Monday, January 19, 2015

လူငယ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း ရေးသူ - မိုးမင်း



19.1.2015



ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ ကွန်ဆာဗေးတစ် တချို့အတွက် ထမင်းလုံးတစ္ဆေ ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။ အမှန်မှာ ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ ရုတ်တရက် မိုးပေါ်က ကျလာသော အရာလည်းမဟုတ်၊ ကျွန်တော်တို့နှင့် သူစိမ်းပြင်ပြင် အရာလည်းမဟုတ်။ မသိလိုက် မသိဖာသာ သဘောနှင့် ကျွန်တော်တို့ နေ့စဉ် စီးမျောနေသော ဘဝ အထိအတွေ့ တစ်မျိုးသာ ဖြစ်လေသည်။


ဥပမာ မြန်မာပြည်က အိမ်တစ်အိမ်တွင် အင်ဒိုနီးရှားပါတိတ်၊ ယိုးဒယား ထမင်းပေါင်းအိုး၊ တရုတ် မီအားမြှင့်စက်၊ ကိုရီးယာ တီဗွီ၊ အိန္ဒိယ မီးပူ၊ ဂျပန်လုပ် မီးချောင်း၊ အမေရိကန် အားဆေး စသဖြင့် တပေါင်းတစုတည်း တွေ့မြင်နိုင်သည်။ ယင်းမှာ ဂလိုဘယ်လိုင်ဇေးရှင်း သဘောတရားပင်ဖြစ်သည်။ (သမိုင်းတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးခဲ့သည့် ဥရောပရေကြောင်းသွားလာမှု စခန်းသစ် ဖွင့်သည့်အချိန်ကာလကစ၍ ဂလိုဘယ် စီးပွားရေးသဘောတရား အခြေတည်လာခဲ့သည်ဟု ပညာရှင်များက သတ်မှတ်ခဲ့ကာ ကမ္ဘာ့မဟာ စီးပွားပျက်ကပ်ဆိုက်မှုကြီးကာလ ၁၉၃၀ အထိကို ပထမ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်ဟု သတ်မှတ်ခဲ့ကြသည်။ နည်းပညာ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ ဂလိုဘယ်လိုင်ဇေးရှင်း “တတိယခေတ်” ဟု သမုတ်ကြသည်။)



ယနေ့ ခေတ်မှီ အပြင်အဆင်နှင့် လူငယ်တစ်ယောက်ကို ကြည့်လျှင် သူသည် ဆွစ်ဇလန်လုပ် နာရီ၊ ဂျာမဏီလုပ် ဘောင်းဘီ၊ စပိန်ဖြစ် ဂျာကင်၊ အီတလီ ရှူးဖိနပ်၊ အမေရိကန်လုပ် ရှပ်အင်္ကျိကိုဝတ်ကာ ပြင်သစ် စီးကရက်ကို သော်သုံးနေတာ မြင်ကောင်းမြင်နိုင်ပေသည်။ နည်းပညာကြောင့် ကမ္ဘာသည် ကြုံ့ဝင်သွားကာ နိုင်ငံအချင်းချင်း အကြား ကာဆီးထားသော တံတိုင်းတွေ ပြိုကျသွားဖြင်းဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံမှု လျှင်မြန်လာကာ ပြန့်နှံ့စိမ့်ဝင်မှု အားကောင်းလာသဖြင့် တသားတည်း တသွင်တည်း သဘောဆောင်လာခြင်း ဂလိုဘယ်လိုင်ဇေးရှင်း ပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ပထမဆုံး ဂလိုဘယ်လိုင်ဇေးရှင်းဟု ဆိုနိုင်သော သဘောတရားမှာ စီးပွားရေး မျက်နှာစာမှ စတင်ခဲ့သည်ဟု တညီတညွတ်တည်း သဘောတူခဲ့သော်လည်း ယခုအခါ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုအနုပညာ (တချို့က ကမ္ဘာ့ကူးစက်ရောဂါ ဖြစ်ပွားမှုကိုပါ ထည့်သွင်းတွက်ချက် ကြပါသည်။) မျက်နှာစာ အတော်များများတွင်ပါ ထိုသဘောတရား ပြန့်နှံ့တွင်ကျယ်၍ နေလေသည်။ ထိုအထဲတွင် ပညာရေး ကဏ္ဍလည်း ပါဝင်လာလေသည်။ ထိုပညာရေးကဏ္ဍမှာ ဂလိုဘယ်လိုင်ဇေးရှင်း ကဏ္ဍပေါင်းစုံတွင် ပြဿနာအနည်းဆုံးလည်း ဖြစ်လေသည်။



ဤခေတ်တွင် ပညာရေးမှာ တိုးတက်လမ်းပွင့်သွားသည်။ နိုင်ငံခြားသို့ ပညာသွားသင်နိုင်သည်။ သို့မဟုတ် ကိုယ့်နိုင်ငံမှာပင် သင်တန်းတက်ကာ နိုင်ငံကြီးများရှိ အဆင့်မြင့်စာမေးပွဲများကို အလွယ်တကူ ဖြေဆိုနိုင်ကြသည်။ ပညာရှင်တွေ ယခင်က မိမိနိုင်ငံမှ ထွက်ခွာမှာကို ဦးနှောက်ယိုစီးမှုဟု အဆိုးမြင်ခဲ့ကြသော်လည်း ယခုတော့ ယင်းမှဖြစ်ပေါ်လာသည့် အကျိုးရလဒ်ကို ကောင်းစွာ သဘောပေါက်၍ လာကြသည်။ မိမိနိုင်ငံဖွား ပညာရှင်များသည် (တချို့အဖွဲ့အစည်းများဖွဲ့ကာ) မိမိနိုင်ငံကို အဝေးမှ အကျိုးပြုကြသည်။ သူတို့ပြန်လာသောအခါ တန်ဖိုးရှိလှသော အဆင့်မြင့်နည်းပညာတွေကို မိမိနိုင်ငံကို ယူဆောင်လာကာ တဆင့်ခံ ပြန်လည်ခွဲဝေ ဖြန့်ဖြူးနိုင်သည်။ တရုတ်နှင့် အိန္ဒိယမှာ အာရှနိုင်ငံများတွင် နိုင်ငံခြားသို့ ပညာသင် အများအပြား စေလွှတ်နေကြသည်။ ယင်းတို့မှာ လူငယ်များဖြစ်ရာ လူငယ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း သဘောတရား ဆက်စပ်မှုမှာ လေးနက်၍ တန်ဖိုးကြီးသော အသွင်ကို ဆောင်၍လာလေသည်။



ယနေ့ ကျွန်တော်တို့ နိုင်ငံမှ နိုင်ငံခြား စာမေးပွဲများကို ဤမှ စာပေးစာယူဖြင့် ဖြေကြသည်။ တိုင်းခြားဘာသာစကား လိုက်စားမှုနှုန်း၊ ကွန်ပျူတာ တတ်ကျွမ်းမှုနှုန်းတွေ မြင့်တက်လာသည်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ လေ့လာဆည်းပူးမှု ချို့ငဲ့နေလျှင် လျင်မြန်လွန်းခေတ်တွင် နောက်ကျ ကျန်ရစ်ခဲ့ပေမည်။ “အင်တာနက်သည် ကမ္ဘာကို ကြည့်ရှုရန် သင့်ပြတင်းပေါက် ဖြစ်သည်” ဆိုသော စကား ခေတ်စားလာသည်။ အင်တာနက်မှ တဆင့် ပီဇာမုန့်ဖုတ်နည်းကနေ အနုမြူဗုံး လုပ်နည်းအထိ၊ ဒိုင်နိုဆောများ အကြောင်းကနေ အသေးငယ်ဆုံး ဘက်တီးရီးယာများ အကြောင်းအထိ အချိန်မဆိုင်းဘဲ သိနေနိုင်လေသည်။



လက်ဇပ်ကားနှင့် သံလွင်ပင် (The Lexus and Olive tree) စာအုပ်ကို ရေးသားပြုစုခဲ့သော ဂလိုဘယ်လိုင်ဇေးရှင်း ဂုရုကြီးတစ်ဦးဖြစ်သူ သောမတ်စ် အယ်ဖရက်မန်း သည် မကြာသေးမီက The World Is Flat ကမ္ဘာကြီးဟာ ပြားတယ်ဆိုသော စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေလိုက်သည်။ သူက (၂၁) ရာစု၏ သမိုင်းအကျဉ်းဟု ခေါင်းစဉ်ပေးထားကာ ထိုစာအုပ်တွင် ရှန်ဟိုင်း (သို့မဟုတ်) မွန်ဘိုင်းကနေ ဆီလီကွန် တောင်ကြားအထိ၊ အယ်လ်ကေဒါကနေ ဝေါမတ် (ကမ္ဘာအနှံ့ဖွင့်ထားသော အမေရိကန်ဈေးစတိုး Walmart) အထိ ကမ္ဘာဟူသော ကစားကွင်းသည် အချိုင့်အဝှက် အမို့အမောက်မရှိ၊ အခွင့်တူ ယှဉ်ပြိုင်ကစားနိုင်မည့် တပြေးတည်းညီ မြေပြင်ဖြစ်နေသည်ဟု ဆိုခြင်းဖြစ်သည်။



စီးပွားရေးလောကတွင် Barries ဟု ခေါ်ကြသည်။ လွတ်လပ်စာ ယှဉ်ပြိုင်၍ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်သည်။ အထူးသဖြင့် သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်သည်။ ထိုကဏ္ဍတွင် တရုတ်နှင့် အိန္ဒိယမှာ နတ်ရေကန်ထဲ ပစ်ချခံလိုက်ရသလို တဟုန်ထိုး တိုးတက်နေသည်။ အမေရိကန်လို နိုင်ငံမျိုးကပင် သိပ္ပံနှင့် နည်းပညာ ကျွမ်းကျင်သူတွေကို ထိုနိုင်ငံတွေက ပြန်လည် တင်သွင်းနေရသည်။ ကျွမ်းကျင်မှုခြင်း အတူတူ သူတို့က လုပ်ခသက်သာသည်။ မွန်ဘိုင်း (အိန္ဒိယ နိုင်ငံ၏ မြို့တော်) ပတ်ဝန်းကျင် ဖုန်တောထဲ၌ အိုင်တီ Park တွေ အလျှိုလျှို ပေါ်ထွန်းလာကာ၊ နိုင်ငံခြား (အထူးသဖြင့် အမေရိကန်) Software ကုမ္ပဏီများမှ အလုပ်တွေ လက်ခံလုပ်ပေးနေကြရသည်။



အသိဉာဏ်လုပ်သား (Knowledge Workers) ဟု ခေါ်နိုင်သော သူတွေကို ထိုတရုတ်နှင့် အိန္ဒိယနိုင်ငံ တက္ကသိုလ်များက အလျင်မပြတ် မွေးထုတ်ပေးနေသည်။ သူတို့နောက်က လိုက်ပါလာသော နိုင်ငံများမှာ စင်္ကာပူနှင့် ဖိလစ်ပိုင်ဖြစ်သည်။ ဤလို ကိစ္စမျိုးတွေကို ကျွန်တော်တို့လူငယ်တွေ အားကျစေချင်သည်။ ပညာလိုလားခြင်းမှာ တပ်မက်ရူးသွပ်ကြစေချင်သည်။ ဖရီးမန်းကို အင်တာဗျူးဆရာက အမေရိကန်လူငယ်တွေအတွက် ဘာများအကြံပေးချင်လဲဟု မေးသောအခါ-



“ကျွန်တော်တို့ အရွယ်ရောက်စက မိဘတွေ ပြောတတ်ကြတယ်၊ ညစာကို ပြီးအောင်စား၊ အိန္ဒိယနဲ့ တရုတ်က လူတွေက သိပ်ဆာလောင်နေကြတယ်တဲ့။ အခုတော့ ကျွန်တော့သားသမီးတွေကို ကျွန်တော် ပြောရတယ်၊ အိမ်စာ (Homework) တွေ ပြီးအောင်လုပ်ကြ၊ အိန္ဒိယနဲ့ တရုတ်က လူတွေက နင်တို့အလုပ်တွေကို ဆာလောင်နေကြတယ်လို့”



“ကျွန်တော်တို့ လူငယ်များရော အိမ်စာပြီးအောင် လုပ်ကြပါသလား”



သစ္စာနီ
(လူငယ်များသို့ ဂလိုဘယ်အိုင်ဒီယာ စာအုပ်၊ ၁၉၉၆)
Recently Viewed By
>>>ဆက်ဖတ်ရန်>>> >>

လူငယ်နဲ့ခေတ်ရေစီး


Top of Form
Bottom of Form
လူငယ်နဲ့ခေတ်ရေစီး 
19.1.2015 
Wednesday, January 14, 2015

Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qYaC7FwNdf22N5BXlMvYmWPZIrLSWFzachx2SQsyAvmyBYemLArZVxQkGlVq0ctXA0oWdp6hez4g7CYw5vrJB6h4kXr2SGDlHEjqV0_dB-CC5MBH6VrN8VGFLAZ5AjG3a8pZTIC7IPdT/s1600/youth+edit.jpg


 မဖြူဖြူကျော်
အသက် (၂၃) နှစ်
အလုပ်သင်ဆရာဝန်၊ ရန်ကုန်မြို

ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေးဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာလူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီးအပြောင်းအလဲ အတက်အကျ တွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်းပုံစံကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲစတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြနေပါတယ်။

“ကိုယ်ဝါသနာပါလို့ လုပ်ခဲ့တဲ့အရာတွေကတချိန်ကျရင် ဘဝအတွက် အသုံးဝင်တယ်”

ကျမက အခုလက်ရှိ ဆေးတက္ကသိုလ်(၁) လက်အောက်မှာ အလုပ်သင်ဆရာဝန်အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။ ဆရာဝန်ဘွဲ့ရပြီးသွားရင် ကျမရဲ့ အနာဂတ်အစီအစဉ်က Orthopedic ဆိုတဲ့ အရိုးအထူးကုဘာသာရပ်ကို Specialize လုပ်ဖို့ပါ။ ကျမဘာလို့ အရိုးအထူးကု ဆရာဝန် ဖြစ်ချင်လဲဆိုတော့ အမှန်တိုင်းပြောရင် ဆေးကျောင်းတက်ခဲ့တာက ကိုယ့်ဘာသာကိုယ် ဆရာဝန်ဖြစ်ချင်လို့ မဟုတ်ဘူး။ ဆယ်တန်းပြီးတော့ အမှတ်တွေကောင်းလို့ မိဘတွေက ဆေးကျောင်းတက်ပါဆိုပြီး တက်ခိုင်းလို့တက် ဖြစ်ခဲ့တာ။ ကျမအစက တကယ်ဖြစ်ချင်ခဲ့တာက အင်ဂျင်နီယာတယောက်ပါ။

ဆေးကျောင်းတက်ရင်း Part II ရောက်တဲ့အထိ ကိုယ်ဘာဝါသနာပါလဲဆိုတာ သေချာမသိသေးဘူး။ အဲဒီမှာ ကျမ House Surgeon ဆင်းရင်းနဲ့ ထိခိုက်ဒဏ်ရာနဲ့ အရိုးအထူးကုဌာနမှာ တလ ဂျူတီဆင်းရတယ်။ အဲဒီမှာတွေ့ရတာက ခွဲခန်းမှာသုံးတဲ့ Instrument တွေ၊ စမ်းသပ်ပုံတွေက တခြားဘာသာရပ်တွေနဲ့ နည်းနည်းကွဲပြားခြားနားတယ်။ တူတွေ၊ လွှတွေ Implants တွေနဲ့ Surgical Procedures တွေက ကျမကိုတော်တော်ဆွဲဆောင်နိုင်ခဲ့တယ်။ အဲဒီမှာ ကျမတကယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုတွေ့ခဲ့တယ်။

ကျမအခု အလုပ်သင်ဆင်းရင်းနဲ့ အားတဲ့အချိန်တွေမှာ အရိုးပညာရပ်နဲ့ ပတ်သက်တဲ့ စာအုပ် တချို့ကို ဖတ်လေ့ရှိတယ်။ အခုကအလုပ်နဲ့ဆိုတော့ ကျောင်းတက်တုန်းကလောက်တော့ စာကိုမဖတ်နိုင်ဘူး။ ဆရာဝန်တယောက် ဖြစ်တဲ့အခါ လူနာတွေ အပေါ် ဘယ်လိုစိတ်မျိုးထားရှိရမယ်လို့ ကျမသတ်မှတ်ထားလဲ ဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံးစေတနာပြည့်ပြည့်နဲ့ လုပ်ပေးလိုက်ဖို့ပဲ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ အဲဒီလိုပဲကျမယူဆထားပါတယ်။

ဆရာဝန်တယောက်ဖြစ်လာအောင် ဆယ်တန်းတုန်းကဘယ်လိုကြိုးစားခဲ့လဲဆိုတော့ ကျမကစာကို အရမ်းဖိပြီး မနက်ရော၊ ညရောစာဆိုပြီးလုပ်ခဲ့တာမျိုးမဟုတ်ဘူး။ ကျူရှင်တွေတော့ တက်ရတယ်။  Study Guide မရှိခဲ့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲအိမ်မှာပုံမှန်စာကြည့်တယ်။ စာကိုTime Tableနဲ့ ကြည့်တာမျိုး မဟုတ်ဘဲ ကိုယ်စိတ်ပါတဲ့ ဘာသာကို စိတ်ပါတဲ့အချိန်မှာ ကြည့်တယ်။ အဓိကကတော့ အရမ်း Stress များမနေဖို့နဲ့ စာကိုပုံမှန်လေး လုပ်သွားဖို့နဲ့ မိဘရဲ့ပံ့ပိုးမှုနဲ့ ဂရုစိုက်မှုကလည်းအရေးပါပါတယ်။

ကျမဆယ်တန်းဖြေပြီးတော့ နိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုပြီးစာမေးပွဲတွေဖြေဖို့ လုပ်ခဲ့သေးတယ်။ အဲဒီမှာ အိမ်ကမိသားစုမှာ ဆရာဝန်မရှိသေးတော့ မိဘတွေက ကျမကိုဆရာဝန်ဖြစ်စေချင်တယ်။ အဲဒါကြောင့် ကျမဆေးကျောင်းကိုရွေးချယ်ခဲ့တယ်။ ဆေးကျောင်းကိုဒီအတိုင်းတက်ခဲ့ပေမယ့် ဝါသနာမပါဘူးလားဆိုတော့ မဟုတ်ဘူး၊ လူနာတွေကို တကယ်လက်တွေ့ ကုသမှုတွေ ပြုလုပ်တဲ့အချိန်မှာ စေတနာပါလာပြီး ဒီအလုပ်မှာ ကိုယ်တကယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုတွေ့ခဲ့တယ်။

ကျမရဲ့ ငယ်ဘဝရည်မှန်းချက် စိတ်ကူးကအမျိုးမျိုးပဲ၊ အင်ဂျင်နီယာ ဖြစ်ချင်လိုက်၊ Professional Violinist  ဖြစ်ချင်လိုက်နဲ့။ ဆယ်ကျော်သက်အရွယ်မှာ သိပ္ပံနဲ့ အာကာသကို စိတ်ဝင်စားတော့ အာကာသယာဉ်မှူး တယောက် ဖြစ်ချင်ခဲ့တယ်။  အဲဒီတုန်းက ကျမက မျက်မှန်တပ်ရတော့ မဖြစ်နိုင်ဘူးဆိုရင် Aerospace Engineer  ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးရှိခဲ့ဖူးတယ်။ ကလေးဆိုတော့ ကျမရဲ့ရည်မှန်းချက် စိတ်ကူးက အဲဒီအချိန်က တောင်ရောက် မြောက်ရောက် အမျိုးမျိုးပဲ။ အခုအချိန်မှာတော့ ကျမရည်မှန်းချက်က တခုပဲ။ အဲဒါက အရိုးအထူးကုဆရာဝန် ဖြစ်အောင်လုပ်မယ်။ လူနာတွေကိုသေသေချာချာဆေးကုပေးမယ်။

ကျမရဲ့ ဝါသနာတွေကMusic အပိုင်းမှာဆိုရင် များသောအားဖြင့် Rock,Metal, Country Music တွေကို ကြိုက်တယ်။ ကျမ ၆ တန်း၊ ၇ တန်းလောက်တုန်းက Violin စ တီးတယ်။ တက္ကသိုလ်ရောက်တော့ ဆက်မသင်ဖြစ်ဘူး၊ သေချာလည်း အချိန်ပေးပြီး Training ကောင်းကောင်း ဆက်မလုပ်တော့ Professional အဆင့်တော့ မဟုတ်ဘူး။ ဝါသနာရှင်အဆင့်လောက်တော့ တီးနိုင်တယ်။ ကျောင်းမှာပွဲတွေ ဘာတွေရှိရင် သူငယ်ချင်းတွေ စုပြီးဖွဲ့ထားတဲ့ Band နဲ့ တီးဖြစ်တယ်။
ကျမအားကစားမှာဝါသနာပါတာ Hiking& Mountaineering။ အဲဒါကြောင့် ကျမခြေလျင် တောင်တက် အားကစားကို ပထမနှစ်ကတည်းကစလုပ်ဖြစ်တယ်။
ပထမဆုံးရေခဲတောင်အတွေ့အကြုံအဖြစ် ၂၀ဝ၉ ခုနှစ်၊ ကချင်ပြည်နယ်မှာ ဖုန်ကန်ရာဇီ ရေခဲတောင်ကို အမျိုးသမီးခြေလျင်တောင်တက်အသင်းနဲ့ အတူ ကျမ တက်ခဲ့တယ်။ တခြားတောင်တက်ခရီးစဉ်တွေအနေနဲ့ ပုပ္ပား၊ ကလော၊ မိုးကုတ်၊ ချင်းပြည်က ဝိတိုရိယတောင် စသဖြင့် တက်ခဲ့တယ်။

နောက်တခု ကျမဝါသနာပါတာက လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေကိုလုပ်ရတာပါ။ အခုကျမက House ဆင်းနေတာဆိုတော့ သိပ်မအားလပ်လို့ ပရဟိတအလုပ်တွေ မလုပ်ဖြစ်တာတော့ ၃၊ ၄ လ ရှိပြီ။ ပရဟိတအနေနဲ့  First year အခုထိလုပ်ဖြစ်နေတာက Medical Volunteer ပါ။ တပတ်တခါ၊ နှစ်ပတ်တခါ သန်လျင်၊ ဒလ၊ ရွှေပြည်သာ၊ ပဲခူးစတဲ့ နယ်ဘက်တွေကိုသွားပြီး Free Medical Service (အခမဲ့ဆေးပေး ဝန်ဆောင်မှုစနစ်) နဲ့ Free Mobile Clinic တွေမှာ ကူပါတယ်။

ကျမ Part II တက်နေတုန်းက အဆိုတော် Jason Mraz မြန်မာနိုင်ငံကိုလာတယ်။ အဲဒီမှာ MTV EXIT (လူကုန် ကူးမှု တိုက်ဖျက်ရေးအဖွဲ့) က လူငယ်တွေကိုခေါ်ပြီး Education နဲ့ Entertainment ပေါင်းတဲ့ Program တခုမှာ ဂီတနဲ့ လူမှုရေးလုပ်ငန်းတွေကို ဝါသနာပါတဲ့ လူငယ်တွေ အများကြီးပေါင်းပြီး သီချင်းတွေရေးတာ၊ ပြဇာတ်တွေ ကတာတွေ လုပ်ခဲ့တယ်။

ပြီးတော့  ကျမ Yangon Youth Forum 2013 နဲ့ ASEAN Youth Forum 2014 မှာ  ဖြစ်မြောက်ရေးကော်မတီ Program Coordinator အနေနဲ့လည်းလုပ်ခဲ့ဖူးတယ်။ ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ASEAN Future Leader Summit 2013 မှာ မြန်မာနိုင်ငံ လူငယ်ကိုယ်စားပြုအနေနဲ့ တက် ရောက်ခဲ့တယ်။ ၂၀၁၄ ခုနှစ် အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Global Youth Meet 2014 ကိုလည်း တက်ရောက်ခဲ့တယ်။

အခုခေတ်လူငယ်တွေအပေါ် ကျမရဲ့ ကိုယ်ပိုင် အမြင်ပြောရရင် လူငယ်တိုင်းကတော့ ကိုယ့်ဘဝအတွက်ကိုယ် အားလုံးကြိုးစားနေကြတဲ့သူတွေပါ။ ကျမလူငယ်တွေကို အဓိကပြောချင်တာက ကိုယ်ဝါသနာပါတဲ့ အလုပ်တခုကို လုပ်ချင်စိတ်အရမ်း ပြင်းပြနေတဲ့အခါ အဲဒီအလုပ်က ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်ဘူး၊ သူများကိုလည်း မထိခိုက်ဘူးဆိုရင် လုပ်သာလုပ်လို့ပြောချင်တယ်။ ကျမဆိုရင် တယောထိုးတာ၊ တောင်တက်တာကို အရင်က အိမ်ကသိပ်အားမပေးဘူး။ ဒါပေမယ့် ကိုယ်ဝါသနာပါလို့ လုပ်ခဲ့တဲ့အရာတွေက တချိန် ကျရင် ကိုယ်ကြိုးစားရင် ကြိုးစားသလို ကိုယ့်ရဲ့ဘဝအတွက် အသုံးဝင်တယ်။

အဲဒီတော့ ကိုယ့်အတွက် တိုးတက်မယ်ထင်ရင် တခြား ဘေးစကားတွေကို ဘာမှ နားမယောင်ဘဲ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ယုံကြည်ချက်ရှိရှိနဲ့ ရှေ့ဆက်ပြီး ကြိုးကြိုးစားစားလုပ်ဆောင်ပါလို့ အကြံပြုချင်ပါတယ်။

သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျနယ် အတွဲ ၂ အမှတ်စဉ် ၂ မှ ကူးယူဖော်ပြသည
်။

>>>ဆက်ဖတ်ရန်>>> >>

Saturday, January 10, 2015

နာ (၃) နာ နဲ့ ကျောင်းဆရာ ဘ၀ ရေးသူ - ရွက်နုဝါ



နာ (၃) နာ နဲ့ ကျောင်းဆရာ ဘ၀            ရေးသူ - ရွက်နုဝါ
၁၁.၁.၂၀၁၅ ၊ တနင်္ဂနွေနေ့

ကျောင်းဆရာတွေရဲ့ ဘ၀အကြောင်းကို စာရေးကြရာမှာပဲဖြစ်ဖြစ်၊ ဟောပြောကြရာမှာပဲဖြစ်ဖြစ် ၀ါသနာ၊ စေတနာ နဲ့ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ တွဲပြီး ပြောဆိုရေးသားကြတာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးမှတ်ဖူးတယ်။ ကျွန်တော် ၉ တန်း ၁၀ တန်း လောက်တုန်းက အပတ်စဉ်လုပ်တဲ့ ဆရာ၊ ဆရာမတို့ သြ၀ါဒ ခံယူပွဲတွေမှာလည်း နာ(၃)နာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ဟောပြောတာတွေ နားထောင်ရတတ်တယ်။ အဲဒီတုန်းကတော့ အဲဒီနာ(၃)နာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်(၃)ခု ပဲလို့ထင်ခဲ့သေးတယ်။ အဲလိုလက်ခံထားတဲ့သူတွေလည်း မနည်းလောက်ဘူး။ အခုတော့ အဲဒီနာ(၃)နာနဲ့ပတ်သက်ပြီး တွေးကြည့်တယ်။ မင်းတွေးသမျှကလည်း အားလုံး ကန့်လန့်တွေကြီးပဲ လို့ဆိုရင်လည်း မတတ်နိုင်ဘူး။

ဝါသနာတဲ့။ ၀ါသနာဆိုတာ ကျွန်တော်နားလည်သလောက်တော့ မိမိစိတ်ပျော်ရွှင်မှုအတွက် လူတွေလုပ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဥပမာပြောရရင် သီချင်းဆိုတာဝါသနာပါတယ်။ စာဖတ်တာဝါသနာပါတယ်။ စသဖြင့်ပေါ့။ အဲဒီနေရာမှာ ဆရာလုပ်ရတာဝါသနာပါတယ်ဆိုတဲ့( ကိုယ်သိတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောကြားရတာဝါသနာပါတယ်ဆိုတဲ့) လူတွေလည်း ရှိတတ်တာပဲ။ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေရင် အလုပ်မှာစိတ်ပါတယ်။ စိတ်ပါလက်ပါလုပ်တော့ လုပ်ငန်းပိုတွင်ကျယ်တယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ အဲဒါက ကျောင်းဆရာဘ၀နဲ့ ဘာဆိုင်တာမှတ်လို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်ပြီး စိတ်ပါလက်ပါလုပ်မယ်ဆိုရင် အောင်မြင်မှုပိုရနိုင်ပါတယ်။

ကျွန်တော်တွေ့ဘူးတဲ့ ဆရာတစ်ယောက်အကြောင်း ပြောချင်တယ်။ သူက စာသင်လည်းအရမ်းကောင်းတယ်။ အတန်းထဲမှာ သူပြောလေ့ရှိတာက " စာသင်ရတဲ့အလုပ်ကို ငါလုံး၀၀ါသနာမပါဘူး။ ငါက စာပဲရေးချင်တာ " တဲ့။ သူသင်ရတဲ့ဘာသာရပ်က အင်္ဂလိပ်စာ။ စာရေးဆရာဖြစ်ချင်တဲ့လူဆိုတော့ စာဖတ်အားလည်း တော်တော်ကောင်းတယ်ထင်တယ်။ စာရှင်းတဲ့အခါ စိတ်ဝင်စားစရာ ပြင်ပဗဟုသုတတွေနဲ့ ဝေေ၀ဆာဆာရှင်းပြတတ်တယ်။ သဒ္ဒါဆိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ခုစလုံး ကျွမ်းကျင်ပုံဘဲ။ မေးလာသမျှမေးခွန်းအားလုံးကို ဖြေရှင်းပေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ စာသင်ရတာ လုံး၀၀ါသနာမပါဘူး ဆိုပေမယ့် အဲဒီဆရာမျိုးကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလား။ နောက်ထပ် စဉ်းစားမိတာတစ်ခုက ဆရာတစ်ယောက်ဟာ ၀ါသနာတော့ပါပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ၀ါသနာလုံးဝမပါဘူးဆိုပေမယ့် ကိုယ်တာဝန်ယူရမယ့် အပိုင်းကိုကိုယ်ကျွမ်းကျင်ရင် တာဝန်ကျေတဲ့ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၀ါသနာပါတယ် ဆိုရုံလေးနဲ့လည်း ဘယ်လိုမှဆရာကေင်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

နောက်ထပ်နာတစ်ခုဖြစ်တဲ့ စေတနာဆိုတာကရော ကျောင်းဆရာတွေအတွက်သာ လိုအပ်တာလား။ ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ချက်လား။

ကျွန်တော် တက္ကသိုလ်တတိယနှစ်တုန်းက တွေ့ခဲ့တဲ့ဆရာတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘာတွေမကျေမနပ်ဖြစ်နေလည်းတော့မသိဘူး။ သူစိတ်ဆိုးသမျှတွေကို ကျောင်းသားတွေဆီမှာ ပေါက်ကွဲတတ်တယ်။ သူရုံးတတ်ရတဲ့ မိခင်ဌာနကတစ်နေရာ သူစာလာသင်ရတဲ့ ကျွန်တော်တို့ကျောင်းကတစ်နေရာဖြစ်နေတယ်။ သူစိတ်ဆိုးရင်ပြော တတ်တဲ့စကားက " မင်းတို့လည်းဝတ္တရားအရ လာထိုင်နေတာ။ ငါလည်း ၀တ္တရားအရ လာသင်နေရတာ။ ဟောဒီမှာကြည့်။ မင်းတို့အတွက်ရေးထားတဲ့မှတ်စုစာရွတ်တွေ။ ငါ့ငွေနဲ့ငါဝယ် ရတယ်။ မင်းတို့ကျောင်းကို ငါ့အစီအစဉ်နဲ့ငါလာခဲ့ရတယ်။ အခြေအနေက အဲလောက်ထိဆိုးနေပြီ။ ငါကတာဝန်ကျေအောင်တော့ လာသင်နေမှာပဲ။ ဘာပြဿနာမှ မရှာချင်ကြနဲ့။ အေးအေးဆေးဆေးနေကြ။ " တဲ့။ အဲဒီလိုကြီးဆိုတော့လည်း စေတနာမပါဘဲ စာသင်နေတယ်ပြောရတောမှာပေါ့။ ဒါပေမယ့်သူက အချိန်နောက်မကျဖူးဘူး။ အတန်းလည်းလုံးဝမပျက်ဖူးဘူး။ သင်ရိုးကိုလည်းကုန်အောင် သင်တယ်။ သင်ပုံကတော့ ၀တ္တရားကျေပါပဲ။ သူအတန်းထဲမှာ သင်ပေးသလောက်နဲ့ အဆင်ပြေတဲ့ကျောင်းသားတွေလည်း အများကြီးပါ။ အဆင်မပြေလို့သွားမေးရင်လည်း ဆရာ့ဝတ္တရားအရပဲလားတော့မသိ၊ ရှင်းပြပေးတတ်ပါတယ်။ သူ့ကိုကြောက်တော့ သွားမေးတဲ့သူတော့နည်းတာပေါ့။
အဲဒီဆရာက ကျောင်းသားတွေစေတနာထား သင်ကြားပေးတယ်လို့ မဆိုသာပေမယ့်၊ အချိန်ကိုလေးစားတယ်။ သင်ရိုးကိုပြတ်အောင်၊ တာဝန်ကျေအောင် သင်ပေးတယ်။ တာဝန်ယူရတဲ့ ဘာသသာရပ်ကိုလည်း ကျွမ်းကျင်တယ်ဆိုတော့၊ ကျောင်းသားအများစုဟာ အဲဒီဘာသာကို အခက်အခဲမရှိ အောင်မြင်ခဲ့ကြပါတယ်။ ဆရာတပည့်ဆက်ဆံရေးကတော့ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အနေအထားမရှိခဲ့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းတာဝန်ကျေတဲ့ ဆရာ့ကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ပြောရမှာ ကျွန်တော်အတွက်တော့ အရမ်းခက်နေတယ်။ ဒီနေရာမှာလည်း (၀ါသနာအကြောင်း ပြောတုန်းကမေးခဲ့သလို) မေးရရင်၊ ဆရာတစ်ယောက်ဟာ စေတနာတော့အရမ်းကောင်းပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။

ဘယ်အလုပ်ပဲဖြစ်ဖြစ် (နောက်ဆုံးကွမ်းယာရောင်းတာကစလို့ ) စေတနာထားပြီး လုပ်မယ်ဆိုရင် အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေ ကိုစိတ်ချမ်းသာစေမှာပါ။ အဲလိုမဟုတ်ဘဲ ကိုယ့်အကျိုးလေးတစ်ခုတည်း ကြည့်ပြီး လုပ်အား နဲ့ အချိန်ကုန်၊ ငွေကုန် သက်သာရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေလည်း ရနိုင်မှာမဟုတ်ဘူး။ အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေကိုလည်း အခက်အခဲနဲ့ တွေ့စေတာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စေတာတွေ ကြုံရနိုင်တာပေါ့။

စေတနာရဲ့သဘောကိုက တစ်ဖက်သားအကျိုးကိုကြည့်ခြင်းပါ။ ကျောင်းဆရာအလုပ်ရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာထားဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ စေတနာမပါဘဲ လုပ်နေတော့ရော အရေးကြီးတဲ့တခြား အရည်အချင်းတွေရှိရင် ဆရာကောင်းတစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

နောက်ဆုံးနာတစ်ခုကတော့ အနစ်နာတဲ့။ လုံးဝမဖြစ်သင့်တဲ့ နာကြီးပဲလို့ မြင်မိတယ်။ ကျောင်းဆရာလုပ်တာနဲ့ပဲ အနစ်နာခံရတော့မှာလား။ ကျောင်းဆရာဆိုတာ အစိုးရ၀န်ထမ်းပါ။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ၀န်ထမ်းအခွင့်အရေးတွေအားလုံး အပြည့်အ၀ ရနေရင် ဘာများအနစ်နာခံစရာ ရှိလဲ။ မရကြဖူးဆိုရင်လည်း ရအောင်ကြိုးစားကြရ တောင်းဆိုကြရမှာပေါ့။ အစိုးရတွေအနေနဲ့လည်း ဖြည့်ဆည်းပေးဖိုတာဝန်ရှိတာပေါ့။
ဝန်ထမ်းအခွင့်အရေးဆိုတာလည်း အများကြီးတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ မရရှိလို့မဖြစ်တဲ့ အခွင့်အရေး (၃) ခုရှိတယ်။

၁။ လုပ်ငန်းခွင်လုံခြုံမှုရှိရေး
လုပ်ငန်းခွင်အနေအထားဟာ ၀န်ထမ်းတွေရဲ့ အသက်အန္တရယ်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ ထိခိုက်စေနိုင်ရင်၊ လိုအပ်တဲ့လုံခြုံရေး ကိရိယာ တန်ဆာဗလာတွေကို အလုပ်ရှင်က အပြည့်အ၀ ဖြည့်ဆည်းပေးရမယ်။ လိုအပ်မယ်ဆိုရင် အစိုးရက ဥပဒေတွေ ပြကျဌာန်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရမယ်။

၂။ သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန် ရရှိရေး
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ပင်ပန်းမှု အလွန်ကျွံမဖြစ်အောင် ၀န်ထမ်းတွေအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန်တွေကို တစ်နေ့တာအတွက်၊ သီတင်းတစ်ပတ်တာအတွက် နဲ့ တစ်နှစ်တာကာလတွေအတွက် စသည်ဖြင့် သက်မှတ်ထားဖို့ လိုအပ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်အောင် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လုပ်ငန်းအဆင်ပြေစေရေးအတွက် ကိုယ်ပိုင်အနာယူချိန်ကို ပေးလိုက်ရတာဖြစ်လို့ ၀န်ထမ်းတွေဟာ ပုံမှန်လုပ်အားခထက်သာလွန်တဲ့ အချိန်ပိုကြေး ရပိုင်ခွင့်ရှိရမယ်။ ( အချိုနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အချိန်ပိုကြေးမပေးပဲ သက်မှတ်ချိန်ထက်ကျော်လွန်အောင်ခိုင်းတတ်ကြတယ် )

၃။ အနည်းဆုံး စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိရေး
အလုပ်လုပ်နေတဲ့ ၀န်ထမ်းတိုင်းဟာ လူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် အခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိဖို့လိုအပ်တယ်။ ( တရားဝင်ရရှိတဲ့ ၀င်ငွေက စားဝတ်နေရေးအတွက် မလုံလောက်ရင် ၀န်ထမ်းတွေဟာ အလုပ်ထဲမှာ တရားမ၀င်ငွေရှာလာတတ်ကြတယ်။ အဲဒီလိုအခါမှာ အဂတိလိုက်စားမှုနဲ့ လတ်ပေးလတ်ယူ ပြဿနာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေဖြစ်နေတတ်ကြတယ်။ )
အခုပြောခဲ့တဲ့ အခွင့်အရေးတွေအပါအ၀င် အခြားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရနေမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အနစ်နာခံတာဝန်ထမ်းစရာ မလိုတော့ဘူးပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုခု ဆုံးရှုံးနေပြီဆိုရင်လည်း " ပီတိကိုစားအားရှိပါ၏။ " ဆိုတဲ့စကားမျိုးနဲ့ ချွေးသိပ်နေမယ့်အစား ကိုယ်ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုသင့်တာပေါ့။ အနစ်နာခံရတယ်ဆိုတာကိုက မညီမျှခြင်းသဘောကို ဆောင်နေလို့ လုံးဝမဖြစ်သင့်တဲ့အရာပါ။

ကျွန်တော်စဉ်းစားခဲ့သမျှအားလုံးကန့်လန့်တွေကြီး ဖြစ်နေမလားတော့မသိဘူး။ ကျောင်းဆရာတို့ရဲ့ဘ၀ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ ပုံဖေါ်တာဟာ ဆဒ္ဒန်ဆင်နဲ့ ကြွက်ခလောင်း စေ့စပ်ကြောင်းလမ်းတာလောက်မှ မနီးစပ်ဘူးလို့မြင်မိတယ်။



>>>ဆက်ဖတ်ရန်>>> >>

ဈေးကွက်ဝင်ပညာရေးစနစ်



ဈေးကွက်ဝင်ပညာရေးစနစ်

၁၁.၁.၂၀၁၅  ၊  တနင်္ဂနွေနေ့

(၁)

( ကျွန်တော်တို့နိုင်ငံ လက်ရှိပညာရေး စနစ်က ပေးလိုက်သော ပညာများသည် ကျောင်းဆင်းလူငယ်များအတွက် လက်တွေ့ဘ၀တွင် အသုံးမတည့်လှဘူးထင်၍ (ဈေးကွက်မ၀င်ဘူးထင်၍ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါသည်။ http://educationinmyanmar.blogspot.com ဘလော့ဂ်မှ အနာဂါတ်အတွက် ရင်သွေးငယ်များ ပို့စ်တွင် ဒီအကြောင်း comment ရေး၍ ဆွေးနွေးဘူးပါသည်။ ဆွေးနွေးခဲ့စဉ်က အခြေခံပညာ အကြောင်းသာပါခဲ့ပါသည်။ အခုဒီပို့စ်တွင် အဆင့်မြင့်ပညာ အကြောင်းအဓိက ထား၍ပြောသွားပါမည်။)

လက်ရှိမြန်မာနိုင်ငံ တက္ကသိုလ်ကြီးများတွင်( အဝေး နှင့် ဒေး ) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးသည် ကျောင်းသားအရေအတွက်အများဆုံး ဖြစ်မည်ထင်ပါသည်။ ၄င်းတက္ကသိုလ်မှ ဆင်းလာသော ကျောင်းသားမျာသည် B. A. သို့မဟုတ် B. Sc. ဘွဲ့များကိုရရှိကြပါသည်။ ဘွဲ့ရပြီးနောက် အများစုက မိရိုးဖလာ စီးပွာရေး ( ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်၊ နှင့် စက်ရုံအလုပ်ရုံ စသည်) လုပ်ငန်းတို့ကို လုပ်ကြသူကများပါသည်။ မိမိအဓိကယူခဲ့သော ဘာသာတွဲနှင့် ပတ်သက်သည့် (ပုဂ္ဂလိက၊ အစိုးရ) အလုပ်အကိုင် ရရှိသူလည်းရှိပါသည်။ သိုသော် ကျောင်းဆင်းအရေအတွက်နှင့် စာလျှင် အရမ်းနဲပါသည်။ ထို့ကြောင့် တက္ကသိုလ်ကပေးလိုက်သော ပညာမှာ ဘွဲ့ရအများစုအတွက် အသုံးမတည့်သလို ဖြစ်နေပါသည်။ ကျောင်းသားအများစုအတွက် ငွေကုန်၊ အချိန်ကုန်ခံ ကျောင်းတတ်ခြင်းက အမြီးတပ်လို့ရရုံ၊ ဘွဲ့ဓါတ်ပုံရိုက်လို့ရရုံ လောက်သာဖြစ်နေတယ်လို့ ထင်ပါသည်။

ဘွဲ့ရပုဂ္ဂိုလ်အများအတွက် တက္ကသိုလ်က ပေးလိုက်သော ပညာဟာ အသုံးမ၀င်သလိုဖြစ်လာရင် တက္ကသိုလ်ရှိနေခြင်းကပင် အဓိပ္ပါယ်မရှိနိုင်တော့ဟုထင်ပါသည်။ ထို့ကြောင့်ကျောင်းသားအများစုတတ်သော ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးများကို ဈေးကွက်ဝင်သည့် ပညာတွေပေးနိုင်သော ကျောင်းကြီးတွေအဖြစ် ပြောင်လဲပေးလိုက်နိုင်ရင်ပိုကောင်းလိမ္မည်ဟု ထင်ပါသည်။ ကျောင်းဆင်းအများစု ကျင်လည်ရမယ့် ဘ၀တွေဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဆိုင်ရာ အသိပညာတို့ကို ပေးလိုက်နိုင်ရင် (ကျောင်းသားများရဲ့ လက်တွေ့ဘ၀မှာ ပိုမိုအသုံးတဲ့နိုင်တာမို့) ပိုမိုတိုးတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲလိုအပြောင်းအလဲ တွေလုပ်မယ်ဆိုရင်တော့ လက်ရှိသုံးစွဲနေတဲ့ ဌာနတို့ ဘွဲ့တို့ရဲ့ အမည်တွေပြောင်းလဲသွားနိုင်ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး စနစ်တွေ အရမ်းကိုမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် (တောင်သူလယ်သမားတို့ တတ်မြောက်ထားတဲ့) စိုက်ပျိုးရေး နည်းပညာဟာ မိရိုးဖလာအဆင့် ထက်မသာသေးဘူးထင်ပါတယ်။ ရေဆင်းတက္ကသိုလ် အခြေအနေတော့ မသိပါ။ ကျေးလက်နေလူဦးရေ အရမ်းများပြားသော ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာ နိမ့်ကျမှုကို လစ်လျူရှုပြီး အဆင့်မြင့်သိပ္ပံပညာ နောက်ကို လိုက်နေခြင်းကတော့ ပုဆိုးဖင်ပေါက်ကို မဖါပဲ ပလက်တီနန်ဆွဲကြိုး ၀ယ်လိုသူနဲ့တူနေပါတယ်။ အဲဒီဆွဲကြိုးကြီးအမှန်တကယ် ၀ယ်နိုင်ရင်တောင် မတင့်တယ်နိုင်သေးပါ။
(၂)

အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။

ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။

ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။

(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။).
>>>ဆက်ဖတ်ရန်>>> >>