Friday, October 23, 2015

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၃) အသိပညာမျိုးဆက်ကို ပျိုးထောင်၊ အသိပညာစီးပွားရေးကို လက်ဆင့်ကမ်းခြင်း

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၃) အသိပညာမျိုးဆက်ကို ပျိုးထောင်၊ အသိပညာစီးပွားရေးကို လက်ဆင့်ကမ်းခြင်း

ကောင်းမွန်သော လူ့အဖွဲ့အစည်းဆိုသည်မှာအဘယ်နည်း။ ဘာကြောင့် ပညာ သင်ကြားပေးနေ ပါသနည်း။ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ရန်မည်သည့်အရာများကို မည်သို့မည်ပုံ သင်ကြားရ ပါမည်နည်း။ ((-မဲလဘုန်းမြို့(၂၀၁၅ ခုနှစ် ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့ ပထမဆုရ)၊ ကော်ဖီဆိုင်တစ်ဆိုင်တွင်အခမဲ့ ဖြန့်ဝေသော ပို့စကဒ်ပါစာသားများ…)))
ပညာရေးကို လူတိုင်းလိုလိုပင် စိတ်ပါဝင်စားတတ်ကြပါသည်။ ညနေခင်းဝိုင်းဆုံပွဲများတွင်ဖြစ်ေ၊ ဖိုရမ်များနှင့် အစည်းအဝေးများတွင်ဖြစ်စေ မတူသော အမြင်များဖြင့်အကြီးအကျယ် အငြင်း ပွားဖွယ်ရာ ခေါင်းစဉ်တစ်ခုလည်း ဖြစ်၏။ ဤသို့ ဖြစ်ရသည့် အကြောင်းမှာ ရိုးရှင်းလှပါသည်။လူပုဂ္ဂိုလ်၏ ပညာရေး အဆင့်အတန်း၊ သူ၏ အလုပ်အကိုင်နှင့် ၀င်ငွေလစာနှုန်းထားတို့မှာ ဆက်စပ်နေတတ်သည့်အတွက်ပင် ဖြစ်သည်။ ဤမျှသာမကသေးပါ။ ရိုးရာဓလေ့များ၊ လူမှုစံတန်ဖိုးများနှင့် ယဉ်ကျေးမှုအမြင်များကို လက်ဆင့်ကမ်း ပေးသည့် အဓိကနေရာမှာလည်း ပညာရေးနယ်ပယ်ပင် မဟုတ်ပါလား။ curriculumပင်မ သင်ရိုးညွှန်းတမ်းများနှင့် နောက်ခံလွှာ သင်ရိုးညွှန်းတမ်းများ hiddencurriculum များက ဤတာဝန်ကို ယူထားရသည်။ လိုလားအပ်သော လူ့အဖွဲ့အစည်းကို ပျိုးထောင်ပေးနိုင်ခြင်းဖြစ်၏။နိုင်ငံသား အမှတ်အသား သရုပ် indentity ကို အဓိက ပုံဖေါ် တည်ဆောက်ပေးနေသည်မှာလည်း စာသင်ကျောင်းများပင်ဖြစ်ပြန်သည်။ ကလေးငယ်၏ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုအတွက် အဓိက ပင်မဌာနများလည်းဖြစ်သည်။
သြစတြေးလျား ပညာရေးစနစ်မှာ လွန်စွာ ကြီးများ ကျယ်ပြန့်လှသည်။နို့စို့အရွယ်ကပင် တစ်သက်တာ (တရားဝင်) ပညာရေးခရီး စတင်သည်ဖြစ်၏။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်နှင့်အညီ ကလေးငယ်ဦးရေ၏ ၈၆ ရာခိုင်နှုန်းအထိ မူကြိုပညာရေးကို အသက် ၃ နှစ်ခန့်မှ စတင်တက်ရောက်ကြသည်။အများစုမှာ အသက် ၃ နှစ် မတိုင်မီကတည်းကပင် နေ့ကလေးထိန်းဌာနများတွင် နေခဲ့ကြဖူးသူများဖြစ်သည်။မူလတန်းပညာရေးကို စတင်နိုင်ရန် လိုအပ်သော စွမ်းရည်အချို့ကို ပြင်ဆင်လေ့ကျင့်ခြင်းဟုဆိုရမည်။ အသက် ၅ နှစ်ကျော်၊ ၆ နှစ် အရွယ်ခန့်တွင် မူလတန်းပညာရေးစတင်ပါသည်။ (ပြည်နယ်အလိုက်ကွဲပြားသေးသည်။) ဆရာများ၏ လေ့ကျင့်သင်ကြားမှုနှင့် ယဉ်ပါးစေရန်၊ နားထောင်တတ်စေရန်၊စာသင်ခန်းတွင်း ညွှန်ကြားချက်များကို လိုက်နာ လုပ်ဆောင်တတ်စေရန်၊ သင်ယူလေ့လာမှုတွင် စိတ်ပါလက်ပါကိုယ်တိုင်ပါဝင်တတ်စေရန်… အစရှိသည်တို့ကို မူကြိုတွင် လေ့လာကြရခြင်းဖြစ်သည်။
တရားဝင် မသင်မနေရ ပညာရေး Compulsory education မှာ မြောက်ပိုင်းဒေသကြီးNorthern Territory, နယူးဆော့သ်ဝေးလ်းစ် New South Wales ပြည်နယ်နှင့် သြစတြေးလျားမြို့တော်ဒေသကြီး Australian Capital Territory တို့တွင် အသက် ၁၅ နှစ်အထိ ဖြစ်သည်။ ဗစ်တိုးရီးယားပြည်နယ်Victoria, တောင်သြစတြေးလျားပြည်နယ် South Australia, တို့တွင် အသက် ၁၆ နှစ်အထိဖြစ်ပြီးကွင်းစလန်ပြည်နယ် Queensland, တက်စမေးနီးယားပြည်နယ် Tasmania, နှင့် အနောက်ပိုင်း သြစတြေးလျားပြည်နယ်Western Australian တို့တွင် အသက် ၁၇ နှစ် အထိ မသင်မနေရ ပညာရေးအဖြစ် သတ်မှတ်ထားရှိသည်။ (အခြေခံပညာကျောင်းတွင်ဖြစ်စေ၊သက်မွေးသင်တန်းတွင် ဖြစ်စေ (မဖြစ်မနေ) ဥပဒေအရ တက်ရောက်နေရမည့် အသက်သတ်မှတ်ချက်ဖြစ်၏။)ပညာရေးအတန်းများ တက်ရောက်ခဲ့ခြင်းနှင့် လုပ်အားလစာဝင်ငွေ တိုက်ရိုက် အချိုးကျမှု ရှိနေကြောင်းသုတေသနက ထောက်ပြထားပါသည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ယူကေနှင့် သြစတြေးလျားနိုင်ငံတို့တွင်လေ့လာခဲ့ခြင်းဖြစ်သည်။ အထက်တန်းအဆင့်တွင် တစ်နှစ်ခန့် ပို၍ တက်ရောက်ခွင့် ရရှိခဲ့သူတို့မှာနှစ်စဉ် ၀င်ငွေလစာ ၁၀ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ပိုမို ရရှိကြခြင်းဖြစ်သည်။ဘွဲ့ဒီဂရီ ရရှိသူတို့မှာ လစာဝင်ငွေ ပိုမို ခံစားခွင့် ရှိနေခြင်းကိုမူ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်အံအားသင့်ဖွယ်ရာ မရှိပါ။ မျိုးဆက်များနှင့် ဆက်စပ်နေတတ်ပါသည်။ ပညာတတ်ဘွဲ့ရ မိဘများ၏သားသမီးတို့မှာ ဘွဲ့ရပညာတတ်ဖြစ်နိုင်ချေ ပိုမိုရှိနေတတ်သည်။ ၀င်ငွေ ပိုကောင်းတတ်သည်။၂၀၁၀ ခုနှစ်တွင် လေ့လာမှု စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၅၄ နှစ်အရွယ် ရှိသူများတွင် အထက်တန်းအထက်ဆင့် ၁၂ တန်း ပညာရေးအောင်လက်မှတ် မရရှိခဲ့သူများမှာ ဘွဲ့ရများနှင့် နှိုင်းယှဉ်သော်အလုပ်လက်မဲ့ဖြစ်နိုင်ချေနှင့် အလုပ်လက်မဲ့ဖြစ်နေခြင်းမှာ ၂ ဆ ခန့်အထိ မြင့်မားနေတတ်သည်။
knowledge economy
     သြစတြေးလျားနိုင်ငံ၏အနာဂတ်စီးပွားဖွံ့ဖြိုးမှုမှာ စမတ်ကျသောလူဦးရေအပေါ် မှီတည်နေပါသည်။ အခြားသောဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စေရန်ဖြစ်သည်။ ကျောက်ခေတ် စိုက်ပျိုးမွေးမြူရေးအခြေခံစီးပွားရေးစနစ်မျှနှင့်တော့ ၂၁ ရာစုကမ္ဘာတွင် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်တော့ပါ။လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုတွင် သြစတြေးလျားနိုင်ငံသားအများစုကြီးမှာ အဆင့်မြင့်ပညာတက္ကသိုလ်များတွင်ဖြစ်စေ၊ သက်မွေး သိပ္ပံကောလိပ်ကျောင်းများ technical and furthereducation (TAFE) တွင်ဖြစ်စေ တက်ရောက်သင်ကြားသူဦးရေ ပိုမိုတိုးတက်လာခဲ့သည်။ ချမ်းသာသူများအတွက်သာသီးသန့် မဟုတ်တော့ပါ။ ကျောင်းပြင်ပ ပညာရေး၊ လုပ်ငန်းခွင် စွမ်းရည်မြှင့်ပညာရေးသင်တန်းများလည်းတိုးပွားလာခဲ့သည်။ အွန်လိုင်း ဘွဲ့သင်တန်းများလည်း အီလက်ထရောနစ်၊ အင်တာနက်ခေတ် ထိပ်တန်းနိုင်ငံဖြစ်သည်နှင့်အညီတိုးပွားနေဆဲဖြစ်သည်။ နေ့ကျောင်းတက်စရာမလိုဘဲ အလုပ်လုပ်ရင်းပင် တက္ကသိုလ်များ၏ ပုံမှန်ဘွဲ့သင်တန်းအရည်အသွေးအတိုင်း ၁၀၀ ရာခိုင်နှုန်းပြည့်မီသော ပညာကို အွန်လိုင်းစနစ်ဖြင့်မိမိရွာ (သို့မဟုတ်) လုပ်ငန်းခွင်နေရာများမှ တိုက်ရိုက် လေ့လာနိုင်ကြခြင်းဖြစ်သည်။ဆယ်ကျော်သက်များမှသည် အသက် ၅၀ ကျော်၊ ၆၀ တန်းများလည်း အွန်လိုင်းဘွဲ့သင်တန်းများတွင်တက်ရောက်နိုင်ကြသည်မှာ ပညာခေတ်၏ သရုပ်သကန်ဟု ဆိုရမည်။
အသိပညာမျိုးဆက်၊ အသိပညာစီးပွားရေး Knowledgegenerations and Knowledge economy
၂၁ ရာစုတွင် အသိပညာမှာ (လူသုံးကုန်ပစ္စည်း တစ်ခုအနေဖြင့်)ပိုမို အရေးပါလှသော ခေတ်ဆီသို့ ရွေ့လျားလာခဲ့ပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၅၀ ကာလအတွင်းလူတို့ အလုပ်လုပ်ကိုင်ပုံ၊ အလုပ်အကိုင် အမျိုးအစားများနှင့် စီးပွားရေး အခြေခံအဆောက်အအုံတို့မှာများစွာ ပြောင်းလဲလာခဲ့၏။ အသိပညာ အခြေပြုစီးပွားရေးခေတ် knowledge based economy ဟုဆိုကြသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းကြီး(OECD) က ၁၉၉၆ ခုနှစ်တွင် အခြေခံလူသုံးကုန် ပစ္စည်းအသစ် တစ်မျိုးအနေဖြင့် “အသိပညာ” ဆိုသောပစ္စည်းသစ်တစ်မျိုး ရောက်ရှိလာသည့် ခေတ်ကို ရွေ့ လျားလာနေပြီဖြစ်ကြောင်း ထုတ်ဖေါ် ကြေညာခဲ့သည်။
“အသိပညာအခြေပြု စီးပွားရေးknowledge based economy ဆိုသော ဝေါဟာရကို ဖွင့်ဆိုရာဝယ် ဗဟုသုတ၊ အသိပညာနှင့် နည်းပညာမှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုအရေးပါလှကြောင်းကို အပြည့်အ၀ အသိအမှတ်ပြုလာရခြင်းဖြစ်သည်။ လူသား၏ ရှင်သန်မှု (လူသားအရင်းအနှီး) ထဲတွင် အခရာကျလှသော ဗဟုသုတ၊ အသိပညာနှင့်နည်းပညာတို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အစဉ်အမြဲပင် အချက်အချာ ကျခဲ့သည်။သို့ရာတွင် လွန်ခဲ့သော နှစ် အနည်းငယ်ကမှ အဓိကကျနေကြောင်းကို ပိုမို သိမြင်လာကြသည်။အသိအမှတ်ပြုလာကြသည်။ အသိပညာအဓိက ၀န်ဆောင်မှုကဏ္ဍများတွင် ပညာရေး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်တို့မှာပိုမို တွင်ကျယ် အရေးပါလာတော့သည်။ OECD နိုင်ငံများ၏ အမျိုးသားစုစုပေါင်း ထွက်ကုန်Gross Domestic Product GDP ၅၀ ရာခိုင်နှုန်းမှာ အသိပညာအဓိက စီးပွားရေးကဏ္ဍဖြစ်ကြောင်းသုံးသပ်ပါသည်။”   (OECDအစီရင်ခံစာ၊ ၁၉၉၆ ခုနှစ်)
အသိပညာကို ဖန်တီး၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကိုအခြေပြုထားသည့် စီးပွားရေးမှာ (ရေနံ၊ အမဲသား၊ အာလူး၊ စပါး စသည်တို့ကဲ့သို့) ထွက်ကုန်ပစ္စည်းကိုအခြေပြုသော စီးပွားရေးများနှင့် ကွာခြားလှသည်တော့ မဟုတ်ပါ။ လူသားအရင်းအနှီးအပေါ် တည်မှီနေကြခြင်းမှာအတူတူပင် မဟုတ်ပါလား။ သတင်းအချက်အလက်ကို ကုန်စည်ကဲ့သို့ ဖလှယ်နေသည့် စီးပွားရေးကဏ္ဍတွင်-
-       သိသူ-လုပ်တတ်သူ။ လုပ်သားတစ်ဦး၏ လူမှုဆက်ဆံရေး၊ အဆက်အသွယ်များနှင့်ပတ်သက်နေသည့် အရည်အသွေးနှင့်အရေအတွက်မှာ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် နတ်ဝါ့က်များကို အမှီသဟဲ ပြုထားရသည့် စီးပွားရေးအတွက်အရေးပါလှပါသည်။
-       အသိပညာ၊ဗဟုသုတ ရှိပြီး နည်းပညာ စွမ်းရည်ပြည့်ဝခြင်း (မိုက်ခရို အီလက်ထရောနစ်နည်းပညာ၊ ကွန်ပျူတာ၊စက်ရုပ်များ၊ တယ်လီကွန်မြူနီကေးရှင်း စွမ်းဆောင်ရည်များ)၊ ပစ္စည်းသစ် ထုတ်လုပ်နိုင်စွမ်း၊ဇီဝနည်းပညာနှင့် သွားလာဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ပုံစံသစ်များ။
-       ပြောင်းလဲလာနေသည့်မိသားစု ပုံစံသစ်များ၊ အိမ် - အလုပ်မျှခြေ၊ နတ်ဝါ့က်နှင့်သာ ချိတ်ဆက်ထားနိုင်ပါက မည်သည့်နေရာ၊မည်သည့်အချိန်တွင်မဆို ၀န်ထမ်းများအနေဖြင့် အလုပ်လုပ်နိုင်ကြခြင်း၊ အချိန်နှင့် နေရာအရလုပ်သားဝန်ထမ်း ပုံစံအသစ်များ ထွက်ပေါ်လာခြင်း၊ အချိန်ပြည့်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်း၊စီမံချက်အရ ကဏ္ဍအလိုက်၊ စပါယ်ရှယ်လစ် ၀န်ထမ်း၊
-       စွမ်းဆောင်ရည်မရှိသော၊ စွမ်းဆောင်ရည် မပြည့်ဝသောသူများအနေဖြင့် အဆင့်မြင့် စွမ်းဆောင်ရည် လိုအပ်သောလုပ်ငန်းခွင် နေရာတွင် ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိပါ။ မိမိအလုပ်ပိုင်းတွင် စဉ်ဆက်မပြတ်စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှာ မဖြစ်မနေ လိုအပ်လာသည်။ ဆက်တိုက် လေ့လာမှုနှင့် သင်တန်းများမှာဝန်ထမ်းအားလုံး (မူဝါဒ၊ စီမံ၊ နည်းပညာ၊ အောက်ခြေဆိုင်ရာအားလုံး) အတွက် လိုအပ်သည်။ မိမိ၏အရည်အသွေးကို အစဉ်သဖြင့် တိုးမြှင့်နေရမည်။ စွမ်းရည်နိမ့်ပါက လစာနိမ့်မည်။
ဤနေရာတွင် `ပညာရေး အရည်အသွေး မြင့်ခြင်း` ကို ဆွေးနွေးလိုပါသည်။အထူးသဖြင့် ကမ္ဘာရွာအမှု ပြုထားပြီဖြစ်သော စီးပွားရေးအသစ်တွင်သြစတြေးလျားနိုင်ငံသားများ အလုပ်လုပ်ရာတွင် လိုအပ်သော စွမ်းရည်သစ်များ new skills များရှိနေသည်။ စဉ်ဆက်မပြတ် အသစ် ပြင်ဆင်တည်ဆောက်နေရသည့် စီးပွားရေးစနစ်၏ လိုအပ်ချက်များကိုလိုက်ပါ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပညာရေးစနစ်ကိုလည်း လိုက်ပါပြောင်းလဲ ပြင်ဆင်ပေးရန်လိုအပ်ချက်ကို သံသယရှိစရာ မလိုပါ။ အရှိန်နှုန်းထားဖြင့် ပြောင်းလဲနေသော လုပ်အားဈေးကွက်၊မကြုံစဖူး တိုးတက်လာနေသည့် နည်းပညာနှင့် အသိပညာပေါက်ကွဲမှုတို့နှင့် အညီ ပညာရေးကို ပြင်ဆင်ရခြင်းဖြစ်သည်။
ပညာခေတ်တွင် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် စာသင်ကြားခြင်း
   ကမ္ဘာမှုပြုထားခြင်းခံရသောစီးပွားရေးစနစ်များကို အလုပ်ရှာဖွေလျက်ရှိသည့် ရွှေ့လျားနေသော လူထုများ၊ လူနေမှု ပုံစံများနှင့်ရပ်ရွာများက ပုံဖေါ်ပေးလျက်ရှိနေသည်။ ပြည်နယ်များအတွင်း၊ အပြင် ရွှေ့လျားနေသော လူထုကြီး၊နိုင်ငံအတွင်းအပြင် ရွှေ့လျားနေသော သူများ။ ရှေးအခါက အစဉ်အလာအရ လုပ်ကိုင်နေခဲ့သော လုပ်ငန်းကိုင်ငန်းများမှာပျောက်ကွယ်လို့ လာနေသည်။ စက်မှုလုပ်ငန်းသစ်များ၊ စီးပွားရေးပုံစံသစ်များ ပေါ်ထွက်လာသည်။ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် ကလေးငယ်များက မိမိတို့ကိုယ်ကိုယ် သရုပ်ပုံဖေါ် တည်ဆောက်နေကြပြီ။ကမ္ဘာ့နေရာအနှံ့အပြားကို အွန်လိုင်းများ၊ မီဒီယာများမှတဆင့် ကလေးငယ်များလည်း ၀င်ရောက်လည်ပတ်တတ်ပြီ။စွမ်းရည်သစ်များ၊ အသိသစ်များကို နေ့စဉ်နှင့် အမျှ ရရှိနေသော ကလေးငယ်များနှင့် မိဘများ၊ကျောင်းဆရာဆရာမများက ရင်ဆိုင်ရလျက်။ ကိုယ်ပိုင်အိုင်ဒန်ဒတီ၊ မိသားစု တည်ဆောက်ပုံ၊ ဆင်းရဲမွဲတေမှုနှင့်လူမှုရေး ဗဟိုချက် ဖရိုဖရဲဖြစ်ခြင်းများဖြင့် ကြုံတွေ့နေကြရပြီ။
နှစ် ၂၀၀ ကျော်က စက်မှုလယ်ယာခေတ် လူ့အဖွဲ့အစည်းအတွက်မျှသာတည်ထွင် အသုံးပြုခဲ့သည့် စာသင်ကျောင်းနှင့် ပညာရေးစနစ်ကို ပြင်ဆင်ရတော့မည်။ လုံးဝ ကွဲပြားခြားနားသောစွမ်းရည်သစ်များနှင့် အလုပ်လုပ်ကိုင်ပုံ နည်းလမ်းအသစ်တို့ဖြင့် ကျောင်းသားများကို လေ့ကျင့်ပျိုးထောင်ပေးရတော့မည်။ အထူးသဖြင့် ဗဟုသုတများ၊ စွမ်းရည်များကို စာတွေ့၊ သရုပ်ပြ၊ ဆွေးနွေးခြင်း၊မာလတီမီဒီယာ ဆက်သွယ်ရေး နည်းလမ်းများဖြင့် ပြင်ဆင်ပေးရတော့မည်။
ပြဿနာ၊ အခက်အခဲများကိုဖေါ်ထုတ်တတ်ခြင်း၊ သိမ်မွေ့ညင်သာစွာ၊ ပရိယာယ်ကြွယ်ဝစွာဖြင့် ဖြေရှင်း တတ်ခြင်း၊ အုပ်စုတွင်းပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ လူမှုဆက်ဆံရေးနှင့် တင်ပြဆွေးနွေးတတ်ခြင်း စွမ်းရည်ပြည့်ဝခြင်း…စသည်တို့မှာ မရှိမဖြစ် စွမ်းရည်များဖြစ်လာသည်။ သတင်းအချက်အလက် ရင်းမြစ်ကို သိနားလည်ရန်လည်းလိုအပ်လာသည်။ (အွန်လိုင်းရင်းမြစ်များ၊ လက်စွဲစာစောင်၊ အကူအညီ တောင်းခံ တတ်ခြင်း၊)။ဤစွမ်းရည်များကို ရရှိလာစေရန် သြစတြေးလျား စာသင်ကျောင်းများက သင်ရိုးညွှန်းတမ်း အသစ်များကိုသင်ကြားပေးရုံ မျှသာမကသေးဘဲ သင်ကြားနည်းလမ်းအသစ်များ၊ မာလတီ မီဒီယာများ ကိုလည်း အသုံးပြုရသည်။ထို့အပြင် လူငယ်များအနေဖြင့် ဤစံနှုန်းသစ်၊ စွမ်းရည်သစ်များကို လေ့လာ ကြရခြင်းနှင့်အတူပိုမိုကျယ်ပြန့်လာနေသည့် လူမှုရေးနှင့် ယဉ်ကျေးမှု အပြောင်းအလဲများတွင်လည်း မိမိကိုယ်ကိုယ်ယုံကြည်ချက်ဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ကြရတော့မည်။ လူမူဆက်ဆံရေး ပုံစံသစ်များ၊ယဉ်ကျေးမှုစံတန်ဖိုးသစ်များ၊ အသိသစ်များ၊ စွမ်းရည်သစ်များ ရရှိစေရန် ကြိုးပမ်းတတ်ခြင်း၊မိမိကိုယ်တိုင် သင်ယူလေ့လာတတ်ခြင်းနှင့် အသုံးမ၀င်တော့သော အယူအဆဟောင်းများကို စွန့်လွှတ်တတ်ခြင်း၊မတူကွဲပြားသော သူများနှင့် ညှိနှိုင်း နေထိုင်တတ်ခြင်းတို့ ပါရှိသည်။
ကျောင်းပညာရေးကို လက်လှမ်းမီခြင်းနှင့် သင်ကြားခွင့်ရရှိခြင်းတို့မှာလူမှုစီးပွားနောက်ခံ အခြေအနေများနှင့် ဆက်စပ်လျက်ရှိသည်။ ဤသည်မှာ အစဉ်အမြဲပင်ဟု ဆိုနိုင်သည်။မိမိတက်ရောက်သောကျောင်းနှင့် မိသားစုနောက်ခံတို့မှာ ကျောင်းသား၏ ပညာရည် တိုးတက်မှုအပေါ်တွင်များစွာ သက်ရောက်နိုင်ပါသည်။ အဆုံးစွန်အားဖြင့် အလုပ်အကိုင်များနှင့် ၀င်ငွေရရှိမှုအထိလည်းဆက်စပ်နေတတ်သည်။ အစဉ်သဖြင့်ပင် မြန်မြန်ဆန်ဆန်နှင့် အကြီးအကျယ်  ပြောင်းလဲလျက်ရှိနေသော စီးပွားရေးစနစ်တွင် အလုပ်အကိုင်များစွာတို့ကိုဆုံးရှုံးရလျက်ရှိသည်။ အတိတ်ကာလတွင် စွမ်းရည် သိပ်များများစားစား မလိုအပ်သည့် လုပ်သားအင်အားများစွာတို့နေရာတွင် ဘက်စုံထောင့်စုံတွင် ထူးချွန်ထက်မြက်သော လူနည်းနည်းသာ လိုအပ်လို့လာနေသည်။အခြေခံလုပ်သားများ၏ အသိပညာနှင့် စွမ်းဆောင်ရည်များလည်း တိုးတက်ရန် လိုအပ်နေခဲ့ပြီ။
လွန်ခဲ့သော နှစ် ၁၀၀ ကာလများတွင်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာရေးသာ အဓိကဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။နောင် နှစ် ၁၀၀ တွင်လည်း ပညာရေးကသာလျှင် စီးပွားရေးကို ဆက်လက် မောင်းနှင်နေပါဦးမည်။
သိန်းနိုင် (မောက္ခပညာရေး)ဆက်လက်ဖေါ်ပြပါမည်။ (သံလွင်တိုင်းမ်ဂျာနယ်၊ ၁၂ စက်တင်ဘာ၊ ၂၀၁၅ မော်လမြိုင်မြို့)

(သံလွင်တိုမ်းဂျာနယ်၊ ၁၂ စက်တင်ဘာ ၂၀၁၅)
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး အပိုင်း (၁၂) အသိပညာလူ့အဖွဲ့အစည်းကို တည်ထောင်ခြင်း

ဖက်ဒရယ်ပညာရေး အပိုင်း (၁၂) အသိပညာလူ့အဖွဲ့အစည်းကို တည်ထောင်ခြင်း

       koala australianကမ္ဘာ့ပညာနိုင်ငံများ စာရင်းဝင် သြစတြေးလျားနိုင်ငံ၏ ပညာရေးစနစ်မှာ အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံတကာ စံချိန်စံနှုန်း ပြည့်မီပြီးအသိပညာလူ့အဖွဲ့အစည်း knowledge society အဖြစ် တည်ဆောက်နိုင်ရန် ပညာရေးစနစ်ကို စဉ်ဆက်မပြတ်ဆန်းသစ်၊ ပြုပြင်လျက်ရှိနေသည်။ ကမ္ဘာပေါ်တွင် အမှတ်စဉ် ၁၂ ခုမြောက် အကြီးဆုံးသော စီးပွားရေးကိုပိုင်ဆိုင်ထားပြီး တစ်ဦးချင်းဝင်ငွေ အများဆုံး နံပါတ် ၅ ခုမြောက် နိုင်ငံဖြစ်သည်။လူသားဖွံ့ဖြိုးမှုအညွန်းကိန်းများအရ ဒုတိယမြောက် နိုင်ငံဖြစ်သည်။ ဘ၀အရည်အသွေး၊ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေးလွတ်လပ်မှု၊ လူမှု လွတ်လပ်ခွင့်များနှင့် နိုင်ငံရေး အခွင့်အရေးများအရကမ္ဘာ့အဆင့်အတန်းတွင် ထိပ်တန်းအဆင့်ရှိ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်။ OECD ဖွံ့ဖြိုးပြီးနိုင်ငံ ၃၀ မှ နိုင်ငံတကာ ကျောင်းသားများအား စစ်ဆေးခြင်း PISA တွင်လည်းထိပ်ဆုံး ၅ နေရာအတွင်း ရရှိတတ်သည်။ ပညာထိပ်တန်းနိုင်ငံဟုလည်း ဆိုနိုင်သည်။ ပညာရေးသမဂ္ဂ အားကောင်းသည့်အတွက် မူဝါဒရေးရာတွင် ဆရာဆရာမများနှင့် မိဘပြည်သူတို့၏ ခံစားချက်များနှင့် အသံတို့ကို အစဉ်ပင် ထည့်သွင်းစဉ်းစားကြသည်။
        အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်အထိ မသင်မနေရ ပညာရေးစနစ်compulsory education ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရပြည်နယ်အလိုက် ပညာရေးဝန်ကြီးဌာနများက အဓိကအားဖြင့် တာဝန်ယူရသည်။ ကမ္ဘာ့ထိပ်သီး အကောင်းဆုံးတက္ကသိုလ် ၁၀၀ စာရင်းတွင် သြစတြေးလျားတက္ကသိုလ် ၇ ခု ပါဝင်ပါသည်။ ဖက်ဒရယ်အစိုးရထံမှ ပြည်နယ်များအနေဖြင့်ဘဏ္ဍာငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ရယူနိုင်ပြီး သင်ရိုးစံနှုန်းများကို ထိန်းညှိရာတွင်ပါဝင်ဆောင်ရွက်ကြသည်။ သို့ရာတွင် ပြည်နယ်တွင်း စာသင်ကျောင်းများကို ပြည်နယ်အစိုးရများနှင့်ကျောင်းများက လွတ်လပ်စွာ စီမံခန့်ခွဲအုပ်ချုပ်ကြသည်။ ဤသည်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ်ပညာရေးကို အပြည့်အ၀ ကျင့်သုံးခြင်းဟု ဆိုရမည်။
ဖက်ဒရယ်စနစ် နိဒါန်း
           လွန်ခဲ့သော နှစ်တစ်ရာကျော်၊ ဇန်န၀ါရီလ ၁ ရက်၊ ၁၉၀၁ ခုနှစ်တွင်သြစတြေးလျားနိုင်ငံကို ဖက်ဒရယ်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် တရားဝင်တည်ထောင်ခဲ့ကြသည်။၁၈ ရာစုနှောင်းပိုင်းကာလ၊ ၁၇၈၈ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ လက်အောက်ခံ ကိုလိုနီနယ်မြေအဖြစ်အလွန်ကြီးမားကျယ်ပြန့်လှသည့် သြစတြေးလျား တစ်တိုက်လုံးကို သိမ်းသွင်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကိုလိုနီနယ် ၆ ခုဖြင့် အုပ်ချုပ်စေခဲ့သည်။ ဗြိတိသျှတို့ မ၀င်ရောက်မီ လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းခန့်ကာလမှ စတင်ကာ ဌာနေ aborigines  အဘော်ရင်းဂျင်းနီး တိုင်းရင်းသား မျိုးနွယ်စုများကနေထိုင်ခဲ့ကြသည်။ ၁၉ ရာစုနှောင်းပိုင်း ၁၈၉၀ ဆယ်စုနှစ်ကာလများအတွင်း ဤကိုလိုနီနယ်မြေများမှအစိုးရများက စုစည်းညီညွတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနဿဟာရနိုင်ငံအဖြစ် ဗြိတိသျှအင်ပါယာအတွင်းတည်ထောင်ရန် ဆန္ဒခံယူပွဲများကို ကျင်းပခဲ့ကြသည်။ ကိုလိုနီနယ် ၆ ခုစလုံးမှ အများစုကြီးကဖက်ဒရယ်စနစ်ကို တညီတညွတ်တည်း ဆန္ဒမဲပေးခဲ့ကြပြီးနောက် သြစတြေးလျား ဖက်ဒရယ်နိုင်ငံFederation of Australia ကို ကနဦး တည်ဆောက်ခဲ့ကြပြီး ၁၉၀၁ ခုနှစ်တွင် သြစတြေးလျားဓနဿဟာရနိုင်ငံCommonwealth of Australia အဖြစ် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ စည်းမျဉ်းခံဘုရင်စနစ်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ သြစတြေးလျား ဖက်ဒရယ်စနစ်ဖွဲ့စည်းပုံမှာအမေရိကန်ပြည်ထောင်စု၏ မူလဖွဲ့စည်းပုံနှင့် ဆင်တူပြီး ဗြိတိသျှတို့၏ ၀က်မင်စတာအုပ်ချုပ်ရေးစနစ်westminister system (ပါလီမန်ဒီမိုကရေစီစနစ်) ကိုလည်း ထည့်သွင်းထားရှိသည်။
                 သြစတြေးလျားနိုင်ငံမှာ ကမ္ဘာပေါ်တွင် ၅ ခုမြောက် ဖက်ဒရယ်စနစ်နိုင်ငံအဖြစ်တည်ထောင်နိုင်ခဲ့ခြင်းဖြစ်၏။ ဖက်ဒရယ်နိုင်ငံများ တည်ထောင်ခဲ့ကြသော သက္ကရာဇ်များမှာ အမေရိကန်ပြည်ထောင်စု(၁၇၈၉)၊ ဆွစ်ဇာလန်နိုင်ငံ (၁၈၄၈)၊ ကနေဒါနိုင်ငံ (၁၈၆၇)၊ ဂျာမဏီအင်ပါယာ (၁၈၇၁) နှင့်သြစတြေးလျားဓနဿဟာရနိုင်ငံ (၁၉၀၁) ခုနှစ်တို့ဖြစ်ကြသည်။ သြစတြေးလျားနိုင်ငံမှာ ဖက်ဒရယ်စနစ်ဖြင့်စတင် ဖွဲ့စည်းစဉ်က အခြေခံမူများအတိုင်း များစွာ အပြောင်းအလဲမရှိ တည်ငြိမ်သည်ဟု ဆိုနိုင်သော်လည်းဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ အကောင်အထည် ဖေါ်ဆောင်မှုများတွင်မှု အကြီးအကျယ် ပြောင်းလဲခဲ့ပြီဟုဆိုရပါမည်။ အဓိကအားဖြင့် အပြောင်းအလဲမှာ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြားလုပ်ပိုင်ခွင့် အာဏာခွဲဝေမှုကဏ္ဍပင်ဖြစ်သည်။
ဖက်ဒရယ်စနစ်ကို ဆန်းသစ်ပြုပြင်ပြောင်းလဲခြင်း
                 ဖက်ဒရယ်ဗဟိုအစိုးရထံမှ ပြည်နယ်အစိုးရများက ဘဏ္ဍာငွေကြေးအရ အလွန်အမင်းအမှီသဟဲပြုနေရခြင်းမှာ ဖက်ဒရယ်စနစ်ကို ဆန်းသစ်မွမ်းမံရန် အဓိကအကျဆုံး အချက်ပင်ဖြစ်၏။၂၀၀၉ ခုနှစ်တွင် ၀န်ကြီးချုပ် ကီဗင်ရုဒ်၏ လေဘာအစိုးရမှ ဖက်ဒရယ်စနစ်ကို မွမ်းမံဆန်းသစ်ခြင်းreform of federation အစီအစဉ်များကို စတင်ပြုလုပ်ခဲ့သည်။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွန်ခဲ့သော နှစ်တစ်ရာကျော်က ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်သည့်အတွက် မူဝါဒရေးရာများတွင်ဖက်ဒရယ်နှင့် ပြည်နယ်အဆင့်ဆိုင်ရာ မေးခွန်းများစွာ ရှိနေလေသည်။ မည်သည့်အဆင့်က မည်သည့်မူဝါဒများကို ချမှတ်ကျင့်သုံးခွင့် ရှိသနည်းဟူသော မေးခွန်းမှာ အဓိကပင်ဖြစ်၏။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပါအ၀င် မူဝါဒများစွာတွင် ပြည်နယ်နှင့် ဖက်ဒရယ်အဆင့်မှာ ရှုပ်ထွေးစွာဖြင့် ဝေေ၀၀ါးဝါး ရှိနေဆဲ။ ပြည်နယ်နှင့် ဒေသန္တရအဆင့်များကို ဘဏ္ဍာငွေကြေးနှင့် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ရန်ပြင်ဆင်မှုများပင်ဖြစ်သည်။
ဂွန်စကီပညာရေးရီပို့
                 ၂၀၁၀ ခုနှစ်တွင် သြစတြေးလျားဖက်ဒရယ်အစိုးရမှ တာဝန်ပေးချက်အရထင်ရှားကျော်ကြားသော စီးပွားရေးသမား ဒေးဗစ်ဂွန်စကီ David Gonski က ကျောင်းများ၏ ဘဏ္ဍာငွေကြေးရန်ပုံငွေကိစ္စကိုကော်မစ်ရှင်ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စာမျက်နှာ ၃၁၉ မျက်နှာရှိသောဂွန်စကီရီပို့ကို ရေးသားပြုစုခဲ့ရာတွင် လူထုထံမှ သတင်းအချက်အလက် ခုနှစ်ထောင်ကျော် ရရှိခဲ့ပြီးကော်မစ်ရှင်က ကျောင်းပေါင်း ၃၉ ကျောင်းကို ကွင်းဆင်းလေ့လာခြင်း၊ ပညာရေးအစုအဖွဲ့ ၇၁ဖွဲ့နှင့် တွေ့ဆုံမေးမြန်း စုံစမ်းခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်နိုဝင်ဘာလတွင် ဖက်ဒရယ်အစိုးရထံ အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်ဝန်ကြီးချုပ် ဂျူလီယာဂီလာဒ် Julia Gillard အစိုးရက တရားဝင် ထုတ်ပြန်ပေးခဲ့သည်။
                 ဂွန်စကီ၏ ပညာရေးရန်ပုံငွေ အစီရင်ခံစာတွင် အဓိက အချက် ၃ ချက်ပါဝင်ပါသည်။ (၁) ကမ္ဘာပေါ်တွင် အရည်အသွေး အမြင့်မားဆုံးသော၊ တရားမျှတမှု အရှိဆုံးသော ပညာရေးစနစ်ဖြစ်စေရန်သြစတြေးလျားအစိုးရအနေဖြင့် မျှော်မှန်းချက် ထားရှိပြီး ဆောင်ရွက်ရန်နှင့် စာတတ်မြောက်မှု အနိမ့်ပါးဆုံးသော ကျောင်းသားများတွက် ပညာရေး အကူအညီကို ဦးစားပေးသွားရန်။ (၂) သြစတြေးလျားနိုင်ငံတွင်းမည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ မိသားစု ၀င်ငွေမည်မျှ ရှိသည်ဖြစ်စေ၊ မည်သည့်ကျောင်းတွင်တက်ရောက်နေသည်ဖြစ်စေ ကလေးငယ်များအနေဖြင့် အကောင်းဆုံးသော ပညာရေးကို လက်လှမ်းမီရရှိဆည်းပူးခွင့်၊ (၃) လုပ်ငန်းခွင်နှင့် အနာဂတ်ဘ၀ ရှင်သန်မှုတွင် တန်ဖိုးရှိသော နိုင်ငံသားများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် အခြေခံစွမ်းရည်များနှင့် တတ်ပွန်မှု ကုံလုံပြည့်ဝစွာဖြင့်ကျောင်းသားတိုင်း ကျောင်းများမှ ထွက်ခွါလာနိုင်ရေး တို့ဖြစ်သည်။ ကျောင်းတိုင်းအနေဖြင့် ဓနဿဟာရအစိုးရနှင့် ပြည်နယ်အစိုးရထံမှ အခြေခံဘဏ္ဍာအထောက်အကူ ရရှိမည်ဖြစ်ပြီး လိုအပ်ငွေကိုကျောင်းအရွယ်အစားနှင့် ကျောင်းသားများ၏ တစ်ဦးချင်း လိုအပ်ချက်အရ ထပ်မံ တောင်းခံနိုင်သည်။ပညာရေး တရားမျှတမှုကို ဖေါ်ဆောင်လိုရင်းဟု ဆိုရပါမည်။ အစီရင်ခံစာက စာသင်ကျောင်းများကိုဘဏ္ဍာငွေကြေး ရန်ပုံငွေ ထောက်ပံ့ပေးခြင်းမှာ ဘဏ္ဍာရေးကိစ္စ သက်သက်သာလျှင် မဟုတ်မူဘဲ နိုင်ငံ၏အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်၊ လုံခြုံ ခိုင်မြဲစေခြင်းလည်း ဖြစ်ကြောင်း တင်ပြထားသည်။ကျောင်းများက ကလေးတိုင်းအတွက် ထောက်ကူပေးသင့်ပြီး ဆရာတိုင်းကလည်း ကလေးတိုင်းထံမှ အကောင်းဆုံးများကိုမျှော်လင့်သင့်ကြောင်း တိုက်တွန်းထားသည်။  ပြည်နယ်အတွင်းရှိ ကျောင်းများတွင် စတင်အကောင်အထည်ဖေါ်နိုင်ရန်ယခင် လေဘာအစိုးရက စီစဉ်ပေးခဲ့သည်။ ထိရောက်မှုများ ရှိကြောင်းလည်း နောက်ဆက်တွဲ အစီရင်ခံစာများကဆိုပါသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် လက်ရှိအာဏာရ ၀န်ကြီးချုပ် တိုနီအက်ဘော့အစိုးရAbbot government ကမူ ဂွန်စကီရီပို့ကို နောက်ထပ် ၄ နှစ်တာ ကာလအထိသာလျှင် ဆက်လက် အကောင်အထည်ဖေါ်မည်ဖြစ်ပြီး၂၀၁၇ ခုနှစ်တွင် အဆုံးသတ်မည်ဟု ကြေညာခဲ့မှုအပေါ် ပြင်းထန်စွာ ငြင်းခုံ ဝေဖန်ခံရ လျက်ရှိနေသည်။
ပညာရေးစနစ် ဖွဲ့စည်းဆောက်ပုံ
            အဆင့် ၃ ဆင့်စနစ်ဖြင့် ပညာရေးကို တည်ဆောက်ထားသည်။ မူလတန်းပညာရေးprimary education၊ အထက်တန်းပညာရေး secondary education နှင့် tertiary education တက္ကသိုလ်အဆင့်မြင့်ပညာရေး(တက္ကသိုလ်များ၊ ကောလိပ်များ၊ သက်မွေးသိပ္ပံများ၊ သင်တန်းများ ပါဝင်ပါသည်။) တို့ဖြစ်သည်။အထက်အတန်း အထက်ဆင့် ၁၂ တန်းအောင်မြင်ပြီးချိန်တွင် ကျောင်းသားအများစုမှာ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်သည်။
            ကျောင်းအလိုက် ထောက်ပံ့သည့် ဘဏ္ဍာငွေကြေးအကူအညီနှင့် အုပ်ချုပ်ပုံစနစ်အပေါ်မူတည်ပြီး ၃ မျိုး ခွဲခြားနိုင်သည်။ (၁) အစိုးရကျောင်းများ Public schools, state schools (၂)ကက်သလစ်ကျောင်းများ catholic schools (၃) ပုဂ္ဂလိကကျောင်းများ independent schools,private schools တို့ဖြစ်သည်။ အစိုးရကျောင်းများ၊ ပြည်နယ်ကျောင်း များမှာ ဘာသာရေးကိုအခြေခံထားခြင်း မရှိပါ။ သို့သော် religious education ဘာသာတရားများ လေ့လာရေး အစီအစဉ်ကိုမူကျောင်းအလိုက် ထည့်သွင်းနိုင်ပါသည်။ ပုဂ္ဂလိကကျောင်းများမှာမူ ဘာသာတရား တစ်ခုခုအပေါ်တွင်အခြေခံလေ့ရှိတတ်သည်။ ၂၀၁၀ စစ်တမ်းများအရ ကလေးသူငယ် လူဦးရေ၏ ၆၆ ရာခိုင်နှုန်းက အစိုးရကျောင်းများတွင်တက်ရောက်လျက်ရှိကြပြီး ၁၄ ရာခိုင်နှုန်းမှာ ပုဂ္ဂလိကကျောင်းနှင့် ၂၀ ရာခိုင်နှုန်းမှာကက်သလစ်ကျောင်းများတွင် တက်ရောက်ကြ၏။ မည်သည့်ကျောင်းတွင် တက်ရောက်သည်ဖြစ်စေ အရည်အသွေးမြင့်ပညာရေးနှင့် သင်ရိုးညွှန်းတမ်း စံနှုန်းများကို လိုက်နာသင်ကြားကြသည်။ ကျောင်းအများစုကြီးမှာကျောင်းဆင်တူဝတ်စုံ ထားရှိသည်။ စာသင်နှစ်မှာ ဖေဖေါ်ဝါရီလမှ နိုဝင်ဘာလအထိဖြစ်သည်။ စာသင်နှစ်အတွင်းကာလအပိုင်း ၄ ပိုင်း four school terms သတ်မှတ်ထားသည်။ ခရစ်စမတ်ပွဲတော် (သြဇီနွေရာသီ) မှာ ရက်အကြာရှည်ဆုံးကျောင်းပိတ်ရက်ဖြစ်သည်။ ၆ ပတ်အထိ ကျောင်းပိတ်ထားလေ့ရှိသည်။ စာသင်နှစ်အတွင်း ၂ ပတ်ကြာကျောင်းပိတ်ခြင်းကို ၃ ကြိမ် (အီစတာပွဲတော်၊ ဆောင်းရာသီ- ဇူလိုင်နှင့် နွေဦးရာသီ-အောက်တိုဘာ) ထားရှိသည်။
အစိုးရကျောင်းများ
            အစိုးရကျောင်းများကို ပြည်နည်အစိုးရ (သို့မဟုတ်) အထူးဒေသအစိုးရတို့က ဖွင့်လှစ်ကြခြင်းဖြစ်သည်။ အခမဲ့ပညာရေး စနစ်ဟု ဆိုနိုင်သော်လည်း ကျောင်းများက၀င်ကြေး၊ ကျောင်းပြင်ပစခန်းသွင်း လည်ပတ်ခြင်း school camp နှင့် သင်ရိုးဝင် လုပ်ငန်းစဉ်များ၊လေ့လာမှုများအတွက် ငွေကြေး တောင်းခံလေ့ရှိသည်။ အစိုးရအထက်တန်းကျောင်းများတွင် ပုံစံ၂ မျိုး ရှိနေသည်။ သတ်မှတ်မြို့နယ်ဒေသအတွင်းရှိ မည်သူမဆို တက်ရောက်ခွင့် ရှိသောopen government schools ကျောင်းများနှင့် မည်သည့်မြို့နယ်မှဖြစ်စေ လာရောက်တက်ရောက်နိုင်သောselective government schools ကျောင်းများဖြစ်သည်။ ဒုတိယအမျိုးအစား ကျောင်းများမှာကျောင်းဂုဏ်သိက္ခာနှင့် အရည်အသွေး ပိုမိုမြင့်မားလေ့ရှိသည်။ မူလတန်း နောက်ဆုံးနှစ်ဖြစ်သည့် ဆဌမတန်းတွင် စစ်ဆေးသောရမှတ်များအရ အတော်ဆုံး ကျောင်းသားများကိုသာ လက်ခံလေ့ရှိသည်။ ဤကျောင်းများတွင် ပညာရေးအရည်အသွေးနှင့် အထောက်အပံ့ကောင်းများ ပိုမို ရရှိတတ်သည်။ အားကစား၊ အနုပညာ၊ ဘာသာစကားတို့တွင်လည်းပိုမို စုံလင်စွာ ပံ့ပိုးပေးထားသည်။ တစ်နှစ်တာ ကျောင်းလခမှာ မူလတန်း ဒေါ်လာ ၁၀၀ မှ ၃၀၀၊အထက်တန်း ဒေါ်လာ ၃၀၀ မှ ဒေါ်လာ တစ်ထောင် အထိဖြစ်ပြီး မိသားစုဝင်ငွေအရ လွတ်ငြိမ်းခွင့်လျှောက်ထားနိုင်သေးသည်။
ကက်သလစ်နှင့် ပုဂ္ဂလိကကျောင်းများ
          ကက်သလစ်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှာလည်း အစိုးရ၏ဘဏ္ဍာငွေကြေး အကူအညီကို ရရှိနိုင်သည်။ ကက်သလစ်ကျောင်းများမှာ ပုဂ္ဂလိကကျောင်းများထက် ကျောင်းလခပိုမို သက်သာတတ်သည်။ ပုဂ္ဂလိကျောင်းများတွင် ကျောင်းလခနှင့် ၀င်ကြေးမှာ အလွန် ဈေးကြီးမြင့်လှသည်။ဂျပန်၊ ယူကေ၊ အမေရိကန်၊ တိုင်ဝမ်၊ စင်္ကာပူနှင့် ဟောင်ကောင်တို့နှင့် အပြိုင်ပညာရေးစနစ်ဟုဆိုရမည်။ ဆစ်ဒနီမြို့ရှိ ပုဂ္ဂလိကကျောင်းများမှာ လန်ဒန်နှင့် တိုကျိုရှိကျောင်းများထက်သုံးပုံတစ်ပုံခန့် ဈေးသက်သာသည်ဟု စစ်တမ်းများအရ သိရှိရသည်။ နယူးယောက်ကျောင်း များထက်လည်း၆၀ ရာခိုင်နှုန်း ဈေးသက်သာသည်။ ကက်သလစ်ကျောင်းများ၏ တစ်နှစ်တာ ကျောင်းလခမှာ မူလတန်းဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀၊ အထက်တန်း ဒေါ်လာ ၃၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်အထိဖြစ်သည်။ ပုဂ္ဂလိကျောင်းများ၏တစ်နှစ်တာ ကျောင်းလခမှာမူ မူလတန်း ဒေါ်လာ ၃၀၀၀ ခန့်နှင့် အထက်တန်း သြစီဒေါ်လာ တစ်သောင်းနှစ်ထောင်မှ နှစ်သောင်းခန့်အထိ ရှိနေတတ်သည်။ ပုဂ္ဂလိကကျောင်းများ၏ ရလဒ်များမှာ ပိုမိုသာလွန်နေလေ့ရှိပြီး ကျောင်းတွင်း လှုပ်ရှားမှုများနှင့် အားကစား၊ အနုပညာကဏ္ဍတို့အတွက်လည်းအမျိုးစုံစွာနှင့် အရည်အသွေးမြင့် ၀န်ဆောင်မှုတို့ကို ထားရှိသည်။
သက်မွေးကောလိပ်များနှင့် တက္ကသိုလ်များ
             အထက်တန်းအထက်ဆင့် senior secondary နောက်ဆုံးနှစ် ၁၂ တန်း(သို့မဟုတ်) TAFE ကောလိပ် ရမှတ်အပေါ် မူတည်ပြီး အဆင့်မြင့်ပညာ တက္ကသိုလ် ဆက်လက်တက်ရောက်ကြသည်။တက္ကသိုလ် ၄၀ ကျော်ခန့်ကို အစိုးရက ဘဏ္ဍာငွေကြေး ရန်ပုံငွေထောက်ပံ့ပေးထားပြီး ပုဂ္ဂလိကတက္ကသိုလ်၂ ခု ပါရှိသည်။ ဖွံ့ဖြိုးပြီး OECD နိုင်ငံများထဲတွင် တက္ကသိုလ်စရိတ် အကြီးမြင့်ဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်။ ၁၈၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဆစ်ဒနီတက္ကသိုလ်မှာ ရှေးအကျဆုံးတက္ကသိုလ်တစ်ခုဖြစ်သည်။ ပြည်နယ်အဆင့် တည်ထောင်ဖွင့်လှစ်ထားသော သက်မွေးသင်တန်းကျောင်းTAFE – technical and further education များတွင် အလုပ်သင်နှင့် သက်မွေးသင်တန်း အမျိုးမျိုးကိုလေ့လာနိုင်ကြသည်။ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း လူဦးရေ၏ ၅၈ ရာခိုင်နှုန်းမှာ တက္ကသိုလ်(သို့မဟုတ်) သက်မွေး TAFE ကောလိပ်ကျောင်းများမှ ဘွဲ့လက်မှတ် ရရှိထားကြသူများဖြစ်သည်။TAFE သက်မွေးကောလိပ်များတွင် တက်ရောက်နိုင်သော သင်တန်းများစွာရှိလေသည်။ သင်တန်းကာလမှာခြောက်လမှ ၂ နှစ်ခန့်အထိဖြစ်သည်။ စီးပွားရေးဘိဇနက်ပညာ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း၊ ဟိုတယ်နှင့် ခရီးသွား ၀န်ဆောင်မှုသင်တန်း၊ ဆောက်လုပ်ရေးပညာ၊ပုံဖေါ်မှုအနုပညာ၊ သတင်းအချက်အလက်နည်းပညာ၊ အင်ဂျင်နီယာဒီပလိုမာ၊မီဒီယာသင်တန်းများ၊ လူမှုရပ်ရွာစီမံခန့်ခွဲရေးပညာ၊ ဆေးဘက်အကူပညာ အစရှိသဖြင့် သက်မွေးအခြေခံသင်တန်းများစွာ ထားရှိသည်။ ဤသင်တန်းများမှ အောင်လက်မှတ် အဆင့် (၁) မှ အဆင့် ၄၊ ဒီပလိုမာဘွဲ့နှင့် ဘွဲ့ကြို associatedegree အဆင့်အထိ ပေးအပ်သည်။ သက်မွေးသင်တန်းအလိုက် ဘွဲ့လက်မှတ်နှင့် ဘွဲ့လွန် လက်မှတ်များလည်းပေးအပ်လာကြသည်။ လုပ်ငန်းခွင်သို့ ၀င်ရောက်နိုင်သော သက်မွေးပညာသင်တန်းများတွင် တက်ရောက်သူများပြားသည်။ အဆင့်မြင့် တက္ကသိုလ်သို့လည်း သက်ဆိုင်ရာ ပညာရပ်အလိုက် ပေါင်းကူးစနစ်ဖြင့်ဆက်လက် တက်ရောက်နိုင်ကြသည်။ ပြည်နယ်အလိုက် ကောလိပ် (သို့မဟုတ်) အင်စတီကျူ့ဟု ခေါ်ဆိုကြသောTAFE သင်တန်းကျောင်းများကို ပြည်နည်အစိုးရများက အဓိကအားဖြင့် တည်ထောင်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။နိုင်ငံတကာ ကျောင်းသားအများဆုံး နိုင်ငံလည်းဖြစ်သည်။
ဖက်ဒရယ်ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်ပညာရေးဌာနတို့၏တာဝန်ဝတ္တရားများ
Federal Department of Education and Tranining
                ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနသည် အောက်ပါတာဝန်ဝတ္တရားများကို ထမ်းဆောင်ရသည်။ဖက်ဒရယ် ပညာရေးမူဝါဒနှင့် အမျိုးသားအဆင့် အစီအစဉ်များ - စာသင်ကျောင်းမူများ၊ သက်မွေးပညာကျောင်းများ၊အဆင့်မြင့်ပညာရေး၊ ဌာနေ တိုင်းရင်းသားပညာရေး စသည်တို့ဖြစ်သည်။ ရွှေ့ပြောင်းနှင့် သက်ကြီးပညာရေးမူဝါဒတို့ကို ရေးဆွဲပေးသည်။ ပညာရေးနှင့် လေ့ကျင့်ရေး အသွင်းပြောင်းမူဝါဒနှင့် အစီအစဉ်များ၊ကျောင်းများတွင် သိပ္ပံပညာ စိတ်ပါဝင်စားရေး အစီအစဉ်များ၊ အလုပ်သင်နှင့် သက်မွေး လေ့ကျင့်ရေးအစီအစဉ်များ၊နိုင်ငံတကာကျောင်းသားများအတွက် ပညာရေးမူဝါဒ၊ ကျောင်းသားများနှင့် အလုပ်သင်များအတွက်ဝင်ငွေရရှိစေမည့် မူဝါဒများဖြစ်သည်။ ပညာရေးသုတေသန ရန်ပုံငွေနှင့် သုတေသီလေ့ကျင့် ပျိုးထောင်ခြင်းအစီအစဉ်များကိုလည်း ပံ့ပိုးပေးသည်။ ၂၀၁၃ ရွေးကောက်ပွဲတွင် ခရစ်စတိုဖါပိုင်းမှာ ဖက်ဒရယ်ပညာရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဓနသဟာယသြစတြေးလျားနိုင်ငံ ဘုရင်ခံချုပ်က ၀န်ကြီးချုပ်၏ထောက်ခံချက်ဖြင့် ဖက်ဒရယ်ဝန်ကြီးများကို ခန့်အပ်သည်။
              သြစတြေးလျားဓနဿဟာရနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးကို ပြည်နယ်နှင့်အထူးဒေသ အစိုးရများက အဓိကအားဖြင့် တာဝန်ယူဆောင်ရွက်ရသည်။ အစိုးရကျောင်းများအတွက် ဘဏ္ဍာငွေကြေးတာဝန်ယူရသည်။ အစိုးရမဟုတ်သော အခြားကျောင်းများအတွက် ဘဏ္ဍာငွေကြေး ပံ့ပိုးကူညီရသည်။ ကျောင်းမူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ပေးရသည်။ သင်ရိုးညွှန်းတမ်းနှင့် စံနှုန်းများကို သက်ဆိုင်ရာပြည်နယ်ကပြုစု ပြဌာန်းသည်။ ပြည်နယ်အစိုးရ၏ ပညာရေးစံနှုန်းများနှင့် သင်ရိုးညွှန်းတမ်း မူများအပေါ်အခြေခံလျက် ဖတ်စာအုပ်များကို ပြင်ပ ကျွမ်းကျင် ပညာရှင်များနှင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများကပြုစုရေးသား ထုတ်ဝေကြသည်။်
သိန်းနိုင် (မောက္ခပညာရေး)
ဆက်လက်ဖေါ်ပြပါမည်။ (သံလွင်တိုင်းမ်ဂျာနယ်၊ စက်တင်ဘာလ၊ ၂၀၁၅)
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး အပိုင်း (၁၁) ယဉ်ကျေးမှုများနှင့် လူမျိုးများ

ဖက်ဒရယ်ပညာရေး အပိုင်း (၁၁) ယဉ်ကျေးမှုများနှင့် လူမျိုးများ

ယဉ်ကျေးမှု Culture
            ဆရာ၊ ဆရာမအနေဖြင့်ဝတ်ထားသည့် အဝတ်အစား၊ နားဆင်သော တေးဂီတ၊ နေ့လည်က သုံးဆောင်ခဲ့သော အစားအစာ၊ သူငယ်ချင်းများနှင့်အတူတကွ လုပ်ဆောင်ချက်များ၊ အားလပ်ချိန်များတွင် အပန်းဖြေ အနားယူမှု ပုံစံနှင့် လူမှုဆက်ဆံရေးပုံစံများကို ပြန်လည်စဉ်းစားကြည့်ပါ။ ဤအရာအားလုံးနှင့် အခြားသော ကိုးကွယ်ယုံကြည်မှုဘာသာတရား၊ မိသားစု ဖွဲ့စည်းပုံနှင့် လူမှုတန်ဖိုးများ၊ စသည့် အရာများသည် ဆရာဆရာမ၏ ယဉ်ကျေးမှုအစိတ်အပိုင်းများ ဖြစ်ကြသည်။
ယဉ်ကျေးမှုကိုအဓိပ္ပါယ်ဖွင့်ဆိုရာဝယ် – လူမှုအုပ်စုတစ်ခု၏ သဘောထား အမြင်များ၊ စံနှုန်းတန်ဖိုးများ၊ဓလေ့ ထုံးတမ်းများနှင့် အပြုအမူပုံစံများကို ရည်ညွှန်းခြင်းဖြစ်သည်။
ယဉ်ကျေးမှု ဆိုသည်မှာ
            မနုဿဗေဒပညာရှင်များနှင့်လူမှုသိပ္ပံပညာရှင်များမှ နည်းအမျိုးစုံ၊ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည့် ယဉ်ကျေးမှုဆိုသည်မှာ ရှုပ်ထွေးနက်နဲသည့် သဘောတရားတစ်ခုဖြစ်သည်။ ၁၉၅၀ ဝန်းကျင်ကာလများ မတိုင်မီက- နေထိုင် ပြုမူမှုပုံစံများနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများ- ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။       
            ၁၈၇၁ ခုနှစ်တွင်ပညာရှင်တေလာ (Taylor) မှ ယဉ်ကျေးမှု culture ကို အဓိပ္ပါယ် ဖွင့်ဆိုရာဝယ် “- ဗဟုသုတ၊ယုံကြည်ကိုးကွယ်မှု၊ အနုပညာ၊ စာရိတ္တ၊ ဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် လူမှုအသိုင်းအဝိုင်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်လူသား၏ အခြားသော စွမ်းဆောင်နိုင်မများ၊ အလေ့အထများ ရောပြွမ်းထားသော အစုအဝေး-” ဟူ၍ဖွင့်ဆိုခဲ့လေသည်။သို့သော် များမကြာသေးမီက ၂၀ ရာစုနှောင်းပိုင်း ပညာရှင်များမှ အဓိပ္ပါယ် ဖွင့်ဆိုကြရာဝယ်အလေ့အထနှင့် အပြုအမူထက် “- ဘုံ တန်ဖိုး၊ စံနှုန်းများ၊ အသိပညာ၊ ကိုးကွယ် ယုံကြည်မှုများ၊သင်္ကေတများနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုများ-“ ကို ဇောင်းပေးထားကြသည်။
      ပညာရှင်ဂီးအာတ် (၁၉၇၃ ခုနှစ်ထုတ် ယဉ်ကျေးမှုများ၏ အဓိပ္ပါယ် ဖွင့်ဆိုခြင်း စာအုပ်) မှ “-နိမိတ်ပုံသင်္ကေတများတွင် ထည့်သွင်း၍ သမိုင်းစဉ် တစ်လျောက် လက်ဆင့်ကမ်းလာသည့် အဓိပ္ပါယ်များ၏ ပုံသဏ္ဌာန်၊ ဘ၀အဓိပ္ပါယ်နှင့် အတွေးအခေါ်ဆိုင်ရာ အသိပညာ၊ဗဟုသုတများ အတွက် လူသားများ၏ အပြန်အလှန် ဆက်ဆံခြင်း၊ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်းနှင့်ဖွံ့ဖြိုး တိုးတက်ခြင်းများ အလို့ငှါ နိမိတ်ပုံများတွင် ထည့်သွင်းဖေါ်ပြထားသည့် မျိုးရိုးစဉ်ဆက်အတွေးအမြင်များ စုစည်းထားရှိမှု-” ဟူ၍ ယဉ်ကျေးမှုကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ စပရက်ဒ်လေနှင့်မက်ကာဒီ (Spreadlay & McCardy) တို့မှ “လူမှုရေး အပြုအမူများ ဖြစ်ထွန်းစေရန်နှင့်အတွေ့အကြုံများကို အဓိပ္ပါယ် ဖွင့်ဆိုရန်အတွက် လူသားအနေဖြင့် လက်ခံရရှိထားသော ဗဟုသုတ”ဟူ၍ ဖွင့်ဆိုခဲ့သည်။ သူတို့မှ ပင်ဆက်ပြီး ဤသို့ဆွေးနွေးခဲ့ပါသည်။ “ယဉ်ကျေးမှုဆိုင်ရာအသိပညာမှာ အပြုအမူနှင့် အနုပညာပစ္စည်းများ ထုတ်လုပ်နိုင်ရန် အခြေခံ လိုအပ်ချက်ပင် ဖြစ်သည်။”ဘာသာဗေဒပညာရှင် ဂွတ်အီနာ့ဖ် (Goodenough) မှ အောက်ပါအတိုင်း ချဲ့ထွင် ရှင်းပြခဲ့ပါသည်။
“လူမှုအသိုင်းအဝိုင်းတစ်ခု၏ ယဉ်ကျေးမှုဆိုသည်မှာ အဖွဲ့ဝင်များမှလက်ခံနိုင်သော အပြုအမူအတိုင်း ပြုမူ လုပ်ဆောင်နိုင်ရန် သိနားလည်၍ ယုံကြည် လက်ခံမှုဖြစ်ပြီးမိမိမှ လက်ခံထားသည့် အခန်းကဏ္ဍအတိုင်း ပြုမူ ဆောင်ရွက်ရန် ဖြစ်သည်။ မျိုးရိုးဇီဝဖွဲ့စည်းမှုနှင့်ဖြစ်တည်နေမှုနှင့် မသက်ဆိုင်ဘဲ မိမိကိုယ်တိုင် လေ့လာဆည်းပူးရသည့် အရာဖြစ်သည့် “ယဉ်ကျေးမှု”၏ ကျိုးကြောင်းဆီလျော်ပြီး ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ လေ့လာသင်ယူမှု၏ နောက်ဆုံးထွက်ကုန်ပင် ဖြစ်ရပါမည်။”- ဤဖွင့်ဆိုချက်အရ =ယဉ်ကျေးမှု= ဆိုသည်မှာ ရုပ်သဘောဆောင်သည့်သဘောတရားတစ်ခု မဟုတ်ကြောင်း သိစေလိုပါသည်။ အရာဝတ္ထုပစ္စည်းများ၊ လူပုဂ္ဂိုလ်များ၊ အပြုအမူများ၊စိတ်ခံစားချက်များ သီးခြားအနေဖြင့် မဟုတ်ပါ။ ဤအရာအားလုံး၏ စုစည်းဖွဲ့စည်းမှုပင် ဖြစ်ပါသည်။လူများ စိတ်ထဲရှိတွင် အရာများ၏ ပုံသဏ္ဌာန်များ၊လက်ခံသိမြင်မှု ပုံစံများနှင့် ဤအရာများကို ဆက်နွယ်၍ သိနားလည်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် လူများ ပြောဆို လုပ်ကိုင်သော အရာများ၊ လူမှုရေးအရ စီစဉ်ထားရှိမှုများနှင့်ဖြစ်ရပ်များမှာ ရှင်သန်နေရသည့် ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံမှုများနှင့် သိမြင်နားလည်မှုများမှလက်တွေ့ အသုံးချသဖြင့် ဖြစ်ပေါ်လာသည့် ယဉ်ကျေးမှု၏ ထွက်ကုန် (သို့မဟုတ်) တွဲဖက် ထွက်ကုန်များပင်ဖြစ်လေသည်။ Multiculture education ” အသွေးအရောင်စုံယဉ်ကျေးမှု ပညာရေး၊ ဗဟုယဉ်ကျေးမှုပညာရေး-ပညာရှင်တစ်ဦးဖြစ်သူ အာဖရိကန်-အမေရိကန်လူမျိုး ဂျိမ်းစ်ဘဏ် James Banks မှ ++လူမှုအသိုင်းအဝိုင်းအတွင်းရှိ အုပ်စုတစ်ခုကို ပုံဖေါ်ထားသော သဘောထားအမြင်များ၊ တန်ဖိုးစံနှုန်းများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အပြအမူပုံစံများ ဖြစ်သည်++ - ဟူ၍ ဆွေးနွေးခဲ့သည်။ အစားအသောက် စားသောက်ခြင်း အလေ့အထကဲ့သို့သောအခြေခံကျသည့် ပြုမူလုပ်ဆောင်ခြင်းတွင်ပင် ယဉ်ကျေးမှု၏ ကြီးမားသော သက်ရောက်မှုများကိုလေ့လာတွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် – ယဉ်ကျေးမှုမှာ မည်သည့် အစားအစာမျိုးကို စားသုံးကြသည်ဟူ၍ဆုံးဖြတ်ချက် ပေးသည်သာ မကဘဲ စားသောက်သည့် အချိန်ကာလ၊ တစ်နေ့ ၁ နပ်၊ ၂ နပ်၊ (သို့မဟုတ်)၃-၄-၅ ကြိမ် စားသောက်ခြင်း၊ မည်သူနှင့် စားသောက်သည် (မိန်းကလေး အချင်းချင်း၊ ယောက်ျားလေးအချင်းချင်း)၊(ကလေးများနှင့်အတူ၊ (သို့မဟုတ်) သီးသန့်၊ (သို့မဟုတ်) ဘိုးဘွားအပါအဝင် ဆွေမျိုးမိသားစုအားလုံး)၊စားသောက်ပုံ (ဇွန်း၊ ခက်ရင်း (သို့မဟုတ်) တူ၊ လက်ဖြင့် – ဘယ်ဖက်၊ ညာဖက်)၊ လူကြီးသူမများကိုဦးချခြင်း၊ စားဦးစားဖျားကို ဆွမ်းတင်ခြင်း၊ မစားမီ ဆုတောင်းခြင်း၊ နတ်တင်ခြင်း၊ တိတ်ဆိတ်စွာစားသောက်ရခြင်း (သို့မဟုတ်) ဆူညံစွာ ဆွေးနွေးစကား ပြောခြင်း၊ စသည်ဖြင့် ကွဲပြား ခြားနားမှုများစွာရှိနေပါသည်။
            မည်သည့်လူမှုအသိုင်းအဝန်းတွင်မဆို ဤကဲ့သို့ မတူညီ ကွဲပြား ခြားနားသော ယဉ်ကျေးမှုတို့ ပါရှိနေပါသည်။မိမိ၏ ယဉ်ကျေးမှုနောက်ခံသမိုင်းနှင့် အမွေအနှစ်များကို အလုံးစုံ သိနားလည်နိုင်ရန်နှင့်ထိတွေ့ဆက်ဆံနိုင်ခွင့်တို့မှာ လူအများအတွက် မလွယ်ကူပါချေ။ အချို့မှာ ယဉ်ကျေးမှုများစွာနှင့်ထိတွေ့ ဆက်ဆံခွင့် ရရှိကြပြီး အသွင်အပြင် အမျိုးအစား စုံလင်စွာ သိမြင် နားလည်မှု၊ လက်ခံယုံကြည်မှု၊ပြုမူလုပ်ဆောင်မှုနှင့် တန်ဖိုးဖြတ်မှု စံနှုန်းများ တိုးတက်သိမြင်ခွင့် ရရှိနိုင်ပါသည်။မွေးဖွား ကြီးပြင်းလာရသည့် နေရာဒေသနှင့် အချိန်ကာလမှာ တစ်ဦးချင်း၏ လက်ခံနားလည်ထားရှိသည့်ယဉ်ကျေးမှု၊ (သို့မဟုတ်) ယဉ်ကျေးမှုများအပေါ် သက်ရောက်မှုများရှိသည်။ မိသားစု၊ ပတ်ဝန်းကျင်၊နယ်မြေဒေသ၊ တိုင်းပြည်နှင့် ခေတ်ကာလများ အားလုံးမှာ ခြားနားမှုရှိပါသည်။ နုငယ်သော ဘ၀၏အစဦးပိုင်း နှစ်ကာလများတွင် လေ့ကျင့် ပြောဆိုရမည့် ဘာသာစကား၊ အယူအဆများနှင့် တစ်ပုံစံတည်းသတ်မှတ် ထားရှိချက်များ၊ ကိုးကွယ် ယုံကြည်မှု ဘာသာတရားများ၊ ကိုယ်နှုတ် အမူအရာနှင့် အပြုအမူများအတွက်မိမိ၏ ရွေးချယ်ပိုင်ခွင့်မှာ များစွာ မရှိပါချေ။ ထို့အပြင် အကယ်၍သာ ယဉ်ကျေးမှု တစ်ခုတည်းဖြင့်သာရင်းနှီးကျင်လည်ရပါမူ မိမိ၏ ယဉ်ကျေးမှုသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ယူဆတတ်ပြီးယဉ်ကျေးမှုဟူ၍ပင် မသိမြင်နိုင်ပါ။ မိမိ၏ ယဉ်ကျေးမှု တစ်ခုတည်းသာ ရှိသည့်အတွက် ကြောင့်ဖြစ်သည်။ယဉ်ကျေးမှုပိုင်းဆိုင်ရာ တိုးတက် သိမြင်ရန်အတွက် အခြားမတူသော ယဉ်ကျေးမှု ပုံစံများမှအခြားသူများ အနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအပေါ် သိမြင်မှု၊ (သို့မဟုတ်) တလွဲ နားလည်မှုတို့ကိုလေ့လာရန် လိုအပ် သည်။
            လူမျိုးတစ်မျိုးနှင့်တစ်မျိုးလက်ခံ ထားရှိသည့် စံနှုန်းများ၊ အပြုအမူများ၊ စရိုက် လက္ခဏာများနှင့် အတွေးအခေါ်၊အယူအဆများမှာ မတူညီကြပါ။ တစ်ဦးချင်းပင်လျှင် အနုစိတ် ကွဲပြားခြားနား တတ်ကြသည်။ ဥပမာအားဖြင့်လက်မထပ်ရသေးမီ အတူ နေထိုင်ကြခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ရွယ်တူသူငယ်ချင်းများ ကဲ့သို့ ဆက်ဆံရေး ထားရှိခြင်း၊ စာသင်ခန်းတွင်း မေးခွန်းများ မေးမြန်းစေခြင်း၊မိဘများမှ သားသမီးများအပေါ် လွတ်လပ်စွာ ဆုံးဖြတ်စေခြင်း၊ လိင်တူဆက်ဆံခြင်း၊ သက်ကြီးရွယ်အိုများကို သီးခြား နေထိုင်စေခြင်း စသည့် အနောက်တိုင်း နိုင်ငံများတွင် အသားကျလက်ခံ ကျင့်သုံးနေသည့် စနစ် (ယဉ်ကျေးမှု) များကို မြန်မာလူမှု အသိုင်းအဝိုင်းတွင် လက်ခံနားလည်ရန် များစွာ အခက်အခဲရှိမည်ဖြစ်သည်။ ဤနည်းနှင်နှင်ပင် ထိုသူများမှလည်း မြန်မာတို့၏ယဉ်ကျေးမှုတို့ကို သိနားလည်ရန်မှာ အခက်အခဲ ရှိမည်သာ။ မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုများအကြားတွင်လည်း ယဉ်ကျေးမှု အစဉ်အလာများ၊ လူနေမှုပုံစံများနှင့် လက်ခံကျင့်သုံးသည့် ရိုးရာဓလေ့များ မတူညီကြပါ။ ဤကွဲပြား ခြားနားမှုများသည် တစ်မျိုးနှင့်တစ်မျိုး ထိတွေ့ဆက်ဆံကြရာဝယ်အပြန်အလှန် လေ့လာ သတိထားသင့်သည့် အရာများပင် ဖြစ်ပါသည်။
         အဘယ်ကြောင့်မိမိတို့ ဤသို့ပြုမူကျင့်ဆောင်ကြသည်၊ အမှန်တရားကို သိမြင်နားလည်ပုံ၊ အစစ်အမှန်ဟု ယုံကြည်လက်ခံသည့် အရာ၊ ဖန်တီး တည်ဆောက်ထားရှိမှုများ၊ ကောင်းမြတ်ပြီး၊ လိုလားအပ်သည့်အရာဟူ၍မိမိတို့မှ ယူဆထားချက်များ၊ အစရှိသည်တို့ကို နှိုင်းယှဉ် လေ့လာနိုင်ရန်အတွက် မိမိ၏ ယဉ်ကျေးမှုများနှင့်အခြားသူများ၏ ယဉ်ကျေးမှုများကို သိရှိ နားလည်ရန်မှာ လွန်စွာ အရေးကြီးလှပါသည်။
            မြန်မာနိုင်ငံကဲ့သို့မတူညီ ကွဲပြားခြားနားသည့် တိုင်းရင်းသား ယဉ်ကျေး မှုများစွာရှိသည့် လူမှုအသိုင်းအဝိုင်းတွင်လူများစု တိုင်းရင်းသားများနှင့် လူနည်းစု တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများ ယှဉ်တွဲလျက်တည်ရှိနေကြပါသည်။ လူမျိုး တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် လေးစားစွာ ဆက်ဆံနိုင်ခြင်းဖြစ်ထွန်းစေရန်နှင့် မလိုမုန်းတီးမှုနှင့် ဘက်လိုက်ဆက်ဆံခြင်းများ၊ ခွဲခြား ဆက်ဆံခြင်းများကိုတွန်းလှန်ရန်မှာ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၏ ယဉ်ကျေးမှုများကို သိရှိနားလည်ထားရန်အရေးကြီးပါသည်။ မိမိ၏ ဘာသာနှင့် လူမျိုး တစ်မျိုးတည်းကိုသာ အလွန်အမင်း ဗဟိုပြု တွေးခေါ်စဉ်းစားခြင်း(Ethnocentrism) ကိုရှောင်ကြဉ်ရန်မှာ မရှိမဖြစ် လိုအပ်ပါသည်။ အထူးသဖြင့် ကျောင်း စာသင်ခန်းများတွင်း၌လူမျိုးရေးအမြင် မှန်ကန် လေးနက်စေရန်အတွက် ပညာရေးနှင့် သင်ရိုးညွှန်းတမ်းများမှ လေ့ကျင့်ပေးသင့်သည်။ကျောင်းသူ၊ ကျောင်းသားများကို မိမိနှင့် အခြားသူများ၏ မတူသော လူမျိုး၊ ဘာသာတရားနှင့်ယဉ်ကျေးမှုများကို နားလည် လေ့လာတတ်စေရန်နှင့် သင်ခန်းစာများ သင်ကြားခြင်း၊ လေးစားနိုင်ရန်မှန်ကန်သော လမ်းညွှန်မှုများ၊ ဘက်လိုက်မှု ကင်းသည့် ရပ်တည်ချက်များကို စံနမူနာပြ ပြုလုပ်ရန်လိုအပ်လေသည်။
Diversity-Shutterstock-998x615
လူမျိုးစု ethnicity
            ယဉ်ကျေးမှု၏ထင်ရှားပြီး အရေးကြီးသော အစိတ်အပိုင်း တစ်ခုမှာ ==လူမျိုးရေး++ နအ့ညငခငအပ နောက်ခံပင်ဖြစ်သည်။လူမျိုးစုကို – ဇာတိမျိုးရိုး၊ မိမိ၏ ဘိုးဘွားမိဘများ ဆင်းသက်လာခဲ့သည့် နယ်မြေဒေသ၊တိုင်းနိုင်ငံနှင့်ယှဉ်၍ မိမိကိုယ်ကို လက်ခံ သတ်မှတ်ထားချက် – ဟူ၍ ဖွင့်ဆိုကြသည်။ လူမျိုးစုတစ်ခုအတွင်းရှိသူများသည် တူညီသော သမိုင်းကြောင်း၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာများနှင့်တန်ဖိုးစံနှုန်းများ ထားရှိကြသည်။ လူမျိုးနွယ်စု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရားနှင့် နယ်မြေဒေသများဖြင့်လည်းခွဲခြားထားလေ့ရှိသည်။ လူမှု အသိုင်းအဝန်းတွင်း၌ အခြားအုပ်စုများနှင့် မတူညီဘဲ သီးသန့်ဖြစ်တည်မှုများ ရှိနေခြင်းပင်ဖြစ်ပါသည်။ သိသာ ထင်ရှားမှုများမှာ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာ၊သို့မဟုတ် ဘာသာစကားနှင့် ယဉ်ကျေးမှု မတူညီခြင်းတို့ ဖြစ်နိုင်ပါသည်။ လူနည်းစုအနေဖြင့်ယေဘုယျ သတ်မှတ်နိုင်သော်လည်း လူအများစု လူမျိုးစုလည်း အပါအဝင် ဖြစ်သည်။ မြန်မာပြည်တွင်လူအများစု လူမျိုးစုကို ဗမာဟု သတ်မှတ်နိုင်ပြီး ပြည်နယ်များတွင် ဥပမာ မွန်ပြည်တွင်လူအများစု လူမျိုးစုကို မွန်လူမျိုးဟု သတ်မှတ်ပုံမျိုးဖြစ်၏။
            မြန်မာနိုင်ငံ၏လူဦးရေ သုံးပုံတစ်ပုံကျော်မှာ လူနည်းစု တိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြသည်။ အဓိကလူမျိုးစုကြီး ၈ စုနှင့် လူမျိုးစုငယ်များ ၇၀ ခန့်ရှိသော နိုင်ငံဖြစ်ပါသည်။ (လူမျိုးစုအရေအတွက်ကိုလွတ်လပ်သော သုတေသနပြုလုပ်ရန် လိုအပ်နေဆဲ)။ ဘာသာစကား ကွဲပြားမှုများစွာ ရှိနေပြီး ရိုးရာအစဉ်အလာများ မတူညီကြပါ။ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ဗမာတိုင်းရင်းသားများ ဖြစ်ခြင်းသည်ဗမာလူမျိုးကို နိုင်ငံ၏ လူအများစု လူမျိုးစု majority အဖြစ်လည်းကောင်း၊ ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးများမှာ လူနည်းစုလူမျိုးစုများ minorities အဖြစ် လည်းကောင်းသတ်မှတ်ထားလေ့ရှိကြသည်။ တောင်ပေါ်၊ တောင်တန်း၊ ကုန်းမြင့်၊ မြေပြန့်၊ မြစ်ဝကျွန်းပေါ်၊အညာ၊ အကြေ၊ ပင်လယ်ကမ်းစပ်၊ မြို့ပြ၊ ကျေးလက်တောရွာ အစရှိသဖြင့် ဒေသ အစုံအလင်တွင် ရှင်သန်နေထိုင်မှု ဘ၀ပုံစံများလည်း မတူညီကြပါ။ လူဦးရေ အချိုးအစားမှာလည်း ကွာဟချက် ကြီးမားပါသည်။နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်မှုနှင့် လူ့အခွင့်အရေးတို့ ဆုံးရှုံးနေခဲ့မှုများကြောင့်လည်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အမွေအနှစ် များမှာ ဆုံးရှုံး ပျောက်ကွယ်လျက် ရှိပါသည်။မိမိ၏ ဘိုးဘွား၊ မိရိုးဖလာ ဘာသာစကားများ၊ ယဉ်ကျေးမှုစံနှုန်းများ၊ လူမျိုးစုဒဿများ၊ ဘ၀တန်ဖိုးများကိုလွတ်လပ်စွာ ထုတ်ဖေါ်ခွင့် မရရှိခဲ့ခြင်းနှင့် လူမျိုးကြီးများအတွင်း အတင်းဝါးမျို သွတ်သွင်းခံရခြင်း များကြောင့်လည်း တိုင်းရင်းသား ဘာသာစာပေနှင့် အဖိုးတန် ရိုးရာဓလေ့များစွာမှာတိမ်ကော ပျောက်ကွယ်လုနီးပါး အခြေအနေဆိုး များနှင့် ရင်ဆိုင်နေရပါသည်။ ဆယ်စုနှစ်များစွာပင်ကျောင်းပညာရေးမှ လူမျိုးစုများ၏ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူနေမှုစနစ်များနှင့် ရိုးရာဓလေ့များကိုအသိအမှတ်ပြု သင်ကြားခြင်းမရှိခဲ့သည့် အကျိုးဆက်အနေဖြင့် မိမိ၏ ကိုယ်ပိုင်နှင့် အခြားသူများ၏သမိုင်းကြောင်းကို မသိ နားမလည်ခြင်း၊ တလွဲနားလည်ခြင်း၊ ယဉ်ကျေးမှုများအပေါ် တန်ဖိုး မထားတတ်ခြင်းများဖြင့်လည်း ရင်ဆိုင်ကြုံ တွေ့နေကြရသည်။
            ထို့အပြင်နိုင်ငံတော်၏ နေရာအနှံ့အပြားတွင် လူမျိုးများ ရောယှက်စွာ နေထိုင်လျက် ရှိနေကြသည်မှာ၂၁ ရာစု အစပိုင်း မြန်မာနိုင်ငံ၏ ထင်ရှားသော လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့်ဇာတိရပ်ရွာတို့ကို စွန့်ခွါ၍ တနယ်တကျေးတွင် အခြေချ နေထိုင်လာမှုများ ပိုမိုများပြားလျက်လည်းရှိသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ဤတွင် နိုင်ငံတော် တစ်ဝှမ်းရှိ ကျောင်း စာသင်ခန်းများတွင်ယဉ်ကျေးမှုနှင့် လူမျိုးရေး နောက်ခံ မတူညီသော ကျောင်းသူ၊ ကျောင်းသားများစွာတို့ ရှိနေလေသည်။စာသင်ခန်းများမှာ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားတတ်စေရန်နှင့် မိမိနှင့် မတူညီဘဲကွဲပြားခြားနား သူများအပေါ် နားလည်မှု ရှိစေရန်၊ သည်းခံတတ်စေရန်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်တတ်စေရန်တို့ကို လေ့လာသင်ယူခွင့် ရရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းနှင့် ကျောင်းတွင်းလှုပ်ရှားမှုများဖြင့်ဖန်တီး တည်ဆောက်ရမည် ဖြစ်သည်။
            နိုင်ငံတကာတွင်ဗဟုပညာရေးစနစ် (သို့မဟုတ်) အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေး (Multicultureeducation) ကို မိတ်ဆက်ခဲ့ကြသူများသည် ဤမတူညီ ကွဲပြား ခြားနားသော လူမျိုးရေး အခြေခံအချက်အပေါ်တွင် ခွဲခြား ဆက်ဆံမှုများ၊ ဖိနှိပ် ချုပ်ချယ်မှုများ၊ လူ့အခွင့်အရေး ဆုံးရှုံးနေရခြင်းများနှင့်လူမျိုးစု အခွင့်အရေးများ မရရှိခြင်းများကို မကျေနပ်မှုများမှ စတင် လှုပ်ရှား ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံအသီးသီးမှ လူမျိုးပေါင်းများစွာ ကမ္ဘာ့စစ်ကြီးများအပြီးတွင် နိုင်ငံပြောင်းရွှေ hနေထိုင်လာခဲ့ကြရာမှ လူ့ယဉ်ကျေးမှု ဗဟုဝါဒ (Culturalpluralism) ကို အကောင်အထည်ဖေါ် ကျင့်သုံးရန်အတွက် လှုံ့ဆော်မှုများမှလည်း အသွေးအရောင်စုံယဉ်ကျေးမှု ပညာရေးကို စတင် ကျင့်သုံးလာ ခဲ့ကြပါသည်။
            မတူညီကွဲပြားခြားနားသော ယဉ်ကျေးမှု နောက်ခံအမျိုးမျိုးတို့ ရှိကြသည့် ကျောင်းသူ၊ ကျောင်းသားများသည်စာသင်ခန်းများတွင်းသို့ သူတို့၏ ယဉ်ကျေးမှုများ၊ တန်ဖိုးစံနှုန်းများနှင့် ရိုးရာဓလေ့များကိုယူလာကြပါသည်။ သို့ဖြစ်ခြင်းကြောင့် သူတို့သည် စာသင်ခန်းများတွင် ယဉ်ကျေးမှုများစွာတို့ဆက်စပ် ယှက်နွယ်မှုများကို ဖြစ်ပေါ်စေသည်။ ဤတွင် စာသင်ယူ လေ့လာခြင်းများ၌ မတူညီသော ယဉ်ကျေးမှုပုံစံများကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာပါသည်။
            မြန်မာနိုင်ငံ၏ပညာရေးသင်ရိုးညွှန်းတမ်းများတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရသည်အချိန်မှ စတင်၍ ခေတ် အဆက်ဆက်အာဏာရ မည်သည့်အစိုးရကမှ လူမျိုးစုများ၏ ဘာသာစာပေ၊ သမိုင်းအစဉ်အလာများ၊ ရိုးရာဓလေ့များ၊ယဉ်ကျေးမှုများကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်းတွေ့ ရှိရသည်။ အထူးသဖြင့် ဗမာလူမျိုးများ၏ဗမာစာပေနှင့် တန်ဖိုးစံနှုန်း တစ်ခုတည်းကိုသာ အလွန်အမင်း ဦးစားပေး သင်ကြားခြင်းနှင့်တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုများမှာ အသိအမှတ်ပြု ထည့်သွင်း စဉ်းစားခြင်းများမပြုလုပ်ခဲ့ကြပါ။ လူမျိုးစု တိုင်းရင်းသားတို့၏ ဒေသများ၌လည်း မိခင်ဘာသာစာပေကို လေ့လာခွင့်မရရှိခြင်းနှင့် ရိုးရာယဉ်ကျေးမှုများကို ဖေါ်ထုတ်ခွင့် မရရှိခြင်းများအပြင် ဖိနှိပ်ချုပ်ချယ်မှုများဖြင့်၂၁ ရာစုအစပိုင်း မြန်မာ တိုင်းရင်းသားများမှာ ရင်ဆိုင် နေကြရဆဲဖြစ်သည်။ ပညာရေးဆိုင်ရာသင်ရိုးညွှန်းတမ်းများနှင့် စာသင်ကြားခြင်းနှင့် သင်ယူ လေ့လာမှု လုပ်ငန်းစဉ်များမှာ လက်ရှိဘ၀များနှင့်ဒေသအသီးသီး၏ စာပေ၊ ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေမှု မရှိခြင်း တို့သည် ပညာရေးဆိုင်ရာဆုတ်ယုတ်မှုနှင့် စံနှုန်းတန်ဖိုးများ ကျဆင်း လာရခြင်း၏ အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်ပါသည်။
ယဉ်ကျေးမှုအရ လိုက်လျောညီထွေရှိသည့် စာသင်ကြားခြင်း နည်းဗျူဟာများ Teaching and learning in a multicultural classroom
            ယဉ်ကျေးမှုအရလိုက်လျောညီထွေရှိသည့် စာသင်ကြားခြင်းသည် စာသင်ခန်းတွင်း၌ မတူ ကွဲပြားခြားနားသော ယဉ်ကျေးမှုများတည်ရှိနေမှုကို အသိအမှတ်ပြုပြီး ဤမတူညီ ကွဲပြားခြားနားမှုများနှင့် လိုက်လျောညီထွေဖြစ်မည့်သင်ကြားနည်း စနစ်များကို ဖန်တီးခြင်းပင်ဖြစ်ပါသည်။ အောက်ပါအချက်များသည် ဆရာ၊ ဆရာမများကိုစာသင်ကြားရာတွင် အထောက်အကူ ဖြစ်စေပါသည်။
•           မိမိ၏အချိန်ပေးပြီး အားလုံး၏ မတူသော ယဉ်ကျေးမှုများအပေါ် စိတ်ဝင်စားမှုရှိကြောင်း လက်တွေ့ ပြသပြီးကရုဏာ တရားဖြင့် မျှတစွာ ဆက်ဆံပါ။
•           ကျောင်းသူ၊ကျောင်းသား အားလုံးအပေါ် တန်းတူညီမျှစွာ ပြုမူဆက်ဆံပြီး သင်ယူ လေ့လာမှုများတွင် အားလုံးပါဝင် ဆောင်ရွက်နိုင်ခွင့် ပေးပါ။ ကလေးများအချင်းချင်း ခွဲခြား ဆက်ဆံ၊ ပြုမူ၊ ပြောဆိုမှုများကိုချက်ခြင်း အရေးယူပါ။
•           မတူညီသောယဉ်ကျေးမှုများအတွက် လူမျိုးစုကလေးဗဟိုပြု သင်ကြားနည်း အမျိုးမျိုးကို အသုံးပြုပါ။
•           စာသင်ကျောင်းနှင့်လူမှုအသိုင်းအဝန်းသို့ မတူသော ယဉ်ကျေးမှု အသီးသီးတို့မှ အားဖြည့်ပေးမှုများကို ဆရာ၊ ဆရာမများမှတန်ဖိုးထားကြောင်း ပြသပါ။
•           ယဉ်ကျေးမှုများနှင့်လူမျိုး အခြေခံ မတူညီသော ကျောင်းသူ၊ ကျောင်းသားများ အတူတကွ ပူးပေါင်း လေ့လာ သင်ယူနိုင်ခွင့်များကိုဖန်တီးပေးပါ။
             ယဉ်ကျေးမှုအရလိုက်လျောညီထွေရှိသည့် စာသင်ကြားခြင်းသည် ခံစားချက်များ၊ သဘောထားအမြင်များနှင့် တန်ဖိုးများနှင့်များစွာ သက်ဆိုင်ပါသည်။ ကျောင်းသူ၊ ကျောင်းသားအားလုံးမှ မိမိတို့ကို တန်ဖိုးထားခြင်းများ၊အသိအမှတ် ပြုခြင်းများ၊ ဂရုစိုက်ခြင်းများ၊ စာသင်ခန်းနှင့် ကျောင်းတွင် နွေးထွေးစွာပြုမူ ဆက်ဆံခြင်းများနှင့် အတန်းထဲတွင် သူများနည်းတူ အခွင့်အရေးများ ရရှိခြင်းတို့ကိုလိုလားကြပါသည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးရေးအရ လူနည်းစုဖြစ်သည့် ကျောင်းသူ၊ကျောင်းသားများမှာ အခါများစွာတွင် အထီးကျန်ဆန်နေတတ်ခြင်းနှင့် အရောတဝင် ဆက်ဆံမှု မခံရခြင်းများကြောင့်သူတို့ အတွက်မှာ ဤအချက်သည် လွန်စွာ အရေးကြီးပါသည်။
စာသင်ခန်းများတွင် တိုင်းရင်းသားယဉ်ကျေးမှုနှင့် လူမှုစီးပွားနောက်ခံ အခြေအနေများကို ထည့်သွင်း စဉ်းစားခြင်း
(၁) ဆရာ၊ ဆရာမတို့သင်ကြားနေသည့် ကျောင်းနှင့် ပတ်ဝန်းကျင်လူမှု အသိုင်းအဝိုင်းရှိ တိုင်းရင်းသား ယဉ်ကျေးမှုများ အကြောင်းကို သိနားလည်ရန် လေ့လာထားပါ။
မူလတန်းအဆင့် – တတိယတန်း ဆရာ၊ ဆရာမများမှ ကျောင်းသူ၊ ကျောင်းသားများ၏လူမျိုးစု ပွဲတော်များအကြောင်းနှင့် အားလပ်ရက် တွင် မိမိတို့လူမျိုးစုများ၏ ပြုလုပ်သည့်အလေ့အထများ အကြောင်းကို ကျောင်းသူ၊ ကျောင်းသားများအား ပူးပေါင်း လေ့လာစေပြီး ရှင်းလင်းဆွေးနွေးသည်။ မတူညီ၊ ကွဲပြားသော လူမျိုးစုများ၏ ယဉ်ကျေးမှုများကို ထင်ဟပ်စေသည့် စာသင်ခန်းတွင်း“လူမျိုးစုပွဲတော်များ” ကို ဖန်တီးပြီး မိဘများနှင့် ရပ်ရွာတွင်း ကျွမ်းကျင်သူများကိုဖိတ်ခေါ်၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ပုံစံပြသင်ကြားခြင်းများကို ပြုလုပ်သည်။
အလယ်တန်းအဆင့် – ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် မိခင် ဘာသာစကား(သို့မဟုတ်) မြန်မာစာသင်ခန်းစာတွင် ကျောင်းသူ၊ ကျောင်းသားများ “ကျွန်ုပ်၏အကြောင်း”ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးသားကြရန်ဖြစ်သည်။ အကြိုက်ဆုံး အစားအစာနှင့် အနှစ်သက်ဆုံးဝါသနာ၊ စိတ်ဝင်စားရာ တေးဂီတ၊ မိဘများ၏ နောက်ခံမျိုးရိုး၊ စသည့် အချက်အလက်များ ပါဝင်ရမည်ဖြစ်သည်။ကျောင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေမှုများ၊ မိမိနှစ်သက်သည့် အရာများ၊ မကြိုက်သည့်အရာများကိုလည်း ထည့်သွင်း ဆွေးနွေးကြသည်။ ဆရာ၊ ဆရာမများ ကိုယ်တိုင်လည်း ဤအကြောင်းအရာများပါဝင်သည့်“မိမိတို့၏ အကြောင်း” ခေါင်းစဉ်ဖြင့်ပင် စာစီစာကုံး တစ်ပုဒ်ရေးသားပြီး ကျောင်းသူ၊ ကျောင်းသားများနှင့်အတူတကွ ဆွေးနွေးသင့်ပါသည်။
အထက်တန်းအဆင့် - ကမ္ဘာ့ ဘာသာတရားကြီးများအကြောင်းကို လူမှုသိပ္ပံဘာသာရပ်၊ ပြည်သူ့နီတိတို့တွင် ထည့်သွင်း ဆွေးနွေးသင့်သည်။ မတူ ကွဲပြား ခြားနားသောဘာသာတရားကြီးများ၏ တူညီသော သွန်သင်ဆုံးမမများ (ဥပမာ – ချစ်ချင်းမေတ္တာတရား၊ ရိုးသားမှု၊သည်းခံတတ်ခြင်း၊ ဖေးမ ကူညီမှု) တို့ကို ထုတ်နှုတ်၍ ဆွေးနွေးကြမည်။ ကမ္ဘာ့ဘာသာ တရားကြီးများ၏နောက်ခံသမိုင်းများနှင့် လက်ရှိ ကိုးကွယ် ယုံကြည်မှုများကို သင်ကြားရာတွင် မည်သည့် ဘာသာတရားကိုမှ မထိခိုက်စေဘဲ အတူတကွ လေ့လာ သုတေသန ပြုလုပ်ကြပြီး ဆွေးနွေးတင်ပြနိုင်သည်။ ရပ်ရွာ၊ဒေသတွင်းရှိ ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး တစ်ခုချင်းစီအလိုက် ဆွေးနွေးစေသည်။ဘာသာတရားများမှ လူ့ ယဉ်ကျေးမှုနှင့် လောကကို အကျိုးပြုပုံများနှင့် အချင်းချင်း အပြန်အလှန်လေးစားစွာ ဆက်ဆံတတ်စေရန်တို့ကို အဓိကအားဖြင့် ထင်ရှားစေပါသည်။
(၂) ဒေသတွင်းရှိ လူမျိုးစုများ၊ လူနည်းစုများ၏ ယဉ်ကျေးမအသီးသီးနှင့်ဆက်နွယ်နေသော လူမှုဆက်ဆံရေး တန်ဖိုး စံနှုန်းများ၊ အနုပညာများ၊ သမိုင်း အစဉ်အလာများကိုလေ့လာထားသင့်သည်။
မူလတန်းအဆင့် – ဒုတိယတန်း ဆရာ၊ ဆရာမများအနေဖြင့် ယဉ်ကျေးမှုအားလုံးရှိ ယဉ်ကျေး သိမ်မွေ့ခြင်း၊ လေးစားစွာဆက်ဆံခြင်း စသည့် စံနှုန်းတန်ဖိုးများကိုထုတ်နှုတ် ဆွေးနွေးသင်ကြားသည်။ မတူသော လူမျိုးများ၏ ဤ စံနှုန်းတန်ဖိုးများနှင့် နေထိုင်မှုပုံစံများကိုမည်သည့် လူမျိုးစုကိုမှ မထိခိုက်စေဘဲ ကျောင်းသူ၊ ကျောင်းသားများ အချင်းချင်း ဆွေးနွေးစေမည်။
အလယ်တန်းအဆင့် – ပန်းချီဘာသာရပ် သင်ကြားသူ ဆရာ၊ ဆရာမ အနေဖြင့်လူမျိုးစုများ၏ ပန်းချီ အနုပညာဆိုင်ရာ ရုပ်ပုံ ကားချပ်များကို စာသင်ခန်းတွင်း ချိတ်ဆွဲထားခြင်း၊ကျောင်းသူ၊ ကျောင်းသားများကို ဖန်တီးစေခြင်းနှင့် ဤအနုပညာ၏ တန်ဖိုး၊ အရည်အသွေးနှင့်မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာမှုကို ပံ့ပိုး ကူညီနေမှုများကို ဆွေးနွေးကြသည်။
အထက်တန်းအဆင့် – ထင်ရှားသော လူမျိုးစု ခေါင်းဆောင်များ၏ ရုပ်ပုံများကိုစာသင်ခန်းတွင်း၌ ချိတ်ဆွဲထားခြင်း၊ လူမျိုးစုများနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွား(စာပေ၊ အနုပညာ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စသည်) ကို မည်သို့ ထွန်းကားစေရန်အကျိုးပြု ဆောင်ရွက်ခဲ့သည်များကို ဆွေးနွေးကြသည်။ ဘ၀ အတ္ထုပ္ပတ္တိများကို သုတေသနပြု လေ့လာစေခြင်း၊စာသင်ခန်းတွင်း တင်ပြ ဆွေးနွေးခြင်းများကို ပြုလုပ်ကြမည်။ လူမျိုးစုများအတွင်းရှိ နယ်ပယ်အလိုက်ထင်ရှားသော အမျိုးသမီးခေါင်းဆောင်များ၏ အကြောင်းကိုလည်း လေ့လာကြသင့်သည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ မြန်မာနှင့် ကမ္ဘာ့လူမှု အသိုင်းအဝန်းများအတွက် အကျိုးပြုခဲ့မှုများမှာကျောင်းပညာရေးတွင် ထည့်သွင်း ဆွေးနွေးခြင်း၊ ထင်ရှားပေါ်လွင်စေခြင်း မရှိသေးပါ။ စံပြုပုဂ္ဂိုလ်များ၊စံပြုလူငယ်များမှာ ဤကျေးရွာအုပ်စုအတွင်းပင် ရှိနေပါသည်။
ပန်းမျိုးစုံတို့ ဖူးပွင့်ဝေဆာလှပ၊ သာယာငြိမ်းချမ်းနေသည့်ဥယျာဉ်ခြံကြီးတစ်ခုနှင့် တူညီသော စာသင်ခန်းကို ဖန်တီး တည်ဆောက်ကြပါစို့။ ဤသည်မှာ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုအတွက် အကောင်းဆုံးသော နိဒါန်းပျိုးခြင်းဟု ယုံကြည်ပါကြောင်း......။
သိန်းနိုင် (မောက္ခပညာရေး)
ဆက်ပါဦးမည်။
သံလွင်တိုမ်းဂျာနယ်၊ အောက်တိုဘာလ၊ ၂၀၁၅၊ မော်လမြိုင်မြို့။
>>>ဆက်ဖတ်ရန်>>> >>

ဖက်ဒရယ်ပညာရေး (အပိုင်း ၁၀) ဝန်ကြီးချုပ်အတွက် အိမ်စာ

education-not-for-sale
အိန္ဒိယ၏ ပညာရေးစနစ်ကိုပြုပြင်ခြင်း
            အနှစ်သာရကင်းမဲ့ပြီး ဆွဲဆောင်မှု မရှိလှတဲ့ ပညာရေးဥပဒေများကို ပြဌာန်း၊ ဝင်ငွေရဖို့ အဓိက ခပ်ညံ့ညံ့ အင်ဂျင်နီယာကောလိပ်တွေကို မှိုလိုပေါက်အောင် တည်ထောင်ထား၊ သုတေသန၊ အစိုးရ-အရပ်ဖက် ပါတနာဆက်စပ် လုပ်ငန်းများနဲ့ ပြုပြင်ပြောင်းလဲ ဆန်းသစ်ရေးတွေမှာလည်း အရှိန်အဝါနဲ့ အရှိန်အဟုန်ကင်းမဲ့...။ အိန္ဒိယနိုင်ငံအတွက် ပညာရေးစနစ်ကို စိန်ခေါ်ချက်တွေကတော့ဖြင့်ထင်ရှား ပေါ်လွင်လှပါတယ်။ မျှော်လင့်ချက်တွေ တသီတသန်းကြီးနဲ့ မျိုးဆက်သစ် လူငယ်ထုကတော့ပိုမို ကောင်းမွန်တဲ့ ပညာရေးကို အလိုရှိနေကြပြီး ဘယ်လောက်ပဲ ငွေကုန်ကုန် မရမကကို လိုချင်နေကြပြီ။
            ဒီလူထုဆန္ဒဟာဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ သူ့ရဲ့ ညွှန့်ပေါင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်NDA  အစိုးရရဲ့ လုပ်ဆောင်ချက်များ အပေါ်မှာ လုံးလုံးလျားလျားမူတည်နေပါတယ်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများအတွက် လူထုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုလည်းရရှိထားကြတယ်။ ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်၊ တိတိကျကျ စီစဉ်ထားရှိတဲ့ကမ်ပိန်းများနဲ့ ဝန်ကြီးချုပ်မိုဒီဟာ နှစ်ပေါင်းများစွာ တိုင်းပြည်က ငံ့လင့် တမ်းတနေတဲ့မျှော်လင့်ချက်ကို ရှင်သန်နိုးထ စေခဲ့ပြီ။ ပြုပြင်ပြောင်းလဲမှုများကို အာမခံပေးမယ့်မိုဒီရဲ့ မူဝါဒရေးရာကိစ္စများထဲမှာ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ထိပ်ဆုံးမှာ ရှိနေတယ်။ငါးနှစ်သက်တမ်းဟာ ပညာရေးစနစ်ကို ကုစားခြင်းငှါ မစွမ်းသာပေမယ့်လည်း မိုဒီရဲ့ ညွှန်ပေါင်းအစိုးရအဖွဲ့ဟာဖြင့် လမ်းကြောင်းမှန်အတွက် ခြေလှမ်းအနည်းငယ်တော့ လှမ်းနိုင်ပါတယ်။
            ဒီခြေလှမ်းငါးလှမ်းကို ဆွေးနွေးပါရစေ...။
 (၁) ပညာရေးအခွင့်အရေးဥပဒေကို ပြန်လည်မွမ်းမံဆန်းသစ်
            Revamp the Right toEducation (RTE) Act
            ၂၀၀၉ ခုနှစ်၊ ဩဂုတ်လမှာ ပြဌာန်းခဲ့တဲ့ သမိုင်းဝင်ဥပဒေဖြစ်တဲ့ ကလေးငယ်များ၏ အခမဲ့ မသင်မနေရ ပညာရေး အခွင့်အရေး ဥပဒေ Revampthe Right to Education (RTE) Act ဟာတိုင်းပြည်ရဲ့ ပညာရေးစနစ် တိုးတက်ကောင်းမွန် စေဖို့အတွက် ခြေလှမ်းမှန် တစ်လှမ်းဖြစ်တယ်။သို့ပေတဲ့ အဲဒီဥပဒေကို ပြန်လှန် ဆန်းစစ်သစ်လွင်ဖို့ လိုနေပြီ။ ဖွဲ့စည်းထားပုံကိုလည်းပြုပြင်တည်ဆောက်ရမယ်။ အိန္ဒိယနိုင်ငံတွင်းမှာစာသင်ကျောင်း အရေအတွက်ဟာ တိုးမြင့် လာခဲ့ပေမယ့် အင်မတန်မှကို လိုအပ်နေတဲ့ ပညာရေး အရည်အသွေးအပေါ်အထူးပြု ဆောင်ရွက်ချက်ကတော့ လစ်ဟာနေဆဲပါ။
            နှစ်စဉ်ပညာရေး အဆင့်အတန်း အစီရင်ခံစာအရ တတိယတန်းကနေ ပဉ္စမတန်းအရွယ် ကလေးငယ် ၅၀ ရာခိုင်နှုန်းဟာ အခြေခံသင်္ချာကိုတတ်မြောက်မှု မရှိကြဘူး။ တတိယတန်းအရွယ် ကလေးငယ်တွေထဲမှာ ၄၀ ဒသမ ၂ ရာခိုင်နှုန်းမျှသာပထမတန်း ဖတ်စာကို ဖတ်ရှုနိုင်ကြတယ်။ သာမန်ကာလျှံကာမျှဖြစ်တဲ့ ဆရာဖြစ်သင်တန်းတွေဟာ ဒီပြဿနာရဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်။ မျက်မှောက်ခေတ်ပညာရေးစိန်ခေါ်ချက်တွေကို သိမြင် နားလည်စေခြင်းငှါ မစွမ်းသာဘဲ ဟောင်းနွမ်းဆွေးမြေ့နေပြီးညံ့ဖျင်းလှတဲ့ B.Ed ပညာရေးဘွဲ့သင်တန်း ကို ပြုပြင်ပြောင်းလဲခြင်းနဲ့ စတင်လုပ်ဆောင်နိုင်တယ်။ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပညာရေးမညီမျှမှုကို ချုပ်ငြိမ်းစေဖို့နဲ့ RTE ရည်မှန်းချက်တွေကိုအကောင်အထည် ဖေါ် စေနိုင်ဖို့ရာအတွက် တစ်နိုင်ငံလုံး လှုပ်ရှားမှုဖြစ်တဲ့ Teach forIndia လိုမျိုး ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ပိုမို ပူးပေါင်း လုပ်ဆောင်ရပါလိမ့်မယ်။ ဒီလို အဖွဲ့ အစည်းများဟာ RTE ကို အရှိန်အဟုန်ရစေပေမယ့် ပညာတတ် တစ်သီးပုဂ္ဂလများ အနေနဲ့လည်း ဒီ ပြုပြင်ပြောင်းလဲရေး ရထားပေါ်မှာ လိုက်ပါလုပ်ဆောင်နိုင်ခွင့်ဖန်တီး ထားပေးရမယ်။ ဥပမာအားဖြင့် အဆင့်မြင့်ပညာရေး တက္ကသိုလ်များမှာ အလုပ်သင် ကျောင်းသားများအတွက်ဝင်ရောက်ခွင့်ပေးခြင်းဖြင့် ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတွေကို ပညာရေးလောကထဲ ဆွဲခေါ်နိုင်ပါတယ်။
            အစိုးရဟာပုဂ္ဂလိကအဖွဲ့အစည်းများရဲ့ corporate socialresponsibility ကော်ပိုရိတ်လူမှုဝတ္တရားများကို တာဝန်ယူနိုင်စေဖို့ရာသူတို့ရဲ့ ဝန်ထမ်းများ အနေနဲ့ RTE ဥပဒေမှာ ပါဝင်ထောက်ခံလာအောင် အစီအစဉ်ဆွဲ လုပ်ဆောင်နိုင်တယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် လူထု၊ စီးပွားလုပ်ငန်းများနဲ့ ပညာရေး စနစ်တို့ကိုထိထိရောက်ရောက် ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးနိုင်ခြင်း ရလဒ်ကောင်း ရှိလာမယ်။ မိုဒီအတွက်ကံကောင်း ထောက်မချက်ကတော့ ဒီလို လုပ်ဆောင်ချက်များအတွက် နိုင်ငံရေး အမှတ်လည်း ရရှိစေမှာပါ။ဒီလို ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံရေးပါတီများရဲ့ ထောက်ခံချက်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်းလိုအပ်တယ်လေ။ ဒီလို ဥပဒေပြု ပြဌာန်းချက်တွေဟာလည်း ဝန်ကြီးချုပ်ရဲ့ တိုင်းကျိုး ပြည်ပြုလုပ်ရပ်နဲ့နိုင်ငံရေးသမားကောင်း ဖြစ်မှုကို ပြသရာရောက်ပါတယ်။

(၂) အိန္ဒိယစက်မှုတက္ကသိုလ် IIT ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်များကိုမြှင့်တင်ပါ၊ ပုံစံတူကူးချ မိတ္တူ မပွားပါနှင့်။
            LeverageIIT's best practices, but don't franchise them.
            အိန္ဒိယနိုင်ငံရဲ့စက်မှုတက္ကသိုလ် IIT ကို ပုံစံတူ ပွားများခြင်းကတော့ နည်းလမ်းမမှန်တဲ့ ချည်းကပ်မှုလို့ဆိုရမယ်။ အဲဒီအခြားတက္ကသိုလ် အသစ်များမှာလည်း IIT ရဲ့ အကောင်းဆုံးသော ခြေရာလက်ရာများရှိနေသင့်ပေတဲ့ IIT ပုံစံတူများ ပွားများခြင်းကတော့ IIT အမှတ်အသားသရုပ်ကို ပျက်စီးစေပါလိမ့်မယ်။လူထုတက္ကသိုလ်များကိုရဲ့ စွမ်းဆောင်ရည်လိုမျိုး ရရှိလာစေဖို့ရာ မြှင့်တင် လုပ်ဆောင်သင့်ပါတယ်။IIT ရဲ့ ကမ္ဘာကျော် အင်ဂျင်နီယာစွမ်းရည်နဲ့ မတူတဲ့ ကိုယ်ပိုင် အမှတ်အသားသရုပ်နဲ့ အောင်မြင်လာစေဖို့ပါ။IIT ကို အမေရိကန်က Ivy League schools တွေလိုမျိုး အခြား တက္ကသိုလ်များနဲ့မတူ၊ သီးသန့် ထားရှိသင့်ပါတယ်။ တက္ကသိုလ်အသစ်များ ရင့်ကျက် အရွယ်ရောက်လာဖို့ရာက အချိန်လိုအပ်ပါတယ်။ ဒီတက္ကသိုလ်အသစ်များဟာ IIT အထူးပြုဘာသာရပ်နဲ့ မတူဘဲပို ကျယ်ပြန့်လှတဲ့ အတိုင်းအတာနဲ့ ပညာရေး ဝန်ဆောင်မှု ပြုနိုင်ကြမယ်။ အခြားနိုင်ငံများကပညာရေး ပုံစံမိုဒယ်တွေကိုလည်း နည်းမှီယူရင်း အိန္ဒိယရဲ့ ပညာရေး လိုအပ်ချက်ကို ပြုပြင်ပြောင်းလဲနိုင်မယ်။

(၃) ပုဂ္ဂလိကကောလိပ်ကျောင်းများအနေနဲ့ ပိုမို တာဝန်ခံမှု ရှိပါစေ။
            အိန္ဒိယရဲ့ပုဂ္ဂလိကကျောင်းများ အနေနဲ့ ပိုမို တာဝန်ခံမှုရှိစေဖို့ရာက မလုပ်မဖြစ်ပါပဲ။ နည်းဥပဒေများ ကောင်းမွန်စေခြင်းဟာ အဲဒီကောလိပ်ကျောင်းများရဲ့ အနိမ့်ဆုံးစံ သတ်မှတ်ချက်နဲ့ အရည်အသွေးကိုရရှိစေပါလိမ့်မယ်။ နည်းလမ်းတစ်ခုကတော့ တက္ကသိုလ်ဝင်ခွင့် ကော်မစ်ရှင်လိုမျိုး ဥပဒေပြုအဖွဲ့အစည်းများကို ခိုင်မာအောင် တည်ဆောက်ခြင်းပါ။ ပညာရေးအခွင့်အလမ်းများနဲ့ အိန္ဒိယရဲ့အဆင့်မြင့် ပညာရေးစံနှုန်းများကို မြှင့်တင်ခြင်းဆိုတဲ့ မစ်ရှစ် ၂ ရပ်ကို တာဝန်ယူထားကြတယ်။နောက်ထပ်နည်းလမ်း တစ်ခုကတော့ ပုဂ္ဂလိကကောလိပ်များဟာ ကျောင်းလခကို အဆမတန် ကောက်ခံခြင်းမပြုကြဖို့အတွက်ပါ။ ကောလိပ်ကျောင်း များစွာဟာ ကျောင်းလခကို မတန်မရာ၊ အလွန်အကျွံ တောင်းခံကြတယ်။အခွန်အတုတ်ကို ရှောင်ကျဉ်နိုင်တဲ့ လူမှုရေးလုပ်ငန်းဆိုတဲ့ ခေါင်းစဉ်တပ်လို့ စီးပွားဖြစ်(အကြီးအကျယ်ကို) လုပ်စားနေကြတာ။ အဲဒီ ကောလိပ်ကျောင်းများရဲ့ ဝင်ငွေ ၅ ရာခိုင်နှုန်းကို ပုံမှန်အခွန်အနေနဲ့ ကောက်ခံ သင့်ပါတယ်။ ဝင်ငွေအရထိန်းချုပ်နိုင်ခြင်းဟာ ပိုမို ပွင့်လင်းမြင်သာမှုရှိသော၊ ယုံကြည်ကိုးစားထိုက်သော၊ တာဝန်ခံယူမှုရှိသောပညာရေးစနစ် ဖြစ်လာစေဖို့ အထောက်အကူ ရနိုင်ပါတယ်။ တွဲဖက် ကောင်းကျိုးတစ်ခုကတော့ လက်ရှိကောလိပ်ကျောင်းများစွာက အလေးထားတဲ့ ဘဏ္ဍာငွေကြေး ဝင်ငွေထက် ပညာရေး အရည်အသွေးအပေါ် အာရုံစိုက်လာကြဖို့အတွက်ဖြစ်တယ်။

(၄) သုတေသနနှင့် ဖွံ့ဖြိုးတိုးမှုအတွက် ရင်းနှီးမြှုပ်နှံပါ။
            Investin Research and Development (R&D)
            ပညာရေး အရည်အသွေးအတွက် ထောက်တိုင်တစ်ရပ်ကတော့ သုတေသနပါပဲ။ အိန္ဒိယဟာ စပါရှယ်အီလစ် တက္ကသိုလ်အနည်းအကျဉ်းကို ထောက်ပံ့ ပေးနေပေမယ့် ဒီ့ထက်ကို ပိုလုပ်ဖို့ လိုနေပါသေးတယ်။ စတင်သင့်တာကတော့တစ်နိုင်ငံလုံးမှာ သုတေသန လုပ်နေကြတဲ့ သုတေသီများကို အကျိုးရှိစေမယ့် ဥပဒေပြဌာန်းပေးဖို့ပါ။ဥပမာအနေနဲ့ လူထု ရန်ပုံငွေ အထောက်အပံ့ခံ အသိပညာပစ္စည်းကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်အသုံးချခွင့် နည်းဥပဒေ the Protection andUtilization of Public-funded Intellectural Property (PUPFIP)  နဲ့ အဆင့်မြင့်ပညာရေးနှင့် သုတေသနဆိုင်ရာ နည်းဥပဒေthe Higher Education and Research Bill တို့ဖြစ်ပါတယ်။PUPFIP ဥပဒေဟာအမေရိကန်မှာရှိတဲ့ Bayh-Dole Act(မူပိုင်ခွင့်) လိုမျိုး အင်မတန်မှကို အရေးကြီးလှပါတယ်။ မူပိုင်ခွင့် ဥပဒေကြောင့် အမေရိကန်သုတေသနနယ်ပယ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ရရှိလာတဲ့ ငွေကြေး အကျိုးအမြတ်ကို သုတေသီများအတွက်ခံစားခွင့် ပေးနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကမ္ဘာကျော် သုတေသနတွေ လုပ်နေနိုင်ကြတယ်။
            အိန္ဒိယဟာလည်း သုတေသန အမြတ်အစွန်းကို တီထွင်ဖေါ်ထုတ်သူ ခံစားခွင့် ဗဟိုပြုတဲ့ ဒီလိုမျိုး ဥပဒေတွေ လိုအပ်နေပါတယ်။ အစိုးရနဲ့လည်းတစ်စိတ်တစ်ဒေသအားဖြင့် သီးခြား ကင်းလွတ်တဲ့ သုတေသနအဖွဲ့အစည်း လိုအပ်တယ်။ ရွေးကောက်ပွဲမှာစံပြမြို့ ၁၀၀ တည်ဆောက်မယ့် ကမ်ပိန်းနဲ့ ဆက်စပ်လို့လည်း ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့အစိုးရဟာ နိုင်ငံတဝှမ်းလုံးမှာ သုတေသနစင်တာ ၁၀၀ ကို တည်ဆောက်သင့်ပါတယ်။ ဒီမြို့သစ်တွေကိုတည်ဆောက်တဲ့ အခါမယ် ဒီ သုတေသနစင်တာတွေကိုလည်း လိုက်ပါ တည်ထောင်နိုင်ရပါလိမ့်မယ်။ ဘတ်ဂျက်ကတော့အိန္ဒိယ ရူပီးငွေ သန်း ၅၀၀၀ (ဒေါ်လာ သန်း ၈၀) လိုအပ်ပါလိမ့်မယ်။ အချိန်ကာလ ကြာမြင့်စွာကတည်းကပြည်ပရောက် အိန္ဒိယ ပညာရှင်တွေ မျှော်လင့်တောင့်တနေကြတဲ့ ဦးနှောက်ယိုစီးမှု ပြောင်းပြန်လှန်ပစ်နိုင်ဖို့အတွက်ဒီလိုလုပ်ရပ်များက စွမ်းဆောင်နိုင်ပါတယ်။
            နှိုင်းယှဉ်လေ့လာနိုင်ဖို့အတွက်အိန္ဒိယမှာ လူ တစ်ထောင်မှာ သိပ္ပံ ပညာရှင် ဦးရေက ၇ ဒသမ ၈ ဦး၊ ကနေဒါမှာ ၁၈၀ ဒသမ ၇ ဦး၊တောင်ကိုရီး ယားမှာ ၅၃ ဒသမ ၁ ဦး၊ အမေရိကန်မှာ ၂၁ ဒသမ ၂ ဦးတို့ ရှိကြတယ်။ အမေရိကန်ရဲ့နာမည်ကျော် ဟားဗတ်တက္ကသိုလ်က ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ သန်း ထောင်ပေါင်း ၂၅၀ ကို သုံးစွဲခဲ့တယ်။အိန္ဒိယရဲ့ တက္ကသိုလ်များကို ပြင်ပ သုတေသန လုပ်ငန်းများအတွက် ချပေးငွေဟာ ရူပီးငွေ သန်းထောင်ပေါင်း၁၂ မျှသာ သုံးစွဲခဲ့တယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း လိုက်ပါနိုင်ဖို့နဲ့ အနာဂတ်မှာသုတေသန အကျိုးအမြတ် ရရှိဖို့ရာအတွက် အိန္ဒိယဟာ အခုထက်ကို အဆများစွာ ပိုလို့ ကြိုးစားရဦးမယ်ဆိုတာထင်ရှားလှပါတယ်။

(၅) အစိုးရ - ပုဂ္ဂလိက ပါတနာလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ပါ။
            Improve public-privatepartnerships
            အစိုးရ-ပုဂ္ဂလိကပါတနာ ဖက်စပ်လုပ်ငန်းများဟာ အိန္ဒိယနိုင်ငံအတွက် ပညာရေးစနစ်ကို ရှင်သန်တိုးတက်စေဖို့ နောက်ထပ်နည်းလမ်း တစ်ခုပါ။ ဘဏ္ဍာ ငွေကြေး ပိုမို ရရှိနိုင်မယ်။ သင်တန်းတွေ လုပ်နိုင်တယ်။R & D သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်နိုင်မယ်။ ဖက်စပ်လုပ်ဆောင်ခြင်းဖြင့် ရရှိလာမယ့်အခွင့်အလမ်းကတော့ အတော်ကြီးကို သိသာမြင်သာ လှပါတယ်။ အဦးအစအနေနဲ့ အစိုးရ အသစ်ဟာ အစိုးရ- ပုဂ္ဂလိက ဖက်စပ်ပညာရေးလုပ်ငန်း ၅၀ ကို ဖန်တီးသင့်ပါတယ်။ ပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များရဲ့အရွယ်အစားကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်သင့်တယ်။ ကမ္ဘာလုံးဆိုင်ရာ စံချိန်၊ စံနှုန်းများနဲ့ကိုက်ညီဖို့ ဖြစ်တယ်။ ဒီလို ဖက်စပ်လုပ်ဆောင်ခြင်းများဟာ ပုဂ္ဂလိကလုပ်ငန်းများက ပရော်ဖက်ရှင်နယ်စွမ်းရည်နဲ့အသိပညာများကို နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးများက ရရှိသွားနိုင်ဖို့ရာအတွက်လည်းဖြစ်တယ်။ ပညာရေး အရည်အသွေးအတွက် အကျိုးဖြစ်မယ်။ ၂ ဦး ၂ ဖက် အကျိုးရှိစေတဲ့ ပုံစံပါ။သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် R&D ကြောင့်လည်း ကုမ္ပဏီများဟာ ဆန်းသစ်ပြောင်းလဲနိုင်မယ်။တက္ကသိုလ်များဟာလည်း စွမ်းဆောင်ရည်မြင့်လာကြမယ်။
            ဒီလိုဘက်စုံ ချည်းကပ်ဆောင်ရွက်မှုဟာ အိန္ဒိယပညာရေးကို ပြုပြင် ပြောင်းလဲမှုအတွက် အသက်တမျှ အရေးကြီးလှသလိုမိုဒီအစိုးရ အဖွဲ့ဟာလည်း ဒီခြေလှမ်း ၅ လှမ်းနှင့်အညီ လိုက်ပါလုပ်ဆောင်နိုင်မယ့် လားရာအမြင်၊ဦးတည်ချက် ကြီးကြီးမားမား ထားရှိဖို့ရာ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲ ဆန်းသစ်သောယဉ်ကျေးမှုအမြင်သစ်ပါ။ ရာစုနှစ် တစ်ခုလောက် အမေရိကန် ပညာရေးစနစ်ဟာ အောင်မြင်နေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့အမေရိကန်တို့ရဲ့ ပြောင်းလဲဆန်းသစ်တီထွင်မှု အခြေပြု ပညာရေးစနစ်အပေါ်မှာ ဂုဏ်ယူ ဝင့်ကြွားကြလို့ပါပဲ။အိန္ဒိယဟာလည်းပဲ သို့ကလိုမျိုး လိုအပ်နေတယ်။ ကိုယ်ပိုင်အမှတ်အသားသရုပ်နဲ့ ဖြစ်ထွန်းဖို့ရယ်ပြောင်းလဲ ဆန်းသစ်တီထွင်ခြင်းကို အားလုံး လိုက်ပါ လုပ်ဆောင်ခွင့် ရရှိနေဖို့ရယ်ပါ။ဒေသတွင်း တက္ကသိုလ်များနဲ့ ဈေးကွက်တို့ရဲ့ လိုအပ်ကို ညှိပေးနိုင်ရမယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အရွေ့ကိုလည်း မျက်ခြေမပြတ်ပဲပေါ့။ ဗာရာဏသီနယ်မှာ မိုဒီက အမျိုးသားအဆင့်ရပ်ရွာလုံး သန့်ရှင်းစင်ကြယ်စေရေး လှုပ်ရှားမှု NationalCleanliness Drive ကို ပုံဖေါ်ခဲ့တာလိုမျိုး တစ်နိုင်ငံလုံးမှာNational Innovation Campaign အမျိုးသားအဆင့်ပြုပြင်ပြောင်းလဲ ဆန်းသစ်ခြင်းကမ်ပိန်းကိုလည်း စတင် လုပ်ဆောင် သင့်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးဆန်းသစ်သွားအောင်လို့ပါပဲ။
            ပြန်လှန်တွေးတော ကြည့်မယ်ဆိုရင် အစိုးရအသစ်မှာ မူဝါဒများစွာအတွက် ပြုပြင်ပြောင်းလဲဖို့ရာအတွက် လုပ်ဆောင်စရာ အများကြီးရှိနေတယ်။ အဲဒီ မူဝါဒ များစွာအနက်က အဓိက အကျဆုံးကတော့ဖြင့် တိုင်းပြည်ရဲ့ ပညာရေး စနစ်ကိုပြောင်းလဲဆန်းသစ်ခြင်းပါ။ ဆယ်စုနှစ်များစွာမှာစနစ်တကျနဲ့ ခြစား ပျက်စီး နေခဲ့ရတာလေ။ တိုင်းပြည်အနာဂတ်အတွက်နဲ့ဂုဏ်သိက္ခာအတွက် အခြေခံအကျဆုံးလည်းဖြစ်တဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ရာ နိုးကြားတက်ကြွနေပြီး တာဝန်ယူ လှုပ်ရှားနိုင်သော အစိုးရတစ်ရပ်ဖြစ်ဖို့လိုအပ်နေတယ်။ RTE ကို ပြန်လည်မွမ်းမံဆန်းသစ်ဖို့၊ အဆင့်မြင့်ပညာရေးရဲ့ အရည်အသွေးနဲ့တာဝန်ခံမှုကို တိုးတက်စေဖို့၊ အစိုးရ-ပုဂ္ဂလိကပါတနာလုပ်ငန်းတွေကို ပိုမိုကောင်းမွန်စေဖို့၊သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံ့ဖို့နဲ့ နောက်ဆုံးအချက်အနေနဲ့ ပြည်တွင်းပညာရေးကိုပြုပြင်ပြောင်းလဲဆန်းသစ်လို့ နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့ တို့အတွက်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တိုင်းပြည်ရဲ့အနာဂတ် အကျိုးစီးပွား အတွက်တင် မဟုတ်ပါဘူး။ မျက်မှောက်ခေတ် သန်းပေါင်းများစွာသော လူငယ်များရဲ့မွတ်သိပ် ဆာလောင်နေဆဲ ပိုမိုကောင်းမွန်တဲ့ ပညာရေးနဲ့ တောက်ပတဲ့ မနက်ဖြန်အတွက်လည်းဖြစ်ပါတယ်။
Ref: Modi’s GotHomework: Fixing India’s Education System BY SRIRAM BALASUBRAMANIANJUNE 16,2014 Foreign Policy
သိန်းနိုင် (မောက္ခပညာရေး)(ဆက်လက်ဖော်ပြပါမည်။)
>>>ဆက်ဖတ်ရန်>>> >>

Tuesday, October 20, 2015

ဖက်ဒရယ်ပညာရေး အပိုင်း (၈-၉-၁၀) ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီစနစ် (သို့မဟုတ်) အိန္ဒိယနိုင်ငံ

ဖက်ဒရယ်ပညာရေး အပိုင်း (၈-၉-၁၀) ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီစနစ် (သို့မဟုတ်) အိန္ဒိယနိုင်ငံ

(သံလွင်တိုင်းမ်ဂျာနယ် - မေ၊ ဇွန်၊ ဇူလိုင် ၂၀၁၅)
ကမ္ဘာ့အကြီးဆုံး ဖက်ဒရယ် ဒီမိုကရေစီ၊ သန်း တစ်ထောင့် နှစ်ရာကျော်ဖြင့် လူဦးရေ ဒုတိယ အထူထပ်ဆုံးနိုင်ငံ၊ ဆင်းရဲ -ချမ်းသာ ကွာဟချက် ကြီးမားနေဆဲ နိုင်ငံ၊ နှစ် တစ်သောင်းကျော် ယဉ်ကျေးမှုနောက်ခံနှင့် နိုင်ငံ၊ လုပ်သားအင်အား အများဆုံးနိုင်ငံ၊ ဒဿနတရားတို့၏ ဗဟို အချက်အချာနိုင်ငံ၊ ကမ္ဘာ့ဘာသာတရားကြီး ၄ ခု စတင်ပေါက်ဖွားခဲသော နိုင်ငံ၊ ကမ္ဘာကျော် လူသားများစွာကို မွေးဖွားပေးခဲ့သော နိုင်ငံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ ဇာတ်နိမ့်-ဇာတ်မြင့်နှင့် ဘာသာအယူဝါဒ မျိုးစုံရှိသော နိုင်ငံ၊ မတူကွဲပြားသော လူသန်းပေါင်း အစုအဝေးကြီး များစွာတို့ ငြိမ်းချမ်းစွာ နေနိုင်သောနိုင်ငံ…။
ယခုအပတ်အတွင် အိန္ဒိယနိုင်ငံ၏ အမျိုးသား ပညာရေးစနစ်အကြောင်းကို လေ့လာကြပါမည်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံများအနက် အကြီးဆုံးသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်မှ ကျော်လွန်တိုးတက်ရန် ကြိုးစားမှု၊ ဒီမိုကရေစီယဉ်ကျေးမှု၊ ဖက်ဒရယ်ယဉ်ကျေးမှုစနစ်နှင့် မတူကွဲပြားသော ဘာသာအယူဝါဒနှင့် ဒဿနတရား အမျိုးမျိုးတို့ သဟဇာတဖြစ်လျက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ရှင်သန် စည်ပင်စေနိုင်ရန်အတွက် ပညာရေးစနစ်ကို မည်သို့ တည်ဆောက်ထားပါသနည်း။ အိမ်နီးချင်း ဤနိုင်ငံကြီးထဲမှ ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် မြန်မာ့ဒီမိုကရေစီပညာရေးအတွက် အတုယူစရာ တပုံတပင် ရှိနေပါသည်။
အိန္ဒိယနိုင်ငံ (Hindi: भारतगणराज्य Bhārat Gaṇarājya) တရားဝင်အမည်အားဖြင့် အိန္ဒိယသမ္မတနိုင်ငံသည် တောင်အာရှတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အကျယ်အဝန်းအားဖြင့် သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက် လူဦးရေ အများဆုံးနှင့် ဒီမိုကရေစီနိုင်ငံများတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ တောင်ဖက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဖက်တွင် အာရပ်ပင်လယ်နှင့် အရှေ့ဖက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံထားပြီး အိန္ဒိယတွင် ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင် (၇၅၁၇ ကီလိုမီတာ) မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေနှင့် အနောက်ဖက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဖက်တွင် တရုတ်၊ နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံ၊ အရှေ့ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။
အိန္ဒုတောင်ကြား ယဉ်ကျေးမှုပေါက်ဖွားရာနှင့် သမိုင်းဝင်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ကြီးမားသော အင်ပါယာများ တည်ရှိခဲ့ရာ ဒေသဖြစ်သဖြင့် အိန္ဒိယဒေသသည် သူ၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကြွယ်ဝ ချမ်းသာသော ဒေသအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုဖြစ်သော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဆစ်ခ်ဘာသာတို့သည် အိန္ဒိယတွင် ပေါ်ထွန်းခဲ့ပြီး Zoroastrianism, Judaism၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာတို့သည် ပထမ ထောင်စုနှစ်အတွင်း ရောက်ရှိလာခဲ့သဖြင့် အိန္ဒိယအတွက် ထွေပြား၍ အမျိုးစုံသော ရိုးရာယဉ်ကျေးမှုတို့ကို ပုံဖော်ပေးခဲ့သည်။ မတူကွဲပြားသော ဘာသာ၊ အယူဝါဒနှင့် ယဉ်ကျေးမှုတို့ ယှဉ်တွဲနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင် ကျော်ခဲ့ပြီ။
၁၈ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ တစ်စတစ်စ ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး နယ်ချဲ့ဗြိတိသျှ အင်ပါယာ၏ ကိုလိုနီအဖြစ် ၁၉ ရာစု အလယ်ပိုင်းတွင် ကျရောက်ခဲ့သည်။ ၁၉ ရာစုအကုန် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံလည်း ဗြိတိသျှအင်ပါယာအတွင်း ကိုလိုနီအဖြစ် ကျရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ပူးတွဲ အုပ်ချုပ်ခံခဲ့ရသည်။ ထို့နောက် ၁၉၄၇ တွင် ကြီးမားကျယ်ပြန့်လှသော အကြမ်းမဖက်လှုပ်ရှားမှုဖြင့် အင်္ဂလိပ်လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး လှုပ်ရှားမှုကာလအတွင်း မဟတ္တမဂန္ဓီ၏ ကမ္ဘာကျော် အကြမ်းမဖက် လှုပ်ရှားမှုကြောင့်ဟု ဆိုနိုင်သည်။ အဟိံသဒဿနနှင့် ငြိမ်းချမ်းသော တန်ပြန်လှုပ်ရှားမှုမှာ မျက်မှောက်ခေတ် လူထုလှုပ်ရှားမှုများနှင့် ပညာရေးစနစ်များအတွက် လက်တွေ့အသုံးချတရားများ ဖြစ်လာသည်။ ကျောင်းပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဘုံစံနှုန်းလည်း ဖြစ်သည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုအတွက်လည်း အခရာကျသည်။
အိန္ဒိယသည် ပါလီမန် ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၂၈ ခု နှင့် ပြည်ထောင်စုနယ်မြေ ၇ ခုပါဝင်သည်။ ကမ္ဘာပေါ်တွင် ဈေးကွက်ငွေကြေး လဲလှယ်နှုန်းဖြင့် ကြည့်မည်ဆိုလျှင် စီးပွားရေး အရ ၁၂ ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး စတုတ္တမြောက် ဝယ်အား အကောင်းဆုံး နိုင်ငံဖြစ်သည်။ ပညာရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယသည် စီးပွားရေး တိုးတက်မှု အမြန်နှုန်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆင်းရဲမှုများ၊ စာမတတ်မှုများနှင့် အာဟာရချို့တဲ့မှုများ အများအပြား ရှိနေဆဲဖြစ်သည်။ မတူကွဲပြားသော အတွေးအခေါ်များ၊ ဘာသာစကားများ၊ လူမျိုးစုများရှိသော အိန္ဒိယနိုင်ငံသည် သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရာ နေရာအနှံ့အပြားတွင် တောရိုင်းတိရိစ္ဆာန် အမျိုးမျိုးတို့အတွက် နေအိမ်လည်းဖြစ်သည်။
သမိုင်းအကျဉ်းချုပ်
မဒရာပရာဒစ် (Madhya Pradesh) ဒေသတွင်သောရှိသော ဘင်ဘက်ကာ(Bhimbetka) ကျောက်အမိုးအကာများရှိ ကျောက်ခေတ် ပန်းချီများသည် အိန္ဒိယတွင် အစောဆုံး ကမ္ဘာဦးလူသားတို့ ချန်ထားခဲ့သော လက်စလက်နများ ဖြစ်သည်။ လေ့လာသိရှိရသော ပထမဆုံးလူသားတို့၏ အခြေချနေထိုင်မှုမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀ ကျော်မှ စ၍ဖြစ်ပြီး တဖြည်းဖြည်းနှင့် အိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲ တိုးတက်လာခဲ့သည်မှာ အနောက်အိန္ဒိယ ဒေသတွင် ဘီစီ ၃၃၀၀ ကျော်အထိ ဖြစ်သည်။ နောက်ပိုင်းမှာ ဟိန္ဒူဘာသာ၏ အုတ်မြစ်နှင့် အခြားအစောပိုင်း အိန္ဒိယ လူ့အဖွဲ့အစည်း၏ အုတ်မြစ်များကို ချပေးခဲ့သော ဝေဒခေတ်ကာလ( Vedic period) ဖြစ်ပြီး ဘီစီ ၅၀၀ ခန့်အထိဖြစ်သည်။ ဘီစီ ၅၅၀ ခန့်မှစ၍ မဟာဇနပဒ (Mahajanapadas) ဟုခေါ်သော မြို့ပြတိုင်းနိုင်ငံများနှင့် တိုင်းပြည်များ နိုင်ငံ အနှံ့အပြားတွင် ထူထောင်ခဲ့ကြသည်။ ဘီစီ ၆၃၈ တွင် မျက်မှောက်ခေတ် အိန္ဒိယနှင့် နီပေါနိုင်ငံနယ်စပ်ဒေသ နယ်မြေတွင် ဗုဒ္ဓရှင်တော်မြတ် ဖွားမြင့်ခဲ့ပြီး ဗုဒ္ဓဘာသာစတင် ထွန်းကာခဲ့သည်။ အာသောကမင်းကြီး လက်ထက်တွင် အရှေ့တောင်အာရှနှင့် အခြားနယ်မြေများသို့ သာသနာပြုခဲ့သည်။
ဘီစီ ၃ ရာစုနှစ်တွင် အာရှတောင်ပိုင်းဒေသအများစုကို စန္ဒရာဂုပတ္တ မောရိယမှ မောရိယ အင်ပိုင်ယာအတွင်းသို့ စုစည်း သိမ်းသွင်းခဲ့ပြီး မဟာအသောက၏ လက်ထက်အရောက်တွင် လွန်စွာတိုးတက်လာခဲ့သည်။ အေဒီ ၃ ရာစုမှစ၍ ဂုပတ္တမင်းဆက်သည် ရှေးဟောင်း "အိန္ဒိယရွှေခေတ်" ဟု ရည်ညွှန်းကြသော နှစ်ကာလများကို အုပ်ချုပ်ခဲ့သည်။ တောင်ပိုင်းအိန္ဒိယတွင်မူ ချာလုကျာ (Chalukyas) မင်းဆက်၊ ချိုလ(Cholas) မင်းဆက်နှင့် ဝိဟာရ နာဂရ (Vijayanagara) မင်းဆက်တို့ ပါဝင်အုပ်ချုပ်ခဲ့သည်။ သိပ္ပံ၊ အင်ဂျင်နီယာအတတ်၊ အနုပညာ၊ စာပေ၊ နက္ခတ္တဗေဒနှင့် ဒဿနိကဗေဒတို့သည် ထိုမင်းများ၏ အုပ်ချုပ်မှုအောက်တွင် စည်ပင် ထွန်းကားလာခဲ့သည်။
၁၀ ရာစုနှစ်နှင့် ၁၂ ရာစုနှစ်အတွင်းတွင် အာရှအလယ်ပိုင်းမှ ကျူးကျော်တိုက်ခိုက်မှုကြောင့် မြောက်အိန္ဒိယ၏ အစိတ်အပိုင်း အတော်များများသည် ဒေလီဆူလတန်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် မူဂယ်အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့သည်။ မူဂယ်ဘုရင်များသည် သူတို့၏ အင်ပိုင်ယာကို တဖြည်းဖြည်း ချဲ့ထွင်ပြီး အိန္ဒိယတိုက် အစိတ်အပိုင်း၏ အတော်များများကို အုပ်စိုးနိုင်ခဲ့သည်။ သို့သော်လည်း အရှေ့မြောက် အိန္ဒိယတွင်မူ အာသံမှ အာဟုမ်တိုင်းပြည်သည် ကြီးကျယ်သော ဩဇာလွှမ်းမိုးမှုရှိပြီး မူဂယ်တို့၏ နယ်ချဲ့မှုကို ခုခံ တွန်းလှန်နိုင်သော တိုင်းနိုင်ငံအချို့တွင် တစ်ခု အပါအဝင်ဖြစ်သည်။
၁၆ ရာစုနှစ်မှ စ၍ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့ အပါအဝင် ဥရောပ နိုင်ငံအချို့မှ ကုန်သည်များ အနေဖြင့် စတင်ရောက်ရှိလာခဲ့သည်။ နောင်အခါတွင် တိုင်းနိုင်ငံများအကြား ဆက်ဆံရေး မပြေလည်မှု အပေါ်တွင် အခွင့်ကောင်းယူ၍ နိုင်ငံအတွင်း၌ ကိုလိုနီများကို စတင်တည်ထောင်ခဲ့သည်။ ၁၈၅၆ ခုနှစ်သို့ ရောက်သော အခါ အိန္ဒိယ၏ အစိတ်အပိုင်းတော်တော်များများမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် တစ်နိုင်ငံလုံးရှိ စစ်တပ်များနှင့် တိုင်းနိုင်ငံများမှ ထကြွပုန်ကန်ခဲ့ကြသည်။ ထိုပုန်ကန်မှု ကို အိန္ဒိယ ပထမလွတ်လပ်ရေးစစ် သို့မဟုတ် စီပွိုင်းပုန်ကန်မှု (Sepoy Mutiny) ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ထိုပုန်ကန်မှုမှာ ဗြိတိသျှကုမ္ပဏီ၏ ထိန်းချုပ်မှုကို စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။ အကျိုးဆက်အနေဖြင့် အိန္ဒိယသည် ဗြိတိသျှဘုရင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှ ဗြိတိသျှအင်ပိုင်ယာ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့သည်။
education
လွတ်လပ်ပြီး အိန္ဒိယ
၂၀ ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက်နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀တို့တွင် မဟတ္တမ ဂန္ဒီ၏ ဦးဆောင်မှုဖြင့် အဟိံသခေါ် အကြမ်းမဖက်ရေးလှုပ်ရှားမှု လမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြပြည်သူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် မူဆလင် အစုအဖွဲ့တို့၏ ဆန္ဒအရ ဘာသာရေးအရ ကွဲပြားသော အိန္ဒိယဒိုမီနီယံနှင့် ပါကစ္စတန် ဒိုမီနီယံတို့အတွက် လွတ်လပ်သော အစိုးရ အဖွဲ့များဖြင့် ခွဲခြားဖွဲ့စည်းခဲ့သည်။ ၃ နှစ်ကြာသောအခါတွင် အိန္ဒိယသည် သမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပံ အခြေခံဥပဒေအသစ် စတင် အသက်ဝင်လာခဲ့သည်။
အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့် အချိန်မှ စ၍ ဘာသာရေး အကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှုနှင့် ပုန်ကန်ထကြွမှုတို့၏ ဒုက္ခကို နေရာအနှံ့အပြားတွင် ခံခဲ့ရသည်။ သို့သော်လည်း သည်းညည်းခံခြင်းတရား (ခန္တီ) ထွန်းကား ကျယ်ပြန့်လာမှုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းတို့မှတဆင့် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားတို့၏ ဝါဒသည်လည်း အိန္ဒိယ၏ အဓိက လုံခြုံရေးဆိုင်ရာ ပြသနာပင်ဖြစ်ခဲ့သည်။ ပုန်ကန်ထကြွသူများမှာ ဂျမ်မူးနှင့် ကက်ရှ်မီးယား၊ အိန္ဒိယ အရှေ့မြောက်ပိုင်း နှင့် ကျေးလက်ဒေသများတွင် နက်ဆယ်လိုက်ခေါ် အိန္ဒိယကွန်မြူနစ်တို့ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများမှာ အိန္ဒိယ၏ မြို့ကြီး အများအပြားတွင် ဖြစ်ပွားခဲ့သည်။
အိန္ဒိယတွင် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့နှင့် မဖြေရှင်းနိုင်သေးသော နယ်မြေပိုင်ဆိုင်မှု ပြသနာရှိပြီး ထိုအကြောင်းကြောင့် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နှင့်မူ ၁၉၄၇၊ ၁၉၆၅၊ ၁၉၇၁ နှင့် ၁၉၉၉ တို့တွင် စစ်ဖြစ်ခဲ့သည်။ အိန္ဒိယသည် ဘက်မလိုက်လှုပ်ရှားမှုနှင့် ကုလသမဂ္ဂ (ဗြိတိသျှ အိန္ဒိယအဖြစ်) ကို စတင် တည်ထောင်သူများတွင် ပါဝင်သည်။ ၁၉၇၄ တွင် အိန္ဒိယသည် မြေအောက် နျူးကလီးယား စမ်းသမ်မှုကို ပြုလုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် နောက်ထပ်စမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အိန္ဒိ္ဒိယကို နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ အကြီးအကျယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဩဇာ အာဏာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။
အစိုးရ - အကြီးဆုံးသော ဒီမိုကရေစီ
ကမ္ဘာပေါ်တွင် အရှည်ဆုံးနှင့် အသေးစိတ်အကျဆုံးသော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဖွင့်တွင် အိန္ဒိ္ဒိယနိုင်ငံအား အချုပ်အခြာ အာဏာရှိသော လက်တွေ့ဆန်သော ဆိုရှယ်လစ် ဒီမိုကရေစီ သမ္မတနိုင်ငံအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိန္ဒိယတွင် ဗြိတိသျှ ဝက်မင်စတာစတိုင်လ် ပါလီမန်စနစ်ကျင့်သုံးပြီး ဥပဒေပြုလွှတ်တော် ၂ ခုရှိသည်။ အစိုးရအဖွဲ့အစည်းမှာ ဖက်ဒရယ်ဆန်ဆန် ဖွဲ့စည်းထားပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်မှုအားကောင်း၍ ပြည်နယ်အစိုးရများ၏ အာဏာမှာ လျော့ရဲသည်။ သို့သော် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများကြောင့် ဖက်ဒရယ် ဒီမိုကရေစီနစ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။
သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်၍ မဲဆန္ဒနယ်များမှ သွယ်ဝိုက်သော နည်းဖြင့် ရွေးချယ်တင်မြောက်ပြီး သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး အုပ်ချုပ်မှုဆိုင်ရာ အာဏာအများစုကို ကျင့်သုံးသည်။ ဝန်ကြီးချုပ်သည် သမ္မတနှင့် ညီလာခံမှ ရွေးချယ်ခန့်အပ်သူ ဖြစ်ပြီး အောက်လွှတ်တော်တွင် နေရာ အများစုရယူထားသော ပါတီ သို့မဟုတ် နိုင်ငံရေးမဟာမိတ် အစုအဖွဲ့များမှ ထောက်ခံသူဖြစ်သည်။
အိန္ဒိယ၏ ဥပဒေပြု အဖွဲ့အစည်းမှာ ပါလီမန်နှစ်ခု ပါဝင်ပြီး အထက်လွှတ်တော်မှာ ရာဂျာဆာဘ (နိုင်ငံတော်ကောင်စီ) ဖြစ်ပြီး အောက်လွှတ်တော်မှာ လော့ဆာဘ (ပြည်သူ့လွှတ်တော်) ဖြစ်သည်။ ရာဂျာဆာဘသည် အမတ် ၂၄၅ ယောက်ရှိသည့် အမြဲတမ်း အစုအဖွဲ့ဖြစ်ပြီး ၆ နှစ်တစ်ကြိမ် ပြောင်းလဲသည်။ အများစုမှာ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဥပဒေပြု အဖွဲ့အစည်းများမှ လူဦးရေ အချိုးနှင့် အညီ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ လော့ဆာဘ၏ အမတ် ၅၄၅ ယောက်အတွင်းမှ ၅၄၃ ယောက်မှာ သီးသန့် နယ်မြေဒေသတစ်ခုစီအတွက် လူကြိုက်များမှုပေါ် မူတည်သည့် မဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပြီး ၅ နှစ် သက်တမ်းရှိသည်။ အခြားအမတ် ၂ ယောက်ကို အင်ဂလို အင်ဒီးယန်း အသိုင်းအဝိုင်းတွင်းမှ သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။ သမ္မတအနေနှင့် ထိုအသိုင်းအဝိုင်းကို လုံလောက်သော ကိုယ်စားပြုမှု မရှိဆိုသည့် ယူဆသည့် အချိန်တွင် ဖြစ်သည်။
အမှုဆောင် အဖွဲ့တွင် ပါဝင်သူများမှာ သမ္မတ၊ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ် ဦးဆောင်သောဝန်ကြီးများ ကောင်စီ (ကက်ဘိနက်သည် ထိုအဖွဲ့အတွင်းမှ အမှုဆောင်ကော်မတီ ဖြစ်သည်။) ဖြစ်သည်။ ဝန်ကြီး ဌာနတစ်ခုကို အုပ်ချုပ်သော မည်သည့်ဝန်ကြီးမဆို ပါလီမန် ၂ ခုအတွင်း တစ်ခုခုမှ အမတ်ဖြစ်ရမည် ဖြစ်သည်။ အိန္ဒိယပါလီမန်စနစ်တွင် အမှုဆောင်သည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဖြစ်ပြီး ဝန်ကြီးချုပ်နှင့် သူ၏ ကောင်စီသည် အောက်လွှတ်တော်အတွက် တိုက်ရိုက်တာဝန်ရှိသည်။
အိန္ဒိယတွင် အလွှာ ၃ လွှာ ရှိသော တရားစီရင်ရေး စနစ်ရှိပြီး အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊ အဆင့်မြင့်တရားရုံး ၂၁ ရုံးနှင့် သာမန် တရားရုံး အမြောက်အများ ပါဝင်သည်။ ဗဟိုတရားရုံးချုပ်သည် အခြေခံ အခွင့်အရေးနှင့် ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်းနှင့် ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာပိုင်ခွင့် ရှိသည်။ တရားစီရင်ရေး စနစ်သည် မှီခိုမှုကင်းမဲ့သည့် လွတ်လပ်သော စနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်ဆုံး အငြင်းပွားနိုင်သည့် နေရာကို ယူထားခြင်းသည် ဗဟိုတရားရုံးချုပ်၏ အရေးအပါဆုံး လုပ်ဆောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
နိုင်ငံရေး
အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိသည်။ ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေ ၂ ခု ဖြစ်ကြသော ပူဒုချယ်ရီနှင့် ဒေလီအမျိုးသားမြို့တော်နယ်မြေတို့တွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ရှိပြီး အစိုးရမှာ ဝက်မင်စတာ ပုံစံဖြင့် ဖွဲ့စည်းထားသည်။ အခြားသော ပြည်ထောင်စု နယ်မြေ ၅ ခုမှာ ဗဟိုမှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်၍ တိုက်ရိုက် အုပ်ချုပ်သည်။ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်စီမံရေး ဥပဒေအရ ပြည်နယ်များကို ပြောဆိုသည့် ဘာသာစကားပေါ်တွင် မူတည်၍ တည်ထောင်ခဲ့သည်။
အိန္ဒိယသည် ဖက်ဒရယ်အစိုးရ တစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်းတစ်လျှောက်တွင် ဖက်ဒရယ်အစိုးရကို အိန္ဒိယ အမျိုးသားကွန်ဂရက်မှ ဦးဆောင်ခဲ့သည်။ ပြည်နယ်တွင်း နိုင်ငံရေးများကို အိုင်အင်န်စီ (INC)၊ ဘာရာတီရာ ဂျနာတာ ပါတီ (Bharatiya Janata Party(BJP))၊ အိန္ဒိယ မာခ်စ် ကွန်မြူနစ်ပါတီ (CPI(M)) နှင့် အခြားဒေသခံပါတီများ အပါအဝင် အချို့သော အမျိုးသားပါတီများမှ လွှမ်းမိုးထားသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း တိုတောင်းသော အချိန်ကာလ ၂ ခု မှလွဲ၍ အိုင်အင်န်စီသည် ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့သည်။ အိုင်အင်န်စီ အာဏာလက်လွှတ်လိုက်ရသော အချိန်ကာလမှာ ၁၉၇၇ မှ ၁၉၈၀ အတွင်းဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒရီယာ ဂန္ဒိ၏ အရေးပေါ်ကြေငြာချက်ကို ပြည်သူတို့က မကျေနပ်၍ ဂျနာတာပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ဂျနာတာဒယ် ပါတီမှဦးဆောင်သော အမျိုးသား ညွန့်ပေါင်းတပ်ဦးနှင့် လက်ဝဲညွန့်ပေါင်း တပ်ဦးတို့ မဟာမိတ်ပြုထားသော အဖွဲ့မှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာကို ၂ နှစ်မျှသာ ချုပ်ကိုင်နိုင်ခဲ့သည်။
၁၉၉၆-၁၉၉၈ ခုနှစ်များတွင် ဖက်ဒရယ်အစိုးရအဖွဲ့အတွင်းတွင် မကျေလည်မှုများ ရှိခဲ့ပြီး သက်တမ်းတိုတောင်းသော မဟာမိတ်အဖွဲ့အချို့ အာဏာကို ထိန်းချုပ်ခဲ့သည်။ ဘီဂျေပီသည် ၁၉၉၆ ခုနှစ်အတွင်း အစိုးရအဖွဲ့ကို ခဏတာမျှ ဖွဲ့စည်းခဲ့ပြီး ထို့နောက်တွင် ညီညွတ်သော ညွန့်ပေါင်းတပ်ဦးများ (United Front coalition) မှ ဆက်ခံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘီဂျေပီသည် ဒေသခံပါတီအချို့နှင့် ပေါင်းစည်း၍ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ (National Democratic Alliance (NDA)) ကိုဖွဲ့စည်းခဲ့ပြီး ပထမဆုံး ၅ နှစ်အပြည့် အုပ်ချုပ်သည့် ကွန်ဂရက်စ် မဟုတ်သော အစိုးရအဖွဲ့ ဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ် အိန္ဒိယရွေးကောက်ပွဲတွင် အိုင်အင်န်စီမှ လော့ဆာဘ၏ အမတ်နေရာ အများစုကို ရွေးကောက်ခြင်းခံရပြီး ညီညွတ်သော တိုးတက်ရေး မဟာမိတ်များ (United Progressive Alliance (UPA)) ဟု အမည်ရသည့် ညွန့်ပေါင်း အဖွဲ့ဖြင့် အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ဝဲဝါဒသို့ ယိမ်းသော ပါတီများနှင့် ဘီဂျေပီကို ဆန့်ကျင်သူများက ထောက်ခံ အားပေးခဲ့သည်။
မြန်မာနိုင်ငံအတွက် အတုယူစရာ… တစ်ခုတည်းသော ပုံစံလား
သတင်းစာဆရာနှင့် မြန်မာ့နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သူ ဘာတေးလင့်တနာမှ မေလ၊ ၂၀၁၄ ခုနှစ်ထုတ် ဧရာဝတီမဂ္ဂဇင်းပါ သင့်လျော်မည့် ဖက်ဒရယ်ပုံစံကို ရှာဖွေခြင်း ဆောင်းပါးတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ မြန်မာနိုင်ငံအတွက် အဓိက အတုယူစရာ အနေဖြင့် တင်ပြဆွေးနွေးထားပါသည်။
“... ဤသို့ဆိုပါလျှင် မြန်မာနိုင်ငံ အတုယူ လိုက်နာနိုင်မည့် အောင်မြင်သော ပုံစံတခု ရှိနိုင်ပါမည်လား။ အိန္ဒိယတခုထဲသာ ရှိမည်ဟု ယူဆရပါသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ဝါဒ စသည်ဖြင့် ရည်ညွှန်းဖော်ပြထားခြင်း မရှိသော်လည်း ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၇ ခုရှိသော အိန္ဒိယနိုင်ငံ၏ အခြေခံ ဖွဲ့စည်း တည်ဆောက်ပုံသည် ဖက်ဒရယ်စနစ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံတွင် အမျိုးမျိုးသော အကြောင်းအရာများ အတွက် ဥပဒေပြုရန် ပြည်ထောင်စုနှင့် ပြည်နယ်များသို့ အခွင့်အာဏာပေးသော စာရင်း ၃ ခု ပါဝင်သည်။ ဥပမာပြရလျှင် ပြည်နယ်တိုင်း၌ ရွေးကောက် တင်မြှောက်ထားသည့် ဥပဒေပြု အဖွဲ့အစည်းရှိပြီး ကိုယ်ပိုင် ရုံးသုံးဘာသာစကားနှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသည်။ သို့သော်လည်း ကာကွယ်ရေးသည် ဗဟို အစိုးရ၏ တာဝန်ဖြစ်သည်။ အိန္ဒိယ စစ်တပ်တွင် တိုင်းရင်းသား တပ်ဖွဲ့များရှိသော်လည်း ဖက်ဒရယ်စစ်တပ် မဟုတ်ပါ။ အားလုံးက ဗဟို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အခြားပုံစံများက အလုပ်ဖြစ်မည် မဟုတ်ပါ။ တတိယစာရင်းတွင် ပြည်ထောင်စုနှင့် ပြည်နယ် ၂ ခုလုံးက ဥပဒေပြုနိုင်သည့် အကြောင်းကိစ္စများ ပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်း လူမျိုးရေး ပဋိပက္ခများ ရှိနေသော်လည်း အတော်လေး ဟန်ချက်မျှတ၍ အလုပ်ဖြစ်ပါသည်။ ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားတို့ကဲ့သို့ ပြိုကွဲသွားခဲ့ခြင်း မရှိသလို ဘယ်လ်ဂျီယံ နိုင်ငံကဲ့သို့ အလုပ်မတွင်ခြင်းမျိုးလည်း မရှိပါ။
သို့သော်လည်း မြန်မာနိုင်ငံက အိန္ဒိယပုံစံကို လိုက်မည်ဆိုလျှင် ကြုံလာမည့် ပြဿနာများအတွက် ကြိုတင် ပြင်ဆင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု တခုတည်းသာ နေထိုင်သည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသ မရှိပါ။ ကချင်ပြည်နယ်မှ ရှမ်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများကြား အုပ်စုကွဲပြားမှုများ ရှိနေသည်။ ရှမ်းပြည်နယ်တွင်လည်း ၁၉၅၀ နှစ်များအတွင်းတွင် ပအို့ဝ် တိုင်းရင်းသားတို့၏ တော်လှန်ပုန်ကန်မှု ပေါ်ပေါက်ခဲ့သည်။ ပအို့ဝ် တိုင်းရင်းသားတို့က ဗဟိုအစိုးရကို တော်လှန်ကြခြင်း မဟုတ်သော်လည်း ၎င်းတို့ကို လွှမ်းမိုးထားသည့် ရှမ်းစော်ဘွားများကို အာခံ ဖီဆန်ခဲ့ကြခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လှုပ်ရှားနေသော ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ကလည်း သူတို့လူမျိုးများ အတွက် သီးခြားပြည်နယ် လိုချင်နေသည်။ မွန်ပြည်နယ် တခုလည်း ရှိသေးသည်။ မွန် တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု အများအပြားနှင့် ရောနှောနေထိုင်မှု အများဆုံးရှိသည်ဟု ယူဆနိုင်ပါသည်။ ...“
(...သင့်လျော်မည့် ဖက်ဒရယ်ပုံစံရှာဖွေခြင်း… ဘာတေးလင့်တနာ၊ ဧရာဝတီမဂ္ဂဇင်း၊ May 2014)
ပညာရေးကဏ္ဍနှင့် ဒီမိုကရေစီပညာရေးစံနှုန်းများ၊ သင်ရိုးညွှန်းတမ်းများအတွက်လည်း ကျွန်တော်တို့၏ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံ၏ အမျိုးသားပညာရေးစနစ်မှ အတုယူစရာများစွာ ရှိနေပါသည်။
ရှေးယခင်အိန္ဒိယပညာရေး
ရှေးယခင်ကာလများတွင် Gurukula စနစ်ဟူ၍ ခေါ်ဆိုသည့် ပညာရေးကို ကျင့်သုံးခံကြသည်။ အတတ်ပညာရပ်များကို သင်ယူဆည်းပူးလိုသူတို့သည် ဂုရု Guru ဟုခေါ်သည့် ဆရာကြီးထံပါးတွင် ချည်းကပ်၍ တောင်းပန်ရသည်။ လက်ခံခဲ့ပါက ဂုရုထံပါးတွင် ခိုလှုံနေထိုင်ပြီး အိမ်မှုကိစ္စ၊ ကျောင်းကိစ္စများကို ကူညီ လုပ်ဆောင်ပေးရသည်။ ဆရာ-တပည့်ဆက်ဆံရေး ခိုင်မြဲစေသည်ဟု ဆိုနိုင်မည်။ ကလေးငယ်အနေဖြင့် တတ်မြောက်သင့်သော အိမ်မှုကိစ္စများအပါအ၀င် သက္ကရိုက် ဘာသာစကားနှင့် ဝေဒကျမ်းစာများကို ဆည်းပူးကြရသည်။ ဂဏာန်းသင်္ချာနှင့် သဘာဝတ္တပညာတို့ကိုလည်း လေ့လာကြသည်။ နေထိုင်သင်ကြားလိုသမျှ အချိန်အထိဖြစ်စေ၊ ဂုရုကြီးက ပညာပြည့်စုံကုံလုံပြီဟူ၍ ဆုံးဖြတ်ပေးသည့် အချိန်ကာလအထိဖြစ်စေ အတူတကွ နေထိုင်ရင်း ပညာသင်ကြားခြင်းဖြစ်သည်။ လူ့ဘ၀နှင့် သဘာဝတရားတို့နှင့် နီးကပ်စွာ နေထိုင်ရင်း ဘ၀နှင့် သဘာဝတရားထဲမှ အချင်းအရာတို့မှာ သင်ရိုးညွှန်းတမ်းဖြစ်သည်။ ဖတ်စာအုပ်ပါ အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းတို့ သက်သက်သာလျှင် မဟုတ်ခဲ့ပါ။
ခေတ်သစ်အိန္ဒိယ ပညာရေး (ဗြိတိသျှ ကိုလိုနီခေတ်)
ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ခဲ့သည့် ၁၈၃၀ ပြည့်နှစ်များတွင် ဗြိတိသျှ အုပ်ချုပ်ရေးစနစ်နှင့်အတူ ခေတ်သစ်အိန္ဒိယ ပညာရေးကို ဘုရင်ခံ လော့ဒ် သောမတ်စ်ဘာဘင်တန် မက်ကောလေးက စတင်မိတ်ဆက်ခဲ့သည်။ အင်္ဂလိပ်စာ အပါအ၀င် “ခေတ်မီ” ဘာသာရပ်များဟု သတ်မှတ်ထားသော သိပ္ပံ၊ သင်္ချာတို့ကိုသာ ဦးစားပေးခဲ့သည်။ ဒဿနပညာနှင့် သဘာဝတ္တတို့ကို မလိုအပ်ဟု သတ်မှတ်ခဲ့ကြသည်။ စာသင်ခန်းအတွင်းသာ သင်ကြားခြင်းဖြစ်ပြီး သဘာဝတရားနှင့် ကင်းဝေးခဲ့ကြရတော့သည်။ ဆရာ-တပည့် ဆက်ဆံရေး ရှေးအစဉ်အလာလည်း ကွယ်ပျောက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ဥတ္တာပရာဒေ့ရှ်ပြည်နယ် အထက်တန်းကျောင်း ဘုတ်အဖွဲ့ Th Uttar Pradesh Board and Intermediate Education နှင့် အင်တာမီဒီယိတ် ပညာရေးဌာနကို စတင်တည်ထောင်ခြင်းမှာ အိန္ဒိယနိုင်ငံ၏ အစိုးရပညာရေး အဦးအစဟု ဆိုရမည်။ ရာဇပုတ္တနာ၊ ဗဟိုဒေသ၊ ဂွာလီယိုနယ်မြေများကိုလည်း ပညာရေးဆိုင်ရာ စီမံခန့်ခွဲခဲ့သည်။ တဖြည်းဖြည်းဖြင့် အခြားပြည်နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၂ ခုနှစ်တွင် ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခဲ့ပြီး အထက်တန်းပညာရေး ဗဟိုဘုတ်အဖွဲ့ Central Board of Secondary Education (CBSE) ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့တော် နယူးဒေလီရှိ စာသင်ကျောင်းများအားလုံးနှင့် အချို့သော ပြည်နယ်များရှိ ကျောင်းများကို ဤ ဘုတ်အဖွဲ့အသစ် စတင်အုပ်ချုပ်သည်။ သင်ရိုးညွှန်းတမ်း၊ ဖတ်စာအုပ်များ၊ စာမေးပွဲစနစ် စသည့် ပညာရေးလုပ်ငန်းများကို CBSE ဘုတ်အဖွဲ့က တာဝန်ယူသည်။ ယနေ့ မျက်မှောက်ခေတ်တွင်လည်း ကျောင်းထောင်ပေါင်းများစွာကို ဗဟို CBSE ဘုတ်အဖွဲ့နှင့် တွဲဖက် တည်ထောင်ထားသည်။ အာဖဂန်မှသည် ဇင်ဘာဘွေနိုင်ငံများအထိလည်း စာသင်ကျောင်းများကို တွဲဖက်ထားသည်။
လွတ်လပ်စ အိန္ဒိယနိုင်ငံသစ်၏ ပညာရေးတွင် အသက် ၆ နှစ်မှ ၁၄ နှစ်အထိ ကလေးငယ်တိုင်း မသင်မနေရ အခမဲ့ပညာရေးစနစ် (Universial and compulsory education) ကို အိပ်မက်အဖြစ် မျှော်မှန်းထားရှိခဲ့သည်။ ဖွဲ့စည်းပုံ၏ အခန်း ၄၅ တွင် ထည့်သွင်းထားရှိခဲ့သည်။ လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်လာခဲ့သည့် ၂၁ ရာစု ယနေ့အချိန်အထိ ဤမျှော်မှန်းချက်မှာ အလှမ်းဝေးနေဆဲပင်ဖြစ်သည်။  သို့သော် လက်ရှိ အိန္ဒိယအစိုးရက အခြေခံ မူလတန်းပညာရေးကို အရေးကြီး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားရှိပြီး “အခြေခံအခွင့်အရေး” တစ်ရပ်အနေဖြင့် နိုင်ငံသားအားလုံးအတွက် ပြဌာန်းလုပ်ဆောင်လျက်ရှိသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနေခြင်းနှင့် ၂၁ ရာစု နည်းပညာကမ္ဘာကြီးက တောင်းဆိုနေသည့် ပညာတတ် ကျွမ်းကျင်လုပ်သားထု လိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်ကလည်း အစိုးရအတွက် တွန်းအားတစ်ရပ်ဖြစ်သည်။ နိုင်ငံဝင်ငွေ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမျှသာ ပညာရေးဘတ်ဂျက်အဖြစ် ထည့်သွင်း အသုံးပြုခြင်းအပေါ်မှာလည်း ဝေဖန်မှုများစွာ ရှိနေသည်။
ပြည်နယ်အခြေပြု ကျောင်းပညာရေး စနစ်
ပြည်နယ် ၂၈ ပြည်နယ်နှင့် ပြည်ထောင်စုအထူးနယ်မြေ ၇ ခုဖြင့် ပိုင်းခြားဖွဲ့စည်းထားသည်။ ပြည်နယ်များကို ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်အစိုးရများက အုပ်ချုပ်ပြီး ပြည်ထောင်စု အထူးနယ်မြေများကို ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်သည်။ သမ္မတ ရွေးချယ်ခန့်အပ်သော အုပ်ချုပ်ရေးမှုးများ ထားရှိသည်။ လွတ်လပ်စဉ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျောင်းပညာရေးစနစ်မှာ ပြည်နယ်အစိုးရများတွင်သာ လုံးလုံးလျားလျား တာဝန်ရှိသည်။ ပြည်နယ်များက ပညာရေးမူဝါဒများကို လွတ်လွတ်လပ်လပ် ချမှတ် ကျင့်သုံးပိုင်ခွင့် အပြည့်အ၀ ရှိသည်။ အိန္ဒိယအစိုးရ၏ ပညာရေးတာဝန်ကို အဆင့်မြင့်ပညာရေး မူဝါဒများ ချမှတ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အတွက်သာ ကန့်သတ်ထားရှိခဲ့သည်။ ၁၉၇၆ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲသည့်အခါတွင် ပြည်ထောင်စု အစိုးရ၏ အခြားအာဏာများ concurrent list အတွင်း ပညာရေးကဏ္ဍကိုလည်း ထည့်သွင်းခဲ့ပါသည်။ ဆိုလိုသည်မှာ ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို အမျိုးသားအဆင့်အတွက် ဗဟို အစိုးရက ချမှတ်ရေးဆွဲပြီး ပြည်နယ်များက လွတ်လွတ်လပ်လပ် အကောက်အထည် ဖေါ်ဆောင်ကြခြင်းဖြစ်သည်။ အခါအားလျော်စွာ အမျိုးသားအဆင့် မူဝါဒများကို ချမှတ်ပေးသည်။ ဗဟိုအစိုးရ ပညာရေးအကြံပေးဘုတ်အဖွဲ့ The Central Advisory Board of Education CABE ကို ၁၉၃၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို ချမှတ်ခြင်း၊ ကြီးကြပ်ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။
အမျိုးသားအဆင့် ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို ချမှတ်ရေးဆွဲရန်အတွက် ပညာရေးသုတေသနနှင့် လေ့ကျင့်ရေးအမျိုးသားကောင်စီ National Council for Education Research and Training NCERT ကို တည်ထောင်ထားရှိသည်။ အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများ မူဘောင် National Curriculum Framework ကို ပြုစုရေးဆွဲသည်။ ပြည်နယ်များတွင်လည်း NCERT ၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် တွဲဖက်လုပ်ဆောင်နိုင်ရန် State Council for Education Research and Training SCERT ပြည်နယ်ပညာရေးကောင်စီကို ဖွဲ့စည်း ထားရှိသည်။ ဤအဖွဲ့အစည်းများက ပညာရေးနည်းဗျူဟာများ၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးအစီအစဉ်များနှင့် ပညာရည်တိုးတက်မှုကို တိုင်းတာစစ်ဆေးသော နည်းလမ်းများကို ပြည်နယ်ပညာရေးဌာနများအတွက် ရေးဆွဲ ချမှတ်ပေးရသည်။ ပြည်နယ် SCERT ကောင်စီများက ဗဟို NCERT က ချမှတ်ရေးဆွဲပြဌာန်းပေးသော စံနှုန်းများနှင့် လမ်းညွှန်ချက်တို့ကို အခြေခံလျက် လုပ်ဆောင်ကြသည်။ သို့ရာတွင် ပြည်နယ်များက မိမိတို့ ပညာရေးစနစ်ကို အကောင်အထည်ဖေါ်ဆောင်ရာတွင် လွတ်လပ်မှု အပြည်အ၀ ရှိနေပါသည်။
၁၉၈၆ ခုနှစ်က ပြဌာန်းခဲ့သော အမျိုးသားပညာရေးမူဝါဒ The National Policy of Education နှင့် ၁၉၉၂ ခုနှစ်တွင် ချမှတ်ရေးဆွဲခဲ့သည့် လက်တွေ့အကောင်အထည်ဖေါ်ဆောင်ခြင်း အစီအစဉ်ညွှန်ကြားချက်များ Programme of Action POA တို့က ၁၄ နှစ် အောက်ကလေးငယ်တိုင်း အရည်အသွေး ပြည့်မီသော မသင်မနေရ ပညာရေးစနစ်ကို ၂၁ ရာစု မ၀င်မီ စတင်ကျင့်သုံးရန် မျှော်မှန်းထားရှိခဲ့သည်။ အမျိုးသားဝင်ငွေ၏ ၆ ရာခိုင်နှုန်းကို အစိုးရက ပညာရေးဘတ်ဂျက်အဖြစ် တိုးမြှင့်ပေးခဲ့ပြီး ထက်ဝက်ခန့်ကို အခြေခံ မူလတန်းပညာရေးအတွက် သုံးစွဲရန် လျာထားခဲ့သည်။
ပညာရေးအတန်းသတ်မှတ်ချက်
ကျောင်းပညာရေးစနစ်တွင် အဆင့် ၄ ဆင့် သတ်မှတ်ထားသည်။ အသက် ၆ နှစ်မှ ၁၀ နှစ်အထိကို မူလတန်းအောက်ဆင့် lower primary, အသက် ၁၁ နှစ်နှင့် ၁၂ နှစ်ကို မူလတန်း အထက်ဆင့် upper primary, အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိကို အထက်တန်းအောက်ဆင့်  secondary နှင့် အသက် ၁၇ နှစ်နှင့် ၁၈ နှစ်ကို အခြေခံပညာ အထက်တန်း အထက်ဆင့် higher secondary တို့အနေဖြင့် ခွဲခြား သတ်မှတ်ထားခြင်းဖြစ်သည်။ မူလတန်းအောက်ဆင့်တွင် အတန်း ၅ တန်း ခွဲခြားထားပြီး မူလတန်းအထက်ဆင့်တွင် အတန်း ၂ တန်းရှိသည်။ အထက်တန်းအဆင့်တွင် ၃ တန်းရှိသည်။ အထက်တန်းအထက်ဆင့် senior secondary တွင် ၂ တန်း ဖြစ်သည်။ ဒေသအလိုက် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့မှလွဲ၍ တူညီသော သင်ရိုးညွှန်းတမ်း စံနှုန်းများကို လေ့လာသင်ကြားကြသည်။ အထက်တန်းအဆင့် ၁၀ တန်းအထိ ဖြစ်သည်။ အထက်တန်းအထက်ဆင့် ၁၁ တန်းနှင့် ၁၂ တန်းတို့တွင်မူ လမ်းသွယ်လမ်းပြောင်းနှင့် တက္ကသိုလ် အဆင့်မြင့် ပညာရေးအတွက် အခြေခံ သင်ရိုးတွဲများမှာ အတွဲများစွာ ထားရှိသည်။
၃ ဘာသာ ပညာရေးစနစ်
တစ်နိုင်ငံလုံးတွင် ကလေးတိုင်း ဘာသာစကား သုံးမျိုးကို မသင်မနေရ လေ့လာခွင့် ရကြသည်။ အင်္ဂလိပ်စာ၊ ဟင်ဒီဘာသာနှင့် မိခင်ဘာသာစကားတို့ဖြစ်သည်။ ဟင်ဒီဘာသာစကားက မိခင်ဘာသာစကားဖြစ်ပါမူ အခြားသော ဘာသာစကားတစ်ခုခုကို လေ့လာခွင့် ရှိသည်။ ဤသည်မှာ ၃ ဘာသာသင်ကြားရေး စံနှုန်းနှင် မူဝါဒအရနှင့် ကလေးဖွံ့ဖြိုးမှုအတွက် များစွာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ အဓိက သင်ကြားမှု မဏ္ဍိုင်ဘာသာစကား medium of instruction မှာ အင်္ဂလိပ်စာဖြစ်သည်။ လူမှုရေးဘာသာ (သမိုင်း၊ ပထ၀ီဝင်၊ ပြည်သူ့နီတိ) ကို ဟင်ဒီဘာသာစကားဖြင့် သင်ကြားသည်။
ကျောင်းပညာရေးတွင် ကျောင်းအမျိုးအစား လမ်းသွယ် ၃ မျိုး ထားရှိသည်။ ၂ မျိုးကို အမျိုးသားအဆင့်တွင် စီမံခန့်ခွဲသည်။ ပြည်နယ်များသို့ အမြဲတမ်း ရွှေ့ပြောင်းနေထိုင်ကြရသော ဗဟိုအစိုးရ၏ ၀န်ထမ်းသားသမီးများအတွက် တစ်မျိုးဖြစ်သည်။ ဗဟိုအစိုးရ စာသင်ကျောင်းများ Kendriya Vidyalayas ကို မြို့ကြီးတိုင်းတွင် တည်ထောင်ဖွင့်လှစ်ထားရှိသည်။ သင်ကြားရေးအစီအစဉ်နှင့် သင်ရိုးညွှန်းတမ်း တူညီသည့်အတွက် ၀န်ထမ်းသားသမီးများ၏ ကျောင်းပြောင်းရွှေ့ရေးကိစ္စ အဆင်ပြေလှသည်။ နေရာကျန်ရှိပါက ပြည်နယ်အတွင်းရှိ အခြားကလေးများကိုလည်း တက်ရောက်ခွင့်ပြုထားသည်။ ဗဟိုပညာရေးကောင်စီ NCERT က ထုတ်ဝေပြဌာန်းထားသော ဖတ်စာအုပ်နှင့် သင်ရိုးကို အသုံးပြုကြသည်။ ဤအစိုးရကျောင်းများအပြင် ပြည်နယ်တိုင်းတွင် ပုဂ္ဂလိကကျောင်းများလည်း ရှိသည်။ ပြည်နယ်သင်ရိုးညွှန်းတမ်း CBSE ဖတ်စာအုပ်များနှင့် အခြားသင်ကြားရေး လမ်းညွှန်အမျိုးမျိုးကို မိမိတို့ ကျောင်းအလိုက် ရွေးချယ် သုံးစွဲခွင့် ရှိကြသည်။ မူလတန်းအဆင့်များအတွက် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိသည်။ အခြားနိုင်ငံ ၂၁ နိုင်ငံတွင်လည်း CBSE ဖတ်စာအုပ် အသုံးပြုသော စာသင်ကျောင်း ၁၄၁ ကျောင်းရှိသည်။ ယင်းနိုင်ငံများရှိ အိန္ဒိယလူမျိုးများအတွက် အဓိကဖြစ်သည်။
ဒုတိယ ကျောင်းအမျိုးအစားများမှာ အိန္ဒိယအထက်တန်းပညာရေး အောင်လက်မှတ် Indian Certificate of Secondary Education ICSE ကျောင်းများ ဖြစ်သည်။ ကင်းဘရစ် အထက်တန်းကျောင်း အောင်လက်မှတ် Cambridge School Cerfificate ကို အစားထိုးရန်ဟု ဆိုနိုင်ပါသည်။ 1952 ခုနှစ်တွင် ပညာရေးဝန်ကြီးဖြစ်သူ Maulana Abul Kalam Azad မှ ဦးဆောင် ကျင်းပခဲ့သည့် ညီလာခံတွင် အစပြိုးခဲ့သည်။ ကင်းဘရစ်အထက်တန်းကျောင်း အောင်လက်မှတ်ကို အိန္ဒိယစနစ် All Indian Examination ဖြင့် အစားထိုးရန် ညီလာခံက ရည်ရွယ်ခဲ့သည်။
၁၉၅၆ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သော Inter-State Board for Anglo-Indian Education အင်ဂလို-အိန္ဒိယ ပညာရေးအတွက် ပြည်နယ်စုံ ဘုတ်အဖွဲ့များ အစည်းအဝေးကြီးက အိန္ဒိယအမျိုးသားကောင်စီ Indian Council ကို ဖွဲ့စည်းတည်ထောင်ရန်အတွက် မူကြမ်းရေးဆွဲခဲ့ကြသည်။ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင်ဖွဲ့စည်း နိုင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒေလီကျောင်းပညာရေးဥပဒေအရ အစိုးရစာမေးပွဲအားလုံးကို တာဝန်ယူဆောင်ရွက်ရန် ကောင်စီအား တာဝန်ပေးအပ်ခဲ့သည်။ ယခုအခါတွင် အိန္ဒိယတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအများစုကြီးမှာ ဤကောင်စီနှင့် ဆက်စပ်လျက်ရှိနေသည်။ ပုဂ္ဂလိကကျောင်း အများအပြားလည်း ပါဝင်သည်။
အထက်တန်းပညာရေး ဗဟိုဘုတ်အဖွဲ့ CBSE နှင့် အိန္ဒိယအထက်တန်းပညာရေး အောင်လက်မှတ် ICSE ကောင်စီများက သူတို့ ကိုယ်ပိုင်စာမေးပွဲများကို ကျင်းပလေ့ရှိသည်။ ဒသမတန်းနှင့် တက္ကသိုလ်ဝင်တန်းဖြစ်သော ၁၂ တန်း စာမေးပွဲများ ဖြစ်သည်။ ၁၁ တန်းဝင်ခွင့်အတွက်မှာ ဤအိန္ဒိယတစ်နိုင်ငံလုံးဆိုင်ရာ စာမေးပွဲများ၏ ရလဒ်များအရ ဆုံးဖြစ်လေ့ရှိသည်။ ရလဒ်ကောင်းကောင်းနှင့် အောင်မြင်ရန်အတွက် ကျောင်းသားများမှာ ဖိအားပေးခြင်းများစွာ ခံစားကြရသည့်အတွက် ၁၀ တန်းပြီးဆုံးသည့်အခါအတွင် ဤစာမေးပွဲများကို ရုတ်သိမ်းရန် အကြံပြုထားကြသည်။
သီးသန့်ကျောင်းများ
အထက်ပါ ကျောင်းအမျိုးအစားများအပြင် စီနီယာကင်းဘရစ်ခ်ျကဲ့သို့သော နိုင်ငံခြားသင်ရိုးညွှန်းတမ်းကို သင်ကြားသည့် ကျောင်းအချို့လည်း ရှိနေသေးသည်။ သို့သော် ICSE စာမေးပွဲများက အစားထိုးပေးလျက်ရှိသည်။ အလွန်အမင်း ဈေးကြီးမြင့်လှသည်။ ဘော်ဒါဆောင်တွင်နေထိုင်ပြီး ပညာသင်ယူနိုင်ကြသည်။ ပြည်ပရောက်အိန္ဒိယလူမျိုးများက သူတို့သားသမီးများ ပညာရေးအတွက် အားထားကြခြင်းဖြစ်သည်။ ကျောင်းအင်္ဂါစဉ်နှင့် သင်ထောက်ကူ အဆင့်မြင့်မားသည်။ ဆရာ-တပည့်အချိုး နည်းလှသည်။ ကျောင်းသားလည်း အနည်းငယ်မျှသာ ရှိတတ်သည်။ နိုင်ငံရပ်ခြားမှ ဆရာများလည်း သင်ကြားပေးသည်။ Dehradun နယ်ဖက်တွင် Doon ကျောင်းများလည်း ရှိသေးသည်။ ကျောင်းသားဦးရေ အနည်းငယ်သာလက်ခံပြီး ကျောင်းဝင်ခွင့်နှင့် ကျောင်းလခမှာ အလွန်ဈေးကြီးလှသည်။
            အစဉ်အလာပညာရေးစနစ်အတွင်းမှ ခွဲထွက်ပြီး သင်ကြားပေးနေသည့် ကျောင်းများလည်း ရှိသေးသည်။ Andhra Pradesh ပြည်နယ်တွင် Rishi Valley School ကဲ့သို့သော ကျောင်းများမှာ အလွတ်ကျက်မှတ်နေရသေးသည့် ပင်မပညာရေးစနစ်နှင့် မတူဘဲ မွန်တက်ဆိုရီနည်းလမ်းများကဲ့သို့သော ဆန်းသစ်မှုများဖြင့် သင်ကြားလျက်ရှိသည်။ ဤကဲ့သို့ကျောင်းများမှာ ဈေးအလွန်ကြီးလှသည်။ ကျောင်းသားတိုင်း မိမိတို့ ကိုယ်ပိုင် နှုန်းထားဖြင့် သင်ယူလေ့လာခွင့်ကို ဖန်တီးပေးထားသည်။ ဤကဲ့သို့သော ကျောင်းမှ ထွက်သွားသူများ၏ အနာဂတ်ဘ၀များနှင့် အလုပ်အကိုင်များ မည်သို့ ရှိနေမည်ကို သုတေသနပြုလုပ်ရန် ပညာရှင်များက စိတ်ပါဝင်စားလျက်ရှိသည်။
အစိုးရကျောင်းများ
ပြည်နယ်တိုင်းတွင် ပညာရေးဝန်ကြီးဌာန ထားရှိပြီး စာသင်ကျောင်း ပညာရေးစနစ်ကို အကောင်အထည်ဖော်ခြင်း၊ ဖတ်စာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်း၊ စာမေးပွဲ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သည်။ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်း သင်ရိုးညွှန်းတမ်းများ၊ သင်ယူခြင်း-သင်ကြားခြင်း နည်းလမ်းများ၊ စစ်ဆေး အကဲဖြတ်ခြင်းတို့ကို SCERT ပြည်နယ်ပညာရေး သုတေသနနှင့် လေ့ကျင့်ရေးကောင်စီက မူဝါဒများ ချမှတ်ပေးခြင်းဖြစ်သည်။ SCERT ကလည်း အမျိုးသားအဆင့် ပညာရေးကောင်စီဖြစ်သော NCERT ဖက်ဒရယ်ပညာရေးဌာနက တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော စံနှုန်းများနှင့် မူဘောင်အတွင်း အခြေခံလျက် ပြည်နယ်အတွက် သင့်တင့်သော မူများကို ထပ်ဆင့်ရေးဆွဲခြင်းပင်ဖြစ်သည်။
ပြည်နယ်သင်ရိုးညွှန်းတမ်းကို သင်ကြားသည့် ကျောင်းအမျိုးအစား ၃ မျိုးရှိသည်။ အစိုးရပိုင် မြေနေရာနှင့် ကျောင်းအဆောက်အဦများတွင် အစိုးရကျောင်းများကို ဖွင့်လှစ်ထားရှိသည်။ အစိုးရ၀န်ထမ်း ကျောင်းဆရာဆရာမများကို လစာပေးသည်။ အစိုးရကျောင်းများ government schools ဟူ၍ ခေါ်ဆိုကြသည်။ ကျောင်းလခမှာ ဈေးသက်သာသည်။ ပုဂ္ဂလိကပိုင်မြေနေရာတွင်၊ ကျောင်း အဆောက်အဦများ ဆောက်လုပ်ပြီး ဖွင့်လှစ်ထားရှိသော ကျောင်းများမှာ ဈေးပိုကြီးသည်။ ကျောင်းစီမံခန့်ခွဲရေးကော်မီတီက ဆရာဆရာမလစာကို တာဝန်ယူ ပေးရသည်။ မြို့ပြနေ လူလတ်တန်းစား မိသားစုများအတွက် အဓိကဟု ဆိုနိုင်သည်။ တတိယအမျိုးအစားမှာ မိမိကိုယ်ပိုင်မြေနေရာတွင် အဆောက်အဦဆောက်လုပ်ပြီး အစိုးရအကူအညီဖြင့် ဖွင့်လှစ်ထားရှိသော ကျောင်းများဖြစ်သည်။ အစိုးရအကူအညီမှာ ကျောင်းလခ သက်သာရေးအတွက် ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော မိသားစုများက သူတို့ သားသမီးများ၏ ပညာရေးအတွက် ကျောင်းထားနိုင်ရေးကို ရည်ရွယ်ပါသည်။ kerala ကဲ့သို့သော ပြည်နယ်အချို့တွင် အစိုးရကျောင်းများနှင့် ထပ်တူနီးပါဖြစ်သည်။ ဆရာဆရာမလစာနှင့် ကျောင်းဝင်ကြေးများ တူညီလေ့ရှိသည်။
Kerala ပြည်နယ်လေ့လာချက်
အနောက်တောင်ပိုင်းပြည်နယ်ငယ်တစ်ခုဖြစ်သော ကာရာလာပြည်နယ်မှာ အခြားသော ပြည်နယ်များနှင့် မတူဘဲ တမူထူးခြားသည်ဟု ဆိုရမည်။ ဆယ်စုနှစ်အချို့ပင် ရှိခဲ့ပြီ။ ဥပမာအားဖြင့် စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး ပြည်နယ်ဖြစ်သည်။ ပြည်နယ်လုံးကျွတ် စာတတ်မြောက်ခဲ့သည်မှာ ဆယ်စုနှစ်ပင် ရှိပြီ။ လူ့သက်တမ်း (အမျိုးသမီး၊ အမျိုးသား) မှာလည်း မြင့်မားလှသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ပင် ယှဉ်နိုင်သည်။ ကလေးမွေးနှုန်းမှာလည်း သတ်မှတ်စံ ၂ ဒသမ ၁ ထက် လျော့နည်းသည်မှာ ဆယ်စုနှစ် ၂ ခုပင်ရှိတော့မည်။ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်းတို့၏ ဘေးထွက် ဆိုးကျိုးကြောင့်လည်း (မိမိကိုယ်ကို သတ်သေခြင်း) ဆူဆိုက်နှုန်းနှင့် အရက်စွဲရောဂါသည်ဦးရေ တိုးပွားခဲ့၏။ အစိုးရမူဝါဒများမှာ အခြားပြည်နယ်များနှင့် မတူ ကွဲပြားသည်။ ပညာရေးနှင် လူမှုဖူလုံရေးတို့အတွက် ဘတ်ဂျတ်ငွေကို အမြင့်ဆုံးထားရှိသည်။ ကာရာလာပုံစံဟူ၍ပင် စီးပွားရေးပညာရှင်များက သုံးနှုန်းလာကြသည်။
Kerala ပြည်နယ်မှာ ကျောင်းပညာရေးစနစ်ကို တိုးတက်လာစေရန် အစဉ်တစိုက်ပင် အားထုတ်လျက်ရှိသည်။ ဖက်ဒရယ်ဗဟို NCERT ပညာရေးကောင်စီက မူအသစ်၊ စံနှုန်းအသစ်တို့ ထုတ်ပြန်သည်နှင့် အဦးအစအနေဖြင့် ကျင့်သုံးသည့်ပြည်နယ်မှာ ကာရာလာနယ်ပင်ဖြစ်နေသည်။ ခရိုင်မူလတန်းပညာရေးအစီအစဉ်ကို DPEP ကိုလည်း ပြည်နယ်က စမ်းသပ်ခဲ့သည်။ ရိုးရာအစဉ်အလာအရ အပြုအမူအခြေပြု၊ အလွတ်ကျက်မှတ်သော ပညာရေးစနစ် လမ်းအိုဟောင်းမှ ခွဲထွက်လျက် ၂၁ ရာစု ပညာရေးနည်းလမ်းဖြစ်သော “အသိပညာကို ကိုယ်တိုင် တည်ဆောက်ခြင်း” social constructivist paradigm နည်းလမ်းများဖြင့် အစားထိုး ကျင့်သုံးနေသည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် NCERT က National Curriculum Framework အမျိုးသားသင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင် ထည့်သွင်း ပြဌာန်းခဲ့သည်နှင့် တပြိုင်နက် ကာရာလာပြည်နယ်က နောင်နှစ်တွင် အဦးဆုံး ကျင့်သုံးလိုက်ခြင်းဟု ဆိုနိုင်သည်။
စာသင်ခန်းအတွင်း သင်ယူခြင်း-သင်ကြားခြင်း နည်းလမ်းများနှင့် တတ်မြောက်မှုကို စစ်ဆေးခြင်း နည်းလမ်းများမှာလည်း ပြောင်းလဲခဲ့ပြီ။ အလွတ်ကျက်မှတ်ထားသူတို့ အလွယ်တကူ ဖြေဆိုနိုင်သော တိုက်ရိုက် မေးခွန်း မေးမြန်းခြင်းအစား အခြားမေးခွန်းများနှင့် အဖွင့်သဘောဆောင်သော မွေးခွန်းများဖြင့် လေ့ကျင့်ကြသည်။ ကျောင်းသားများက အဖြေမပေးမီ ပိုမို စဉ်းစားတွေးခေါ်လာစေသည်။ အဖြေမှာလည်း တစ်မျိုးတည်း ဖြစ်ချင်မှဖြစ်မည်။ ဆိုလိုသည်မှာ တပွဲထိုး အလွတ်ကျက်မှတ်ခြင်းထက် သင်ယူရမည့် အကြောင်းအရာကို အသေအချာ နားလည်သဘောပေါက်ရန် လိုအပ်လာသည်။ အသိသစ်ကို မိမိကိုယ်တိုင် နားလည်ယူတတ်လာပြီး မေးခွန်းကို မိမိအမြင် ရပ်တည်ချက်တို့နှင့် ယှဉ်တွဲလျက် သုံးသပ်ဖြေဆိုနိုင်စွမ်း ရှိလာစေရန် လေ့ကျင့်ပျိုးထောင်မှုပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤနည်းလမ်းအသစ်မှာ ကျောင်းသားများအတွက် ပညာရေးစိတ်ဖိစီးမှု လျော့ပါးစေပြီး စစ်ဆေးမှုကို ပျော်ပျော်ပါးပါးပင် ဖြေဆိုနိုင်ခြင်း၊ ကျောင်းနေပျော်ခြင်းတို့စသော ပညာရေးရလဒ်ကောင်းများ ရှိလာသည်။ စာသင်ကျောင်းဒဏ်၊ ပညာရေးဒဏ်နှင့် သင်ရိုးဖိစီးမှုတို့မှ ကင်းဝေးပြီး စိတ်ချမ်းသာစွာ ပညာသင်ကြားခွင့် ရှိလာသည်။ ပိုမို၍ ပညာရေး အနှစ်သာရနှင့် သရုပ်သကန် ပေါ်လွင် ပီပြင်လာသည်။  စဉ်ဆက်မပြတ် ဘက်စုံစစ်ဆေးခြင်း comprehensive and continuous assessment CCE စနစ်ကိုလည်း အစားထိုးထားသည်။ ကျောင်းသား၏ ပုဂ္ဂလဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားသော စစ်ဆေးခြင်းဖြစ်ပြီး တစ်ထိုင်တည်းဖြင့် အဆုံးအဖြတ်ပေးသည့် “စာမေးပွဲကြီး ဘေးဒဏ်” ၏ ဆိုးကျိုးကို လျော့ပါးစေသည်။ ပြည်နယ် CBSE ပညာရေးဘုတ်အဖွဲ့က ပိုမို ငြင်သာသော နည်းလမ်းများဖြင့် CCE ကို အကောင်အထည်ဖေါ်လျက် ရှိသည်။
သတင်းအချက်အလက် နည်းပညာ Information technology IT ကို စတင်မိတ်ဆက်သည့် ပြည်နယ်ပင်ဖြစ်သည်။ အထက်တန်းအဆင့်တွင် သင်ရိုးဝင်ဘာသာတစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားသည်။ အဌမတန်းတွင် စတင်သင်ကြားသည်။ Microsoft widows နှင့် Microsoft office တို့ကို မိတ်ဆက်သင်ပေးသည်။ ကုမ္ပဏီများနှင့် ဆရာသမဂ္ဂတို့က ကန့်ကွက်ဆန္ဒပြသည့်အတွက် အခြားသော free softwares များကိုလည်း ထည့်သွင်း သင်ကြားပေးရသည်။ ၂၀၀၇ ခုနှစ်တွင် GNU/Linux တို့ကိုသာ သင်ကြားပေးသည်။ IT နှင့် ကျောင်းပညာရေးကို များစွာ ချိတ်ဆက်ပေးလျက်ရှိသည်။ ဘာသာရပ်အားလုံးကို IT နည်းပညာအကူအညီဖြင့် သင်ကြားခြင်းလည်း ဖြစ်သည်။ IT ကို ဘာသာရပ်တစ်ခုအနေဖြင် သင်ကြားခြင်းအပြင် အခြားဘာသာများတွင်လည်း အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်။ အင်တာနက်ဆိုက်များ (Wikipedia, ရုပ်ပုံများ၊ ဗွီဒီယိုများ) ကို စာသင်ခန်းအတွင် အသုံးပြုနိုင်သည်။ ဆရာများကလည်း ဆော့ဖ်ဝဲများနှင့် အင်တာနက်ဆိုက်များဖြစ်သည့် Dr.Geo, GeoGebra, Ktechlab တို့ကို ဂျီအော်မေတြီနှင့် အီလက်ထရောနစ်ဘာသာရပ်တို့ကို သင်ကြားပေးရာတွင် အသုံးပြုလျက်ရှိသည်။ Sunclock, Kalzium နှင့် Ghemical တို့မှာလည်း ဆရာများနှင့် ကျောင်းသားများအကြား ရေပန်းစားသော applications များ ဖြစ်ကြသည်။
Kerela ပြည်နယ်မှ အဦးအစ ကျင့်သုံးနေသည့် ပညာရေးမူနှင့် စံနှုန်းများကို အခြားပြည်နယ်များက အတုယူလာကြသည်။ ဗဟိုဖက်ဒရယ် အစိုးရကိုယ်တိုင်ပင် ပြည်နယ်ထံမှ ပြန် လေ့လာနေရသည်။
အချုပ်အားဖြင် ဆိုရသော် အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့်နှင့် အညီ ပညာရေးတွင် ဗဟိုဦးစီး ချုပ်ကိုင်မှုကို လျော့ချထားပြီး ပြည်နယ်များက မိမိတို့ကိုယ်တိုင် လွတ်လွတ်လပ် စီမံခန့်ခွဲနိုင်သော ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးသည်ဟု ဆိုနိုင်ပါသည်။
သိန်းနိုင် (မောက္ခပညာရေး)                        
သံလွင်တိုင်မ်းဂျာနယ် (မေ၊ ဇွန်၊ ဇူလိုင်) ၂၀၁၅၊ မော်လမြိုင်မြို့။
ဆက်ပါဦးမည်။
>>>ဆက်ဖတ်ရန်>>> >>