Saturday, June 27, 2015



ကျောင်းသားသမဂ္ဂသမိုင်းနဲ့ ကျောင်းသားကိုယ်စားလှယ်၊
 ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ကိစ္စ အငြင်းပွားမှုကို ဖြေရှင်းပေးထားတဲ့ အလွန်ဖတ်သင့်တဲ့ဆောင်းပါးပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ပြောပြခြင်း
(ဘိုသိမ်း)
၂၀၁၅ခု မေလ၂၂ ရက်(သောကြာ)နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် သန်လျင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့သတင်း ဖတ်ရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ အခုအချိန်မှာ ဒီသမဂ္ဂကိစ္စဆိုရင် အများကြီးပြော ကြတယ်။ အန်တီတို့ကတော့ အမြဲပဲပြောပါတယ်။ ကျောင်းသူကျောင်းသားများဟာ တန်းတူညီတူ အခွင့်အရေးရှိရမယ်။ အဲဒါဆို သမဂ္ဂ၀င်မှ မဟုတ်ဘူး။ သမဂ္ဂ၀င်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂ၀င် မဟုတ်တဲ့သူကို အခွင့်အရေးတစ်မျိုး၊ အဲဒီလိုလုပ်လို့မရဘူး။အဲဒါဆိုရင် ဒီမိုကရေစီ စံနှုန်းစံထား နဲ့လည်း မကိုက်ညီဘူး။ တကယ်ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင်မ မကိုက်ညီ ဘူး။ အဲ့ဒါကို လည်း မမေ့ကြနဲ့ ” လို့ပြောကြားသွားပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်းဆန်းစုကြည်အနေနဲ့ သူ့အမြင်ကို သူသိသလောက် သူပြောသွားတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှမဝေဖန်လိုပါဘူး။အဲ့ဒီသတင်းကို ကျွန်တော်ဖတ်ရှု့လိုက်ရတဲ့အချိန်မှာ ချက်ချင်းလိုပဲ၊ ကျွန်တော့ခေါင်းထဲမှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့သမိုင်းဖြစ်ရပ်မှန်လေးတစ်ခုကို ပြန်လည်မြင်ယောင်လာပါတယ်။
အဲဒီသမိုင်းဖြစ်ရပ်မှန်လေးဟာ နှစ်ပေါင်း ၆၃ခုနှစ်က ဖြစ်ပျက်ခဲ့တာဆိုတော့ မီလိုက်သူတစ်ချို့ လောက်တော့ပဲရှိပါတော့မယ်။

ဒါကြောင့် အဲဒီသမိုင်းဖြစ်ရပ်မှန်းလေကိုတော့ အများပြည်သူများ၊ကျောင်းသားများ၊ လူငယ်များ သိအောင် တင်ပြချင်ပါတယ်။
၁၉၃၁ ခုနှစ် ဇန်န၀ါရီလ(၉)ရက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းတဲ့အချိန် က စတင်ပြီး ၁၉၅၃-၅၄ စာသင်နှစ်အထိ ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များမဟုတ်ကြပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်တဲ့ တက္ကသိုလ်ကျောင်းသား များဟာ သမဂ္ဂ၀င်ခွင့် လျှောက်လွှာပုံစံများကို ဖြည့်သွင်းပြီး ကျောင်းသားသမဂ္ဂ၀င်ကြေး တစ်ကျပ်ပေး သွင်းခါ သမဂ္ဂ၀င်အဖြစ် ခံယူကြရပါတယ်။တစ်ချို့ ကျောင်းသားအနည်းစုကတော့ သမဂ္ဂမ၀င်ကြပါ။
၁၉၅၃-၅၄ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်ရွေးကောက် ပွဲမှာ မဲခိုးတဲ့ပြဿနာဖြစ်ပွားခဲ့ပါတယ်။စတင်ဖြစ်ပွားတာကတော့ ဒီလိုပါ။
အဲဒီအချိန်က အစိုးရအာဏာရရှိနေတဲ့ ဆိုရှယ်လစ်ပါတီနဲ့ နီးစပ်တဲ့ ကိုကိုကြီးက ၁၉၅၂ - ၅၃ ပညာသင်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူနေပါတယ်။ ကိုကိုကြီး ဟာ ဆိုရှယ်လစ်ပါတီနဲ့ နီးစပ်တဲ့ ဒီအက်(စ)အိုအဖွဲ့ ( D.S.O) ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒီအက်(စ)အိုအဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွင်းမှာ စည်းရုံးရေး ကျဆင်းတဲ့အချိန်ဖြစ်ပါတယ်။ဘာကြောင့် စည်းရုံးရေးကျဆင်းတယ်ဆိုတာကိုတော့ ရှည်မှာစိုးလို့ မရေးတော့ပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ၁၉၅၂-၅၃ ပညာသင်နှစ် တကသဥက္ကဋ္ဌက ၁၉၅၃-၅၄ ပညာသင်နှစ်အတွက် တကသအမှုဆောင်ရွေးကောက်ပွဲကို “ ရွေး ကောက်ပွဲအရာရှိ” အဖြစ် တာဝန်ယူပြီး ကျင်းပပေးရပါတယ်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းစာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဟုတ်သေး တဲ့အတွက် တကသ ရွေးကောက်ပွဲမှာ တက္ကသိုလ်ကျောင်းသားတိုင်းမဲဆန္ဒပေးခွင့် မရှိပါဘူး။ ကျောင်း သားသမဂ္ဂအဖွဲ့ဝင်ကတ်ပြား ကိုင်ထားသူသာ မဲဆန္ဒပေးခွင့်ရပါတယ်။
၁၉၅၃-၅၄ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပထမအသုတ် အမှုဆောင်ရွေးကောက်ပွဲကို ၁၉၅၃ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။
အစိုးရအာဏာရ ဆိုရှယ်လစ်တွေနဲ့ နီးစပ်တဲ့ဒီအက်(စ)အိုအဖွဲ့အနေနဲ့ ကျောင်းသားထုအတွင်း စည်းရုံးရေးကျဆင်းနေချိန်ဖြစ်သဖြင့် ရွေးကောက်ပွဲအရာရှိ ဒီအက်(စ)အို အဖွဲ့ခေါင်းဆောင် ကိုကိုကြီး အနေနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုအဖွဲ့ ရှုံးနိမ့်သွားမှာကို အလွန်စိုးရိမ်နေပါ တယ်။ဒါကြောင့် ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးဟာ တကသအမှုဆောင် ရွေးကောက်ပွဲမှာ မသမာမှု တွေကို ပြုလုပ်ပါတယ်။
ပြုလုပ်ပုံကဒီလိုပါ။

အဲဒီအချိန်တုန်းက လွတ်လပ်ရေးရပြီးမှ အသစ်ဖွင့်လှစ်တဲ့ အစိုးရဌာနများ ဥပမာလျှပ်စစ် ဓါတ်အား ပေးရေးအဖွဲ့၊ လယ်ယာနှင့်ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (ARDC) ၊ စက်မှုတိုး တက်ရေး ကော်ပိုရေးရှင်း ( IDC) မှာ ဆိုရှယ်လစ်ပါတီဝင်များကို ၀န်ထမ်းအဖြစ် ခန့်ထားပါတယ်။
အဲဒီအစိုးရဌာနများက တက္ကသိုလ်ကျောင်းသားအရွယ် ဆိုရှယ်လစ်ပါတီဝင် ၀န်ထမ်းများကို တကသ ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက တက္ကသိုလ်ကျောင်းသားသမဂ္ဂ၀င်ကတ်ပြားများ ထုတ်ပေး ပြီး၊ တက္ကသိုလ်ကျောင်းသားအယောက်ဆောင်ကာ ဒီအက်(စ)အိုအဖွဲ့ကို မဲထည့်ခိုင်းပါတယ်။
အမှန်တကယ် မဲထည့်ရန်လာတဲ့ တက္ကသိုလ်ကျောင်းသားများ မဲထည့်ရန် မဲရုံ(အဲဒီအချိန်က တကသအဆောက်အအုံအပေါ်ထပ်ရှိ အစည်းအဝေးခန်းမကြီးကို မဲရုံအဖြစ်ပြုလုပ်ထားပါတယ်) သို့ရောက်ရှိသောအခါ မဲစာရင်းရှိ အဲဒီကျောင်းသားများ၏အမည်မှာ မဲထည့်ပြီးဖြစ်နေကြောင်း တွေ့ ရသဖြင့် အဲဒီကျောင်းသားတစ်ချို့နဲ့ ပြဿနာတက်နေကြပါတယ်။
အဲဒီအချိန်မှာ ကိုတင်ထွန်းအမည်ဖြင့် လူတစ်ယောက် မဲပြားလာထုတ်ပါတယ်။ကံဆိုးချင်တော့ မဲအမှန်တကယ် ထည့်ခွင့်ရှိတဲ့ တက္ကသိုလ်ကျောင်းသား ကိုတင်ထွန်းအစစ်အမှန် မှာ တကသရွေးကောက်ပွဲမှာ သန့်ရှင်းအဖွဲ့က အရွေးခံတဲ့ ကိုအုန်းခိုင်နဲ့ အခန်းတစ်ခန်းထဲနေတဲ့ အခန်းဖော်ကျောင်းသားဖြစ်နေပါတယ်။
ကိုတင်ထွန်းအမည်နဲ့ မဲပြားထုတ်ယူချိန်မှာ ကိုအုန်းခိုင်က “ခင်ဗျားကိုတင်ထွန်းမဟုတ်ဘူး” ဆိုပြီး ၀င်ဖမ်းကာ၊ ထိုသူအား ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးထံခေါ်ဆောင်သွားပါတယ်။
နဂိုက သူတို့အမည်နဲ့ လူစားထိုး မဲထည့်ခံထားရလို့ မကျေမနပ်ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်း သားတွေက “မဲသူခိုးမိပြီဟေ့”လို့ အော်ဟစ်ဆူပူကြပါတယ်။ နောက်တော့ ကျောင်းသား ထုအတွင်း က “မတရားသော ရွေးကောက်ပွဲအလိုမရှိ” ဆိုတဲ့အသံတွေ ပေါ်ထွက်လာပါတယ်။

အဲဒီအချိန်မှာ ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက ကမာရွတ်ရဲစခန်းကို ဖုန်းဆက်လိုက်ပုံ ရပါတယ်။ ရဲကားတွေ တကသ အဆောက်အအုံရှေ့ ရောက်ရှိလာပြီး၊ ရဲသားတစ်ချို့ တကသအဆောက်အအုံ အပေါ်ထပ်ကို ပြေးတက်လာပါတယ်။
ရဲတွေတက်လာတဲ့အချိန်မှာ ကျောင်းသားတစ်ချို့က “မဲပုံးကို ရဲလက်တော့ မအုပ်ဘူး” ဟုအော် ဟစ်ကာ တကသအဆောက်အအုံအပေါ်ထပ်မှ ကတ္တရာလမ်းမပေါ်ပစ်ချလိုက်ပါတယ်။မဲပုံး ကတ္တရာ လမ်းမပေါ်ကျသည့် အချိန်မှာ မဲပုံကွဲအက်သွားပြီး မဲပြားများ မဲပုံးဘေးကတ္တရာ လမ်းပေါ်သို့ လွင့်စင် သွားပါတယ်။ ကတ္တရာလမ်းပေါ်မှာရှိနေတဲ့ တက္ကသိုလ်ကျောင်းသား တစ်ချို့က “မတရားတဲ့ ရွေး ကောက်ပွဲ” ဟု အော်ဟစ်ရင်း လွင့်စင်လာတဲ့ မဲပြားကို ဆုတ်ဖြဲကြပါတယ်။
အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲ ပျက်သွားပါတယ်။
နောက်တစ်နေ့ နေ့စဉ်သတင်းစာတွေမှာ ကွဲအက်နေတဲ့ မဲပုံးကြီးနဲ့ ဘေးကိုလွင့်စင်နေတဲ့ မဲပြားတွေကို အနီးကပ် ( Close up ) ရိုက်ထားတဲ့ ဓါတ်ပုံကို သတင်းစာမျက်နှာဖုံးမှာ အသားပေး ဖော်ပြထားကြပါတယ်။အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုတွေ မဲခိုးတဲ့သတင်းဟာ တတိုင်း ပြည်လုံးဟိုးလေတကျော်ဖြစ်သွားပါတယ်။

၁၉၅၃-၅၄ ပညာသင်နှစ်မှာ တက္ကသိုလ်အာဏာပိုင်တွေက တကသအမှုဆောင် ရွေးကောက်ပွဲ အသစ် ပြန်လုပ်ခွင့်မပေးတော့ပါဘူး။ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသမိုင်းမှာ ၁၉၅၃-၅၄ ပညာသင်နှစ်မှာ တကသ အမှုဆောင်အဖွဲ့မရှိခဲ့ပါဘူး။
၁၉၅၄-၅၅ စာသင်နှစ်မှာတော့ ကျောင်းသားခေါင်းဆောင်များနဲ့တက္ကသိုလ် အာဏာ ပိုင်များ ဆွေး နွေးတိုင်ပင်ကြပြီး ၁၉၅၃-၅၄ တကသအမှုဆောင်ရွေးကောက်ပွဲလိုအဖြစ်မျိုး ထပ်မံမပေါ်ပေါက်အောင် အစီအစဉ်တွေ ရေးဆွဲကြပါတယ်။
တကသဖွဲ့စည်းပုံစည်းမျဉ်းဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း တကသရွေးကောက်ပွဲအရာရှိအဖြစ် တကသဥက္ကဋ္ဌဟောင်းကပဲ ဆောင်ရွက်ရပါတယ်။ မဲပြားထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်း များ ကို ကြီးကြပ်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကောင်စီက ပါမောက္ခကြီးများ ပါဝင်သော တကသရွေး ကောက်ပွဲကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပါတယ်။
မဲပြားတိုင်းမှာ ရွေးကောက်ပွဲအရာရှိလက်မှတ်နဲ့ တကသရွေးကောက်ပွဲကြီးကြပ်ရေး အဖွဲ့ခေါင်း ဆောင် ပါမောက္ခကြီးရဲ့လက်မှတ်၊လက်မှတ်၂ခုလုံးပါရှိရပါတယ်။ မဲပြားထုတ်ပေးတဲ့အချိန်မှာလဲ တက္က သိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ကတ်ပြားနဲ့ ထုတ်ယူခွင့်မပြုတော့ဘဲ ရန်ကုန်တက္ကသိုလ်ကျောင်း သားကဒ် (Identity Card) ပြပြီးမဲပြား ထုတ်ယူရပါတယ်။မဲပြားထုတ်ပေးပြီးတာနဲ့ ကျောင်းသားကဒ် ပြားပေါ်မှာ မဲပေးပြီး ( Voted) ဆိုတဲ့ တံဆိပ်တုံးကို ရိုက်ပေးလိုက်ပါတယ်။နောက်မဲပြားကို မဲပုံးထဲကို တစ်ခါထဲထည့်ခဲ့ ရပါတယ်။ မဲရုံကိုတော့ တကသအဆောက်အအုံမှာ မပြုလုပ်တော့ဘဲ ရန်ကုန်တက္က သိုလ် ၀ိဇ္ဇာခန်းမကြီး (ဂျက်ဆင်ခန်းမကြီး)မှာ ပြုလုပ်ပါတယ်။အဲဒီနည်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်း သားတစ်ယောက် ဟာ မဲတစ်ပြားသာ ထုတ်ယူခွင့်ရရှိပြီး မဲပြားကိုလည်း မဲရုံခန်းမအပြင်ဘက်ကို ယူဆောင်သွားလို့ မရပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုနိုင်ရန် အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်လွှာတင်စဉ်အချိန်က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကြေး တစ်ကျပ်ကို တက္ကသိုလ်ငွေစာရင်းဌာနက တက္ကသိုလ်ကျောင်းဝင်ကြေး နဲ့အတူ ကောက်ခံပေးပါ တယ်။

နိုင်ငံသားတွေအနေနဲ့ အသက် ၁၈နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရရှိသွားသလို အဲဒီလိုနည်းနဲ့ တက္ကသိုလ်ကျောင်းသားတိုင်းစာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သွား ကြပြီး၊ ကျောင်း သားတိုင်း တက္ကသိုလ်ကျောင်းသားဖြစ်တာနဲ့ တကသရွေးကောက်ပွဲမှာ မဲပေးနိုင် ခွင့်နဲ့ ၀င်ရောက်အ ရွေးခံနိုင်တဲ့ အခွင့်အရေးတွေ ရရှိသွားပါတယ်။
အဲဒီလို စီစဉ်လိုက်တဲ့အတွက် ကျောင်းသားသမဂ္ဂ၀င် ကျောင်းသားတစ်စုက မဲထည့်ပြီး ရွေးချယ် လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့မဟုတ်တော့ဘဲ တက္ကသိုလ်ကျောင်းသား အားလုံးက လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ပေးတဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ အမှုဆောင်အဖွဲ့ ဖြစ်သွားပါတယ်။ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားထု တစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွား ပါတယ်။ကိုယ်စားပြုမှုနယ် ကျယ်ပြန့်သွားပါတယ်။
နှစ်ပေါင်း ၆၀ကျော်က ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများနဲ့ တက္ကသိုလ်အာဏာပိုင်များ ညှိ နှိုင်းဆွေးနွေးပြီး အမြော်အမြင်ကြီးကြီးနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်ဟာ ကျောင်းသားများ အ တွက်ရော၊ တက္ကသိုလ် အာဏာပိုင်တွေအတွက်ပါ နှစ်ဦးနှစ်ဘက်အဆင်ပြေချောမွေ့ခဲ့ပါတယ်။
ဒါကြောင့်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ရန်ကုန်တက္ကသိုလ်ကျောင်း သားထုတစ်ရပ်လုံး ကိုယ်စားလှယ်အဖြစ် အစိုးရ၊ တက္ကသိုလ်အာဏာပိုင်များအပါအ၀င် အဖွဲ့အစည်း အားလုံးက အသိအမှတ်ပြုကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ၁၉၅၄-၅၅ စာသင်နှစ်ကစတင်ပြီး ၁၉၆၁- ၆၂ စာသင်နှစ်အထိ (၈)နှစ်တိုင်တိုင် အထက်ပါဖော်ပြနည်းဖြင့် တက္ကသိုလ်ပါမောက္ခကြီး များ ကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့ပါတယ်။ဒါကြောင့် အဲဒီအချိန်ကာလတုန်းက ကျင်းပပြုလုပ် ခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲများကို မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံး ရွေးကောက်ပွဲများအဖြစ် သတင်းစာများက ဖော်ပြရေးသားခဲ့ကြပါတယ်။
ကျွန်တော်ဒီသမိုင်းအဖြစ်အပျက်လေးကို ပြန်လည်တင်ပြတာက “၁၉၅၄-၅၅ ပညာသင်နှစ် စတင် ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့ကြ ပြီး၊ မဲပေးခွင့်၊ရွေးချယ်ခံခွင့် စသည့် အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့်ရရှိခဲ့ကြပါတယ်” ဆိုတဲ့ အချက်ကို အများပြည်သူများ ကျောင်းသားကျောင်းသူများ၊ လူငယ်များ ရှင်းရှင်းလင်းလင်း သဘော ပေါက်စေရန် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်
များဖြစ်တဲ့ အတွက် ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂ၀င်မဟုတ်တဲ့ ကျောင်းသား တစ်ယောက်မှ မရှိပါဘူး။ဒါကြောင့် သမဂ္ဂ၀င်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂ၀င်မဟုတ်သူကို အခွင့်အရေးတစ်မျိုး၊ အခွင့်အရေးပေးတဲ့ ပြဿနာကလည်း ရန်ကုန်တက္ကသိုလ်မှာ မပေါ်ပေါက်ခဲ့ပါဘူး။

ယခုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ထုတ်ပြန်ပြီး၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရတယ်ဆိုရင်လဲ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ရွေး ကောက်ပွဲကို ၁၉၅၄ ခုနှစ်မှာ စတင်ကျင်းပခဲ့သလို ရွေးကောက်ပွဲအရာရှိနဲ့ တက္ကသိုလ်ပါမောက္ခများ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီ တို့ ပူးတွဲကြီးကြပ်ပေး ကြမယ်လို့ ယုံကြည်ယူဆထားပါတယ်။
အဲဒီလို အစီအစဉ်အတိုင်းသာ ပြုလုပ်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ ဟာ တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွားတဲ့အတွက် တက္ကသိုလ်ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့က ရာထားရွေးချယ်ပေးတဲ့ တက္ကသိုလ်ကောင်စီဝင် လူကြီးဟာလည်း ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ပဲ ဖြစ်သွားပါတယ်။
ဒါကြောင့် “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” “ကျောင်းသားသမဂ္ဂကိုယ်စားလှယ်” လို့ ထည့်လိုက်တဲ့အတွက် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီစရာမရှိပါဘူး။ ဒီမိုကရေစီစံနှုန်းဆိုတာကလဲ အနောက်တိုင်း အရှေ့တိုင်း ပေတံမတူတာလေးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လဲ မကိုက်ညီ စရာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက်ပြောကြားချက်ထဲမှာ “ ကျောင်းသားကိုယ်စာလှယ် ရွေး တယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ သမဂ္ဂ၀င်ကလည်း အရွေးခံပိုင်ခွင့် ရှိရမယ်။ အများကြိုက်တဲ့ သူကရမှာပဲပေါ့” လို့ပါရှိတာကို ဖတ်လိုက်ရပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်တာကိုတော့ ကျွန်တော့်အနေနဲ့ အနည်းငယ် ပြန်လည်ဆွေးနွေးချင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိပ္ပါယ် ကောက်ယူမှုတစ်ခုခုများ လွဲချော်သေလားလို့ စဉ်းစားရမိပါတယ်။ ဒါမှမဟုတ်ရင် သေသေချာချာ လေ့လာမှုမရှိဘဲ ပြောဆိုတာလဲ ဖြစ်နိုင်ပါတယ်။
ဒီနေ့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ “ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ် ကောင်စီ သို့မဟုတ် တစ်ခြားပညာရေးနဲ့ ပတ်သက်တဲ့ ကော်မတီတွေမှာပါဝင်ရေး ” ဆိုတာ တက္က သိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်တွေကိုယ်တိုင် ကိုယ်စားလှယ် အဖြစ်ပါဝင်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂကရွေးချယ်တဲ့ ( Normonate လုပ်တဲ့ ) ကျောင်းသားမဟုတ်တဲ့ ဘွဲ့ရတစ်ဦးပါဝင်ရေးကို တောင်းဆိုနေတာဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်မရဘဲ၊ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အဆိုတင်သွင်းသလို “ ကျောင်းသားများကရွေးချယ်သော ကိုယ်စားလှယ်” အဖြစ် ပါဝင်ခွင့်ရမယ်ဆိုလဲ ၊ အဲဒီကျောင်းသား ကိုယ်စားလှယ်ကို တက္ကသိုလ်အာဏာပိုင်များက ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ပြီး ကျောင်းသားများကို ရွေးချယ်ခိုင်းရမှာဖြစ်ပါတယ်။
အဲဒီရွေးချယ်ပွဲမှာလည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ကိုယ်တိုင်ပါဝင်ရွေးချယ်ခံ ဘို့ တောင်းဆိုနေတာမဟုတ်ပါဘူး။
အဲဒီနေရာမှာ အထက်ကဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က “ကျောင်းသား ကိုယ်စာလှယ် ရွေးတယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့ လူကလဲ အရွေးချယ်ပိုင်ခွင့်ရှိရမယ်၊ သမဂ္ဂ၀င်ကလဲ ရွေးချယ်ပိုင်ခွင့် ရှိရမယ်” လို့ ပြောသွားပါတယ်။

အမှန်တကယ်ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂ၀င်မဟုတ်တဲ့ ကျောင်းသားလဲ အရွေးခံခွင့်မရှိဘူး၊ သမဂ္ဂကျောင်းသားလဲ အရွေးခံခွင့်မရှိဘူး။
ဒါကြောင့် ကျွန်တော်အဲဒီအချက်ကိုထောက်ပြတာဖြစ်ပါတယ်။
အများပြည်သူများနဲ့ ကျောင်းသားကျောင်းသူများ သဘောပေါက်အောင် အဲဒီကိစ္စကို ရှင်းပြပါမယ်။
ရန်ကုန်တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ပါဝင်ခွင့်ရခဲ့တာက ၁၉၃၉ ဇွန်လ (၁၅)ရက်နေ့မှာ အတည်ဖြစ်ခဲ့တဲ့ ၁၉၃၉ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ခုနှစ် အက်ဥပဒေ ဒုတိယအ ကြိမ် ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ(၂၀) အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီးဟာ မောင်အောင်ဆန်းဖြစ်ပါတယ်။အဲဒီအချိန် မှာ မောင်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသားမဟုတ်တော့ပါဘူး၊ နိုင်ငံရေးလောက ထဲကို ရောက်ရှိနေပါပြီ။

၁၉၅၇ခုနှစ် မန္တလေးတက္ကသိုလ်အက်ဥပဒေအရ ၁၉၅၈ခုနှစ်ထဲမှာ မန္တလေးယူနီဗာစတီကောလိပ် ကို “မန္တလေးတက္ကသိုလ်” အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာ “မန္တလေးတက္ကသိုလ် ကောင်စီ” ဆိုတာ လဲ ပေါ်လာပါတယ်။
၁၉၅၇ ခု မန္တလေးတက္ကသိုလ်အက်ဥပဒေ၊ပုဒ်မ၁၁ ပုဒ်မခွဲ (၁) အပိုဒ်ခွဲ (ဋ္ဋ) အရ၊ မန္တလေးတက္က သိုလ်ကောင်စီမှာ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ဦး ပါဝင် ခွင့်ရရှိခဲ့ပါတယ်။
မန္တလေးတက္ကသိုလ်အက်ဥပဒေပုဒ်မ ၁၁ပုဒ်မခွဲ(၁)အပိုဒ်ခွဲ(ဋ)မှာ “မန္တလေးတက္ကသိုလ်ကျောင်း သားသမဂ္ဂ၏ အမှုဆောင်အဖွဲ့က အမည်စာရင်းတင်သွင်းသော တက္ကသိုလ်အရာထမ်း အမှုထမ်း လည်းမဟုတ် တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သော တက္ကသိုလ်ဘွဲ့ရတစ်ဦး” လို့ဖော်ပြထားပါ တယ်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာတော့ မန္တလေးတက္ကသိုလ်အက်ဥပဒေမှာ ဖော်ပြထားတဲ့ အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာမို့ ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။ ကိုယ်စားလှယ် (၁)ဦးနေ ရာမှာ (၂)ဦးလို့ ရေးသားထားတာပဲ ကွာခြားပါတယ်။
ယခုဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” မှာထည့်သွင်းပေးရန် ကျောင်းသားတွေ တောင်းဆိုနေတာကလဲ တက္ကသိုလ်ကောင်စီ မှာ ကျောင်းသားတွေ ကိုယ်တိုင် ပါဝင် ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ မန္တလေးတက္ကသိုလ်အက်ဥပဒေနဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ များမှာ ဖော်ပြထားသလို “တက္ကသိုလ်ဝန်ထမ်းမဟုတ်သော ကျောင်းသားမဟုတ်သော ဘွဲ့ရကိုယ် စားလှယ် ” ပါဝင်ရေးကိုသာ တောင်းဆိုနေတာပါ။ အဲဒီတောင်းဆိုချက်ဟာလဲ အသစ်အဆန်းမဟုတ် ဘဲ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကပဲ ရရှိခဲ့တဲ့အခွင့်အရေးကိုသာ တောင်း ဆိုနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂ၀င်မဟုတ်တဲ့ ကျောင်းသားလဲ အရွေးချယ်ပိုင်ခွင့်မရှိဘူး။သမဂ္ဂကျောင်းသားလဲ အရွေးခံခွင့်မရှိဘူးလို့ အထက်မှာရေးခဲ့တာပါ။
နောက်တစ်ချက်ရှင်းပြစရာ တစ်ခုကျန်ပါသေးတယ်။
၁၉၅၈ခုနှစ် အောက်တိုဘာလ(၂၈) ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းဟာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် အဖြစ် လွှတ်တော်ထဲမှာ အာဏာလွှဲပြောင်းလက်ခံယူပါတယ်။ အာဏာလွှဲပြောင်း ရယူပြီး (၄)လအကြာ ၁၉၅၉ ခုနှစ် မတ်လ(၂) ရက်နေ့မှာ ပြလုပ် တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “ရန်ကုန်တက္က သိုလ်အက်ဥပဒေ” ကို ပြင်ဆင်ပါတယ်။
“ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ” ကို ပြင်ဆင်တာက ယခုကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် ပြင်ဆင်သလိုပါပဲ။ ‘‘ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်’’ ဆိုတဲ့ စကားလုံးကို “ကျောင်းသားများကိုယ် စားလှယ် ” လို့ပြင်ဆင်ပါတယ်။
၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ချက်အရ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦးကို ရန်ကုန်တက္ကသိုလ်ကောင်စီက ထုတ်ပယ်ပစ်ပါတယ်။ပြင်ဆင်လိုက်တဲ့ တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားကိုယ်စားလှယ် တက္က သိုလ်ကောင်စီဝင်လူကြီး (၂)ဦးကို ကျောင်းသားကျောင်းသူများကိုယ်တိုင် မဲဆန္ဒပေး ပြီးတိုက်ရိုက် ရွေးချယ်ရမယ်ဆိုပါတယ်။
ဤကဲ့သို့ တက္ကသိုလ်အက်ဥပဒေပြင်ဆင်လိုက်ခြင်းဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားကျောင်းသူများ၏ ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုသည့်သဘောဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ပါတယ်။ တနည်းပြန်ပြောရရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို မပိတ်ပင်သော်လည်း ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂကို လူရာမသွင်းဘဲ ထားလိုက်တဲ့သဘောဖြစ်ပါတယ်။
ယခုလည်း ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ရွေးချယ်ခွင့် မရရင် ဒီသဘောပဲ ဖြစ်သွားပါမယ်။
“၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက် ” အရ ကျောင်းသားကိုယ်စားလှယ် ကောင်စီဝင်လူကြီး (၂)ဦး ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ပြုလုပ်ခဲ့ပါ တယ်။
အဲဒီရွေးကောက်ပွဲမှာ သန့်ရှင်းဖဆပလအဖွဲ့(နိုင်ငံရေးပါတီ) အနေနဲ့ ၀န်ကြီးဟောင်းဦးဝင်းနဲ့ ၀န်ကြီးဟောင်း ဦးရာရှစ်တို့ကို ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံစေပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် စစ်ကြိုခေတ်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတီဝမ်းနဲ့ ၁၉၄၉- ၅၀ ခုနှစ်တကသ ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်ကျော်တို့ကို တကသကိုယ်စား လှယ်များအဖြစ် သတ်မှတ်ပြီး တက္ကသိုလ်ကောင်စီဝင်လူကြီး ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံစေ ပါတယ်။
ဦးတီပီဝမ်းနဲ့ ဦးမောင်မောင်ကျော်တို့ဟာ ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးများ ဖြစ်ပြီး တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်အရ တက္ကသိုလ်ကောင်စီဝင်လူကြီးအဖြစ်မှ ထုတ်ပယ်ခံရသူတွေဖြစ်ပါတယ်။
အဆိုပါ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲမှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကိုယ်စားပြုပြီး အရွေးခံတဲ့ ဦးတီပီဝမ်းနဲ့ ဦးမောင်မောင် ကျော် (၂)ဦးကို တက္ကသိုလ်ကျောင်းသားထုက မဲအပြတ်အသတ်ထည့်ပြီး ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်အသိအမှတ်ပြုပေးခဲ့ပါတယ်။
ဗိုလ်ချုပ်နေ၀င်းအစိုးရက တကသကို ကျောင်းသားထု ကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်မပြုရန် ကြိုးစားခဲ့သော်လည်း တကသဟာ ဒီမိုကရေစီနည်းလမ်းအရ တက္ကသိုလ်ကျောင်း သားထုကို အမှန်တကယ် ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အဲဒီကျောင်းသားကိုယ်စား လှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး(၂)ဦး ရွေးကောက်ပွဲရလာဒ်က ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော် ၁၉၅၉ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီ ၀င်လူကြီး (၂) ဦး ရွေးကောက်ပွဲအကြောင်းကို ပြန်လည်ပြောပြတာက “တက္ကသိုလ်ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ကို တက္ကသိုလ်ကျောင်းသားထုက ဒီမိုကရေစီနည်းအရ လျှို့ဝှက်မဲပေးစနစ် နဲ့ ရွေးချယ်တင်မြှောက်ထားတယ်ဆိုရင်၊ “ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး ရွေးကောက်ပွဲ” ဆိုတာ မလိုအပ်ကြောင်း သိရှိနိုင်ရန် ပြောပြခြင်းဖြစ်ပါတယ်။
အမှန်တကယ်က “ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ” ဆိုတာထဲက “ကျောင်းသားသမဂ္ဂ” ကို ဖြုတ်ပစ်တာထက်၊ ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ၊ ကျောင်းသားထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်ဖြစ်အောင် ရွေးကောက်တင်မြှောက်ပေးရေးက ပိုအရေးကြီးကြောင်း တင်ပြအပ်ပါသည်။
ဘိုသိမ်း
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 6, 2015

ဖိတ်ကြားလွှာ









မကွေး၊ မြို့ဦးရပ် ၊ မြို့ဦးဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်ကြသော ယဉ်ကျေးလိမ္မာသင်တန်းသား/သူများအား ပညာပါရမီကုသိုလ်ပြုအဖွဲ့မှ  ၉.၅.၂၀၁၅ ၊နံနက်(၉)နာရီ၌ မုန့်၊ အချိုရည်တို့ကို သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ သို့ပါ၍ စိတ်ပါဝင်စားသူများ၊  ငယ်သူငယ်ချင်းများနှင့် ပညာပါရမီကုသိုလ်ပြုအဖွဲ့ဝင်တို့အား အသိပေး ဖိတ်ကြားအပ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

ပစ်မှတ်

»

ပစ်မှတ်

http://www.zevendesign.com/wp-content/uploads/2011/03/target-practice-530.jpg
လေးအတတ်မှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ်ဆိုတဲ့ မင်းတစ်ပါးရှိတယ်။ သူ့ဘ၀မှာ လေးအတတ်နဲ့ ရန်သူကို နှိမ်နင်း၊ လေးအတတ်နဲ့ တိုင်းပြည်မှာ ပစ်ခွင်းအစွမ်းပြပြီး လက်ခုပ်သံတွေကြားနေရတာကိုပဲ ပီတိ ဖြစ်နေသူတစ်ယောက်ပေါ့။ ဒါပေမဲ့ မင်းကြီးရဲ့ လေးပစ်ချက်ဟာ အကြိမ် ၁၀၀ မှာတစ်ကြိမ်လွဲတယ်။ အဲဒီလို တစ်ကြိမ် လွဲတာကို မကျေနပ်တဲ့အတွက် ထပ်ကာ ထပ်ကာလေ့ကျင့် ကြိုးစားလည်း မအောင်မြင်ဘူး။
တစ်နေ့တော့ မင်းကြီးဟာ သူ့ကို ငယ်စဉ်က လေးအတတ်သင်ပေးဖူးတဲ့ ဘုန်းတော်ကြီးကျောင်းကိုသွားပြီး အပြစ်ဆိုတယ်။ ဆရာစားချန်တယ်ပေါ့။ အကြိမ် ၁၀၀ မှာ တစ်ကြိမ်လွဲရအောင် သူ့ကို ပညာသင်ပေးထားတယ် ဆိုပြီး ဆရာတော်ကို အပြစ်သွားတင်တယ်။ ဆရာတော်ကလည်း
"လောကမှာ မလွဲဘူးသူရှိရင် ငါ့ထံခေါ်ခဲ့လော့။ မလွဲဘူးသည့် ဆရာရှိလျှင် ငါထာဝရ ကိုးကွယ်ထားမည်" လို့ မိန့်တော်မူလိုက်တယ်။
ဘုရင်လည်း စိတ်ထဲမှာ မကျေမနပ်နဲ့ မြင်းစီးပြီး ပြန်ခဲ့ရာက စမ်းချောင်းလေးတစ်ခုကိုရောက်သွားတယ်။ စမ်းချောင်းဘေးက သစ်ပင်တိုင်းမှာ မြားတွေမှန်ထားတာတွေ့ရတယ်။ ထူးဆန်းတာက မြားတိုင်းဟာ စက်ဝိုင်းရဲ့ အလယ်ဗဟိုတည့်တည့်ကို မှန်ထားတယ်။ ဘုရင်လည်း စိတ်ဝင်စားပြီး မြားတစ်ချောင်းစီကို လိုက်ကြည့်တယ်။ သစ်ပင်တိုင်းရဲ့အပေါ်က စက်ဝိုင်းအလည်တည့်တည့်တွေကိုချည်း မြားတွေက စိုက်ဝင်နေတာတွေ့လိုက်ရတော့ အလွန်အံ့သြမိတာပေါ့။ သူလိုက်ပြီးတော့ မြားတွေကို ရေတွက်လိုက်တော့ အချောင်း ၁၀၀ ကျော်နေတာတွေ့ လိုက်ရတယ်။
လောကမှာ ငါ့ထက်တော်တဲ့လူတွေ့ပြီ၊ ဆရာတင်အံ့ဆိုကာ မြားပစ်သွားသူကို လိုက်ရှာတယ်။ စမ်းချောင်း လေးရဲ့ အထက်ဘက်မှာ လူငယ်လေးတစ်ယောက်က လေးနဲ့ မြားကို ကိုင်ပြီးရပ်နေတယ်။ ဘုရင်လည်း ၀မ်းသာအားရနဲ့
"လုလင် ဤ၀န်းကျင်ရှိ မြားတိုင်းဟာ သင်ပစ်ထားတာတွေလား"
"ဟုတ်ပါတယ် မင်းကြီး"
"သင့်ဆရာ မည်သူနည်း"
"ဆရာမရှိပါ၊ လေ့ကျင့်ရင်း တတ်လာတာပါ"
ဘုရင်ဒေါသထွက်သွားတယ်။ သူ့လို ဆရာကောင်းနဲ့ သင်ထားတဲ့သူကို ပျက်ရယ်ပြုသလိုဖြစ်နေလို့ စိတ်ဆိုးပြီး
"မဖြစ်နိုင်ဘူး။ သင် ဆရာမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ မြားတိုင်းကို ပစ်မှတ်အလယ်တည့်တည့်ဝင်အောင် ပစ်နိုင် ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီမြားတွေအားလုံးကို ပစ်မှတ်တွေထဲဝင်အောင် သင်မည်သို့ ပစ်သည်ကို ငါ့အား ပြလော့" ဆိုပြီး အမိန့်ပေးလိုက်တယ်။
လူငယ်လေးကလည်း လေးနဲ့ မြားကို သစ်ပင်တစ်ပင်ကို ချိန်ပြီး ပစ်လိုက်တယ်။ မြားက သစ်ပင်တည့်တည့် စိုက်ဝင်သွားတယ်။ နောက်တော့ လူငယ်လေးက အဲဒီ သစ်ပင်နားကို သွားပြီး အိတ်ထဲကပါလာတဲ့ ဆေးဘူးကို ထုတ်ကာ စိုက်နေတဲ့ မြားပတ်လည်ကို အလည်တည့်တည့်ကျအောင် စက်ဝိုင်းလေး ၀ိုင်းပေးလိုက်တယ်။
"အဲဒါ ကျွန်ုပ်နည်းပါပဲ" လို့ပြောပြီး ထွက်သွားတဲ့လူငယ်ကို ဘုရင်လည်း ဘာမှမပြောနိုင်တော့ဘဲ ငေးစိုက် ကြည့်နေမိတော့တယ်။
၎.၅.၂၀၁၅

မေက္ခပညာရေးမဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။

>>>ဆက်ဖတ်ရန်>>> >>

ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . .

ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . .

http://images6.fanpop.com/image/photos/32900000/Dove-doves-32938407-1024-791.jpg
ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် ယနေ့ပင်ရာထူးမှနုတ်ထွက်လိုက်တော့မည် ဖြစ်သည်။ မြန်မာ တစ်နိုင်ငံလုံး မည်သည့်ကဏ္ဍတွင် မည်မျှပျက်စီးကြပါစေ ကိစ္စမရှိပါ။ ခံနိုင်ရည်ရှိပါသည်။ ခံလည်းခံခဲ့ရ ပြီး၊ ခံလည်းခံရဆဲမို့ . . . ခံနိုင်ပါသည်။ မခံနိုင်သည့်ကဏ္ဍမှာ ပညာရေးကဏ္ဍဖြစ်၏။ မခံမရပ်နိုင်ကြ လွန်း၍ ပြဿနာများအမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
ကျွန်မအိမ်ခေါင်းရင်းတွင် ပန်းအိုးတင်ရန် ရည်ရွယ်၍လုပ်ထားသော တံစက်မြိတ်နှင့်ကြမ်းပြင်တစ်ခုရှိ ၏။ လေအေးစက်တပ်ဆင်သောအခါ ထိုကြမ်းပြင်ပေါ်မှာ လေပူထုတ်ပန်ကာကို ချထားခဲ့ရာ အမိုးအ ကာနှင့် လုံလုံခြုံခြုံဖြစ်နေ၍ အနီးအနား၌ ကျက်စားကြသော ခိုငှက်များက သဘောကျလေ့ရှိသည်။ အရိပ်ခိုပြီး သံဝါသပြုကြသည်။
အချိန်တန်လျှင် ဥများဥကြသည်။ ငှက်ပေါက်ကလေးများပေါက်ကြသည်။ ကျွန်မသည် ခိုငှက်ကိုအ လွန်မုန်း၏။ သူ့ညည်းသံကိုလည်း နားညည်း၏။ သူ့မစင်ကိုလည်းရွံ၏။ သူနှင့် နီးနီးနေခြင်းသည် ကျန်းမာရေးအတွက် အနံ့အသက် မကောင်းချေ။ သို့သော်သူ့အသိုက်မှာ ငှက်ပေါက်ကလေးများ ဖြစ် လာလျှင်မူ မောင်းမထုတ်ရက်ပါ။ ငှက်ပေါက်ကလေးနှစ်ကောင် ပူပြီးဝပ်နေကြပုံကို သနားသည်။ ချောင်ထဲတိုးနိုင်သမျှ တိုးကြရှာသည်။ သူတို့ကိုမိခင်ငှက်မကြီးက စောင့်ရှောက်၏။ ငှက်ဖိုကားယောင် ၍မလာတော့ပါ။
ကျွန်မတို့သည် ငှက်ပေါက်ကလေးများကို နေ့စဉ်ချောင်းကြည့်ရ၏။ သူတို့တဖြည်းဖြည်းထွားလာသည်။ အတောင်စုံလာသည်။ နောက်တော့သူတို့က ခြောက်လက်မခန့်မြင့်သော ကြမ်းပြင်နံရံပေါ်ခုန်တက် လိုက်၊ ဆင်းလိုက်လုပ်ကြသည်။ အားစမ်းနေကြပုံရ၏။ ပျံတော့မပျံနိုင်သေးပေ။
တစ်ရက်မှာကား ခိုလေး၊ ငါးကောင်ဝိုင်းရံလာကြ၏။ လူရိပ်လူခြည်ကိုလည်း ကြည့်ကြ၏။ သူ့ဆွေမျိုး များဖြစ်မည်။ သူတို့အခုမှဘာလာလုပ်ကြပါလိမ့်။ သြော် . . . . အဖြေပေါ်ပြီ။ ငှက်ပေါက်ဘဝမှ အတော်ထွားလာပြီဖြစ်သော ငှက်ကလေးနှဏ်ကောင်သည် အားယူပျံနေကြ၏။ ဝေးဝေးမဟုတ်ပါ။ ကျွန်မအခန်း၏ တံစက်မြိတ်အမိုးသို့ ဖြစ်သည်။ အကောင်ငယ်ငယ်၊ တောင်ပံသေးသေးဖြင့် ငှက်က လေးသည် ထိုတံစက်မြိတ်နှစ်ခုကို အသွား၊ အပြန် အပျံကျင့်နေပါရောလား။
ဤကိစ္စအတွက် အရင်ကလမလာခဲ့ဖူးသော သူ့ဖခင်အပါအဝင် ဆွေမျိုးငှက်ဖိုကြီးများက လာရောက် ဝန်းရံစောင့်ရှောက်ကြတာကိုး။ ချော်ကျလျှင်ကူဖို့၊ ရန်သူလာလျှင် ထိုးဆိတ်ဖို့ပေါ့။
သူတို့ကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ပါ။
သက်ရှိသတ္တဝါတိုင်းသည် မိမိမျိုးဆက်သစ်များကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့၊ အားဖြည့်ဖို့တာဝန်ရှိ ပေသည်။ ငှက်တွေတောင်မှ ဤတာဝန်ကိုမဖြစ်မနေ ထမ်းရွက်ကြ၏။
တိရစ္ဆာန်ထက်များစွာ ဦးနှောက်ကြီးသော လူသားသတ္တဝါတို့ဆိုလျှင် မိမိမျိုးဆက်များကို ပို၍ပင်စောင့် ရှောက်ရပါမည်။ သင်ကြားပေးရပါမည်။ ပြုစုပျိုးထောင်ရပါမည်။ ကာကွယ်ကြရပါလိမ့်မည်။
ကျွန်မအိမ်မှာလည်း ကျောင်းနေသော ကလေးသုံးဦးရှိသည်။ သူတို့ကိုပညာရေးအတွက် လိုသမျှဖြည့် ပေးသည်။ အပြင်းအထန် မတိုက်တွန်းပါ။ မှန်မှန်လုပ်စေသည်။ စာမေးပွဲနှင့်ပတ်သက်၍ တစ်ပါတည်း ပြောထားသည်။
‘စာမေးပွဲကျရင် စိတ်မညစ်နဲ့၊ နောင်နှစ်ထပ်ကြိုးစားရင် ပြီးသွားမှာပဲ။ စာမေးပွဲတစ်နှစ်ကျတယ်ဆိုတာ တစ်ဘဝလုံးဆုံးသွားတာ မဟုတ်ဘူး။ လူ့ဘဝမှာတစ်နှစ်ဆိုတာ ခဏလေးပဲ။ အားထပ်ထည့်ဖို့ပဲလို တယ်။’
သည်လိုနှင့် အားလုံးစာမေးပွဲများ အောင်ခဲ့ကြတာပါပဲ။ ကျွန်မမောင်လေးငယ်ငယ်က သူငယ်တန်းဖတ် စာမှာ ‘သားတို့၊ သမီးတို့စားဖို့၊ စားစရာတွေဝယ်ခဲ့သည်’ ဟူသောစာကြောင်းကို ဖတ်ရာ၌ ‘စားဖို့စားစ ရာ’ ကိုသူဆို၍ မရချေ။ ‘စားဖို့ရရာတွေ . . . .’ ဟုသူဖတ်နိုင်သည်။ ကျွန်မတို့ရယ်နေခဲ့ကြ၏။ နောင် ၁၅ နှစ်ကြာသောအခါ မောင်လေးက ဝိဇ္ဇာဘွဲ့ကို မြန်မာစာအဓိကဖြင့် ရခဲ့သည်။ ‘စားဖို့ စားစရာ’ မဖတ်တတ်တာ ဘာဖြစ်သေးလဲ။
သည်တော့ . . . .။
ကလေးများကို ကမှ ကဖြစ်ဖို့၊ အ မှ အဖြစ်ဖို့၊ ဤသည်မရွေးအတိအကျသင်ရန်မလိုပါ။ သူတို့ဦးနှောက် ခံနိုင်ရည်ကိုကြည့်ပြီး ဖြည့်တင်းပေးရန် အရေးကြီးသည်။ ကျွန်မတံစက်မြိတ်က ငှက်ပေါက်ကလေးများ . . . . ဟိုအဝေးသို့ပျံသွားကြပါပြီ။ ဥခွံမှထွက်ခါစမှာတော့ ဇွတ်အတင်းပျံခိုင်းလို့ ဘယ်ရပါ့မလဲ။
- သင်ရိုးတွေ ပြင်ကြပါ။
- သင်ကြားရေးစနစ် ပြင်ကြပါ။
- စာမေးပွဲစနစ် ပြင်ကြပါ။
ပြောရတာလည်း မောကြပါပြီ။
ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . . . ။
စံတော်ချိန်သတင်းစာ
ဧပြီလ (၂၄) ရက်၊ ၂၀၁၅ ခုနှစ်
မေက္ခပညာရေးမဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

ခေါင်းဆောင်ဆိုသည်မှာ

ေေေေေ ခေါင်းဆောင်ဆိုသည်မှာ

 

http://www.pocanticohills.org/washington/GW1782.jpg
မဟာလူသားတို့သည် နေရာမရွေးဝင်ဆန့်နိုင်စွမ်းရှိကြသည်။ ကြီးသည် ငယ်သည် မြင့်သည် နိမ့်သည်ဟူ၍ခွဲခြား လေ့မရှိ။ သေးငယ်သည်ဆိုပြီး လျစ်လျူမရှု၊ ကြီးမားသည်ဆိုပြီးတော့လည်း မရွံ့ကြပေ။
အမေရိကန်နိုင်ငံ ပထမအကြိမ်ပြည်တွင်းစစ်ပွဲကာလ ဖြစ်သည်။ အရာရှိတစ်ယောက်သည် တံတားဆောက်ရန် အတွက် တပ်သားများက သစ်ပင်များခုတ်လှဲနေသည်ကို ကြီးကြပ်နေရသည်။ လူအင်အားက နည်းလွန်းလှသဖြင့် အလုပ်က မတွင်နိုင်လောက်အောင်ဖြစ်နေသည်။
ထိုအဖြစ်အပျက်ကို တစ်နေရာမှကြည့်နေသည့် အရာရှိကြီးတစ်ဦးသည် တံတားဆောက်နေရာသို့လာပြီး ကြီးကြပ် နေသည့်အရာရှိအား
"တံတားဆောက်နေတာ လူအင်အားမလုံလောက်ဘူး ထင်တယ်"ဟုမေးလိုက်သည်။
"ဟုတ်ပါတယ်။ လူအင်အား အတော်လေးလိုနေတယ်"ဟု အရာရှိငယ်က ပြန်ပြောလိုက်သည်။
ထိုစဉ် မြင်းပေါ်မှ အရာရှိကြီးက
"ဒါဆိုရင် မင်းကိုယ်တိုင် ဘာဖြစ်လို့ ဝင်မလုပ်တာလဲ"ဟုပြောလိုက်ရာ အရာရှိငယ်သည် အောင့်သက်သက်ဖြင့်
"ကျွန်တော်က အရာရှိပဲ။ ဘာကြောင့်ဝင်လုပ်ရမှာလဲ"ဟူ၍ တုံ့ပြန်လိုက်လေသည်။
မြင်းပေါ်မှ အရာရှိကြီးက "အော် ဟုတ်ပေသားပဲ" ဟုတစ်ခွန်းသာပြောပြီး သူကိုယ်တိုင်မြင်းပေါ်မှဆင်းကာ တပ်သားများကြားသို့ဝင်ပြီး လုပ်အားပေးလေသည်။ တံတားဆောက်ပြီးသွားသောအခါ ထိုအရာရှိကြီးက
"နောက်တစ်ခါ ဒီလိုလုပ်အားလိုတယ်ဆိုရင် စစ်သေနာပတိဆီကိုသာ အကြောင်းကြားလိုက်ပါကွာ။ ငါကိုယ်တိုင် ပြန်လာပြီး လုပ်အားပေးပါ့မယ်"ဟုပြောသွားလေသည်။
ထိုသူကား အမေရိကန်သမိုင်းတွင် ထင်ရှားသည့် ဗိုလ်ချုပ်ဝါရှင်တန်ပင်ဖြစ်တော့သည်။
       
           မောက္ခပညာရေး မဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။

 
>>>ဆက်ဖတ်ရန်>>> >>