ္ဂအဖွဲ့ဝင်ကိုယ်စားလှယ်များစွာက အရိုအသေပြု နှုတ် ဆက်ခဲ့ကြ၏။ ထို့နောက် ဦးသန့်၏မိသားစုဆန္ဒအရ ဦးသန့်၏ရုပ်ကလာပ်အား သူအလွန်ချစ်သော အမိ မြန်မာပြည်သို့ပို့ဆောင်သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြလေသည်။ သူ၏မွေးဇာတိဖြစ်သော အမိမြန်မာပြည်အား ဦးသန့်မည်မျှချစ်ကြောင်းကို အောက်ဖော်ပြပါ သူ၏စကားများက ခိုင်ခိုင်မာမာသက်သေထူနေပါသည်။
“ဟေ့ မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။
မြန်မာဟာ မြန်မာပြည်မှာပဲနေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေပေမယ့် တစ်နေ့နေ့ကိုယ့်နိုင်ငံကို ပြန်ကိုပြန်ရမယ်။
အခွင့်အရေးတစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။”
ရွှေတိဂုံဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံအတွင်းမှ ဦးသန့်၏ဂူဗိမာန်။ ဓါတ်ပုံ - အင်တာနက်။ |
ဂူဗိမာန်ထဲရှိ ဦးသန့်၏အုတ်ဂူ။ ဓါတ်ပုံ - အင်တာနက်။ |
ကြိမ်မီးအုံးသို့ ညှိုးချုံးပူဆွေး
ဦးသန့် ကွယ်လွန်သွားကြောင်းကြားသိရသဖြင့် မြန်မာတစ်နိုင်ငံလုံးနှင့် ကမ္ဘာ့ခေါင်းဆောင်များ မချိတင် ကဲ ၀မ်းနည်းကြေကွဲဖြစ်ခဲ့ကြရသည်။ ဦးသန့် ကွယ်လွန်သွားကြောင်း ကြားခဲ့ရတုန်းက စာရေးသူသည် ကိုယ့်နားကိုပင် ကိုယ်မယုံချင်လောက်အောင် ဖြစ်ခဲ့ရပါသည်။ ၆၅ နှစ်ဆိုသောအရွယ်မှာ မငယ်လှသော် လည်း မကြီးလွန်းသေးဟု ထင်မိပါသည်။ အထူးသဖြင့် ဦးသန့်ကဲ့သို့သော ကမ္ဘာ့ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့် ပုဂ္ဂိုလ်မျိုး (ယခုခေတ်စကားဖြင့်ပြောရပါလျင် စူပါ့ စူပါမဟာလူသား) မသေသင့်သေးဟု မျှော် လင့်ထားခဲ့မိသည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ တတိယမြောက်အတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာကြိမ်ဆိုနေစဉ်။ ဓါတ်င်္ပု - အင်တာနက်။ |
အဘယ့်ကြောင့်ဆိုသော် ဦးသန့်အနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးမှ တရားဝင်အနားယူ သွားသော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆက်လက် ဆောင်ရွက်နိုင်ဦးမည်မှာ သံသယရှိဖွယ် မလိုပါချေ။ သာဓကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအန်နန် (Kofi Annan) သည် UN-Arab League ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီး နှင့်အာရပ်လိ(ဂ်)တို့ကို ကိုယ်စားပြုလျက် ဆီးရီးယားပြည်တွင်းရေးအကျပ်အတည်းအား ဖြေရှင်းပေး လျက် ရှိသည်မှာ သိကြသည့်အတိုင်းပင်ဖြစ်၏။
ကုလသမဂ္ဂအဖွဲ့ကြီး၏ ၆၇ နှစ်သက်တမ်းတစ်လျှောက်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်ခဲအနက် ရှိုင်းဆုံးသောပြသနာများစွာကို ဦးသန့် အတွင်းရေးမှူးချုပ်တာဝန်ယူနေချိန်တွင် ကြုံတွေ့ခဲ့ရသည်ဖြစ်၏။ ကမ္ဘာ့ငြိမ်းချမ်းရေးအား အခြိမ်းခြောက်ဆုံးဖြစ်ခဲ့သည့် ထင်ရှားသောဖြစ်ရပ်အချို့ မှာ (က) ဖီဒယ်ကတ် စ်ထရို၏ကျူဘားနိုင်ငံ၌ ဆိုဗီယက်ယူနီယံက ဒုံးကျည်များ (medium and intermediate range ballistic missiles) ကို လှို့ဝှက်တပ်ဆင်ထားရှိသဖြင့် အမေရိကန်ရေတပ်သဘောင်္များက ပိတ်ဆို့ဝန်းရံ ထားလေရာ ဆိုဗီယက်ယူနီယံနှင့်သူ၏သြဇာခံဆိုရှယ်လစ်နိုင်ငံများကစစ်သဘောင်္များ ကျူဘားနိုင်ငံသို့ စေလွတ်တေ့ဆိုင်စေခြင်းဖြင့် အနုမြူစစ်ပွဲဖြစ်မည့်အန္တရာယ်ကြီး၊ (ခ) မီးဟုန်းဟုန်းတောက်နေသည့် အ မေရိကန်နှင့်ဗီယက်နမ်စစ်ပွဲကြီး၊ (ဂ) အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်စစ်ပွဲများ (ဃ) အာဖရိကမှ ကွန်ဂို နိုင်ငံပြည်တွင်းစစ်ကြီး စသည်တို့ဖြစ်ကြ၏။
ကျူဘားနိုင်ငံ၏တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စ်ထရို(၀ဲ)နှင့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။ |
စစ်အေးကာလတုန်းက ဦးသန့်နှင့် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ(၀ဲ)။ ဓါတ်ပုံ - အင်တာနက်။ |
ဦးသန့်နှင့် စစ်အေးကာလ၏ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်ဖ်(ယာ)။ ဓါတ်ပုံ - အင်တာနက်။ |
No comments:
Post a Comment