Saturday, June 27, 2015

လက်တွဲကြရအောင်



မကွေးတိုင်ဒေသကြီး၊ မကွေးမြို့ ၊
 အောင်မဂ်လာရပ်ကွက် ၊
 အောင်ဇေယျာရပ် ၊
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာ ဓမ္မရိပ်သာ
ပညာပါရမီ ကုသိုလ်ပြုအဖွဲ့ မှ
ဖွင့်လှစ်သော
ပညာပါရမီ စာကြည့်သည်
ပုံမှန်စာကြည့်တိုက်လုပ်ငန်းများအပြင်
(၁)အခြေခံပညာမှဘွဲ့ရအထိ
ကလေးများနှင့်လူငယ်တို့အား
ယဉ်ကျေးလိမ္မာနှင့် အသိပညာပေး
သင်တန်းများ ပို့ချပေးခြင်း ။
(၂)မျိုးဆက်သစ်လူငယ်တို့နှင့်
လုပ်ငန်းခွင်အတွက်လိုအပ်နေသူတို့အား
စေတနာသက်သက်ဖြင့်
ကွန်ပျူတာ သင်တန်းများ ပို့ချပေးခြင်း ။
(၃)တက္ကသိုလ်ပေါင်းစုံမှ
ကျောင်းသား၊ကျောင်းသူများအား
Campaign နှင့် Advocacy
သင်တန်းများ ဆွေးနွေးပို့ချပေးခြင်း။
(၄)မျိုးဆက်သစ်လူငယ်များအတွက်
နေ့စဉ်လိုအပ်နေသည့်
(က)စဉ်စားဆင်ခြင်၍ စာဖတ်ခြင်း
(Reading for Critical Thinking)
(ခ)စဉ်းစားဆင်ခြင်၍ စာရေခြင်း
(Writing for Critical Thinking)
(ဂ)စဉ်စားဆင်ခြင်၍ ဆွေးနွေးခြင်း
(Discussion for Critical Thinking)
(ဃ)စဉ်းစားဆင်ခြင်၍ နားထာင်ခြင်း
(Listening for Critical Thinking)
(င)စဉ်းစားဆင်ခြင်၍ မေးခွန်းမေးခြင်း
(Questioning for
Critical Thinking)
စသော စဉ်စားဆင်ခြင်ခြင်း
နည်းလမ်းများကို ဆွေးနွေးပို့ချပေးခြင်း။
(၅)ကျောင်းသားများကိုယ်တိုင် အားထုတ်ပြီး စဉ်းစားဆင်ချင်ခြင်း
Active Learning and
Critical Thanking )ဆိုတဲ့
ပညာရေး အယူအဆအရ ဖော်ထုတ်ထားသော ပညာရေးဆိုင်ရာ
နည်းလမ်းများ (Teaching Strategies )များ မည်သည့်သင်ရိုးညွှန်းတန်း၊
မည်သည့်အသက်အရွယ်၊
မည်သည့်အတန်း များ
နှင့်မဆို ချိတ်ဆက်
သင်ကြားနိုင်သော သီအိုရီ၊
သုတေသနနှင့်
လက်တွေ့ကျင့်သုံးမှု တို့ကို အခြေခံပြီး
(Concept/Framework /StratesTools)များကို ဖော်ထုတ်ထားသော သင်ကြားရေး နည်းစနစ်များ။
ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်း၊ ဆရာများကိုယ်တိုင် လက်တွေ့လေ့လာပြီး ရရှိလာသော နည်းစနစ်များကို လက်တွေ့ သရုပ်ပြ
( Demonstration) ဆွေးနွေးခြင်းများ ၊
သင်ခန်းစာ ပြင်ဆင်ခြင်း
ကျောင်းသားအဖြစ်နဲ့(Lesson planning) နှင့်
စစ်ဆေးခြင်း (Assessment)များကို
သရုပ်ပြ ဆွေးနွေးခြင်းများ။
ERR-Framework နှင့်
သင်ခန်းစာ ဘယ်လိုပြင်ဆင်ဆိုသည်များ
Formative Assessment (သင်ယူနေစဉ်ဘယ်လို စစ်ဆေးရမည်) ဆိုသည်များကို ဆွေးနွေးပေးခြင်းများ ။
အဖြေတသမတ်တည်း မရှိတဲ့ သင်ခန်း
စာတွေရဲ့ စစ်ဆေးရေးလုပ်ငန်းစဉ်မှာ ဘက်လိုက်မှုကို ထိမ်းညှိရန် Teacher/ Student Rubrics (Self-assessment/ Peer Assessment / group Assessment / work sampling / portfolio....etc) and Standards ဆရာ နှင့် ကျောင်းသားများ
လိုက်နာရမယ့်အတွက် စစ်ဆေးရေး ဆိုင်ရာ စည်းမျဉ်း
နှင့် စံများကို ဆွေးနွေးခြင်းများ။ စသည်များပါဝင်သော ဆရာ၊ဆရာမတို့အတွက် Reading and Writing For CriticalThainking (RWCT)သင်တန်းများ
(၆)ချို့ တဲ့သော ဘုန်းတော်ကြီးသင်
ပညာရေးများ၊
အစိုးရမူလတန်းကျောင်းများ၊
ကျောင်းပြင်ပပညာရေးကျောင်းများ
(NFPE)သို့ လိုအပ်သောကျောင်းသုံး
ပရိဘောဂများနှင့် စာရေးကိရိယာများကို
လှူဒါန်းခြင်း ။
(၇)မူ၊လယ်၊ထက်
ကျောင်းသား၊ကျောင်းသူများအား
အင်္ဂလိပ်စာအခြေခံမှစ၍
(4-Skills)သင်တန်းများ ပို့ချပေးခြင်း ။
(၈)ကျန်းမာရေး ပညာရေးစသော
အသိဥာဏ်ပေး စာပေဟောပြောပွဲများ
ပြုလုပ်ခြင်း။
စသောလူမှုအကျိုးပြုလုပ်ငန်းတို့ကို
ပြုလုပ်နေပါသည် သို့ပါသောကြောင့် ပရဟိတစိတ်ဓာတ်အပြည့်အ၀တို့ဖြင့် လူသားကောင်းကျိုးလုပ်ငန်းတို့ကို လက်တွဲ၍ အတူပြုလုပ်လိုသူတို့အား လေးစားစွာ အသိပေးအပ်ပါသည်။

                    အရှင်သဇ္ဇန
    ပညာပါရမီစာကြည့်တိုက်
           ကပ်ကျော်
    ပညာပါရမီကုသိုလ်ပြုအဖွဲ့
           မကွေးမြို့ ။
      09401557922
thitzana.mgy@gmail.com



>>>ဆက်ဖတ်ရန်>>> >>

သမိုင်းထဲက သမဂ္ဂ၊ သမဂ္ဂထဲက သမိုင်း ကျော်ဝင်း



သမိုင်းထဲက သမဂ္ဂ၊ သမဂ္ဂထဲက သမိုင်း
By
On  
Fri, 2015-04-24 06:30
Issue No.
http://www.7daydaily.com/sites/default/files/story/2015/04/Kyaw%20Win%20%28713%29%2023-4-2015%20Thur_0.jpg
နှစ်ပေါင်း ငါးဆယ်လွန်သောအခါ
၁၉၃၁ခုနှစ်က တရားဝင်ပေါ်ထွက်လာခဲ့သောတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာ ‘၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကာကွယ်သည့်ဥပဒေ’အရ အခြား  သောအဖွဲ့အစည်းများနှင့်အတူ မြန်မာ့လူမှုနိုင်ငံရေးဘ၀မှ ပျောက် ကွယ်သွားခဲ့ရပါသည်။ ထိုစဉ်မှစ၍ ‘အမိမဲ့သား ရေနည်းငါး’လိုဖြစ်ခဲ့ရသော ခေတ်အဆက်ဆက်ကျောင်းသားလူငယ်များမှာ သူတို့တစ်တွေ ၏ နုနယ်သောအရွယ်နှင့် ဘ၀များကို  (အချို့ဆိုလျှင် အသက်ကိုပင်)  စတေးခံကာ ‘ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းခွင့်ရရေး’အတွက် အခါအခွင့်သင့်တိုင်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည် မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ သည်လိုနှင့် နှစ်ပေါင်းငါးဆယ်လွန်သောအခါတွင်ကား ရာစုဝက်မျှ သားသမီးများနှင့်ဝေးနေခဲ့ရသော ‘အပျိုစင်မိခင်သမဂ္ဂ’မှာ တစ်ကျော့တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ရလာခဲ့ပါပြီ။ သို့သော် ...ဤ‘သို့သော်’ကားအရေးကြီးသည်။
လူအများစုထောက်ခံမှုရ ထားသော နိုင်ငံရေးပါတီကြီးတစ် ခုမှ လွှတ်တော်ကိုယ်စားလှယ်များ က မကြာမတင်ဖွဲ့စည်းရတော့ မည့် ‘တက္ကသိုလ်အုပ်ချုပ်ရေး  ကောင်စီ’တွင် သမဂ္ဂကိုယ်စား လှယ်များပါဝင်ခွင့်ကို ငြင်းပယ်ခဲ့ကြသည်။ အဆိုပြုပြဋ္ဌာန်းထားသော ‘ဆရာသမဂ္ဂကိုယ်စားလှယ်၊ကျောင်းသားသမဂ္ဂမှ အမည်စာ ရင်းတင်သွင်းသော ကိုယ်စား လှယ်’ဆိုသည့်နေရာတွင် ‘သမဂ္ဂ’ ဆိုသည်ကို ဖြုတ်ပြီး ‘ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများကရွေးချယ် သော ကိုယ်စားလှယ်’ဟူ၍ အစား ထိုး  ပြင်ဆင်လိုက်ခြင်းဖြစ်ပါ  သည်။ သူတို့၏ ပြင်ဆင်ချက်အဆို မှာ အမျိုးသားလွှတ်တော်တွင် မ အောင်မြင်ခဲ့သော်လည်း ပြည်သူ့ လွှတ်တော်တွင်မူ အတည်ပြုနိုင်ခဲ့ သည်။ သို့အတွက်လာမည့်ပြည် ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူရတော့မည် ဖြစ်သည်။

ပြောရလျှင် ဤကိစ္စမှာ သာ မန်ကွဲလွဲချက်   သက်သက်မျှမ ဟုတ်ပါ။ သမဂ္ဂ၏အခန်းကဏ္ဍနှင့် ပတ်သက်သော၊ သမဂ္ဂ၏အဆင့်နေရာနှင့်ဆိုင်သော၊ သမဂ္ဂ၏ လုပ်ပိုင်ခွင့်ကို ကိုယ်စားပြသော ‘မူ’ပိုင်းဆိုင်ရာပြဿနာဖြစ်သည်။ သမဂ္ဂမှာ ပေါ်လစီနယ်ပယ်မှ ဖယ်ထုတ်ခြင်းခံထားရသော သာမန်မိတ်ဖြစ်ဆွေဖြစ်အသင်းမျှသာလော။ သို့မဟုတ် ကျောင်းသားထု၏ လိုအင်ဆန္ဒနှင့် သဘောထားအမြင်ကို တရားဝင်ထုတ်ဖော်ခွင့်ရသော အဖွဲ့အစည်းလော...။ လွှတ်တော်က အဆုံးအဖြတ်ပေးရတော့မည်ဖြစ်ပါသည်။ ‘လူမတူ မူနှင့်ညှိ၊ မူမတူ သမိုင်းနှင့်ညှိ’ဆိုသော စကားနှင့်အညီ ‘သမိုင်းထဲက သမဂ္ဂ’ ကိုပြန်ကြည့်ကြဖို့လိုပြီထင်ပါသည်။
သမိုင်းထဲက သမဂ္ဂ
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ အတွဲ ၄‘(The Burma Code Volume IV)ကို အကိုးအကားပြုပါမည်။ ဤစာအုပ်၏ စာမျက်နှာ ၁၉၀ တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’(The University of Rangoon Act, Burma Act IX 1920)ရှိသည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ပုဒ်မခွဲ(၁)မှာ ‘တက္ကသိုလ် ကောင်စီ’၏ ဖွဲ့စည်းပုံဖြစ်ပါသည်။ တိကျခိုင်မာစေရန် မူရင်းအတိုင်း ဖော်ပြပါမည်။
11-(1) The Council Shall be Composed of
(a)..........................................................................................................................................................................
(k)Two graduates, not being members of the university staff or Students in the university, nominated by the Executive Council of the Rangoon University Students' Union. Such members shall hold office for a period of one year and Shall be eligible for reappo-intment,
အဆိုပါ ဥပဒေပုဒ်မ၁၁၊ ပုဒ် မခွဲ(၁)၊ ပုဒ်မခွဲငယ်(k)သည်ပင် တရားဝင်ဖော်ပြသော ကျောင်း သားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ဖြစ် ပါသည်။ ‘‘ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အလုပ် အမှုဆောင်အဖွဲ့မှ အမည်စာရင်း တင်သွင်းသော တက္ကသိုလ်ဝန် ထမ်းမဟုတ်သူ၊ တက္ကသိုလ် ကျောင်းသားလည်းမဟုတ်သူ ဘွဲ့ရနှစ်ဦး’’ဟူ၍ အတိအကျအဓိပ္ပာယ်ရပါသည်။(၁၉၅၇ မန္တလေး တက္ကသိုလ်အက်ဥပဒေပုဒ်မ၁၁ ပုဒ်မခွဲ(ဋ)တွင်လည်း ‘‘မန္တလေး တက္ကသိုလ်ကျောင်းသားများ သမ ဂ္ဂအလုပ်အမှုဆောင်အဖွဲ့မှ  အ မည်စာရင်းတင်သွင်းသော ဘွဲ့ရ နှစ်ဦး’’ဟူ၍ ဖော်ပြထားသည်)ဆို ခဲ့ပါ‘‘ရန်ကုန်တက္ကသိုလ်အက်ဥပ ဒေပုဒ်မခွဲငယ်(I)တွင် ဆရာသမဂ္ဂ (ဆရာအစည်းအရုံး)၏ ကိုယ်စား ပြုခွင့်ကို ယခုလို ဆက်လက်ဖော် ပြထားပါသည်။
(I)One member,(not being a member of University staff or a Student in the University)elected by the all Burma Teacher's Association ‘‘ဗမာနိုင်ငံလုံးဆိုင်ရာဆရာများအ စည်းအရုံးမှ ရွေးကောက်တင်မြှောက်သော တက္ကသိုလ်ဝန်ထမ်းမဟုတ်သည့်၊ တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သည့် အဖွဲ့ဝင်တစ်ဦး’’ဟု အတိအကျအဓိပ္ပာယ်ရပါသည်။
သမိုင်းပြန်လှန်ရလျှင် ဆိုခဲ့ ပြီးသော ပုဒ်မခွဲငယ်(k)ပါကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ကို လွယ်လွယ်နှင့် ရခဲ့သည်မဟုတ် ပါ။ ၁၉၃၆ဒုတိယကျောင်းသားသ ပိတ်အပြီး ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်သော ကျောင်းသားလှုပ် ရှားမှုအဆက်ဆက်ကိုဖြတ်သန်း ပြီးမှ ‘၁၉၃၉ပြင်ဆင်ချက်’ဖြင့်တက္ကသိုလ်ကောင်စီတွင် သမဂ္ဂကိုယ်စားလှယ်စတင်ပါဝင်ခွင့်ရလာခဲ့ခြင်းဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော ပုဒ်မခွဲငယ်(k)မှာ ‘၁၉၅၁ ပြင် ဆင်ချက်’ဖြစ်ပါသည်။ တစ်ဆက် တည်းဖော်ပြရလျှင် အိမ်စောင့်အ စိုးရလက်ထက်တွင် ‘၁၉၅၉ပြင် ဆင်ချက်’ ဖြင့် ကိုအောင်ဆန်းတို့ ကြိုးပမ်းမှုကြောင့် ရရှိခဲ့သောဆိုခဲ့ ပါအခွင့်အရေးမှာ ဖျက်သိမ်းခံခဲ့ရ သည်။ ‘တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂမှ ကိုယ်စား လှယ်အမည်စာရင်းတင်သွင်းခွင့် မရှိတော့ဘဲ ကျောင်းသားတစ်ရပ် လုံးက ရွေးကောက်တင်မြှောက်ရ မည်’ ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ဤတွင် မျက်မှောက်ခေတ်အစိုးရ လွှတ်တော်နှင့် နိုင်ငံရေးပါတီတို့ ဆုံးဖြတ်ကြရမည်မှာ ‘ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းတို့ ကြိုးပမ်းမှုကြောင့်ရလာသောအကျိုးရလဒ်ကို ကိုယ်စားပြုကြမည်လော(သို့မဟုတ်) အိမ်စောင့်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်နေ၀င်း၏ပြင်ဆင်ချက်အတိုင်းရပ်တည်မည်လော’’ဆိုသည့် ‘မူ’ပိုင်းဆိုင်ရာရွေးချယ်မှုဖြစ်ပါသည်။
ကိုယ်စားပြုမှု ပြဿနာ
‘‘နိုင်ငံရေးဆိုတာ အသည်းကွဲတတ်ပါတယ်ဗျာ’’ဆိုသော မိတ်ဆွေပန်းချီဆရာဝေချစ်ကို၏ စကားမှာမှန်များ မှန်နေရော့သလားမသိပါ။ ဤရက်ပိုင်းအတွင်း စာရေးသူအနေနှင့် ‘‘အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး’’နှင့် ပတ်သက်ပြီး စိတ်မကောင်းစရာတွေ အတော်ကြုံလိုက်ရသည်။ အမှန်စင်စစ် ရှေ့ပိုင်းတွင်ဖော်ပြခဲ့သော ပါတီမှာ စာရေးသူလေးစားသော  နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပါတီဖြစ်၍ တန်ဖိုးထားလေးစားရသလို ပါတီဥက္ကဋ္ဌဆိုလျှင်လည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အထူးမျှော်လင့်အားထားနေရသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ထက် ပါတီဝင်တော်တော်များများမှာစာရေးသူ၏  ငယ်ပေါင်းမိတ်ဆွေတွေ။ တချို့ဆိုလျှင်  သာမန်မိတ်ဆွေ သက်သက်မဟုတ်။   ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသော လုပ်ဖော်ကိုင်ဖက်၊ ငတ်ဖော်ငတ်ဖက်၊ ပြေးဖော် ပြေးဖက်။ ယခုအသက်(၆၀) ကျော်အထိလည်း ကိုယ့်ထမင်း ကိုယ်ချက်စားရင်း စည်ပင်ရိပ်သာတွင် ဒုက္ခခံဖော်ခံဖက်တွေဖြစ်နေကြဆဲပင်။ ဖြစ်နိုင်လျှင် သူတို့နှင့် သဘောထားမကွဲချင်ပါ။ သို့တစေ အများကြီးငြင်းခုံကြရသည်။ ခွန်းကြီးခွန်းငယ်ပြောရသည်များပင်ရှိသည်။
‘‘မင်းဆောင်းပါးက ဒို့ပါတီနဲ့ ကျောင်းသားကို ရန်တိုက်ပေးတာ ပဲကွ’’ 7Day နှင့် The Voive ပါ ‘‘ပဒေသာစုံမှ ဆန္ဒညီညွတ်ရေး ဗိမာန်သို့’’ ဆောင်းပါးကို ရည်ညွှန်း  ပြီး သူငယ်ချင်းက စွဲချက်တင်သည်။
‘‘ဟုတ်လား။ မင်းတို့ပါတီနဲ့ ကျောင်းသားကို ရန်တိုက်ပေးသ လိုဖြစ်သွားသလား။ ဒါဆိုရင် တော့ ငါနဲ့မဆိုင်ဘူး။ မင်းတို့ပါတီ ရဲ့ရပ်တည်ချက်နဲ့ပဲဆိုင်တယ်’’
စာရေးသူက ပြန်ပက်သည်။ သူငယ်ချင်းက ခွန်းတုံ့ပြန်သည်။
  ‘‘နေပါဦး။ ကျောင်းသားသမဂ္ဂက ရွေးချယ်တဲ့ကိုယ်စားလှယ်ဆိုတော့ သမဂ္ဂ၀င်မဟုတ်တဲ့ကျောင်းသားတွေကို မင်းထည့်မစဉ်းစားတော့ဘူးလား’’
‘‘ဒါဆိုရင်တော့ ငါပြောမယ်။ သမိုင်းကို ကြည့်။ သမိုင်းကိုသိ။ ဒါပဲ’’
စာရေးသူပြန်အော်မိသည်။ စိတ်လည်း  အတော်ပျက်သွား သည်။ ထိုသူငယ်ချင်းမှာ သမိုင်း ကိုမသိသူမဟုတ်။ သမိုင်းဖြစ်စဉ် ထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ် သည်။ သူသိရပေလိမ့်မည်။ သိဖို့ ကောင်းသည်။
မှန်ပါသည်။ ၁၉၃၁ခုနှစ်က အတည်ပြုခဲ့သော ‘‘ရန်ကုန်တက္က သိုလ်ကျောင်းသားများသမဂ္ဂဖွဲ့ စည်းပုံစည်းမျဉ်း’’အရ ကျောင်း သားတိုင်း သမဂ္ဂအဖွဲ့ဝင်မဟုတ် သေးပါ။ ၀င်လိုမှ ၀င်နိုင်သည်။ Voluntaryဖြစ်သည်။ ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့ကိုမူ သမဂ္ဂ၀င်ကျောင်းသားများ၏ မဲနှင့် ရွေးချယ်ကြရသည်။ ဤအချက်ကို အကြောင်းခံပြီး ၁၉၅၃ခုနှစ် တကသရွေးကောက်ပွဲတွင် ပြဿနာကြုံခဲ့ရဖူးသည်။ ထိုစဉ်ကာလ ဖဆပလအစိုးရနှင့် နီးစပ်သော DSO ကျောင်းသားအဖွဲ့က သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသားများကို ၀င်ကြေးငွေပေးသွင်းစေပြီး သူတို့အဖွဲ့အတွက် မဲလာထည့်ခိုင်းကြသည်။ ဤသည်ကို ပြိုင်ဘက်တိုးတက်ကျောင်းသားများက တွေ့၍ မဲပုံးရိုက်ခွဲရာမှ ရွေး ကောက်ပွဲပျက်ရတော့သည်။ သို့ အတွက် ၀န်ကြီးချုပ်ဦးနုက ဤသို့ သော ပြဿနာမျိုးနောက်ထပ်မ ဖြစ်စေရန် ‘‘ကျောင်းသားတိုင်း သမဂ္ဂ၀င်ဖြစ်ရမည်။ သမဂ္ဂ၀င် ကြေးသုံးကျပ်ကို ကျောင်းလခစ သည်များနှင့်အတူ တစ်ပြိုင်နက် တည်း ကောက်ခံစေရမည်’’ဟု ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုစဉ်မှစ၍ တကသမှာ ကျောင်းသားထုတစ်ရပ်လုံး၏ မဲ ဆန္ဒဖြင့် တရားဝင်ကိုယ်စားပြုမှု အာဏာအပ်နှင်းထားသောအဖွဲ့ အစည်းဖြစ်လာခဲ့သည်။ ကျောင်း သားလွှတ်တော်သဘောဟုဆိုနိုင် ပါလိမ့်မည်။ ရွေးကောက်တင် မြှောက်ခံရသော တကသအဖွဲ့ တွင် မိမိလိုလားနှစ်သက်သော ကိုယ်စားလှယ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီမိုကရေစီနည်းလမ်းတကျတက်လာသော အဖွဲ့အစည်းဖြစ်၍ အသိအမှတ်ပြုကြရမည်သာဖြစ်ပါသည်။ သို့အတွက်တက္ကသိုလ်ကောင်စီအဖွဲ့ဝင်ရွေးချယ်ရာတွင် ကျောင်းသားထုတစ်ရပ်လုံး မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော တကသမှပင် အမည်စာရင်းတင်သွင်းခွင့်ရှိရမည်မှာ သဘာဝကျသည်။ ဒီမိုကရေစီနည်းကျဖြစ်သည်ဟုဆိုရမည်သာ ဖြစ်သည်။ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ် ဟုတ်၊ မဟုတ်ဆိုသည်ကို မည်သည့်မှတ်ကျောက်ဖြင့် ဆုံးဖြတ်ကြမည်နည်း။ ရွေးကောက်ပွဲ မှလွဲ၍ အခြားမရှိဟု သဘောရပါ သည်။ ‘‘ဘာကြောင့်များနောက် ထပ်အချိန်ကုန် လူပန်းအလုပ်ပျက်စရိတ်တက်ခံ ရွေးကောက်ပွဲလုပ်ကြဦးမည်နည်း’’
သမဂ္ဂထဲက သမိုင်း
 သမိုင်းထဲက သမဂ္ဂအကြောင်းကို သိမှ ကြည့်မှ သမဂ္ဂထဲက သမိုင်းကို တန်ဖိုးထားလေးစားတတ်ပါလိမ့်မည်။ သမိုင်းသင်ခန်းစာများကိုလည်း မှန်မှန်ကန်ကန်ထုတ်ယူနိုင်လိမ့်မည်ဟု သဘောရသည်။
  ပြောကြစတမ်းဆိုလျှင်ကျောင်းသားသမဂ္ဂသမိုင်းသည် ပင် အမျိုးသားလွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင် လောက်ပါသည်။ လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းဆောင် ကြီး   ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားလူငယ်ဘ၀ဆိုလျှင် သမဂ္ဂထဲက သမိုင်းတွင် အထင်အ ရှားပါရှိပြီးဖြစ်သည်။ ရဲဘော်သုံး ကျိပ်၏အစ ပြည်ပအကူအညီရှာ ဖွေရေးခရီးစဉ်ဆိုလျှင်လည်း တ ကသအဆောက်အအုံအပေါ်ထပ် အစည်းအဝေးတစ်ခုမှ စတင်ခဲ့ သည်ဟု မှတ်သားရရာ မြန်မာ့တပ် မတော်၏ သန္ဓေသားမှာ သမဂ္ဂရင် ခွင်ထဲမှ ပေါက်ဖွားလာသည်ဟူ၍ ပင် ဆိုနိုင်လောက်ပါသည်။
သို့နှင့်တိုင် သမဂ္ဂထဲက သ မိုင်းတွင် ဆိုခဲ့ပါဂုဏ်ယူဝင့်ကြွားစ ရာများသာမက ခါးသီး၊ နာ ကြည်း၊နောင်ကြဉ်စရာသင်ခန်း စာများလည်း မနည်းမနောရှိခဲ့ သည်သာဖြစ်သည်။ အထူးသဖြင့် လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ခုနှစ်မှာပင် ‘ဗကသ’အမည်ဖြင့်တောခိုသွားခဲ့သည်များ၊ တစ်ဖက်မှလည်း  ကျောင်းသားရဲခေါင်တပ်ဖွဲ့များဖွဲ့ပြီး ပြည်တွင်းစစ်ထဲပါသွားခဲ့သည်များ...။ စစ်အေးခေတ်၏ နိုင်ငံရေးပဋိပက္ခများထဲတွင် ကျောင်းသား လူငယ်တွေမြေစာပင်ဖြစ်ခဲ့ရသည်။ အကျိုးဆက်ကား ခေတ်အ ဆက်ဆက်ကျောင်းသားများနှင့် အစိုးရများအား ယုံကြည်မှုပျောက်ဆုံးသွားခဲ့ရခြင်းပင်ဖြစ်တော့သည်။ အစိုးရက ကျောင်းသားကို မယုံ၊ ကျောင်းသားကအစိုးရကို မယုံနှင့် သံသယအစိုင်အခဲတွေ သက်ဆိုးရှည်ခဲ့ရသည်။ စစ်အေးတိုက်ပွဲအကျိုးဆက် ပြည်တွင်းစစ်သမိုင်းကြီး၏ အရိပ်အမည်းများ တက္ကသိုလ်စာသင်ခန်းများအထိ  ရောင်ပြန်ဟပ်ခဲ့ရသည်။
ကမ္ဘာတွင် စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်ခဲ့သည်မှာ ရာစုတစ် စိတ်ကျော်ခဲ့ပါပြီ။ မြန်မာနိုင်ငံတွင် လည်း ပြည်တွင်းစစ် ‘ချသမိုင်း ကြီး’ကို အဆုံးသတ်ကြဖို့ အချိန် တန်ပါပြီ။ စစ်အေးခေတ်သံသယ များကို ဖယ်ရှားပြီး ကျောင်းသား နှင့်အစိုးရကြား ပြန်လည်ရင်ကြား စေ့ကြရပါတော့မည်။ ဤအတွက် နှစ်ဖက်လုံးက ကြိုးစားကြရပါလိမ့်မည်။ အထူးသဖြင့် လူကြီးများဖြစ် သော အစိုးရဘက်တွင် ပိုတာဝန်ရှိ သည်။ (ဤနေရာတွင် အစိုးရဆို သည်မှာ တည်ဆဲအစိုးရကိုသာမက  နောင်အစိုးရဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေးပါတီများကိုပါဆိုလိုသည်။) စစ်အေးခေတ်သံသယများဖြင့် ကျောင်းသားသမဂ္ဂများကို ပိတ်ပင်တားဆီးကန့်သတ်သည်မျိုးမလုပ်သင့်မလုပ်အပ်တော့ပါ။ ကျောင်းသားများဘက်မှလည်း ပညာတတ်လူငယ်များပီပီခေတ်ရေစီးကို သဘောပေါက်နားလည်ကြရမည်ဖြစ်ပါသည်။ မျက်မှောက်ခေတ်၏ တူရူချက်မှာ‘‘စစ်နှင့်တော်လှန်ရေး’’မဟုတ်။ ‘‘ပညာနှင့်တည်ဆောက်ရေး’’ ဆိုသည်ကို နှလုံးသွင်းနိုင်ရပါလိမ့်မည်။ စာရေးသူအနေနှင့် လက်ရှိ ‘‘အမျိုးသားပညာရေးဥပဒေ’’ မှာပင် ခေတ်အဆက်ဆက်ပျောက်ဆုံးနေသော ကျောင်းသားနှင့်အစိုးရကြား ယုံကြည်မှုကို ပြည်လည်ရရှိစေချင်သည်။ ကြိုးစားပေးကြပါဟုလည်း  မေတ္တာရပ်ခံအပ်ပါသည်။


FBမှ ကူယူဖော်ပြပါသည်။







>>>ဆက်ဖတ်ရန်>>> >>


ကျောင်းသားသမဂ္ဂသမိုင်းနဲ့ ကျောင်းသားကိုယ်စားလှယ်၊
 ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ကိစ္စ အငြင်းပွားမှုကို ဖြေရှင်းပေးထားတဲ့ အလွန်ဖတ်သင့်တဲ့ဆောင်းပါးပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ပြောပြခြင်း
(ဘိုသိမ်း)
၂၀၁၅ခု မေလ၂၂ ရက်(သောကြာ)နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် သန်လျင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့သတင်း ဖတ်ရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ အခုအချိန်မှာ ဒီသမဂ္ဂကိစ္စဆိုရင် အများကြီးပြော ကြတယ်။ အန်တီတို့ကတော့ အမြဲပဲပြောပါတယ်။ ကျောင်းသူကျောင်းသားများဟာ တန်းတူညီတူ အခွင့်အရေးရှိရမယ်။ အဲဒါဆို သမဂ္ဂ၀င်မှ မဟုတ်ဘူး။ သမဂ္ဂ၀င်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂ၀င် မဟုတ်တဲ့သူကို အခွင့်အရေးတစ်မျိုး၊ အဲဒီလိုလုပ်လို့မရဘူး။အဲဒါဆိုရင် ဒီမိုကရေစီ စံနှုန်းစံထား နဲ့လည်း မကိုက်ညီဘူး။ တကယ်ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင်မ မကိုက်ညီ ဘူး။ အဲ့ဒါကို လည်း မမေ့ကြနဲ့ ” လို့ပြောကြားသွားပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်းဆန်းစုကြည်အနေနဲ့ သူ့အမြင်ကို သူသိသလောက် သူပြောသွားတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှမဝေဖန်လိုပါဘူး။အဲ့ဒီသတင်းကို ကျွန်တော်ဖတ်ရှု့လိုက်ရတဲ့အချိန်မှာ ချက်ချင်းလိုပဲ၊ ကျွန်တော့ခေါင်းထဲမှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့သမိုင်းဖြစ်ရပ်မှန်လေးတစ်ခုကို ပြန်လည်မြင်ယောင်လာပါတယ်။
အဲဒီသမိုင်းဖြစ်ရပ်မှန်လေးဟာ နှစ်ပေါင်း ၆၃ခုနှစ်က ဖြစ်ပျက်ခဲ့တာဆိုတော့ မီလိုက်သူတစ်ချို့ လောက်တော့ပဲရှိပါတော့မယ်။

ဒါကြောင့် အဲဒီသမိုင်းဖြစ်ရပ်မှန်းလေကိုတော့ အများပြည်သူများ၊ကျောင်းသားများ၊ လူငယ်များ သိအောင် တင်ပြချင်ပါတယ်။
၁၉၃၁ ခုနှစ် ဇန်န၀ါရီလ(၉)ရက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းတဲ့အချိန် က စတင်ပြီး ၁၉၅၃-၅၄ စာသင်နှစ်အထိ ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များမဟုတ်ကြပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်တဲ့ တက္ကသိုလ်ကျောင်းသား များဟာ သမဂ္ဂ၀င်ခွင့် လျှောက်လွှာပုံစံများကို ဖြည့်သွင်းပြီး ကျောင်းသားသမဂ္ဂ၀င်ကြေး တစ်ကျပ်ပေး သွင်းခါ သမဂ္ဂ၀င်အဖြစ် ခံယူကြရပါတယ်။တစ်ချို့ ကျောင်းသားအနည်းစုကတော့ သမဂ္ဂမ၀င်ကြပါ။
၁၉၅၃-၅၄ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်ရွေးကောက် ပွဲမှာ မဲခိုးတဲ့ပြဿနာဖြစ်ပွားခဲ့ပါတယ်။စတင်ဖြစ်ပွားတာကတော့ ဒီလိုပါ။
အဲဒီအချိန်က အစိုးရအာဏာရရှိနေတဲ့ ဆိုရှယ်လစ်ပါတီနဲ့ နီးစပ်တဲ့ ကိုကိုကြီးက ၁၉၅၂ - ၅၃ ပညာသင်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူနေပါတယ်။ ကိုကိုကြီး ဟာ ဆိုရှယ်လစ်ပါတီနဲ့ နီးစပ်တဲ့ ဒီအက်(စ)အိုအဖွဲ့ ( D.S.O) ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒီအက်(စ)အိုအဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွင်းမှာ စည်းရုံးရေး ကျဆင်းတဲ့အချိန်ဖြစ်ပါတယ်။ဘာကြောင့် စည်းရုံးရေးကျဆင်းတယ်ဆိုတာကိုတော့ ရှည်မှာစိုးလို့ မရေးတော့ပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ၁၉၅၂-၅၃ ပညာသင်နှစ် တကသဥက္ကဋ္ဌက ၁၉၅၃-၅၄ ပညာသင်နှစ်အတွက် တကသအမှုဆောင်ရွေးကောက်ပွဲကို “ ရွေး ကောက်ပွဲအရာရှိ” အဖြစ် တာဝန်ယူပြီး ကျင်းပပေးရပါတယ်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းစာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဟုတ်သေး တဲ့အတွက် တကသ ရွေးကောက်ပွဲမှာ တက္ကသိုလ်ကျောင်းသားတိုင်းမဲဆန္ဒပေးခွင့် မရှိပါဘူး။ ကျောင်း သားသမဂ္ဂအဖွဲ့ဝင်ကတ်ပြား ကိုင်ထားသူသာ မဲဆန္ဒပေးခွင့်ရပါတယ်။
၁၉၅၃-၅၄ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပထမအသုတ် အမှုဆောင်ရွေးကောက်ပွဲကို ၁၉၅၃ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။
အစိုးရအာဏာရ ဆိုရှယ်လစ်တွေနဲ့ နီးစပ်တဲ့ဒီအက်(စ)အိုအဖွဲ့အနေနဲ့ ကျောင်းသားထုအတွင်း စည်းရုံးရေးကျဆင်းနေချိန်ဖြစ်သဖြင့် ရွေးကောက်ပွဲအရာရှိ ဒီအက်(စ)အို အဖွဲ့ခေါင်းဆောင် ကိုကိုကြီး အနေနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုအဖွဲ့ ရှုံးနိမ့်သွားမှာကို အလွန်စိုးရိမ်နေပါ တယ်။ဒါကြောင့် ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးဟာ တကသအမှုဆောင် ရွေးကောက်ပွဲမှာ မသမာမှု တွေကို ပြုလုပ်ပါတယ်။
ပြုလုပ်ပုံကဒီလိုပါ။

အဲဒီအချိန်တုန်းက လွတ်လပ်ရေးရပြီးမှ အသစ်ဖွင့်လှစ်တဲ့ အစိုးရဌာနများ ဥပမာလျှပ်စစ် ဓါတ်အား ပေးရေးအဖွဲ့၊ လယ်ယာနှင့်ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (ARDC) ၊ စက်မှုတိုး တက်ရေး ကော်ပိုရေးရှင်း ( IDC) မှာ ဆိုရှယ်လစ်ပါတီဝင်များကို ၀န်ထမ်းအဖြစ် ခန့်ထားပါတယ်။
အဲဒီအစိုးရဌာနများက တက္ကသိုလ်ကျောင်းသားအရွယ် ဆိုရှယ်လစ်ပါတီဝင် ၀န်ထမ်းများကို တကသ ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက တက္ကသိုလ်ကျောင်းသားသမဂ္ဂ၀င်ကတ်ပြားများ ထုတ်ပေး ပြီး၊ တက္ကသိုလ်ကျောင်းသားအယောက်ဆောင်ကာ ဒီအက်(စ)အိုအဖွဲ့ကို မဲထည့်ခိုင်းပါတယ်။
အမှန်တကယ် မဲထည့်ရန်လာတဲ့ တက္ကသိုလ်ကျောင်းသားများ မဲထည့်ရန် မဲရုံ(အဲဒီအချိန်က တကသအဆောက်အအုံအပေါ်ထပ်ရှိ အစည်းအဝေးခန်းမကြီးကို မဲရုံအဖြစ်ပြုလုပ်ထားပါတယ်) သို့ရောက်ရှိသောအခါ မဲစာရင်းရှိ အဲဒီကျောင်းသားများ၏အမည်မှာ မဲထည့်ပြီးဖြစ်နေကြောင်း တွေ့ ရသဖြင့် အဲဒီကျောင်းသားတစ်ချို့နဲ့ ပြဿနာတက်နေကြပါတယ်။
အဲဒီအချိန်မှာ ကိုတင်ထွန်းအမည်ဖြင့် လူတစ်ယောက် မဲပြားလာထုတ်ပါတယ်။ကံဆိုးချင်တော့ မဲအမှန်တကယ် ထည့်ခွင့်ရှိတဲ့ တက္ကသိုလ်ကျောင်းသား ကိုတင်ထွန်းအစစ်အမှန် မှာ တကသရွေးကောက်ပွဲမှာ သန့်ရှင်းအဖွဲ့က အရွေးခံတဲ့ ကိုအုန်းခိုင်နဲ့ အခန်းတစ်ခန်းထဲနေတဲ့ အခန်းဖော်ကျောင်းသားဖြစ်နေပါတယ်။
ကိုတင်ထွန်းအမည်နဲ့ မဲပြားထုတ်ယူချိန်မှာ ကိုအုန်းခိုင်က “ခင်ဗျားကိုတင်ထွန်းမဟုတ်ဘူး” ဆိုပြီး ၀င်ဖမ်းကာ၊ ထိုသူအား ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးထံခေါ်ဆောင်သွားပါတယ်။
နဂိုက သူတို့အမည်နဲ့ လူစားထိုး မဲထည့်ခံထားရလို့ မကျေမနပ်ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်း သားတွေက “မဲသူခိုးမိပြီဟေ့”လို့ အော်ဟစ်ဆူပူကြပါတယ်။ နောက်တော့ ကျောင်းသား ထုအတွင်း က “မတရားသော ရွေးကောက်ပွဲအလိုမရှိ” ဆိုတဲ့အသံတွေ ပေါ်ထွက်လာပါတယ်။

အဲဒီအချိန်မှာ ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက ကမာရွတ်ရဲစခန်းကို ဖုန်းဆက်လိုက်ပုံ ရပါတယ်။ ရဲကားတွေ တကသ အဆောက်အအုံရှေ့ ရောက်ရှိလာပြီး၊ ရဲသားတစ်ချို့ တကသအဆောက်အအုံ အပေါ်ထပ်ကို ပြေးတက်လာပါတယ်။
ရဲတွေတက်လာတဲ့အချိန်မှာ ကျောင်းသားတစ်ချို့က “မဲပုံးကို ရဲလက်တော့ မအုပ်ဘူး” ဟုအော် ဟစ်ကာ တကသအဆောက်အအုံအပေါ်ထပ်မှ ကတ္တရာလမ်းမပေါ်ပစ်ချလိုက်ပါတယ်။မဲပုံး ကတ္တရာ လမ်းမပေါ်ကျသည့် အချိန်မှာ မဲပုံကွဲအက်သွားပြီး မဲပြားများ မဲပုံးဘေးကတ္တရာ လမ်းပေါ်သို့ လွင့်စင် သွားပါတယ်။ ကတ္တရာလမ်းပေါ်မှာရှိနေတဲ့ တက္ကသိုလ်ကျောင်းသား တစ်ချို့က “မတရားတဲ့ ရွေး ကောက်ပွဲ” ဟု အော်ဟစ်ရင်း လွင့်စင်လာတဲ့ မဲပြားကို ဆုတ်ဖြဲကြပါတယ်။
အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲ ပျက်သွားပါတယ်။
နောက်တစ်နေ့ နေ့စဉ်သတင်းစာတွေမှာ ကွဲအက်နေတဲ့ မဲပုံးကြီးနဲ့ ဘေးကိုလွင့်စင်နေတဲ့ မဲပြားတွေကို အနီးကပ် ( Close up ) ရိုက်ထားတဲ့ ဓါတ်ပုံကို သတင်းစာမျက်နှာဖုံးမှာ အသားပေး ဖော်ပြထားကြပါတယ်။အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုတွေ မဲခိုးတဲ့သတင်းဟာ တတိုင်း ပြည်လုံးဟိုးလေတကျော်ဖြစ်သွားပါတယ်။

၁၉၅၃-၅၄ ပညာသင်နှစ်မှာ တက္ကသိုလ်အာဏာပိုင်တွေက တကသအမှုဆောင် ရွေးကောက်ပွဲ အသစ် ပြန်လုပ်ခွင့်မပေးတော့ပါဘူး။ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသမိုင်းမှာ ၁၉၅၃-၅၄ ပညာသင်နှစ်မှာ တကသ အမှုဆောင်အဖွဲ့မရှိခဲ့ပါဘူး။
၁၉၅၄-၅၅ စာသင်နှစ်မှာတော့ ကျောင်းသားခေါင်းဆောင်များနဲ့တက္ကသိုလ် အာဏာ ပိုင်များ ဆွေး နွေးတိုင်ပင်ကြပြီး ၁၉၅၃-၅၄ တကသအမှုဆောင်ရွေးကောက်ပွဲလိုအဖြစ်မျိုး ထပ်မံမပေါ်ပေါက်အောင် အစီအစဉ်တွေ ရေးဆွဲကြပါတယ်။
တကသဖွဲ့စည်းပုံစည်းမျဉ်းဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း တကသရွေးကောက်ပွဲအရာရှိအဖြစ် တကသဥက္ကဋ္ဌဟောင်းကပဲ ဆောင်ရွက်ရပါတယ်။ မဲပြားထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်း များ ကို ကြီးကြပ်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကောင်စီက ပါမောက္ခကြီးများ ပါဝင်သော တကသရွေး ကောက်ပွဲကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပါတယ်။
မဲပြားတိုင်းမှာ ရွေးကောက်ပွဲအရာရှိလက်မှတ်နဲ့ တကသရွေးကောက်ပွဲကြီးကြပ်ရေး အဖွဲ့ခေါင်း ဆောင် ပါမောက္ခကြီးရဲ့လက်မှတ်၊လက်မှတ်၂ခုလုံးပါရှိရပါတယ်။ မဲပြားထုတ်ပေးတဲ့အချိန်မှာလဲ တက္က သိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ကတ်ပြားနဲ့ ထုတ်ယူခွင့်မပြုတော့ဘဲ ရန်ကုန်တက္ကသိုလ်ကျောင်း သားကဒ် (Identity Card) ပြပြီးမဲပြား ထုတ်ယူရပါတယ်။မဲပြားထုတ်ပေးပြီးတာနဲ့ ကျောင်းသားကဒ် ပြားပေါ်မှာ မဲပေးပြီး ( Voted) ဆိုတဲ့ တံဆိပ်တုံးကို ရိုက်ပေးလိုက်ပါတယ်။နောက်မဲပြားကို မဲပုံးထဲကို တစ်ခါထဲထည့်ခဲ့ ရပါတယ်။ မဲရုံကိုတော့ တကသအဆောက်အအုံမှာ မပြုလုပ်တော့ဘဲ ရန်ကုန်တက္က သိုလ် ၀ိဇ္ဇာခန်းမကြီး (ဂျက်ဆင်ခန်းမကြီး)မှာ ပြုလုပ်ပါတယ်။အဲဒီနည်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်း သားတစ်ယောက် ဟာ မဲတစ်ပြားသာ ထုတ်ယူခွင့်ရရှိပြီး မဲပြားကိုလည်း မဲရုံခန်းမအပြင်ဘက်ကို ယူဆောင်သွားလို့ မရပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုနိုင်ရန် အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်လွှာတင်စဉ်အချိန်က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကြေး တစ်ကျပ်ကို တက္ကသိုလ်ငွေစာရင်းဌာနက တက္ကသိုလ်ကျောင်းဝင်ကြေး နဲ့အတူ ကောက်ခံပေးပါ တယ်။

နိုင်ငံသားတွေအနေနဲ့ အသက် ၁၈နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရရှိသွားသလို အဲဒီလိုနည်းနဲ့ တက္ကသိုလ်ကျောင်းသားတိုင်းစာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သွား ကြပြီး၊ ကျောင်း သားတိုင်း တက္ကသိုလ်ကျောင်းသားဖြစ်တာနဲ့ တကသရွေးကောက်ပွဲမှာ မဲပေးနိုင် ခွင့်နဲ့ ၀င်ရောက်အ ရွေးခံနိုင်တဲ့ အခွင့်အရေးတွေ ရရှိသွားပါတယ်။
အဲဒီလို စီစဉ်လိုက်တဲ့အတွက် ကျောင်းသားသမဂ္ဂ၀င် ကျောင်းသားတစ်စုက မဲထည့်ပြီး ရွေးချယ် လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့မဟုတ်တော့ဘဲ တက္ကသိုလ်ကျောင်းသား အားလုံးက လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ပေးတဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ အမှုဆောင်အဖွဲ့ ဖြစ်သွားပါတယ်။ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားထု တစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွား ပါတယ်။ကိုယ်စားပြုမှုနယ် ကျယ်ပြန့်သွားပါတယ်။
နှစ်ပေါင်း ၆၀ကျော်က ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများနဲ့ တက္ကသိုလ်အာဏာပိုင်များ ညှိ နှိုင်းဆွေးနွေးပြီး အမြော်အမြင်ကြီးကြီးနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်ဟာ ကျောင်းသားများ အ တွက်ရော၊ တက္ကသိုလ် အာဏာပိုင်တွေအတွက်ပါ နှစ်ဦးနှစ်ဘက်အဆင်ပြေချောမွေ့ခဲ့ပါတယ်။
ဒါကြောင့်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ရန်ကုန်တက္ကသိုလ်ကျောင်း သားထုတစ်ရပ်လုံး ကိုယ်စားလှယ်အဖြစ် အစိုးရ၊ တက္ကသိုလ်အာဏာပိုင်များအပါအ၀င် အဖွဲ့အစည်း အားလုံးက အသိအမှတ်ပြုကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ၁၉၅၄-၅၅ စာသင်နှစ်ကစတင်ပြီး ၁၉၆၁- ၆၂ စာသင်နှစ်အထိ (၈)နှစ်တိုင်တိုင် အထက်ပါဖော်ပြနည်းဖြင့် တက္ကသိုလ်ပါမောက္ခကြီး များ ကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့ပါတယ်။ဒါကြောင့် အဲဒီအချိန်ကာလတုန်းက ကျင်းပပြုလုပ် ခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲများကို မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံး ရွေးကောက်ပွဲများအဖြစ် သတင်းစာများက ဖော်ပြရေးသားခဲ့ကြပါတယ်။
ကျွန်တော်ဒီသမိုင်းအဖြစ်အပျက်လေးကို ပြန်လည်တင်ပြတာက “၁၉၅၄-၅၅ ပညာသင်နှစ် စတင် ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့ကြ ပြီး၊ မဲပေးခွင့်၊ရွေးချယ်ခံခွင့် စသည့် အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့်ရရှိခဲ့ကြပါတယ်” ဆိုတဲ့ အချက်ကို အများပြည်သူများ ကျောင်းသားကျောင်းသူများ၊ လူငယ်များ ရှင်းရှင်းလင်းလင်း သဘော ပေါက်စေရန် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်
များဖြစ်တဲ့ အတွက် ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂ၀င်မဟုတ်တဲ့ ကျောင်းသား တစ်ယောက်မှ မရှိပါဘူး။ဒါကြောင့် သမဂ္ဂ၀င်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂ၀င်မဟုတ်သူကို အခွင့်အရေးတစ်မျိုး၊ အခွင့်အရေးပေးတဲ့ ပြဿနာကလည်း ရန်ကုန်တက္ကသိုလ်မှာ မပေါ်ပေါက်ခဲ့ပါဘူး။

ယခုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ထုတ်ပြန်ပြီး၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရတယ်ဆိုရင်လဲ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ရွေး ကောက်ပွဲကို ၁၉၅၄ ခုနှစ်မှာ စတင်ကျင်းပခဲ့သလို ရွေးကောက်ပွဲအရာရှိနဲ့ တက္ကသိုလ်ပါမောက္ခများ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီ တို့ ပူးတွဲကြီးကြပ်ပေး ကြမယ်လို့ ယုံကြည်ယူဆထားပါတယ်။
အဲဒီလို အစီအစဉ်အတိုင်းသာ ပြုလုပ်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ ဟာ တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွားတဲ့အတွက် တက္ကသိုလ်ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့က ရာထားရွေးချယ်ပေးတဲ့ တက္ကသိုလ်ကောင်စီဝင် လူကြီးဟာလည်း ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ပဲ ဖြစ်သွားပါတယ်။
ဒါကြောင့် “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” “ကျောင်းသားသမဂ္ဂကိုယ်စားလှယ်” လို့ ထည့်လိုက်တဲ့အတွက် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီစရာမရှိပါဘူး။ ဒီမိုကရေစီစံနှုန်းဆိုတာကလဲ အနောက်တိုင်း အရှေ့တိုင်း ပေတံမတူတာလေးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လဲ မကိုက်ညီ စရာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက်ပြောကြားချက်ထဲမှာ “ ကျောင်းသားကိုယ်စာလှယ် ရွေး တယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ သမဂ္ဂ၀င်ကလည်း အရွေးခံပိုင်ခွင့် ရှိရမယ်။ အများကြိုက်တဲ့ သူကရမှာပဲပေါ့” လို့ပါရှိတာကို ဖတ်လိုက်ရပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်တာကိုတော့ ကျွန်တော့်အနေနဲ့ အနည်းငယ် ပြန်လည်ဆွေးနွေးချင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိပ္ပါယ် ကောက်ယူမှုတစ်ခုခုများ လွဲချော်သေလားလို့ စဉ်းစားရမိပါတယ်။ ဒါမှမဟုတ်ရင် သေသေချာချာ လေ့လာမှုမရှိဘဲ ပြောဆိုတာလဲ ဖြစ်နိုင်ပါတယ်။
ဒီနေ့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ “ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ် ကောင်စီ သို့မဟုတ် တစ်ခြားပညာရေးနဲ့ ပတ်သက်တဲ့ ကော်မတီတွေမှာပါဝင်ရေး ” ဆိုတာ တက္က သိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်တွေကိုယ်တိုင် ကိုယ်စားလှယ် အဖြစ်ပါဝင်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂကရွေးချယ်တဲ့ ( Normonate လုပ်တဲ့ ) ကျောင်းသားမဟုတ်တဲ့ ဘွဲ့ရတစ်ဦးပါဝင်ရေးကို တောင်းဆိုနေတာဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်မရဘဲ၊ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အဆိုတင်သွင်းသလို “ ကျောင်းသားများကရွေးချယ်သော ကိုယ်စားလှယ်” အဖြစ် ပါဝင်ခွင့်ရမယ်ဆိုလဲ ၊ အဲဒီကျောင်းသား ကိုယ်စားလှယ်ကို တက္ကသိုလ်အာဏာပိုင်များက ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ပြီး ကျောင်းသားများကို ရွေးချယ်ခိုင်းရမှာဖြစ်ပါတယ်။
အဲဒီရွေးချယ်ပွဲမှာလည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ကိုယ်တိုင်ပါဝင်ရွေးချယ်ခံ ဘို့ တောင်းဆိုနေတာမဟုတ်ပါဘူး။
အဲဒီနေရာမှာ အထက်ကဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က “ကျောင်းသား ကိုယ်စာလှယ် ရွေးတယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့ လူကလဲ အရွေးချယ်ပိုင်ခွင့်ရှိရမယ်၊ သမဂ္ဂ၀င်ကလဲ ရွေးချယ်ပိုင်ခွင့် ရှိရမယ်” လို့ ပြောသွားပါတယ်။

အမှန်တကယ်ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂ၀င်မဟုတ်တဲ့ ကျောင်းသားလဲ အရွေးခံခွင့်မရှိဘူး၊ သမဂ္ဂကျောင်းသားလဲ အရွေးခံခွင့်မရှိဘူး။
ဒါကြောင့် ကျွန်တော်အဲဒီအချက်ကိုထောက်ပြတာဖြစ်ပါတယ်။
အများပြည်သူများနဲ့ ကျောင်းသားကျောင်းသူများ သဘောပေါက်အောင် အဲဒီကိစ္စကို ရှင်းပြပါမယ်။
ရန်ကုန်တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ပါဝင်ခွင့်ရခဲ့တာက ၁၉၃၉ ဇွန်လ (၁၅)ရက်နေ့မှာ အတည်ဖြစ်ခဲ့တဲ့ ၁၉၃၉ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ခုနှစ် အက်ဥပဒေ ဒုတိယအ ကြိမ် ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ(၂၀) အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီးဟာ မောင်အောင်ဆန်းဖြစ်ပါတယ်။အဲဒီအချိန် မှာ မောင်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသားမဟုတ်တော့ပါဘူး၊ နိုင်ငံရေးလောက ထဲကို ရောက်ရှိနေပါပြီ။

၁၉၅၇ခုနှစ် မန္တလေးတက္ကသိုလ်အက်ဥပဒေအရ ၁၉၅၈ခုနှစ်ထဲမှာ မန္တလေးယူနီဗာစတီကောလိပ် ကို “မန္တလေးတက္ကသိုလ်” အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာ “မန္တလေးတက္ကသိုလ် ကောင်စီ” ဆိုတာ လဲ ပေါ်လာပါတယ်။
၁၉၅၇ ခု မန္တလေးတက္ကသိုလ်အက်ဥပဒေ၊ပုဒ်မ၁၁ ပုဒ်မခွဲ (၁) အပိုဒ်ခွဲ (ဋ္ဋ) အရ၊ မန္တလေးတက္က သိုလ်ကောင်စီမှာ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ဦး ပါဝင် ခွင့်ရရှိခဲ့ပါတယ်။
မန္တလေးတက္ကသိုလ်အက်ဥပဒေပုဒ်မ ၁၁ပုဒ်မခွဲ(၁)အပိုဒ်ခွဲ(ဋ)မှာ “မန္တလေးတက္ကသိုလ်ကျောင်း သားသမဂ္ဂ၏ အမှုဆောင်အဖွဲ့က အမည်စာရင်းတင်သွင်းသော တက္ကသိုလ်အရာထမ်း အမှုထမ်း လည်းမဟုတ် တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သော တက္ကသိုလ်ဘွဲ့ရတစ်ဦး” လို့ဖော်ပြထားပါ တယ်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာတော့ မန္တလေးတက္ကသိုလ်အက်ဥပဒေမှာ ဖော်ပြထားတဲ့ အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာမို့ ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။ ကိုယ်စားလှယ် (၁)ဦးနေ ရာမှာ (၂)ဦးလို့ ရေးသားထားတာပဲ ကွာခြားပါတယ်။
ယခုဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” မှာထည့်သွင်းပေးရန် ကျောင်းသားတွေ တောင်းဆိုနေတာကလဲ တက္ကသိုလ်ကောင်စီ မှာ ကျောင်းသားတွေ ကိုယ်တိုင် ပါဝင် ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ မန္တလေးတက္ကသိုလ်အက်ဥပဒေနဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ များမှာ ဖော်ပြထားသလို “တက္ကသိုလ်ဝန်ထမ်းမဟုတ်သော ကျောင်းသားမဟုတ်သော ဘွဲ့ရကိုယ် စားလှယ် ” ပါဝင်ရေးကိုသာ တောင်းဆိုနေတာပါ။ အဲဒီတောင်းဆိုချက်ဟာလဲ အသစ်အဆန်းမဟုတ် ဘဲ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကပဲ ရရှိခဲ့တဲ့အခွင့်အရေးကိုသာ တောင်း ဆိုနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂ၀င်မဟုတ်တဲ့ ကျောင်းသားလဲ အရွေးချယ်ပိုင်ခွင့်မရှိဘူး။သမဂ္ဂကျောင်းသားလဲ အရွေးခံခွင့်မရှိဘူးလို့ အထက်မှာရေးခဲ့တာပါ။
နောက်တစ်ချက်ရှင်းပြစရာ တစ်ခုကျန်ပါသေးတယ်။
၁၉၅၈ခုနှစ် အောက်တိုဘာလ(၂၈) ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းဟာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် အဖြစ် လွှတ်တော်ထဲမှာ အာဏာလွှဲပြောင်းလက်ခံယူပါတယ်။ အာဏာလွှဲပြောင်း ရယူပြီး (၄)လအကြာ ၁၉၅၉ ခုနှစ် မတ်လ(၂) ရက်နေ့မှာ ပြလုပ် တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “ရန်ကုန်တက္က သိုလ်အက်ဥပဒေ” ကို ပြင်ဆင်ပါတယ်။
“ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ” ကို ပြင်ဆင်တာက ယခုကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် ပြင်ဆင်သလိုပါပဲ။ ‘‘ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်’’ ဆိုတဲ့ စကားလုံးကို “ကျောင်းသားများကိုယ် စားလှယ် ” လို့ပြင်ဆင်ပါတယ်။
၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ချက်အရ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦးကို ရန်ကုန်တက္ကသိုလ်ကောင်စီက ထုတ်ပယ်ပစ်ပါတယ်။ပြင်ဆင်လိုက်တဲ့ တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားကိုယ်စားလှယ် တက္က သိုလ်ကောင်စီဝင်လူကြီး (၂)ဦးကို ကျောင်းသားကျောင်းသူများကိုယ်တိုင် မဲဆန္ဒပေး ပြီးတိုက်ရိုက် ရွေးချယ်ရမယ်ဆိုပါတယ်။
ဤကဲ့သို့ တက္ကသိုလ်အက်ဥပဒေပြင်ဆင်လိုက်ခြင်းဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားကျောင်းသူများ၏ ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုသည့်သဘောဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ပါတယ်။ တနည်းပြန်ပြောရရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို မပိတ်ပင်သော်လည်း ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂကို လူရာမသွင်းဘဲ ထားလိုက်တဲ့သဘောဖြစ်ပါတယ်။
ယခုလည်း ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ရွေးချယ်ခွင့် မရရင် ဒီသဘောပဲ ဖြစ်သွားပါမယ်။
“၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက် ” အရ ကျောင်းသားကိုယ်စားလှယ် ကောင်စီဝင်လူကြီး (၂)ဦး ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ပြုလုပ်ခဲ့ပါ တယ်။
အဲဒီရွေးကောက်ပွဲမှာ သန့်ရှင်းဖဆပလအဖွဲ့(နိုင်ငံရေးပါတီ) အနေနဲ့ ၀န်ကြီးဟောင်းဦးဝင်းနဲ့ ၀န်ကြီးဟောင်း ဦးရာရှစ်တို့ကို ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံစေပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် စစ်ကြိုခေတ်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတီဝမ်းနဲ့ ၁၉၄၉- ၅၀ ခုနှစ်တကသ ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်ကျော်တို့ကို တကသကိုယ်စား လှယ်များအဖြစ် သတ်မှတ်ပြီး တက္ကသိုလ်ကောင်စီဝင်လူကြီး ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံစေ ပါတယ်။
ဦးတီပီဝမ်းနဲ့ ဦးမောင်မောင်ကျော်တို့ဟာ ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးများ ဖြစ်ပြီး တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်အရ တက္ကသိုလ်ကောင်စီဝင်လူကြီးအဖြစ်မှ ထုတ်ပယ်ခံရသူတွေဖြစ်ပါတယ်။
အဆိုပါ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲမှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကိုယ်စားပြုပြီး အရွေးခံတဲ့ ဦးတီပီဝမ်းနဲ့ ဦးမောင်မောင် ကျော် (၂)ဦးကို တက္ကသိုလ်ကျောင်းသားထုက မဲအပြတ်အသတ်ထည့်ပြီး ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်အသိအမှတ်ပြုပေးခဲ့ပါတယ်။
ဗိုလ်ချုပ်နေ၀င်းအစိုးရက တကသကို ကျောင်းသားထု ကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်မပြုရန် ကြိုးစားခဲ့သော်လည်း တကသဟာ ဒီမိုကရေစီနည်းလမ်းအရ တက္ကသိုလ်ကျောင်း သားထုကို အမှန်တကယ် ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အဲဒီကျောင်းသားကိုယ်စား လှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး(၂)ဦး ရွေးကောက်ပွဲရလာဒ်က ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော် ၁၉၅၉ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီ ၀င်လူကြီး (၂) ဦး ရွေးကောက်ပွဲအကြောင်းကို ပြန်လည်ပြောပြတာက “တက္ကသိုလ်ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ကို တက္ကသိုလ်ကျောင်းသားထုက ဒီမိုကရေစီနည်းအရ လျှို့ဝှက်မဲပေးစနစ် နဲ့ ရွေးချယ်တင်မြှောက်ထားတယ်ဆိုရင်၊ “ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး ရွေးကောက်ပွဲ” ဆိုတာ မလိုအပ်ကြောင်း သိရှိနိုင်ရန် ပြောပြခြင်းဖြစ်ပါတယ်။
အမှန်တကယ်က “ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ” ဆိုတာထဲက “ကျောင်းသားသမဂ္ဂ” ကို ဖြုတ်ပစ်တာထက်၊ ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ၊ ကျောင်းသားထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်ဖြစ်အောင် ရွေးကောက်တင်မြှောက်ပေးရေးက ပိုအရေးကြီးကြောင်း တင်ပြအပ်ပါသည်။
ဘိုသိမ်း
>>>ဆက်ဖတ်ရန်>>> >>