Details
Category: ပညာရပ်စာတမ်းများ
Published on Friday, 03 October 2014 05:08
Written by သိန်းနိုင်
မတူကွဲပြားသော နိုင်ငံတော်
မတူကွဲပြားခြားနားမှုမှာ ဒီမိုကရေစီ၏
အားဖြစ်သည်ဟူ၍ ဆိုကြပါသည်။ မတူကွဲပြားခြင်းမှာ တကယ်တော့လည်း သဘာဝနိယာမ
တရားတစ်ခုမျှသာ။ ပိုမိုယဉ်ကျေးသော မျက်မှောက်ခေတ်လူ့ဘောင်ကို
ရှင်သန်စည်ပင်စေခြင်း၊ သဟဇာတ ဖြစ်စေခြင်းနှင့် ဦးဆောင် ထိန်းကျောင်း
ပဲ့ကိုင်ခြင်းမှာ မတူကွဲပြားခြားနားမှုကို စီမံခန့်ခွဲခြင်းပင် ဖြစ်သည်ဟူ၍
ဒီမိုကရေစီ နိုင်ငံရေး သုခမိန်တို့က ဆိုကြသည်။ ပညာရေးတွင် ဤမတူ
ကွဲပြားခြားနားမှုတို့ကို ထည့်သွင်း စဉ်းစားမှသာလျှင် ပိုမို၍ သဟဇာတ ဖြစ်သော
လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ရှေးရှုသော
အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါမည်။ ကလေးငယ်တို့သည် မွေးရာပါ ဗီဇနှင့် စွမ်းရည် မတူကြ။
ဝါသနာများလည်း ကွဲပြားကြသည်။ ဥာဏ်ရည်အမျိုးမျိုးနှင့် သင်ယူနေကြသည်။ လူမျိုးနှင့်
မိခင်ဘာသာစကားများလည်း ခြားနားနေ တတ်သည်။ ရှင်သန်ကြီးပြင်းရာ ဒေသန္တရ
ပတ်ဝန်းကျင်မှာလည်း ကွဲပြားနိုင်သေးသည်။ ဘ၀နောက်ခံများမှာလည်း အခြေအနေ
အမျိုးမျိုး။ လူမှုစီးပွား အဆင့်အတန်းချင်းလည်း ကွာဟကြပါသည်။ ပညာရေးစိတ်ပညာမှ
ထောက်ပြထားသည်မှာ နိုင်ငံတော်၏ ဒေသအသီးသီးရှိ ကလေးငယ်တို့သည် မတူ
ကွဲပြားမှုများစွာဖြင့် ကျောင်းနှင့် စာသင်ခန်းများတွင် တက်ရောက်လျက်ရှိနေကြသည်။
အထင်ကရဖြစ်သော မတူကွဲပြားသည့် အုပ်စုများကို မျိုးတူ စုစည်းလေ့လာနိုင်သည်။
မတူကွဲပြားမှုကို တစ်ဦးချင်းသဘောဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ပညာရေးစနစ်၊
သင်ရိုးညွှန်းတမ်းနှင့် စာသင်ကျောင်းမူဝါဒတို့တွင် မလွဲမသွေ ထည့်သွင်း
စဉ်းစားသင့်ပါသည်။ ဤသို့ဖြင့် တစ်သီးပုဂ္ဂလ ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် အကူအညီ
ပေးနိုင်ခြင်းအပြင် လူမှုအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်လည်း ပိုမို လက်တွေ့ကျသော၊
အကျိုးဖြစ်ထွန်းသော စာသင်ကျောင်းများ ဖြစ်လာနိုင်ပါမည်။
မတူကွဲပြားသော လူမျိုးစုများ၊
လူမျိုးနွယ်များနှင့် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများအပြင် ခေတ်ကာလ ယဉ်ကျေးမှုပုံစံ
အမျိုးမျိုး၊ အတွေးအခေါ် အယူအဆ အမျိုးမျိုးတို့ဖြင့် ရှိနေသည့် မြန်မာနိုင်ငံတွင်
ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် အငြင်းပွား ဖွယ်ရာဖြစ်သော
၂၀၁၄ အမျိုးသား ပညာရေးဥပဒေတို့တွင် မတူ ကွဲပြား ခြားနားမှုများကို ထည့်သွင်း
စဉ်းစားကြပါ၏လော။ ပညာရေးနှင့် စာသင်ကျောင်းမှာ မျက်မှောက်ခေတ်မျှသာ မကဘဲ
အနာဂတ်နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် လားရာလမ်းကြောင်းကို
ဖော်ဆောင်ပေးနိုင်ပါသည်။ လိုလား တောင့်တနေကြသည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့်
တရားမျှတမှုတို့ကို ဖော်ဆောင်ပေးနိုင်မည့် အမျိုးသားပညာရေး ဥပဒေဟု မည်သူ
အာမခံပါမည်နည်း။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန် ၂၀၀၈
ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဤ ၂၀၁၄ ဗားရှင်း
အမျိုးသား ပညာရေးဥပဒေတို့က ဖက်ဒရယ်လမ်းကြောင်းကို တည့်မှန်စွာ
ဖော်ဆောင်ပေးနိုင်ပါမည်လော။
အတိတ်ကာလ ၁၉၄၇
ဖက်ဒရယ်အိပ်မက်နှင့် ၂၀၁၄ ပညာရေး ကနဦးခြေလှမ်းများ
၁၉၄၇ ခုနှစ် လွတ်လပ်ရေးကာလမတိုင်မီ
တိုင်ပြုပြည်ပြုလွှတ်တော် အစည်းအဝေးများတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
တိုင်းရင်းသား ခေါင်းဆောင်များက မတူကွဲပြားခြားနားမှုကို တန်ဖိုးထားပြီး
ယဉ်ကျေးမှုတို့ ပိုမို သဟဇာတဖြစ်စေမည့် ဖက်ဒရယ်စနစ် (တနည်းအားဖြင့်)
“အသွေးအရောင်စုံ ယဉ်ကျေးမှုစနစ်” ကို တည်ဆောက်ရန် မျှော်မှန်းခဲ့ကြသည်။
ပညာရေးတွင်လည်း “အသွေးအရောင်စုံ ပညာရေးစနစ် multicultural education” ကို
ကျင့်သုံးကြရန် တိုင်ပင်ခဲ့ကြဖူးသည်။ ဤသည်မှာလည်း ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို
အကောင်းဆုံးသော မောင်းနှင်အားအနေဖြင့် ပညာရေးက ဖြည့်ဆည်းပေးရန် ရည်ရွယ်ရင်း
ရှိခဲ့ပုံရပါသည်။
မျက်မှောက်ခေတ် ၂၁ ရာစု၏
ကမ္ဘာ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်
ရှင်သန်စည်ပင်စေရန်အတွက် မတူကွဲပြားမှုကို ထည့်သွင်းစဉ်းစားသည့် အသွေးအရောင်စုံ
ပညာရေးစနစ်ကို အောင်အောင်မြင်မြင် ကျင့်သုံးလျက်ရှိကြသည်ကို လေ့လာတွေ့ရှိရသည်။
တိုင်းပြည်၏ ပကတိ လူမှုအရှိတရားများကို အခြေခံလျက် ပညာရေးလှုမှုဗေဒဆိုင်ရာ
သုတေသနလေ့လာမှုများ၊ တိုင်းရင်းသား ညီညွတ်ရေး အမြင်သဘောထားများ၊ ဖက်ဒရယ်ယဉ်ကျေးမှု
အခြေခံများအပေါ် စေ့ငုံစွာ သုံးသပ်ပြီး ပညာရေးစနစ်ကို တည်ဆောက်ခြင်းဟူ၍လည်း
ဆိုနိုင်ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်
ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုအချို့ ရှိခဲ့သည်။
အထူးသဖြင့် အစိုးရအပြောင်းအလဲဖြစ်တိုင်း၊ သို့မဟုတ် နိုင်ငံတော်အာဏာ သိမ်းယူပြီးတိုင်း
ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမှုအချို့ ရှိခဲ့သည်။ ပညာရေးစနစ်
အပြောင်းအလဲ ကာလတိုင်းတွင် အငြင်းပွားဖွယ်ရာ များစွာ ပါရှိနေခဲ့သည်။
အာဏာရှင်တို့စိတ်ကြိုက် တင်းကျပ် လွန်းသော ပညာရေးပြုပြင်ပြောင်းလဲမှုတို့ဖြစ်သဖြင့်
တိုင်းရင်းသား ပြည်သူတို့၏ ပညာအခွင့်အရေးများနှင့် အရည်အသွေးအတွက်
ရတက်မအေးဖြစ်ခဲ့ကြရသည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်တွင် “ပညာရေးဆုတ်ကပ်” မှာ
ဝမ်းနည်းဖွယ်ရာ စတင်ခဲ့တော့သည်။ ပွင့်လင်း လွတ်လပ်သော ဒီမိုကရေစီခေတ်မှာ
လွတ်လပ်ရေးသက်တမ်း ငယ်နုစဉ်မှာပင် ကွယ်ပျောက်ခဲ့တော့သည်။ ၂၀၁၂ ခုနှစ် မတိုင်မီအထိ
နှစ် ၅၀ မျှ မီဒီယာများတွင် ပညာရေးဆိုင်ရာ ငြင်းခုံ ဆွေးနွေးမှုများ၊
ဝေဖန်တင်ပြမှုများ၊ ဆန့်ကျင်ဖက်အမြင်များကို လက်ခံ ဆွေးနွေးမှုများ ဖော်ပြခွင့်
မရရှိခဲ့ပါ။ ယခု ၂၀၁၄ ခုနှစ်၊ မီဒီယာခေတ်ဦး၊ အသွင်ကူးပြောင်းရေးကာလ၊ ပညာရေး
ပြုပြင်ပြောင်းလဲမှုများ နိဒါန်းပိုင်းသို့ စတင်သော ကာလ… စသည်ဖြင့် ခေတ်ပုံရိပ်ကို
ဖော်ကျူးနိုင်ပါသည်။ ပါလီမန် ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲသို့ ဦးတည်နေသည်ဟု
ယူဆဖွယ်ရာရှိသည့် အခြေအနေတွင် ပညာရေးဆိုင်ရာ ငြင်းခုံခြင်းများ၊
ဝေဖန်တင်ပြဆွေးနွေးမှုများနှင့် ဆန့်ကျင်ဖက် အမြင်များကို တရားဝင် ဆွေးနွေးခွင့်များ
ပိုမို ရရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ
ပိတ်ပင်တားဆီးခဲ့သော တိုင်းရင်းသား ဘာသာစကားများ သင်ကြားရေးကိုလည်း ပြန်လည်
အသက်သွင်းရန် တရားဝင် ကြိုးပမ်း အားထုတ်မှုများအထိ ရှိလာခဲ့သည်။
သို့ရာတွင် ပညာရေး
ပြုပြင်ပြောင်းလဲလိုသူများနှင့် အစိုးရ၏ ပညာရေးအာဂျင်ဒါတို့တွင်ဖြစ်စေ၊ ပညာရေး
ပရော့ဂျက်များတွင်ဖြစ်စေ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အတွက်
လမ်းကြောင်း ဖော်ဆောင်နိုင်မှုများမှာ အားနည်းလျက်ပင် ရှိနေသေးကြောင်း
တင်ပြလိုပါသည်။ နိုင်ငံရေးပါတီအချို့နှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ
တက်ကြွလှုပ်ရှားသူ အချို့တို့က ဦးဆောင်သော ပညာရေး ဆွေးနွေးပွဲများနှင့်
တိုင်းရင်းသား နယ်မြေဒေသများရှိ ပညာရေးလုပ်ငန်းများ၊ စီမီနာများ၊
အလုပ်ရုံဆွေးနွေးပွဲများတွင် အဦးအစ ခြေလှမ်းများ အနေဖြင့် မှတ်ယူနိုင်သည့်
ဖက်ဒရယ်ပြည်ထောင်စု ပညာရေးဆိုင်ရာကိစ္စများကို ထည့်သွင်းလျက် ဆွေးနွေးခြင်းများ
စတင် နေသည်ကို သတိပြုမိပါသည်။ တိုင်းရင်းသား ပြည်သူလူထု၏ လူမှု ပကတိအရှိတရားများ၊
လိုအပ်ချက် ဆန္ဒများအပေါ် အခြေခံလျက် တနိုင်တပိုင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ၊
စာသင်ခန်းအတွင်းထိ သက်ရောက်မှု ရှိစေသော သင်ရိုးညွှန်းတမ်း စံနှုန်းများ၊ သင်ကြားနည်းများ၊
အကြောင်းအရာများကိုလည်း ပြုပြင်ပြောင်းလဲလာခြင်းများမှာ ကိုယ့်ဝန်ကိုယ်ထမ်းလျက်
ဖက်ဒရယ်ပညာရေးစနစ်ကို ဒေသန္တရအဆင့် တည်ဆောက်ရန် ကြိုးပမ်းမှုများအနေဖြင့်
သုံးသပ်ရပါသည်။
ပညာရေးပြောင်းလဲမှုများနှင့်
အငြင်းအခုံ
အာဏာရယူထားသော
ဦးသိန်းစိန်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနကလည်း ပညာရေးဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ချက်များ
မီဒီယာများတွင် မကြာမကြာ ဖတ်ရှုရသည်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ် စိန်ရတု
ခန်းမနှင့် နေပြည်တော်တို့တွင် “အမျိုးသား ပညာရေးဥပဒေ (မူကြမ်း)” ကို အလုပ်ရုံ
ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲများဖြင့်
ကျင်းပကြကြောင်း သတင်းများပင်။ အခြားတဖက်တွင်လည်း အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊
ကျောင်းသားသမဂ္ဂများနှင့် အခြားပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ NGO များ၊
လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ဆရာသမဂ္ဂများ စုဖွဲ့ထားသည့် ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER တို့က ၂၀၁၄ အမျိုးသား
ပညာရေးဥပဒေကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက် လျက်ရှိနေသည်။
အထူးသဖြင့် တိုင်းရင်းသား ပြည်သူလူထု၏
ပညာရေးဆန္ဒအပေါ်တွင် အခြေမခံခြင်း၊ ကျောင်းသားထု၊ ကျောင်းဆရာ ဆရာမများကိုယ်တိုင်
ပါဝင်ရေးဆွဲခွင့် မရရှိခဲ့ခြင်း၊ လူထုအကြံပြုချက်များအပေါ် ထည့်သွင်း စဉ်းစားမှု
မရှိခြင်းများ၊ ပညာရေးလွတ်လပ်ခွင့် အလွန်အမင်း အားနည်းနေသေးခြင်း၊
ဗဟိုဦးစီးချုပ်ကိုင်မှု တင်းကျပ်နေဆဲဖြစ်သည့် အပြင် တိုင်းရင်းသားများ၏
ပညာရေးအခွင့်အရေးအပေါ် အခြေမခံထားခြင်း၊ မသန်စွမ်းကလေးငယ်များအတွက် ခွဲခြားထားသော
ဥပဒေဖြစ်ခြင်း၊ ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊
စည်းရုံးခွင့်၊ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် လွတ်လပ်စွာ
ရွေးချယ်ခွင့်တို့ကို အာမခံချက် မပေးနိုင်ခြင်း စသည့် အချက်အလက်များအပေါ်တွင်
ကန့်ကွက်ဆန့်ကျင်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။
ကျောင်းဆရာဆရာမများ၏
အလုပ်တန်ဖိုးနှင့် ဂုဏ်သိက္ခာတို့ကိုလည်း အမျိုးသား ပညာရေးဥပဒေက ကာကွယ်ပေးခြင်း၊
တိုးမြှင့် ဆောင်ရွက်ခြင်းတို့ အားနည်းကြောင်း ထောက်ပြထားသည်။ သင်ရိုးညွှန်းတမ်း
ဆိုင်ရာ ကဏ္ဍတွင်လည်း မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများအတွက်
လွတ်လပ်ခွင့် ပိုမို ရရှိသင့်ကြောင်း အကြံပြုထားကြသည်။ ပညာရေး အဆင့်အတန်း
ကွာခြားချက် မရှိစေရန်အတွက် အနိမ့်ဆုံးစံသတ်မှတ်ချက် လိုအပ်နေဆဲ။
ပညာရေးအရည်အသွေး တိုးတက်
ကောင်းမွန်စေရေးအတွက် သင်ကြားမှု-သင်ယူမှု နည်းလမ်းများ၊ ပညာရည်တိုးတက်မှုကို စစ်ဆေး
အကဲဖြတ်သည့် စနစ်များနှင့် ပညာရေးအသုံးစရိတ် ဘတ်ဂျတ်ဆိုင်ရာ
ပြဌာန်းချက်များတွင်လည်း အမြင်သဘောထား မတူကြပါ။
ဥပဒေပြဌာန်းခဲ့လေပြီ…
သမ္မတဦးသိန်းစိန်ကလည်း
အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ပါဝင်သည့် စနစ်တစ်ခုလုံးသည် နောင် ၁၃ နှစ်
ကြာမှာသာ အားလုံး အကောင်အထည်ဖေါ်နိုင်မည်ဟု မှတ်ချက်ပြုကြောင်းလည်း ဖတ်ရှုရသည်။
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသော အမျိုးသား ပညာရေးဥပဒေကြမ်းကို
နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခြင်း မရှိဘဲ ပြန်လည်ပြင်ဆင်ရန်
ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည့် သဘောထား မှတ်ချက် ၂၅ ချက်တွင်
ဤအချက်မှာ တစ်ချက်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ၂၀၁၄ ခုနှစ်၊
ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် ပြင်ဆင်ချက် ၇၁ ချက်အပေါ် မူတည်ဆွေးနွေးပြီး
အမျိုးသားပညာရေးဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က
ယင်းဥပဒေကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတက
လက်မှတ်ရေးထိုးပြီးပါက ဥပဒေအဖြစ် ထုတ်ပြန် ပြဌာန်းနိုင်မည်ဖြစ်သည်။
အမျိုးသားပညာရေးဥပဒေကို
ပြုစုရေးဆွဲသူများ၊ သဘောတူ ထောက်ခံသူများ၊ အတည်ပြု ပြဌာန်းသော အစိုးရနှင့်
လွှတ်တော်.. စသည်တို့နှင့် အပြင်းအထန် ကန့်ကွက်ဆန့်ကျင်သူများအကြား ပညာရေး
အတွေးအခေါ်၊ အယူအဆ၊ အကျင့်အကြံနှင့် ပညာရေးမူဝါဒတို့၏ အကွာအဝေးမှာကား
အချိုးရာကြီးကြီးဖြင့် ပိုမို ဝေးကွာ၊ ကျယ်ပြန့် နက်ရှိုင်းခဲ့ရပြီ။ ဤသည်မှာလည်း
အပြောင်းအလဲအတွက် မရှိမဖြစ် တရားဝင် အကွာအဝေးတစ်ခုဟူ၍ ဆိုချင်ပါသည်။
ဖက်ဒရယ်ပညာရေးအကြောင်း
ပြောကြပါစို့
ပညာရေးဆိုင်ရာ
ပြောင်းလဲမှုခေါင်းစဉ်များတွင် စိုးစဉ်းငယ်မျှ မကြားရ၊ မမြင်ရ၊ မဖတ်ရှုရသေးသည်မှာကား
ဖက်ဒရယ်ပညာရေး အကြောင်းပင်ဖြစ်ပါ၏။ ခေတ်အဆက်ဆက် မျက်ကွယ်ပြုထားခဲ့ကြသည်၊ တလွဲ
ပုံဖျက်ထားကြသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရန် လိုအပ်ချက်ကိုတော့ဖြင့်
၂၀၁၄-၂၀၁၅ မြန်မာ့နိုင်ငံရေးသမားများ ပိုမို စိတ်ဝင်စားမှု ရှိလာသည်ကို တွေ့ရပါသည်။
တိုင်းရင်းသားများ၏ ဘ၀များ၊ ဆန္ဒများ၊ ရှင်သန်မှုများနှင့် ထပ်တူကျနေသည်မှာ
စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟူ၍ ကျွန်တော် သုံးသပ်မိပါသည်။
သို့ဖြစ်လေရာ ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် ပိုမို အာမခံချက်ပေးမည့်
ဖက်ဒရယ်နိုင်ငံရေး စနစ်အကြောင်း၊ ဖက်ဒရယ် ပညာရေး စနစ်အကြောင်း၊
အသွေးအရောင်စုံယဉ်ကျေးမှုပညာရေးအကြောင်းနှင့် ၂၁ ရာစု၏ ငြိမ်းချမ်းရေးနှင့် သဟဇာတ
သင်ရိုးညွှန်းတမ်းအကြောင်းတို့ကို အကျယ်တ၀င့် ဖွင့်ထုတ် ဆွေးနွေးသင့်ပြီဟုလည်း
အကြံပြုလိုပါသည်။ ဒီမိုကရေစီ စံနှုန်းများအပေါ် အခြေခံထားသည့် ဖက်ဒရယ်ပညာရေးစနစ်မှာ
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခရာကျကြောင်းကိုလည်း ဆွေးနွေး
ပြောဆိုသင့်ပါသည်။ တိုင်းရင်းသားဒေသများအလိုက် ဖက်ဒရယ်ပညာရေးစနစ်ကို စတင်ကျင့်သုံးရန်လည်း
တိုက်တွန်းလို ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် နိုင်ငံရေးအရ
အဖြေရှာကြသည့်အချိန်နှင့် တပြိုင်နက်တည်းမှာ တိုင်းရင်းသားများကလည်း
မိမိတို့ကိုယ်တိုင်ပင် ဖက်ဒရယ်ပညာရေးကို မူဒါဝဒများချမှတ်၍ ကျင့်သုံးသင့်ပါသည်။
ပြည်နယ်အတွင်းရှိ အာဏာပိုင်များနှင့် နိုင်ငံရေး သမားများ ပိုမို၍ နား၊
မျက်စိပွင့်လာစေရေးအတွက် ဖက်ဒရယ်ပညာရေး စာမျက်နှာများ ပေါ်ထွက်လာပြီး ဖက်ဒရယ်ပညာရေး
ဆွေးနွေးသံများ စူးရှ ကျယ်လောင်ရပါလိမ့်မည်။
ယခုလမှစတင်၍ ဖက်ဒရယ်ပညာရေးအကြောင်းကို
တင်ပြဆွေးနွေးသွားပါမည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ တိုင်းရင်းသား
လူမျိုးစုများ အရေး၊ မျက်မှောက်ခေတ် ဒီမိုကရေစီနှင့် တန်းတူရေး
လှုပ်ရှားမှုများအပေါ်တွင် ဖက်ဒရယ် ပညာရေးဆိုင်ရာ အားဖြည့် ဆောင်ရွက်နိုင်မှု များကို
သုံးသပ်သွားမည်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အောင်မြင်စွာ
ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများ၏ ဖက်ဒရယ် ပညာရေး စနစ်အကြောင်းတို့ကိုလည်း
ယှဉ်တွဲလေ့လာနိုင်စေရန် ဆက်လက်ဆွေးနွေးသွားပါမည်။
ဖက်ဒရယ်စနစ် Federalism
ဖက်ဒရယ်ပညာရေးအကြောင်းကို အသေးစိတ်
မဆွေးနွေးမီ ဆရာဆရာမများနှင့် မြန်မာကျောင်းသားလူငယ်များအတွက် နောက်ခံ
ဗဟုသုတအနေဖြင့် သိရှိထားသင့်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်းကို နိဒါန်းမျှ
ဦးစွာ မိတ်ဆက်တင်ပြ လိုပါသည်။ ထို့နောက် ဒီမိုကရေစီ၊ တန်းတူရေး၊
ဖက်ဒရယ်စနစ်တို့နှင့် ပညာရေးမူဝါဒများ အဆက်အစပ်ကို ဆက်လက်တင်ပြပါမည်။
စာသင်ခန်းတွင်းဒီိမိုကရေစီ၊ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ကျောင်း ပညာရေးစနစ်၊
တိုင်းရင်းသားယဉ်ကျေးမှုများနှင့် သင်ရိုးညွှန်းတမ်းတို့ကိုလည်း အကျယ်တ၀င့်
ဆွေးနွေးသွား ပါမည်။ မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများအတွက်
ဖက်ဒရယ်ပညာရေးစနစ်အကြောင်းကို အဓိကအားဖြင့် မဏ္ဍိုင်ပြုလျက် ဤဆောင်းပါးစုကို
ပြုစုရေးသားပါသည်။
ဖက်ဒရယ်စနစ်မှာ
ကမ္ဘာ့နိုင်ငံရေးသမိုင်းစာမျက်နှာပေါ်တွင် ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်း ၂၀၀
ကျော်မျှသာ ရှိပါသေးသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂
နိုင်ငံရှိပြီး ထိုနိုင်ငံများတွင် အုပ်ချုပ်မှုပုံသဏာန်အမျိုးမျိုးနှင့် နောက်ခံ
သမိုင်းများလည်း မတူ၊ ကွဲပြားကြပါသည်။ ဤနိုင်ငံများအနက် ဖက်ဒရယ် (သို့မဟုတ်) ဖက်ဒရယ်ပုံစံ
အုပ်ချုပ်ရေးစနစ်အား ကျင့်သုံးသော နိုင်ငံပေါင်းမှာ ၂၈ နိုင်ငံရှိသည်။
အချုပ်အားဖြင့် ဖက်ဒရယ် Federal စနစ်ဆိုသည်မှာ အစိုးရ နှစ်ရပ်ဖြစ်သော ဗဟိုအစိုးရ
(ဖက်ဒရယ်အစိုးရ)နှင့် (ပြည်နယ်အစိုးရ)၊ ဒေသန္တရအစိုးရအကြား အာဏာခွဲဝေ အုပ်ချုပ်သော
စနစ်ဟူ၍ ဆိုနိုင်ပါသည်။
ဤသို့ဖြင့် အစိုးရ ၂ ရပ်အကြား
အာဏာခွဲဝေမှုအား အခြေခံဥပဒေမှ သတ်မှတ်ပေးထားရသည်။ ဖြစ်လေ့ဖြစ်ထရှိသော အစိုးရ ၂
ရပ်အကြား အငြင်းပွားမှုနှင့် ပဋိပက္ခများ ရှိလာပါက သီးခြားလွတ်လပ်သော ခုံရုံး
(သို့မဟုတ်) တရားရုံးများက အဆုံးအဖြတ် ပေးကြရ သည်။ အထူးသဖြင့် တာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုင်ရာ
ရှင်းလင်းမှု မရှိသည့်အတွက် ပြဿနာ တတ်လေ့ရှိသည်။ နိုင်ငံတော် အာဏာ၏ မဏ္ဍိုင်
သုံးရပ်ကို ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ ဟန်ချက်ညီ ခွဲဝေခြင်း၊ အပြန်အလှန်
ထိန်းကျောင်းခြင်းတို့ ပါရှိသည်။ ဖက်ဒရယ် ပြည်ထောင်စု အစိုးရနှင့်
ပြည်နယ်အစိုးရတို့အကြား အာဏာချိန်ခွင်လျှာ ညီမျှစေရန် ပြည်သူလူထုက
ဆုံးဖြတ်ပိုင်းခြားပေးသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်၏
အားသာချက်များ
ဖက်ဒရယ်စနစ်၏ အားသာချက်များမှာ (၁)
တိုင်းရင်းသားပြည်သူလူထုနှင့် ပိုမို နီးစပ်မှုရရှိခြင်း၊ (၂) ပြည်သူနှင့်
ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ (၃) လူနည်းစု၏ အခွင့်အရေးနှင့်
အကျိုးစီးပွားတို့ကို ကာကွယ် စောင့်ရှောက်ပေးနိုင်ခြင်း၊ (၄) စစ်မှန်သော
ဖက်ဒရယ်မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဖြစ်ပေါ်စေခြင်း၊ (၅) (ဖက်ဒရယ်- ဗဟိုအစိုးရ)
အနေဖြင့် တစ်နိုင်ငံလုံး၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးတို့ကိုအပေါ်တွင်
ထဲထဲဝင်ဝင် အာရုံစိုက်လုပ်ဆောင်နိုင်ခြင်း၊ (၆) အုပ်ချုပ်ရေးနှင့် နိုင်ငံတော်
တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအား လက်တွေ့ အားဖြင့် စမ်းသပ်
အကောင်အထည်ဖေါ်နိုင်ခြင်း၊ (၇) အာဏာရှင်များ မပေါ်ထွက်လာစေရန်
ကာကွယ်တားဆီးနိုင်ခြင်းတို့ဖြစ်သည်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့်
အစိုးရအဆင့်ဆင့် (ဖက်ဒရယ်၊ ပြည်နယ်၊ ဒေသန္တရ) သည် တိုင်းရင်းသား ပြည်သူလူထုနှင့်
ပိုမို နီးစပ် ထိတွေ့မှုများ ရှိသောကြောင့် လူထု၏ နိစ္စဓူဝ လိုအပ်ချက်များကို
အလွယ်တကူ ခံစား သိမြင်နိုင်ကြသည်။ ပြည်သူများကလည်း ဆန္ဒသဘောထားတို့ကို အချိန်နှင့်
တပြေးညီ လွယ်လင့်တကူ တင်ပြ ဆွေးနွေးနိုင်ကြသည်။
ဖက်ဒရယ်စနစ်ကို
ကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေး
စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများ၏ လိုအပ်ချက်များ၊ ဆန္ဒများနှင့်အညီ
(သို့မဟုတ်) ဒေသခံများ သဘောတူ လက်ခံနိုင်စေရန် လုပ်ဆောင်နိုင်သည့်အပြင် စီမံကိန်းများ၏
နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများ
မဖြစ်ပေါ်စေရန် ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အရေးများကို
ရရှိနိုင်ခြင်းပင်ဖြစ်သည်။
ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရ
(ဖက်ဒရယ်အစိုးရ)နှင့် ပြည်နယ်အစိုးရတို့ကို အာဏာတန်းတူ ခွဲဝေထားခြင်းကြောင့်
ပြည်နယ် အစိုးရများအား ဖက်ဒရယ်ပြည်ထောင်စု အစိုးရက ချုပ်ကိုင်ချယ်လှယ်နိုင်ခွင့်
မရှိပါ။ သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ ချမှတ်သော ဥပဒေများအား
ပြည်နယ်အစိုးရများက လိုက်နာ ဆောင်ရွက်ကြရသည်။
ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတွင်
မျှတသော အခွန်တော်မှာ လွန်စွာ အရေးကြီးပါသည်။ ပြည်နယ်များအလိုက် အခွန်
ကောက်ခံပြီးလျှင် ဖက်ဒရယ်အစိုးရထံ အချိုးကျ ခွဲပေးရသည်။ ပြည်နယ်တစ်ခုနှင့် တစ်ခု
မတူညီနိုင်ပါ။ နိုင်ငံတကာ ကုန်သွယ်ရေးအား ဖက်ဒရယ်အစိုးရ ကိုင်တွယ်သော်ငြားလည်း
ပြည်တွင်းကုန်သွယ်မှုကို ပြည်နယ်အစိုးရများ ဦးဆောင် တာဝန်ယူဆောင်ရွက်ကြသည်။
နယ်စပ်ကုန်သွယ်မှုများအတွက် ဖက်ဒရယ်မူဝါဒအတိုင်း ပြည်နယ်အစိုးရများ ဒေသအလိုက်
ပြုပြင် ကျင့်သုံးခွင့် ရှိသည်။ နိုင်ငံတကာ ဆက်ဆံရေးကို ဗဟိုအစိုးရ
(ဖက်ဒရယ်အစိုးရ) က ချုပ်ကိုင်သည်။
ဤသည်မှာ
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုင်ရာ ပညာရေးသမားများ၊ ဆရာဆရာမများနှင့်
ကျောင်းသူကျောင်းသားများ လေ့လာ သိထားသင့်သော နောက်ခံအချက်အလက်များ
အကျဉ်းချုပ်ဖြစ်သည်။
ဖက်ဒရယ်ပညာရေးစနစ်နိဒါန်း
ဖက်ဒရယ်ပြည်ထောင်စု
အုပ်ချုပ်ရေးစနစ်တွင် (ဗဟို) အစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်နှင့် ၀တ္တရားတို့ကို
ပိုင်းဖြတ်ပေး ထားပါသည်။ အထူးသဖြင့် ဖက်ဒရယ်အစိုးရသည်
အမျိုးသားပညာရေးမူဝါဒများနှင့် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံစေမည့် ပညာရေး
အစီအစဉ်များကို ချမှတ် ရေးဆွဲသည်။ ပညာရေးတန်းတူ ညီမျှခြင်း ကိစ္စရပ်များ၊
ကလေးတိုင်း ပညာ သင်ကြားခွင့် ရရှိရေး ကိစ္စများ၊ အရည်အသွေး မြင့်မားရေး
ကိစ္စများနှင့် အဆင့်မြင့်နှင့် နိုင်ငံတကာပညာရေး၊ ပညာရှင်အဆင့် သုတေသန
လုပ်ငန်းရပ်များကို တာဝန်ယူပါသည်။ ဖက်ဒရယ် ပညာရေးဝန်ကြီး ထားရှိပြီး
ပါလီမန်တွင်လည်း ပညာရေး အတွင်းဝန်များ ထားရှိသည်။ ပြည်နယ်အလိုက်
ပညာရေးဝန်ကြီးဌာနကို ထားရှိကြသည်။
ပညာရေး အသုံးစရိတ်အား ဖက်ဒရယ်အစိုးရ
(ဗဟိုအစိုးရ) ၏ ပြဌာန်းချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက
လွတ်လပ်စွာ တာဝန်ယူ ဆောင်ရွက်ရသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးတို့က တိုက်ရိုက်
ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ကိုယ်ပိုင်ကျောင်းများ၊ အမျိုးသားကျောင်းများတွင်မှာလည်း
ကိုယ်ပိုင် မူဝါဒများ ချမှတ် ကျင့်သုံးနိုင်ခွင့် ရှိသည်။ တစ်ပြည်နယ်လုံးရှိ ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ခန်းအတွင်းရှိနေပြီး
အရည်အသွေးမြင့် အခမဲ့ပညာရေး ရရှိစေရေးမှာ ပြည်နယ်အစိုးရများတွင် အဓိက တာဝန်ရှိသည်။
အနွမ်းပါးဆုံးမိသားစုမှ ကလေးငယ်များ အရည်အသွေးပြည့်မီသော အခြေခံပညာရေးကို
ဆုံးခန်းတိုင်အောင် တက်ရောက်ခွင့် ရရှိရေးမှာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင်းရှိ
ပြည်နယ်အစိုးရများ၏ ပင်မတာဝန်ဖြစ်သည်။ ပြည်နယ်အစိုးရ၏ အောင်မြင်မှုကို စစ်ဆေး
တိုင်းတာနိုင်သော စံသတ်မှတ်ချက်တစ်ခုဟုလည်း ဆိုကြသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်
ပြည်နယ်ပညာရေးဌာနက မိမိတို့ သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ ပြည်သူလူထု၏ ပညာရေးကို
မူကြိုအဆင့်မှသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို လုံးဝ တာဝန်ယူ
ဆောင်ရွက်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့် ရှိသဖြင့် သီးသန့်ကျောင်းများကိုလည်း
ဖွင့်လှစ်ခွင့် ပေးထားပါသည်။ သက်မွေးဝမ်းကျောင်း ပညာရေးကို ပြည်နယ်အစိုးရများက
တစ်စိတ်တစ်ဒေသ တာဝန်ယူပါသည်။
သက်မွေးဝမ်းကျောင်းပညာရေးနှင့်
အဆင့်မြင့်တက္ကသိုလ်ပညာရေးမှာ မည်သည့် အစိုးရလက်အောက်တွင်မှ မရှိပါ။ ဖက်ဒရယ်
အစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရများကဖြစ်စေ တက္ကသိုလ်ပညာရေးကို တိုက်ရိုက်
ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။ ဆရာအတတ်သင် ပညာရေးကို အစိုးရလက်အောက်ခံ မဟုတ်သော
ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရသော တက္ကသိုလ်များနှင့် ပြည်နယ်အစိုးရ ပညာရေးဌာနတို့က
ပူးပေါင်း ဆောင်ရွက်သည်။
တက္ကသိုလ်များက ဆရာအတတ်ပညာသင်ကြားရေး၊
ဘွဲ့ချီးမြှင့် ပေးအပ်ခြင်းကိစ္စများ ဆောင်ရွက်ပြီး ပြည်နယ် အစိုးရများက
အသိအမှတ်ပြု ဆရာအတတ်ပညာလိုင်စင်ကို ထုတ်ဝေးခြင်းဖြစ်သည်။ ပြည်နယ်အစိုးရများက
အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုက ပညာရေးဘွဲ့ ရရှိထားသူများ၏ ရိုးသားဖြောင့်မတ်မှု၊
ကလေးသူငယ်များနှင့် သင်ကြားရေးအလုပ် လုပ်ကိုင်နိုင်စွမ်း၊ သင်တော့်မှု ရှိ-မရှိ၊
အကျင့်စာရိတ္တနှင့် အခြား အချက်အလက်များကို စစ်ဆေးပြီးမှ သာလျှင်
“သင်ကြားရေးလိုင်စင်” ထုတ်ပေးသည်။ ပညာရေးတက္ကသိုလ်မှ ဘွဲ့ဒီဂရီနှင့် ပြည်နယ်အစိုးရ
အသိအမှတ်ပြု ဆရာအတတ်ပညာ လိုင်စင်ရရှိထားသူမှသာလျှင် စာသင်ခန်းအတွင်း ၀င်ရောက်ပြီး
ကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။ ဆရာအတတ်ပညာ လိုင်စင် မရရှိပါက
မဟာဘွဲ့များ၊ ပါရဂူဘွဲများ ရရှိထားသူများပင် ဖြစ်စေကာမူ ကျောင်း စာသင်ခန်းအတွင်း
ဝင်ရောက်၍ စာသင်ကြားခွင့် မရှိပါ။ ဤသည်မှာ ဥပဒေပြုပြဌာန်းထားသည့် ဖက်ဒရယ် ပညာရေး
ဆိုင်ရာ ဆရာအတတ်ပညာရေးကဏ္ဍ တစ်စိတ်တစ်ဒေသဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
သိန်းနိုင်
သံလွင်တိုင်းမ်
ဂျာနယ်၊ အောက်တိုဘာလ ၃ ရက်၊၂၀၁၄၊ မော်လမြိုင်မြို့။
Details
Category: ပညာရပ်စာတမ်းများ
Published on Monday, 24 November 2014 08:39
Written by သိန်းနိုင်
ပညာအဖွင့်
ပညာရေးကို အဓိပ္ပါယ် အမျိုးမျိုး
ဖွင့်ဆိုကြပါသည်။ ခေတ်စနစ်၏ လိုအပ်ချက်အရ၊ ရှင်သန်မှု လိုအပ်ချက်အရ
ဖွင့်ဆိုကြခြင်းဖြစ်ရာ ဒေသအလိုက်၊ ခေတ်အလိုက် ကွဲပြားနိုင်ပါသည်။ ဘုံစံနှုန်းများ
တူညီသည့်တိုင်အောင် ပညာရေး ဦးတည်ချက်မှာ ကွဲလွဲနိုင်ပါသည်။ ယေဘုယျ အဓိပ္ပါယ်
ဖွင့်ဆိုချက်များထဲတွင် “လူသားတို့၏ ဘ၀ လိုအပ်ချက်များနှင့်အညီ
လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေ ငြိမ်းချမ်းစွာ ရှင်သန် နေထိုင်နိုင်ရေး အတွက်
ကြံစည်၊ စိတ်ကူး တီထွင် လုပ်ဆောင်နိုင်သည့် စွမ်းရည်များ ရရှိအောင်
ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးခြင်း” ဟူ၍ ဖြစ်သည်။ မြန်မာ့ပညာရေးကို
ဆရာစဉ်ဆက် ဖွင့်ဆိုခဲ့သည့် အမြင်တစ်ခုလည်း ဖြစ်၏။ ဖက်ဒရယ်ပြည်ထောင်စု၏ ပညာရေး
မျှော်မှန်းချက်အနေဖြင့်လည်း ယေဘုယျ လက်ခံနိုင်စရာဟု ရှုမြင်ပါသည်။
သို့ရာတွင် မေးခွန်းများစွာ
ပေါ်ထွက်လာပါသည်။ တိုင်းရင်းသားတို့၏ ဘ၀လိုအပ်ချက်မှာ အဘယ်နည်း၊ သူတို့၏ ရှင်သန်မှုအတွက်
လိုအပ်သော စွမ်းရည်များကို မည်သို့ သတ်မှတ်ထားပါသနည်း၊ မည်သူတို့က ပြဌာန်း
သတ်မှတ်ထားသော အရာများနည်း။ မည်သည့်စနစ်နှင့် လိုက်လျောညီထွေ ငြိမ်းချမ်းအောင်
နေထိုင်ရပါမည်နည်း။ သေချာသည်မှာ ဖက်ဒရယ်ပြည်ထောင်စု လူမှုအဆောက်အအုံနှင့်
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လွမ်းမော မျှော်ရည်တမ်းတ နေကြရဆဲ
မြန်မာတိုင်းရင်းသားတို့ အဖို့ နှစ် ၅၀ မြန်မာ့ပညာရေးမှ ပြည့်ပြည့်၀၀၊
များများစားစား မရခဲ့ကြသေးခြင်းပင်။ ဤတွင် ပညာရေးစနစ်ထဲမှ သင်ရိုးညွှန်းတမ်းအပေါ်
မေးခွန်း ထုတ်စရာ ဖြစ်လာတော့သည်။
ဖက်ဒရယ် သင်ရိုးညွှန်းတမ်း
သင်ရိုးညွှန်းတမ်းဟူ၍ ဆိုသည်နှင့်
ဖတ်စာအုပ်များကိုသာ ပြေးမြင်ကြသည်မှာလည်း မြန်မာ့ပညာရေး၏ လွန်စွာ
ကျဉ်းမြောင်းလှသော ဆိုးမွေတစ်ခုပင်။ ယေဘုယျဆိုရလျှင် သင်ရိုးညွှန်းတမ်းသည်
ဘာသာရပ်များ၊ လက်တွေ့ လုပ်ဆောင်ချက်များနှင့် ကျောင်းသားများ၏ သင်ယူလေ့လာမှု
အတွေ့အကြုံများကို စီစဉ်ထားရှိမှုပင်ဖြစ်သည်။ တန်ဖိုးတစ်စုံတစ်ရာရှိသော်ငြားလည်း
ပြဌာန်းဖတ်စာအုပ်များကိုသာလျှင် ဆိုလိုခြင်း (လုံးဝ) မဟုတ်ပါ။ ထို့အတူ ဘာသာရပ်
အသိပညာများ၊ ပုံစံချ သင်ကြားမှုများထက်လည်း ပိုမို လေးနက် ကျယ်ဝန်းပါသည်။
ပိုမိုစိုးရိမ်ဖွယ်ရာမှာ သင်ရိုးညွှန်းတမ်းစံနှုန်းများ မရှိသေးခြင်းပင်ဖြစ်သည်။
အတန်းနှင့် အသက်အရွယ်လိုက် တက်မြောက်ရမည့် စွမ်းရည်များအတွက် စံနှုန်း
သတ်မှတ်ချက်များ လိုအပ်ပါသည်။ ဖက်ဒရယ်သင်ရိုး စံနှုန်းအပေါ်တွင် ထပ်ဆင့်၍
မတူကွဲပြားသော တိုင်းရင်းသား ကလေးများအတွက် ဒေသအလိုက် ဆက်လက်ပြီး သင်ရိုးညွှန်းတမ်း
စံနှုန်းများကိုလည်း ပြဌာန်းပိုင်ခွင့် ထားရှိခြင်းဖြင့် ဖက်ဒရယ် ပညာရေး
ရုပ်လုံးကြွ အသက်ဝင်လာပါမည်။
တိုင်းရင်းသားကလေးငယ်များ၏
မိသားစုအိမ်တွင်း၊ ရပ်ရွာအတွင်း၊ စာသင်ခန်းအတွင်း၊ ကျောင်းအတွင်း၊ ဓါတ်ခွဲ
စမ်းသပ်ခန်းအတွင်း၊ စာကြည့်တိုက်အတွင်း၊ တောတောင်များအတွင်း၊ ကစားကွင်း
အတွင်းနှင့် နိစ္စဒူဝ တွေ့ကြုံမှု အစုအဝေး တစ်ရပ်လုံးကို သင်ရိုးညွှန်းတမ်းဟူ၍ ၂၁
ရာစု ပညာရေးက အဓိပ္ပါယ်ဖွင့်ဆိုထားရှိသည်။ ဤအချက်ကို ဖက်ဒရယ် ပညာရေးစနစ်၏
သင်ရိုးညွှန်းတမ်း ကဏ္ဍတွင် မလွဲမသွေ ထည့်သွင်း စဉ်းစားရပါလိမ့်မည်။
ပညာရှင်အများစု၏ ယူဆချက်ကို
ထင်ဟပ်စေသည့် သင်ရိုးညွှန်းတမ်း ဖွင့်ဆိုချက်အရ တိုင်းရင်းသား ကျောင်း ဆရာတို့သည်
ရှေ့ဆောင်လမ်းပြသူဖြစ်သည် ဆိုပါက (ဤသည်မှာလည်း ရပ်ထဲရွာထဲ ပြောဆိုနေကျ မြန်မာစကား
တစ်ရပ်ပင်...) သင်ရိုးညွှန်းတမ်းသည် အသိတရား အဖုံဖုံကို ရည်ညွှန်းသည့်
လမ်းပြမီးရှုးတိုင်ပင်ဖြစ်သည်။ တိုင်းရင်းသားများကိုယ်တိုင် ဖန်တီး ထုဆစ်ထားသည့်
သင်ရိုးညွှန်းတမ်း မီးရှုးတိုင်တော့လည်း ဖြစ်သင့်သည် မဟုတ်ပါလား။
ဖက်ဒရယ်စနစ်အတွင်း
ကျောင်းသင်ရိုးညွှန်းတမ်းသည် တိုင်းရင်းသားတို့၏ ဦးတည်ရာ ပန်းတိုင်ကို တည့်မတ်စွာ
ထားရှိသင့်ပြီး ကလေးများကို ရည်ရွယ်ချက်မဲ့၊ ဦးတည်ရာမဲ့ ဘ၀များဖြင့် ရှင်သန်နေ
ကြရခြင်း အပါအ၀င် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုအတွက် ကံကြမ္မာနှင့်
သူတပါး ဖန်တီးသည့် အခွင့်အရေး အပေါ်တွင် လုံးလုံးလျားလျား အမှီသဟဲပြုနေရခြင်း၊
မကြာခဏ ဘုရားတ နေရခြင်း ဘေးဒုက္ခများမှ ကင်းဝေးစေရန် ကာကွယ်ထား ရှိလေသည်။
ဖက်ဒရယ်ပညာရေးအတွက်
စိန်ခေါ်မှုနှင့် နိုင်ငံရေး အ၀ိဇ္ဇာဘေး
ဖက်ဒရယ် ဒီမိုကရေစီစနစ်တွင်
အသိဥာဏ်ပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခုရှိနေပါသည်။ အထူးသဖြင့် ပညာရေး ဆိုင်ရာ
စိန်ခေါ်မှုဟု ဆိုကြသည်။ နိုင်ငံရေးတွင် သက်ရောက်မှုများစွာ ရှိသော စိန်ခေါ်မှုဟူ၍လည်း
ဆိုကြပါသည်။ ဒီမိုကရေစီ၏ ဆိုးပြစ်ဟူ၍ပင် တင်စား ထားကြသေးသည်။ သို့သော် ဖန်တီး၊
ဖြည့်ဆည်း ယူနိုင်ပါသည်။
ဖက်ဒရယ်မူအရ ဖက်ဒရယ်၊ ပြည်နယ်နှင့်
ဒေသန္တရ အဆင့်ဆင့်သော အုပ်ချုပ်သူအစိုးရများကို ပြည်သူလူထုက တိုက်ရိုက်
ရွေးချယ်တင်မြှောက်ခွင့် ရှိသည့်အတွက် ပြည်သူပြည်သားများ၊
ပြည်နယ်သူပြည်နယ်သားများနှင့် ကျေးလက်လူထုတို့၏ နိုင်ငံရေးအသိဉာဏ် ပြည့်ဝမှု
ရှိခြင်းမှာ စိန်ခေါ်ချက်ပင်ဖြစ်သည်။ သို့ဖြစ်လေရာ ရွေးကောက်ပွဲတွင်ဖြစ်စေ၊
အများနှင့် ဆိုင်ရာ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ဖြစ်စေ လူထု၏
အသိဥာဏ်ပညာ အားနည်းနေခြင်းက ချွတ်ချော်မှု၊ စံလွဲမှုနှင့် ဆုံးဖြတ်ချက်အမှားတို့ကို
ဖြစ်စေနိုင်ပါသည်။ လှည့်စားတတ်သူများ၏ ကစားကွက်ထဲသို့ တိမ်းစောင်း
ရောက်ရှိစေနိုင်လေသည်။ ဤသည်မှာ ပညာရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေး၏
တိုက်ရိုက် အချိုးကျမှုဟုလည်း ရှုမြင်နိုင်ပါသည်။
၁၉၅၀ ၀န်းကျင်က ထုတ်ဝေခဲ့သော
ကျောင်းအုပ်ကြီးမှသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးသန့်၏
“ပြည်ရေးပြည်ရာ သင်ကြားနည်း” စာအုပ်မှာ လွတ်လပ်စ မြန်မာ့ပညာရေးနှင့်
ကျောင်းသင်ရိုးညွှန်းတမ်းကို ခေတ်မီ စေခဲ့မည့်အပြင် ဒီမိုကရေစီနှင့်
ဖက်ဒရယ်ပညာရေးအတွက် နိဒါန်ပျိုး မိတ်ဆက်ပေးနိုင်သည်ဟု ဆိုရပါမည်။ စာအုပ်ထဲတွင်
ပြည်သူပြည်သားကောင်း တစ်ဦးအနေဖြင့် လေ့ကျင့် ပျိုးထောင်ပေးရမည့် အသိဥာဏ်များ၊
စွမ်းရည်များနှင့် အတွေးအမြင်များကို တင်ပြထားခဲ့သည်။ စာသင်ကျောင်းများတွင်
ဒီမိုကရေစီ နိုင်ငံရေးနှင့် ပြည်ရေးပြည်ရာတို့ကို အတိအလင်း ထည့်သွင်း
သင်ကြားသင့်ကြောင်း ဦးသန့်က တင်ပြထားခဲ့သည်။ သို့မှသာလျှင် အရွယ်ရောက်ချိန်၊
ဆန္ဒမဲ ပေးချိန်တို့တွင် နိုင်ငံရေး အသိတရား ရှိရှိ
ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ မိမိနိုင်ငံနှင့် မိမိ ပြည်နယ်၊ မိမိ
ရပ်ကျေးတို့ကို အုပ်ချုပ်မည့်သူများ ရွေးချယ်ရာတွင်ဖြစ်စေ၊ ဥပဒေပြု
ပြဌာန်းရာတွင်ဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ အကျင့်အကြံနှင့် စံနှုန်းတို့ကို
ပြည်နယ်အတွင်းရှိ ပြည်သူတို့က ထိန်းသိမ်းထားနိုင်မည်။ ဤသင်ရိုးညွှန်းတမ်းမှာ ၁၉၆၂
ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေးရှုခင်းမှ လုံးဝ
ကွယ်ပျောက်ခဲ့ရလေသည်။
ဖက်ဒရယ်ဒီမိုကရေစီအတွက်
မရှိမဖြစ်လိုအပ်သည့် ပြည်သူ့နီတီနှင့် နိုင်ငံသားပညာရေးဘာသာ သင်ရိုးညွှန်းတမ်းကို
ပြန်လည် အသက်သွင်းရန် တိုက်တွန်းလိုပါသည်။ နိုင်ငံရေးနှင့်လူမှုရေးအရ ဆုံးဖြတ်ချက်
ချမှတ်နိုင်စွမ်းရှိသူများအနေဖြင့် ပျိုးထောင်ပေးမည့် ဘာသာရပ်ဖြစ်လေရာ လူနည်းစု
တိုင်းရင်းသားကလေးငယ်များအတွက် ပိုမို အရေးကြီးလှသည်။
ပညာရေး သုတေသီတစ်ဦးဖြစ်သူ
ဒေါက်တာသိန်းလွင်က သူ၏ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ပညာရေး စာတမ်းထဲတွင်
ဒီမိုကရေစီပညာရေး၏ သင်ရိုးညွန်းတမ်း စံနှုန်းသတ်မှတ်ချက်မှာ အရေးကြီးကြောင်း
တင်ပြထားသည်။ သင်ရိုးညွှန်းတမ်း စံကို သတ်မှတ်သည့် နေရာတွင် ပြည်ထောင်စုအစိုးရ
(သို့မဟုတ်) နိုင်ငံအစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်ရှိသူများက တနိုင်ငံလုံး
လိုက်နာသင့်သော အနိမ့်ဆုံးစံ သတ်မှတ်ခြင်းဖြင့် စတင်ခြင်းဖြစ်သည်။
အနိမ့်ဆုံးစံဆိုသည်မှာလည်း ပြည်နယ်အားလုံးနှင့် ကိုက်ညီနိုင်မည့်၊ လိုက်လျောညီထွေ
ရှိနိုင်မည့်၊ နိုင်ငံတကာ စံနှုန်းများနှင့် လူသားဆိုင်ရာ တန်ဖိုး သတ်မှတ်ချက်များပင်ဖြစ်သည်။
တိုင်းရင်းသား ပြည်နယ်များအလိုက် တာဝန်ရှိသူများနှင့် တိုင်းရင်းသား ပညာရှင်များက
ဤအနိမ့်ဆုံးစံ သတ်မှတ်ချက်များကို အခြေခံပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် ဘာသာစကား၊
ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးစံ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရှုခင်းနှင့် ရှင်သန်မှု လိုအပ်ချက်များနှင့်
ကိုက်ညီမည့် တိုင်းရင်းသား ပြည်နယ်သင်ရိုးညွှန်းတမ်း စံနှုန်းဘောင်ကို ထပ်ဆင့်
တည်ဆောက်နိုင်ခွင့် ရှိသင့်ပါသည်။ ဤသည်မှာ ဖက်ဒရယ်ပညာရေး၏ သင်ရိုးညွှန်းတမ်း
အခွင့်အာဏာကို မျှဝေခြင်းဟူ၍လည်း ရှုမြင်နိုင်သည်။
လူမျိုးအပေါ် အခြေခံ မခံဘဲ
တည်ဆောက်ထားသည့် ဖက်ဒရယ်စနစ်များဖြစ်သည့် သြစတြေးလျား၊ အမေရိကန်၊
ကနေဒါတို့တွင်လည်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်ကို
ပြဌာန်းထားရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး
ဒီမိုကရေစီဟု ခေါ်ဝေါ်သည့် အိန္ဒိယနိုင်ငံ၏ ပညာရေး စနစ်တွင်လည်း ဗဟိုအစိုးရ၏
ပညာရေးအခွင့်အာဏာနှင့် ပြည်နယ်အစိုးရတို့၏ အခွင့်အာဏာကို သင်ရိုးညွှန်းတမ်း ဖန်တီး
တည်ဆောက်ပိုင်ခွင့်နှင့် ပညာရေး လွတ်လပ်ခွင့်အပေါ်တွင် အခြေခံထားပါသည်။
သင်ရိုးညွှန်းတမ်းမှာ အနာဂတ်လမ်းကြောင်းကို ဖေါ်ဆောင်ရန် တာဝန်ယူထားခြင်းပင်
မဟုတ်ပါလား။ တိုင်းရင်းသား ပါရာဒိုင်အရွေ့များ (paradigm shifts) - စနစ်များ၏
အခြေခံကျကျ ပြောင်းလဲခြင်း - အတွက် ကျောင်းသင်ရိုးညွှန်းတမ်းမှာ အခရာ ကျပါသည်။
ဖက်ဒရယ် သင်ရိုးညွှန်းတမ်းစံနှုန်းကို တည်ဆောက်ရန်အတွက် အကြံပြုလိုပါသည်။
နိုင်ငံရေး အ၀ိဇ္ဇာဘေးဒုက္ခ၊ ဘ၀၏
ဆင်းရဲမှုဒုက္ခနှင့် လူမှုအနိဌာရုံ ဒုက္ခအစုစုတို့က ကင်းလွတ်စေလျက်
ဖွံဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခတရားကို
ဆောင်ကျဉ်းပေးနိုင်စေရန် ဖက်ဒရယ်ပညာရေး စံသတ်မှတ်ချက်နှင့် သင်ရိုးညွှန်းတမ်း
အခွင့်အာဏာ ခွဲဝေမှုကို မြန်မာတိုင်းရင်းသား ပညာရေးစာမျက်နှာများက အပူတပြင်း
တောင်းဆိုလျက်ရှိ နေလေသည်။ ဤပညာရေး စာမျက်နှာများ မပါရှိပါက ဖက်ဒရယ်စာချုပ်များ၊
ဥပဒေများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ တိုင်းရင်းသား ကလေးငယ်တို့၏
အနာဂတ်ဘ၀များကို လျစ်လျူရှုရာ ရောက်နေပါလိမ့်မည်။
ကိုယ့်သင်ရိုးညွှန်းတမ်း
ကိုယ်ဖန်တီးခွင့်
မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ပညာရေးဥပဒေတို့တွင်
မသင်မနေရ ပညာရေးကဏ္ဍကိုတော့ ထည့်သွင်း ထားခဲ့ကြပါသည်။ ၁၉၄၇ မှသည် ၁၉၇၄နှင့် ၂၀၀၈၊
ထို့နောက် အငြင်းပွားဖွယ်ရာ ၂၀၁၄ အမျိုးသား ပညာရေး ဥပဒေအထိ။ ၁၉၇၃ ခုနှစ်
ပြည်ထောင်စုမြန်မာနိုင်ငံ၊ အခြေခံပညာရေးဥပဒေအတိုင်း နှစ်ပေါင်း ၄၁ နှစ်အထိ
ပညာရေးစနစ်နှင့် အခြေခံမူများကို မပြု၊ မပြင်၊ မပြောင်းမလဲဘဲ ကျင့်သုံးခံသည်ဟု
ဆိုရမည်ဖြစ်သည်။ နိုင်ငံရေး စနစ်မှာလည်း အလားတူ အပြောင်းအလဲ မရှိခဲ့ကြောင်း
ထင်ရှားပါသည်။ သင်ရိုးညွှန်းတမ်းများမှာ အဖိုး လက်ထက်ကတည်း
ဖတ်စာအုပ်များအတိုင်းပင်။ များစွာ မပြောင်းလဲခဲ့ပါ။
၂၀၁၂ ခုနှစ် ပြုပြင် ပြောင်းလဲရေး
နိဒါန်းကာလ မတိုင်မီအထိ တင်းကျပ်လွန်းလှသည့် ဗဟိုဦးစီးချုပ်ကိုင်မှု
ပညာရေးစနစ်တွင် လွန်စွာ တင်းကျပ်လွန်းလှသည်။ တိုင်းရင်းသားများနှင့်
ပြည်နယ်အသီးသီး၏ ပညာရေး လုပ်ပိုင်ခွင့်များ လုံးဝ ဥဿုံ ပျောက်ဆုံးနေခဲ့သည်။
တိုင်းရင်းသားတို့၏ ရိုးရာဓလေ့နှင့် ဘာသာစာပေ၊ ယဉ်ကျေးမှုတို့ကို အာဏာရ အစိုးရများက
ခွင့်မပြုခဲ့သည့်အပြင် တိုင်းရင်းသားတို့၏ ကိုယ်ထူကိုယ်ထ ကြိုးပမ်း
လုပ်ဆောင်မှုများမှာလည်း အနှောက်အယှက်မျိုးစုံဖြင့် ရင်ဆိုင်ခဲ့ကြရကြောင်း
သတင်းမှတ်တမ်းများက ဆိုပါသည်။ မွန်စာပေသင်ကြားမှုများမှာ ပုံစံမျိုးစုံဖြင့်
ဖိနှိပ်ချုပ်ချယ်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများအထိ
ဆယ်စုနှစ်များစွာ ခံစားခဲ့ကြရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ
ပြည်နယ်အစိုးရများတွင် ပညာရေးတာဝန်အချို့ကို လုပ်ဆောင်ခွင့် ပြုခဲ့သော်ငြားလည်း
ပြည်ထောင်စုအစိုးရ၏ တင်းကျပ်လွန်း လှသော ချုပ်ကိုင်မှုအောက်တွင် ထားရှိဆဲဖြစ်သည်။
ပြည်နယ်အဆင့် ပညာရေးဝန်ကြီးဌာနများကို သတ်သတ်မှတ်မှတ် မထားရှိသေးပါ။
ဝန်ကြီးဌာနအဆင့် ထားရှိရန် ပြည်နယ်များစွာတွင် လိုအပ်နေဆဲ။ ပြည်နယ်အဆင့်
ပညာရေးဝန်ကြီးဌာနများမှာ ယခုထက် ပိုမို လွတ်လပ်သော ပညာရေးစီမံခန့်ပိုင်ခွင့်နှင့်
သင်ရိုးညွှန်းတမ်း သြဇာ လိုအပ်ပါသည်။ ဖက်ဒရယ်ပညာရေးစနစ် သရုပ်သကန် ပေါ်လွင်လာစေရန်
တိုင်းရင်းသား ပြည်နယ်များအနေဖြင့် ပိုမို အားထုတ်ရပါဦးမည်။
အမျိုးသားပညာရေးဥပဒေ၏ အခန်း (၂)
အပိုဒ် ၃ တွင် အခြေခံပညာရေး ရည်မှန်းချက်များကို ဖေါ်ပြ ထားရှိသော်ငြားလည်း
ယင်းရည်မှန်းချက်များကို ပြည်နယ် အစိုးရများ အနေနှင့် အဓိက တာဝန်ယူ အကောင်အထည်ဖေါ်
ဆောင်ခွင့်ထက် ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ကြီးကြပ် ကွပ်ကွဲမှုအောက်တွင်သာ
လုပ်ဆောင်မည် ဟူ၍ ဆိုလိုရင်း ရှိပုံရသည်။ ထို့အတူ အခန်း (၃) အခြေခံပညာရေးဆိုင်ရာ
မူများ ကဏ္ဍတွင်လည်း တိုင်းရင်းသား ပြည်နယ်များအနေဖြင့် ပညာရေးဆိုင်ရာ
လုပ်ငန်းတာဝန်များကို လမ်းညွှန်ထားရှိခြင်း မတွေ့ရပါ။
သို့ဖြစ်လေရာ မြန်မာတိုင်းရင်းသား
မျိုးနွယ်စုများ ပညာရေးကွန်ယက် MINE က အမျိုးသားပညာရေး ဥပဒေကြမ်းထဲတွင်
တိုင်းရင်းသားတို့ လိုချင်သော ပညာရေးစနစ်မျိုး မဟုတ်သေးကြောင်းနှင့်
မိခင်ဘာသာစကားများ သင်ကြားခွင့်မှာလည်း စံလွဲနေကြောင်းကို ထောက်ပြထားခြင်းဖြစ်သည်။
ပညာရေးဥပဒေ ပြုစုရေးဆွဲမည့်သူများသည် မတူကွဲပြားသော တိုင်းရင်းသားများ အကြောင်းကို
အကျေအလည် လေ့လာထားရှိသင့်ကြောင်းနှင့် တိုင်းရင်းသားတို့ကိုယ်တိုင် မိမိတို့
ပညာရေး စနစ်ကို လွတ်လပ်စွာ ဖန်တီးတည်ဆောက်ခွင့် လိုအပ်နေကြောင်း
ထပ်ဆင့်တင်ပြထားလေသည်။
တိုင်းရင်းသား
ပညာရေးနှီးနှောဖလှယ်တစ်ခုတွင် ကချင်သမိုင်းဆရာတစ်ဦးက သူငယ်တန်းမှ ဒသမတန်းအထိ
ပြည်တွင်းဖတ်စာအုပ်များတွင် ကချင်နှင့် ပတ်သက်ပြီး စကားလုံး ၂၆ လုံးမျှသာ
ပါရှိကြောင်း လေ့လာတင်ပြခဲ့ဖူးသည်။ ဤဖတ်စာအုပ်များကို ကချင်ပြည်နယ်တစ်ခုလုံးတွင်
ပုံစံတစ်မျိုးတည်းနှင့် အသုံးပြုကြရသည်။ မျိုးနွယ်စုတို့ ရှင်သန်ရန်အတွက် များစွာ
စိုးရိမ်ဖွယ်ရာပင်ဖြစ်၏။
မိခင်ဘာသာစကားအပြင်
သင်ရိုးမဏ္ဍိုင်ဘာသာစကား၊ သင်ရိုးညွှန်းတမ်း၏ ကျယ်ပြန့်၊ မျှတမှု၊ ဒေသန္တရနှင့်
ကိုက်ညီမှု၊ ခေတ်မီသစ်လွင်မှုတို့အတွက် ပညာရေး သုတေသနများနှင့်
သင်ရိုးညွှန်းတမ်းစစ်တမ်းများ လိုအပ်ပါလိမ့်မည်။ အထူးသဖြင့် မြန်မာတနိုင်ငံလုံးရှိ
ကျောင်းသူကျောင်းသား ၈ ဒသမ ၇ သန်းထဲတွင် မိခင်ဘာသာစကား ဗမာစကား မဟုတ်သော ကလေးငယ် ၃
ပုံ ၂ ပုံခန့် အတွက် နစ်နာမှု မရှိစေရန် ပညာရေးဥပဒေက တာဝန်ယူရပါလိမ့်မည်။ (ဘာသာစကားများနှင့်
ပတ်သက်ပြီး သီးသန့်ဆွေးနွေးပါဦးမည်။)
ဖက်ဒရယ် အနာဂတ်လူ့ဘောင်ကို ဖန်တီးမည့်
တိုင်းရင်းသား ကလေးငယ်တို့၏ သင်ရိုးညွှန်းတမ်းတွင် အဘယ်အရာတို့ကို
ထင်ရှားစေသင့်ပါသနည်း။ အ သုံးလုံးကို ကျော်လွန်ပြီးလျှင် ၂၁ ရာစု ပညာခေတ်၏
တိုးပွားလာနေသော အ အလုံးကလေး ၃၀ ကို ကျောင်းပညာရေးမှ ဖြည့်ဆည်းပေးရတော့မည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အမျိုးသားအမှတ်အသား လက္ခဏာ၊ ဘာသာစကား၊ ရိုးရာ
ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ကလေးငယ်၏ ကိုယ်ကာယ ဖွံ့ဖြိုးမှု၊ စိတ်နှလုံးသား
သိမ်မွေ့မှု၊ ခံစားမှု လန်းဆန်းစေခြင်း၊ ကိုယ့်ကျင့်စာရိတ္တ၊ အခွင့်အရေး၊ အသိပညာ၊
မီဒီယာ၊ လူမှုဆက်ဆံရေး၊ ကျင့်ဝတ်နီတိနှင့် ပုဂ္ဂလ
သက်မွေးဝမ်းကျောင်းဆိုင်ရာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်နိုင်ရန်မှာ
တိုင်းရင်းသား ပြည်နယ်အဆင့် ကျောင်းသင်ရိုးညွှန်းတမ်းကို လွတ်လွတ်လပ်လပ်
တည်ဆောက်နိုင်ခွင့် ရှိရပါမည်။ တင်းကျပ်လွန်းသော ဗဟိုချုပ်ကိုင်မှု မရှိဘဲ
ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်လည်း လိုအပ်သည်။
ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သည့်
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် တိုက်ရိုက်ပတ်သက်နေသော ဖက်ဒရယ် ပညာရေးမူဝါဒမှာ
ကိုယ့်သင်ရိုးညွှန်းတမ်းကို ကိုယ်ကိုယ်တိုင် ဖန်တီး ရေးဆွဲခြင်းပင်ဖြစ်ပါကြောင်း။
သိန်းနိုင်
သံလွင်တိုင်းမ်ဂျာနယ် (နိုဝင်ဘာ
၂၀၁၄)၊ မော်လမြိုင်မြို့။
(ဆက်လက်ဖေါ်ပြပါမည်။)
Details
Category: ပညာရပ်စာတမ်းများ
Published on Friday, 02 January 2015 23:32
Written by သိန်းနိုင်
သနားစရာ ပညာရေး
အငြင်းအခုံများ
နိုင်ငံတစ်နိုင်ငံတွင်
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခရာ ကျသကဲ့သို့ ကျောင်းပညာရေးတွင်
သင်ရိုးညွှန်းတမ်းမှာ အခရာကျပါသည်။ သင်ရိုးညွှန်းတမ်းအရသာလျှင် ပညာရေး၏ အရေအတွက်နှင့်
အရည်အသွေး တိုးတက်နိုင်မည်။ သင်ရိုးညွှန်းတမ်းအရသာလျှင် ပညာရေးမှတဆင့် လိုလားအပ်သော
လူ့အဖွဲ့အစည်း အပြောင်းအလဲကို ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်လေရာ သင်ရိုးညွှန်းတမ်းမှာ
အပြောကျယ်ပြန့်လှသော သဘောသဘာဝ ရှိပါသည်။ အလေးအနက်ထားကြရမည့် အရေးကြီး ပညာရေးကိစ္စ
တစ်ရပ်ဖြစ်ရုံမျှ သာမကဘဲ နိုင်ငံရေးအရလည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်
ဆက်နွယ်နေလေသည်။ ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းအပေါ် ပညာရှင်တို့ အကြား
အမြင်မတူ၊ ကွဲပြား ခြားနားမှုများစွာ ရှိရခြင်းမှာ နောက်ခံ နိုင်ငံရေးအယူအဆ၊
အတိမ်းအညွတ်၊ လားရာအမြင်နှင့် ပုံဖေါ် ဖန်တီးလိုသည့် လူ့အဖွဲ့အစည်း
တည်ဆောက်မှုတို့နှင့်လည်း ဆက်နွယ်နေခြင်းကြောင့်ပင်။ ဒီမိုကရစ်တစ်
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများတွင် ကျောင်းသင်ရိုးညွှန်းတမ်း စံနှုန်းများနှင့်
မူဘောင်ကို ၄ နှစ် တစ်ကြိမ် ပြင်ဆင် ပြောင်းလဲ ရေးဆွဲကြပါသည်။
အဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုကြသော်ငြားလည်း ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းကို ပြီးပြည့်စုံသော
အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် မဟုတ်ပါချေ။ မြန်မာ့ပညာရေးသမားများ၊
ကျောင်းဆရာဆရာမများ၊ နိုင်ငံရေးသမားများအပါအ၀င် ကျောင်းသားမိဘများတွင်လည်း
မိမိတို့ ကိုယ်ပိုင်အမြင်များဖြင့် ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းကို
အဓိပ္ပါယ် ဖွင့်ဆိုနေကြလေသည်။ နေပြည်တော်မှဖြစ်စေ၊ တိုင်းရင်းသား
ပညာရေးဌာနများအနေဖြင့်ဖြစ်စေ၊ ကျောင်းသား သမဂ္ဂများမှဖြစ်စေ “ပညာရေး” ဟူသော
အဓိပ္ပါယ်ကို ဖွင့်ဆိုချက်များမှာ မတူညီကြောင်း တွေ့ရှိရသည်။ ထပ်တူကျသော အမြင်ဟူ၍
မရှိနိုင်ပါ။
ပညာရှင် ဆော်လ်တစ် (၁၉၇၈) ခုနှစ်၏
ဥပမာကို ကိုးကားပြီး အခြားပညာရှင်တစ်ဦးဖြစ်သူ ပို့တယ်လီမှ ဤသို့
မှတ်ချက်ချခဲ့သည်။ “သင်ရိုးညွှန်းတမ်း၏ အဓိပ္ပါယ် ဖွင့်ဆိုမှုကို ရှာပုံတော်
ဖွင့်နေသူများမှ သနားစရာပင် ဖြစ်တော့သည်။ သားရဲတိရိစ္ဆာန်တို့ကို ဘေးမဲ့လွှတ်ထားသော
ဆာဖရီတောနက်ထဲတွင် သေနတ်ငယ်လေး တစ်လက်နှင့် အမဲလိုက် မုဆိုးသဖွယ်နှင့်ပင်
တူနေတော့သည်။” ဤပြက်ရယ်ပြုချက်အပေါ်တွင် အလေးအနက် ထားသင့်ပါသည်။ သို့ရာတွင်
ဖက်ဒရယ်မြန်မာ့ပညာရေးတွင် နိုင်ငံတကာစံနှုန်းမီ သင်ရိုးညွှန်းတမ်း
အဓိပ္ပါယ်ကိုတော့ဖြင့် ဖက်ဒရယ်ပညာရေးမူ အရဖြစ်စေ၊ သက်ဆိုင်ရာ ပြည်နယ်အလိုက်ဖြစ်စေ၊
ရှင်းလင်းရပါမည်။
ကျောင်းသားသမဂ္ဂများ၏
ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသော နေပြည်တော်၏ ၂၀၁၄ အမျိုးသား ပညာရေးဥပဒေ၊ အခန်း
(၁) အပိုဒ် (လ) တွင် သင်ရိုးညွှန်းတမ်းကို ဤသို့ဖွင့်ဆို ရှင်းလင်းထားရှိသည်။ “…
(လ) သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပညာရေး ရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍
သင်ယူမှု ရလဒ်များ၊ သင်ရိုးဝင် အကြောင်းအရာများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့်
တတ်မြောက်မှု စစ်ဆေးခြင်းတို့ အပါအ၀င် ကျောင်းတွင်းနှင့် ကျောင်းပြင်တို့၌
လေ့လာသင်ယူရမည့် ပညာရပ်နယ်ပယ်အလိုက် စနစ်တကျ ရေးဆွဲ သတ်မှတ်ထားသော အစီအစဉ်များကို
ဆိုသည်။” ယေဘုယျကျသော ဤအဓိပ္ပါယ် ဖွင့်ဆိုချက်ထဲတွင်လည်း ဖက်ဒရယ် ပညာရေးဆိုင်ရာ
မေးခွန်းများ ပါရှိနေပါသည်။ အထူးသဖြင့် “ပညာရေးရည်မှန်းချက်များ အောင်မြင်စေရန်
ရည်ရွယ်၍” ဟု ဆိုထားရာ ဤသင်ရိုးညွှန်းတမ်းများက တိုင်းရင်းသားတို့၏ ပညာရေး
ရည်မှန်းချက်များ အပေါ်တွင် ရာခိုင်နှုန်းမည်မျှ ပေါက်ရောက်
အောင်မြင်စေနိုင်ပါသနည်း။ ပညာရေး ရည်မှန်းချက်များမှာ နိုင်ငံရေးစနစ်အတွက်
မောင်းနှင်အားဖြစ်ခြင်းနှင့် အနာဂတ်လားရာအတွက် ကိရိယာလည်းဖြစ်သည့်
အချက်များကိုတော့လည်း တိုင်းရင်းသားတို့က ထည့်သွင်း စဉ်းစားရပါလိမ့်မည်။
အထောက်အကူပြု “ငြမ်း” သဖွယ်
သင်ရိုးညွှန်းတမ်း
သင်ရိုးညွှန်းတမ်းများမှာ
သင်ကြားရေးနှင့် သင်ယူရေးတို့ကို ထောက်ကူပေးထားသော ကိရိယာဟု တင်စား ခေါ်ဝေါ်ကြပါသည်။
ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းထဲတွင် အင်္ဂါစဉ် ၄ ပိုင်းပါရှိပါသည်။ (၁) သင်ယူရမည့်
အကြောင်းအရာ၊ (၂) သင်ယူခြင်း-သင်ကြားခြင်းနည်းနာ၊ (၃) ပညာရပ်အလိုက် အတိမ်-အနက်၊
အကျယ်အပြန့်၊ အစီအစဉ်၊ (၄) တတ်မြောက်မှုကို စစ်ဆေးခြင်းတို့ဖြစ်သည်။ ဤ ၎
ပိုင်းမှာလည်း တစ်ခုနှင့် တစ်ခု ထပ်နေပြီး ဆက်နွှယ်မှုများစွာ ရှိ၏။ ဆရာများအတွက် လမ်းညွှန်ပေးခြင်းနှင့်
အောက်ပါမေးခွန်းတို့ကိုလည်း ဖြေဆိုပေးထားသည်။
-
ဘာကို သင်ယူရမှာလဲ (၁ - အကြောင်းအရာ)
-
ဘယ်လို သင်ပေးရမလဲ (၂ - နည်းနာ)
-
ဘယ်လောက် နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် သင်ပေးရမလဲ (၃ - အတိမ်-အနက်)
-
ကျောင်းသားတွေ တကယ်ပဲ နားလည်တတ်မြောက်တယ်ဆိုတာ ဘယ်လို သက်သေပြနိုင်မလဲ (၄-
စစ်ဆေးခြင်း)
ဖက်ဒရယ်ပြည်ထောင်စု၏ သင်ရိုးညွှန်းတမ်း
စံနှုန်းများ၊ အညွှန်းဘောင်က အထက်ပါ မေးခွန်းများကို ဆရာဆရာမမျာ၊ မိဘများ၊
ကျောင်းသားများနှင့် ပြည်သူလူထုအတွက် ဖြေဆိုပြထားခြင်းပင်။ ပါးလွှာလှသော သင်ရိုးညွှန်းတမ်း
စံနှုန်းများ အညွှန်းဘောင်မှာ ဖက်ဒရယ်ပညာရေး၏ ထောက်တိုင်အနေဖြင့်
တည်ရှိနေနိုင်ပါသည်။ ဖက်ဒရယ် သင်ရိုးညွှန်းတမ်း မူဝါဒကို တနိုင်လုံးရှိ လူတန်းစား
အလွှာအသီးအသီက အကျေအလည် လေ့လာ ဆွေးနွေးပြီး ပါလီမန်တွင် အတည်ပြုပြီးသည့်နောက်ဝယ်
ပြည်နယ်များအလိုက် လွတ်လပ်စွာဖြင့် ဖတ်စာအုပ်များ၊ သင်ကြားရေး အစီအစဉ်များကို
ထပ်ဆင့် ရေးဆွဲနိုင်ကြသည်။ ကျွမ်းကျင်သူ တိုင်းရင်းသားပညာရှင်များက
ဖက်ဒရယ်ပညာရေးမူအပေါ် အခြေခံလျက် သင်ရိုးဝင် ဖတ်စာအုပ်များကို သက်ဆိုင်ရာ ဒေသ၊
ပြည်နယ်အလိုက် ရေးဆွဲခွင့် အပြည့်အ၀ရှိသည်။ ဖက်ဒရယ်မူနှင့် မဆန့်ကျင်လျှင်
လုံလောက်ပြီ။ သူတို့တွင် ဒေသနှင့် ပြည်နယ်များ ဗဟုသုတ၊ ပညာရေးလိုအပ်ချက်နှင့်
ပညာရပ်ဝမ်းစာ ပြည့်ဝထားသူများ မဟုတ်ပါလား။
ဤသည်မှာလည်း academic freedom ဟု
ခေါ်ဆိုသည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပညာရှင်လွတ်လပ်ခွင့်နှင့်
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသား ပြည်နယ်များ၏ ပညာရေးအာဏာဟု
ခေါ်ဆိုနိုင်ပါသည်။ ကျောင်း ဆရာများက နှစ်သက်ရာ ဖတ်အုပ်များကို ရွေးချယ်
အသုံးပြုခွင့်ရှိနေပြီ။ ပညာရေးဈေးကွက်အရ ပိုမိုလွတ်လပ်၊ တိုးတက်သော သင်ရိုးဝင်
ဖတ်စာအုပ်များ၊ ကလေးများအတွက် ဆွဲဆောင်မှု ရှိသော ဖတ်စာအုပ်များ၊ မင်ရောင်
စိုပြေသော၊ ခေတ်မီ သစ်လွင်သော ဖတ်စာအုပ်များကို ဤပြည်နယ်တို့က ပိုင်ဆိုင်ကြမည်။
ကြီးပြင်းလာနေကြဆဲ ပြည်နယ်သားငယ်၊ ပြည်နယ်သမီးငယ်တို့ စိတ်ဝင်စားမှုအပြည့်၊
ခံစားချက် အပြည့်၊ ပြည်နယ်ကလေး ဗဟိုပြုနည်းနာများ၊ တိုင်းရင်းသားဗဟိုပြု
အကြောင်းအရာများကို ကမ္ဘာကြီးနှင့် ရင်ဘောင်တန်း လေ့လာ လိုက်စားနိုင်ကြပါလိမ့်မည်။
အဲဒါကို ဘာဖြစ်လို့ သင်ရမှာလဲ - ဆရာမ။
ဒီထက်ပိုကောင်းတာ မရှိတော့ဘူးလား။
အထက်ပါ ပညာရေးတစ္ဆေ မေးခွန်းကို ကလေးငယ်များထံမှ မကြာမကြာ ကြားနေရပါသည်။ လွန်စွာ
တရားဝင်လှသော မေးခွန်းပင်။ သူတို့ကိုယ်ပိုင် လေ့လာလိုသော အရာများလည်း ရှိနေသေးသည်
မဟုတ်ပါလား။ စာသင်ခန်းအတွင်းတွင်သာ မဟုတ်ဘဲ ကျောင်းဝင်း၊ လမ်း၊ အိမ်၊ ရွာနှင့်
ကစားကွင်းတို့တွင်လည်း တရစပ်ပင် သင်ယူ လေ့လာနေကြလျက်။ သြစတြေးလျားနိုင်ငံမှ
သင်ရိုးညွှန်းတမ်း အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ Garth Boomer က
ဤသို့မိန့်ဆိုပါသည်။ “စာသင်ကျောင်းများက ဤအချက်ကို အလေးအနက်ထား သင့်ပါတယ်၊
ကလေးတွေရဲ့ ကိုယ်တိုင်သင်ယူလိုတဲ့ အကြောင်းအရာများနဲ့ စာသင်ခန်းတွင်း
အစီအစဉ်တွေကို ညှိနှိုင်း ရေးဆွဲပေးရမယ်။” မြန်မာတိုင်းရင်းသား ကလေးငယ်များ
ကိုယ်ပိုင် သင်ယူလိုသော အကြောင်းအရာများကို ထည့်သွင်းစဉ်းစား ရပါလိမ့်မည်။ စာသင်ကျောင်းက
ပြင်ဆင်ထားပေးသော သင်ခန်းစာများအပေါ် ဘာဖြစ်လို့ သင်ရမှာလဲ ဆိုသည့် မေးခွန်းမှာ
ခမ်းနားထည်ဝါလွန်းသော တရားဝင်မေးခွန်း ဟူ၍လည်း ဆရာတို့က ရှုမြင်ပေးရပါမည်။
သို့ရာတွင် အထက်တန်း အထက်ဆင့်အထိ မရောက်သေးမီ ကာလတွင်မူ ကျောင်းသားငယ်များ အတွက်
ရွေးချယ်စရာ များများစားစား မရှိသေးပါ။ ပြဌာန်းထားသော ဖတ်စာအုပ်များ၊
ဘာသာရပ်များအတွင်းရှိ အကြောင်းအရာများကို စိတ်ပါဝင်စားသည်ဖြစ်စေ၊
မ၀င်စားသည်ဖြစ်စေ၊ ကလေးတို့ လိုအပ်ချက်နှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ
သင်ယူနေကြရသည်။ ဖတ်စာအုပ်ပါ အကြောင်းအရာတို့မှာ ကလေးငယ်၏ အနီးစပ်ဆုံး ပတ်ဝန်းကျင်ကမ္ဘာငယ်နှင့်
မည်မျှ အလှမ်းဝေးနေပါသနည်း။ ဆရာမရော ခံစားလို့ ရပါရဲ့လား။
အချက်အလက်များသာ ပြွတ်သိပ်ပါဝင်နေသော
ဖတ်စာအုပ်များထဲတွင် ဆရာနှင့် ကလေးငယ်၏ တီထွင် ဖန်တီးမှုများ နစ်မြုပ်၊ ပျောက်ဆုံး
သွားလေတော့သည်။ တွေးခေါ် ကြံဆမှုများ၊ သစ်လွင်သော စိတ်ကူးစိတ်သန်းများ၊
ရင်တွင်းဆန္ဒများ၊ ဗီဇစွမ်းရည်များ၊ ရိုးရာဓလေ့များ ဝေးလွင့် ကြွေကျ
ပျောက်ကွယ်လေသည်။ ကံကြမ္မာများကို အတင်းအဓမ္မ ပြဌာန်း ခံထားရသော ဖတ်စာအုပ်၏
စာမျက်နှာများက ၀ါးမျိုလိုက်ပြီ။
မြန်မာတိုင်းရင်းသား ကလေးငယ်မှာ
မမွေးဖွားမီကတည်းကပင် “ဗဟို” က အသည်းအသန်၊ အတင်းအကျပ် ချုပ်ကိုင်လွှမ်းမိုးထားသည့်
သင်ရိုးညွှန်းတမ်းအောက်တွင် လူလားမြောက်ရန် မသေချာတော့ပြီ။
သင်ရခြင်း အကြောင်းရင်း
ကလေးငယ်၏ အထက်ပါမေးခွန်းကို ဖြေဆိုရန် နည်းလမ်းအချို့တော့ဖြင့်ရှိနေပါသည်။
-
ဒါကတော့ ပညာတတ်တဲ့ လူတိုင်း သိထားရမယ့်အရာကွဲ့၊ ဘာသာရပ်ထဲမှာ ပါနေတာလေ၊
(ဘာသာရပ်ဗဟိုပြု အဖြေ - subject discipline)
-
မင်း ဒီဟာကို မလုပ်တတ်ဘူး၊ မသိဘူးဆိုရင်တော့ မင်းကြီးလာရင် အလုပ်ရဖို့ မလွယ်ဘူးကွ။
ဒါမှမဟုတ်ရင်လည်း ဒီလို စဉ်းစားစေချင်တယ်။ ဒါကို မသင်ယူ၊ မတတ်မြောက်ဘူးဆိုရင် မင်း
၁၀ တန်း၊ ၁၁ တန်း ရောက်တဲ့အခါ ဒုက္ခ လှလှ တွေ့တော့မှာ။ (လက်တွေ့အသုံးဝင်မှု -
Instrumental)
-
ဆရာ ဒါကို သင်ရခြင်းကတော့ မင်းရဲ့ ဗီဇစွမ်းရည်ကို ပိုတိုးတက်လာစေဖို့ပါ။
ဒီစီမံကိန်းသင်ခန်းစာကတော့ ငါ့တပည့်အတွက် သင့်တော်မယ်လို့ ဆရာယူဆပါတယ်။ မင်း တကယ်
စိတ်ဝင်စားရဲ့လား။ မင်း ပိုလို့ စိတ်ပါဝင်စားမယ့် သင်ခန်းစာ ပရောဂျက်၊
စာတမ်းခေါင်းစဉ်နဲ့ လေ့လာမှုကို ရွေးချယ်လို့ ရပါသေးတယ်ကွာ၊
မင်းလုပ်ချင်ကိုင်ချင်စိတ် ပိုရှိမယ့် ခေါင်းစဉ် တစ်ခုခုပေါ့ကွာ။ (လူသားတိုးတက်မှု
ဗဟိုပြု ဖက်ဒရယ် ပညာရေးအဖြေ - progressive)
“ဒါကို ဘာဖြစ်လို့
သင်ရမှာလဲ” ဆိုသော တိုင်းရင်းသား ကလေးငယ်၏
တရားဝင်မေးခွန်းမှာ ဆရာတို့အတွက် ပညာရေးတစ္ဆေ အခြောက်ခံရသည်နှင့် တူနိုင်ပါသည်။
သို့သော် ပညာရေး ဒဿနတန်းဝင်၊ ဖီလော်ဆော်ဖီပြဿနာကို ကလေးငယ်က ဤပြည်နယ်၏
ဖက်ဒရယ်ပညာရေး မူဝါဒအတွက် ပြဌာန်းပေးလိုက်ခြင်းပင်။ ဘာကို သင်ယူရမလဲ၊
ဘာဖြစ်လို့လဲ၊ ဘာတန်ဖိုးရှိသလဲ၊ ဒီထက်ပိုကောင်းတာ မရှိဘူးလား။
ဒီမိုကရက်တစ် ဖက်ဒရယ် ကျောင်းဆရာ -
သင်မည်သို့ အဖြေပေးနေပါသလဲ။
သိန်းနိုင် (မောက္ခပညာရေး)
(ဆက်လက်ဆွေးနွေးပါဦးမည်။)
သံလွင်တိုင်းမ်ဂျာနယ်၊ မော်လမြိုင်မြို့၊
ဒီဇင်ဘာ ၂၀၁၄
No comments:
Post a Comment