၂၅.၁၂.၂၀၁၄
-
Category: ဆောင်းပါး
-
Published on Thursday, 25 December 2014 02:35
-
Written by ခင် (ပြင်ဦးလွင်)
တက္ကသိုလ်ဆရာမတစ်ဦးဖြစ်တဲ့
ကျွန်မအနေနဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး ဘဝကစပြီး တက္ကသိုလ် ဝန်းကျင်မှာ
ကျင်လည်ခဲ့တဲ့ကာလတွေကို ပြန်တွက်ကြည့်ရင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။
တက္ကသိုလ် မှာကျွန်မကျင်လည်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အမျိုးမျိုးသော
ပညာရေးစနစ် ပြောင်းလဲမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ
နေရာအတော်များများကိုလည်း ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။
ဒါကြောင့်မို့လို့ နယ်ရော၊ မြို့မှာပါရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ၊
ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အားလုံးရဲ့ အတွေ့အကြုံ ခံစားချက်တွေကို
ကိုယ်တိုင်နားလည်ခံစားခဲ့ရပါတယ်။
ကျွန်မတက္ကသိုလ်ပထမနှစ်တက်စဉ်က ဒေသကောလိပ်စနစ်နဲ့ စတက်ခဲ့ရပါတယ်။
ဒေသကောလိပ် စနစ်မှာ တက္ကသိုလ်ဝင်တန်းနဲ့ ဒေသကောလိပ် နှစ်နှစ်၊
စုစုပေါင်းသုံးနှစ်တက်ပြီးမှ ရတဲ့အမှတ်ပေါ်မူ တည်ပြီး ခွင့်ပြုတဲ့ဘာသာရပ်ကို
တက်ခွင့်ရခဲ့ကြတယ်။ ကျွန်မတို့အနေနဲ့ တက္ကသိုလ်ဝင်တန်းမှာလည်း
အမှတ်ကောင်းကောင်းရအောင် အစွမ်းကုန်ကြိုးစားခဲ့ရသလို၊
ဒေသကောလိပ်နှစ်နှစ်မှာလည်း မိမိလို ချင်တဲ့ဘာသာရပ်ကိုရဖို့အတွက်
တက္ကသိုလ်ဝင်တန်းထက် မလျော့တဲ့အားထုတ်မှုတွေ လုပ်ခဲ့ကြရ တော့ University Life
ကိုခံစားဖို့ဝေးလို့ စာတွေနဲ့ပဲပတ်လည်ဝိုင်းနေခဲ့ရပါတယ်။ ဒေသကောလိပ်
စတက်ကတည်းက သိပ္ပံတွဲမှာ ဇီဝဗေဒနဲ့ သင်္ချာလို့ ခွဲခြားပြီး ဇီဝဗေဒယူရင်
ဘယ်တက္ကသိုလ်၊ ဘယ် ဘာသာတွေ ယူခွင့်ရမယ်၊ သင်္ချာယူရင် ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာတွေ
ယူခွင့်ရမယ်ဆိုတာ ပိုင်း ခြားသတ်မှတ်ထားတော့ အဆင့်မြင့်ပညာသင်ကြားရတဲ့
ကျောင်းသူဘဝမှာ ဆန္ဒနှင့်ရွေးချယ်ခွင့် အခွင့် အရေးဆိုတာ မရှိခဲ့ပါ။
ကျွန်မရဲ့ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူဘဝမှာ တက္ကသိုလ်ဝင်ခွင့်စနစ်
တစ်ဖန်ပြောင်းခဲ့ပြန် တယ်။ ကျွန်မတို့လို ဒေသကောလိပ် နှစ်နှစ်တက်စရာ
မလိုတော့ဘဲ တက္ကသိုလ်ဝင်တန်း ရမှတ်အပေါ် မူတည်ပြီး အမှတ်မီရာ တက္ကသိုလ်များကို
တက်ကြရပါတယ်။ ဒီစနစ်ကို ယနေ့ထိကျင့်သုံးဆဲဖြစ်ပါ တယ်။ ကလေးတွေအနေနဲ့
ကျွန်မတို့လို သုံးနှစ်အပင်ပန်းမခံကြရတာကလွဲလို့ မိမိဆန္ဒအပေါ် အခြေခံ ပြီး
ရွေးချယ်ခွင့်မရရှိခဲ့ကြပါဘူး။ တက္ကသိုလ်ရွေးချယ်ရာမှာ တက္ကသိုလ်ဝင်တန်းရမှတ်
ကောင်းတဲ့က လေးများရဲ့ဆန္ဒနဲ့ တိုက်တွန်းချက်အရ ဆေးတက္ကသိုလ်ကို
လျှောက်ထားကြပြီး တက်ရောက်ကြရာမှာ တချို့ကလေးများက တက်ရောက်ပြီးမှ
မိမိဝါသနာမပါမှန်းသိကြပြီး ဆက်လက်မသင်ယူနိုင်ကြတော့ တာကိုလည်း
တွေ့နေရပါတယ်။ တစ်နည်းအားဖြင့် တက္ကသိုလ်ဝင်တန်းရမှတ်အပေါ်သာ အခြေခံပြီး
သင်ယူသူရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားခွင့်မရကြတော့ တချို့ကလေးတွေက
တက္ကသိုလ်ပညာကို ပြီးဆုံးအောင် မသင်ယူလိုကြတော့ဘဲ ပညာတစ်ပိုင်းတစ်စ
ဖြစ်သွားကြတာကို ဝမ်းနည်းဖွယ် တွေ့ရ ပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့
အမျိုးသားပညာရေးဥပဒေ အခန်း ၃၊ ပုဒ်မ ၄ (ဇ) မှာ “သင်ယူလိုသူ၏
ဆန္ဒကိုအခြေခံပြီး သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များ၏ သတ် မှတ်ထားသော
အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို
ကျင့်သုံး စေရေး” ဆိုပြီး အခြေခံမူတစ်ရပ်အနေနဲ့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ကျွန်မတို့အနေနဲ့ ရွေးချယ် ပိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့
အဆင့်မြင့်ပညာရေးစနစ်အတွင်းမှာ ရှင်သန်ခဲ့ကြရတော့ ဒီပြ ဋ္ဌာန်းချက်ကို
တွေ့တဲ့အခါမှာ နောင်အနာဂတ် အဆင့်မြင့်ပညာသင်ကြားကြမည့် မျိုးဆက်သစ်
ကျောင်းသား၊ ကျောင်းသူများအတွက်အလွန်ပဲ ဝမ်းမြောက်မိပါတယ်။
အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂၆ မှာ “အဆင့်မြင့်ပညာရေးကို
အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့်သင်ကြားသင်ယူမှုနှင့်
လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရ မည်” လို့ဖော်ပြထားတော့ ၁၉၇၃
ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေအရ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ ပြီး
အုပ်ချုပ်စီမံသင်ကြားခဲ့ကြရတဲ့ ကျွန်မတို့အဆင့်မြင့်ပညာရေးကို
ဘယ်လိုလွတ်လပ်အောင် လုပ်ကြ မှာလဲဆိုတာ အဆင့်မြင့်ပညာရေးနှင့်
ပတ်သက်သူတစ်ဦးအနေနဲ့ များစွာစိတ်ဝင်စားစရာကောင်းတာ က အမျိုးသားပညာရေး ဥပဒေ
အခန်း ၃၊ ပုဒ်မ ၄ (ခ) မှာ “ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကျောင်းများကို
သက်ဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်းနှင့် ပညာရေးလုပ်ငန်းများ၌
ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး” ဆိုပြီး
အခြေခံမူအဖြစ် ဖော်ပြထားခြင်းဖြစ်ပြီး နောင်အနာဂတ်မှာ ပြည်တွင်း၊
ပြည်ပပုဂ္ဂလိကတက္ကသိုလ်တွေကို အခွင့်အလမ်းဖွင့်ပေးတာက ပညာ
ရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ အလားအလာကောင်းများဖြစ်တယ်လို့
ယူဆမိပါတယ်။
နိုင်ငံတကာအဆင့်မီ ပညာရေးတစ်နည်းအားဖြင့် နိုင်ငံတကာအဆင့်မီ
တက္ကသိုလ်တွေဖြစ်လာဖို့ဆိုရင် ကျွန်မတို့တက္ကသိုလ် ဆရာ၊ ဆရာမတွေအနေနဲ့
နိုင်ငံတကာအဆင့် အရည်အသွေးပြည့်မီရမှာဖြစ်သ လို ပြင်ဆင်မှုတွေလည်း
လုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီပညာရေးဖြစ်အောင် ပြုပြင်
ပြောင်းလဲနေတဲ့အချိန်မှာ ကျွန်မတို့ပညာရေးဝန်ထမ်းများအားလုံးရဲ့
လူနေမှုဘဝကိုလည်း လိုက်လျော ညီထွေမှုရှိအောင် မြှင့်တင်ပေးဖို့ကိုလည်း
ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်။
ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားပညာရေးဥပဒေ အခန်း ၁၂ ပုဒ်မ ၆၂ မှာ
“သက်ဆိုင်ရာ ကျောင်း သို့မဟုတ် ပညာရေးအဖွဲ့အစည်းသည် ပြည်တွင်းပြည်ပပုဂ္ဂိုလ်
သို့မဟုတ် တရားဝင်အဖွဲ့အ စည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ်
ပစ္စည်းများကို စိစစ်လက်ခံနိုင်သည်” လို့ ပြဋ္ဌာန်းထားတဲ့ အပြင် ပုဒ်မ ၆၄ (ခ)
မှာ “အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် သက်ဆိုင်သော အဆင့်
မြင့်ပညာကျောင်းများသည် ကိုယ်ပိုင်ရန်ပုံငွေရှာဖွေထူထောင်
ဆောင်ရွက်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထား တဲ့အတွက် ၁၉၇၃ ခုနှစ်
တက္ကသိုလ်ပညာရေးဥပဒေအရ ကန့်သတ်မှုတွေကို ဖြေလျှော့ပြီး အဆင့်မြင့်
ပညာတက္ကသိုလ်များရဲ့ ကိုယ်ပိုင်ငွေရှာဖွေသုံးစွဲခွင့်နှင့် ဘဏ္ဍာငွေကို
အကျိုးရှိရှိထိရောက်စွာ စီမံခန့်ခွဲ ခွင့်တွေကိုခွင့်ပြုလိုက်တာလို့
ကျွန်မခံစားမိပါတယ်။
ကျွန်မအနေနဲ့ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းလိုက်ခြင်းမှာ
ယခင်ကကန့်သတ်ချုပ်ချယ်မှုများစွာ ရှိနေသော မြန်မာနိုင်ငံပညာရေးအတွက်
ရွှေတံခါးကြီးဖွင့်လိုက်သည့် အနေအထားဖြစ်တယ်လို့ ယူဆ မိပါတယ်။
ကျွန်မတို့အဆင့်မြင့်ပညာကဏ္ဍတွင် နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့
ဆောင်ရွက်ကြရာ မှာ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့
စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို
အဆင့်မြင့်ပညာနဲ့ ပတ်သက်သူအားလုံး အပြန်အလှန် ပူးပေါင်းညှိနှိုင်းကာ
နားလည်မှုတည်ဆောက်ပြီး စိတ်ရှည်ရှည်နဲ့ စည်းကမ်းရှိရှိ ကျော်ဖြတ်မှသာ
တက္ကသိုလ်များရဲ့ လွတ်လပ်တဲ့သင်ကြားသင်ယူမှုနဲ့ စီမံခန့်ခွဲခွင့်ကို
အပြည့်အဝရရှိကြမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်
တက္ကသိုလ်အလိုက်ပဋိညာဉ်များ ရေးဆွဲနေကြတယ်လို့လည်း ဝမ်းသာ စွာကြားသိရပါတယ်။
အဆင့်မြင့်ပညာကဏ္ဍမှာ နိုင်ငံတကာအဆင့်မီ ပညာရေးအဆင့်သို့
အလျင်အမြန်တက်လှမ်းနိုင်ဖို့အ တွက် မိဘပြည်သူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊
ကျောင်းသူများရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး လက်တွေ့ကျ ကျကျင့်သုံးနိုင်တဲ့
အဆင့်မြင့်ပညာရေးဥပဒေ အမြန်ဆုံးပေါ်ထွက်လာဖို့ လိုအပ်နေပါပြီ။ ဒါ့ကြောင့်
အဆင့်မြင့်ပညာရေး ဥပဒေအမြန်ဆုံးထွက်ပေါ်လာရေးအတွက်
ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက် ကြပါစို့လို့
တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
မြန်မာ့အလင်းသတင်းစာ
ဒီဇင်ဘာလ (၉) ရက်၊ ၂၀၁၄ ခုနှစ်
>>>ဆက်ဖတ်ရန်>>> >>