တက္ကသိုလ်အဆောင်ဆိုတာ ဒီမိုကရေစီလေ့ကျင့်ရေးကွင်းပါ
- Details
- Category: ဆောင်းပါး
- 12.12.2014
- Written by ဒေါက်တာမောင်သင်း
တက္ကသိုလ်တွေက
မိမိတို့ရဲ့တက္ကသိုလ်မှာ ကျောင်းဆောင်ထားပေးခြင်းအားးဖြင့် ပညာရှင်လောင်း
တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများရဲ့ ဂုဏ်သိက္ခာ၊
တင့်တယ်မှုနှင့်တန်ဖိုးတွေကို ပိုမိုမြင့်တက် စေတာမို့ မဖြစ်မနေ ကျောင်းသူ/
ကျောင်းသားတွေကို ပြန်လည်ထားပေးဖို့ လိုပါတယ်လို့ ပြောပါရစေ။ တက္ကသိုလ်တွေက
အဆောင်ဆိုတာ ယနေ့ပုဂ္ဂလိကတည်ထောင်ထားတဲ့ ပြင်ပဆောင်တွေလို နေစရာ၊ အိပ်စရာ
လောက်သာပေးတဲ့ ခပ်ညံ့ညံ့နေရာမဟုတ်ပါ။ တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရပညာတတ်တွေ
မှာ ပိုင်ဆိုင်ရမယ့် လူ့တန်ဖိုးစစ်စစ်တွေ ရရှိသွားအောင်
လေ့ကျင့်ပေးတဲ့နေရာပါ။ တန်ဖိုးမြင့်ပညာရှင် တွေ ဖြစ်လာအောင်
သင်ရိုးပြင်ပကနေပြီး လေ့ကျင့်အကောင်အထည်ဖော်ပေးတဲ့ (extracurriculum
training programme) လေ့ကျင့်ရေးကွင်းပါ။ လူ့တန်ဖိုး မြင့်တဲ့အထဲမှာ
ဒီမိုကရေစီ "အသိ" နှင့် "အကျင့်" တို့ကို ရရှိသွားခြင်းက အဓိကဖြစ်ပါတယ်။
တက္ကသိုလ်ဆိုတာ ပညာရပ်အသီးသီးတတ် မြောက်မှုနှင့် လူ့တန်ဖိုးအစစ်တို့
ပေါင်းစပ်နိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ နေရာပါ။ အဲဒီလိုဖြစ်မှသာ လူ့ဘောင်
အသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကို သည်ပိုးနိုင်တဲ့ ပညာရှင်ကောင်း
ပညာရှင်မြတ်တွေ ပေါ်ထွက်လာနိုင်မှာ။ အဲဒီအတွက် ကမ္ဘာ့တက္ကသိုလ်တိုင်းဟာ
အဆောင်တွေမှာ ကျောင်းသူ၊ ကျောင်း သားတွေထားကြတာပါ။ ကျွန်တော်တို့ရဲ့
ရန်ကုန်တက္ကသိုလ်တည်ထောင်စအချိန်က ခေတ်သစ်တက္က သိုလ်တစ်ရပ်ရပ်ဟာ အင်္ဂါရပ်ကြီး
(၄) ပါးနှင့် ပြည့်စုံစေရမယ်လို့ "မူ" သတ်မှတ်ထားခဲ့ပါတယ်။ အဲဒီမူ (၄)
ချက်ထဲက တစ်ချက်ကတော့ "ကျောင်းသားအားလုံးဟာ တက္ကသိုလ် ပရိဝုဏ်တစ်ခုအတွင်းမှာ
စုစည်းနေထိုင်တဲ့ Academic Community Life (or) Campus Life ရှိခြင်း"
ဆိုတာပါ။ ကမ္ဘာ့ထိပ်တန်း အဆင့်ကို ရာစုနှစ်များစွာ ရပ်နေတဲ့ Oxford
တက္ကသိုလ်ရဲ့ နမူနာကို ယူပြီးဖွင့်ခဲ့တာပါ။
မိတ်ဆွေပါမောက္ခတစ်ယောက်ရဲ့သားဟာ
နည်းပညာတက္ကသိုလ်တစ်ခုကို တက်ခွင့်ရပါတယ်တဲ့၊ တက္ကသိုလ်က မြို့ပေါ်မှာ
မဟုတ်ပါ။ သူ့သားနေဖို့အတွက် အဆောင်ရှာတော့ ရွာရဲ့တဲသာသာရှိတဲ့
အိမ်ရဲ့ဘေးမှာ အဖီထိုးထားပြီး ကွပ်ပျစ်ခင်းထားပါတယ်၊ စားပွဲမရှိပါတဲ့၊
ကျွန်တော်လည်း ရွေးစရာမရှိ တော့ ထားခဲ့ရတယ်ဆိုပဲ။ သူ့သားလိုပါပဲ မန္တလေးနားက
တက္ကသိုလ်ကြီးတစ်ခု (ကျောင်းသားနှစ် သောင်းကျော် ကျောင်းတက်တဲ့) တည်ရှိရာ
ပတ်ဝန်းကျင်ကရွာတွေမှာ အိမ်ကိုပဲအဆောင်ထား၊ အိမ်ရှင်နဲ့အတူနေ
လျှပ်စစ်မီးမရှိ၊ အခန်းမရှိ၊ စားပွဲမရှိ ကြမ်းပြင်ပေါ်အိပ်ကြ၊ ဖဲစုရိုက်ကြ၊
ထန်းရေပေါ တဲ့အရပ်မို့ အဆောင်လို့ခေါ်တဲ့အိမ်မှာ ထန်းရေဝိုင်းထိုင်လည်း
အိမ်ပိုင်ရှင်က မပြောကြပါ။ သူတို့အိမ် မှာမနေရင် ဝင်ငွေမရမှာမို့ပါ။
စည်းကမ်းထိန်းဖို့ဆိုတာကိုလည်း အိမ်ရှင်များက ပညာလည်းမတတ်၊
အဆောင်စည်းကမ်းဆိုတာလည်း နားမလည်ခဲ့ပါ။ ခြံစည်းရိုးလည်းမရှိ၊ အိမ်ကလည်း
လုံလုံခြုံခြုံသော့ ခတ်နိုင်ခြင်းမရှိ။ တချို့တက္ကသိုလ်တွေမှာဆိုရင်
တက္ကသိုလ်ဝင်းထဲက ဝန်ထမ်းတွေရဲ့ နေအိမ်ဘေးမှာ (သို့) နောက်ဖေးမှာ
အခန်းထပ်ချဲ့ပြီး အဆောင်လုပ်ထားတဲ့ နေရာမှာနေကြပါတယ်။ မိန်းကလေးအ ဆောင်တွေ
မှိုလိုပေါက်နေပေမဲ့ အနည်းငယ်သာ လုံခြုံတာ၊ ဒါပေမဲ့ နေရတာကျပ်ညပ်နေတာ။
တချို့ နယ်တက္ကသိုလ်တွေမှာဆိုရင် မိန်းကလေးရော၊ ယောက်ျားလေးပါ
တစ်အိမ်တည်းမှာ တူတူထားကြပါ တယ်။ မြီးကောင်ပေါက်အရွယ်တွေ
ပညာရှာရမယ့်အချိန်မှာ မဖြစ်သင့်တာတွေ ဖြစ်ကြတော့ မိဘတွေ ရင်ကျိုးရပါတယ်။
တကယ်တော့ သူတို့ဟာ အနာဂတ်ရဲ့ခေါင်းဆောင်လောင်းတွေပါ။ နိုင်ငံရဲ့အနာ
ဂတ်သားသမီးရတနာတွေကို စိတ်ဓာတ်ရေးရာအရ နာမ်နှိမ်ထားသလိုဖြစ်စေတဲ့
အဆင့်မရှိတဲ့နေရာ တွေမှာ အဆောင်ဆိုပြီး မထားအပ်ပေ။
ကျွန်တော်တို့ငယ်ငယ်က
တက္ကသိုလ်ပရိဝုဏ်တွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းဆောင်မှာ နေခဲ့ရပါ တယ်။
တက္ကသိုလ်ကျောင်းသားဆိုတဲ့ဂုဏ်နဲ့လျော်ညီစွာနေထိုင်နိုင်လောက်တဲ့
ဂုဏ်အင်္ဂါနဲ့ပြည့်စုံတဲ့ ကျောင်းဆောင်များပါ၊ မြန်မာ့တက္ကသိုလ်များဟာ
အဲဒီလိုအဆောင်မျိုးမှာ တက္ကသိုလ်ကျောင်းသား/သူ တွေကို
ထားခဲ့တဲ့အစဉ်အလာရှိခဲ့ပါတယ်။ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင် ဆန်းဆိုရင် ရန်ကုန်တက္ကသိုလ်က ပဲခူးဆောင်မှာ နေခဲ့တာပါ။
၁၉၉၆ ခုနှစ်ထိ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မကွေး၊ စစ်တွေ၊ မော်လမြိုင်နှင့်
ဆေးတက္ကဆသိုလ် (၁)၊ (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊
ရန်ကုန်စက်မှုတက္ကသိုလ်တို့မှာ အဆောင်ကျောင်းသား/သူ ထားခဲ့ ကြပါတယ်။
စိုက်ပျိုးရေး၊ သစ်တောတက္ကသိုလ်တို့မှာ အဆောင်ထားပါတယ်။ ထို့အတူ ပညာရေး
တက္ကသိုလ် (၂) ကျောင်းမှာတော့ ယနေ့ထိကျောင်းသား/သူတွေကို အဆောင်မှာထားပြီး
ပညာရေး ပညာရှင်နှင့် ဆရာကောင်း၊ ဆရာမြတ်လောင်းတွေကို လူ့တန်ဖိုး
ပိုမိုတက်လာအောင် လေ့ကျင့်ပေးနေ ဆဲပါ။
ကျွန်တော်တို့
ပထမနှစ်ကျောင်းသားစတက်ခဲ့စဉ်က နယ်တက္ကသိုလ်ဖြစ်လို့ (ရန်ကုန်နဲ့ မန္တလေး
တက္ကသိုလ်မဟုတ်ပါ) အဆောင်မှာ တစ်ခန်း(၈) ယောက်နေရပါတယ်။ အခန်းကျယ်မို့
မကျပ်ညပ်ပါ။ အဆောင်နည်းပြထံ သတင်းပို့ပြီးတဲ့အခါမှာတော့ "အခန်းပေးပြီး"
အဆောင်စည်းကမ်း ဖတ်ခိုင်းတယ် ပြီးတော့ ရှင်းပြတယ်။ "အရက်မသောက်ရ၊
လောင်းကစားမပြုရ၊ ခိုက်ရန်မဖြစ်ရ၊ မိန်းကလေးဧည့်သည် မခေါ်လာရ" ဆိုတာတွေပါ။
တစ်ခန်းတည်း အတူတူနေကြသူတွေ တစ်ယောက်နှင့်တစ်ယောက် စရိုက်မတူကြပါ။
တံခါးပေါက်က တစ်ပေါက်တည်းဆိုတော့ အပြင်ထွက်ပြီး လျှောက်မလည်တဲ့သူက
ကျောင်းသွားရင်သော့ယူသွားရတယ်။ ညဘက်မိန်းကလေးအဆောင်တွေမှာ
ဂီတာသွားတီးတဲ့သူက ပြန်လာရင် အခန်းပေါက်နားမှာရှိတဲ့ ကုတင်က လူတွေက
တံခါးထဖွင့်ပေးရတယ်၊ ကံကောင်းချင် တော့ အခန်းပေါက်နားက သူငယ်ချင်း ၂ ယောက်က
စာမျိုးစုံဖတ်ကြသူတွေဖြစ်ကြတော့ ညဥ့်နက်မှ အိပ်ကြပါတယ်။ အပြင်ထွက်
ဂီတာတီးသူတွေအတွက် တံခါးထဖွင့်ပေးဖို့ ပြဿနာမရှိပါ။ ကျွန်တော် တို့လို
ညဥ့်နက်အောင် စာမျိုးစုံဖတ်တဲ့သူတွေက မီးထွန်းထားလို့ စောစောအိပ်တဲ့သူတွေဆီ
အလင်း ရောင်မကူးရအောင် သူတို့ခြင်ထောင်ပေါ် လုံချည်လွှားပြီး ကာပေးကြတယ်။
အဆောင်နည်းပြနဲ့ အဆောင်မှူးက ညစဉ်လိုက်ကြည့်၊ လိုက်စစ်ကြတယ်။
နှစ်ပတ်လောက်နေတော့ အခန်းထဲနေကြသူ အားလုံးငယ်ငယ်က သူငယ်ချင်းတွေလို
ဖြစ်သွားကြတယ်၊ အခန်းထဲက (၈) ယောက်တင်လားဆို တော့မဟုတ်ပါ။ အနည်းဆုံးဘေးဝဲယာ
အခန်း(၂) ခန်းမှ (၁၆) ယောက်တို့နှင့်လည်း ခင်သွားကြ တယ်။ တစ်ဆောင်မှာ လူ
(၁၂၀) လောက်ထားပါတယ်။ အဆောင်နေခြင်းဖြင့် ကျွန်တော်တို့ ပထမဦး ဆုံး
တတ်လာခဲ့တာကတော့ အခန်းတွင်းက ကျန် (၇) ယောက်နဲ့ ဘယ်လို ညှိညှိနှိုင်းနှိုင်း
နေထိုင်ရ မယ်ဆိုတာပါဘဲ။ ပြီးတော့ အခန်းနီးနားချင်းဘေး (၂) ခန်းက (၁၆)
ယောက်နဲ့ အနည်းဆုံး "ကိုယ့် လွတ်လပ်မှုဟာ ကိုယ့်အနီးအနား ဝန်းကျင်ကသူများကို
မထိခိုက်အောင် ကိုယ့်အသိကိုယ်ထိန်းပြီး လွတ်လွတ်လပ်လပ် နေတတ်လာတဲ့
အကျင့်ခိုင်မြဲ" လာခဲ့ခြင်းပါပဲ။ အဆောင်နေခွင့်ရခဲ့တဲ့ ကျေင်းသား တစ်ယောက်
ပထမဆုံးရခဲ့တဲ့ တန်ဖိုးကတော့ "ဒီမိုကရေစီနေထိုင်မှုဓလေ့" ဆိုတာပါဘဲ။
အဆောင်မှာ
"အဆောင်သာယာရေးကော်မတီ" ဆိုတာ ဖွဲ့ရပါတယ်။ တစ်ခန်းကို ကိုယ်စားလှယ်
တစ်ဦးစီပါ။ အခန်း (၁၆) ခန်းဆိုတော့ (၁၆) ယောက်ပါ။ ဥက္ကဋ္ဌက အဆောင်မှူး၊
အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးက ကျောင်းသားတွေပါ။
စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ အားကစား ဆပ်ကော်မတီ၊ စားသောက်ရေး
ဆပ်ကော်မတီဆိုတာတွေလည်းဖွဲ့ပြီး အဖွဲ့ခေါင်းဆောင်တွေ ထပ်ရွေး၊
အဖွဲ့ဝင်တွေရွေးပါတယ်၊ အဆောင်မှူးက မရွေးမီရှင်းပြပါတယ်။ ဒါဟာ ရွေးချယ်ပွဲ
(election) တဲ့၊ ရွေးချယ်ပွဲဆိုတာ အဆိုပြုခံရသူတွေကို အတည်မပြုမီ
ကန့်ကွက်နိုင်တယ်၊ မရွေးမီ လည်း စဉ်းစားပါ။ အဆောင်ကောင်းကျိုး
တကယ်လုပ်နိုင်သလား ဆိုတာပါ။ ရွေးပြီးလို့ အတည်ပြုပြီး ရင်တော့
"မင်းတို့ရွေးချယ်ထားတဲ့သူ (elected person) ဖြစ်လို့ ဆရာ (အဆောင်မှူး)
အနေဖြင့် ဖြုတ်ခွင့်မရှိ၊ အခြားသူကိုလည်း အစားထိုးခွင့်မရှိသလို
အဆောင်မှူးဆရာကလည်း ခန့်ပိုင်ခွင့်မရှိပါ တဲ့။ အဲဒီလို ကိုယ်စားလှယ်ရွေးတာ၊
ပြီးတော့ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်မှုကို လုပ်ခဲ့ရ တာမို့ မဲပေး၊
မဲဖြင့်ခေါင်းဆောင်လောင်းရွေး၊ ကိုယ်စားလှယ်ရွေးတဲ့
ဒီမိုကရေစီအလေ့အကျင့်ကို အဆောင်နေကျောင်းသားဘဝ ကတည်းက ရခဲ့ပါတယ်။"
ကျွန်တော်ကစာပေနှင့်
ယဉ်ကျေးမှုဆပ်ကော်မတီမှာ ပါဝင်ရတာမို့ အဆောင်စာကြည့်တိုက်ဖွင့်ပြီး
စာအုပ်ငှားရတယ်၊ စာအုပ်ဝယ်ဖြည့်ရတယ်၊ နံရံကပ်စာစောင်စီစဉ်ရတယ်၊
ကျပန်းစကားပြောပွဲ လုပ်ပေးရတယ်။ ဗိုလ်ချုပ်တို့လက်ထက်တုန်းက
အဆောင်သဟာယအသင်းတွေက ပြင်ပမှာထင်ရှား တဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ပြီး
စကားရည်လုပွဲကျင်းပပေးကြတယ်လို့ မှတ်သားဖူးပါတယ်။ တက္ကသိုလ်ရဲ့
တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီကို အဆောင်ကိုယ်စားလှယ်အနေဖြင့်
ပါဝင်ခွင့်ရခဲ့ပါ တယ်။ ထို့အတူ အဆောင်မှာလည်း
ကရင်နှင့်မွန်တိုင်းရင်းသားများနှင့်အတူ ထားဝယ်နှင့် မြိတ်ဒေသမှ
ကျောင်းသားများ စုပေါင်းနေထိုင်ကြတာမို့ တိုင်းရင်းသားမျိုးစုံနှင့်
ရင်းနှီးခွင့်ရခဲ့ပါတယ်။ မွန်စာပေသင် တန်း၊ ကရင်ဒုံးယိမ်း (ကျွန်တော်တို့
ကျောင်းမှာ ဗမာပြီးရင် မွန်လူမျိုးကအများဆုံး၊ ကရင်တိုင်းရင်း သားက
သူ့နောက်ကပါ) အကသင်တန်းတွေတက်ရင်း သူတို့ယဉ်ကျေးမှု၊ စာပေ၊ အနုပညာနှင့်
အကျွမ်းဝင်ခဲ့ပါတယ်။ သူတို့စကားတွေနှင့် ယှဉ်ပါးခဲ့ပါတယ်။ တိုင်းရင်းသား
ညီအစ်ကိုများရဲ့ မတူညီ တဲ့ယဉ်ကျေးမှုကို မြတ်နိုးတတ်၊ လေးစားတတ်တဲ့အသိဟာ
အဆောင်မှာအတူနေရင်း ရရှိလာခဲ့ပါ တယ်။
အဆောင်တွင်း
အားကစားပွဲ၊ ထမနဲထိုးပွဲပြိုင်ပွဲ၊ အဆောင်လိုက်အားကစားပြိုင်ပွဲတွေ
အဆောင်ညစာ စားပွဲ၊ ပညာရည်ဆုပေးပွဲတွေနဲ့ တွဲလျက်ဂီတဆည်းဆာတွေလုပ်ကြတဲ့အခါ
တစ်ဆောင်လုံး ကိုယ်ကျ ရာတာဝန် ကျေကျေပွန်ပွန်ပါပဲ၊ အဆောင်သာယာရေးကော်မတီ
အတွင်းရေးမှူးလုပ်တဲ့သူက အဆောင်မှာအထက်ပါပွဲ တစ်ခုခုလုပ်မယ်ဆိုရင်
အဆောင်မှူးရဲ့ သဘောတူညီချက်နဲ့ ကော်မတီ အစည်းအဝေးခေါ်၊ ဆန္ဒယူရပါတယ်။
ကန့်ကွက်နေရင် ကျိုးကြောင်းရှင်းပြစည်းရုံးရင်း အကောင်အ ထည်ဖော်ရတာမို့
ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေပါ တက်လာပါတယ်။ တက္ကသိုလ်ကျောင်း
ဆောင်နေရင်း အသင်းအဖွဲ့ရဲ့ သဘောသဘာဝကို သင်ယူခဲ့ပါတယ်။ ပြီးတော့
ယောက်ျားလေးအ ဆောင်မှာ ပွဲတစ်ခုခုလုပ်မယ်ဆိုရင် မောင်နှမဆောင်က
အစ်မတွေညီမတွေက လာပြီးဝိုင်းကူသလို မိန်းကလေးအဆောင်ရဲ့ ပွဲလည်းအစ်ကိုတွေ၊
မောင်တွေက သွားပြီးကူကြ၊ ပျော်ပျော်ရွှင်ရွှင် စည်းစည်း လုံးလုံးပါ။
သင်ယူကြတဲ့ အဓိကဘာသာရပ်တွေ မတူပေမဲ့ မောင်နှမဆိုတဲ့အေးမြတဲ့အရိပ်အောက်မှာ
စည်းလုံးညီညွတ် ပျော်ရွှင်စွာအလုပ်လုပ်ရင်း၊ စာသင်ရင်း မိတ္တဗလစွမ်းရည်တွေ
ပြည့်လာခဲ့ပါတယ်၊ ကျောင်းပြီးလို့ ခွဲခွာသွားတဲ့ အခါမှာတော့
ခိုင်မြဲပြီးကြီးမားတဲ့ လူမှုရေးကွန်ရက် (Social Network) တစ်ခုကို
ထူထောင်နိုင်ခဲ့ပါတယ်။ အဆောင်သားဘဝကို ဖြတ်သန်းခဲ့တဲ့ ယနေ့ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တော်တော်များများ လူမှုရေးကွန်ယက်ကို ထူထောင်နိုင်ခဲ့ကြသူများ
ဖြစ်ကြပါတယ်။ ထို့အတူ တပ်မတော်စစ်တက္ကသိုလ်မှာ ကိုယ့်ထက်ကြီးတဲ့ အပတ်စဉ် (၃)
ခု၊ ကိုယ့်ထက်ငယ်တဲ့ အပတ်စဉ် (၃) ခုနှင့် ကိုယ့်အပတ်စဉ်ပါဆိုရင်
စုစုပေါင်း (၇) ပတ်စဉ်ရဲ့ ခိုင်မြဲတဲ့လူမှုရေး ကွန်ယက်ကြီး ပါ။ ဒါကြောင့်
တပ်မတော်အရာရှိကြီးတွေ လုပ်ငန်းခွင်မှာ "ညီလေး"၊ "အစ်ကိုကြီး" ဆိုပြီး
ရင်းရင်းနှီးနှီျး ပြောဆို ဆက်ဆံကြတာဟာ အဆောင်ကရခဲ့တဲ့ ယဉ်ကျေးမှုပါ။
ခင်မင်ချစ်ကြည်ရုံတင်မကပါ၊
ရိုင်းပင်းကြတာလည်းစုံလို့ပါ။ စာတော်တဲ့သူက စာရှင်းပြပေးတာ၊
ထမင်းလခမရှိသေးရင် စုပေါင်းသွင်းပေးတာ၊ စာအုပ်ဖိုးမရှိရင် ဝိုင်းကူဝယ်ကြ၊
အပြန်ရထားခ၊ ကားခ မရှိလို့ စိုက်ဝယ်ပေးရတာ၊ ဖျားနာဆေးရုံတက်ရင်
ဝိုင်းစောင့်၊ ခွဲရ၊ စိတ်ရတာဆို သွေးဝိုင်းလှူ ယောက်ျားလေးဆောင်ရဲ့
ခင်မင်မှုအမှတ်အသားကတော့ အိမ်ကပို့လာတဲ့ ငါးပိကြော်၊ သရက်သီး သနပ်၊
ဗာလချောင်ကြော်စတဲ့ ပုလင်း (သို့) ဘူးချလိုက်ရင် တစ်ကြိမ်တည်း
မကုန်တဲ့ပုလင်း (သို့) ဘူးဆိုတာ မတွေ့ဘူးပါ၊ ဟိုလူ၊ ဒီလူ
တစ်ဇွန်းစီဝိုင်းနှိုက်လိုက်တာ ကုန်ရောပဲ။ ဒါမျိုးမကျွေးချင်တဲ့သူ ဆိုလည်း
အတ္တဆန်မှုမလျော့အောင် နည်းမျိုးစုံနဲ့ ဝိုင်းတည့်ပေးကြ၊ ဖဲရိုက်၊
အရက်သောက်တဲ့သူဆို လည်း အဆောင်မှူးလာတယ်၊ အဆောင်နည်းပြလာတယ်ဆိုပြီး
မရိုက်ဖြစ်အောင် နည်းမျိုးစုံနဲ့ ဝိုင်း ထိန်းကြတယ်၊
အရက်တွေသွားသွန်ပစ်ခဲ့တယ်၊ ခပ်နွဲ့နွဲ့ ခပ်ပျော့ပျော့သမားဆိုလည်း
ခပ်ကြမ်းကြမ်း ကစားနည်းတစ်ခုမဟုတ်တစ်ခု (ဘောလုံး၊ ဂျူဒို၊ ကာရာတေး၊
ဘတ်စကတ်ဘော၊ အလေးမ) ကစား ဖြစ်အောင် ဆွယ်ကြတယ်။ ဒီလိုနဲ့ ကြံ့ခိုင်သူတွေ
ဖြစ်လာတယ်။ ထို့အတူ သူ့မိသားစု ကိုယ့်မိသားစု အကြောင်းပြောကြရင်း ပြေလည်မှု၊
မပြေလည်မှုတွေသိရတော့ စာနာမှုတွေ ထားလာနိုင်ကြပါတယ်။ တစ်ဦးနှင့်တစ်ဦး
သူ့ဒေသ၊ ကိုယ့်ဓလေ့တွေ အသိချင်းဖလှယ်ကြတော့ ဒေသန္တရဗဟုသုတစုံ ရကြပါ တယ်။
မိန်းကလေးအဆောင်ဆိုရင်
ညနေဆို ၆း၀၀ နာရီမှာ အဆောင်ပိတ်ပါတယ်။ အဆောင်နည်းပြ ဆရာမ တွေက
နာမည်ခေါ်ပြီး လူစစ်ပါတယ်၊ ပြီးလျင် ဗုဒ္ဓဘာသာဝင်တွေက ဘုရားခန်းမှာ
စုပေါင်းဘုရားရှစ်ခိုး ပါတယ်။ ၇း၀၀ နာရီအထိ ကိုယ်ပိုင်အချိန်ပါ။ ၇း၀၀
နာရီထိုးရင်တော့ စာကြည့်ခေါင်းလောင်းတီးပါ တယ်။ အဆောင်မှူးနှင့်
အဆောင်နည်းပြတွေက စာကျက်မကျက် လိုက်ကြည့်ပါတယ်၊ အဆောင်သူ တွေရဲ့ လူမှုရေး၊
ကျန်းမာရေးကို မိဘလိုစောင့်ရှောက်ကြပါတယ်။ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ
အားလုံးမှာ တက္ကသိုလ်ကျောင်းသူရဲ့ ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ဖို့၊ တက္ကသိုလ်
ကျောင်းသူရဲ့ဘဝ တင့်တယ်ဖို့၊ စည်းကမ်းရိုသေလိုက်နာပြီး ယဉ်ကျေးသိမ်မွေ့တဲ့
ပညာရှင်၊ ပညာ တတ် မြန်မာအမျိုးသမီးတွေအဖြစ် ပီသစေဖို့ မိဘတွေက
သူတို့ကိုယ်စား စောင့်ရှောက်ဖို့ တို့တစ်တွေ ထံ လွှဲအပ်ထားတယ်လို့
အဆောင်မှူး အဆောင်နည်းပြတွေက ခံယူထားကြပါတယ်၊ ကျောင်းသူတွေ ကလည်း တို့အမိ၊
တို့အဒေါ်၊ တို့အစ်မများလိုပဲ အဆောင်မှူး ဆရာမကြီးများ၊ အဆောင်နည်းပြများ
အပေါ် သဘောထား လေးစားချစ်ခင်ခဲ့ကြတယ်။ အဆောင်သာယာရေးနဲ့
ဆပ်ကော်မတီမျိုးစုံဖွဲ့ပြီး စုပေါင်းလှုပ်ရှားတာတွေ အားလုံးကလည်း
ယောက်ျားလေး အဆောင်တိုင်းပါ။ ဆရာသမားအပေါ် ကျေးဇူးသိတတ်မှု၊ ဆရာနှင့်တပည့်
အပြန်အလှန်လေးစားမှု၊ မိတ္တဗလကြွယ်ဝမှု၊ ပေါင်းသင်းဆက်ဆံ တတ်မှု၊
ကိုယ့်လွတ်လပ်မှုဟာ သူများရဲ့လွတ်လပ်မှုကို မထိပါးရေး၊ အများနှင့်
ညှိညှိနှိုင်းနှိုင်း ပျော်ပျော် ရွှင်ရွှင်နေထိုင်တတ်မှု၊ ရိုင်းပင်းကူညီမှု၊
ချစ်ကြည်မှု၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားယုံကြည်မှု
စတာတွေအားလုံးပိုင်ဆိုင်ပြီး ခိုင်မာတဲ့လူမှုရေးကွန်ရက်ကြီးကို
တက္ကသိုလ်အဆောင်နေရင်း ပညာရှင် လောင်း မြန်မာအမျိုးသမီးတွေ
တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့
မြန်မာ့တက္ကသိုလ်တွေမှာ အဆောင်ထားခဲ့တာ ရန်ကုန်တက္ကသိုလ်စတည်တဲ့ ၁၉၂၀
ပြည့်နှစ်မှ ၁၉၉၆ ခုနှစ်အထိဆိုတော့ စိန်ရတုကျော်ခဲ့ပါပြီ။
ကောင်းကျိုးရှိလို့သာ (၇၅) နှစ်ကျော်ကြာခဲ့ တာပါ။ ဥရောပနိုင်ငံတွေမှာ
စာသင်ခဲ့တဲ့ (အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမဏီ၊ ရုရှား၊ ပိုလန်၊ ချက်၊
ဟန်ဂေရီစတဲ့) ဆရာတော်တော်များများကို မေးခဲ့ဖူးပါတယ်။ အဲဒီမှာလည်း
အဆောက်ထားပါ တယ်တဲ့၊ ကျွန်တော်ကျောင်းသွားတက်ခဲ့တဲ့ ဂျာမဏီက
တက္ကသိုလ်မှာဆိုရင် တက္ကသိုလ်ရဲ့ အဆောင် တွေကို စုပေါင်းထားတာဟာ
ရပ်ကွက်တစ်ခုလောက်ကြီးတာမို့ "ကျောင်းသားရွာ" လို့တောင် နာမည် ပေးထားပါတယ်၊
ကျွန်တော်ဘွဲ့လွန် သုတေသနခရီးစဉ် (၄) ခေါက်မှာလည်း အဆောင်မှာပဲ နေခဲ့ပါ
တယ်။ ဂျပန်ပြန် မိတ်ဆွေဆရာတွေကလည်း အဆောင်ပေးပါတယ်တဲ့၊
တချို့ဂျပန်တက္ကသိုလ်တွေကျ တော့ နိုင်ငံခြားသားတွေကို ပထမနှစ်၊ ဒုတိယနှစ်ပဲ
အဆောင်ပေးတယ်၊ နောက်နှစ်တွေကျတော့ အိမ် ခန်းခဆိုပြီးထုတ်ပေးတယ်၊
ကိုယ်ကြိုက်တဲ့ဆီ ငှားနေပါတဲ့။ အမေရိကန် ဟားဗတ် တက္ကသိုလ်က Ph.D ဘွဲ့ရလာတဲ့
ကျွန်တော့်ဆရာကလည်း သူအဆောင်နေခဲ့ရတာတဲ့၊ သူ့ရဲ့အုပ်ထိန်းသူဆရာက
အဆောင်အပေါ်ထပ်မှာနေတာမို့ နေ့စဉ်သူနဲ့တွေ့ပြီး ဘာလိုသလဲ၊
လိုတာဖြည့်ဆည်းပေးတယ်တဲ့၊ အဲဒါတွေကြည့်ပြီး "မင်းဆိုတာ
မင်းမြောက်တန်ဆာငါးပါးပြည့်စုံမှ တင့်တယ်သလို တက္ကသိုလ်ဆိုတာ လည်း
ကျောင်းသား/သူနေတဲ့ တက္ကသိုလ်ပိုင် အဆောင်တွေရှိမှ တက္ကသိုလ်ရဲ့
ဂုဏ်ဒြပ်နဲ့ညီကာ ကမ္ဘာ့အဆင့်အတန်းကို မီတဲ့ဘဝ ဖြစ်မှာပါ" လို့မြင်မိပါတယ်။
အဆောင်နေ ကျောင်းသားဘဝ (Campus (or) Hostel life) ရဲ့ အနှစ်သာရက
ကြီးမားလို့ပါ။ အထက်ပါ အချက်တွေကိုကြည့်ရင် "တက္ကသိုလ်အဆောင်တွေဟာ
ဒီမိုကရေစီလေ့ကျင့်ရေးကွင်းဆိုတာ ထင်ရှားပါတယ်၊ အဆောင်နေ
တက္ကသိုလ်ကျောင်းသူ/ကျောင်းသား ဘဝဆိုတာ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်
ယဉ်ပါးစေခြင်းပါဘဲ။ ဒီမိုကရေစီအလေ့အကျင့် ထုံမွှမ်းအောင်
ပါဝင်လေ့ကျင့်နေခြင်းဖြစ်ပြီး နောက်ဆုံးမှာတော့ ပညာတတ် လူငယ်များဟာ
ဒီမိုကရေစီဓလေ့မှာ မွေ့လျော်သူများ ဘဝ" ကို ရောက်ရှိလာပါတော့တယ်။
တက္ကသိုလ်တွေရဲ့
ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဆောင်တွေမှာ မနေခဲ့ရပဲ ယနေ့ပြင်ပ တက္ကသိုလ်
အဆောင်တွေကြောင့် မျိုးဆက်သစ်တွေ တန်ဖိုးနိမ့်ဘဝရောက်နေကြလို့
ကျွန်တော့်လို တိုင်းပြည်ရဲ့ အနာဂတ် အညွှန့်အဖူးတွေအတွက်
စိတ်မကောင်းဖြစ်နေသူတွေလည်း အများအပြားရှိနေကြောင်း ဆောင်းပါးတွေ၊
သတင်းစားတွေအရ သိရပါတယ်။ ဝမ်းနည်းစရာကောင်းတာက ကျွန်မွေးဖို့ တည်
ထောင်ခဲ့တဲ့ အင်္ဂလိပ်အစိုးရက သူ့ရဲ့ကျွန်လောင်းလေးတွေကို ကြီးမားခန့်ငြားတဲ့
အုတ်တိုက်ကြီးနဲ့ ဆောက်ထားတဲ့အဆောင်၊ ပြီးတော့ ၁၄×၁၂ ပေကျယ်တဲ့ အခန်းမှာ
ကုတင်၊ စားပွဲ၊ ဘီရို၊ ကုလား ထိုင်၊ ရေမီးအစုံ၊ ပြီးတော့ထမင်းစားခန်းမှာ
နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ အဆင့်သင့်ဖြင့် ထားခဲ့ကြ ပါတယ်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ညီတဲ့ အဆောက်အအုံနှင့်
အဆောင်အယောင်တွေရှိတဲ့ အဆောင်တွေပါ။ အင်းလျား၊ သီရိ၊ အင်းဝ၊ စစ်ကိုင်း၊
ပင်းယ၊ ပဲခူး၊ သထုံ၊ ပြည်၊ တစ်ကောင်းစတဲ့ အဆောင်တွေပါ။
တိုင်းပြည်လွတ်လပ်ပြီး ကိုယ့်အရှင်၊ ကိုယ့်သခင်လက်ထက် ကျမှ
အနာဂတ်ခေါင်းဆောင်လောင်း ပညာရှင်၊ ပညာတတ် အညွှန့်အဖူး၊ သခင်စစ်စစ်လေးတွေကို
အဆောင်အဆင့်လုံးဝမမီတဲ့ နိမ့်ကျတဲ့နေရာမှာ နေနေကြတာ မြင်ရလေတော့
ကျွန်တော်တို့မှာ တာဝန်မကျေတာသိရပြီး ရှက်မိပါတယ်။
တက္ကသိုလ်ကို
စခြေချလိုက်တယ်ဆိုရင်ပဲ ခံ့ညားထယ်ဝါတဲ့ အဆောင်တွေ စတင်နေရာချပေးနိုင်ရမှာ
(ရန်ကုန်တက္ကသိုလ်မှာ ပဲခူး၊ အင်းဝ၊ စစ်ကိုင်း၊ ဒဂုံ၊ သထုံ၊ ပင်းယ၊ ရွှေဘို၊
သီရိ၊ အင်းလျား၊ ရတနာ၊ ပတ္တမြား၊ ကံ့ကော်တို့ပါ၊ မော်လမြိုင်တက္ကသိုလ်မှာ
မော်လမြိုင်၊ ဘားအံ့၊ ထားဝယ်၊ သထုံ၊ ရွှေမြိုင် ဆောင်တွေနဲ့
မန္တလေးတက္ကသိုလ်မှာဆို မြတမာ၊ ရွှေမန်း၊ သစ္စာ၊ အောင်မင်္ဂလာ၊ နဒီ၊ ရတနာပုံ
စတဲ့) အဲဒီမှာနေရကာ စည်းကမ်းတကျနေပြီး ပညာသင်ရတာ ဂုဏ်တင့်တယ်ဆိုတဲ့
ခံစားမှုမျိုး အနာဂတ်ရဲ့ ပညာရှင်လောင်းတွေဆီမှာ ကိန်းဝပ်လာအောင်
ဆီးကြိုဆိုနိုင်ကြရမှာ၊ ဒါမှသာ တက္ကသိုလ်မှာ ဂုဏ်ယူ ဝင့်ကြွားစွာ ပညာကို
လိုလိုချင်ချင်သင်ယူကြမှာ။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာတော့ အိပ်စရာ
အိပ်ခန်းနဲ့ အနည်းဆုံး အိမ်ရှေ့အိမ်ဧည့်ခန်းမှာ အိပ်ရသေးတယ်။ တက္ကသိုလ်လည်း
လာတက်ရော ကိုယ့်အိမ်ထက်နိမ့်ကျတဲ့ သူများအိမ်ဘေး၊ အိမ်နောက်ဖေးအဖီလေးမှာ
ကွပ်ပစ်လေးပေါ် အိပ်ရတဲ့ ဘဝမျိုးနဲ့ နေရတာဆိုတော့
တက္ကသိုလ်ကျောင်းသူ/သားတွေကို စိတ်ဓာတ်ရေးရာအရ တက္ကသိုလ်
စတင်ရောက်တဲ့ချိန်မှာ နာမ်နှိမ်ချိုးနှိမ်သလို ဖြစ်တော့တာပါပဲလို့
မြင်မိပါတယ်။ နောက်ဆက်တွဲအနေနဲ့ တက္ကသိုလ်ကိုရော၊ တက္ကသိုလ်ပညာရေးရော၊
ပြီးတော့ နိုင်ငံအပေါ်မှာပါ တန်ဖိုးထားလိုစိတ်လျော့ပါး သွားကြပါတယ်။
ဒါ့ကြောင့်
တက္ကသိုလ်တွေမှာ သင်ရိုးပြင်ပလေ့ကျင့်မှုတစ်ခုဖြစ်တဲ့ လူ့တန်ဖိုး၊
လူ့ဂုဏ်သိက္ခာမြှင့်တင် စေမယ့် တက္ကသိုလ်အဆောင်တွေ ပြန်ထားပေးကြမယ်ဆိုရင်
ပညာရေးဌာန တစ်ခုတည်းကတော့ ချက်ချင်း မဆောင်ရွက်နိုင်ပါ။ မော်လမြိုင်တို့
ပဲခူးတို့မှာ တပ်မတော်သားတွေရဲ့ သားသမီးတွေအတွက် တပ်မတော်ပိုင်တဲ့အဆောင်တွေ
ရှိပါတယ်၊ အဲဒီအဆောင်တွေမှာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ကို အဆောင်မှူး၊
အဆောင်နည်းပြခန့်အပ်ပြီး အဆောင်စည်းကမ်းအတိုင်း အုပ်ချုပ်ကြပါတယ်၊ ထို့အတူ
၁၉၉၆ ခုနှစ်အထိ တက္ကသိုလ်ကပိုင်ဆိုင်တဲ့ အဆောင်တွေမဆန့်လို့ ကျောင်းသား/
ကျောင်းသူထားတဲ့ အပြင်ဆောင်တွေကို "တက္ကသိုလ်အပြင်ဆောင်ကြီးကြပ်ရေးအဖွဲ့" က
အမြဲစစ် ဆေးပြီး မလိုက်နာရင် အဆောင်ထားခွင့်ကို ပိတ်ပစ်ပါတယ်။
အမျိုးသားရေးစိတ်ဓာတ် မြင့်မားပြီး အမျိုးသား
အကျိုးစီးပွားဖွံ့ဖြိုးမှုကိုလိုလားကြတဲ့ လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း
လူ့တန်ဖိုးတက် စေမယ့် စည်းကမ်းလည်းရှိ ဂုဏ်သိက္ခာလည်းတက်စေမဲ့
တက္ကသိုလ်အဆောင်များ ဖွင့်ပေးကာ နိုင်ငံ တော်ရဲ့ ပညာရှင်များ၊ ပညာတတ်များရဲ့
တန်ဖိုးကို တက်စေမယ့်လုပ်ငန်းမှာ အားသွန်ခွန်စိုက် ကူညီ စေချင်ပါတယ်။ ယနေ့
အပြင်အဆောင်များကိုတော့ တက္ကသိုလ်က မကြီးကြပ်တော့ပါ။ စည်းကမ်းမရှိ ပါ။
အထက်မှာပြောခဲ့သလို အဆောင်အင်္ဂါမရှိ၊ ကျပ်ကျပ်သိပ်သိပ်ပါ။ ပြီးတော့
ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ တစ်အိမ်တည်း မိန်းကလေး၊ ယောက်ျားလေး
ပေါင်းထားတာမျိုးတွေ ရှိနေတော့ မြီးကောင်ပေါက်အရွယ်တွေ
မဖြစ်သင့်တာဖြစ်ကြပြီး မိဘတွေ ရင်ကျိုးသလိုတိုင်းပြည်ရဲ့အဖိုးတန်
အညွှန့်အဖူးတွေပါ ကြွေလိုကြွေ၊ တန်ဖိုးကျလိုကျ ဖြစ်ခဲ့ရပါတယ်။
ဒါ့ကြောင့်မို့ ကိုယ်ပိုင်အဆောင် ဖွင့်မယ်ဆိုရင် စည်းကမ်းဥပဒေ
သတ်သတ်မှတ်မှတ်ထားပြီး ကိုက်ညီမှသာ ခွင့်ပြုသင့်ပါတယ်။
တက္ကသိုလ်အဆောင်မှာ
နေရတဲ့အခါ တက္ကသိုလ်ပရိဝုဏ်အတွင်း နေ့စဉ် (၂၄) နာရီ အပြည့်နေရတဲ့ အခွင့်အရေး
ရလာပါတယ်။ ကျောင်းသား/ကျောင်းသူ အချင်းချင်း တပူးတွဲတွဲ၊ စာကျက်ကြ၊
လူမှုရေး၊ အားကစား၊ စာပေဖွံ့ဖြိုးမှုအတူလုပ်ရင်း တစ်ဦးကိုတစ်ဦး
ခင်မင်လာသလို ကျင်လည်ခဲ့တဲ့ ဝန်းကျင်၊ ပညာသင်တဲ့ဝန်းကျင်၊ ကိုယ့်ကို
ပညာတတ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးတဲ့ (၄) နှစ်တာ ပရိဝုဏ်ဆိုပြီး
သံယောဇဉ်တွယ်လာတယ်၊ ချစ်မြတ်နိုးရာ၊ ဂုဏ်ယူရာနေရာလို့ ခံစားလာတယ်၊
ချစ်မြတ်နိုးရာ၊ ဂုဏ်ယူရာနေရာလို့ ခံစားလာတယ်။ ထင်ရှားတဲ့ သာဓကအနေနဲ့ကတော့
အဲဒီအ ဆောင်ထားခဲ့တဲ့ခေတ်က ကျောင်းသားဟောင်းတွေစုပေါင်းပြီး
"အာစရိယပူဇော်ပွဲ" တွေလုပ်တာပါ။ မော်လမြိုင်ကောလိပ်ခေတ် (၁၉၈၆
ခုနှစ်မတိုင်မီ) က ကျောင်းသားဟောင်းတွေစုပေါင်းပြီး မျိုးဆက် သစ်များကို
တွဲခေါ်ကာ တစ်ကျောင်းလုံးအာစရိပူဇော်ပွဲ (၂) နှစ် တစ်ကြိမ် ကျင်းပဆဲပါပဲ။
အဲဒီထက် အတုယူဖို့ကောင်းတဲ့ အစဉ်အလာကတော့ မန္တလေးတက္ကသိုလ်တည်စကတည်းက
ကျောင်းတက်ခဲ့တဲ့ သူတွေ ဦးဆောင်ပြီးယနေ့မျိုးဆက်သစ် ကျောင်းသားဟောင်းများ
အပါအဝင် (၂) နှစ်တစ်ကြိမ် "အာစရိယပူဇော်ပွဲကျင်းပ" တာပါ။ ယနေ့ ဒဂုံ၊
ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရတနာပုံ၊ ကျောက်ဆည်
တက္ကသိုလ်တွေဆိုရင် ညနေ (၄) နာရီကျော်ရင် လူသူမရှိသလောက်ပါ။ တခြားဝန်ကြီး
ဌာနက တက္ကသိုလ်တိုင်း ဒီလိုအခြေအနေပါပဲ။ ကျွန်တော့်တက္ကသိုလ်လည်း ဒီလိုပါပဲ။
အဲဒီတော့ ကျောင်းသားဟာ ကျောင်းကိုနေ့လယ်ဘက် ခဏဝင်လာရာ အရပ်လို့ဘဲ ထင်ကြတယ်။
ခဏတစ် ဖြုတ်လာတဲ့အရပ်ဆိုတော့ ခင်တွယ်စရာ၊ ကြည်နူးစရာ မကျန်ခဲ့တော့ပါ။
နောက်ဆုံးရလဒ်က အဲဒီလို နေရာမျိုးကို မခင်တွယ်တော့ပါ။ မိမိကို
အသိဉာဏ်မြင့်အောင် လုပ်ပေးတဲ့ တက္ကသိုလ်ကို မခင်ရင်၊ မချစ်ရင်
ဘယ်လိုလုပ်ပြီး နိုင်ငံကို တွယ်တာမလဲ ချစ်မလဲဆိုတာစဉ်းစားလို့မရပါ။
ဒါဆိုရင် မျိုးချစ်စိတ် ဓာတ်ကင်းပြီပေါ့။ သတိထားမိတဲ့ အချက်ကတော့
သူတို့ကျောင်းပြီးတဲ့အခါမှာ အထူးသဖြင့် အသစ်ဖွင့် တဲ့
(အစိုးရကျောင်းဆောင်မရှိတဲ့) ကျောင်းသားဟောင်းတွေ ဦးစီးတဲ့
"အာစရိယပူဇော်ပွဲ" တွေ လုပ်တာမတွေ့တော့ပါ။ စည်းလုံးခြင်း၊ လူမှုရေးကွန်ရက်
အားနည်းခြင်းရဲ့ ရလဒ်ပါ။ ပူးပေါင်းဆောင် ရွက်တတ်ခြင်း၊ စည်းလုံးခြင်းနှင့်
လူမှုရေးကွန်ရက်ခိုင်မာခြင်းတို့ဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့
အနှစ်သာရပါဘဲ။
အဆောင်မှူး၊
အဆောင်နည်းပြနဲ့ အုပ်ချုပ်တဲ့ တက္ကသိုလ်အဆောင်တွေလို လူ့ဂုဏ်သိက္ခာနှင့်
တင့်တယ်မှု၊ လူ့တန်ဖိုးကိုမြှင့်တင်တဲ့ သင်ရိုးပြင်ပလေ့ကျင့်မှု
(extracuriculum training progra-mme) မပါဘဲ ဝင်ငွေရရေးသာဦးတည်တဲ့
အပြင်ဆောင်တွေမှာသာ ကျွန်တော်တို့ မျိုးဆက်သစ် ပညာ ရှင်လောင်းတွေကို
ဆက်လက်ထားဦးမယ်ဆိုရင် တန်ဖိုးမြင့်ပညာရှင်တွေ ဖြစ်လာမှာမဟုတ်ဘဲ
လူ့တန်ဖိုးအစစ်တွေ ကင်းမဲ့တဲ့စည်းမဲ့၊ ကမ်းမဲ့၊ လူပေလူတေလေးတွေသာ အနာဂတ်မှာ
ပိုများလာမှာ စိုးရိမ်မိပါတယ်။ အဲဒီလိုလူတွေနှင့် ခိုင်မာဖွံ့ဖြိုးတဲ့
ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ဘယ်လိုထူထောင်ကြ မှာလဲ။ တန်ဘိုးနိမ့်လူသားတွေ
(သို့) နိုင်ငံသားစံနှုန်းအပြည့်သူတွေ များလာတဲ့နိုင်ငံဟာ သူများနှင့်
ယှဉ်ရင် ဓာမနောက်ပိတ် ခွေးဆီသို့သာ ဦးတည်လျောက်လှမ်းနေတယ်ဆိုတာ
ကျွန်တော်တို့ သတိပြု ဖို့ လိုပါတယ်။ သို့ပါ၍ အနာဂတ်မြန်မာ့လူ့ဘောင်မှာ
တန်ဖိုးမြင့်ပညာရှင်များနှင့် တက္ကသိုလ်ကျောင်း ထွက်တွေ
ပေါ်ထွန်းရေးကိုမျှော်ကိုးပြီး ဂုဏ်ရှိန်လည်းမြင့်နေထိုင်ရတာလည်း တင့်တယ်ကာ
လူ့တန်ဖိုး တွေလည်းတက်စေတဲ့ "အဆောင်" တွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို
မဖြစ်မနေ ထားပေးရင်း "တက္ကသိုလ်ကျောင်းဆောင် ဒီမိုကရေစီ လေ့ကျင့်ရေးကွင်း"
ကိုပြန်လည် အသက်သွင်းပေးကြပါရန် နိုင်ငံတော်သမ္မတကြီး၊
လွှတ်တော်ဥက္ကဋ္ဌကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့မှ
တာဝန်ရှိသူများကို အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
(The Politics Journal
No.16, August 29, 2013
မှဖော်ပြပါသည်။)
No comments:
Post a Comment