Thursday, March 3, 2016

အောင်ပွဲ

ပညာပါရမီကုသိုလ်ပြုအဖွဲ့မှ ဦးစီး၍ ဖွင့်လှစ်သော(၁၀)ကြိမ်မြောက် မိုးကုတ်ဝိပဿနာတရားစခန်းပွဲ ကို အောက်ပါအလှူရှင်တို့က လှူဒါန်းခဲ့ပါသောကြောင့် အခက်အခဲမရှိ အောင်မြင်စွာ ပြီးခဲ့ပါသည်။
အရုဏ်ဆွမ်းအလှူရှင်များစာရင်း
၁။ ဦးဝင်းဌေး+ဒေါ်တင်ဥ၊ သမီး-မချိုမာဝင်းမိသားစု၊ ချောင်းဖြူကျေးရွာ၊ မကွေးမြို့။
၂။ ဦးတင်အေး+ဒေါ်သန်းဆင့်မိသားစု၊အောင်ဇေယျာရပ်၊မကွေး။
၃။ ဦးကောင်းလှ+ဒေါ်လှရင် မိသားစု၊ နွားကူးကျေးရွာ၊ မကွေးမြို့။
၎။ ဒေါ်ခိုင်ခိုင်အေး၊ သမီး မရွှေရည်ထွန်း မိသားစု၊ မြင်းကင်းကျေးရွာ၊ မကွေးမြို့။
၅။ ဗိုလ်ကြီး မြချမ်းသာဦး(ငြိမ်း)+ဒေါ်ဝါ၀ါလွမ်း၊ သား-မောင်ရဲရင့်လွမ်း မိသားစု၊အောင်စေတနာ စီ-၁၁လမ်း၊မကွေးမြို့။
၆။ ဦးကျော်စိုးဝေ+ဒေါ်အေးအေးအောင်၊သမီး- မယူမီလင်းသန့် မိသားစု၊ားတိုင်ကန်ရွာ၊ မကွေးမြို့။

နေ့ဆွမ်းအလှူရှင်များစာရင်း
၁။ ဆရာ/မများ၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ မကွေးပညာရေးကောလိပ်၊ မကွေးမြို့။
၂။ ဒေါ်တင်ထွေး၊ သား-ဦးမြင့်မောင်+ဒေါ်ညိုထွေး မိသားစု၊ မြင်းကင်းကျေးရွာ၊ မကွေးမြို့။
၃။ ဦးနေ၀င်း+ဒေါ်လှလှ မိသားစု၊ ရန်ကင်းရပ်၊ မကွေးမြို့။
၎။ ဦးစိုးအောင်+ဒေါ်ထက်ဝင့်ဝါကျော်၊ သမီး-မခင်စိုးသာ မိသားစု၊ မကွေးမြို့။
၅။ ဗိုလ်ကြီး မြချမ်းသာဦး(ငြိမ်း)+ဒေါ်ဝါ၀ါလွမ်း၊ သား-မောင်ရဲရင့်လွမ်း မိသားစု၊အောင်စေတနာ စီ၁၁လမ်း၊မကွေးမြို့။
အချိုပွဲအလှူရှင်များစာရင်း
၁။ ဦးဟန်စိန်+ဒေါ်အေးဟန် မိသားစု၊ နွားကူးကျေးရွာ၊ မကွေးမြို့။
၂။ ဦးရဲမျိုး၊ ပြည်တော်သာလမ်း၊ ပွဲကြိုရပ်၊မကွေးမြို့။
၃။ ဒေါ်ကြင်ဆိုင် မိသားစု၊ နွားကူးကျေးရွာ၊ မကွေးမြို့။
၎။ ဦးဗိုလ်ဝင်း+ဒေါ်ခင်ခင်လေး မိသားစု၊ ပွဲကြိုရပ်၊ မကွေးမြို့။
၅။ ဦးမျိုးသာချစ်+ဒေါ်စောမြတ်သန္တာဝင်း၊ အောင်စေတနာ စီ-၁၁လမ်း၊ မကွေးမြို့။
အဖျော်ရည်အလှူရှင်များစာရင်း
၁။ ဦးတင်အေး+ဒေါ်သန်းဆင့် မိသားစု၊ မကွေးမြို့။
၂။ ဦးမျိုးသာချစ်+ဒေါ်စောမြတ်သန္တာဝင်း၊ အောင်စေတနာ စီ-၁၁လမ်း၊ မကွေးမြို့။
၃။ ဒေါ်ကြိုင်ကြိုင် အောင်စေတနာ စီ-၁၁လမ်း၊ မကွေးမြို့။
န၀ကမ္မအလှူရှင်များစာရင်း
၁။ ဦးမျိုးသာချစ်+ဒေါ်စောမြတ်သန္တာဝင်း၊ အောင်စေတနာ စီ-၁၁လမ်း၊ မကွေးမြို့။
၂။ ဒေါ်ကေသီခိုင် တည်ဆောက်ရေး(၃)၊ ဆည်မြောင်း၊မကွေးမြို့။
၃။ ဒေါ်ဝိုင်ကြည် မိသားစု၊ အုတ်ဖိုကျေးရွာ၊ မကွေးမြို့။
၎။ ဒေါ်မျှင် မိသားစု၊ မြင်းကင်းကျေးရွာ၊ မကွေးမြို့။
၅။ ဒေါ်ကြင်တုတ် မိသားစု၊ မြင်းကင်းကျေးရွာ၊ မကွေးမြို့။
၆။ ဒေါ်အေးအေးညွန့် မိသားစု၊
၇။ ဒေါ်ခင်လှိုင် မိသားစု၊ အောင်စေတနာ၊ မကွေးမြို့။
၈။ ဒေါ်ကြိုင်ကြိုင်
အောင်စေတနာ(စီ)ရပ်၊ မကွေးမြို့။
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 6, 2016

သူငယ်တန်းသင်ရိုးသစ် မြန်မာဗျည်းအက္ခရာ လျှော့ချမှုဂယက်

သူငယ်တန်းသင်ရိုးသစ် မြန်မာဗျည်းအက္ခရာ လျှော့ချမှုဂယက်

http://i.ytimg.com/vi/GWOMi6NWaHQ/hqdefault.jpg
‘‘ဥပမာ ကလေးတွေ လှေကားတက်သင်သလိုပဲ။ လှေကား အတက်စောတဲ့ ကလေးနဲ့ လှေကားနောက်မှတက်တဲ့ ကလေးနဲ့ ကျွမ်းကျင်မှုချင်းအတူတူပဲ။ အစောကြီးစိတ်ပူပြီး လှေကားတက်သင်ပေးတဲ့ ကလေးလည်းနောက်ဆုံးကျ လှေကားတက်နှုန်းက ဒီအတိုင်းပဲ။ အဲဒါကြောင့် ဒီစာလုံးတွေမပါတာ စိတ်ပူစရာမရှိပါဘူး’’ ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
  
မြန်မာ ဗျည်းအက္ခရာများ ချန်လှပ်မည့် သတင်းထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်
ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သူငယ်တန်းအဆင့်၌သာ ဗျည်းအက္ခရာ ရှစ်လုံးချန်လှပ်ထားခြင်း
ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရသည်။
‘‘သူငယ်တန်း (KG) က ပထမတန်းနဲ့ မူကြိုကြားအတန်းဖြစ်နေတော့ စာဆိုတာကို သိပ်မပေးချင်သေးဘူး။ အရေးအသားခက်တဲ့ စာလုံးတွေက ရေးတဲ့နေရာမှာ ကလေးတွေရဲ့ သေးငယ်တဲ့ ကြွက်သားတွေနဲ့ မကိုက်သေးလို့ ချန်ခဲ့တာ’’ဟု ၎င်းက ဆက်လက်ရှင်း ပြသည်။
  
သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီက ၁၉၇၂ တွင် သူငယ်တန်းသင်ရိုးညွှန်းတမ်းကို ရေးဆွဲခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အသုံးပြုခဲ့ပြီးနောက် လာမည့် ၂၀၁၆-၁၇ ပညာသင်နှစ်၌ သင်ရိုးညွှန်းတမ်းအသစ်ကို စတင်ပြောင်းလဲအသုံးပြုရန် စီစဉ်နေပြီ ဖြစ်သည်။
  
အဆိုပါသူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် မြန်မာဗျည်းအက္ခရာ (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) တို့ကို ချန်လှပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပညာရေးအသိုင်းအဝိုင်းနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ အငြင်းပွားစရာဖြစ်ခဲ့သည်။
  
‘‘မဖျောက်သင့်တဲ့ အစဉ်အလာကို ဖျောက်ပစ်လို့မရဘူး။ ရှေးရိုးအတိုင်း လက်ခံသင့်တဲ့ အစဉ်အလာကို လက်ခံရမယ်။ ပယ်သင့်တာ ပယ်ရမယ်။ ဒါဆို ဒီဗျည်း ၃၃ လုံးကို ရှေးရိုးအစဉ်အလာဆိုပြီး ပယ်ကြမှာလား။ မြန်မာဗျည်းအက္ခရာ ၃၃ လုံး ရေးဆွဲထားတဲ့ ကားချပ်က ကျောင်းသားရဲ့ လုပ်ငန်းပေးစာအုပ်ထဲမှာ မထည့်ထားဘူး။ သင်ထောက်ကူပစ္စည်း နံရံကပ်အနေနဲ့ပဲ ထည့်ထားတယ်။ ကလေးတွေအတွက် သင်ကြားမှု အခက်အခဲရှိနိုင်တယ်ဆိုတာ ဘယ်စံနှုန်း၊ ဘယ်အပေါ်မှာ အခြေခံပြီး သတ်မှတ်တာလဲဆိုတာ အ ခိုင်အမာပြနိုင်ရမယ်’’ ဟု မြန်မာဗျည်းအက္ခရာလျှော့ချသင်ကြားမှုအပေါ် သဘောမတူကြောင်း အခြေခံပညာဦးစီးဌာနဦးစီးအရာရှိ ဦးငွေတိုးက ပြောသည်။
  
သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် အရွတ်၊ အဖတ်၌ မြန်မာဗျည်းအက္ခရာအားလုံး ပါဝင်ရွတ်ဆိုရမည်ဖြစ်ပြီး ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေကြောင့် (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) စသည့် မြန်မာဗျည်းအက္ခရာရှစ်လုံးကို အရေးအသားတွင် ချန်ခဲ့ပြီး စာသင်နှစ်နောက်ဆုံးသုံးလ၏ ပထမလ၌ စာလုံးရှစ်လုံး၊ ဒုတိယလ၌  စာလုံးရှစ်လုံးနှင့် တတိယလ၌ စာလုံးကိုးလုံးကိုအရေးကျင့်ပေးမည်ဖြစ်ကြောင်း သင်ရိုးရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
‘‘ဒီ ဠ၊ ဋ၊ ဌ၊ ဍ စတဲ့ စာလုံးတွေက အရေးအဆွဲခက်တယ်။ ကလေးတွေက သိပ်ငယ်သေးတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် နည်းနည်းစောသေးလို့ ချန်ခဲ့တာ။ ဒါကို ချန်ခဲ့တာလည်းပြည်တွင်း၊ ပြည်ပပညာရှင်တွေ အများကြီးညှိပြီး ချန်ခဲ့တာ။ အရွတ်၊ အဖတ်မှာတော့ ‘က’ကြီး ကနေ ‘အ’ အထိ ရအောင် ဖတ်သွားမယ်။ အရွတ်၊ အဖတ်မှာ အစဉ်ပျက်သွားမှာစိုးလို့ တစ်လုံးမှ မချန်ဘူး။ ရေးတာကကျတော့အစဉ်တွေကို ဖောက်ပြီးတော့ လွယ်ကူသော စာလုံးတွေကနေ စရေးပြီးတော့မှခက်တဲ့ စာလုံးတွေကို တဖြည်းဖြည်းကူးသွားမယ်’’ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
  
ထိုသို့ပြောင်းလဲအသုံးပြုမည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ပညာရေး သုတေသနဦးစီးဌာနမှ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က အများပြည်သူများအား ရှင်းလင်းပြသမှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်ဟု ပညာရေးအသိုင်းအဝိုင်းမှ ပညာရှင်များက ထောက်ပြသည်။
  
‘‘သင်ရိုးညွှန်းတမ်းအသစ်မှာ ဗျည်းအက္ခရာ ရှစ်လုံးကို ဘာလို့ ထည့်မသင်တာလဲဆိုတာကို အများပြည်သူကို နားလည်အောင် အကျယ်တဝင့် မရှင်းပြခဲ့လို့ အခုလိုပြဿနာတွေ ပေါ်လာတယ်လို့မြင်တယ်။ တကယ်တမ်းက သူငယ်တန်း(KG)ကို စာမသင်ဘဲပထမတန်းကျမှ စာစသင်မယ့် ကိစ္စကို ဆရာတို့လည်း ထောက်ခံတယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ်ရှိ အငြိမ်းစားအထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။
  
အဆိုပါသင်ရိုးသစ်နှင့် ပတ်သက်၍ ‘‘သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းသစ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ပထမတန်းသင်ရိုးညွှန်းတမ်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ’’ ကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသနဦးစီးဌာနမှ သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့များတွင် ဇန်နဝါရီအတွင်း ကျင်းပပြုလုပ်ခဲ့သော်လည်း အများပြည်သူထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိခဲ့ခြင်း မရှိသေးပေ။
  
‘‘အသစ်သင်မယ့် သူငယ်တန်းသင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီး ဘာမှတော့ မသိသေးဘူး။ သတင်းစာတွေထဲမှာ ပါတာလောက်ပဲ သိရတယ်။ သူငယ်တန်းမှာ ကလေးတွေကို စာမသင်ရဘဲ ကဗျာတွေ၊ ပုံပြင်တွေနဲ့ သင်ရမယ်ဆိုတာကို သဘောကျတယ်။ အရမ်းငယ်တဲ့အချိန်မှာ စာမသင်စေချင်သေးဘူး’’ ဟု လာမည့်ပညာသင်နှစ်တွင် ကလေးငယ်ကို သူငယ်တန်း စတင်ထားရှိမည့် ဒဂုံမြောက်ပိုင်းမြို့နယ်မှ မိခင် မသင်ဇာက ပြောသည်။
  
သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်ကို ၂၀၁၂ က စတင်ရေးဆွဲခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေးနှင့် သူငယ်တန်းပညာရေး ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ပညာရှင်များ ပါဝင်ရေးဆွဲခဲ့ကြောင်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
‘‘သင်ရိုးဦးဆောင်ရေးနေတာကလည်း ပညာရေးနဲ့ Ph.D ရထားတာ သုံးယောက်ပါတယ်။ သင်ရိုးကို နိုင်ငံတကာပညာရှင်တွေ၊
ပြည်တွင်းပညာရှင်တွေ အများကြီးနဲ့ ဆွဲထားတာ။ နိုင်ငံတကာ KG သင်ရိုးနဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ကိုချိန်ညှိပြီး ပညာရှင်တွေနဲ့ အကြိမ်ကြိမ်၊ အထပ်ထပ် ညှိနှိုင်းပြီးတော့မှ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် အရင်ချရတယ်။ အဲဒါပြီးမှ သင်ရိုးညွှန်းတမ်းကို အချိန်တော်တော်ယူပြီး ရေးဆွဲခဲ့ကြတာ’’ဟု ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
  
ပြောင်းလဲသင်ကြားမည့် သူငယ်တန်းသင်ရိုးသစ်တွင် ယခင်သင်ကြားနေသည့် ဘာသာရပ်ကို အခြေခံ၍ အလွတ်ကျက်မှတ်မှုအစား ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးနိုင်ရန် စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် သင်ယူဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုပါဝင်အောင်ထည့်သွင်းရေးဆွဲထားကြောင်း သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်
ရေးဆွဲသည့်အဖွဲ့က ဆိုသည်။
  
သင်ယူဖွံ့ဖြိုးမှု နယ်ပယ် ခြောက်ခုမှာ ကိုယ်စိတ်ကျန်းမာခြင်း၊ စာရိတ္တ၊ မိတ္တနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း၊ သင်္ချာအခြေခံကို စူးစမ်းလေ့လာခြင်း၊ အနုပညာရသခံစားဖန်တီးခြင်းနှင့် ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်းတို့ဖြစ်သည်။
  
သူငယ်တန်း သင်ရိုးညွှန်းတန်းသစ်သည် စာသင်နှစ်နောက်ဆုံးသုံးလရောက်မှသာ စာသင်ကြားရမည်ဖြစ်ပြီး ရေးဆွဲရန် ခက်ခဲသည့်စာလုံးများ (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ)ကို ချန်လှပ်၍ မြန်မာဗျည်းအက္ခရာ ၂၅ လုံး၊ အင်္ဂလိပ်အက္ခရာ ၂၆ လုံး ၊ အင်္ဂလိပ်ကိန်း ဂဏန်း (1 မှ 10 အထိ) နှင့် မြန်မာကိန်းဂဏန်း (၁ မှ ၂၀ အထိ) သင်ကြားမည်ဖြစ်ကြောင်း သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
‘‘မြန်မာအက္ခရာဗျည်း ၃၃ လုံးကို KG မှာ သင်တယ်။ သင်တဲ့နေရာမှာ နှစ်မျိုးရှိတယ်။  တစ်မျိုးက ဗျည်းအက္ခရာတွေကို ဒါက ကကြီး၊ ခခွေး ဆိုပြီးသိအောင် သင်ပေးတာ။ နောက်တစ်မျိုးက ရေးတတ်အောင် သင်ပေးတာမှာရေးလို့လည်း ခက်တဲ့စာလုံးမျိုး တွေကိုပထမတန်းရောက်မှ သင်မယ်လို့ လုပ်ထားတာ။ ဒါက နားလည်မှုလွဲတာပါ’’ ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ အကြံပေးပညာရှင် ဒေါက်တာဝင်းအောင်က ပြောသည်။
  
သူငယ်တန်းသင်ရိုးသစ်တွင် စာမေးပွဲစနစ်ရှိမည်မဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်း၏ နေ့စဉ်လုပ်ငန်း၌ ပါဝင်ဆောင်ရွက်မှုများကို မှတ်တမ်းတင်သည့်စနစ်ဖြင့် အမှတ်ပေးကာ ပထမတန်းသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်
ဖြစ်ကြောင်း ပညာရေးသုတေသနဦးစီးဌာန သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့က ဆိုသည်။
  
ကလေးငယ်များသည် မြန်မာဗျည်းအက္ခရာများ၊ အင်္ဂလိပ်အက္ခရာများ၊ သင်္ချာအခြေခံ၊ အင်္ဂလိပ်ကိန်းဂဏန်းများ၊ ပုံဆွဲခြင်းနှင့် ဆေးခြယ်ခြင်းတို့ကို သင်ကြားသင်ယူမှု အထောက်အပြုပစ္စည်း (KG Kit) များ အသုံးပြု၍ သင်ကြားရန် ရေးဆွဲထားသည်။
  
လာမည့်ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်ပြောင်းလဲသင်ကြားပါကဆရာ နှင့် ကျောင်းသားအချိုး မမျှတမှု၊ကျောင်းစာသင်ခန်းမလုံလောက်မှုနှင့် သင်ကြားမည့် ဆရာ၏သင်ကြားမှု အရည်အသွေးတို့က စိန်ခေါ်မှုအဖြစ် စောင့်ကြိုနေနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
  
‘‘ဆရာအင်အားမလုံလောက်တဲ့ ကျောင်းတွေမှာ သူငယ်တန်း (KG) ကို ထိထိရောက်ရောက်သင်ပေးဖို့ အခက်အခဲရှိလိမ့်မယ်။ ဆရာလိုအပ်ချက်တင် မဟုတ်ပါဘူး။ KG သင်ရမယ့် သင်ထောက်ကူပစ္စည်း လုံလုံလောက်လောက်ရမှာလား။ စာသင်ခန်းက မလုံလောက်မှုနဲ့ တခြားလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးမယ်ဆိုရင် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်က ပိုပြီးတော့ အောင်မြင်လာမယ်လို့ မြင်တယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးမှ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးက သုံးသပ်သည်။
  
သူငယ်တန်း (KG) တွင် သင်ကြားပေးရန် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများအား တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဇန်နဝါရီမှစတင်၍ မေလအထိ ဗဟိုအဆင့်နှင့် ဆင့်ပွားသင်တန်းများ ပို့ချပေးနေပြီဖြစ်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
  
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သော သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းအသစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရသစ်လက်ထက်၌ မည်သို့အကောင်အထည်ပေါ်လာမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
7 Day Daily,
>>>ဆက်ဖတ်ရန်>>> >>

မြန်မာအစိုးရအသစ်အတွက် ပညာရေးစိန်ခေါ်ချက် ၁၀ ရပ်


မြန်မာအစိုးရအသစ်အတွက် ပညာရေးစိန်ခေါ်ချက် ၁၀ ရပ်

နှစ် ၅၀ ကျော် ကာလအတွင်း ပညာရေးစနစ်ကို မဟာဗျူဟာပျောက်၊ ဦးတည်ရာမဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြအပြီး နောက်တက်လာမယ့် မြန်မာအစိုးရအသစ်ဟာ ပညာရေးပြဿ နာ  အကြီးကြီးတွေနဲ့ ဆိုးမွေတချို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့်အပတ် နိုဝင်ဘာ ၈ ရက်၊ ၂၀၁၅ နေ့ဟာ မြန်မာနိုင်ငံရဲ့ ထူးခြားလှတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ရာဖြစ်တယ်။ ဒီဘက်ခေတ်မှာ ပြည်တွင်းပြည်ပက စိတ်ဝင်စားမှုအရှိဆုံး ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ ပြောင်းလဲဖို့ရာအတွက် မျှော်လင့်ချက်တွေ ပြင်းထန်နေချိန်မှာ ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲအပေါ်မှာ စိုးရိမ်မှုများနဲ့ အငြင်းပွားဖွယ်များကလည်း ရှိနေပြန်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ အလှမ်းဝေးနေသေးပြီး ပြင်ဆင်ဖို့ လိုအပ်နေဆဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာဟာ ၅ နှစ် အစိုးရသက်တမ်း တခုပြီးဆုံးလို့ လာခဲ့ပါပြီ။ ဒီသက်တမ်းအတွင်းမှာ ပြုပြင်ပြောင်းလဲမှုအချို့ လုပ်နိုင်ခဲ့တယ်လို့ အစိုးရက တွင်တွင်ပြောနေပေမယ့် သိသာထင်ရှားတဲ့ ပြည်သူဗဟိုပြု ရလဒ်ကောင်းများကတော့ လုံးဝ မပီပြင်သေးပါဘူး။ အထူးသဖြင့် ကမ္ဘာ့အနိမ့်ဆုံး အခြေအနေဆိုးမှာ ရှိနေဆဲ ပညာရေးကဏ္ဍမှာ အရေအတွက်ပိုင်းမှာကော၊ အရည်အသွေးပိုင်းမှာပါ စိန်ခေါ်မှုတွေဟာ ဒုနဲ့ဒေးပါ။ ပညာရေးစနစ်ဟာ ဒီမိုကရက်တိုင်းဇေးရှင်းဖြစ်စဉ်နဲ့ ဖက်ဒရယ်စနစ်ကို ထောက်ကူပံ့ပိုး အားဖြည့်ဖို့ရာအတွက်လည်း များစွာ ပြုပြင်ရပါဦးမယ်။
သိပ်မဝေးသေးတဲ့ နှစ် ၃၀ ပညာရေးစီမံကိန်းရဲ့ မရှုမလှ ကျဆုံးခန်းကိုဖြင့် စာဖွဲ့လို့ရယ် မကုန်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီးနောက် ခေတ်တိုင်းရဲ့ နိဂုံးပိုင်းမှာ အရှိုက်ကို အလဲထိုးခံခဲ့ရတာဟာ ပညာရေးစနစ်ပါပဲ။ လွတ်လပ်ခါစတိုင်းပြည်မှာ ပြည်တော်သာခေတ် ဘ၀သစ်ဖန်တီးမှု ပညာရေးစနစ်ဟာ “အဆုံးသတ် မကောင်းခဲ့ပါ” ဆိုပြီး မဆလခေတ်မှာ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ချုပ်တာဝန်ယူခဲ့ဖူးသူ ဦးသန်းဦးက သူ့ရဲ့ ပညာရေးသမိုင်းစာအုပ်မှာ တကြောင်းတည်းသော အဆိုးမြင်ကောက်ချက်ကို မရဲတရဲ ချခဲ့တယ်။ မဆလခေတ်မှာ “ရိက္ခာ” လျော့နည်းလာနေပေမယ့် “သိက္ခာ” နဲ့ အသက်ရှင်သန်နိုင်ခဲ့ကြတဲ့အတွက် ကျောင်းဆရာများဟာ ပညာရေး အရည်အသွေးကို ပီတိတချို့နဲ့ ကျားကန်၊ ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုရမယ်။ သို့ပေတဲ့ “ရိက္ခာရော၊ သိက္ခာပါ မရှိတော့ပြီ” ဆိုပြီး ပညာရေးဇာတ်လိုက် ကျောင်းဆရာများရဲ့ ငိုချင်းရှည်ဟာ အနှစ် ၂၀ ကျော် ကြာခဲ့ပါပြီကော။ ကျောင်းက ပီတိနဲ့ မမျှတတော့လို့ ကျူရှင်ပီတိ၊ ၀ိုင်းပီတိနဲ့ စခန်းသွားနေခဲ့ရပြီ။
ဒီဘက်ခေတ်မှာတော့ နိုင်ငံ့တာဝန် တနေ့ ရှစ်နာရီအပြင် အခြားသော အလုပ် ၂ ခု၊ ၃ ခုကိုပါ လုပ်နိုင်စွမ်းရှိတော့ မြန်မာကျောင်းဆရာများဟာ ကမ္ဘာပေါ်မှာ အံ့ဖွယ်တပါးပါပဲ။ ရလဒ်အနေနဲ့ ကျောင်းပညာရေးရဲ့ အနှစ်သာရတွေ ပျောက်ကွယ်လုနီးပါး အဖြစ်ဆိုးလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ရှေးမျိုးဆက်များထက် နောက်မျိုးဆက်များရဲ့ အတွေးအမြင်နဲ့ အသိပညာဟာ နိမ့်ကျနေခဲ့ရပြီလို့ ဗြိတိန်အမတ်များရဲ့ မြန်မာနိုင်ငံပညာရေးစစ်တမ်း ၂၀၁၄ ခုနှစ်မှာ ထောက်ပြထားပါတယ်။
ယူနက်စကိုရဲ့ ၂၀၀၆ – ၂၀၁၂ ခုနှစ်များ စာရင်းအရ ပညာရေးအသုံးစရိတ် အနိမ့်ဆုံးတိုင်းပြည် ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာ ရှိနေခဲ့တယ်။ အမျိုးသားဝင်ငွေ ဂျီဒီပီရဲ့ ၀ ဒသမ ၇၈ ရာခိုင်နှုန်း (၀.၇၈%) ကိုပဲ ပညာရေးအတွက် အသုံးပြုခဲ့တယ်လို့ ဖော်ပြထားခဲ့တယ်။ “ဗောင်းတော်ငြိမ့်၊ စိတ်တော်သိ” နီးရာဓါးကြောက်၊ အပါးတော်မြဲ ပညာရှင်များဟာလည်း တုံဏှိဘာဝေ နေထိုင်ခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ပညာရေးမှာ အလွန်အမင်း အဂတိတရား လိုက်စားမှုတွေရယ်၊ ခွဲခြားဆက်ဆံမှုတွေရယ်၊ “ရွှေအိုးရှိမှ ပညာရ”၊ “မအောင်မရှိ ငါ့တပည့်”၊ “မတတ်သူက မသိသူကို သင်ပေး” ဆိုတဲ့ စကားပုံအသစ်တွေရယ်ပါပဲ။ ပညာရေးအသုံးစရိတ်နဲ့ ပညာရေးအရည်အသွေးဟာ တိုက်ရိုက်အချိုးကျနေကြောင်းကို “ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်” ပုံစံမျိုးနဲ့ ပြောင်းလဲနေတဲ့ ပညာရေးဝန်ကြီးဌာနဟာ ဒီနေ့ထက်ထိ လေ့ကျက်မိပုံ မပေါ်သေးပါဘူး။
အာရှဘဏ်ရဲ့ အစီရင်ခံစာအရ နှစ်စဉ် အစိုးရကျောင်းတက်ရောက်သူ ၁ ဒသမ ၁ သန်း ရှိတဲ့အထဲမှာ ၁၀ တန်းစာမေးပွဲအထိ ပညာပြီးဆုံးအောင် တက်ရောက်နိုင်သူဟာ တသိန်းကျော်မျှသာ ရှိနေတယ်။ ကလေးငယ် ၄ ရာခိုင်နှုန်းဟာ ကျောင်းတက်ဖို့ မွေးဖွားလာခဲ့တာ မဟုတ်သလို ကျောင်းအတွင်းနံရံကို မမြင်ဘူးတဲ့သူတွေပါပဲ။ ကျောင်းထွက်နှုန်းဟာလည်း ကြောက်ခမန်းလိလိပါ။ သူငယ်တန်းစတက်တဲ့ ကလေးငယ် ၂၅ ရာခိုင်နှုန်းလောက်ဟာ ၄ တန်းအောင်တဲ့အခါ ရာသက်ပန် ကျောင်းပြီးဆုံးခဲ့ရပြီ။ ဒီကိန်းဂဏာန်းများရဲ့ ခြိမ်းခြောက်နေမှုဟာ နိုင်ငံအတွက် အမျိုးသားလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရပါ စိုးရိမ်စရာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။
၁၉၇၄၊ ၇၆ ခုနှစ်များနဲ့ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇၊ ၂၀၁၅ ခုနှစ် ကျောင်းသားသမိုင်းဝင် ဒီမိုကရေစီ အရေးတော်ပုံတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အစိုးရများနဲ့ ကျောင်းသားတွေဟာ သံသရာမှာပါ ရန်ဘက်တွေ ဖြစ်လာခဲ့တော့တယ်။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာသိ၊ မြန်မာသိ သမိုင်းဝင် ပညာရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် ပညာရေးရလဒ်များကို အစိုးရဟာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်။ ငြိမ်းချမ်းစွာနဲ့ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းတွေကို အစိုးရဟာ အင်အားအလွန်အကျွံ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ဟာ ပြုပြင်ပြောင်းလဲမှု စာမျက်နှာ နံပါတ် ၁ ကို အင်မတန်ပဲ အရုပ်ဆိုး၊ အကျည်းတန်လွန်းစေခဲ့ပြီ။
နှစ် ၅၀ ပညာရေးစနစ်ရဲ့ “တခမ်းတနား ကျဆုံးခန်း” မှာ အဓိကတရားခံတွေကိုတော့ ဝေးဝေးပြေးကြည့်စရာ မလိုပါဘူး။ ပညာရေး အတိတ်သမိုင်းကိုတော့ နှောင်းသုတေသီများရဲ့ လက်ထဲမှာ ဒီမျှလောက်နဲ့ အပ်ခဲ့ပါရစေ။
× × ×
challenges ahead
ဒီနေရာမှာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအသစ်အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ စိန်ခေါ်ချက် ၁၀ ချက်ကို ဆက်လက်ဆွေးနွေးပါရစေ။ ပါတီများရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာတော့ ယေဘုယျဆန်လွန်းလှတဲ့ ပညာရေးပေါ်လစီတချို့ကိုသာ တွေ့မြင်နေရသေးတယ်။ စိန်ခေါ်မှုတွေကို ဆွေးနွေးမှာဖြစ်လို့ ရွေးကောက်ပွဲမှာ အောင်စိတ်နဲ့ အာဏာယူ အစိုးရဖွဲ့ဖို့ တက်ကြွနေတဲ့သူတွေကို အပျော်မလွန်ဖို့ ဘရိတ်အုပ်သလိုမျိုး ဖြစ်ခဲ့ရင်တော့ ကြိုတင် တောင်းပန်ပါတယ်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲနောက်ပိုင်း အာဏာရတဲ့ပါတီနဲ့ အစိုးရဟာ မရောင်ရာဆီလူး၊ ဝေ့လည်ကြောင်ပတ်၊ သံသရာရန်ငြိုးဖွဲ့ လျှောက်လုပ်နေမယ့်အစား အစိုးရအဆင့်ကသာလျှင် အကောင်အထည်ဖော်နိုင်မယ့် ပညာရေးလုပ်ငန်းကြီးတွေကို အာရုံစိုက်သင့်ပါတယ်။
(၁) “သမဂ္ဂနဲ့ လက်တွဲကူ၊ ပညာရေး မူမှန်သမျှ၊ အောင်ပွဲရ” ဆောင်ပုဒ်သစ်ကို ကျင့်သုံးလို့ ပေါ်လစီအသစ်၊ ချည်းကပ်မှုပုံစံအသစ်၊ ဆက်ဆံရေးပုံစံအသစ်တွေနဲ့ မြန်မာအစိုးရအသစ်ဟာ ကျောင်းသားသမဂ္ဂများ၊ စီဘီအိုများ၊ NNER၊ ကျောင်းဆရာ ဆရာမများ အဖွဲ့ချုပ်တို့နဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။ ဖမ်းဆီခံထားရတဲ့ ကျောင်းသားများနဲ့ ၀န်းရံပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်။ ဒါဟာ သံသရာရန်ငြိုးကို ပြေပျောက်စေဖို့တင်မကဘဲ “အကျိုးတူ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်တတ်ရေး” ဆိုတဲ့ ကလေးဗဟိုပြု ပညာရေးဒဿနကို နောင်လာနောင်သားများနဲ့ လက်ရှိ စာသင်ခန်းထဲက တပည့်များအတွက် လက်တွေ့စံနမူနာ ပြသရာလည်း ရောက်မယ်။ ကျောင်းသားများနဲ့ ဆရာ ဆရာမများဟာ ပြဿ နာမဟုတ်ဘဲ “အဖြေဖြစ်တယ်” ဆိုတာကို အစိုးရအသစ်ဟာ သဘောပေါက်လိုက်စမ်းပါ။
(၂) ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ပြောင်းလဲမှုနဲ့ သနားစဖွယ်၊ အုံနဲ့ကျင်းနဲ့  အဝေဖန်ခံနေရဆုံး ဖြစ်နေတဲ့ ပညာရေးဝန်ကြီးဌာနဟာ “ဘက်စုံပြောင်းလဲမှု” ကို အွန်ပေပါအရသာမက၊ လက်တွေ့ စာသင်ခန်းများထဲအထိ ဟန်ချက်ညီ လုပ်ဆောင်သင့်တယ်။ ကလေးဗဟိုပြုသင်နည်းတွေကို ဂျိုင်ကာ၊ ယူနီဆက်တို့နဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း၊ ဖတ်စာ၊ ဘတ်ဂျက်၊ စဉ်ဆက်မပြတ် စစ်ဆေးမှု၊ ဂုဏ်ပြုမှုနဲ့ ကွပ်ကဲကြပ်မတ်မှုတို့ဟာ နောက်က တဆက်တည်း ပါမလာတဲ့အတွက် ဆရာများရဲ့ စိတ်ဓာတ်နဲ့ အကျင့်၊ ၀မ်းစာနဲ့ ဂုဏ်သိက္ခာကို အလေးအမြတ် မပြုခဲ့တဲ့အတွက် ပညာရေးဟာ နောက်ကြောင်းပြန်လှည့်လို့ ၁၉ ရာစုမှာ သောင်တင်နေခဲ့ရပြီ။ ICT ကျွမ်းကျင်ပြီး စာပေပုံမှန်ဖတ်ရှုလေ့လာတဲ့ ပရော်ဖက်ရှင်နယ် ကျောင်းဆရာ ပျိုးထောင်ရေးဟာ စိန်ခေါ်ချက်များစွာ ရှိနေပါတယ်။ ကလေးများရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေ၊ ဝေဘန်ပိုင်းခြား ဆန်းစစ်တွေးခေါ်မှုတွေ၊ နိုးကြားတက်ကြွမှုတွေ၊ စွန့်ဦးတီထွင် ဖန်တီးမှုတွေကို  ဖျက်ဆီးပစ်နေခဲ့တဲ့ “ကျက်ဖြေနဲ့ ကျက်ဘွဲ့” စနစ်ကြောင့် နိုင်ငံကိုလည်း “ကျက်နိုင်ငံ” အဆင့် ရောက်စေခဲ့ပြီ။
(၃) ဖက်ဒရယ်စနစ်တို့၊ ဒီမိုကရေစီစနစ်တို့ကို ပါတီကြီးတွေနဲ့ အမတ်လောင်းတွေဟာ စင်မြင့်တွေပေါ်ကနေ ကြက်တူရွေးသဖွယ် ရွတ်ဖတ်သရဇ္ဈာယ် တတ်လာတာကိုတော့ ချီးကျူးရမလားပဲ။ သို့ပေတဲ့ ဖက်ဒရယ်ပညာရေးတို့၊ ဒီမိုကရေစီပညာရေးတို့ကို ဘယ်လိုမူဝါဒများနဲ့ ရှေ့ဆက်စခန်းသွားမှာလဲ။ တိုင်းရင်းသားပညာရေးစနစ်၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းလူထုအတွက် “ကလေးအခွင့်အရေး အခြေပြု၊ ကလေးဗဟိုပြု ပညာရေးပေါင်းကူး” စနစ်၊ “တိုင်းရင်းသား ကလေးဗဟိုပြု ပညာရေးစနစ်” တွေကို ပြည်နယ်အစိုးရများ တာဝန်ယူ ဆောင်ရွက်သင့်ပါတယ်။ “ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပစ်ဖို့” အစိုးရအသစ်ဟာ ၀န်လေးမနေသင့်ပါဘူး။ လေးပွင့်ဆိုင်မှာ သဘောတူညီထားခဲ့ကြတဲ့ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရေးဟာလည်း အစိုးရအသစ်အတွက် ခေါင်းခဲစရာ ဖြစ်လာတော့မယ်။ ဒေသန္တရအဆင့်၊ ပြည်နယ်အဆင့်ကိုသာ အခြေခံပညာရေး အခွင့်အာဏာနဲ့ သြဇာကို ၁၀၀ ရာခိုင်နှုန်း ရဲရဲကြီး လွှဲအပ်လိုက်စမ်းပါ။ ဒီစန်ထရယ်လိုက်ဇေးရှင်းကြောင့် ပညာရေးဟာ နေ့ချင်းညချင်း လူမွေးသူမွေး ပြောင်လာပါလိမ့်မယ်။
(၄) ပုဂ္ဂလိက ပညာရေးစနစ်ဟာ မူဝါဒချို့တဲ့စွာနဲ့ စခန်းသွားနေရဆဲပါပဲ။ ဈေးကွက်ဝင် ပုဂ္ဂလိပညာရေးစနစ်အပေါ်မှာ မုဒိတာ မပွားနိုင်ကြတာဟာဖြင့် စဉ်းစားစရာ ရှိလာပါတယ်။ ပိုလို့ စိုးရိမ်စရာကောင်းတာကတော့ ပုဂ္ဂလိကစနစ်နဲ့ အစိုးရကျောင်းပညာရေး စနစ်များရဲ့ အကြားက “ကွာဟချက်” များဟာ တနေ့တခြား ကြီးမားလို့ လာနေတယ်။ အရည်အသွေးပိုင်းမှာ ဘယ်လို အတုယူ ထိန်းညှိနိုင်မလဲ။ အရေအတွက်အရကော ပုဂ္ဂလိကျောင်းထွက် ဘယ်နှစ်ရာခိုင်နှုန်းဟာ ဒီတိုင်းပြည်မှာ ဆက်လက်နေထိုင်လို့ မြန်မာ့လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မလဲ။ ပုဂ္ဂလိစနစ်နဲ့ အစိုးရစနစ်တို့အကြား အပြန်အလှန် လေးစားမှုနဲ့ ဆက်သွယ်ပေါင်းကူး ညှိနှိုင်းရတော့မယ်။ ပိုပြီး လိုအပ်နေတာကတော့ တိုင်းရင်းသားကျောင်း၊ ကွန်မြူနတီကျောင်း၊ ကျောင်းပြင်ပ ပညာရေး၊ ကိုယ်ထူကိုယ်ထကျောင်းများကို အစိုးရက တရားဝင် အသိအမှတ်ပြုပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီပေးဖို့ပါပဲ။
(၅) နိုင်ငံတော်အဆင့်က အမျိုးသားသင်ရိုးညွှန်းတမ်း၊ စံနှုန်းများ အညွှန်းဘောင် Framework လောက်ကိုပဲ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့နဲ့ လိုက်လျောညီထွေ ပြုစုပြဋ္ဌာန်းပေးသင့်တယ်။ သင်ရိုးဟာ ခေတ်မီ၊ မျှတ၊ ကျယ်ပြန့်စေသင့်တယ်။ အမျိုးသားအမွေအနှစ်ကို ထိန်းသိမ်းဖို့၊ တိုင်းရင်းသားဘာသာစာပေနဲ့ ယဉ်ကျေးမှုတွေ ရှင်သန်ဖို့၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကျင့်စဉ်တွေ ရင်ဘတ်ထဲရောက်ဖို့ ခေါင်းစဉ်တွေကို ထည့်သွင်းရတော့မယ်။ အစိုးရနဲ့ ၀န်ကြီးဌာနက ဖတ်စာအုပ် ထုတ်ဝေရောင်းစားနေမယ့်အစား ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းများနဲ့ ကုမ္ပဏီများကို လွှဲအပ်သင့်နေပြီ။ ပညာရေးဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဟန်ချက်ညီဖို့ အပူတပြင်း လိုအပ်နေပြီ။
(၆) တိုင်းပြည်မှာ ၁၀ နှစ်အထက် လုပ်သက်ရှိတဲ့ ကျောင်းဆရာ ရာခိုင်နှုန်းဟာလည်း ကမ္ဘာ့မှာ အနိမ့်ဆုံးဖြစ်နေတယ်။ ကလေးထွက်နှုန်းနဲ့ ကျောင်းဆရာထွက်နှုန်း အပြိုင်ဖြစ်နေဆဲပါ။ လုပ်သက်ရှိပြီး ၀ါသနာနဲ့ အတတ်ပညာ ပေါင်းစပ်လို့ ဘ၀ကို ဖွဲ့စည်းထားတဲ့ ကျောင်းဆရာများ လုပ်ငန်းခွင်တည်မြဲရေးနဲ့ စား၊ ၀တ်၊ နေရေး လူတန်းစေ့ရေးဟာ အစိုးရအသစ်ရဲ့ ပညာရေးမူဝါဒ အောင်မြင်မှုအတွက် အခရာဖြစ်လိမ့်မယ်။ ပညာရေးကို သွေးသစ်လောင်းဖို့ရာလည်း အပူတပြင်း လိုအပ်နေတယ်။ လူဟောင်းအများစုဟာ မူဟောင်းတွေကို ဖက်တွယ်ထားတဲ့ ပညာရေး အန္တရာယ်ထောင်ချောက်ကို အစိုးရအသစ်ဟာ ဘယ်လို ကျော်လွှားနိုင်မလဲ။
(၇) ပညာရေးကို စစ်မှုပြုထားတာဟာဖြင့်ရင် အသွင်သဏ္ဌာန်အရကော၊ အနှစ်သာရအရပါ အရုပ်ဆိုး အကျည်းတန်လှတယ်။ အစိုးရသစ်ဟာ “ပညာရေး ဗဟိုပြု အစိုးရအသစ်” ဖြစ်ဖို့ဆိုရင် ပညာရေးဦးဆောင်မှုပိုင်းနဲ့ အဆင့်ဆင့်တိုင်းမှာ မိုးကျရွှေကိုယ် ယူနီဖောင်းချွတ်များရဲ့ အခန့်သား နေရာယူတဲ့စနစ်ကို နိဂုံးချုပ်ပေးရပါလိမ့်မယ်။
(၈) လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ နိုင်ငံတ၀ှမ်းလုံးမှာရှိနေတဲ့ ကလေးတိုင်း အရည်အသွေးပြည့်မီတဲ့ အခြေခံပညာရေး ပြီးဆုံးအောင်မြင်အောင် (၁၀ တန်းအောင်တဲ့အထိ) တာဝန်ယူရပါလိမ့်မယ်။ အခုလက်ရှိမှာ ဒီအတွက် အရေအတွက်ရော၊ အရည်အသွေးကိုပါ အခြေခံပညာရေးမှာ ဆထက်တိုးလို့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ၀န်ကြီးဌာနဖြစ်ဖို့ အစိုးရအသစ်ဟာ ကြိုးစားရပါလိမ့်မယ်။ ဒါဟာ အစိုးရအသစ်ရဲ့ နိုင်ငံရေးအာဂျင်ဒါ နံပါတ် (၁) လည်း ဖြစ်သင့်ပါတယ်။
(၉) သက်မွေးပညာ၊ အဆင့်မြင့်ပညာရေးနဲ့ တက္ကသိုလ်ကဏ္ဍ စိန်ခေါ်မှုတွေထဲမှာ “တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်” autonomy ပဲ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်လှတဲ့ စနစ်ထဲမှာ တက္ကသိုလ်များဟာ မဟာဗျူဟာ ပျောက်ဆုံးခဲ့ရပြီး ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်း နေခဲ့ရတဲ့ အဖြစ်မျိုးကို ကြုံကြိုက်ခဲ့ကြရပါတယ်။ ၀ါသနာ ဗီဇနဲ့ စာပေ တတ်ကျွမ်းမှုအပေါ်မှာ အခြေခံတဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုလည်း ပြောင်းလဲရပါမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက၊ အလှူရှင်များနဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဖက်စပ်လို့ လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေးစနစ်ကိုလည်း အဦးအစ ပျိုးထောင်ပေးသင့်ပါတယ်။ ပြည်နယ်များနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်များနဲ့ ချိတ်ဆက်ထားတဲ့ သက်မွေးပညာရေး technical and  vocational education – TVET သင်တန်းတွေ (ရာထောင်ချီ) အများကြီး လိုအပ်နေပါသေးတယ်။ TVET ရဲ့ တန်ဖိုးကိုလည်း လူထုသိမြင်လာအောင် အစိုးရအသစ်ဟာ ကြိုးပမ်းရပါဦးမယ်။ “ဘွဲ့ရမှ လူဖြစ်တယ်” ဆိုတဲ့ အတွေးအမြင် အလွဲအမှားဟာ TVET အတွက် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်ပါလိမ့်မယ်။ ဒါဟာ အမျိုးသားကုန်ထုတ်လုပ်မှု တိုးတက်စေဖို့နဲ့ တဦးချင်းစီရဲ့ ဘ၀အရည်အသွေး အတွက်လည်းပဲ ဖြစ်ပါတယ်။ “uneducated graduate ဘွဲ့ရ ပညာမတတ်” နဲ့ “graduate unemployment ဘွဲ့ရ အလုပ်မရှိ” ပြဿနာကိုလည်း အစိုးရသစ်ဟာ ချက်ချင်းပဲ ရင်ဆိုင်ရပါဦးမယ်။ ကောလိပ်နဲ့ တက္ကသိုလ်များရဲ့ ဥပဓိရုပ် ခန့်ညားရုံတင်မကဘဲ တက္ကသိုလ်များရဲ့ အရည်အသွေးနဲ့ အသက်ဟာ ပညာရှင်လွတ်လပ်ခွင့် Academic freedom နဲ့ သုတေသနဖြစ်တဲ့အတွက် ဘတ်ဂျက်လိုအပ်ပါတယ်။
(၁၀) အမျိုးသားပညာရေးဥပဒေမှာ “ပညာရေးအသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းထားချက်” ဟာဖြင့် မုဒိတာပွားစရာပါပဲ။ သို့ပေတဲ့ ဘယ်တော့၊ ဘယ်ရာစုနှစ်မှာ ရောက်မှာလဲ။ တပြည်လုံး အမြန်ဆုံး မုဒိတာပွားနိုင်စေဖို့ ပညာရေး အသုံးစရိတ်ကို ချက်ချင်းလက်ငင်း ၂၀ ရာခိုင်နှုန်း အသုံးပြုလိုက်စမ်းပါ။ ဒါဟာ ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် အဓိကမောင်းနှင်အား အင်ဂျင်ပါပဲ။ ပညာရေးဂီယာပြောင်းဖို့ တွန်းအားပါ။ အဂတိတရားလေးပါး ကင်းရှင်းသော ပညာရေးစနစ်အတွက် လမ်းစလည်း ဖြစ်ပါလိမ့်မယ်။ အရည်အသွေးအတွက်ကော၊ အရေအတွက်အရပါ တိုးတက်လာစေဖို့ အခရာကျနေတယ်။ အချိန်ပိုကြေး၊ ကျောင်းလခ၊ ဆရာကန်တော့ကြေး၊ ယူနီဖောင်းကြေး၊ ကျုရှင်ကြေးတွေကို အစိုးရအသစ်က ပေးပေးပါ။ မုန့်ရောင်းစားနေရတဲ့ အတန်းပိုင်ဆရာမရဲ့ ဈေးဗန်းကိုလည်း အစိုးရအသစ်ကပဲ တဗန်းလုံး ၀ယ်လိုက်စမ်းပါ။ အစိုးရသစ်ဟာ စစ်မှန်တဲ့ “မြို့မေတ္တာ” ကို အင်းစတန့် ချက်ချင်း ခံယူ ပိုင်ဆိုင်ရပါလိမ့်မယ်။
× × ×
အနှစ်ချုပ်အားဖြင့် စိန်ခေါ်မှုတွေကို ပိုင်းဖြတ်ကြည့်မယ်ဆိုရင် – ပညာရေးရဲ့ အဆင့်တိုင်းမှာ အရည်အသွေးပြည့်မီဖို့၊ ပညာရေးဘတ်ဂျက်ကို အဆများစွာ တိုးမြှင့်ပေးဖို့နဲ့ အားလုံးအတွက် လက်လှမ်းမီတဲ့ ပညာရေးဖြစ်ဖို့တို့လို့ ဆိုရပါမယ်။
ပညာရေးဟာ ဘာကြောင့် အရေးကြီးသလဲ ဆိုတာကို အစိုးရအသစ်ဟာ သင်ခန်းစာ နံပါတ် (၁) အနေနဲ့ ဦးဆုံးလေ့လာသင့်ပါတယ်။ တကယ်တော့ ပစ္စုပ္ပန်နဲ့ အနာဂတ် လူ့အဖွဲ့စည်းအတွက် ပြင်ဆင် လေ့ကျင့်ပေးတဲ့၊ အခြေခံအုတ်မြစ်ချတဲ့ နေရာဖြစ်လို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။ ကောင်းမွန်တဲ့ ပညာရေးကြောင့် ငြိမ်းချမ်း၊ ဝေစည် တိုးတက်နိုင်သလို၊ ဆိုးဝါးလှတဲ့ ပညာရေးကြောင့်ပဲ ပျက်စီး၊ ဆုံးရှုံး၊ ဆုတ်ယုတ်နိုင်ပါတယ်။ “ပညာရေးသည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု”၊ “ပညာရေးသည်ပင် နိုင်ငံတော်ဖြစ်၏”၊ “ပညာရေးသည် ငြိမ်းချမ်းရေးဖြစ်သည်”၊ “စဉ်ဆက်မပြတ် တသက်တာပညာရေး”၊ ဆိုတဲ့ ပညာအတွေးအမြင်တွေကို ဗဟိုပြုထားတဲ့ “ပညာသမူဟ အစိုးရ” ကို မြန်မာနိုင်ငံက လိုအပ်နေတယ်။
၂၁ ရာစု ပညာခေတ်မှာ အစိုးရတရပ်ရဲ့ အောင်မြင်မှု တိုင်းတာနိုင်သော အဖိုးတန် ပေတံတချောင်းကတော့ ပညာရေးအောင်မြင်မှုပဲဖြစ်တယ်။ ဒီအတွက် တက်လာမယ့် အစိုးရဟာ ပညာရေးကဏ္ဍရဲ့ ဆိုးမွေတွေကို ချေဖျက်လို့၊ စိန်ခေါ်မှု အကြီးကြီးတွေကို “နိုင်ငံရေးစေတနာ”  political will ရှေ့ထားပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းပေးနိုင်ဖို့ ဆန္ဒပြု မျှော်လင့်ပါတယ်။
သိန်းနိုင် (မောက္ခပညာရေး)
ဖက်ဒရယ်ပညာရေး အပိုင်း (၁၈) သံလွင်တိုင်းမ်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Monday, December 28, 2015

သင်္ခန်း စာ တွေ ပြည့် နှက် နေ တဲ့ အတိတ် သမိုင်း

သင်္ခန်း စာ တွေ ပြည့် နှက် နေ တဲ့ အတိတ် သမိုင်း 
by သင်း နီနီ ၁၈၂၄ (၁၁၈၆ ) = ပထမ အင်္ဂလိပ် မြန် မာ ကျူး ကျော် စစ်။ (၃၂ ) ကြာ ခဲ့ ပြီး နောက် (၁၈၅၆ ) (၁၂၁၈) မှာ ဒုတိယ အင်္ဂလိပ် -မြန်မာကျူးကျော် စစ်။ထို မှ တစ် ဖန် (၂၉) နှစ် ကြာ ပြီး နောက် (၁၈၈၅) (၁၂၄၇ ) တွင် တတိ ယ အင်္ဂလိပ် -မြန် မာ ကျူး ကျော် စစ် ။ရ ရာ လက် နက် တွေ နဲ့ ကိုင် စွဲ တော် လှန် ခဲ့ ကြ တယ် ။ အား မတန် တော့ မာန် လျှော့ ခဲ့ ရ တယ် ။လက် နက် ကိုင် တော် လှန် ရေး တွေ ခေတ္တ ငုပ် ရှိုး သွား ခဲ့ ရ တယ် ။ အဲ့ ဒီ နောက် ပိုင်း နှစ် (၂၀ ) ကြား လာ တဲ့ (၁၉၀၅ ) (၁၂၆၇ ) မှာ လူ မှု့ ရေး /ဘာသာရေး ကို အခြေ ပြီး အဖွဲ့ တွေ အသင်း တွေ ပေါ် ပေါက် လာခဲ့ ပါ တယ် ။ အထင်အရှား ဆုံး က တော့ YMBA လို့ ခေါ် တဲ့ အသင်းချုပ် ကြီး ပါ ပဲ။အသင်း ကြီး ရဲ့ စည်း ရုံးရေး စွမ်း အား /စွမ်း ပကားထိရောက် ထက် မြက် ခဲ့ လို့ နှစ် (၂၀) ကြာ လာ တဲ့ (၁၉၂၀ ) ((၁၂၈၂ ) မှာ မြန်မာအသင်းချုပ် ကြီး GCBA လို့ ပြောင်း လဲ ပြင် ဆင် ဖွဲ့ စည်း လှူုပ် ဆောင် ခဲ့ ကြ ပါ တယ် ။ အဲ့ဒီ ကာလ အတွင်း မှာ ပဲ (ပထမ ဆုံး ) ကျောင်း သား သပိတ် တိုက် ပွဲ အောင် မြင် စွာ နွဲ နိုင် ခဲ့ တယ် ။ဦးဘဖေ/ဦးပု/ဦးထွန်းရှိန် /အစရှိတဲ့ မျိုး ချစ် ပုဂ္ဂိုလ် တွေ အပြင် ။ သာသနာ့ အာ ဇာနည် တွေ ထဲ က ဆရာ တော် ဦးဥတ္တမ / ဆရာ တော် ဦးဝိ စာ ရ တို့ အား လုံး ဟာ နယ် ချဲ့ တော် လှန် ရေး တပ် ဦး မှာ ဦဆောင် မှု့ ပေးခဲ့ ကြ ပါ တယ် ။ အင်္ဂလိပ် ဘုင် ခံ ကို မော် မကြည့် ရဲ တဲ့ ခေတ် ကြီး မှာ “ ဘုရင် ခံ ဆာရယ် ဂျီ နယ်လ် က ရက် ဒေါက် ကို ” မြန် မာ့ မြေ ပေါ် မှ မောင်း ထုတ် ခဲ့ တာ ဆရာ တော် ဦး ဥတ္တမ ပါ ။ အစာငတ် ခံ(၁၆၆)ရက် ဆန္ဒ ပြ ရင်း နောက် ဆုံး အချိန် အ ထိ ရ ဟန်း ဘ၀ နဲ့ ထောင် ထဲ မှာ ပျံ လွန် တော် မူ ခဲ့ တာ ဆရာ တော် ဦး ၀ိ စာ ရ ပါ ။ (၁၉၂၀)((၁၂၈၂) ပြီး တဲ့ နောက် ပိုင်း (၁၆) နှစ် ကြာ တဲ့ အခြေ အနေ ကို တင် ပြ ရ မယ် ဆို ရင် (၁၉၃၆) (၁၂၉၈) ကာလ ဟာ ဆို ရင် ဖြင့် နယ် ချဲ့ ကို ဆန့် ကျင် တိုက် ပွဲ ၀င် ရာ မှာ အရှိန် အကောင်း ဆုံး ရ နေ ပြီး ဖြစ် တဲ့ အချိန် ပါ ။ ဒို့ လူ မျိုး ဟာ ကျွန် လူ မျိုး မဟုတ် ဘူး။သခင် လူ မျိုး ဖြစ် တယ် လို့ ခံ ယူ ချက် ထား ပြီး အမည် အရှေ့ မှာ “ သခင် ” တပ် ခေါ် ကြ တဲ့ ကာ လ ပေါ့ ။ ဒုတိ ယ ကျောင်း သားသပိတ် ဖြစ် ခဲ့ တဲ့ ကာ လ ပါ ။ လှုပ် ရှား မှု့ တွေ ကို အသေး မစိတ် တော့ ပါ ။စာ လေး မှာ စိုး တာ က တစ် ကြောင်း ပြော လို ရင် ဦးတည် ချက် ပျောက် မှာ စိုး လို့ က တစ် ကြောင်း မို့ ပါ ။ (၁၉၃၆ )(၁၂၉၈ ) မှ (၂) ကြာ လွန် မြောက် လာ ပြီး နောက် ++(၁၉၃၈ ) ++ (၁၃၀၀)++ ပြည့် နှစ် ကို တော့ မြန် မှာ သမိုင်း မှာ တိုင်း ပြည် တည် သရွေ့ ။ လူ မျိုး တည် နေ သေး သရွေ့ ဘယ် လို မှ မေ့ မကောင်း တဲ့ အထွေ ထွေ သပိတ် လှုပ် ရှား မှု့ ကြီး တစ် ခု ဖြစ် ခဲ့ ပါ တယ် ။နိုင် ငံ သမိုင်း မှာ ***တစ် ထောင့် သုံး ရာ ပြည့် အရေး တော် ပုံ တော် ” လို့ ကမ္မည်းမော် ကွန်း တင် ထား နိုင် ခဲ့ ကြ တဲ့ နေ့ ကြီး ရက် မြတ် တစ် ရက် ဆို ပါ ပဲ ။အဘယ် အကြောင်းကြောင့် ဆို သော် ထို နှစ် အတွင်း မှာ ပင် လယ် သမားအရေး တော် ပုံ / အလုပ် သမား အရေး တော် ပုံ / တတိယ ကျောင်း သား သပိတ် / အို င် စီ အက်စ် ၀န်ထမ်း တွေ ပါ အပါ အ၀င် တစ် နိုင် ငံ လုံ နယ် ချဲ့ အုပ် ချုပ် သူ လူ တန်း စား တွေ ကို တစ် ခဲ နက် အုံ ကြွ တော် လှန် ဆန့် ကျင် ပုန် ကန် ခဲ့ တဲ့ နှစ် တစ် နှစ် ပါ ။ ၁၃၀၀ ရာ ပြည့် အရေး တော် ပုံ ကြီး ကြောင့် နိုင် ငံ ရေး အသိုး ကြား လာ တဲ့ လူငယ် တွေ ဟာ လုံးဝ လွတ် လပ် ရေး ဆို တဲ့ အတွေး အခေါ် ကို တွေး ခေါ် လာ နိုင် ခဲ့ ကြ ပါ တယ် ။ လက် နက် နဲ့ ရန် သူ ကို လက် နက် နဲ့ ပဲ ပြန် တော် လှန် ရ မယ် ဆို တဲ့ အသိ မျိုး ရင် တွင်း မှာ ကိန်း အောင်း လာခဲ့ ကြ တယ် ။ တိုင်း ပြည် အတွက် ပြင်း ပြ တဲ့ ရင် တွင်း ဆန္ဒး ကို အကောင် အထည် ဖေါ် ဖို့ “ ရန်သူ ရဲ့ ရန် သူ ဘယ် သူ လဲ ဆို တာ ကို ရှာ ဖွေ စူး စမ်း ကြ ပါ တော့ တယ် ။” “ ရန် သူ ရဲ့ ရန် သူ ဟာ မိတ် ဆွေ ” ဆို တဲ့ အသိ ကို နှလုံး ပိုက် မိ ခဲ့ ကြ တယ် ။ “ရန်သူ အင်္ဂလိပ် အခက် - ဗမာ့ အချက် လို့ သဘောပေါက် ခံယူ ချက် ထား ပြီး ဂျပန်ပြည် သွား /စစ် ပညာသင် တဲ့ လူ ငယ် တစ် စု ဟာ နောင် တွင် “ ရဲ ဘော် သုံး ကျိပ် ” ဆို ပြီး ထင် ရှားလာ ခဲ့ ကြ ပါ တယ် ။(BIA ) လွတ် လပ် ရေး တပ် မတော် ကို ဘန် ကောက် မှာ ဖွဲ့ နိုင် ခဲ့ တယ် ။ရန် သူ ပေး တဲ့ ရွှေ ရည် စိမ် လွှတ် လပ် ရေး ကို ရှိခဲ့ တယ် ။BIA တပ် မတော် ကို လည်း အဆင့် နဲ့ အရေ အတွက် လျှော့ ချ ခဲ့ ကြ တယ် ။(BDA )ခေါ် ဗမာ့ ကာ ကွယ် ရေး တပ် မတော် တဲ့ ။။လူတစ် စု ပဲ လွှတ် လပ် တဲ့ လွတ် လပ် ရေး အတု ပါ ။အချိန် တန် ရင် ဂျပန် ကို လည်း ပြန် တော် လှန် ရ မယ် ဆို တဲ့ အသိ က မူ လ ကတည်း က စိတ် ကူး ဆန္ဒ ရှိ ခဲ့ ပြီး သား မို မဟာ မိတ် အကူ အညီ ကို ပြန် လည် ရ ယူ ပြီး ဖက် ဆစ် ဂျပန် ကို တိုက် ထုတ် နိုင် ခဲ့ ပြန် ပါ တယ် ။ တော် လှန် ရေး နေ့ ကို ပေါ် ပေါက် စေခဲ့ တယ် ။ “ အနီး ဆုံး ရန် သူ ကို တိုက် ” ဆို တဲ့ စစ် သေနင်္ဂဗျူ ဟာ တစ် ရပ် နံ မည် ကျော် ခဲ့ ပါ တယ် ။ နယ်ချဲ့ ကို တိုက် / ဖက် ဆစ် ကို တွန်း လှန် ရင် “ မိ အေး နှစ် ခါ နာ တိုင်း ပြည် “ ဘ၀ ရောက် ခဲ့ ရ တယ် ။နယ်ချဲ့ တွေ ပြန် ၀င် လာ ပြီး တော် လှန်ရေး အင် အား စု တွေ ကို ထိန်း ချုပ် နိုင် ဖို့ ခေတ် နောက် ပြန် ဆွဲ တဲ့ အုပ် ချုပ် ရေး ကို ပြန် လည် အသက် သွင်း ဖို့ ကြိုး စား ခဲ့ ကြ ပါ တယ် ။ အဲ့ ဒီ အချိန် မှာ မြန်မာ ပြည် တော် လှန် ရေး အင် အား စု တွေ မှာ နိုင်ငံရေး အဖွဲ့ အင်အား(ဖဆပလ )ကြီး ရှိ နေ ပြီး ။ခါး တောင်း ကျိုက် မဖြုတ် သေး တဲ့ လက် နက် ကိုင် တပ် မတော် ရှိ နေ ပြီး ။ ရန် သူ က လွှတ် လပ် ရေး စကား ထည့် ပြော လာ ခဲ့ ရ ပါ ပြီး။အောင် ဆန်း +အက် တလီ စာ ချုပ် ချုပ် တာ မျိုး။ ပြည် ထောင် စု နေ့ ကို ဖြစ် ပေါ် စေ ခဲ့ တဲ့ ပင်လုံ ညီ လာ ခံ ကျင်း နိုင် ခဲ့ တာ မျိုး။ နယ်ချဲ့ လက် ပါး စေ တစ် စု ကြောင့်အာဇာနည် ခေါင်း ဆောင် ကြီး များ ကျ ဆုံး ခဲ့ ရ တဲ့(၁၉၀၇-၁၉၄၇ )အဖြစ် များ။ဆို လို တာ က (၁၃၀၀) ပြည့် (၁၉၃၈) မှ စတင် ရေ တွက် သော် (၁၀) နှစ် အကြာ ( ၁၉၄၈ )(၁၃၁၀ ) မှာ အား လုံး တောင့် တ နေ ခဲ့ ကြ တဲ့ လုံး ၀ လွှတ် လပ် ရေး အောင်ပန်း ကို ဆွတ် ခူး နိုင် ခဲ့ ကြ ပါယ် ။
>>>ဆက်ဖတ်ရန်>>> >>

လွတ်လပ်ရေးနေ့

လွတ်လပ်ရေးနေ့ လွတ်လပ်ရေးနေ့ (Independence Day)သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သော လွတ်လပ်ရေးကို ရရှိသည်။ တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍အထွတ် အမြတ် သတ်မှတ်ထားတတ်လေသည်။ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနဂင်္နွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနဂင်္နွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည် ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန် ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ ၏။
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်သင်တန်းကျောင်းဆင်းပွဲမိန့်ခွန်း (ဗိုလ်ချုပ်အောင်ဆန်း)

ဗိုလ်သင်တန်းကျောင်းဆင်းပွဲမိန့်ခွန်း (ဗိုလ်ချုပ်အောင်ဆန်း)


၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း 

 အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။ (ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….


ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်
---------------
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။

ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။

ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။

ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။

အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ
-----------------
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း
-------------
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။

တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။

ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်
------------
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။

ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။

ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။

အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။

ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။

နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။

ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။

ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။

ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ
--------------
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး

ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။

အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။

ဘယ်တော့မှ သစ္စာမဖောက်
-------------------
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။

သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။

စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
----------------------------
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။

သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။

ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
  ( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ လွတ်လပ်ရေး


ဒီနေ့ လွတ်လပ်ရေးနေ့မှာ FaceBook သုံးသူတွေကြား ပျံ့နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ရဲ့ မိန်ခွန်း ကောက်နှုတ်ချက်။
မိန့်ခွန်း ပြောတဲ့နေ့စွဲ၊ နေရာ ဖော်ပြမထား။

--------------------------------------

"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။

ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။

တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။

ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။

ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"

"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"

"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။

အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"

"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။

ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...

အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။


ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရ

လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရ

Jan 1, 2014

(ဆောင်းပါးရှင် - မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်))

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက်သည် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ နှစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့၏ ပျော်ရွှင်ဖွယ်မြင်ကွင်းများကို ယခု အသက် ၇၅ နှစ်ကျော် လူကြီးများက ကောင်းကောင်းမှတ်မိကြမည် ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်ကတည်းက အတွေးဖြင့် ရင်ခုန်ခံစားမိသည့် အတွေ့အကြုံတစ်ခုရှိပါသည်။ ယင်းမှာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၃ ရက်ည၏ အတွေ့အကြုံ ဖြစ်ပါသည်။ အလွန်ပင် ရင်ခုန်ကြည်နူးစရာကောင်းမည်ဟု ထင်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် နံနက် ၄ နာရီ ၁၉ မိနစ်အထိသည် မြန်မာနိုင်ငံမှာ သူ့ကျွန်ဘ၀က မလွတ်မြောက်သေး။ နံနက် ၄ နာရီ မိနစ်၂၀ မှစ၍ မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခဲ့ရပါသည်။

လွတ်လပ်ရေးဟူသည် တိုင်းတစ်ပါး၏ အုပ်စိုးခြင်းက လွတ်လပ်မှုကို ဆိုခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ဟူသည် တိုင်းတစ်ပါး၏ စိုးမိုးအုပ်ချုပ်မှုအောက်က လွတ်မြောက်သောနေ့ဖြစ်သည်။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါ ပိုသိတတ်သကဲ့သို့ လွတ်လပ်ခြင်း၏ တန်ဖိုးအနှစ်သာရကို လွတ်လပ်ရေးဆုံးရှုံးစဉ်က ပိုသိကြသည်။ ကျွန်တော်တို့မှာ လွတ်လပ်ရေးရပြီးနောက်မှ မွေးဖွားလာသူများဖြစ်သောကြောင့် သူ့ကျွန်ဘ၀ အတွေ့အကြုံကို စာသိ၊ တစ်ဆင့်သိအဖြစ်သာ သိခွင့်ရပါသည်။ လွတ်လပ်ရေးဆုံးရှုံးရခြင်း၏ အဖြစ်သနစ်များ၊ နာကြည်းကြေကွဲစရာ ခံစားမှုများကို စာထဲပေထဲတွင် ဖတ်ရဖူးပါသည်။

ထိုအထဲမှ အကျော်အမော်ကစားသမားတစ်ဦးနှင့် စာပေပညာရှင်စာဆိုတစ်ဦး၏ အတွေ့အကြုံခံစားမှုကို သာဓကဆောင်ပြပါမည်။ တိုက်တိုက်ဆိုင်ဆိုင် တစ်နှစ်အတွင်း၌ တွေ့ကြုံခံစားခဲ့ကြရသည့် အတွေ့အကြုံများဖြစ်ပါ သည်။ တစ်ဦးမှာ ကာယဗလအားကစားတွင် ထူးချွန်သည့် မြန်မာလူသန် ဇော်ဝိတ်ကြီးဖြစ်သည်။ နောက်တစ်ဦးမှာ စာပေပညာရှင် စာဆိုမင်းသုဝဏ်ဖြစ်ပါသည်။

ဦးဇော်ဝိတ်သည် တွံတေးကွမ်းခြံကုန်း ကားလမ်းနံဘေးရှိ နတ်စင်ကုန်းရွာ ဇာတိဖြစ်သည်။ ၁၉၁၁ ခုနှစ် မတ် ၇ ရက်တွင် ဖွားမြင်သည်။ ကာယဗလ ဦးရှိန်၏ တပည့်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ၀န်ကြီးချုပ်ဦးနု အစိုးရအဖွဲ့လက်ထက်တွင် ဘီအေဘွဲ့နှင့် ၀ဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းခြင်းခံရသည်။ ၁၉၅၅ ခုနှစ်တွင် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီညွှန်ကြားရေးဝန်ဖြစ်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဦးဇော်ဝိတ်သည် ကာယဗလမောင်အဖြစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းအနေနှင့် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရခြင်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ လက်ရွေးစင်အားကစားသမားအဖြစ် ပြိုင်ပွဲဝင်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် လွတ်လပ်ရေး မရသေး။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့၏ လက်အောက်တွင် အိန္ဒိယ၏ပြည်နယ် တစ်ခုအသွင်သာ ရှိနေခဲ့ပါသည်။ထို့ကြောင့် ကာယဗလဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ ဆရာတပည့်နှစ်ဦးသည် မြန်မာပြည်ဖွားစစ်စစ်က ပန်ချာ ဗီဗောင်းထုပ်ပေါင်းပြီး အိန္ဒိယအဖွဲ့နှင့် ပါဝင်ခဲ့ကြရသည်။ ကျွန်အောက်က သပေါက်ဖြစ်ရသည့်ဘ၀ကို တောက်တခေါက်ခေါက်နှင့် အားမလိုအားမရဖြစ်ခဲ့ကြရသည်။ လွတ်လပ်သည့်နိုင်ငံများ အိုလံပစ်အသင်းကြီးနှင့် ချိတ်ဆက်ထားသည့်နိုင်ငံများက သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုအလံများနှင့် ၀င့်ဝင့်ကြွားကြွားပါဝင်ခွင့်ရကြသည်။ ထိုစဉ်က ဂျာမနီ အာဏာရှင်ဟစ်တလာနှင့် ပရိသတ်နှစ်သောင်းကျော် တက်ရောက်အားပေးကြသည်။ ပြိုင်ပွဲတွင် ဦးဇော်ဝိတ်သည် အဆင့် ၁၄ သာ ရရှိသည်။ သို့ရာတွင် အားကစားသမားလောက၌ ဦးဇော်ဝိတ်ကို သတိထားမိသွားကြသည်။ မိမိတွင် အရည်အချင်းရှိပါလျက် မလွတ်လပ်သေးသည့် ကာလဖြစ်သောကြောင့် မိမိတိုင်းပြည် ကိုယ်စားပြုအလံကို ကိုင်ဆောင်ကာ မပါဝင်ရသည်ကို နာကြည်းခဲ့ကြခြင်းဖြစ်ပါသည်။

နောက်တစ်ဦးမှာ ဆရာကြီးမင်းသုဝဏ်ဖြစ်သည်။ ဆရာကြီးသည် ၁၉၃၆ ခု နှစ်တွင် ထိုစဉ်က အစိုးရပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်သို့ သွားခွင့်ရသည်။ သူကိုင်ဆောင်ရသည့် နိုင်ငံ ကူးလက်မှတ်မှာ Britsh Indian Passport ဖြစ်သည်။ ၁၉၃၆ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပဲခူးအမည်ရှိ သင်္ဘောနှင့်ခရီးနှင်ရသည်။ ဘင်္ဂလားပင်လယ်အော်၊ အာရေဗျပင်လယ်၊ ပင်လယ်နီ၊ ဂျီဘရော်လ် တာရေလက်ကြား၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တစ်နေ၀င်တစ်နေထွက် ခရီးဆက်ရာ တစ်လနှင့်နှစ်ရက်ကြာမှ အင်္ဂလန်သို့ရောက်ပါသည်။ မြန်မာပြည်က သင်္ဘောနှင့် ခရီးထွက်ပြီး စူးအက်တူးမြောင်းအ၀င် စူးအက်မြို့၌ ကျောက်ချ ရပ်နားပါသည်။

ထိုအခါ အီဂျစ်အစိုးရ လူဝင်လူထွက်အရာရှိ၊ အကောက်တော်အရာရှိ ကျန်းမာရေးအရာရှိတို့ မော်တော်ဘုတ်ဖြင့် သင်္ဘောကို လာစစ်ကြသည်။ မော်တော်ဘုတ်တွင် အီဂျစ်နိုင်ငံတော်အလံကို လွှင့်လာရာ အစိမ်းရောင် အလံကလေးမှာ ပင်လယ်လေတွင် တလူလူလွင့်နေသည်ကို မြင်တွေ့ရသည့်အခါ သူတစ်ပါး၏အလံကိုသာ အလေးပြုခဲ့ရသည့်အဖြစ်ကို တွေးမိသည့်အတွက် စိတ်ထဲတွင် အလွန်ဝမ်းနည်းကြေကွဲခဲ့ရပါသည်။
ထို့ကြောင့် ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သည့်တိုင်းပြည်တွင် ခြေချဖူးအောင်ဟူသောအကြံဖြင့် ကုန်းပေါ်တက်ပြီး အီဂျစ်ပြည်ကိုင်ရိုမြို့အထိ သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပါသည်။ ၀မ်းသာဝမ်းနည်း ဖြစ်မိခဲ့ပါသည်။ အင်္ဂလန်ရောက်သည့်အခါတွင်လည်း လွတ်လပ်သည့်နိုင်ငံတစ်ခု၏ လွတ်လပ်သည့်လူမျိုးများကို တွေ့ရပါသည်။ ကျောင်းပိတ်ရက်များတွင် အီတလီ၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတို့သို့ သွားရောက်လည်ပတ်သည်။ ပြင်သစ်ပြည် ပါရီတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာပြပွဲကြီးသို့ သွားရောက်လေ့လာသည်။ ထိုသို့သွားရောက်လေ့လာတိုင်း ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် အားမလိုအားမရဖြစ်ပြီး ရင်ထဲ၌ ဆို့နင့်ကြေကွဲရပါသည်။ ထိုခံစားမှုများကို ဆရာကြီးက "ဗိလပ်ကျွန်ဖြစ် သပြေညို"ဟူသော ဆောင်းပါးတွင် ရေးပြခဲ့သဖြင့် သိခဲ့ရပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ မလွတ်လပ်သေးမီက ကမ္ဘာပေါ်ရှိ လွတ်လပ်သည့်နိုင်ငံ၊ လွတ်လပ်သည့် လူမျိုးတို့နှင့် ထိတွေ့ဆက်ဆံခံရသူတို့၏ ရင်ထဲမှကိုယ်တွေ့ခံစားမှုများ ဖြစ်ပါသည်။

လွတ်လပ်ရေးနေ့အကြိုည ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၃ ရက်ညမှာ အလွန်ပျော်ဖို့ကောင်းမည်ထင်ပါသည်။ နှိုင်းပြစရာမရှိဟု ထင်ပါသည်။ ထိုည၏အတွေ့အကြုံကို ဆရာကြီးမန်းတင်က ရေးပြခဲ့ဖူးပါသည်။ ဆရာကြီးတို့ မိသားစုနေထိုင်သည့် စမ်းချောင်းတစ်ရပ်လုံး စည်စည်ကားကား ရုတ်ရုတ်သဲသဲဖြင့် နောက်တစ်နေ့ လင်းအားကြီးချိန်တွင် ကြေညာမည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို စိတ်အားထက်သန်စွာ စောင့်ကြိုနေကြသည်။ အိုးစည်ဝိုင်းဒိုးပတ်ဝိုင်းများဖြင့် တီးမှုတ်ကခုန်နေကြသည်။ အချို့က အိုးကြီးအိုးငယ်များဖြင့် ချက်ပြုတ်စားသောက်ကြသည်။ တစ်ညလုံးမအိပ်ဘဲနေသည့် သူများကို ကျွေးမွေးဖို့ဖြစ်သည်။ အရုဏ်ဦးလင်းအားကြီးချိန်တွင် အချက်ပေးလိုက်သည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူထားကြသည်။ တစ်အိမ်သားလုံး အလံတော်ကို အလေးပြုကြသည်။
"ကမ္ဘာမကြေ မြန်မာပြည်"အစချီသော အမျိုးသားသီချင်းကို အားပါးတရ သီဆိုကြသည်ဟူ၍ ရေးပြခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မွေးဖွားကြီးပြင်းလာသူတို့မှာ ကံထူးသူများဖြစ်ပါသည်။ လွတ်လပ်သည့်လူ ဖြစ်ရခြင်း၊ အဖိနှိပ်ခံသူ့ ကျွန်ဘ၀မှ လွတ်မြောက်ခြင်းတို့ကို တန်ဖိုးထားရပါမည်။ ဤနေရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် လွတ်လပ်ရေး၏အဓိပ္ပာယ် တန်ဖိုးအနှစ်သာရကို သတိပြုသင့်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က ရန်ကန်မြို့ မြို့တော်ခန်းမတွင် ပြောကြားခဲ့သည့်မိန့်ခွန်း ဖြစ်သည်။ လုပ်ကြံမခံရမီ ခြောက်ရက်အလိုတွင် ဟောခဲ့သည့်မိန့်ခွန်းဖြစ်သည်။ "လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေရဲ့အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ ဥပမာ ခင်ဗျားစီးပွားရေး ဖြစ်ထွန်းအောင်လုပ်တဲ့နေရာမှာ တိုင်းပြည်တစ်ပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး။ အခြားလူတွေရဲ့အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျားလွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အခြေအနေရှိရမယ်"ဟု ဆိုခဲ့ပါသည်။ လွတ်လပ်ပြီဆိုပြီး လူသွားလူလာလမ်းပေါ်မှာ ဆေးလှန်းတာမျိုးမဖြစ်ရအောင် သတိပြုရပါမည်။

ထို့ကြောင့် လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရကို အလေးထားကြရပါမည်။ ထိန်းသိမ်းစောင့်ရှောက်ကြရပါမည်။ မိမိတို့၏အမျိုးသားရေးလက္ခဏာ (National Iden-tity) ကိုလည်း တန်ဖိုးထားရပါမည်။ အရာရာတွင် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မထားသင့်ပါ။ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အသိတရားရှိရှိနှင့် ထိန်းသိမ်းကာကွယ်ကြရပါမည်။ သို့မှသာ လွတ်လပ်ခြင်း၏ အရသာကို အပြည့်အ၀ ခံစားနိုင်ကြပါမည်။
 
>>>ဆက်ဖတ်ရန်>>> >>

မြန်မာလူမျိုး (လွတ်လပ်ရေး ကြေညာစာတမ်း)

မြန်မာလူမျိုး (လွတ်လပ်ရေး ကြေညာစာတမ်း)
လွတ်လပ်ရေး ကြေညာစာတမ်းတွင် "မြန်မာလူမျိုး" အသုံးအနှုန်းကို ဤသို့ တွေ့ရသည်။
-----------------------------------------------------------------------------------------
 
မြန်မာနိုင်ငံ၏ “လွတ်လပ်ရေး ကြေညာစာတမ်း”ကို ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကမ္ဘာသိ ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့သမိုင်းတွင် အလွန်တန်ဖိုးထားအပ်သည့် ကြေညာစာတမ်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယာယီသမ္မတ စောရွှေသိုက်ကလည်း ထိုနေ့မှာပင် တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌ “လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ”ကို ကြေညာခဲ့သည်။

မြန်မာနိုင်ငံကို လက်ရှိအုပ်စိုးနေသူတို့က သမိုင်း အစစ်အမှန်များကို မသမာသောနည်းလမ်းများဖြင့် ဖုံးကွယ် ထားရန် ကြိုးပမ်းလာနေသောအချိန်တွင် မြန်မာနိုင်ငံသား မျိုးဆက်သစ် အဆက်ဆက်တို့အနေဖြင့် မြန်မာ့ လွတ်လပ်ရေးကို တန်ဖိုးထား လေးစား ထိန်းသိမ်းနိုင်ကြစေရန်၊ မြန်မာ့သမိုင်း အစစ်အမှန်ကို သိရှိနေစေရန်၊  နိုင်ငံချစ်စိတ်များ တိုးပွားနေစေရန်နှင့် သမိုင်းသင်ခန်းစာများ ယူနိုင်ရန် ရည်ရွယ်၍ ပြန်လည် ရှာဖွေ ဖော်ပြလိုက် ပါသည်။

လွတ်လပ်ရေး ကျေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သောအနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။
----------------------------------------------------

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ

(၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ယာယီသမ္မတ စောရွှေသိုက်က တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌  ကျေညာသည်။)

ပါလီမန်အမတ်များ

ယနေ့နံနက်မှစ၍ မြန်မာနိုင်ငံတော်သည် အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖြစ်လေပြီ။
ဤတိုင်းပြုပြည်ပြု လွှတ်တော်သည်လည်း  ပြည်ထောင်စုပါလီမန်  ဖြစ်လာလေပြီ။

ဤ ပါလီမန်၏ သဘောတူညီချက်အရ ၀န်ကြီးချုပ်နှင့်တကွ အခြားဝန်ကြီးများကိုလည်း ကျွန်ုပ်က ရာထူးအပ်နှင်းပြီးဖြစ်၍ မြန်မာ ပြည်ထောင်စုအစိုးရ ဖြစ်လာလေပြီ။ ကျွန်ုပ်၏ အစိုးရ၀ါဒကို အနည်းငယ် ပြောပြလိုပါသည်။

အမြဲထာဝစဉ် ရှေ့ရှုသုံးသပ်လျက်ရှိသော ကျွန်ုပ်တို့၏ မူလရည်ရွယ်ချက်သည်ကား မြန်မာ ပြည်ထောင်စုတွင် အရင်းရှင်ဝါဒကို ပိတ်ပင်ပယ်ဖျက်၍ နိုင်ငံ၏ လုပ်ငန်းဆောင်တာ အ၀၀ကို တိုင်းသူပြည်သား များသာ ပိုင်ဆိုင်ခွင့်ရှိသော ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ရန် ဖြစ်ပေသည်။ ထိုဝါဒတွင် ပိုင်ရှင်ရှိသော ပစ္စည်းများကို အတင်းအဓမ္မ လုယက်ယူသော ရည်ရွယ်ချက် လုံးဝမပါပဲ တိုင်းပြည်အတွင်း ရှိရှိသမျှ ပြည်သူ ပြည်သား အလုံးစုံတို့ကို ကျောသားရင်သား မခွဲခြားဘဲ ပြည့်ဝချမ်းသာစေလိုသော ၀ါဒသာလျှင် ဖြစ်လေသည်။ လူအတန်းအစား မခွဲခြားဘဲ အားလုံးပြည်သူ လူအများတို့ ကြွယ်ဝချမ်းသာမှသာလျှင် နိုင်ငံကောင်း နိုင်ငံမြတ်ဟု ဆိုထိုက်ပေသည်။

မြန်မာပြည်တဝှမ်းလုံး ချမ်းသာကြစေရန် အကျိုးနှင့် စစ်ကြောင့်ပျက်စီးနေသော စက်မှုလက်မှု လုပ်ငန်းဆောင်တာ ပစ္စည်းပစ္စယ အ၀၀တို့ကို ပြန်လည်ထူထောင်ရာတွင် စမ်းတ၀ါးဝါး အယောင်ယောင် အမှားမှား မပြုလုပ်ဘဲ စီမံကိန်းများနှင့်သာ ပြုလုပ်ရန် ကျွန်ုပ်၏အစိုးရက ထိုစီမံကိန်းများကို သေချာကျနစွာ ရေးဆွဲထားပြီး ဖြစ်လေသည်။ ထိုစီမံကိန်းများအတိုင်း လိုက်နာ၍ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံ သာယာဝပြော စည်ပင်ရေးတို့ကို လျင်မြန်စွာ ထမြောက်အောင်မြင်စေရန် ကျွန်ုပ်၏အစိုးရက ကြိုးစား ဆောင်ရွက်လိမ့်မည်။

မြန်မာ ပြည်သူပြည်သားတို့သည် မိမိတို့၏နိုင်ငံတော်ကို မိမိတို့အင်အားဖြင့် ပြင်ပရန်သူတို့၏ ဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် ခေတ်မှီသော သေနင်္ဂဗျူဟာကို ကျွမ်းကျင်တတ်မြောက်သော တိုင်းရင်းသား ကုန်းတပ်၊ ရေတပ်၊ လေတပ်များတို့ကို လျင်မြန်စွာ တည်ထောင်၍ ထိုတပ်ပေါင်းအလုံးစုံတို့သည် ပြည်သူ ပြည်သားများ၏တပ်များ ဖြစ်ကြရန်ကို အကျွန်ုပ်၏အစိုးရက ရည်ရွယ်သည်။ အမြဲတမ်းတပ်များအပြင် အရွယ် ရောက်၍ ကျန်းမာသန်စွမ်းကာ အခြားအလုပ်ကို လုပ်ကိုင်လျက်ရှိသော ပြည်သူပြည်သားတို့ ပါဝင်နိုင်သည့် အရံတပ်များကို ဖွဲ့စည်းရန်လည်း ကျွန်ုပ်၏အစိုးရက ရည်ရွယ်သည်။

နိုင်ငံခြားကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်၏အစိုးရ ရည်ရွယ်ချက်မှာ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံ၍ လျောက်ပတ်ထိုက်တန်သော နိုင်ငံများနှင့် နှစ်ဦးသဘောတူ မဟာမိတ်များ ဖွဲ့စည်းရန် ရည်ရွယ်သည်။ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းလိုသော်လည်း မြန်မာနိုင်ငံတော်ကြီး၏ နယ်နိမိတ်ကို မည်သည့်အခြားနိုင်ငံကမျှ မကျူးလွန်နိုင်ရန် ကျွန်ုပ်၏အစိုးရက လုံးဝ ကာကွယ်လိမ့်မည်။ တနိုင်ငံနှင့် တနိုင်ငံ မိတ်ဆက်ရာ၌ လွယ်ကူစေသော သံတမန်ချင်း လဲလှယ်သည့် ကမ္ဘာ့နိုင်ငံများ၏ ထုံးတမ်းစဉ်လာ ဓလေ့ကို လိုက်နာ၍ ယခုပင်လျှင် အချို့နိုင်ငံကြီးများနှင့် စီစဉ်ပြီး ဖြစ်လေပြီ။

ယခု ကျွန်ုပ်တို့၏ လွတ်လပ်ရေး အောင်ပွဲကြီး သို့ ကျွန်ုပ်တို့နှင့် အဆက်အသွယ် ရှိပြီးဖြစ်သော နိုင်ငံတို့က အထူးသံတမန်များ လွှတ်ကြသည်ကို ကျွန်ုပ် ကျေးဇူး တင်ပါ၏။ ယင်းသို့ သံအရာရှိကြီးများ လာရောက်ကြသည်ကို ထောက်ရှုသော် အခြားနိုင်ငံများက လွတ်လပ်သော မြန်မာနိုင်ငံတော် အပေါ်တွင် မေတ္တာထားကြသည်ဟူ၍ ကျွန်ုပ်ယူဆသည်။ ကမ္ဘာတ၀ှမ်းလုံးတွင် စစ်မဖြစ်ပွားဘဲ တိုင်းပြည်တကာတို့ ဧဧချမ်းချမ်း ရှိကြဘို့အရေးကို ကျွန်ုပ်၏အစိုးရက လိုလားသည်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂကို ၀င်ခွင့်ရရန် ကျွန်ုပ်၏အစိုးရက ဆောင်ရွက်လိမ့်မည်။

ပြည်ထောင်စုနိုင်ငံတွင်းတွင်လည်း ငြိမ်ဝပ်ပိပြား၍ လက်နက်ကိုင် ရာဇ၀တ်မှုများ ပပျောက်လေ အောင် ကျွန်ုပ်၏အစိုးရက ဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့အစိုးရသည် လုံ့လကို မလျှော့ဘဲ ပြည်သူပြည်သားတို့၏ အကူအညီကို တောင်းခံကာ လုံလောက်သောအာဏာကို သုံးစွဲလိမ့်မည်။

တောင်သူလယ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် မြေပိုင်ရှင်စနစ်ကို ဖြို ဖျက်ပစ်ရန် ကျွန်ုပ်၏အစိုးရက ရည်သန်သည်။ အလုပ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏အစိုးရက ရည်သန်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် ယနေ့ လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ တဦးကိုတဦး ကြောက်ရွံ့ရခြင်း၊ တဦးကိုတဦးက နှိပ်စက်ခြင်းမှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်ရွယ်သည်။ ရာဇ၀င်တွင် ရှေးရှေးအခါမှစ၍ ရှေးမင်းများ၏ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချိ စသည့် လူတန်းအနှိမ့်ခံ နေရသူတို့လည်း ရှိနေသေးသည်။ ဤကဲ့သို့ လူတန်းအနှိမ့်ခံ ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချိ စသည်တို့ကို ယနေ့မှစ၍ ရှေးအမင်းမင်းတို့၏ အာဏာစက်ကို ကျွန်ုပ် ပယ်ဖျက်၍ ထိုသူတို့၏သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြစေဟု ကျွန်ုပ် အမိန့်ချမှတ်သည်။

ဤ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှိရှိသမျှ သော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တဦးနှင့်တဦး အခွင့်အရေးချင်း တူညီကြစေ။
-------------------------------------
ြ    ပြန်လည် ရှာဖွေ ဖော်ပြသူ - လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီ (၃)

 

>>>ဆက်ဖတ်ရန်>>> >>

Thursday, October 29, 2015

ရဲဘော်ဗဟိန်းကို ဘာလို့ အသိအမှတ်ပြုနေရာမပေးတာလဲ...

ရဲဘော်ဗဟိန်းကို ဘာလို့ အသိအမှတ်ပြုနေရာမပေးတာလဲ...

ရွာဟိုင်းသုသာန်ထဲရှိ ရဲဘော်ဗဟိန်းဂူ
တကယ်တော့ ၁၃၀၀ပြည့် အရေးတော်ပုံဟာ မြန်မာ့လွတ် လပ်ရေးတိုက်ပွဲသမိုင်းမှာ နိုင်ငံ ရေးအရလည်း ကြီးကျယ်မြင့်မား သလို အလွှာပေါင်းစုံညီညွတ် ပေါင်းစည်းမှုမှာလည်း ထင်ရှား ကြီးကျယ်ခဲ့ပါတယ်။ မဟာဗျူဟာအရရော နည်းဗျူဟာအရပါ မှန် ကန်ခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ခဲ့ ရုံမက ဖက်ဆစ်တော်လှန်ရေးအ တွက်ရော၊ လွတ်လပ်ရေးတိုက်ပွဲ လမ်းကြောင်းအတွက်ရော လမ်း ညွှန်ရှေ့ဆောင်ဖြစ်ခဲ့တယ်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။
၁၉၃၀ ပြည့်နှစ်တစ်ဝိုက်မှာ ပဲ ကမ္ဘာမှာ ကမ္ဘာ့စီးပွားရေးကပ် ပျက်ကြီး ဖြစ်တယ်။ မြန်မာ့နိုင်ငံ ရေးအဖွဲ့အစည်းတွေမှာလည်း အကွဲအပြဲတွေရှိခဲ့တယ်။ ပြဿနာ ကတော့ ခွဲရေး၊ တွဲရေးပြဿနာ ပါပဲ။ မကြာပါဘူး။ ကုလား-ဗမာ အဓိကရုဏ်းတွေ ဖြစ်တယ်။ ဒီအ ခြေအနေတွေမှာ တို့ဗမာအစည်း အရုံးပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက်ဂဠုန်ဆရာစံခေါင်းဆောင်တဲ့ လယ်သမားအရေးတော်ပုံပေါ်ပေါက်ခဲ့ တယ်။ အင်္ဂလိပ်အစိုးရက လယ် သမားအရေးတော်ပုံကို ရက်ရက် စက်စက်ဖြိုခွင်းပြီး ဆရာစံကို ကြိုးပေးကွပ်မျက်လိုက်တယ်။ ဒီနောက်မှာတော့ ၁၉၃၆ ခုနှစ်မှာ ဒုတိယ ကျောင်းသားသပိတ်ကြီးပေါ်ပေါက်ခဲ့တယ်။ နောက် ၁၉၃၈ ခုနှစ် ဇန်န၀ါရီလမှာ ရေနံမြေသပိတ်ကြီးပေါ် ပေါက်ခဲ့တယ်။ အဲဒီနှစ် ဒီဇင်ဘာ လမှာပဲ ရန်ကုန်ကျောင်းသားတွေ ရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်း သားခေါင်းဆောင် ဗိုလ်အောင် ကျော်ကျဆုံးခဲ့ရတယ်။ တိုင်းပြည် မှာ အထွေထွေအကျပ်အတည်း တွေနဲ့အတူ အုပ်စိုးသူရဲ့ မတရားဖိနှိပ်မှုအပေါ်မှာ မခံနိုင်ကြတဲ့အ ဆုံး ချောက်ရေနံမြေက အလုပ် သမားထုကြီးက အစိုးရရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင်ချီတက်ပြီး ဆန္ဒပြကြဖို့ စုစည်းညီညွတ်ခဲ့ကြ တယ်။ ရေနံမြေမှာရှိတဲ့ အလုပ် သမားထုကြီးနဲ့ မိသားစုများအပါ အ၀င် လှည်းနေလှေအောင်းမြင်း ဇောင်းမကျန်လို့ပြောရမှာပေါ့။ ဒီစုစည်းညီညွတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အုပ်စိုးသူရဲ့ ထုံးစံအ တိုင်း လက်နက်နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလာတယ်။ ဒီတင်ပဲ ကျောင်း သားသမဂ္ဂခေါင်းဆောင် ရဲဘော် ဗဟိန်းက အလုပ်သမားသပိတ် တပ်ကြီးရဲ့ တပ်ဦးကနေ...။
‘‘မနက်ဖြန်ထွက်ဖြစ်အောင် ထွက်ကြပါ။ အနှောင့်အယှက် တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကိုဖမ်းတဲ့အတွက် မနက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွား မယ်ဆိုတာ သိရပါလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်း ဟုန်းတောက်စေမယ်’’လို့ ဟစ် ကြွေးလိုက်တယ်။
၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မကွေးမြို့ မဲထီးကျောင်း တိုက် သပိတ်စခန်းမှာ ရေနံမြေ သပိတ်တပ်ကြီးကိုပြောလိုက်တဲ့ ရဲဘော်ဗဟိန်းရဲ့ မိန့်ခွန်းဟာ ဘ၀ဂ်တိုင်ညံသွားတာပါပဲ။ ဖိနှိပ် သူအစိုးရရဲ့ ဖြိုခွင်းမှုတွေ၊ ဖိနှိပ် မှုတွေကြောင့် ချောက်၊ ရေနံ ချောင်း၊ မကွေးနဲ့ ရန်ကုန်မြို့တော် မှာအထိ လူတန်းစားအလွှာအသီး သီး သွေးစည်းညီညွတ်စုရုံးတိုက် ပွဲဝင်ကြတဲ့ ၁,၃၀၀ ပြည့် အရေး တော်ပုံကာလအတွင်းမှာ ရေနံမြေအလုပ်သမားတွေ အရိုက်အနှက် အဖမ်းအဆီးခံရတာ၊ ကျောင်း သားဗိုလ်အောင်ကျော်ကျဆုံးရ တာတွေအပေါ် မန္တလေးမှာရှိတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင် လူများကလည်း မခံမရပ်နိုင်ဖြစ် ကြတယ်။ ဒါကြောင့် အဲဒီလှုပ်ရှား မှုတွေကို ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့လုံးဆိုင်ရာ ကျောင်း သားသမဂ္ဂက ဦးစီးပြီး သပိတ် မှောက်ခဲ့တယ်။ ရဟန်း၊ သံဃာ တွေ၊ ဈေးချိုသူ ဈေးချိုသားတွေ၊ မြို့လူထုတွေကလည်း အားပေး ကူညီခဲ့ကြတယ်။ မန္တလေးမှာ ကျောင်းသားတွေ သပိတ်မှောက် ကြတော့ ဆရာကြီး ဦးရာဇတ်ရဲ့ ဗဟိုအမျိုးသားအထက်တန်း ကျောင်းက ကျောင်းသားတွေအ များဆုံးပါတယ်။ မန္တလေးဥပစာ ကောလိပ်၊ ၀က်စလီ၊ ကယ်လီ၊ ဘုံကျော်၊ ဘီတီအမ်၊ စိန့်ပီတာ၊ နော်မန်စတဲ့ ကျောင်းများက ကျောင်းသူကျောင်းသားတွေလည်း ပါဝင် ကြတယ်။ မန္တလေးကျောင်းသား တွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုကို မန္တလေးအခြေစိုက်ရဟန်းပျိုအဖွဲ့ ချုပ်ကလည်း ထောက်ခံတယ်။ မန္တလေးဈေးချိုတော်ကလည်း ထောက်ခံတယ်။ ဈေးချိုကထောက်ခံလို့ အာဏာပိုင်တွေက ဈေးချို မှာ ကန့်သတ်ဥပဒေထုတ်တော့ ဈေးကို သပိတ်မှောက်ပြီး အိမ် တော်ရာဘုရားဈေးမှာ ဈေးဖွင့်ကြတယ်။
၁၃၀၀ ပြည့်နှစ် တပို့တွဲလ ဟာ မန္တလေးမှာ အုပ်စိုးသူ အာဏာပိုင်အစိုးရကို အလွှာပေါင်းစုံရဲ့ ဆန့်ကျင်မှု ဒီရေအမြင့်ဆုံးကာလ တွေပါပဲ။ တပို့တွဲလပြည့်ကျော် တော့ မြို့လုံးကျွတ်လူထုအစည်း အဝေးကြီးကို အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာကျင်းပပြီး ၁၉၃၉ ခုနှစ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့မှာ သောင်းချီတဲ့ လူထုကြီးက အာ ဏာပိုင်အစိုးရကို ငြိမ်းချမ်းစွာ ချီ တက်ဆန္ဒပြတော့ အစိုးရရဲ့ နှိမ် နင်းမှုကြောင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ ၁၇ ဦး သွေး မြေကျခဲ့ရတယ်။ လွတ်လပ်ရေး တိုက်ပွဲသမိုင်းကာလတစ်လျှောက် လုံး အပြစ်မဲ့ပြည်သူအပေါ် အစိုးရ ရဲ့ နှိပ်ကွပ်ပစ်ခတ်မှုကြောင့် မန္တ လေးအာဇာနည် ၁၇ ဦးကျဆုံးမှု ဟာ မြို့ကြီးပြကြီးတစ်ခုရဲ့ လမ်း လယ်ကောင်မှာ သွေးအများဆုံးကျရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးလူထု တိုက်ပွဲကြီးလည်း ဖြစ်တယ်။
ဒါဟာ လွတ်လပ်ရေးတိုက် ပွဲသမိုင်းတစ်လျှောက်မှာ မန္တလေး မြို့လူထုရဲ့ ကြီးမားသော တာဝန် ကျေမှုလည်း ဖြစ်ပါတယ်။ ဒီတိုက် ပွဲမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၁၇ ဦးကို လည်း အထိမ်းအမှတ် ဂူဗိမာန်များနဲ့ မြို့လူထုက ထိုက်တန်စွာနေရာ ပေးပြီး ဂုဏ်ပြုခဲ့ကြတယ်။ မန္တ လေး ၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ မြေနေရာကအစ ဗိမာန်အဆောက်အအုံများအဆုံး မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနဲ့ မြို့ လူထုက လှူဒါန်းဂုဏ်ပြုခဲ့တာပါ။
မန္တလေးသား ရဲဘော်ဗဟိန်း (၀ါ) သခင်ဗဟိန်းဟာ ရာဇ၀င် ပြောင်တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့ ထီးချက်စောင့်နတ်တစ် ပါးဖြစ်တယ်။ ရဲဘော်ဗဟိန်းကို အင်းဝမြို့မှာ ၁၂၇၉ ခုနှစ် ၀ါဆိုလ ဆန်း ၉ ရက် (၂၇-၆-၁၉၁၇) ဗုဒ္ဓဟူးနေ့မှာ အဖပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဒေါ်ဦးတို့က မွေးဖွားခဲ့တာပါ။ မွေးချင်း ခုနစ်ယောက်အနက် ဒုတိယအငယ်ဆုံးဖြစ်ပြီး မူလတန်းပညာကို အင်းဝမြို့မှာပဲ သင်ကြား ခဲ့ပါတယ်။ နောက်မိသားစုက မန္တလေးကိုပြောင်းရွှေ့နေထိုင်ကြ ပြီးနောက် ဗဟိုအမျိုးသားအထက် တန်းကျောင်း၊ မန္တလေးဥပစာ ကောလိပ်မှာ ပညာဆက်သင်ခဲ့ တယ်။ နောက်ရန်ကုန်တက္ကသိုလ် မှာ ဘီအေတန်းတက်ရောက်စဉ် ၁၉၃၈ ခုနှစ်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှာ ဥက္ကဋ္ဌတာဝန်ယူခဲ့တယ်။ အဲဒီနှစ် မှာပဲ ချောက်ရေနံမြေအလုပ်သ မားထုကြီးရဲ့ ခရီးရှည်ချီတက်ပွဲကို အုပ်စိုးသူက မတရားတားဆီးလို့ မကွေးမြို့ထိ သွားရောက်တရား ဟောခဲ့တယ်။ ဒီမှာတင် အဖမ်းအ ဆီးခံခဲ့ရပြီး ထောင်ထဲမှာ ‘‘ဓနရှင် လောက’’စာအုပ်ကို ပြုစုခဲ့တယ်။
၁၉၃၉ ခုနှစ်မှာ ကျောင်း ထွက်ပြီး သခင်အောင်ဆန်း၊ သခင်စိုး၊ ရဲဘော်ဂိုရှယ်တို့နဲ့ အ တူ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်တည်ထောင်တယ်။ နိုင်ငံရေးကို ခြေစုံပစ်ဝင်ပြီး မြေအောက်တော်လှန်ရေးကို ဦးဆောင်ကာ ပြည်သူ့အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ မြန်မာတော်လှန် မှုစာတမ်းတွေကို ရေးသားခဲ့တယ်။ဒီနောက် နိုင်ငံရေးခံယူချက်တူတဲ့ မခင်ကြီးနဲ့ မေတ္တာသက်ဝင် လက်ထပ်ခဲ့တယ်။ ၁၉၄၁ ခုနှစ်မှာ တော့ ဒို့ဗမာအစည်းအရုံးမှာ အမှု ဆောင်လူကြီးတာဝန်ယူခဲ့တယ်။ ဂျပန်တော်လှန်ရေးကာလအ တွင်း ပဲခူးရိုးမမှာ သခင်သန်းထွန်း၊သခင်သန်းဖေတို့နဲ့တွဲပြီး နိုင်ငံ ရေးမှူးတာဝန်နဲ့ ပြောက်ကျား တပ်ကို ဦးဆောင်ကာ ရန်သူကို အ များဆုံးချေမှုန်းနိုင်ခဲ့တယ်။ တော်လှန်ရေးကာလအတွင်းမှာပဲ ကရင်ဗမာသွေးစည်းရေးစာတမ်းနဲ့ လီနင်ရဲ့ ‘‘အစိုးရနှင့် တော်လှန်ရေး’’ကျမ်းဘာသာပြန်တွေ ပြုစုခဲ့တယ်။
ဂျပန်တော်လှန်ရေးအပြီး ဖဆပလကို ပြန်လည်ထူထောင် သူတစ်ဦးအဖြစ် ဗဟိုဦးစီးအဖွဲ့ တာဝန်ယူခဲ့သလို ဗမာပြည်ကွန် မြူနစ်ပါတီကိုလည်း စနစ်တကျ ပြန်လည်စည်းရုံးဖွဲ့စည်းရာမှာ ပေါလစ်ဗျူရိုလူကြီးအဖြစ် ဆောင် ရွက်ခဲ့တယ်။ ဒီ့နောက် အလုပ်သ မားသမဂ္ဂ တည်ထောင်ရေးကို လည်း ကြိုးပမ်းခဲ့တယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ စတင်ထုတ်ဝေတဲ့ ‘‘ပြည်သူ့အာ ဏာဂျာနယ်’’ရဲ့ ဦးစီးစာတည်း ချုပ်တာဝန်လည်း ယူခဲ့တယ်။
နိုင်ငံရေးခရီးကြမ်းတစ် လျှောက်၊ ဂျပန်တော်လှန်ရေးတစ် လျှောက်၊ ပင်ပန်းဆင်းရဲမှုတွေ ကြောင့် ကျန်းမာရေးချို့ယွင်းလာ လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ခွင့်ယူပြီး မန္တလေးက မိဘများ နေအိမ်ကိုပြန်ကာ ဆေးကုသခဲ့ တယ်။ အခုအထက (၉) (စိန့်ပီတာ ကျောင်း)မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံပေါ်တက်ရောက်ဆေးကုသနေ ဆဲ ရဲဘော်ရဲဘက်တွေစုစည်းခဲ့ကြ တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကနေ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ် လိုက်တဲ့ အခြေအနေတစ်ရပ်ပေါ် ပေါက်ခဲ့ပါတယ်။ ကျောင်းသား ဘ၀ကစပြီး သဘောထားရည် ရွယ်ချက်တူစွာ အသက်သွေးချွေး စွန့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံ ရေးခရီးကြမ်းကြီးပေါ် အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက် များအချင်းချင်း သဘောထားကွဲ လွဲကြတဲ့ ၀မ်းနည်းစိတ်မကောင်း ဖွယ်ဖြစ်ရပ်ကို ဖဆပလကိုရော၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုရော သည်းလှိုက်အူလှိုက်သံယောဇဉ် ကြီးလှတဲ့ ရဲဘော်ဗဟိန်းကို အသိ မပေးဝံ့ခဲ့ကြပါဘူး။
ဒီလိုတုန်လှုပ်ဖွယ်သတင်း က မကျန်းမာနေသူရဲ့စိတ်ဓာတ် ကို ဒုက္ခပေးလိမ့်မယ်ဆိုတာ သိရှိခဲ့ကြလို့ပါပဲ။ ဒါကြောင့်ဒီသတင်းကို သေချာပိတ်ဆို့ထားကြပါတယ်။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ နေ့စဉ်ထုတ် သတင်းစာများကိုပင် ရဲဘော်ဗဟိန်းထံ မပို့ရလို့ တာဝန်ကျ ဆရာဝန်က ကန့်သတ်ထားတဲ့ ကြားကနေ ဘီတီဘရားသားကုမ္ပ ဏီက လူမမာဆီအမြဲပို့တဲ့ပေါင် မုန့်နဲ့ ကော်ဖီမှုန့်ကို ထုပ်ပိုးပေးတဲ့ ဂျာနယ်ကျော်သတင်းစာဟောင်း မှာ ‘‘ဖဆပလခါးပိုက်ထဲက ကွန် မြူနစ်မြွေပွေး’’ဆိုတဲ့ သတင်းနဲ့ သရုပ်ဖော်ပုံကို ဖတ်မိသွားတဲ့ ရဲ ဘော်ဗဟိန်းဟာ စိတ်မကောင်း ဖြစ်မှု၊ ဒေါသဖြစ်မှုတွေနဲ့ ရောဂါ သည်းသွားပါပြီ။ သူချစ်တဲ့ သူ့ရဲ ဘော် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် အခြေအ နေရှင်းပြပြီး လူမမာမေးမယ့်အထိ ကိုပင် မစောင့်နိုင်တော့ဘဲ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်၊ မနက် ၅ နာရီခွဲအချိန်မှာ ကွယ်လွန်ခဲ့ပါ တယ်။ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းကို ဗိုလ်ချုပ်အောင်ဆန်းစီးလာတဲ့ လေယာဉ်ဆိုက် လာချိန် မနက် ၇ နာရီမှာ နာရေး သတင်းက ဆီးကြိုနေပါပြီ။ ဗိုလ် ချုပ်က နာရေးရှင်အိမ်အထိသွား ပြီး ကျန်ရစ်တဲ့ ဇနီး ဒေါ်ခင်ကြီးကို အားပေးတယ်။ ရဲဘော်ဗဟိန်းရဲ့ ဖခင် ဦးမှင်ကိုလည်း ‘‘နိုင်ငံခြားမှာ ကုရင်ပျောက်တဲ့ရောဂါမို့ သူနဲ့ တွေ့ပြီးစီစဉ်ဖို့လာတာ။ အခု တော့ လွန်သွားကုန်ပြီ’’ဟု ၀မ်း နည်းစကားဆိုခဲ့ပါတယ်။
အသက် (၂၉) နှစ်အရွယ်နှင့် ကွယ်လွန်ခဲ့တဲ့ ရဲဘော်ဗဟိန်း (၀ါ) သခင်ဗဟိန်းကို မန္တလေးရွာဟိုင်း သုသာန်မှာ အုတ်ဂူသွင်းသင်္ဂြိုဟ် ခဲ့ပါတယ်။ မန္တလေးက၀ါရင့် နိုင်ငံ ရေးသမားကြီးတွေ၊ ရဟန်းပျိုအ ဖွဲ့တွေ၊ ကျောင်းသားတွေဟာ ရွာ  ဟိုင်းသုသာန်ရောက်တိုင်း ရဲဘော်ဗဟိန်းအုတ်ဂူမှာ ဂါရ၀ပြုကြ၊ အ လေးပြုကြ၊ အမျှအတန်းဝေနေ ကျပါ။ ၁၉၉၀ ပြည့်နှစ်ကျော်ရွာဟိုင်းသုသာန်ဖျက်သိမ်းတော့ ကျောင်းသားနဲ့ ရဟန်းပြည်သူတို့က မပျက်စီးအောင် ကာကွယ်နိုင်ခဲ့ကြလို့ ဘူဒိုဇာထိုးထားတဲ့ ကွက်လပ်ကြီးထဲမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေး ထီးတည်းကျန်ရစ်နေသေး ရဲ့။
ရွာဟိုင်းသုသာန်နေရာမှာ ကျောက်မျက်ဈေး၊ အားကစား ကွင်းနဲ့ ဈေးဆိုင်တန်းတွေ တည် ဆောက်ပြီးတဲ့နောက် ဒီသမိုင်းဝင် အုတ်ဂူလေးဟာ ဆိုင်ကြိုဆိုင် ကြားရောက်နေပြီး အခုတော့ အစအနပင်မကျန်အောင် ပျက်စီးပျောက်ဆုံးသွားပါပကော...။
ဒါကြောင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအောင်မြင်ရေးအ တွက် ‘‘မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေမယ်’’ဆို တဲ့ မိန့်ခွန်းနဲ့ ရဲရဲတောက်ထိရောက်စွာလှုံ့ဆော်ပြီး လွတ်လပ်ရေးအ တွက် ကျန်းမာရေးနဲ့ အသက်ကို ပင် ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ တဲ့ ရဲဘော်ဗဟိန်း (၀ါ) သခင်ဗ ဟိန်းအမှတ်တရ ကမ္ပည်းကျောက်တိုင်ကို မန္တလေး ၁၃၀၀ ပြည့်အ ရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်အတွင်း တင့်တယ်ဂုဏ်ယူ စွာစိုက်ထူဖို့ ၁၃၀၀ ပြည့်အရေး တော်ပုံ (၇၅) နှစ်ပြည့်စဉ်ကတည်း က ဒေသအာဏာပိုင်တွေကို ခွင့် ပြုချက်တောင်းခံခဲ့တာ ဒီကနေ့ အထိ ခွင့်မပြုပါဘူး။ ရဲဘော် ဗဟိန်းကို ဘာလို့ အသိအမှတ်ပြု နေရာမပေးကြတာလဲ။
7 Day Daily,
>>>ဆက်ဖတ်ရန်>>> >>

ပညာရေးနှင့် ရွေးကောက်ပွဲ

ပညာရေးနှင့် ရွေးကောက်ပွဲ

ဖက်ဒရယ်ပညာရေး အပိုင်း (၁၇) ဒီမိုကရေစီစနစ်ရဲ့ အဓိကအချက်တစ်ချက်ကတော့ ပြည်သူလူထုတစ်ရပ်လုံး၏ တန်းတူအခွင့်အရေး ရှိခြင်းနှင့် ပြည်သူလူထုထံမှ အာဏာဆင်းသက်ခြင်းဖြင့် တိုင်းပြည်ကို တည်ဆောက်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများဟာ ဒီမိုကရေစီ၏ အသက်သွေးကြောလို့ ဆိုကြတာပါ။ ရွေးကောက်ပွဲကာလများအတွင်း ပြည်သူလူထုမှ မိမိတို့ကို ကိုယ်စားပြုမည့်သူများ၊ မိမိတို့က ယုံကြည်အားထားသူများ၊ တိုင်းပြုပြည်ပြု ရပ်ကျိုးရွာကျိုးကို အမှန်တကယ် ရွေးကောက်ပွဲအကြို ကတိအတိုင်း ထမ်းဆောင်မည့်သူများ၊ ရိုးသားဖြောင့်မတ်ပြီး ပညာပြည့်ဝ နှလုံးလှသူများကို ရွေးချယ်တင်မြှောက်ခွင့် ရှိကြတယ်။ ရွေးချယ်တင်မြှောက်ခြင်း ခံရသူများ အနေဖြင့်လည်း ပြည်သူ့အကျိုးစီးပွားအတွက် ဥပဒေပြုခွင့် ရရှိကြမယ်။ ပြည်သူ့ဆန္ဒနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ခြင်း၊ တရားမျှတစွာ ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းဝေစည်သော လူ့အသိုက်အမြုံကို ခံစားနိုင်မှာဖြစ်တယ်။ သို့ပေတဲ့ တရားမျှတပြီး လွတ်လပ်သော ပါတီစုံ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုတာဟာ ပြည်သူ့လူထုတစ်ရပ်လုံးရဲ့ နိုင်ငံရေးအသိအမြင် ပြည့်စုံမှု၊ နိုင်ငံရေးအရ နိုးကြားတက်ကြွမှုဟာ အခရာကျတယ်လို့ ပညာရေး သုတေသနက ထောက်ပြထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အလှည့်အပြောင်းအတွက် အလွန်အရေးပါတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်မယ်လို့ ဆိုကြတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ-သန့်ရှင်းပါမှ ပြည်သူ့ ဆန္ဒအစစ်အမှန်ကို သိရမှာဖြစ်ပြီး ပြည်သူ့ကိုယ်စားပြုအစိုးရ၊ လွှတ်တော်များ ပေါ်ထွန်းလာမှာပါ။ အထူးသဖြင့် နိုင်ငံရေးပါတီများ၊ ဆန့်ကျင်ဖက်အုပ်စုများနှင့် လက်ရှိအာဏာရ ဦးသိန်းစိန်အစိုးရတို့ရဲ့ ဖက်ဒရယ် မြည်သံများ အနည်းငယ် ကျယ်လောင်လာနေတဲ့ ၂၀၁၅ နိုင်ငံရေးစင်မြင့်ဟာ တိုင်းရင်းသားတို့ အနှစ်နှစ်အလလက မျှော်ရည်တမ်းတခဲ့ရသည့် ဖက်ဒရယ်အိပ်မက်၏ အဦးအစလည်း ဖြစ်လေမည်လား။ တည်ဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ဖက်ဒရယ်အာမခံချက် မပေးထားသေးသည့်တိုင်၊ မိုင်တိုင်များစွာ ဝေးကွာနေသည့်တိုင် အဓိက နိုင်ငံရေးပါတီများနှင့် key players များထံမှ ရွေးကောက်ပွဲကာလအကြိုတွင် ကြားနာနေရသည့် ဖက်ဒရယ်အသံကိုတော့ တိုင်းရင်းသားပြည်သူတွေက မယုံတ၀က်၊ မုဒိတာစိတ်နဲ့  အံ့အားသင့်နေကြပါတယ်။ ဒီရွေးကောက်ပွဲအပေါ် ပိုမို ရင်ခုန်ချင်စရာ ဖြစ်မိကြတာဟာ မဆန်းပါဘူး။
မျိုးဆက်အလွန်ခြား ရွေးကောက်ပွဲမှာ စိုးရိမ်စရာ
ဒီနေရာမှာ စဉ်းစားစရာများစွာ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဟာ ၅ ကြိမ်မျှသာ ရှိပါသေးတယ်။ မျိုးဆက်များစွာ ခြားနားခဲ့ပြီးမှ ရွေးကောက်ပွဲများကို တစ်ကြိမ် ကျင်းပသလို ဖြစ်နေခဲ့တာပါ။ ပုံမှန်ဒီမိုကရေစီ တိုင်းပြည်တွေမှာတော့ ၃ - ၄ နှစ်တစ်ကြိမ် ကျင်းပကြရတယ်။ လွန်ခဲ့သော အနှစ် ၄၀ အတွင်း သုံးကြိမ်မျှသာ ရှိသေးတဲ့အပြင် စာသင်ကျောင်းများတွင် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနိုင်ငံရေး သင်ခန်းစာများကို တစ်လုံးတစ်ပါဒမျှပင် လေ့ကျင့်သင်ကြားမှု မရှိခဲ့ခြင်းကြောင့် အခြေခံလူထုရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်တို့ အားနည်းနေလျက်ရှိပါတယ်။ ဒါဟာအင်မတန် စိုးရိမ်စရာ ကောင်းလှပါတယ်။ ရွေးကောက်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အများပြည်သူလူထု မသိကြကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မစ်ရှင်ဥက္ကဌ ဦးတင်အေးကိုယ်တိုင်က ၀န်ခံ ပြောဆိုထားတာပါ။
VoteVintageLaborရွေးကောက်ပွဲကျင်းပရန် လွန်စွာ နီးကပ်နေပြီးဖြစ်သော်လည်း အခြေခံပြည်သူများအကြားတွင် ရွေးကောက်ပွဲ၏ အနှစ်သာရနှင့် လုပ်ထုံးများ၊ မိမိ၏ မိသားစု၊ ရပ်ရွာ၊ ပြည်နယ်နှင့် နိုင်ငံအပေါ် အကျိုးသက်ရောက်ပုံများကို သိမြင်နိုင်မှု လွန်စွာ အားနည်း နေသေးကြောင်းကိုလည်း  လေ့လာတွေ့ရှိရပါသည်။ ဆန္ဒမဲပေးခြင်းဟာ လွန်စွာ တန်ဖိုးရှိလှတဲ့  မိမိတို့၏ ဒီမိုကရေစီနိုင်ငံသား အခွင့်အရေးတစ်ခုဖြစ်ကြောင်းကို သိရှိဖို့ လိုအပ်လှတယ်။ မဲစာရင်း မှန်ကန်ရေးမှာပင် ပြဿနာ ရှိနေပြီဖြစ်သည်။ မဲစာရင်းမှန်ကန်ရေး ရာခိုင်နှုန်း ၃၀ သာ တာဝန်ယူမည် ဆိုသည်မှာ တာဝန်မကျေရာရောက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မစ်ရှင် UEC အား ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တို့အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် စိုးရိမ်ဖွယ်ရာ အခြေအနေများကို မီးမောင်းထိုးပြလိုက်ခြင်းပါ။ နိုင်ငံရေးအသိအမြင် အားနည်းခြင်းနဲ့  ရွေးကောက်ပွဲတွင် မသာမာခြင်းများကြောင့် နုနယ်လှတဲ့ ဒီမိုကရေစီစနစ်အတွက်လည်း အန္တရာယ်ရှိနေတတ်ပါတယ်။
အရပ်ဖက်လူမှုအဖွဲ့အစည်းများက ရွေးကောက်ပွဲအကြောင်း ဗဟုသုတများနဲ့ ဆန္ဒမဲပေးခြင်းတို့ကို နယ်တိုင်းမှာ ပညာပေး ဆွေးနွေးနေကြတာကလည်း ကျေးဇူးတင်စရာပါ။ သို့ပေတဲ့ အသက်ကြီးမှ သင်ရတဲ့ ရက်ပိုင်းလောက် ဆွေးနွေးပွဲများထက်စာရင် စာသင်ကျောင်းတွေက လေ့ကျင့်သင်ကြားပေးလိုက်မှ ရင်ဘတ်ထဲကို ရောက်မှာပါ။
၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် ပုဂ္ဂိုလ်အချို့အား လူမျိုးရေးနှင့် ဘာသာရေး အသုံးပြုပြီး ၀ါဒဖြန့် ပြောဆိုတိုက်ခိုက်မှုတွေ၊ လုပ်ကြံရေးသားမှုတွေ ပိုများလာနေတယ်။ ဒါဟာ ရွေးကောက်ပွဲ တည်ငြိမ်မှု ထိခိုက်နိုင်သည့်အပြင် နိုင်ငံ၏ ဂုဏ်သိက္ခာပါ ကျဆင်းစေပြီး သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်အချို့က ပြောကြားထားလည်းရှိနေတယ်။ ဒါတွေဟာလည်း များမကြာမီ နှစ်အနည်းငယ်အတွင်း မဲဆန္ဒရှင်များဖြစ်လာကြမည့် လူငယ်ကျောင်းသားများ လေ့လာခွင့် ရရှိကြသင့်ပါတယ်။ ပါတီမူဝါဒများ၊ ကတိက၀တ်များ၊ တိုင်းပြည်လိုအပ်ချက်များ၊ မဲဆွယ်တရားနှင့် ၀ါဒဖြန့်ဝေခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားလှုံ့ဆော်ချက်တို့ ကွဲပြားခြားနားစွာဖြင့် သုံးသပ်နိုင်ကြမည်။ မှန်ကန်သော ခံယူချက်ဖြင့် ရွေးချယ်မှု မှန်ကန်စွာ မဲဆန္ဒပေးနိုင်မှာဖြစ်တယ်။ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိသော နိုင်ငံသားများ ဖြစ်လာစေဖို့ဆိုတာကတော့ စာသင်ခန်းများက လေ့ကျင့်သင်ကြားပေးရမယ်။
ရွေးကောက်ပွဲအကြောင်း သင်ကြားကြပါစို့ -
မွေးဖွားလာစဉ်က ဒီမိုကရေစီဆိုတာကို ဘယ်သူမှ သိမြင်နားလည်မှု မရှိပါဘူး။ လေ့ကျင့်သင်ကြားပေးမှသာလျှင် တတ်မြောက်နိုင်တဲ့ စွမ်းရည်တစ်မျိုးဖြစ်တယ်။ တရားမျှတစွာ ပြုမူလုပ်ကိုင်တတ်လာမယ်။ အကြောက်တရားကြောင့် မလုပ်ရဲ၊ မကိုင်ရဲတာမျိုးလည်းမဟုတ်ဘူး။ မတရားဘူး၊ မလုပ်သင့်ဘူးဆိုတာကို သိနားလည်လာလို့ မလုပ်တာမျိုးကို ဆိုလိုပါတယ်။ တရားသဖြင့် ဓမ္မနည်းလမ်းတကျ ပြုမူလုပ်ကိုင်ပြီး နေတတ်လာမယ်။
အခုလို ရွေးကောက်ပွဲချိန်ခါဟာ စာသင်ခန်းတွင်းမှာ ကျောင်းသူကျောင်းသားများအတွက် မဖြစ်မနေ လေ့လာဖို့ရာ အခွင့်အလမ်းတစ်ခုပါပဲ။ ဂျာနယ်များမှာ ပါရှိနေတဲ့ နိုင်ငံ ရေးပါတီများရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းများ၊ သတင်းများ၊ ဆောင်းပါးများကို လေ့လာဖတ်ရှုကြမယ်။ စာသင်ခန်းအတွင်းမှာ သုံးသပ်ဝေဘန်ကြမယ်။ ကဏ္ဍအသီးသီးမှာ သက်ဆိုင်ရာ ပါတီများရဲ့ မူဝါဒသဘောထားက ဘယ်လိုရှိသလဲ။ ဒီတိုင်းရင်းသားပြည်နယ်မှာ၊ ဒီမဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေက ဒီပြည်နယ်၊ ဒီဒေသအတွက် ဘာလုပ်ပေးမယ်လို့ ကတိက၀တ်ခံထားကြလဲ။ တကယ်လည်းပဲ လုပ်နိုင်မှာလား။ တိုင်းရင်းသားအရေးကိစ္စလိုမျိုး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်လိုမျိုးကို ဘယ်ပါတီတွေက လုပ်ကိုင်မယ်လို့ မဲဆွယ်နေကြသလဲ။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စုအရေးကို ပါတီကြီးတွေက ထည့်သွင်းထားလာကြတာတွေ့ရတယ်။ ဒါပေမယ့် ဘယ်လိုနည်းလမ်းတွေနဲ့ တည်ဆောက်ကြမှာလဲ။ ရွေးကောက်ပွဲ ကတိက၀တ်တွေကို လုပ်နိုင်- မလုပ်နိုင် ဆွေးနွေးကြမယ်။ ဒီဘိတ်အခြေပြု သင်ကြားနည်းလမ်းတွေ၊ အုပ်စုအလိုက်ဆွေးနွေးမှုတွေ၊ သမ္မတလောင်း၊ အမတ်လောင်းနေရာတွေက မဲဆွယ်တရားဟောပြောစည်းရုံးတဲ့ role play လိုမျိုးတွေကို အသုံးပြုသင်ကြားနိုင်ပါတယ်။
တကယ်တော့ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲများမှာ မဲဆန္ဒပေးခြင်းထက် ပိုမိုတဲ့ အခြားသော အရေးကြီးတဲ့ အဓိပ္ပါယ်တွေ များစွာ ရှိနေပါတယ်။ ဘ၀နေနည်းတစ်ခုလည်းဖြစ်ပြီး လူထုရဲ့ အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည်တွေနဲ့ စံတန်ဖိုးတွေ ရရှိစေတဲ့ အဓိကအချက်လည်းဖြစ်တယ်။ ဒါမှသာ ဒီမိုကရေစီနိုင်ငံသားဖြစ်လာမယ်။ ပြည်သူ့နီတိနဲ့ နိုင်ငံသားပညာရေးသင်ရိုးညွှန်းတမ်းက ဒီလို နိုင်ငံသားတွေဖြစ်လာဖို့ရာ တာဝန်ယူလေ့ကျင့် ပေးပါတယ်။  Civic ပြည်သူ့နီတိဘာသာရပ် သင်ရိုးရဲ့ အဓိက ဦးတည်ချက်ကတော့ ကျင့်ဝတ်နီတိကို လေးစားလိုက်နာတတ်ပြီး ဒီမိုကရေစီ နိုင်ငံသားတွေ ဖြစ်လာဖို့ပါပဲ။ လူ့အဖွဲ့အစည်းနဲ့ ရပ်ရွာမှာ နိုးကြားတက်ကြွတဲ့သူတွေ၊ ဒီမိုကရေစီစံနှုန်းတွေကို ခံစားသိမြင်ပြီး လိုက်နာကျင့်သုံးတဲ့သူတွေ၊ အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကို နားလည်ကြတဲ့သူတွေ ဖြစ်လာအောင် လေ့ကျင့်ပေးခြင်းပါ။ ဒါဟာ ၂၁ ရာစု နိုင်ငံတကာ ကျောင်းပညာရေးမှာ အရေးကြီးတဲ့ မျှော်မှန်းချက် တစ်ခုလည်းဖြစ်ပါတယ်။ မသင်မနေရအဆင့် သတ်မှတ်ပြီး သေသေချာချာ လေ့ကျင့်ပေးကြရတယ်။
နိုင်ငံရေးသုခမိန်တွေ၊ ပညာရှင်တွေရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆိုမိန့်ခဲ့တာတွေကိုလည်း ကျောင်းသားများဟာ လေ့လာခွင့် ရရှိသင့်ပါတယ်။ မက်ဟင်နရီဟောင်း (Mc. Henry Howe) က “သင်သည် နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် ရွေးချယ်ခဲ့ပါက ရိုးသားသူဖြစ်ရန် မလွယ်ကူတော့ချေ၊”၊ သီအိုဒိုရုစဘဲ့ (Theodore Roosevelt) က - “အအောင်မြင်ဆုံးသော နိုင်ငံရေးသမားဆိုသည်မှာ အခြားသူများ တွေးတောစဉ်းစားနေသည့် အကြောင်းရပ်များကို အကျယ်လောင်ဆုံးနှင့် အကြိမ်အများဆုံး ထုတ်ဖော် ပြောဆိုသူဖြစ်သည်”၊ လူ့ခွစာ စာရေးဆရာကြီး ဘားနတ်ရှော (Bernard Shaw) ကတော့ “ဘာတစ်ခုမှ မသိပါပဲနှင့် အရာရာတိုင်းကို သိသည်ဟု ထင်မြင်ယူဆနေသူကား နိုင်ငံရေးသမားပင်တည်း”၊ အာရ်၊ အယ်၊ စတီဗင်ဆင်န် (R.L. Stevenson) ကမူ “မည်သည့်ပြင်ဆင်မှုမျိုးမှ မလိုဟု ထင်မြင်ယူဆခြင်း ခံရသည့် တစ်ခုတည်းသော အလုပ်အကိုင်မှာ နိုင်ငံရေးသမားအလုပ်ပင်ဖြစ်သည်”၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူက ပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး…။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာအကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်း လုပ်နေတဲ့ ကိစ္စဖြစ်တယ်။” -စတဲ့ နိုင်ငံရေး အဆိုအမိန့်တွေကို စုပေါင်းလေ့လာပြီး မျက်မှောက်ခေတ်နဲ့ ယှဉ်လို့ ပြန်လည်ဆွေးနွေးကြမယ်။
ဒါ့အပြင် မြန်မာမှု၊ မွန်မှုထဲမှာ ရှေးမွန်-ဗမာပညာရှိများ ထည့်သွင်းထားခဲ့ကြတဲ့ - တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ ကျင့်ကြံရမယ့် အပရိဟာနယတရား ခုနှစ်ပါး၊ ရာဇောဝါဒသုတ္တန်လာ မင်းကျင့်တရား ၁၀ ပါး၊ ဗလ ငါးပါး၊ တိုင်းပြည်၏ ရတနာ ကိုးပါးကို မနှိပ်စက် မညှဉ်းပန်းရာလို့ဆိုထားတဲ့ ကာမဏ္ဍကီကျမ်း - စတဲ့ အနှစ်ချုပ်တွေကိုလည်း ပြည်သူ့နီတိလို ဘာသာရပ်မျိုး၊ ဒီမိုကရေစီနိုင်ငံရေး ခေါင်းစဉ်လိုမျိုးမှာ သင်ကြားပေးနိုင်တယ်။
ရွေးကောက်ပွဲ သင်ရိုးညွှန်းတမ်းနဲ့ ခေါင်းစဉ်များ
မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ ရပ်ရွာလူမှုအဖွဲ့အစည်း၊ ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များနဲ့ ဆက်စပ်လို့ ပြည်သူ့နီတိနဲ့ နိုင်ငံသားပညာရေး ဘာသာရပ်ကို မူလတန်းအဆင့်များမှာကတည်းက လေ့ကျင့် သင်ကြားကြပါတယ်။ အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများကို အသစ်တဖန်ပြန်လည် ပြုစုကြတဲ့အခါမှာ ပြည်သူ့နီတိနဲ့ နိုင်ငံသားပညာရေးကဏ္ဍကို တခုတ်တရ ထည့်သွင်းလာကြပါတယ်။
ပြည်သူ့နီတိ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တတိယတန်းကနေ ဒသမတန်းအထိ (အသက် ၈ နှစ်ကနေ ၁၆ နှစ်အထိ) အတန်းတိုင်းမှာ လူမှုရေးဘာသာရပ်နဲ့ တွဲဖက်လို့ဖြစ်စေ၊ သီးသန့် သင်ကြားမှုအနေနဲ့ဖြစ်စေ တစ်ပတ်ကို အနည်းဆုံး ၂ ချိန်လောက် သင်ကြားပေးပါတယ်။ ၁၁ တန်းနဲ့ ၁၂ တန်းမှာ အထူးပြုဘာသာရ ပ်တစ်ခုအနေနဲ့လည်း ဘာသာတွဲရွေးချယ်မှုမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါမှလည်း တက္ကသိုလ်မှာ အထူးပြုလေ့လာလိုသူတွေ၊ အနာဂတ်နိုင်ငံရေးသမားတွေအတွက် အခြေခံကောင်းတွေ ရမယ်မဟုတ်လား။
မူလတန်းအရွယ်တွေမှာ လေးစားမှုဆိုတဲ့ သင်ခန်းစာခေါင်းစဉ်ကို အသေအချာ သင်ကြား ပေးတယ်။ အထူးသဖြင့် တော့ မတူ ကွဲပြားတဲ့ လူမျိုး၊ ဘာသာတရားများအပေါ်မှာ လေးစားစွာနဲ့ ဆက်ဆံတတ်ဖို့ ရည်ရွယ်ပါတယ်။ ယှဉ်ပြိုင်ဖက်ကို လေးစားစွာ ပြုမူပြောဆို ဆက်ဆံတတ်ဖို့ဆိုတာဟာ ပညာရေးက လေ့ကျင့်သင်ကြားပေးမှ ဖြစ်နိုင်တယ်လို့ ခံယူထားကြတယ်။ ဒါဟာ ပါတီစုံရွေးကောက်ပွဲလို၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလိုကိစ္စတွေမှာ မရှိမဖြစ် အခြေခံထားရမယ့် မေတ္တာစိတ်ပဲ မဟုတ်လား။ အပြန်အလှန် အမှီသဟဲပြု ရှင်သန်နေကြတယ်ဆိုတာကို သိမြင်လာဖို့ပါ။ မိမိရဲ့ အခွင့် အရေးနဲ့ လွတ်လပ်မှုအပေါ်မှာ တန်ဖိုးထားတတ်ခြင်းနဲ့ အခြားသူတစ်ပါးရဲ့ အခွင့်အရေး၊ လွတ်လပ်မှုကိုလည်း မထိပါးစေဖို့ သင်ကြားပေးတယ်။ အကြမ်းဖက်တဲ့၊ ခိုက်ရန်ဖြစ်ပွားတဲ့ နည်းလမ်းများနဲ့ ပြဿနာတွေကို မဖြေရှင်း ကြဖို့ရာကိုလည်း သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ကြားပေးပါတယ်။ ကျေးရွာရပ်ကွက်လူကြီးကို ဒီမိုကရေစီနည်းကျ ဘယ်လို မဲပေး၊ ရွေးကောက်ကြသလဲဆိုတာ ဆဌမတန်းကျောင်းသားတွေ လေ့လာခွင့်ရကြတယ်။ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုး၊ မဲမပေးတဲ့ ဆိုးကျိုးကိုလည်း စာသင်ခန်းတွေမှာ ဆွေးနွေးခွင့် ရရှိကြတယ်။ ကျောင်းသားသမဂ္ဂကို ကျောင်းတိုင်းမှာ ဖွဲ့စည်းထားကြပြီး ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပခြင်းဟာလည်း အနာဂတ်တိုင်းပြည်အတွက် အရေးပါတဲ့ ပညာရေးလုပ်ငန်းပါပဲ။ ကျောင်းသားတာဝန် မကျေပွန်ခြင်း၊ နိုင်ငံသားတာဝန် မကျေပွန်ခြင်း ခေါင်းစဉ်လိုမျိုးကိုလည်း သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားကြတယ်။
အတန်းအဆင့်အလိုက် တတ်မြောက်ရမယ့် စွမ်းရည်များနဲ့ အသိပညာ ဗဟုသုတတွေကိုလည်း အတိအကျ ထည့်သွင်း ဖေါ်ပြထားတယ်။ ကျောင်းလုပ်ငန်းများမှာ၊ ရပ်ရွာလုပ်ငန်းများမှာ၊ တိုင်းပြည်မှာ လိုအပ်တဲ့ တာဝန်ယူရမယ့် မိမိတာဝန် ၀တ္တရားများကို ယူတတ်စေဖို့ ရည်ရွယ်ချက်လည်း ပါရှိတယ်။ သူတပါးကို ကူညီဖို့ရာလည်း စာသင်ခန်းအတွင်းမှာ ဆွေးနွေးကြတယ်။ တရားမျှတမှုဆိုတဲ့ ခေါင်းစဉ်ကို မိမိနယ်မြေနဲ့ ရပ်ရွာ၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ၊ ပကတိ စစ်မှန်တဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား ပြဿနာများကို အခြေခံပြီးတော့ ၉ တန်း၊ ၁၀ တန်းကျောင်းသားတွေဟာ စာသင်ခန်းများအတွင်းမှာ တွေးတောကြ၊ ဆွေးနွေးကြ၊ တင်ပြကြပါတယ်။ အခွင့်အာဏာအကြောင်း၊ အစိုးရဖွဲ့စည်းပုံ၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ပါလီမန်၊ ရွေးကောက်ပုံ၊ ဥပဒေပြု ပြဌာန်းပုံနဲ့ အစိုးရ အဆင့်အဆင့်ရဲ့ တာဝန်ဝတ္တရားများကိုလည်း သင်ခန်းစာအနေနဲ့ သင်ယူလေ့လာကြရတယ်။
လက်ရှိမြန်မာနိုင်ငံရေးစနစ်ဟာ pseudo-presidential system ဖြစ်ကြောင်း၊ အစိုးရနှင့် လွှတ်တော်အကြား check and balance ပျက်ပြားနေကြောင်းတို့ကိုလည်း လေ့လာခွင့် ရရှိသင့်ကြပါတယ်။ အများစုက တောင်ပြိုကမ်းပြိုနိုင်ခြင်း၊ မဲအပြတ်အသတ် နိုင်ခြင်းမှာလည်း “majority tyranny”, “tyranny of the masses” အန္တရာယ်ရှိကြောင်းတို့ကို သိရှိထားသင့်ပါတယ်။ လူနည်းစု တိုင်းရင်းသားများအတွက် ပိုပြီးတော့ သတိထားရမယ့် အချက်မဟုတ်ပါလား။
လက်ရှိမြန်မာပြည် အုပ်ချုပ်ရေးစနစ်နှင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၏ ကွာဟခြားနားချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ အခြားနိုင်ငံများ၏ လွှတ်တော်များတွင် မရှိခြင်း၊ သမ္မတကို ရွေးချယ်ကြပုံများ၊ ၀န်ကြီးချုပ်စနစ်နှင့် သမ္မတစနစ်တို့အကြား ခြားနားချက်၊ ပြည်နယ်ရွေးကောက်ပွဲစနစ်၊ ပြည်နယ်အစိုးရ ဖွဲ့စည်းပုံတို့ကို အထက်တန်းအဆင့်များနှင့် ကောလိပ်တို့တွင် အကျယ်တ၀င့် လေ့လာခွင့် ရရှိကြသင့်တယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လေ့လာစောင့်ကြည့်နေတဲ့ အချက် ၇ ချက်ကိုလည်း အထက်တန်း ကျောင်းသားများအနေနှင့် သိသင့်တယ် မဟုတ်ပါလား။ေ၀၀ါးမှုအချို့ဖြင့် ဒီချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းပိုင်း အားပြိုင်မှု၊ မဘသနှင့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများ၊ ဘင်္ဂလီဒုက္ခသည်အရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်၊ စီးပွားရေး တုံ့ဆိုင်းမှုများ၊ တပ်မတော်သား လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းနှင့် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍ - ဒီအချက် ၇ ချက်ဟာ စာသင်ခန်းများအတွင်းမှာ အကျယ်တ၀င့် လေ့လာခွင့် ရရှိသင့်တဲ့ ရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေးခေါင်းစဉ်များပါ။ ဒီလိုလေ့လာဆွေးနွေးခွင့်တွေ ရရှိမှသာလျှင် မှန်ကန်တဲ့ ရွေးချယ်မှုကို စဉ်းစားဥာဏ်နှင့် ချမှတ်တတ်မှာပါ။ ပကတိ အခြေအနေများနဲ့ မျက်မှောက်ခေတ် တိုင်းရေးပြည်ရာကိုလည်း စိတ်ပါဝင်စားမှု ရရှိလာကြမယ်။
စာသင်ကျောင်းများက ပိုမို ကျေပွန်သင့်တဲ့ တာဝန်ကြီးတစ်ရပ်
လွတ်လပ်ရေး ရပြီးစ တခေတ်တခါက အသုံးပြုခဲ့ဖူးတဲ့ ပြည်သူ့နီတိသင်ရိုးညွှန်းတမ်းကို ပြန်လည် ဆန်းသစ်၊ အသက်သွင်းလို့ စာသင်ခန်းများမှာ အမြန်ဆုံး အသုံးပြုသင့်ပါတယ်။
အထူးသဖြင့်တော့ နောင်နှစ်အနည်းငယ်အတွင်း သိပ်မဝေးလှတဲ့ အနာဂတ်ကာလမှာ ဆန္ဒမဲပေးကြရတော့မယ့် ဒီနေ့ မူ၊ လယ်၊ ထက် ကျောင်းသားတွေကို ရွေးကောက်ပွဲအကြောင်း သင်ကြားပေးခြင်းဟာ ပိုမိုသေချာတဲ့ ဒီမိုကရေစီတိုင်းပြည်ကို ထူထောင်ခြင်းပါပဲ။ ဒီမိုကရေစီကို ယုယုယယ ပျိုးထောင်နေရဆဲ တိုင်းပြည်အတွက် မူလယ်ထက် အတန်းများမှာ သီးသန့်ဘာသာရပ်တစ်ခုအနေနဲ့ တစ်ပတ်ကို ၂ ချိန်လောက်ဖြစ်ဖြစ် ထားပြီး တိကျတဲ့ သင်ရိုးညွန်းတမ်း၊ သင်ခန်းစာများနဲ့ သင်ကြားရန် တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ရဲ့ ကျောင်းဆရာဆရာမများဟာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်လာစေရန် မဲရုံစောင့်ခြင်း၊ ကြီးကြပ်ခြင်းအလုပ်တို့ကို တိုင်းပြည်အတွက် တာဝန်သိသိ၊ ကျေကျေပွန်ပွန် လုပ်ပေးနိုင်ပါတယ်။ မဲရုံများကို ကြီးကြပ်ရေးတာဝန်ဖြင့် ရွေးကောက်ပွဲ ပုံရိပ်ကို မထိခိုက်စေဖို့ ဆရာဆရာမတို့ကို အားကိုးခြင်းအပေါ် အငြင်းမပွားလိုပါ။  သို့ပေတဲ့ ဒီမိုကရေစီနည်းလမ်း ကျနစွာနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် နိုင်ငံရေး အခြေခံ အသိတရားများကို ငယ်ရွယ်စဉ်မှာကတည်းက သင်ကြားပေးဖို့ရယ်၊ အနာဂတ်သမ္မတလောင်းများ၊ အမတ်လောင်းများကို ကျင့်ဝတ်နီတိနဲ့ ပြည့်စုံအောင်၊ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာတတ်အောင်၊ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီကို နှလုံးသားထဲရောက်အောင် သင်ကြား လေ့ကျင့်ပေးရမယ့် ပညာရေးရဲ့ မူလတာဝန်များကိုတော့ (မပျက်မကွက်) ပိုမို ကျေပွန်သင့်တယ် မဟုတ်ပါလား။
သိန်းနိုင် (မောက္ခပညာရေး)
ဖက်ဒရယ်ပညာရေး အပိုင်း (၁၇) သံလွင်တိုင်းမ်ဂျာနယ်၊ ၂၄ အောက်တိုဘာ ၂၀၁၅၊ မော်လမြိုင်မြို့။
>>>ဆက်ဖတ်ရန်>>> >>